book

Index 2

အပိုင်း(၂)

💘မှတစ်ပါး....အခြားမရှိ💘


       


ကိုကိုပါလား၊ 


ကိုကို့ကို ဒီနေရာမျိုးမှာ တွေ့ရတာ မဆန်းပါ။ အဲဒါထက်ထူးဆန်းနေတာက နူးညံ့ခြင်းတို့ပျော်ဝင်နေသည့် ကိုကို့မျက်နှာ၊ တစ်စုံတစ်ရာစွမ်းအားကြောင့် ရွှန်းတောက်နေတဲ့ ကိုကို့မျက်ဝန်းလဲ့စိုစိုတွေ။


ပတ်ဝန်းကျင်တစ်ခုလုံးကို သတိထားဖို့ထက် ကိုကို့အာရုံတွေက စတိတ်စင်ထက်က ရောင်စုံကာလာခြယ်မိန်းမပျိုထံ၌သာ..၊


ပြုံးနေသည့် နှုတ်ခမ်းလွှာသည် စေ့ပိတ်သွားခြင်းမရှိ၊ အပေါ်ကမိန်းမပျိုကလည်း ကိုကို့ကို ချိုရီရီလေးကြည့်လျက် သီချင်းဆိုနေတာ။


"အသည်းစားလေဒီ နှိုင်းခြိမ့်ခြိမ့်သာဆိုတာ သူပေါ့"


" မင်းကို ခေါက်သွားတဲ့ တစ်ယောက်မို့လား ဝဠာ"


"ဒီကောင် ငေါင်စင်းစင်းဖြစ်ကျန်ခဲ့တာကိုသာ ကြည့်ပါလား တော်မီရ၊ နှိုင်းခြိမ့်ခြိမ့်သာကို စမြင်ကတည်းက စွဲလမ်းရူးသွပ်နေတာလေ၊ သွားလေရာ တကောက်ကောက်လိုက် အတင်းဝင်ရောနဲ့၊ ဝဠာနဲ့တစ်လလောက်တွဲပြီး ပစ်ချသွားတာ ဒီကောင်ပစ်ကျကျန်ခဲ့တာသာကြည့်တော့"


"ဝဠာ စွဲမယ်ဆိုလည်း စွဲချင်စရာကိုကွ၊ ရေရေလည်လည်မိတယ်နော်"


"မိရုံမကဘူး သွားထိရင် ဟက်ခနဲကွဲသွားမဲ့ ဂဏန်းလက်မလို မိန်းမမျိုး၊ ဝဠာလိုကောင်တောင် ဟက်တက်ဖြစ်ကျန်ခဲ့တာ၊ ဒီကောင် ခုချိန်ထိ နလန်သိပ် မထူသေးတာသာ ကြည့်"


"ဒါကတော့ ငါ သူ့ကို ချစ်မိသွားတာကို၊တကယ် ရူးလောက်အောင်လှတာ"


"ပြောနေရင်းနဲ့ကို ဒီကောင်ရောဂါရင့်လာပြီ၊ ဟိုကဖြင့် တစ်ယောက်ပြီးတစ်ယောက်တွဲလိုက်ခါချလိုက်နဲ့ ရည်းစားတစ်သောင်းတောင်ကမှာမဟုတ်တော့ဘူး"


အသံတွေ ထွက်ပေါ်နေသည့် စားပွဲက သူတို့ဝိုင်းရဲ့ ညာဘက်ထောင့်မကျတကျက..၊


အားလုံးပေါင်းလေးယောက်၊ သူနဲ့မျက်စောင်းထိုးမှာထိုင်နေသည့် တစ်ယောက်က ဝဠာဖြစ်မည်။ ရီဝေဝေမျက်ဝန်းများက စတိတ်စင်ပေါ်ကနေ မခွာ..၊


ထိုစဥ် သီချင်းသံဆုံးသွားပြီး နောက်တစ်ယောက်ပြောင်းသွား၏။ စောစောက စားပွဲကကောင်တွေဆီက အသံတွေလည်း တိခနဲရပ်သွားသည်။


သူ ကြည့်နေတုန်းမှာ  နှိုင်းခြိမ့်ခြိမ့်သာဆိုသော အသည်းစားလေဒီသည် စားပွဲဝိုင်းတွေဆီလျှောက်ထွက်လာနေ၏။သူမ လမ်းလျှောက်လာပုံက မယ်ရွေးပွဲ ပြိုင်နေသည့် အလား..၊


တစ်ဆိုင်လုံးက ယောကျ်ားပေါင်းများစွာ၏မျက်လုံးအကြည့်တွေက တပ်မက်ခြင်းတို့ဖြင့် သူမထံမှာ..၊ 


နှိုင်းခြိမ့်ခြိမ့်သာက ပုရိသတွေ၏မျက်လုံးများအောက် နည်းနည်းလေးတောင် ရှက်ရွံ့တွန့်ဆုတ်ခြင်းမရှိပဲ နောက်ဘက်ချောင်ကျကျစားပွဲဆီကို လျှောက်သွားနေသည်။ 


သိမ်းပိုက် မျက်လုံးတွေ ပင့်တက်သွားသည့်အထိ အံ့သြသွားရ၏။ နှိုင်းခြိမ့်ခြိမ့်သာ ပြုံးပြုံးလေးသွားနေသည့် စားပွဲက ကိုကို့စားပွဲပင်..၊


ကိုကိုက သူမကို ပွေ့ဖက်စီးကြိုပြီး နှစ်ယောက်သားရယ်မောနေကြသည်။ 


"ကြည့်လှချည်လား သိမ်းပိုက်၊ အဲဒါ ကိုတည်ကြည်မို့လား"


ရှိန်းတေဇာအမေးကြောင့် သိမ်းပိုက် အကြည့်လွှဲလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ 


"ဘယ်လိုဖြစ်တာလဲကွ၊ မင်းအစ်ကိုနဲ့ရိုးရိုးသားသားတော့ မဟုတ်ဘူးဟေ့ကောင်၊ ကြည့်လုပ်ဦး"


"ရှိန်းပြောတာမှန်တယ် သိမ်းပိုက်၊သူတို့လိုမိန်းကလေးတွေဆိုတာ သူတို့လိုချင်တာ ပေးပြီး ကိုယ်လိုတာ ပြန်ယူ၊ သံယောဇဥ်နဲ့သွားနွှယ်လို့ မဖြစ်ဘူး ရှော့ခ်ကိုက်သွားမယ်ကွ"


ဦးမော်တို့ စကားကြောင့် သူ့တစ်ကိုယ်လုံးဖျင်းခနဲ ဖျင်းခနဲဖြစ်နေ၏။


"သူ့ကို ဒီဆိုင်မှာ ခုမှ မြင်ဖူးတာကွ၊ကိုတည်ကြည်နဲ့ တွဲနေတာ ကြာလောက်ပြီထင်တယ်၊ လှတာတော့ အတော့်ကိုလှတယ်၊ မင်းအစ်ကိုကို ကပ်ညုနေတာကြည့်ပါလား"


မျက်တောင်တွေစင်းချကာ ခပ်စိုက်စိုက်ကြည့်နေသည့် သိမ်းပိုက်ကို လက်တို့၍ ရှိန်းက မေးဆတ်ပြသည်။ 


ကိုကိုက နှိုင်းခြိမ့်ခြိမ့်သာ မျက်နှာလေးနားတိုးကပ်သွားတော့ မျက်နှာချင်းပူးကပ်ကာ တစ်စုံတစ်ခုပြောနေသလိုလို၊ ပါးပြင်လေးကိုပဲ ပွတ်တိုက်နမ်းနေသလိုလိုနှင့်..။


နှိုင်းခြိမ့်ခြိမ့်သာ သွားစွယ်ဖွေးဖွေးလေးတွေပေါ်အောင်ရယ်၍ ကိုကို့ရင်ဘတ်ကို လက်သီးဆုပ်နှင့်ထုလိုက်ပုံက ကနွဲ့ကယနှင့် ရုပ်ရှင်ရိုက်နေသည့် အတိုင်း။


သိမ်းပိုက် မျက်နှာလွှဲလိုက်ပြီး စားပွဲကို တစ်တောက်တောက်ခေါက်နေမိ၏။


မွှေးညှင်းတို့ယှက်သန်းလျက် လက်ဆစ်တွေမြုပ်နေသည့် သိမ်းပိုက်လက်ချောင်းတွေကို ရှိန်း အသာကြည့်နေမိသည်။ 


သိမ်းပိုက်တစ်ယောက် တစ်ခုခုကို အလေးအနက်တွေးတောနေပြီဆို ဒီလိုပဲ လက်နှင့်ခေါက်နေတတ်တာ..၊


"ညီအစ်ကိုချင်းပဲကွာ၊ နည်းနည်းပါးပါးပြောကြည့်ပေါ့"


"ဒါမျိုးဆိုတာ မွှန်နေတုန်းပြောရင် မလွယ်ဘူး သိမ်းပိုက်၊ မင်းမားသားကြီးကို အသိပေးလိုက်တာ အကောင်းဆုံးပဲ"


"ထားလိုက်၊ သူ့အလိုလိုဇာတ်လမ်းပြတ်သွားလိမ့်မယ်၊ ငါက အငယ်  ဒီကိစ္စနဲ့ပက်သက်ပြီး သွားပြောလိုက်ရင်  ဖောင်းသွားမှာ၊ လျော့ရဲနေတဲ့ဆက်ထုံးဆိုတာ ပြုတ်ထွက်ဖို့ အားစိုက်စရာမလိုဘူး"


"ဂဟေဆော်ထားတဲ့ ဆက်ထုံးဖြစ်နေရင် ဘယ်လိုလုပ်မလဲ"


ရှိန်းနှင့် သူ မျက်လုံးချင်းဆုံသွားသည်။ ရှိန်းက မျက်ခုံးပင့်လျက် မေးဆတ်ပြတော့ သူ ခပ်မဲ့မဲ့ပြုံးမိ၏။


ရှင်းပါတယ် ရှိန်း၊ တစ်ခါတည်း သံရည်ကြိုပစ်လိုက်မယ်..။


............................................................


"အဟော်... ပြန်လာပြီပေါ့၊ ဒီကို လာပါဦး မိခြိမ့်"


ဧည့်ခန်းရှေ့ကအဖြတ် ဒက်ဒီ့အသံကြောင့် ခြိမ့်ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ခါးထောက်လျက် ခြိမ့်ကို စားမတတ်၊ ဝါးမတတ်ကြည့်နေသည့် ဒက်ဒီ့ဘေးမှာ ရှင်းမိန့်မိန့်ခန့်သည် အခန့်သားထိုင်လျက်..၊


"နှိုင်းခြိမ့်ခြိမ့်သာ...ငါ ခေါ်နေတာ ကြားလား"


တစ်ချိန်လုံးမြိုသိပ်တောက်လောင်နေသည့် ဒေါသတို့သည် ရေဆူအမှတ်သို့ ရောက်နေပြီ။ 


"ဒါ မိန်းကလေးအိမ်ပြန်တဲ့အချိန်လား၊ ကိုယ့်ကိုယ်ကို မိန်းကလေးဆိုတာရော သတိရသေးရဲ့လား မိခြိမ့်"


"ခြိမ့်ကိုယ်ခြိမ့် မိန်းကလေးဆိုတာ မမေ့ပါဘူး၊ ဒက်ဒီသာ သမီးနဲ့ဇနီးရှိတာကို မေ့မထားနဲ့"


"ဘာ!.."


ဦးဉာဏ်သာ မျက်နှာကြီး နီမြန်းသွားကာ အခြေအနေ တင်းမာသွား၏။


"ဒက်ဒီသာ ဇနီးနဲ့သမီးကို မေ့ထားတာ၊ ခြိမ့် လုံးဝ မကျေနပ်ဘူးသိလား၊ ခြိမ့်တို့မိသားစု ခုလို တစ်ကွဲတပြားဖြစ်ရတာ ဒက်ဒီကြောင့်"


"နှိုင်းခြိမ့်ခြိမ့်သာ!.."


မေးကြောတွေထောင်ထလာပြီး ဦးဉာဏ်သာ အံကြိတ်ခေါ်သံကြီး ဟိန်းထွက်လာလေသည်။ 


ဒက်ဒီဆီက စကားသံမာမာပင် မကြားခဲ့ဖူးပါ။ ခုမှ ခြိမ့်ကို သစ်ပစ်ချင်လောက်အောင် ဒေါသကြီးနေသော ဒက်ဒီကို ကြည့်၍ ခြိမ့် မဲ့ပစ်လိုက်ရင်း..၊


"မာမီ့ကို ခြိမ့်ပြန်ခေါ်မယ်၊ ခြိမ့်ဂေဟာရဲ့အရှင်သခင်မ ဒက်ဒီ့ဇနီးက မာမီတစ်ယောက်တည်းပဲ ဖြစ်ရမယ်၊ခြိမ့်မာမီနေရာကို ဘယ်သူမှ မပေးနိုင်ဘူး ဒက်ဒီ"


ခြိမ့် ရှင်းမိန့်မိန့်ခန့်ကို ကြည့်ပြီး ရင်ထဲ ရှိသမျှ ပြောချပစ်လိုက်သည်။ ချက်ချင်းပျက်ယွင်းညိုမှောင်သွားသည့် မျက်နှာကိုကျေနပ်အားရစိတ်တို့ဖြင့် တစိမ့်စိမ့်ကြည့်ပြီး..၊


"ခြိမ့်ကတော့ ဒက်ဒီနဲ့မာမီပြန်ပေါင်းတာပဲ လိုချင်တယ်၊ မာမီ့ကို ပြန်ခေါ်လိုက်ပါ ဒက်ဒီရယ်၊ မာမီ ဟိုမှာ တစ်ယောက်တည်း ဒုက္ခရောက်နေမှာ"


"တော်စမ်း ခြိမ့်၊ ကလေးကလားစကားတွေ ဒက်ဒီ့ကို လာမပြောနဲ့၊ ခု ဘယ်အချိန်လည်း သိလား၊ အဲဒါထက်ပိုဆိုးတာက စားသောက်ဆိုင်မှာ သီချင်းသွားဆိုတာပဲ၊ ငါ့အသိုင်းအဝိုင်းထဲမှာ  မျက်နှာဘယ်နားသွားထားရမလဲ မိခြိမ့်၊ တောက်!...ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ"


"ခြိမ့်သီချင်းဆိုတာ ရှက်စရာကောင်းတယ်ပဲ ထားပါတော့ ဒက်ဒီ့လုပ်ရပ်တွေကရော ဘယ်လောက်ဂုဏ်တွေ သိက္ခာတွေ ရှိနေလို့လဲ"


"ဘာ!...မိခြိမ့်.."


"ကိုကြီး မလုပ်ပါနဲ့"


"ငါ..တယ်၊ လုပ်လိုက်ရင် သေတော့မယ် နင်.."


ခြိမ့်စကားက ဒက်ဒီ့အရှိုက်ကို သွားထိသည်ထင်ရဲ့၊ ဒေါသတကြီးဖြင့် လွှဲရိုက်လိုက်သည့် ဒက်ဒီလက်ကို ရှင်းမိန့်မိန့်ခန့်က ပြေးဆွဲလိုက်ကာ..၊


 "အေးဆေးပြောမှပေါ့၊ စိတ်ကို လျော့ပါ ကိုကြီးရယ်၊ ခြိမ့်က ငယ်ရွယ်သူမို့ ပြောတာကို ကိုကြီး စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့"


ခြိမ့်တို့သားအဖကြားဝင်ရပ်၍ လေပြည်ထိုးလျှင်..၊


"ခြိမ့်တို့သားအဖကြားထဲ ရှင် ဝင်မပါ ပါနဲ့"


"ပြောရင်းနဲ့ကို ရိုင်း ရိုင်းလာတယ်၊မိန့်က ဒက်ဒီတရားဝင်လက်ထပ်ထားတဲ့ဇနီး၊ ခြိမ့်ထက် အသက်အများကြီးပိုကြီးတယ်၊ လူကြီးကို မချေမငံဆက်ဆံတာ ငါမကြိုက်ဘူး၊မဆင်ခြင်ရင် ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး"


"မချေမငံမဆက်ဆံစေချင်ရင် ဒီမိန်းမကို ကွာရှင်းလိုက်လေ၊ သူ ဒက်ဒီ့နားက မထွက်သွားမချင်း ခြိမ့်ကတော့ ဒီအတိုင်းပဲ ပြောဆိုနေမှာ၊ ကိုယ့်သမီးအရွယ်လောက်လေးကို လက်ထပ်ထားတာ ဒက်ဒီမရှက်ပေမယ့် ခြိမ့်ရှက်တယ်"


"ဖြန်း!..."


"အို!...ဘယ်လိုလုပ်လိုက်တာလဲ ကိုကြီးရယ်"


"ထပ်ပြောစမ်း၊ ဒီတစ်ခါဆို အသေသတ်ပစ်မယ်၊ နင်က ငါ့သမီး...ငါ လုပ်တာတွေကို နင် ဝေဖန်ဖို့မလိုဘူး"


"တော်ပါတော့ ကိုကြီး၊ ခြိမ့်.."


"ဖယ်စမ်းပါ"


ခြိမ့် တွန်းပစ်လိုက်သဖြင့် ရှင်းမိန့်မိန့်ခန့် နောက်ကို ယိုင်ထွက်သွားသည်။ 


"လာပြီး မာယာတွေပြမနေပါနဲ့၊ ဒါတွေအားလုံး ရှင့်ကြောင့်ဖြစ်ရတာ၊ အဟွန့်...သိပ်ပျော်နေတယ်မို့လား ဒေါ်ရှင်းမိန့်မိန့်ခန့်"


ခြိမ့် ခေါင်းထဲမှာ မူးနောက်နေပြီး မျက်နှာတစ်ခြမ်းလုံးကျိန်းစပ်နေသည့် ဝေဒနာတွေက ရင်ဘတ်ထဲက ပိုနာလေသည်။ 


စကားမာမာပင် မပြောခဲ့ဖူးသော ဒက်ဒီက ခုတော့ ခြိမ့်ကို ရက်ရက်စက်စက်ရိုက်ချလိုက်တာ မညှာမတာ။


မျက်လုံးတစ်ဖက်ပါ ရဲရဲနီလျက် မျက်ရည်တွေ ချက်ချင်းရစ်ဝဲလာသည်က ဝမ်းနည်းနာကျင်မှုအပြင် ခံပြင်းစိတ်တွေကြောင့်လည်းဖြစ်၏။


"ရှင် ဖြစ်စေချင်သလို ဖြစ်လာပြီ ဒေါ်ရှင်းမိန့်မိန့်ခန့်၊ ခြိမ့်တို့ မိသားစုကို ရက်ရက်စက်စက်ခွဲခဲ့တာ အားမရနိုင်သေးဘူးလား၊ ရှင်က မြွေဟောက်မ...ခြိမ့်မာမီဆီကနေ ဒက်ဒီ့ကိုအရှက်မရှိလုယူခဲ့တဲ့ ကဝေမပဲ"


"တော်စမ်း..လွန်မလာနဲ့ မိခြိမ့်၊ မိဘက ဆိုဆုံးမနေတာမှ မရရင် နင့်လမ်းနင်လျှောက်၊ မိန့်ကို ဝေဖန်ပြောဆိုနေတာ အရမ်းရိုင်းတယ်၊ ဒီထက်လွန်လာရင် သားသမီးဆိုပြီး ငဲ့ညှာလိမ့်မယ် မထင်နဲ့၊ နင်လည်း နင့်အမေအချိုးအတိုင်းပဲ နှိုင်းခြိမ့်ခြိမ့်သာ၊ ဖခင်တစ်ယောက်ဆိုဆုံးမတာကိုမှ လက်သင့်မခံနိုင်ရင်တော့ ငါ့အရိပ်ကနေ ထွက်သွား"


"ကိုကြီး!.."


"အဟင်း...ဒက်ဒီ ဒီစကားမျိုးတွေ ပြောရက်တာ ခြိမ့်မအံ့သြတော့ပါဘူး"


ခြိမ့် ဒက်ဒီ့ကို ကြည့်၍ နာနာကျည်းကျည်းမဲ့ပစ်လိုက်ကာ..၊


"သွားမှာပါ၊ မာမီမရှိတဲ့ ဒီအိမ်မှာ ဒက်ဒီ့မိန်းမနဲ့လည်း အတူတူမနေချင်ပါဘူး၊  ဒီမိန်းမကြောင့် ဒက်ဒီ ခြိမ့်တို့သားအမိကို ရက်စက်ခဲ့တယ်၊ ခြိမ့်အသားကို နာကျင်အောင် ရိုက်ရက်တဲ့အထိ ဒက်ဒီလုပ်ရက်ခဲ့တယ်နော်၊ အသားနာတာထက် အသည်းထဲက ပိုနာတယ် ဒက်ဒီ၊ ဒက်ဒီ့ကိုလည်း ခွင့်မလွှတ်ဘူး၊ခြိမ့်ကို နာကျင်စေခဲ့တဲ့ ဒက်ဒီ့ကို ခြိမ့် မုန်းတယ်...အရမ်းမုန်းတယ်"


 "တတ်နိုင်ရင် ငါကလည်း နင့်ကိုယ်ထဲက ငါ့သွေးတွေကို ဖောက်ထုတ်ပစ်လိုက်ချင်တာ၊ နင့်ကိုယ်ထဲမှာ နင့်အမေသွေးတွေ အပြည့်ပဲ၊ နှိုင်းထက်သာလို ထင်ရာဆိုင်းချင်နေတာ၊  ဒီအရိပ်ကို စုံကန်ချင်တယ်ဆိုလည်း မတားဘူး၊ အေး...ဒုက္ခရောက်လာမှ ကယ်ပါယူပါ မလုပ်နဲ့၊ဉာဏ်သာတို့က ကောင်းရင် သူများထက်ပိုကောင်းသလို ပြတ်ရင်လည်း သူများထက် ပိုပြတ်တယ်ဟေ့"


"ဒက်ဒီ နှင်စရာ မလိုပါဘူး၊ ခြိမ့်ကလည်း ဒက်ဒီ့အငယ်အနှောင်းရှိတဲ့ ဟောဒီအိမ်မှာ တစ်စက္ကန့်လေးတောင် မနေချင်ပါဘူး၊ သွားမှာပါ၊ ဒေါ်ရှင်းမိန့်မိန့်ခန့်...ရှင့်ကို ခြိမ့် တစ်သက်မကျေဘူး၊ခြိမ့်တို့တွေ တကွဲတပြားနဲ့ နာကျင်ခံစားရသလို ရှင်လည်း တစ်နေ့ နာကျင်စေရမယ်"


"နှိုင်းခြိမ့်ခြိမ့်သာ...ငါ့ဒေါသတွေ မပေါက်ကွဲခင် ငါ့မျက်စိရှေ့ကနေ ထွက်သွားတော့၊ နင့်ကို ငါသတ်မိတော့မယ်"


"သွားမှာပါ၊ ဒက်ဒီဟာမနဲ့ ဒက်ဒီနေရစ်ပါ၊ ဒီနေ့ကစပြီး ခြိမ့်ဘဝမှာ ဒက်ဒီမရှိတော့ဘူး၊ ဒက်ဒီ့ကို အရမ်းမုန်းတယ်"


"အေး... ငါ့ဘဝထဲမှာလည်း ဘာသမီးမှ မရှိတော့ဘူး မှတ်"


"အဟွန့်...ခြိမ့်ကလည်း ဝမ်းမနည်းဘူး ဒက်ဒီ"


ခြိမ့် ဒက်ဒီ့ကို မျက်ရည်များကြားကနေ နာကျည်းစွာကြည့်၍ ထွက်လာခဲ့သည်။ 


ရှိသမျှအဝတ်အစားတွေနဲ့ အသုံးအဆောင်တို့ကို အိတ်နှစ်လုံးထဲ စုပုံထိုးထည့်ပြီး ထွက်လာတော့ ဒက်ဒီက အပေါက်ဘက်ကို ကျောခိုင်းလျက် မတ်တပ်ရပ်နေပြီး ရှင်းမိန့်မိန့်ခန့်က ခြိမ့်လက်ထဲက အထုပ်တွေကို ပြေးဆွဲလျက်..၊


"ခြိမ့်...ခက်တော့တာပဲကွယ်၊ မသွားပါနဲ့ ခြိမ့်ရယ်၊ ခြိမ့်ဒက်ဒီက စိတ်ဆိုးတုန်းမို့ ပြောတာပါ၊ မမတောင်းပန်ပါတယ် ခြိမ့်လေး ထွက်မသွားပါနဲ့နော်"


"ခြိမ့်အသားကိုမထိပါနဲ့၊  ဂေါတမီပုံဖမ်းနေလည်း ရှင့်အကျင့်တွေ ပုပ်ပွနေတာ အနံ့တလှိုင်လှိုင်ထနေပြီ၊ဖယ်စမ်းပါ"


"မမတောင်းပန်ပါတယ် ခြိမ့်ရယ်၊ မသွားပါနဲ့.."


"ရှင် မထိနဲ့၊ ရှင့်မျက်နှာမြင်နေရတာ ခြိမ့်အတွက် ဆင်းရဲဒုက္ခပဲ၊ ဒက်ဒီရှေ့မှာ ဟန်ဆောင်နေစရာ မလိုတော့ပါဘူး၊ ခြိမ့် ခု ဆင်းတော့မှာ"


"နေပါဦး ခြိမ့်ရယ်..မမရှင်းပြတာ နားထောင်ပါဦး"


"ရှင့်ပလီပစာ မူယာမာယာစကားတွေ မကြားချင်ဘူး၊ နားခါးလွန်းလို့"


"ခြိမ့် မသွားပါနဲ့၊ မမ ခြိမ့် ကျေနပ်အောင်.."


"မိန့်!.."


ဒက်ဒီ့အသံက ဒေါသနှင့် ဆောင့်ထွက်လာသလို ရှင်းမိန့်မိန့်ခန့်၏စကားသံပါ တိခနဲရပ်သွား၏။


"သွားပါစေ...ဘာမှ တားနေစရာ မလိုဘူး၊ စေတနာမေတ္တာကို နားမလည်တာ၊ မိဘအရိပ်ထက် ပိုကောင်းမယ်ထင်လို့ ဆန့်ကျင်နေတာ..အဟွန့်.. ကြည့်နေလိုက်စမ်းပါ"


ခြိမ့် ရင်ထဲ တဆစ်ဆစ်နာလာသည်။ ပါးပြင်ပေါ်က မျက်ရည်ချောင်းကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး အိမ်ထဲကနေ ထွက်လာခဲ့သည်။ 


စိတ်ချ...ဒက်ဒီ၊ အဲဒီမိန်းမ ရှိနေသရွေ့ ဒီတစ်သက် ဒက်ဒီရှိတဲ့အိမ်ကို ခြိမ့် ခြေဦးမလှည့်ဘူး..၊


...............................................................


"အဲဒါနဲ့ နင် အိမ်ပေါ်က ဆင်းလာတယ်ပေါ့၊ ခု ဘယ်မှာ နေသလဲ ခြိမ့်"


"လောလောဆယ်တော့ တိုက်ခန်းငှားနေတယ်ဟန်သာ၊ နောက်ကျမှ တစ်မျိုးတစ်ဖုံစဥ်းစားတာပေါ့၊ ဒက်ဒီ့တိုက်ခန်းတွေမှာလည်း သွားမနေချင်ဘူး၊ ဒက်ဒီ့ဆီက ထွက်လာပြီးမှ ငါ ဒက်ဒီရဲ့အရိပ်နဲ့ ဝေးဝေးမှာပဲ နေချင်တယ်"


ဟန်သာ သက်ပြင်းရှိုက်ရင်း ခြိမ့်ကို ဂရုဏာသက်နေမိသည်။ မိဘတွေ ကွဲကွာပြီးလို့ ခြိမ့် ခံစားချက်တွေ မပျောက်ခင် နောက်ထပ် နာကျင်စရာကြုံရပြန်ပြီ။


"နင့်ဒက်ဒီက စိတ်ဆိုးလို့ပြောတာပါ ခြိမ့်ရယ်၊ နင့်ကို ချစ်ရှာသားပဲ"


"သွားစမ်းပါ၊ အဲဒါတွေက အတိတ်မှာကျန်ခဲ့ပြီ၊ ရှင်းမိန့်မိန့်ခန့်ဆိုတဲ့ မိန်းမ အားလုံးကို ဖျက်ဆီးပစ်လိုက်တာ၊ငါ့ကို ပါးရိုက်ပြီး ဒက်ဒီပြောခဲ့တဲ့စကားလုံးတွေ ဟောဒီနှလုံးသားထဲမှာ သံမှိုစွဲနေပြီ ဟန်သာ၊ ဒက်ဒီ့ခေါင်းထဲမှာ ငါတို့သားအမိမရှိတော့ဘူး အဲဒါ တကယ်၊ ဒက်ဒီ့ဆီက အချစ်တွေ အားလုံးကို အဲဒီမိန်းမလုယူသွားပြီ"


"နင့်မိထွေးက နင့်ထက် ငါးနှစ်ပဲ ကြီးတာနော်၊ရှင်းမိန့်မိန့်ခန့် နင့်ဒက်ဒီကို လက်ထပ်တာ ငွေမက်မှန်း အရမ်းသိသာတာပဲ၊ နင့်ဒက်ဒီကလည်းဟယ် ကိုယ့်သမီးကို ခုလိုပစ်ပစ်ခါခါကြီး လုပ်ဖို့ မကောင်းပါဘူး"


"ဒက်ဒီက အဲဒီမိန်းမရဲ့ မာယာပိုက်ကွန်ထဲမှာ မိနေပြီ ဟန်သာ၊မာမီကို ကွာရှင်းခဲ့ရုံမကဘူး ငါ့ကိုပါ အဲဒီမိန်းမကြောင့် နှင်ချခဲ့တာ ငါ အနာဆုံးပဲ၊ ဒက်ဒီ့အရိပ်ကို တစ်သက်လုံး မပြန်တော့ဘူးလို့ ငါ ဆုံးဖြတ်ခဲ့ပြီးပြီ"


ခြိမ့်စကားလုံးတွေက သွက်သလို ဘောင်းဘီရှည်ဝတ်ထားသည့် ခြိမ့်ခြေလှမ်းတွေပါ သွက်လက်နေ၏။ ပလက်ဖောင်းအတိုင်းအတူတူလျှောက်နေတာပေမယ့် ခြိမ့်ကပဲ ပြန်စောင့်နေရသည်။


အိမ်ပေါ်က ဆင်းလာသည့် မိန်းကလေးတစ်ယောက်၏ပုံပမ်းသဏ္ဍာန်မျိုး မရှိ။


"နင့်မာမီကရော ခြိမ့်၊ ဆက်သွယ်မလာဘူးလား"


"အဆက်အသွယ်တော့ ရှိပါတယ်၊ ဒက်ဒီ့ဆီက ထွက်လာတာတောင် ငါ့ကို ပြောနေသေးတယ်၊ မာမီက ဒက်ဒီ့နားမှာပဲ နေစေချင်တာဟ၊ ဒက်ဒီပိုင်ဆိုင်မှုတွေကို ငါတစ်ယောက်တည်းရစေချင်တာ"


"မာမီလည်း ဟိုမှာ အနည်ထိုင်အောင် ကြိုးစားနေရတာ ဟန်သာ၊ မာမီ့ဘက်က မိသားစုက ဒက်ဒီ့ကို မလိုလားဘူးလေ၊ ဒက်ဒီနဲ့လက်ထပ်ပြီးကတည်းက အဆက်အသွယ်ဖြတ်ထားတာ၊ ဒက်ဒီ့သမီး ငါ့ကိုလည်း ခုချိန်မှာ ပိုမကြည်သာလောက်ဘူး"


"ခြိမ့်ရယ်.."


"အမေရိကားကို ငါလည်း မလိုက်ချင်ပါဘူး၊ မိသားစုဘဝလေး ပျော်ပျော်ရွှင်ရွှင်နေရရင်ပဲ ကျေနပ်ပြီ၊ ခုတော့ ငါ့အိပ်မက်တွေ ပျက်စီးကုန်ပါပြီ"


"ကိုတည်နဲ့ရော အဆင်ပြေတယ်မို့လား"


"ကိုတည်က ငါ့အပေါ်အကောင်းဆုံးယောကျ်ားပါ၊ ငါ တွဲခဲ့တဲ့လူတွေထဲမှာ ပညာရော၊ရုပ်ရည်ရော၊စည်းစိမ်ရော၊ ငါ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာရော အသာဆုံးပဲ၊ဒါပေမယ့်..လက်ထပ်ခြင်းကို ငါ ကြောက်တယ်ဟန်သာ၊ ဒက်ဒီနဲ့မာမီလို အဖြစ်မျိုးကို ငါ မကြုံချင်ဘူး"


"အဲဒါ ကိုတည့်ကို နင် တကယ်မချစ်လို့ပဲ ခြိမ့်၊ လူတွေက ချစ်မိပြီဆိုတာနဲ့ ကိုယ်ချစ်တဲ့သူနဲ့ အတူတူနေချင်ကြတာချည်းပဲ၊ တစ်စက္ကန့်လေးတောင် ခွဲမနေချင်ကြဘူးဟ"


"ငါ ကိုတည်နဲ့ အတူတူနေချင်တယ်၊လက်ထပ်ဖို့ကျတော့ စိုးထိတ်နေမိတာ အမှန်ပဲ၊ငါ့လိုပဲ အပြစ်မဲ့တဲ့ကလေးလေးတွေ ရှင်သန်လာမှာကို မလိုလားဘူး၊ ဒါပေမယ့် ငါ့ဘဝအတွက် ကိုတည့်ကိုပဲ ရွေးချယ်မှာပါ"


"ကျွီ!.."


ပလက်ဖောင်းဘေးသို့ အနက်ရောင်မာစီဒီးတစ်စီး ငြိမ့်ခနဲလာရပ်၏။ ခြိမ့် လှည့်ကြည့်လိုက်တော့ ကိုတည့်ကားပင်..၊


"ဟော...ကိုတည်"


"မောင်မင်းကြီးသား အသက်ရှည်ဦးမယ်"


ခြိမ့် ဟန်သာနှင့် ပခုံးချင်းတိုက်ရယ်လိုက်ပြီး ကိုတည် ကို ကြိုနေမိသည်။ ခြိမ့် မျှော်လင့်သလို ကားတံခါးဖွင့်မလာသေးပဲ ကားမှန်တရစ်ချင်းကျလာကာ..၊


"ဟင်!.."


အနက်ရောင်မျက်မှန်နှင့် ခြိမ့် မရင်းနှီးသည့် မျက်နှာချောချော ကို ဘွားခနဲ မြင်လိုက်ရ၏။


"နှိုင်းခြိမ့်ခြိမ့်သာဆိုတာ ခင်ဗျားလား"


လေသံက အမိန့်ဆန်သလို သြဇာသံအပြည့်ပါ၏။သို့သော် ချိုကြည်ကြည်နှင့် နားထောင်ကောင်းသည်။


"ရှင်က ဘယ်သူလဲ၊နှိုင်းခြိမ့်ခြိမ့်သာကို မေးတာ ဘာလုပ်မလို့လဲ"


ခြိမ့် ခပ်တည်တည်ပြန်မေးတော့ သူက မျက်မှန်ကို ချွတ်လိုက်ပြီး ဖွဖွပြုံးသည်။ အနိုင်ယူသော တစွတ်ထိုးဆန်သော အပြုံးဟု ခြိမ့် မှတ်ချက်ချမိ၏။


"ကျွန်တော်က ကိုတည်ကြည်ခန့်ညားရဲ့ညီ သိမ်းပိုက်ကမ္ဘာပါ၊ နှိုင်းခြိမ့်ခြိမ့်သာကို ကိုကိုခေါ်ခိုင်းလို့ ကျွန်တော်လာခေါ်တာ၊ ခင်ဗျား ကျွန်တော်နဲ့လိုက်ခဲ့"


"ရှင်က ကိုတည့်ညီဆိုတာ ဘယ်လိုယုံရမလဲ၊ကိုတည်ခေါ်ခိုင်းတာကရော သေချာလို့လား"


သိမ်းပိုက်ကမ္ဘာမျက်နှာ တည်သွားကာ မျက်မှောင်ခပ်ကုတ်ကုတ်ဖြင့် ခြိမ့်ကို ကြည့်လာပြီး..၊


"ကျွန်တော် ကိုကို့ညီဆိုတာ သက်သေပြဖို့ မှတ်ပုံတင် မရှိပေမယ့် ခုစီးလာတဲ့ ကားက သက်သေခံနေတာပဲ မဟုတ်လား၊ပြီးတော့ ခင်ဗျားကို သိမ်းပိုက်ကမ္ဘာဆိုတဲ့ ညီတစ်ယောက်ရှိတယ်ဆိုတာ ကိုကိုပြောထားမှာပေါ့၊ ခင်ဗျား မယုံရင်လည်း မလိုက်နဲ့ဗျာ၊ ခင်ဗျားမယုံကြည်လို့မလိုက်တာလို့ပဲ ကိုကို့ကို ပြန်ပြောလိုက်မယ်"


"အို...နေပါဦး"


တရစ်ရစ်နှင့် ကားမှန်ပြန်တက်သွားသဖြင့် ခြိမ့် အလောတကြီးတားမိ၏။ ကိုတည်နဲ့ ဆက်သွယ်မရတာ နှစ်ရက်ရှိပြီ။ ခြိမ့်လည်း ကိုတည့်ကို တွေ့ချင်နေသည်။


"မင်းနဲ့တို့လိုက်ခဲ့မယ်"


"အိုကေလေ..ဒါဆို ကားပေါ်တက်"


"ဟန်သာ ငါလိုက်သွားဦးမယ်၊ နင် ဖြစ်တယ်မို့လား"


"ရတယ် ခြိမ့်၊ ငါ တစ်ယောက်တည်း ပြန်နေကြ ကိစ္စမရှိဘူး"


"ဒါဆို ငါသွားမယ်"


"အေး"


ခြိမ့် ဟန်သာ့ကို နှုတ်ဆက်ပြီး ကားရှေ့ခန်းမှာ ဝင်ထိုင်လိုက်သည်။ ခြိမ့်ထိုင်လိုက်တာနဲ့ ကားက ပလက်ဖောင်းဘေးကနေ လျောခနဲ ထွက်သွား၏။


အပိုင်း(၃)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: