💘မှတစ်ပါး....အခြားမရှိ💘
မဂ်လာပွဲက သူတို့ထင်သလို အခက်အခဲမရှိ ပြီးဆုံးသွားခဲ့သည်။ညပိုင်း ဒင်နာအတွက် ခြံထဲမှာပဲ လုပ်ဖို့ ပြင်ဆင်နေကြတာ ခြံတစ်ခုလုံးအလုပ်သမားတွေနှင့် ပြည့်နေ၏။
ကိုကို မျက်နှာပျက်ပျက်နဲ့ ဟန်လုပ်နေသော်ငြား ရင်ထဲမှာ မီးတောက်နေမှာ။သျှင်ယွန်းကတော့ မဂ်လာပွဲကို စိုးတထိတ်ထိတ်ဟန်နှင့် တစ်လျှောက်လုံးဆင်နွှဲနေပုံရသည်။
ခုတော့ မဂ်လာပွဲပြီးသွားခဲ့ပြီမို့ အားလုံးသက်ပြင်းချနိုင်တော့သည်။ဟော်တယ်က ပြန်ရောက်တာနဲ့ နားဖို့ကို ယောင်လို့တောင် စိတ်ကူးလို့မရ။ ဒင်နာအတွက် သူပဲ ဦးစီးဆောင်ရွက်ရမှာမို့ ခြံထဲမှာ ပြင်ဆင်နေတာတွေ ဘာတွေလိုအပ်သလဲ သွားကြည့်ရပေဦးမည်။
တိုက်ပုံအကျီကို ချွတ်ပြီး ဆိုဖာပေါ် ဒီအတိုင်းတင်ထားလိုက်သည်။ ရှပ်အကျီအပေါ်ကြယ်သီးတစ်လုံးဖြုတ်ပြီးမှ ခုံတွေနေရာချနေသည့် ခြံထဲကို ငုံ့ကြည့်မိပြီး အဝတ်မလဲနိုင်တော့ပဲ အောက်ကို တောက်လျှောက်ဆင်းခဲ့၏။
"ဖေကြီး.."
"သမီး.."
အဝင်ဝမှာ ဟော်တယ်က ပြန်လာကြသည့် မေမေတို့ကားနှင့် သွားဆုံသည်။သတို့သားသတို့သမီးကားက မေမေတို့ကားနောက်က ပါလာ၏။ နောက်ခန်းတံခါးပွင့်လာပြီး မေမေရင်ခွင်ထဲကနေ သမီးက သူ့ဆီပြေးဆင်းလာသဖြင့် ဆီးကြိုပွေ့ဖက်ထားလိုက်ကာ...၊
"ဖေကြီး သမီးလေး ပင်ပန်းနေပြီလားကွ"
"ဟင်အင်း...မီးမီးက ပျော်နေတာ၊ ဖေကြီး..ဖေကြီး အဲဒီမှာလေ လူတွေ အများကြီးနဲ့ အရမ်းပျော်စရာကောင်းတာ၊ မီးမီးတို့ ဘွားဘွားတို့ကို လာနှုတ်ဆက်ကြတာ အန်တီတွေက အရမ်းလှတာပဲ သိလား၊ မီးမီးကိုလည်း သိမ်းပိုက်သမီးလေးလားတဲ့၊ အရမ်းလှတာပဲတဲ့ မင်းသမီးလေးကျနေတာပဲတဲ့၊ဖေကြီး..ပြီးတော့ ပြောသေးတယ်သိလား သိမ်းပိုက်သမီးမို့ သိမ်းပိုက်တဲ့တူလို့ချောတာတဲ့၊ မီးမီးက အရမ်းလှတယ်မို့လား ဖေကြီး"
"ကြည့်စမ်း...ဖအေ ကို ပြန်ပြောပြနေလိုက်တာ မိချင်းချင်းတို့ကတော့လေ"
သမီးက ကလေး ပီပီ သူကြားခဲ့မြင်ခဲ့တာတွေကို အားပါးတရပြန်ပြောပြနေ၏။ သမီးရဲ့ အဲဒီပုံစံကို အားလုံးကချစ်စနိုးနှင့် ပြုံးကြည့်နေကြရင်း မေမေက သမီးခေါင်းလေးကို လာပုတ်သည်။
"လေးလေးနဲ့တီတီတို့ လူတွေအများကြီးထဲမှာ မဂ်လာဆောင်တာ ပျော်စရာကြီးနော် ဖေကြီး၊ မီးမီး ပန်းတွေကို ဟောဒီလို ဟောဒီလို ကြဲရတာ ဖေကြီးတွေ့တယ်မို့လား၊ နောက်လည်း အဲဒီလို ပန်းကြဲချင်တယ် ဖေကြီး"
"ဟင်း...ဟင်း..."
ပန်းကြဲတဲ့ပုံစံမျိုးလေထဲမှာ လက်လေးကို ဝဲပြနေသည့် ချင်းချင်းပုံလေးက ချစ်စရာ။ အိမ်ထဲမဝင်ဖြစ်ကြသေးပဲ သတို့သားသတို့သမီးကို သူငယ်ချင်းတွေက ကြိုးတားနေကြ၏။
"ဟ...ဒီလောက်လေးနဲ့ရမလား တည်ကြည်ရ၊မရဘူး ဟေ့ကောင်၊ မင်းအခန်းထဲ ဝင်ဖို့ စိတ်မကူးနဲ့"
ကိုကို့သူငယ်ချင်းအုပ်စုလိုက်ကြီး ဝိုင်းညစ်နေကြခြင်းဖြစ်သည်။
"မဂ်လာအခန်းထဲကို ဒီကြိုးတွေကျော်ပြီးမှ သွားလို့ရမယ်နော်၊ ငါတို့က ကိစ္စမရှိဘူး၊ ဒီမှာ ဘယ်နာရီဖြစ်ဖြစ် ရပ်နေနိုင်တယ်"
ယောကျ်ားလေးတွေရော သျှင်ယွန်းသူငယ်ချင်းတွေပါ ပေါင်းပြီး သောင်းကျန်းနေကြ၏။လူကြီးတွေက လူငယ်တွေ ပျော်ကြပါးကြပါစေဆိုသည့် သဘောနှင့်ပြုံး၍ အိမ်ထဲ ဝင်သွားကြလေပြီ။
တည်ကြည်က စိတ်ကျေနပ်အောင်ပေးလိုက်မှ အားလုံးရှဲသွားကြတော့သည်။သူငယ်ချင်းတွေက ဒင်နာအတွက် လာကူညီကြခြင်းဖြစ်၏။ပျော်ပျော်ပါးပါးနှင့် မပြန်သေးပဲ နောက်တစ်ပွဲဆက်တော့မည့်ပုံတွေ။
ခြံထဲမှာ တည်ကြည့်သူငယ်ချင်းတွေက တစ်ဖွဲ့၊ သိမ်းပိုက်သူငယ်ချင်းတွေက တစ်ဖွဲ့၊ မိန်းကလေးအုပ်စုက တစ်ဘာသာ၊ ခြံထဲမှာ အုပ်စုအုပ်စုနှင့် ဒင်နာမစခင်ကတည်းက လူစည်နေခဲ့သည်။
"ဖေကြီး...မီးမီးလည်းလိုက်မယ်"
ခြံထဲဆင်းဖို့တာဆူနေသည့် သူ့လက်ကို သမီးက မလွှတ်တမ်းဆွဲထား၏။
"သမီး ဒီမှာနေခဲ့နော်၊ ဖေကြီး ခြံထဲသွားဦးမယ်"
"ဟင်အင်း...မီးမီးပါ လိုက်မယ်"
အဝတ်အစားလဲပြီး ဆင်းလာသည့် မေမေက သူတို့သားအဖဖြစ်နေပုံကို မြင်တော့ အနားရောက်လာပြီး...၊
"မြေးက သားငယ်နား ကပ်နေတာပဲ၊ လာ မြေးလေး ဘွားဘွားနဲ့နေ၊ ဖေကြီးက အလုပ်တွေရှိသေးတယ်၊သားရေ အောက်မှာ ဘာတွေ လိုသေးလဲ သွားကြည့်လိုက်ပါဦး"
"မေမေ့မြေးကို ခေါ်ထားပါဦး၊ ဒီမှာ သားနောက်လိုက်ချင်နေတာ၊ အောက်မှာ မေမေ့မြေးနဲ့ နိုင်မှာ မဟုတ်ဘူး"
"ဖေကြီး မီးမီး မဆိုးဘူးနော်"
သမီးက သူ့ကို မနိုင်ဘူးပြောတာကို နှုတ်ခမ်းလေးစူလျက် သူမဆိုးဘူးဟု ပြော၏။
"ဖေကြီးသမီးလေး မဆိုးမှန်းသိပါတယ်ကွာ၊ သမီးနဲ့ဆိုတော့ ဖေကြီး အလုပ်တွေ ဘယ်လိုသွားလုပ်မလဲ အဲဒါကိုပြောတာပါ၊သမီးက လိမ္မာပါတယ်၊ ဖေကြီး တော်ကြာလာခေါ်မယ်နော် ခုတော့ ဘွားဘွားတို့နဲ့နေခဲ့ဦး"
" လာ လာ မြေး၊ တီတီအလှပြင်တာ သွားကြည့်ရအောင်၊ နောက်ထပ် အကျီလှလှလေးလဲပြီး လှလှလေး မပြင်ချင်ဘူးလား မြေး"
"ပြင်ချင်တယ် ဘွားဘွား၊ မီးမီးကို အကျီလှလှလေးတွေ ဖိတပ်လှလှလေးနဲ့ မျက်နှာလေးပါ လှလှလေးလုပ်ပေးနော် ဘွားဘွား"
"လုပ်ပေးမှာပေါ့ လုပ်ပေးမှာ၊ ဘွားမြေးလေးက ဒီပွဲမှာ မင်းသမီးလေးပဲ"
ကလေးသဘာဝ လှတာလေးတွေနဲ့ ဖျားယောင်းလိုက်မှ သမီး မေမေ့ချီခေါ်သွားသည့်နောက်ကို ပါသွားတော့သည်။
"သိမ်းပိုက်...မင်းကလည်း အထဲမှာ ဘာတွေလုပ်နေလို့ အဲဒီလောက်ကြာနေတာလဲ၊မြန်မြန်လာ.."
ခြံထဲဆင်းလိုက်တာနဲ့ ရှိန်းတေဇတို့ဟိန်းလတ်တို့ အသံဗြဲကြီးတွေနဲ့ လှမ်းအော်တော့သည်။
"မင်းအလှည့်ကျ နမူနာယူထား၊ ငါတို့က မင်းပွဲကျရင် အပြတ်ကဲပစ်မှာ"
လိုအပ်တာတွေ ညွှန်ကြားပြီး ရှိန်းတေဇတို့ ဝိုင်းမှာ သူ ဝင်ထိုင်လိုက်တာနဲ့ အားလုံးက ပြုံးပြုံးစိစိနှင့် ဝိုင်းကြည့်လာကြ၏။
"အမယ်...ရုပ်တည်ကြီးနဲ့ ဒီကောင် ငါတို့ကို လှိမ့်နေတာ လှိမ့်နေတာ"
"အေးလေ ချစ်ရင်ချစ်တယ်ပေါ့ သိမ်းပိုက်ရ"
"ကလေးအဖေလို့မပြောရဘူး၊ ဒီကောင် ခြေသွက်လက်သွက်ချက်ကတော့...အဟဲ..သိမ်းပိုက် ငါတို့ကိုလည်း ပညာလေးဘာလေး မျှဝေပါဦး"
မျက်နှာရှိန်းခနဲ ပူသွား၏။ရှိန်းတေဇတို့ ဟိန်းလတ်တို့တွေဝိုင်းပင့်နေခြင်းပင်။
"လုပ်ပါဦး သိမ်းပိုက်ရ၊ ချစ်ပုံချစ်နည်းလေး.."
ထက်နေက အပင့်သမား..၊သူ ပြုံးနေလိုက်သည်။ပြောကြပါစေ..၊
"ပြုံးနေပုံကိုကြည့်ပါလား၊ ဟုတ်နေပါပြီ ဟေ့ကောင် ဘယ်တော့ စားရတော့မလဲ"
"ဖြည်းဖြည်းပေါ့"
"ဟာ!..."
ပါးစပ်ဟောင်းလောင်းနဲ့ ပက်လက်လန်သလို ဟိန်းလတ်က လုပ်ပြတော့ အားလုံး တဝါးဝါးနှင့် ပွဲကျကုန်တော့၏။
"ခြေတောက်ကို မှန်ကွဲစရှတဲ့အဖြစ်ထိ မင်းဘယ်လောက်တောင်ကြမ်းလိုက်လို့လဲ"
"ဟေ့ကောင်"
"အုပ်စိုးပြောလို့ အားလုံးသိပြီးပြီ ဟေ့ကောင်၊ ဘယ်လိုလဲ မမက အတော်မှ ချစ်ဖို့ကောင်းရဲ့လား၊ ငါတို့နဲ့လည်း မိတ်ဆတ်ပေးဦးလေ"
ဘီယာကို ဇိမ်ခံမော့နေသည့် သူ့ကို အားလုံးက အသည်းတယားယားနှင့်ကြည့်နေကာ..၊
"တွေ့လား...ဒီက ကွန်ကရက်ကျူးလေးရှင်းလုပ်မလို့ကို ဘယ်လိုဖီးလင်နဲ့ လုပ်ပေးရတော့မလဲ"
"အေးလေကွာ...သိမ်းပိုက်ကလည်း ငါတို့ကောင်တွေ မင်းအတွက် အောဘာပေးချင်လို့ မင်းက ဘာမှ မကြော်ညာတော့ ဒီမှာ ဆန့်ငင်ကြီးဖြစ်လို့.."
ခွက်ထဲက လက်ကျန်ဘီယာကုန်သွားတော့ ခွက်ကို စားပွဲပေါ်ပြန်ချပြီး နှုတ်ခမ်းသပ်နေသည့် သိမ်းပိုက်ပုံစံက မပြုံ့မပြဲနှင့်။ သက်သက်အသည်းယားအောင် ကလိနေတဲ့ပုံမျိုး..။
"ဖိတ်စာတွေ မီးရှို့ဖျောက်ဖျက်ရုံတင်မကဘူး တစ်ခါတည်း အပိုင်သိမ်းလိုက်တာ ကိုတည်ကြည်သာ ဒီအကြောင်းတွေ သိရင် ကြွေပြီပဲ"
ယောကျ်ားလေးချင်းလည်းဖြစ် အရက်လေး နည်းနည်းဝင်သွားတာနဲ့ ရှိန်းတေဇ အာလေးသွက်လာသည်။
"အစ်ကိုနဲ့ သဘောမကျဘူး မကျဘူးနဲ့ သက်သက်ဒီကောင် အသံကောင်းဟစ်နေတာ၊ ပြီးတော့လည်း မချစ်တာမဟုတ်ဘူး၊ဘာဖြစ်လဲ သိမ်းပိုက်ရ ဟိုးရာဇဝင်တွေထဲမှာကတည်းက ညီအစ်ကိုနှစ်ယောက် မိန်းမတစ်ယောက်တည်းကို ချစ်ခဲ့ကြတာ ဒါဘာဆန်းသလဲ၊ ကိုယ်ချစ်ရင် ချစ်တယ်ပေါ့"
"ဟုတ်တယ် အဲဒါတော့ ငါလည်း ထောက်ခံတယ် သိမ်းပိုက်၊အချစ်က မျက်စိမှ မပါတာ၊ ခု အခြေအနေဆို မင်းပြိုင်ဘက်မရှိ ပန်းဝင်ပြီ ကိုတည်ကြည်လက်ထပ်ပြီးပြီဆိုတော့.."
"တော်ပါတော့ကွာ မင်းတို့ကလည်း.."
ဆံပင်တိုတိုကို ဆွဲဖွရင်း အလိုမကျစွာ သူ့မျက်နှာကြီး ရှုံ့မဲ့နေသည်။ထင်ရာတွေ စွတ်ပြောနေတာ အကြောင်းမဟုတ်၊ ဒါတွေကို သူများတွေကြားသွားရင် ပြဿနာ..။
"မင်းတို့ဘာသိလို့လဲ၊ ဒီကောင် ဉာဏ်နီဉာဏ်နက်များတာ မင်းတို့မသိလို့၊ သူ့အစ်ကိုဖိတ်စာတွေကို လဲပစ်ပြီး မီးရှို့ပစ်လိုက်တာ၊ ဒီကောင်ကိုယ်တိုင်ပွဲဖျက်မှန်းသာ ကိုတည်ကြည်သိရင်တော့..."
ရှိန်းက မသိမသာ ပခုံးတွန့်ပြ၏။ဒင်နာအတွက် သူ့အဖွဲ့နဲ့သူ ပြင်ဆင်နေကြတာ သူတို့ဝိုင်းဆီ ဘယ်သူမှ အာရုံမရောက်လို့ တော်တော့သည်။
"အစ်ကိုလေး.."
"ဟေ!..."
မိစံက ခပ်ကုပ်ကုပ်နှင့် သူတို့နားရောက်လာပြီး...၊
"ကိုကိုကြီးက အစ်ကိုလေးကို ခေါ်ခိုင်းလို့၊ ခဏလာခဲ့ဦးတဲ့ သူပြောစရာရှိလို့တဲ့"
"အေးအေး ငါလိုက်လာခဲ့မယ်"
"သိမ်းပိုက် ဘာလဲကွ"
မိစံ ပြန်လှည့်သွားသည်နှင့် သူ ထရပ်လိုက်တော့ ဟိန်းလတ်က မော့ကြည့်ပြီးမေးသည်။
"ငါ ပြန်လာခဲ့မယ်၊ ခဏ..."
သူ အိမ်ထဲ ဝင်လာခဲ့တော့ အားလုံး သူ့အလုပ်နဲ့သူ ရှုပ်နေကြသည်။အပေါ်ထပ် ကိုကို့အခန်းရှေ့ရောက်တော့ တံခါးက စေ့ရုံစေ့ထားသဖြင့် သူ အထဲ လှမ်းဝင်လာခဲ့သည်။
ဟင်...၊
တံခါးဘက်ကိုလှည့်ကာ သူ ဝင်လာတာကို စိမ်းစိမ်းကြီး ခါးထောက်ကြည့်နေသည့် မျက်လုံးတွေနှင့် တန်းခနဲ သွားဆုံ၏။ မျက်ခုံးတွေ တွန့်ချိုးကာ ဇဝေဇဝါနှင့် အနားကို လျှောက်သွားလျှင်...၊
"နောက်ကျောကနေဓားနဲ့ထိုးတဲ့ သစ္စာဖောက်..ကဲကွာ.."
"ခွပ်!...ခွပ်!.."
"ကိုကို!.."
ရိပ်ခနဲကျလာသည့် လက်သီးချက်တွေနောက်မှာ ရုတ်တရက်မရှောင်နိုင်ဘဲ ဆိုဖာခုံတွေကြား လဲကျသွားခဲ့သည်။နှုတ်ခမ်းကို လက်ခုံနှင့်ထိကြည့်လိုက်တော့ လက်မှာ ပါလာတာ သွေးစတွေ..၊
"တောက်!..."
မျက်လုံးချင်းအဆုံမှာ ကိုကို့တက်ခေါက်သံက ပြင်း၏။မျက်လုံးများက မီးတောက်မီးလျှံတို့နှင့်..၊
"မင်း ဘာငြင်းမလဲ၊ ဒီမှာ မင်းရဲ့ကလိမ်ကကျစ်ဉာဏ်တွေကို.. "
"ဘုတ်!.."
ရှေ့ကဆိုဖာပေါ် ဘုတ်ခနဲ ပစ်ချလိုက်သည့် ဖုန်းကို သူ မမှိတ်မသုန်ငေးကြည့်မိသွားသည်။ ဒါ သူရဲ့ဖုန်း...မနေ့ကတည်းက ခြိမ့်ကိုစိတ်မချလို့ သူဖုန်းကဒ်နဲ့ခြိမ့်ကဒ်ကို လဲယူခဲ့တာ။အလုပ်တွေရှုပ်နေတာနဲ့ ဖုန်းကို သမီးအခန်းထဲထားခဲ့မိတာ ခုဖုန်းက ကိုကိုလက်ထဲရောက်နေပြီ။
"ငါ ခြိမ့်ဆီကို တစ်ချိန်လုံးဆက်သွယ်မရလို့ ရူးမတတ်ဖြစ်နေခဲ့တာ၊ သူနဲ့လက်ထပ်မဲ့ဟော်တယ်မှာ အရူးကြီးကိုဖြစ်လို့ တစ်ယောက်တည်း ယောင်ချာချာပြေးလွှားရှာခဲ့ရတာ၊ နောက်ဆုံး ဒီလက်ထပ်ပွဲဖြစ်မြောက်ခဲ့တဲ့အထိ ငါ ဘယ်လောက်ထိခိုက်ခံစားခဲ့ရသလဲ၊ လက်စသပ်တော့ အသားထဲက လောက်ထွက်နေခဲ့တာ ငါ မသိခဲ့ဘူး၊ ငါ့ကွယ်ရာမှာမင်းက ဘယ်လောက်ဟားလို့ကောင်းနေလိုက်မလဲ၊ ဘာမှ မသိတဲ့ ဒီငတုံးကြီးက အရူးကြီးကိုဖြစ်လို့၊ သိမ်းပိုက်ကမ္ဘာ...မင်းမျက်စိထဲမှာ ငါ ဘာကောင်ဖြစ်နေပြီလဲ ပြောစမ်း.."
လက်သီးတပြင်ပြင်နှင့် တည်ကြည်က ရှေ့တိုးလာလျှင်..၊
"ထိုးစမ်း ကိုကို၊ ကိုကို မကျေနပ်သေးရင် ထပ်ထိုးလိုက်.."
"အေး...မင်းကို သတ်တောင် သတ်ပစ်ချင်တာ၊ တောက်!..."
ဒေါသတကြီးနှင့် သူ့အကျီလည်ပင်းကို ဆုပ်ကိုင်ထားသည့် လက်တွေက တဆတ်ဆတ်တုန်ခါလျက်..။အသားဖြူသူမို့ မျက်နှာတစ်ပြင်လုံး နီရဲကာ မေးကြောကြီးတွေ ထောင်လာသည့်အထိ အံကြိတ်ထား၏။
"ဘာကြောင့်လဲ၊ ဘာလို့ ငါအပေါ် ခုလိုလုပ်ရက်တာလဲ"
လက်သီးကိုမြှောက်ထားပြီး အသားတွေ တဆတ်ဆတ်တုန်ခါလျက် အံကြိတ်သံနှင့် ပြောသည်။သူ ကိုကို့မျက်နှာကို ရဲရဲမော့ကြည့်ကာ တစ်ခွန်းမှ ပြန်မပြောဖြစ်။ထိုးစမ်းပါစေ..သူ ယောကျ်ား၊လုပ်ရဲရင် ဘာကြောင့်မခံရဲရမှာလဲ။
"ပြောလေ ဟေ့ကောင်၊ မင်း ခြိမ့်ကို ဘယ်အချိန်ကတည်းက ငါ့ရင်ခွင်ထဲကနေ ဆွဲထုတ်ခဲ့တာလဲ၊ ငါ့ချစ်သူကို လုယူဖို့ ဘယ်တုန်းကတည်းက ကြိတ်ကြံနေခဲ့တာလဲ၊ဘယ်တုန်းကလဲ၊ ဘယ်အချိန်ကတည်းကလဲ.."
နီမြန်းတင်းမာနေသည့် မျက်နှာမှာ ဒေါသ၊နာကြည်းမှု၊ အံ့သြမယုံနိုင်ခြင်း၊ ဝမ်းနည်းခြင်းတို့ ခံစားမှုအစုံစုံနှင့် တက်ခေါက်အံကြိတ်နေသော့်ငြား အကြီးအကျယ်ပျက်ယွင်းနေခဲ့သည်။
"မင်းညာသမျှ မင်းရဲ့ ပညာတွေထဲမှာ ငါ ဘာကောင်ဖြစ်နေပြီလဲ၊နောက်ကွယ်ကနေ ခြိမ့်ကို အသာလေးမသွားနိုင်တာ တော်ပါတယ် မင်းအရမ်းတော်ပါတယ် သိမ်းပိုက်"
အရူးတစ်ယောက်လို ရယ်မောရင်း ထရပ်လိုက်သည့် တည်ကြည်၊ ဘယ်နှကြိမ်မြောက်မှန်းမသိအောင် တက်တွေချည်းဖိခေါက်နေသည်။
"ငါ ချစ်တဲ့မိန်းမတိုင်းကို မင်းလိုက်နှောက်ယှက်နေတာ တော်သင့်ပါပြီ၊ ငါ့နှလုံးသားတွေကို လုယူနေတာ ခုထိအားမရနိုင်သေးဘူးလား ဟမ်၊ ပြောစမ်းပါ...ဘာကြောင့် ငါ့ချစ်တဲ့မိန်းကလေးတွေကို မင်း..မင်း.."
"ဒုန်း!..."
"ခလွမ်း!.."
သူ့ကိုပြေးထိုးချလိုက်သည့် လက်သီးကို ရှောင်ထွက်လာတော့ စားပွဲပေါ်အရှိန်နှင့်ယိုင်ကျသွားပြီး ပန်းအိုးကျကွဲသွားသလို စားပွဲပေါ်က ပစ္စည်းတွေပါ ဖရိုဖရဲဖြစ်ကုန်၏။
"ကိုကို!...တော်သင့်ပြီဗျာ"
"အောင်မာ မင်းကများ.."
"ဒုန်း!.."
စားပွဲပေါ်ယိုင်ကျနေသည့် ကိုယ်ကို ပြန်ထိန်းရင်း သူ ပြောလိုက်မှ တည်ကြည်က ပြေးထိုးချလိုက်သဖြင့် နှစ်ယောက်စလုံး လုံးထွေးလျက် ပစ်ကျသွားလေသည်။
"တောက်!.."
စားပွဲနှင့်ဆောင့်မိတာရော အထိုးခံရလို့နာတာထက် ရင်ထဲက ပိုနာလာလေသည်။သူ တက်ခေါက်ပစ်မိရင်း လဲကျနေရာမှ ထရပ်လိုက်ကာ...၊
"ခြိမ့်ကို ကိုကို့ဆီက လုသလိုဖြစ်ခဲ့တာ ကျွန်တော်မှားတယ်ထင်လို့ ငြိမ်နေခဲ့တာ၊ ခုချိန်မှာ ကိုကိုလည်း လက်ထပ်ပြီးနေပြီ၊ ဒီလောက်အထိ သွေးဆူဖို့မလိုဘူး"
"ဘာကွ!..ငါက သွေးဆူတယ်ဟုတ်လား၊ အေး မင်းကို သတ်တောင်ပစ်ချင်တာ၊
အဲဒါ ငါအသည်းပေါက်မတတ်ချစ်ရတဲ့ ချစ်သူကွ၊ ငါ့နှလုံးသား ငါ့အသွေးအသားကို မင်းမို့လို့ ရက်ရက်စက်စက်ချေမွရက်တယ်"
"တော်ပြီ ကိုကို၊ ဒီအကြောင်းတွေ ဆက်မပြောကြတာ အကောင်းဆုံးပဲ၊ ကိုကို ဒင်နာအတွက်ပြင်ဆင်တော့"
ပြဿနာမကြီးထွားချင်တော့လို့ ရှောင်ထွက်မလို့ ခြေလှမ်းပြင်လျှင်...၊
"ဘယ်အချိန်ကတည်းက ဖောက်ပြန်ရေးလမ်းစထွင်နေခဲ့တာလဲ၊ ခြိမ့်ကလည်း ကျေနပ်နေခဲ့တာပဲလား"
ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်ပြီးမှ ခေါင်းလှည့်စောင်းကြည့်ကာ..၊
"ကိုကို့မဂ်လာပွဲကိုပဲ အာရုံစိုက်ပါ"
"ဒီမဂ်လာပွဲကရော သန့်စင်ရဲ့လား၊ အမြဲတမ်း ငါရှေ့ကနေ နှာတစ်ဖျားသာခဲ့တဲ့ မင်းနဲ့ သျှင်ယွန်းမြတ်ကရော ကင်းကင်းရှင်းရှင်းမှ ဟုတ်ကြရဲ့လား"
"ကိုကိုဘယ်လိုစကားမျိုးပြောလိုက်တာလဲ"
သူ ဒီဘက်ကိုပြန်လှည့်ပြီး မျက်မှောင်ကုတ်မေးလိုက်မှ ကိုကိုက ခနိုးခနဲ့ရယ်ကာ...၊
"ရှင်းရှင်းလေးပါ...ခြိမ့်ကို ငါ့ဆီကလုပြီး သျှင်ယွန်းမြတ်နဲ့အတင်းဖြစ်စေချင်တာ စိတ်ရင်းမှ ဟုတ်ရဲ့လားလို့၊ နွားမရွှံပိတ်.."
"ကိုကို!...."
ပတ်ဝန်းကျင်ကိုပါ မေ့လျော့ကာ သူ အော်ပစ်လိုက်မိ၏။
"ဘယ်လိုပြောလိုက်တာလဲ၊ သျှင်ယွန်းက အဲဒီလိုမိန်းမမျိုးမဟုတ်ဘူးဆိုတာ ကိုကိုရောကျွန်တော်ရော သိရဲ့သားနဲ့ ကိုကိုဗျာ၊ အဲဒါ ကိုကိုလက်ထပ်ထားတဲ့ ကိုကို့ဇနီးဗျ..ကိုကို့ဇနီး"
"တော်စမ်းပါ...အဲဒါ ငါညံလို့ ငါခံလိုက်ရတာ၊မင်းနဲ့ဖြစ်ချင်တိုင်းဖြစ်ပြီးမှ ငါ့ကိုတွန်းချခဲ့တာ"
"ဘာ!...မင်း...မင်း အဲဒါ စော်ကားဦး"
"အောင်မာ မင်းကများ.."
"ဟဲ့...ဟဲ့...တော်ကြစမ်း၊ရပ်ကြ...အဲဒါဘာဖြစ်နေကြတာလဲ"
"သားငယ် ရပ်လိုက်စမ်း.."
ပြေးလွှားရောက်လာသံတွေနှင့် ဖေဖေက သူ့ကို လာဆွဲသည်။ တစ်ဖက်ကလည်း မေမေတို့ကြီးကြီးတို့က ဆွဲခေါ်ရင်း..၊
"သားငယ် မင်းလက်သီးကြီးကို အောက်ချလိုက်စမ်း၊ ညီအစ်ကိုတွေ လူကြားလို့မှ မတော် ဘာဖြစ်ကြတာလဲ"
မျက်လုံးချင်းဆုံသွားစဥ် မီးစတွေဖွာခနဲထွက်ကုန်၏။ဘယ်သူမှ ဖြေရှင်းစကားမပြောပဲ မျက်နှာလွှဲပစ်လိုက်ကြတာ ပြိုင်တူ..။
ဒေါ်မြင့်မိုရ်ခန့် တစ်ယောက်နဲ့တစ်ယောက်ရန်စောင်နေသည့် သားနှစ်ယောက်ကိုကြည့်ပြီး ရတက်မအေးနိုင်။ မေးဖို့ပါးစပ်ပြင်ပြီးမှ ဝိုင်းလာသည့် လူတွေကြောင့် ဘာမှ မပြောဖြစ်ခဲ့ပဲ..၊
"သားငယ်မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ သားကြီး မင်းကလည်း ကိုယ့်ညီလေးကိုကွယ်၊ သားငယ်လာ လာ ဒီကို.."
ပြောမဲ့စကားတစ်လုံးကြီးကို ပြန်မြိုချပြီး ဂျစ်တစ်တစ်ပေစောင်းစောင်းလုပ်နေသည့် သားငယ်ကိုပဲ ဆွဲခေါ်ရတော့သည်။ သျှင်ယွန်းကိုကြည့်လိုက်တော့ မျက်နှာမကောင်း..တည်ကြည်ကိုဝင်တွဲထားကာ သိမ်းပိုက်ကိုလည်း စူးစိုက်ကြည့်နေခဲ့၏။
ညီအစ်ကိုတွေ ထိုးဟယ်ကျိတ်ဟယ်ဖြစ်ကြတာ သူများပြောစရာတွေဖြစ်ခဲ့ပြီ။
ပြဿနာက သေးသေးကွေးကွေးမဟုတ်...၊
...............................................................
"အား...."
ထောက်လိုက်တိုင်း ခြေတောက်က အသည်းခိုက်မတတ်နာကျင်နေသည်။တံခါးဝဆီအထိ အံကြိတ်လျှောက်သွားပြီး တံခါးကို ဖွင့်ကြည့်လျှင်..၊
ဟင်...၊
တံခါးက ခြိမ့် မျှော်လင့်သလို အလွယ်တကူပွင့်မလာခဲ့။သေချာကြည့်လိုက်မှ တံခါးက ကုဒ်နံပါတ်မဟုတ်ရင် ကဒ်နဲ့မှ ဖွင့်လို့ရမှာ။ ဟိုးအဝေးကြီးက ပြေးလာပြီးမှ ပန်းဝင်ကြိုးအဖြတ်ခံရသူလို မျှော်လင့်ချက်တွေ ဗုန်းဗုန်းလဲကျ၏။
ဆိုဖာရှည်ဆီပြန်လျှောက်လာရင်း ခြေပစ်လက်ပစ်ထိုင်ချလိုက်မိစဥ်..၊
🎼ကြင်နာသလို မကြင်နာသူ..
နေနိုင်ရက်တဲ့ချစ်သူလေး...
အနိုင်ယူတတ်တဲ့သူ့စိတ်တွေကိုကွယ်
ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်...
ဖုန်းလာနေသည့်အသံကြောင့် ဆိုဖာပေါ် ပစ်တင်ထားသည့် ဖုန်းကို ဒီအတိုင်းကြည့်နေမိသည်။
🎼ညာနေတာတွေရင်ထဲက ငိုနေမိလည်း ခဏပါပဲ...
မကိုင်မချင်းမြည်နေတော့မည့် ပုံနှင့် ဇွဲရှိရှိမြည်သံပေးနေသည့် ဖုန်းကို ကောက်ကိုင်လိုက်လျှင်...၊
"ဟဲလို.."
"နင် ဘယ်သူလဲ၊ သိမ်းပိုက်ဖုန်းကို နင်က ဘာလုပ်တာလဲ"
"ရှင်.."
စူးရှရှ မိန်းကလေးအသံက နားထဲအူစင်းသွားသည်။တင်စီးသည့်အသံကို ဆတ်ဆတ်ခါနာသွားခဲ့ပြီး...၊
"ဘာတွေလဲ ဘာတွေလာပြောနေတာလဲ"
"အောင်မာ သူခိုးက လူဟစ်လို့၊ ဒီမှာ နင်က သိမ်းပိုက်နဲ့ ဘာလဲ"
"သိချင်ရင် မင်းကိုယ်တိုင်မေး၊ တို့ မဖြေနိုင်ဘူး"
"ဘာ!...နင် နင် သူများဖုန်းလည်းကိုင်သေးတယ် လူပါးကလည်း ဝသေး၊ နင်ဘယ်လိုအစားလဲ"
"ဖုန်းကိုင်ရုံတင်မကဘူး သူ့တစ်ဘဝလုံးတို့လက်ထဲမှာ တို့က သိမ်းပိုက်ကမ္ဘာရဲ့မိန်းမ"
စိတ်တိုတိုနှင့် ဘာမှ ဆင်ခြင်ချိန်မရပဲ ပြောချလိုက်ပြီး ဖုန်းပါ စက်ပိတ်ပြစ်လိုက်သည်။
ကိုယ့်ကိုယ်ကို ဘယ်ဘဝရောက်နေမှန်း မသိချင်တော့။ထားရာနေ စေရာသွားဘဝက လွတ်မြောက်ချင်ပြီ။ မနေ့က နေ့လည်ပိုင်းရောက်လာပြီး စားစရာတွေ ရေခဲသေတ္တာထဲ ထည့်ပေးသွားပြီးကတည်းက ပြန်ပျောက်သွားလိုက်တာ ခုအချိန်ထိပင်။
မဂ်လာပွဲဘာဖြစ်သွားသလဲ မေးနေစရာမလိုတော့။ တည်ကြည်လည်း မိဘပေးစားတဲ့သတို့သမီးနဲ့ ပျော်ရွှင်နေလောက်ပါပြီ။ဒီအခန်းထဲမှာနေပြီး သူ့ကို အရှုံးမပေးချင်၊ လွတ်မြောက်ခွင့်ကိုပဲ လိုချင်ပါ၏။
ဆိုဖာပေါ် ခြေပစ်လက်ပစ်ထိုင်ချပြီး မျက်လုံးတွေကို စုံမှိတ်ထားမိ၏။သိမ်းပိုက်ကမ္ဘာမျက်နှာ၊ တည်ကြည်ခန့်ညားမျက်နှာတွေ အစီအရီပေါ်လာကာ အတွေးတွေထဲ ထပ်တလဲလဲရစ်ဝဲနေခဲ့သည်။
ဘယ်လောက်ကြာကြာထိုင်နေမိသလဲ မသိ၊ ခြေတောက်တွေတောင့်လာမှ သတိတရထရပ်လိုက်မိသည်။ ဒီနေရာကနေ ရအောင်ထွက်သွားရမည်။ ဟုတ်တယ်...ဒီနေ့ပဲ ရတဲ့နည်းနဲ့ ထွက်သွားရမည်။
"ကျွီ!.."
ကိုယ့်စိတ်ကိုယ်ဖြေသိမ့်နိုင်ဖို့ကြိုးစားရင် ဒီဘက်လှည့်လိုက်လျှင် နှစ်ရက်လုံးလုံးခက်ခက်ခဲခဲဖွင့်တာတောင်ပွင့်မလာသည့် တံခါးက ရှပ်ခနဲ ပွင့်သွားကာ...၊
"သားငယ်ရဲ့ ဇနီးလို့ပြောတာ မင်းလား"
တံခါးဝမှာပဲ မျက်နှာချင်းဆိုင်ဆုံမိကြသည်။တံခါးကနေ ခပ်မိန့်မိန့်လှမ်းဝင်လာသော အမျိုးသမီးကြီးသည် တစ်ကိုယ်လုံးစိန်တွေချည်းညွတ်နေအောင် ဝတ်ဆင်ထားပြီး ပွဲတစ်ခုခုက ပြန်လာသလို အဝတ်အစားတောက်တောက်ပြောင်ပြောင်နှင့်။နှာတံကျပုံနှင့်မျက်လုံးတွေက တစ်စုံတစ်ယောက်နှင့်တူနေသလိုလို..။လက်ပွေ့အိတ်ခပ်ကြီးကြီးကို လက်မောင်းမှာ ချိတ်လျက် ရှေ့တိုးရပ်လာ၏။သူမ နောက်တွင် သတို့သမီးဝတ်စုံနှင့် သျှင်ယွန်းမြတ်ဆိုသော မိန်းကလေးက မျက်နှာတည်တည်နှင့်ရပ်နေခဲ့သည်။
သူနဲ့တစ်နည်းနည်းပက်သက်နေသည့် အမျိုးသမီးကြီးက သူတို့အမေဖြစ်ဖို့များလေ၏။အသက်အရွယ်ကိုပင် ခန့်မှန်းရခက်အောင် နုပျိုသည့် မျက်နှာနှင့် မလိုက်ဖက်အောင် မဲ့ရွဲ့လျက်...၊
"နှိုင်းခြိမ့်ခြိမ့်သာဆိုတာ မင်းလား...၊အဟွန့်...ပုံစံမြင်လိုက်ကတည်းက ယောကျ်ားတွေကို ဘယ်လိုကစားသလဲ အသိသာကြီး၊ ယောကျ်ားတွေကို မာယာနဲ့ကစားနေတာ.."
တစ်ကိုယ်လုံးကို အထင်အမြင်သေးစွာ၊စက်ဆုပ်ရွံရှာသလို ဆုံချည်ဆန်ချည်အကြည့်တွေက ခြိမ့်အသားထဲ ဖျင်းခနဲ၊ ရှိန်းခနဲနှင့်..၊
"တစ်ယောက်ကို မရနိုင်မှန်းသိတော့မှ နောက်တစ်ယောက်ကို ချက်ချင်းလင်တော်ပစ်တာ မအံ့သြတော့ပါဘူး၊ ဟေ့...ဒီမှာ ငါ့သားငယ်က ဒီမှာ ခိုးချောင်ခိုးဝှက်ပေါင်းနေတာ ငါတို့မကျေနပ်နိုင်ဘူး၊ မင်း ခုထွက်သွား.."
"ဘာလဲ...ရှင်က သိမ်းပိုက်ကမ္ဘာတို့ရဲ့အမေထင်တယ်"
"ဟုတ်တယ်... ငါ့သားတွေနဲ့ ညည်းကို သဘောတူလိမ့်မယ်ထင်သလား၊ ညည်းလိုမိန်းကလေးမျိုးကို ငါ့ချွေးမစာရင်းထဲ လုံးဝမထည့်နိုင်ဘူး၊ သားကြီးအတွက် ဒီနေ့ပဲ ချွေးမရွေးပြီးပြီ၊အဟွန့်...ဒီမှာ သားငယ်က မင်းကို ချောင်ထိုးထားတယ်ဆိုကတည်းက မင်းအဆင့်မင်းသိတော့.."
ပြောနေသည့်စကားတိုင်းက ခြိမ့်တစ်ကိုယ်လုံးကို ရိုက်ပုတ်နေသကဲ့သို့..၊ အံကြိတ်ထားပေမယ့် မျက်ရည်က အလိုလိုရစ်ဝဲလာ၏။
"ငါ့သားငယ်မှာအိမ်ထောင်နဲ့၊ သူများအိမ်ထောင်ကို ပြစ်မှားရဲတဲ့အထိ မင်းလုပ်ရဲတယ်ဆိုရင်တောင် မင်းမိဘက ခွင့်ပြုမှာမဟုတ်ဘူး၊ မင်းနဲ့သားငယ် ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ရှက်တတ်မယ်ဆို အပြင်တောင်ထွက်ရဲမှာ မဟုတ်ဘူး နှိုင်းခြိမ့်ခြိမ့်သာ၊ ငါ့သားကြီးပြီးတော့ သားငယ်၊ မင်းမက်မောတာ ဘာလဲ၊ အေး ငါကတော့ မင်းကို လုံးဝလက်မခံနိုင်ဘူး"
"စောစောက ဖုန်းဆက်တာ မင်းလား"
နောက်ကနေ ရွံရှာသလို ကြည့်ကာ မဲ့ရွဲ့နေသည့် သျှင်ယွန်းမြတ်ကို မေးသာမေးလိုက်ရသည် ဖုန်းဆက်တာ သူမကလွဲပြီး မဖြစ်နိုင်။
"ဟုတ်တယ် ...ဒါ သားကြီးရဲ့ဇနီး သျှင်ယွန်းမြတ်ဆိုတာပဲ၊ သားငယ်မှာလည်း သမီးလေးတစ်ယောက်ရှိတယ်၊ မင်း သူများအိမ်ထောင်ကို ဖျက်ဆီးရင် မင်းလည်းဂုဏ်တက်မလာဘူး၊ ငါ့သားတွေနဲ့ မင်း လာမပက်နဲ့တော့၊ ဒီမှာ မင်းအတွက်..."
"ဘုတ်!..."
လက်ပွေ့အိတ်ကြီးရဲ့ ဇစ်ကိုဆွဲဖွင့်ပြီး ထုတ်ယူလိုက်သည့် ပိုက်ဆံထုတ်က ခြိမ့်ခြေရင်းမှာ ဘုတ်ခနဲပစ်ကျသည်။မျက်ရည်ကျလာမှာကို ရှက်ရွံသလို မျက်တောင်ခတ်သိမ်းရင် ခြိမ့် အံကြိတ်လိုက်မိသည်က နာနာကျင်ကျင်နှင့်..၊
"မလိုပါဘူး၊ အန်တီ ဒီနည်းနဲ့လိုက်ဖြေရှင်းနေကြဆိုရင်တောင် ခြိမ့်က အဲဒီလိုမိန်းမမှ မဟုတ်တာ၊ ဒီနေရာမှာ တစ်စက္ကန့်လေးတောင် နေချင်တာမဟုတ်ဘူး သွားမှာပါ အန်တီနှင်ထုတ်လို့မဟုတ်ဘူးနော်၊ အန်တီသားတွေကို ခြိမ့် စိတ်ထဲကို မရှိတာ၊ ခြိမ့်ကို ဒီနေရာခေါ်လာပြီး ပိတ်လှောင်ထားလို့သာ... အဟင်း ကြည့်ရတာ ဒီလိုလုပ်နေကြထင်ပါတယ်"
"ဘာ!...မင်း မင်း "
"အရမ်းလည်း ဒေါသမကြီးပါနဲ့၊ ယောကျ်ားတစ်ယောက်ကို နွားပိန်တွယ် တွယ်တဲ့အလုပ်မျိုး ခြိမ့်တို့ရာဇဝင်မရှိဘူး၊ခြိမ့် ဒီကနေ သွားမှာပါ၊ ကလေးတစ်ယောက်အဖေကို ခြိမ့်တို့က အိပ်မက်ထဲတောင် မထည့်ဘူးဆိုတာလည်း အန်တီမှတ်ထားလိုက်ဦး၊ သြော်...အန်တီပိုက်ဆံတွေ ပြန်ယူသွားလိုက်ပါဦး၊ နောက်တစ်ယောက်က ခြိမ့်လို သဘောကောင်းချင်မှာကောင်းမှာလေ.."
"တောက်!..."
"လာပါ အန်တီရယ်၊ သူနဲ့ဖက်ဖြစ်မနေနဲ့ ပြန်ရအောင်"
"ဟေ့.. ဒီအရိပ်ဒီနေရာမှာ မင်းမျက်နှာကို ငါမမြင်ချင်ဘူး၊ သနားသဖြင့် ဟောဒီပိုက်ဆံကို လှူတယ်သဘောထားလိုက်မယ်၊ ယူပြီး မင်းစကားအတိုင်း မြန်မြန်ထွက်သွားတော့၊ နောက်တစ်ခါ မင်းမျက်နှာကို မြင်နေရရင် ငါ ဒီအတိုင်းခွင့်လွှတ်ပေးမှာ မဟုတ်ဘူး၊ သွားတော့.."
"အား..."
တွန်းပစ်လိုက်သည့်အရှိန်က မကြီးပေမယ့် ခြေတောက်အနာနဲ့မို့ လူက ခွေကျသွားခဲ့သည်။
"ဟွန့်!...မူယာမာယာတွေပါ အန်တီရယ်၊သိမ်းပိုက်ကလည်း ဒင်းလို မိန်းမစားမျိုးကို တကယ်အတည်ယူမတဲ့လား၊ခုတောင် လူသိမခံပဲ ထား ထားတာ၊ ပြန်ကြရအောင်..အန်တီ"
တောက်!..၊ ပြန်ထွက်သွားသည့်ကျောပြင်တွေ မြင်ကွင်းမှ ပျောက်သည့်အထိနှုတ်ခမ်းကိုက်လျက် လိုက်ကြည့်နေမိသည်။အကွာအဝေးကြောင့်လား မျက်ရည်ကြောင့်လား မသဲကွဲ၊ ပုံရိပ်တွေက ဝေဝါးနေခဲ့၏။
မငိုနဲ့ ခြိမ့်၊ ဒီတစ်ခါမှ မနာကြည်းရင်...၊
အပိုင်း(၂၀)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
ဖက်ဖူးစိမ်း