💘မှတစ်ပါး.....အခြားမရှိ💘
ဟင်!...
တံခါးဖွင့်ဝင်လိုက်သည်နှင့် တစ်ခန်းလုံးဝေ့ဝဲသွားသည့် မျက်လုံးများနှင့်အတူ မျက်ခုံးတွေ အလိုမကျစွာ တွန့်ချိုးသွားသည်။
"ခြိမ့်.."
ခပ်ကျယ်ကျယ်အသံပြုရင်း အိပ်ခန်းထဲ တောက်လျှောက်ဝင်ခဲ့စဥ်..၊
"ဟင်!...ခြိမ့်..."
ရှင်းလင်းနေသည့် နှစ်ယောက်အိပ်ခုတင်ကြီးပေါ်မှာလည်း သူမ ရှိမနေ။ ခေါင်းထဲ ဒိန်းခနဲ မြည်ဟီးသွားသည်။
"ခြိမ့်ရေ...ခြိမ့်..."
ရေအိမ်များဝင်နေသလား..၊
"ကျွီ!.."
"ခြိမ့်.."
အပြေးအလွှားဖွင့်ကြည့်လိုက်သည့် တံခါးနောက်မှာ ရွေ့လျားသွားသည့်မျက်လုံးများ ရီဝေသွားခဲ့၏။ ခြိမ့်၏ အရိပ်အယောင်လေးတောင် မမြင်..၊ မငြိမ်သက်သေးသော ဒေါသလှိုင်းတို့နှင့်အတူ မကြေလည်နိုင်သော ခံစားချက်များက မီးစလို ထိုးမွှေလာသည်။
ခြိမ့် ရှိနေရင် ခုတင်ပေါ်မှာ ဖြစ်ဖြစ် အိမ်ရှေ့ဆိုဖာရှည်ပေါ်မှာ ဖြစ်ဖြစ် လဲလျောင်းပြီး မစောင့်ပါဘူး အိပ်မပျော်လို့ပါပြောကာ သူ အပြန်ကို စောင့်နေတတ်သည်။ခုတော့...၊
မရဘူး ခြိမ့်၊ ခင်ဗျား ကျုပ်ကို ဒီလိုထားခဲ့လို့ မရဘူးနော်။ကျုပ် လက်မခံနိုင်ဘူး၊ဒီနည်းနဲ့ ကျန်ခဲ့မဲ့ကောင်မဟုတ်ဘူးနော် ခြိမ့်။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထား.."
"ကျစ်!.."
ခြိမ့် ကျုပ်ကို ဒီလိုလုပ်လို့ရမလား..၊ ခင်ဗျား ဖုန်းကိုင်စမ်းပါ..၊
ထိပ်ဆုံးမှာရှိနေသည့် နံပါတ်ကို အကြိမ်ကြိမ်ခေါ်နေသော်ငြား..၊
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထား.."
"ဟာကွာ!..."
"ဒေါက်!..ခလွမ်း!..."
ဒေါသထွက်ပေါက်က လက်ထဲက ဖုန်းဖြစ်သွားခဲ့သည်။သွားရှာပြီ ဖုန်းတစ်လုံး...၊နံရံနှင့်ပစ်ဆောင့်ပြီးမှ ကြမ်းပြင်ဆီခုန်ဆင်း ကွဲကြေသွားသည့် ဖုန်းလေးက မျက်နှာငယ်စွာ...။
သူ အိမ်ရှေ့ဘက်ဆီ ပြန်လျှောက်လာတော့မှ စောစောက ပူထူကာ မမြင်မိခဲ့သည့် စားပွဲထက်က ပိုက်ဆံထုပ်နှင့် စာခေါက်ကို သွားမြင်သည်။ခြေလှမ်းသုံးလေးလှမ်းနဲ့ ထိုနေရာကို ရောက်သွား၏။ အပြာရောင်လွင်သည့် စာရွက်ခေါက်လေးကို ဆွဲယူဖွင့်ဖတ်လိုက်မိ၏။ သူ စိုးရိမ်သည့်အတိုင်းပင်..၊
သိမ်းပိုက်ကမ္ဘာ
မင်းနဲ့မင်းတို့တစ်မိသားစုလုံးကို ဒီတစ်သက် မကျေဘူး၊ မင်းအမေကို အဲဒီပိုက်ဆံတွေ ပြန်ပေးလိုက်စမ်းပါ၊မမြင်ဖူးတဲ့သူတွေသာ မူးမြစ်ထင်ချင်ထင်မယ်၊ နှိုင်းခြိမ့်ခြိမ့်သာက အဲဒီသုံးလေးဆလောက် ပြန်အမ်းလို့ရတယ်ဆိုတာ မမေ့နဲ့၊ ငါ ခံစားနာကျင်ခဲ့သမျှအားလုံး မင်းကြောင့်...၊ရိုင်းဆိုင်းယုတ်မာတဲ့မင်းနဲ့ ဒီတစ်သက် မဆုံစေဖို့ ဆုတောင်းတယ်။
ဘယ်တော့မှ မပြေတဲ့အမုန်းတို့နဲ့...
နှိုင်းခြိမ့်ခြိမ့်သာ
"တောက်!...ခင်ဗျား လုပ်ရက်တယ် ခြိမ့်"
စာရွက်လေးက လက်သီးဆုပ်ကြားမှာ လုံးကြေလျက်...၊ အံကို တင်းတင်းကြိတ်ထားမိသည်က သွားတွေ ပဲ့ကြွေလုမတတ်။ထိုအခါ နှုတ်ခမ်းထောင့်က အနာက သိသိသာသာ နာကျင်လာသည်။
ရေခဲကပ်ထားတာတောင် ညိုနေသည့် နှုတ်ခမ်းထောင့်က ဒဏ်ရာသည် ဖြူဝင်းသည့်မျက်နှာမှာ သိသာစွာအကျည်းတန်နေခဲ့၏။ရင်ဘတ်ထဲက ဒဏ်ရာက ပိုနာသည်။
"ခြိမ့်!.."
အရူးတစ်ယောက်လို ပြေးလွှားချင်သည့် စိတ်အစဥ်က ကြမ်းပြင်ပေါ်က သွေးစက်တွေမြင်မှ တုံ့ဆိုင်းသွားလျက် မချိတင်ကဲ နာကျင်လာရသည်။ခြေရာအတိုင်း စွန်းထင်းကျစ်ရစ်သော သွေးကွက်တွေနှင့် ပိုက်ဆံထုပ်ကို တစ်လှည့်စီ ကြည့်၍ စိတ်ရိုင်းတို့ကို ချွန်းအုပ်မရတော့...၊
"ခွပ်!..."
သူ နံရံကို တအားထိုးချလိုက်သည်။ ပေါက်ပြဲကုန်သည့်လက်မှာ သွေးတွေ ဖြာခနဲ ရဲတက်လာ၏။
ရိုင်းဆိုင်းယုတ်မာသတဲ့လား...။လူကြမ်းဆိုတဲ့ ကောင်ကရော မချစ်ရတော့ဘူးတဲ့လား...၊သူ မှားခဲ့တာ တမင်ယုတ်မာခဲ့တာ မဟုတ်။
"ခြိမ့်ရယ်..."
လက်က သွေးစက်တွေက ကြမ်းပြင်ဆီ တပေါက်ပေါက်ကျနေခဲ့တာကို ဒီအတိုင်း နာကျင်စွာ စိုက်ကြည့်နေခဲ့သည်။ မြင်ရတဲ့ အပေါ်ယံ အရေးပြားဒဏ်ရာထက် ဘယ်နေရာကမှန်းမသိ တဆစ်ဆစ်နာကျင်ခြင်းက ပြင်းထန်စွာ နှိပ်စက်နေလျက်...၊
တစ်စုံတစ်ရာကို အပြီးအပိုင်ဆုံးရှုံးလိုက်ရသည်လား...၊
..............................................................
"ကြည့်စမ်း...မွေးရကျိုးနပ်တဲ့သား၊ ဒီဘက်ကို လှည့်မကြည့်တော့ဘူး ပြီးတာနဲ့ ဖုတ်ဖက်ခါထွက်သွားလိုက်တာ အကောင်းစားမိန်းမဆီကို တောက်!...ငါ မပြောချင်ဘူး"
ငါ မပြောချင်ဘူးဆိုပြီး တောက်လျှောက်ပြောနေလိုက်တာ တစ်ချက်မနား။ ဧည့်ခန်းမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာ ဘေးက ကြည့်နေသည့် သူမပင် ညောင်းလာသလိုလို...၊
"ပြောတော့ မိုးလားကဲလားနဲ့၊ ဒင်း တိုက်ခန်းမှာ ရှိနေလို့ ဟိုကောင် ချက်ချင်းပြန်သွားတာနေမှာ၊ဒီလောက်ပြောဆိုထားတာတောင် အရှက်ဆိုတာ မရှိတာပဲ ဖြစ်ရမယ်၊ ငါ့ကို အရေးမစိုက်တာ အရေးမလုပ်တာ.."
"မျက်နှာကိုကြည့်ပါလား မေမေရယ်၊ အရှက်ဆိုတာ ဘာလဲလို့ ပြန်မေးမဲ့ရုပ်မျိုး၊ အဲဒါကြောင့်လည်း သိမ်းပိုက်ရဲ့ကွန်ဒိုမှာ လာတက်နေရဲတာပေါ့"
လက်မထပ်ရသေးပဲ ယောကျ်ားတစ်ယောက်နဲ့အတူတူလာနေရဲတဲ့ သတ္တိက ပေါ့ပေါ့မှ မဟုတ်တာ။ သိမ်းပိုက်ကမ္ဘာရဲ့မိန်းမတဲ့..၊ ကြော်ညာရဲတာ အံ့ပါရဲ့..။ တည်ကြည်ခန့်ညားမိန်းမလို့ မပြောတာပဲ ထိုင်ဦးချရတော့မလို။
"သူနေရဲလည်း ငါ ခွင့်မပြုဘူး၊မနက်ဖြန်သွားကြည့်လို့ရှိသေးရင် ကုတ်ကနေဆွဲချပစ်မယ် ..မြင့်မိုရ်ခန့်က ဘာမှတ်နေသလဲ"
စိန်ဆံထိုးကြီးနှင့် ချောမောခန့်ညားသည့်မျက်နှာ တစ်ခုလုံး တင်းမာလျက် ဒေါ်မြင့်မိုရ်ခန့် ဆိုဖာပေါ် ခြေချိတ်ထိုင်ချလိုက်၏။ဒင်နာပြီးကတည်းက မနားနိုင်သေးဘဲ ဒေါသတွေနှင့် မိတ်ဆတ်နေခဲ့ရတာ။သားငယ်တို့ လုပ်ပုံ လုံးဝမဟုတ်..ဒီမိန်းမအတွက် ညီအစ်ကိုချင်း ရန်ဖြစ်ပြီးပြီ၊ ဟိုတစ်ယောက်ကလည်း မျက်နှာ သုန်သုန်မှုန်မှုန်နှင့် သူငယ်ချင်းတွေ ခေါ်တဲ့နောက်တောင် မလိုက်ဘဲ မဂ်လာခန်းထဲ တန်းဝင်သွား၏။
"ကိုကိုနဲ့ တွဲနေတဲ့ကြားထဲက သိမ်းပိုက်နဲ့လည်း အတူတူနေတာ၊ ရွံစရာ ကောင်းလိုက်တာနော်"
ကချင်ထဘီအနက်၊ ဘလောက်ပွပွလေးနှင့် ခေါင်းလျှော်ကာ ဖြန့်ချထားသည့် ဆံပင်တွေကို သဘတ်နှင့်သုတ်ရင်း သျှင်ယွန်းက နှုတ်ခမ်းလေးမဲ့ရွဲ့နေလျက်..၊
ကိုကို အဲဒီမိန်းမလက်ထဲ ရောက်မသွားတာ တော်သေးသည်။ သို့သော် စိတ်ချထားလို့ မဖြစ်။
"အကျင့်ပျက်တဲ့ စရိုက်ပျက်တွေကို တို့မျိုးရိုးထဲ အရောမခံနိုင်ဘူး၊မြင့်မိုရ်ခန့်ချွေးမတွေက မျိုးရိုးရော စာရိတ္တပါ အစွန်းအထင်းမရှိရဘူး၊အို...အဲဒီမိန်းကလေးကို သားငယ်နဲ့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး၊ ဟုတ်တယ်...ငါ လိုက်သွားမယ်.."
"နေဦး မေမေ၊ မေမေလိုက်သွားဖို့ မလိုပါဘူး၊ မနက်ကို သိမ်းပိုက် ကုမ္ပဏီကိစ္စနဲ့ စက်ာပူကို မဖြစ်မနေ သွားရမှာမို့လား၊အဲဒီမိန်းမ ထွက်မသွားသေးရင် သျှင်ယွန်းတို့နဲ့တွေ့သွားမှာပေါ့"
"ဟော...ကားသံကြားတယ်၊ ပြန်လာပုံထောက်ရင်တော့.."
မတ်တပ်ရပ်ပြီးမှ ဒေါ်မြင့်မိုရ်ခန့် နေရာမှာ ပြန်ထိုင်ကာ...၊
"အသာလေးကြည့်နေ သျှင်ယွန်း၊ သူ ဘာပြောမလဲဆိုတာ.."
သျှင်ယွန်းကို လက်ကုပ်ပြီး ဧည့်ခန်းကို ဖြတ်ဝင်လာမည့် သိမ်းပိုက်ကို စောင့်ကြည့်နေမိ၏။မကြာလိုက် အပေါ်တက်လာသည့် ခြေသံကြားလိုက်ရပြီး ဧည့်ခန်းရှေ့မှာ မြင့်မားသည့်အရပ်ကြီးနှင့် သိမ်းပိုက် ဖွားခနဲ ပေါ်လာလျှင်..၊
"သားငယ်...ဒီကိုလာပါဦး"
နှုတ်ခမ်းထောင့်မှာ ညိုပြီးယောင်နေသည့် ဒဏ်ရာနှင့် လက်တစ်ဖက်က အထုပ်တစ်ထုပ်ဆွဲပြီး သိမ်းပိုက် ဧည့်ခန်းထဲ ဝင်လာသည်။နဂိုကတည်းက မှုန်ကုပ်ကုပ်မျက်နှာမှာ ရေခဲစိမ်ထားသလို အေးစက်နေခဲ့ပြီး သူတို့နှင့်ထောင့်မှန်ကျကျနေရာမှာ ဝင်ထိုင်ပြီး...၊
"ဘုတ်!.."
လက်ထဲက အထုပ်ကို စားပွဲပေါ် ချလိုက်၏။ ဒီအထုပ်ကို မြင်တာနဲ့ ဒေါ်မြင့်မိုရ်ခန့် သူမကိုယ်တိုင် နှိုင်းခြိမ့်ခြိမ့်သာကို ပေးခဲ့သည့် ပိုက်ဆံမှန်းသိနေသည်။
ဘာလဲ...ဒီမိန်းကလေးက ပိုက်ဆံယူမသွားဘူးလား၊ မေးခွန်းနှင့်အတူ မတိုင်ပင်ပဲ သျှင်ယွန်းနှင့် မျက်လုံးချင်းဆုံသွားကြ၏။
"ဒါ..."
သူ ဆိုဖာနောက်မှီကာ ခေါင်းမော့မှီထားရင်း ခေါင်းပြန်မတ်ပစ်လိုက်ကာ..၊
"ကျေးဇူးတင်တယ် မေမေ၊ မေမေ့ ပိုက်ဆံတွေ ပြန်သိမ်းလိုက်ပါ၊ ခု မေမေတို့ဆန္ဒတွေ ပြည့်ပါပြီ"
အားယူပြောနေရပုံမျိုးနှင့် စကားဆုံးတော့ သူ ထရပ်လိုက်သည်။
"ဒါက ဘာပုံစံလည်း သိမ်းပိုက်ကမ္ဘာ၊ ဘာလဲ...နှိုင်းခြိမ့်ခြိမ့်သာထွက်သွားတာကို မင်းက အမေကို ဒီလိုလာဆက်ဆံနေတာလား"
"မေမေ မှားနေပြီ၊ ကျွန်တော့်မိန်းမကို မေမေတို့ သွားပြောဆိုလုပ်ခဲ့ကြတာကို ကျွန်တော် ဘာပြောနေလို့လဲ၊အားလုံးကို အရှုံးပေးလက်မြှောက်ထားတာပါ၊ မေမေ စိတ်ချမ်းသာသလို စိတ်ကြိုက်လုပ်ပါ ကျွန်တော် ဘာတစ်ခွန်းမှ ပြောဖို့မရှိပါဘူး၊အားလုံး မေမေ့သဘော မေမေ့ဆန္ဒအတိုင်းပဲ.."
"မင်း...မင်း ငါ့ကိုရွဲ့နေတာ၊ သိမ်းပိုက်ကမ္ဘာ ဒါ ငါ့ကိုသက်သက်ရွဲ့နေတာမို့လား"
ဒေါ်မြင့်မိုရ်ခန့် ဒေါသတကြီး ထရပ်လိုက်တော့ သားအမိနှစ်ယောက်မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားသည်။သူမ ဒေါသတကြီးနှင့် ရှူးရှူးရှားရှားဖြစ်နေသလောက် သိမ်းပိုက်က ခံစားချက်ဆိတ်သုဥ်းနေသလို အေးစက်စက်...၊
"ခက်ပါလား...ဘာမှမပြောပဲ နေတော့လည်း ရွဲ့နေတာလားတဲ့၊ ကျွန်တော် ဘယ်လိုပုံစံနေပေးရမှာလဲ၊ ဒေါသတကြီး ပေါက်ကွဲပြန်ရင်လည်း လူမိုက်လူရမ်းကားဘွဲ့ထပ်တိုးဦးမှာမို့လား၊ အေးဆေးနေပါရစေ မေမေ...ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော့်ကို ဘာမှ မပြောပါနဲ့တော့၊ မေမေတို့ ဖြစ်စေချင်တဲ့အတိုင်းဖြစ်နေပြီပဲ ကျေနပ်ပါတော့ဗျာ"
"ကြည့်စမ်း...ကြည့်စမ်း၊ သိမ်းပိုက်ကမ္ဘာ မင်းလုပ်နေပုံက ငါတို့က လူဆိုးမကြီးတွေ လုံးလုံးဖြစ်နေပြီ၊ အဲဒီမိန်းကလေးက မင်းတို့အတွက် ဒီလောက်အရေးပါနေပြီလား၊ ဟမ်..ပြောစမ်း နှိုင်းခြိမ့်ခြိမ့်သာထွက်သွားတာကို မင်းက ငါ့ကို အပြစ်တင်နေတယ်ပေါ့ ဟုတ်လား"
"ကျစ်!.."
အလှပတ်သည့်လက်ပတ်အုပ်ထားသည့် ဒဏ်ရာရှိသည့် လက်က အပေါ်မြောက်တက်သွားပြီးမှ ဆံပင်တွေထဲ မရောက်ပဲ ဘေးကို ပြန်ကျသွားခဲ့သည်။
"သူလို မိန်းကလေးမျိုးကို ငါ ချွေးမမတော်နိုင်ဘူး အဲဒါကြောင့် သွားပြောခဲ့တာ၊ ဘာမဟုတ်ညာမဟုတ်ဘဝနဲ့ တိုက်ခန်းပေါ် ခေါ်တင်ထားတာကို မေမေတို့က မသိသလိုနေပေးရမှာလား၊ ကျဲသားပဲ...ဒီမှာ သားငယ်..အဲဒီမိန်းကလေးနဲ့ နောက်ထပ်ဆက်သွယ်ဖို့ မကြိုးစားနဲ့၊ သူ့ထက်သာတဲ့မိန်းကလေးကို ရှာပေးမယ်၊ မေမေပေးစားတဲ့မိန်းမကိုပဲ မင်းယူရမယ်"
"ကျွန်တော် ကလေးမဟုတ်တော့ဘူး မေမေ၊ကျွန်တော့်မှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်၊ကျွန်တော့်ဇနီးက ဘယ်အချိန်ဘယ်အခါဖြစ်ဖြစ် ခြိမ့်ပဲ၊ ခြိမ့်ကလွဲပြီး ဘယ်မိန်းမကိုမှ ကျွန်တော်လက်ထပ်မှာ မဟုတ်ဘူး"
"ဘာ!..."
ဒေါ်မြင့်မိုရ်ခန့် အသားတွေပါ တဆတ်ဆတ်တုန်လာကာ..၊
"မင်းက ငါ့ကို ဆန့်ကျင်တာလား၊ မိန်းမတစ်ယောက်အတွက်နဲ့ မိဘကို စုံကန်နေပြီပေါ့လေ.."
"ကျွန်တော့်ဆုံးဖြတ်ချက် ခံယူချက်ကို မပြောင်းနိုင်ရုံကလွဲပြီး မေမေ့ကိုဆန့်ကျင်တာ မဟုတ်ပါဘူး၊ ခြိမ့်ကို မေမေတို့ချွေးမလို့ မသတ်မှတ်နိုင်လည်း ပြဿနာမရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပေါင်းဖက်ရမှာ သူနဲ့ကျွန်တော်ပဲဆိုတော့ အရာအားလုံးက ကျွန်တော်တို့နှစ်ယောက်နဲ့ပဲ သက်ဆိုင်ပါတယ်၊သူ ဘယ်လောက်ဝေးဝေးကို ထွက်သွား ထွက်သွား ကျွန်တော် တွေ့အောင်ရှာမယ်၊ ခြိမ့်ကို ကျွန်တော်ရဲ့ဇနီးနေရာကနေ ဘယ်တော့မှ ရုတ်သိမ်းခွင့်မပြုနိုင်ပါဘူး မေမေ"
"မင်းကပါ မဘက်လိုက် မိုက်ဘက်ပါပြီပေါ့..အေးလေ..ငါတို့ကလည်း စကားနားမထောင်ရင် ဘာမှ လိုက်လျောစရာမရှိဘူး၊ခုကတည်းက အပြတ်ပြောထားမယ် အဲဒီမိန်းကလေးကို ဘယ်တော့မှ ချွေးမမတော်နိုင်ဘူး၊ ငါ့အိမ်ပေါ် ခေါ်တင်လာမယ်လို့တော့ လုံးဝစိတ်မကူးနဲ့"
"ကျွန်တော် ယောကျ်ားပါ မေမေ၊ ကျွန်တော့်ခြေတောက်ပေါ် ကျွန်တော် ရပ်နိုင်ပါတယ်၊ ခြိမ့်ကလည်း မေမေထင်သလို ငွေမက်တဲ့ မိန်းကလေးမျိုးမဟုတ်ပါဘူး၊ စိတ်ချပါ...မေမေ သူ့မျက်နှာကို မမြင်စေရပါဘူး"
သူ ပြောပြီး လှည့်ထွက်ခဲ့လိုက်သည်။
"မင်း အဲဒီမိန်းကလေးနဲ့ ပက်သက်နေဦးမယ်ဆိုရင် ကွန်ဒိုနဲ့လက်ရှိလုပ်ငန်းကလွဲပြီး ဘာမှ မမျှော်လင့်နဲ့ သိမ်းပိုက်ကမ္ဘာ"
တစ်ချိန်လုံး တင်းတင်းစေ့ပိတ်ထားသည့် နှုတ်ခမ်းတွေ တွန့်ချိုးသွားသည်။ပြီးတော့..၊
"အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းသွားဆိုလည်း သိပ်တော့အရေးမဟုတ်ပါဘူး မေမေ၊ စောစောကပြောခဲ့တဲ့စကားကိုပြန်ပြောရရင် ကျွန်တော်ယောကျ်ားပါ လက်နှစ်ဖက်ခြေနှစ်ဖက်အကောင်းအတိုင်းရှိပါသေးတယ်"
နောက်မှာ ဘာတွေဖြစ်ကျန်ခဲ့သလဲ သူလှည့်မကြည့်တော့။ဧည့်ခန်းက အထွက်မှာ လူရိပ်တစ်ခုနှင့်တိုး၏။ မော့ကြည့်လိုက်တော့ ကိုကို..၊ အခဲမကျေသလို အံကြိတ်ကျောခိုင်းသွားးည့် ကျောပြင်ကို ခဏရပ်ငေးနေပြီးမှ အပြင်ကိုပဲ ပြန်ထွက်ဖြစ်ခဲ့သည်။
ဒီညလည်း အပြင်မှာပဲ မိုးလင်းတော့မည် ထင်ပါရဲ့။ မနက်ဖြန် ခရီးသွားစရာရှိနေပေမယ့် အိမ်မှာလည်း နားမနေချင်။ သမီးလည်း အိပ်နေပြီဆိုတော့ ဦးတည်ချက်မဲ့ ပျံသန်းရင်း...၊
ပေါ်တီကိုအောက်မှာ ရပ်ထားခဲ့သည့် ကားပေါ်တက် မောင်းထွက်လာခဲ့ပေမယ့် ဘယ်ဆီရယ်လို့ ရေရေရာရာမရှိ။ညဥ့်နက်လာသည်နှင့် ပြည်လမ်းတစ်လျှောက် ကားအသွားအလာကျဲလာသည်။တစ်လမ်းဝင်တစ်လမ်းထွက် လျှောက်မောင်းရင်း စိတ်အစဥ်က ပျံ့လွင့်ချင်တိုင်းပျံ့လွင့်လျက်...၊
ဘီယာဆိုင်ရှေ့ကာ ကားခဏရပ်ပြီး ဘီယာဝင်မော့လိုက်တော့ လူက ပိုထွေလာသည်။
အဟက်!...၊အတော်ရယ်စရာကောင်းပါလားကွာ။ မိန်းမတစ်ယောက်ချန်ခဲ့တာနဲ့ သူ့မှာ အသည်းကွဲသမားကြီး လုံးလုံးဖြစ်လို့။
ခြိမ့်...ခြိမ့်...ဘယ်ဆီရောက်နေသလဲ ခြိမ့်ရယ်။နှစ်ဆယ့်လေးနာရီတောင် မပြည့်သေးဘူး ကျွန်တော် မလူးမလဲခံစားနေရပြီ။ ဟား!....အချစ်က ကော့တေးတစ်ခွက်လို ထွေရီနေပါလား။
စတီယာရင်ပေါ် တင်ထားသည့် လက်တွေက ကျစ်လျစ်တောင့်တင်းသော သူမကိုယ်လေးကို ဖက်တွယ်ထားရသလိုလို၊ ချိုကြည်ကြည်လေးမွှေးနေသည့် သူမကိုယ်သင်းနံ့လေးတွေ အနားမှာ ဝေ့ဝဲနေသလိုလို၊ ရောင်စုံမီးသီးများနှင့် လမ်းမကြီးက ရယ်မြူးနေသည့် ခြိမ့်သဏ္ဍာန်တွေ ဖြစ်လိုဖြစ်...၊
ဒီတစ်ညတော့ စိတ်လွတ်ကိုယ်လွတ်ခံစားပါရစေ ခြိမ့်။
ထွေပြားနေသည့် ပုံရိပ်တွေကို ခေါင်းခါထုတ်ပေမဲ့ ပျောက်ပျက်မသွားခဲ့။ ဆံပင်တွေထဲ လက်ထိုးဖွရင်း အဲလ်ကွန်းကားထဲမှာ ချွေးပျံနေသည့် မျက်နှာကို ထပ်တလဲလဲပွတ်သပ်ကာလမ်းဆုံကို သတိလက်လွတ်ဖြတ်သန်းမိစဥ်...၊
"ဟာ!..."
"ကျွီ!...ဝုန်း!..."
တစ်ဖက်လမ်းကျယ်ကနေ လာသောကားကို အနားရောက်လာမှ ဖွားခနဲ မြင်လိုက်ချိန် အရာရာနောက်ကျသွားခဲ့သည်။
ကမ္ဘာပျက်လုလုပြင်းထန်သည့် အသံတွေနှင့်အတူ သူ့တစ်ကိုယ်လုံးမြောက်တက်သွားခဲ့၏။ပြာဝေသည့် မြင်လွှာနှင့် မခံမရပ်နိုင်အောင်နာကျင်မှုတွေကြားမှာ တမ်းတမ်းတတရေရွတ်နေမိသည်က..၊
"ခြိမ့်..."
မဖြစ်ရဘူး...ဒီအချိန်မှာ သူ သေသွားလို့မရဘူး။ ခြိမ့်ကို ရှာရမယ်...ဟုတ်တယ် ခြိမ့်ကို မတွေ့တွေ့အောင်ရှာရမယ်။
လွင့်စဥ်လုလု အသိတရားတွေထဲမှာ သူ အကြိမ်ကြိမ်ရေရွတ်နေသည်က ခြိမ့်ကို ရှာဖို့။
တဖြည်းဖြည်း ဝေဝါးလာသည့် မျက်လုံးတို့သည် အားတင်းထားသော်လည်း အနက်ရှိုင်းဆုံး အမှောင်ထဲထိုးဆင်းသွားတော့၏။
ကံကြမ္မာသည် ဤသို့စေလာသလား...၊
အပိုင်း(၂၁)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း