book

Index 18

အပိုင်း(၁၈)

💘မှတစ်ပါး.....အခြားမရှိ💘


"ကိုယ် ဆေးထိုးပေးခဲ့မယ်၊ညအိပ်ရင်တော့ အနာ ကိုက်လိမ့်မယ်၊ ခြေတောက်ကို တတ်နိုင်သမျှ အလုပ်မလုပ်စေနဲ့ပေါ့ကွာ"


အုပ်စိုးက ပါးစပ်က မနားတမ်းပြောပြီး လက်ကလည်း လုပ်စရာရှိတာ လုပ်သွားသည်။ခြိမ့်ကို ကြည့်ပြီး ပြုံးစိစိနှင့်။ တစ်ခုခုမေးချင်ပုံမျိုး၊တစ်ဖက်ကလည်း ခြိမ့်ရှိနေ၍ အားနာနေသလို။


"ခြေဖဝါးမှာ မှန်ကွဲစူးအောင် သိမ်းပိုက် မင်းဘာတွေလုပ်လို့လဲ"


"အုပ်စိုး.."


လည်ပင်းဖက်ပေါင်းသင်းနေကြသူတွေဆိုတော့ အုပ်စိုးက မထိတထိပြောသည်။မျက်စိမှိတ်ပြပြီး လှမ်းဟန့်တာတောင် ငြိမ်မသွားခဲ့ပဲ..၊


"အစ်မ ခြေတောက်ကို သိပ်အနာမခံနဲ့၊ဟေ့ကောင် လမ်းမလျှောက်နိုင်ရင် မင်းပဲ ချီပိုးပို့ပေးလိုက် ကြားလား"


အလုပ်ဝင်စ အုပ်စိုးသည် သူ့ထက်နှစ်နှစ်သုံးနှစ်ကြီးသော်လည်း ရွယ်တူလို ခေါ်ပြောပေါင်းသင်းနေတာမို့ တကယ်တကယ်ကြတော့ ဟန့်လို့မရ၊တားမရနဲ့။


"ဒါနဲ့ မင်းတို့ဝဲလ်ဒင်းကိတ် ဘယ်တော့စားရမှာလဲကွ၊ ဘာလဲ ရှေ့ကားကို ကျော်မတက်ချင်တော့လို့ ငြိမ်နေတဲ့သဘောလား"


ခုတင်ဘေးမှာ လက်ကြီးပိုက်၍ရှုသိုးသိုးကြီးကြည့်နေသည့် သိမ်းပိုက်ကို သူတမင်စနေခြင်းဖြစ်သည်။သူငယ်ချင်းတွေထဲမှာ မိန်းမကိစ္စကင်းရှင်းသည့် သိမ်းပိုက်ကို ချောတာလှတာလေးတွေမြင်တိုင်း တွဲစကြပေမယ့် ဒီကောင်က သစ်ငုတ်တိုလုပ်နေခဲ့တာ။


ခုတော့ ပက်ပင်းကြီး မိလို့။ အပွေးမြင်အပင်သိ ဆိုသလို သိမ်းပိုက်အမူအရာကိုမြင်လိုက်တာနဲ့ ရိုးရိုးသားသားမဟုတ်တာ သေချာနေသည်။


"မင်းက လျှိုနေတာကိုကွ၊ အမှန်ဆို လူကြီးတွေကို ဖွင့်ပြောလိုက်ပြီး နှစ်မဂ်လာလုပ်ရမှာ"


"အေး...သုံးမဂ်လာမပြည့်သေးလို့စောင့်နေတာ အုပ်စိုးရေ၊ ပြီးပြီမို့လား...လာ ငါ ပြန်ပို့မယ်"


အုပ်စိုး ခပ်ရိနေတာကို မခံနိုင်သည့်အဆုံး စိတ်မရှည်သံနှင့်ထပြောလိုက်သည်။ဒါတောင် အုပ်စိုးက မလျော့..၊


"အစ်မ ဒီကောင်က အပြင်မှာ ဝိုင်းဝိုင်းလည်နေတာ စိတ်ချပြီး လွှတ်မထားနဲ့၊ကလေးအဖေဆိုတာတောင် ပုဆိုးစဆွဲပြီးလိုက်နေကြတာ၊ စကားလည်းကောင်းနေတာ သွားလိုက်ဦးမယ်"


"ဟုတ်ကဲ့"


တံခါးဝရောက်တဲ့အထိ စကားတွေပြောသွားသည့် မျက်နှာက အပြုံးတွေနဲ့ နှစ်လိုဖွယ်ရာပါ။ သို့သော် ခြိမ့်ရင်ထဲ ဆူးတစ်ချောင်းစိုက်သွားခဲ့တာ ဘယ်သူမှ မသိလိုက်။


"မင်းကလည်း လောလိုက်တာ၊ အဟဲ...သူလေးက ဘယ်သူလဲ မင်းနဲ့ဘာလဲ သိမ်းပိုက်၊ မဆိုးဘူးနော် တော်တော်လှတယ်ကွ"


ဓာတ်လှေကားထဲရောက်တာနဲ့ နှစ်ယောက်တည်းဖြစ်သွားတော့ အုပ်စိုးက စကားစလာ၏။


"မင်း ငါတို့ကိုလျှိုထားတာပဲ၊ ခုပေါ်ပြီဆိုတော့ မရဘူး သိမ်းပိုက်၊ တစ်ဝိုင်းစာ ပြုစုရမယ်"


"လုပ်ပေးမယ်ကွာ၊ မင်း ပါးစပ်လေးတော့ ပိတ်ထား"


"ဟား..ဟား...ဒီလောက်ဆို ငါ ထင်တာဟုတ်နေပါပြီ၊ အရမ်းသွက်ပါလားကွ သိမ်းပိုက်ရ၊ ဒါကြောင့် လူ့အိုလက်ဝက်မြီးလို့ပြောကြတာ"


"တော်စမ်းပါ..ခုခေတ်လူပျိုတွေက ဝက်မြီးဖြစ်နေကြတာ ထည့်မပြောဘူး"


"အဲဒါတော့ ဟုတ်တယ်ကွ၊ ဒါနဲ့ မင်းမဒီနာမည်က ဘယ်သူလဲ"


"လိုလို့လား အဲဒါတွေ နောက်တော့ သိရမှာပေါ့"


ဘောင်းဘီအိတ်တွေထဲထည့်နှစ်ဖက်စလုံးထည့်၍ ခြေခွဲရပ်ကာ သူ ပြုံးနေလိုက်သည်။


"ဒါလေးတောင် တွန့်တိုနေပါလား၊ သိမ်းပိုက် မင်းအလှည့်ကျ ဒီလိုလား၊ အဲဒီအစ်မက.."


"ငါလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့မိန်းမ.."


အုပ်စိုး အံ့သြတကြီးနှင့်မျက်လုံးပြူးသွားခဲ့၏။သိမ်းပိုက်ဆီက ပထမဆုံး မိန်းကလေးနဲ့ပက်သက်ပြီး လေးလေးနက်နက်ကြားလိုက်ရသည့် စကားမဟုတ်လား။


"တကယ်လား၊ မင်း အချစ်ကို မြည်းစမ်းမိပြီပေါ့လေ"


"ခုတော့ အဲဒီလောက်ပဲ မှတ်ထားဦး၊ကဲ..ဓာတ်လှေကားလည်းရောက်ပြီဆိုတော့ သွားတော့၊ ငါလည်း ပြန်တက်တော့မယ်"


"ဟေ့ကောင် ဟိုက ခြေတောက်မကောင်းဘူးနော်၊ သိပ်လည်း နှိပ်စက်မနေနဲ့ဦး"


"ခွေးကောင်.."


သူ ခပ်တိုးတိုးကျိန်ဆဲတော့ အုပ်စိုးက သွားတွေပေါ်အောင်ရယ်မောလျက် ဓာတ်လှေကားထဲကနေ ထွက်သွား၏။


ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး အပေါ်ပြန်တက်လာတော့ အလိုလိုပြုံးနေမိရင်း..၊


"ခြိမ့်.."


"တို့ ပြန်ချင်တယ်"


"ဘာ!.."


ခုတင်ပေါ်မှာ လဲလျောင်းနေသည့် ခြိမ့်က သူ ဝင်လာတာနဲ့ မွေ့ရာပေါ်မှာ ငုတ်တုပ်လေးထထိုင်၏။


"ငါ့ပုံစံ၊ငါ့အခြေအနေက ကလေးတစ်ယောက်အဖေဆီမှာ အတင်းကပ်တွယ်နေတဲ့ ပုံပေါက်နေသလား ဟင်"


"ဘာတွေပြောနေတာလဲ"


မွေ့ရာတစ်ခုလုံးညွှတ်ခနဲ ဖြစ်သွားသည့်အထိ သူ တက်ထိုင်လိုက်ပုံက သိမ်မွေ့နေခဲ့သည်။


"ခင်ဗျားဘာသာ တစ်ယောက်တည်း ဘာတွေတွေးပြီးဘာတွေကောက်နေသလဲတော့ ကျုပ်မသိဘူး၊ နှိုင်းခြိမ့်ခြိမ့်သာဆိုတဲ့မိန်းမက သိမ်းပိုက်ကမ္ဘာဆီကနေ ဘယ်တော့မှ လွတ်မြောက်ခွင့်မရှိဘူး"


"မင်း..."


"အဟွန်း.."


စင်းချထားသည့် ခြိမ့်မျက်တောင်ရှည်လေးတွေနှင့် နှုတ်ခမ်းလေးတွေကို သိမ်းပိုက်က စေ့စေ့ကြည့်၏။ ကြည့်နေရင်း အနိုင်ပိုင်းစိတ်နှင့်အကြိမ်ကြိမ်နမ်းရှိုက်ခဲ့သော နှုတ်ခမ်းပါးလေးတွေ၊ ဝင်းနှစ်နေသည့် ပါးပြင်လေးတွေနှင့် ခြိမ့် အလှကို သဘောတကျဖြစ်လာခဲ့သည်။မီးရောင်အောက်မှာ ခြိမ့် လှနေပုံက ဘာအချယ်အသမှ မရှိပဲ သဘာဝအတိုင်းမြတ်နိုးစရာလေးဖြစ်နေခဲ့၏။


"အရင်ကဟာတွေ ထားခဲ့လိုက်တော့ ကျွန်တော်တို့ ပြေပြေလည်လည်ရှိချင်တယ်၊ ဘယ်လိုလဲ"


"ဟင်အင်း...မင်းနော်"


သိမ်းပိုက်က ခြိမ့်တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ပစ်သည်။သူ့ရင်ဘတ်ကို ဆောင့်တွန်းပစ်လိုက်တော့ သူက အဲဒီလက်ကိုပဲ ပြန်ဆွဲဖက်လိုက်သဖြင့် ဒီရင်ခွင်ထဲပဲ ပြန်ရောက်သွား၏။


"ခြိမ့်...ဒီမှာ ကျွန်တော့်ကိုကြည့်"


မျက်လုံးမှိတ်ထားတာကို နည်းနည်းမှ မဖွင့်ပဲ ခြိမ့်သည် သူ့ရင်ခွင်ထဲမှာ အံကြိတ်ငြိမ်သက်နေခဲ့သည်။


"ခြိမ့် ကျွန်တော်ပြောနေတုန်း ဖွင့်လိုက်နော်၊ပြီးမှ အဆိုးမဆိုနဲ့"


ခြိမ့်က တုပ်တုပ်မှမလှုပ်။ သိမ်းပိုက် မျက်လုံးတွေ အတင်းဖိပိတ်ထားသည့် သူမကို ကြည့်ပြီး နှုတ်ခမ်းမဲ့သွားသည်။ပြီးတော့ အသည်းယားယားနှင့် နှုတ်ခမ်းလေးကို ငုံ့နမ်းပစ်လိုက်လျှင် မျက်ရည်တွေ ပါးပြင်ပေါ် တလိမ့်လိမ့်စီးကျလာတော့၏။


"ခင်ဗျား အဲဒီလို ဂရုမစိုက်တတ်တဲ့မိန်းမဖြစ်နေလို့ ကျွန်တော့်အတွက် ပိုစိတ်ဝင်စားစရာဖြစ်နေတာ"


စကားသံက ရင့်သလို လည်တိုင်တစ်လျှောက်ထိခတ်လာသည့် အနမ်းများကလည်း ကြမ်းရှ၏။ထို့နောက် နှုတ်ခမ်းပါးလေးဆီ တရွေ့ရွေ့ချဥ်းကပ်လာသည့်နောက် ခြိမ့် ကျောပြင်သည် မွေ့ရာထဲနစ်ဝင်သွားခဲ့သည်။


ချောက်ခနဲမီးပိတ်သံနှင့်အတူ မှောင်မိုက်သွားသော အခန်းထဲမှာ ရင်ခုန်သံတွေချင်း ထိတွေ့မိကြ၏။ သို့သော်..မျက်ရည်တို့နှင့် အိပ်စက်ခဲ့ရသည့် ည...၊


...............................................................


ဓာတ်လှေကားခလုတ်ကို နှိပ်ပြီး ဓာတ်လှေကားစောင့်နေစဥ်မှာ ဖုန်းမြည်သံထွက်လာသည်။ 


ကျွတ်!...။ငရှုပ်မ..ဘာဖြစ်ပြန်တာလဲ။


ကုတ်အကျီထဲက ဖုန်းကို ထုတ်ကြည့်လိုက်တော့ သျှင်ယွန်းဆီက..။


"ပြော"


"သိမ်းပိုက်"


"အင်း...ဘာဖြစ်လို့လဲ သျှင်ယွန်း"


ဓာတ်လှေကားလာနေပြီမို့ အထဲဝင်လိုက်သည်။ တစ်ဖက်က သျှင်ယွန်းအသံက နားထဲမှာ မပြတ်တိုးဝင်လာ၏။


"သိမ်းပိုက် နင် ခုဘယ်မှာလဲ"


"ဘာလုပ်မလို့လဲ"


သူ မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်လျှင်..၊


"ညကလည်း အိမ်ပြန်မလာဘူးဆို၊ဘယ်မှာ အိပ်တာလဲ၊ နင့်ကွန်ဒိုမှာလား"


"နင်ဖုန်းဆက်တာ ဒါမေးဖို့လား"


"ညက အိမ်မှာ ပြဿနာတက်တယ် သိမ်းပိုက်"


"ဟင်!.."


ဓာတ်လှေကားထဲက ထွက်လာရင်း ဖုန်းကို ဘယ်ညာပြောင်းကိုင်လိုက်ကာ..၊


"ဘယ်သူနဲ့ဘာဖြစ်တာလဲ"


"ကိုကိုက ငါ့ကို လက်မထပ်နိုင်ဘူးဆိုပြီး အန်တီကို ပြောတာ၊အန်တီလည်း ဒေါသတကြီး ထသောင်းကျန်းရင်းနဲ့ သတိတွေဘာတွေလစ်တဲ့အထိ ဖြစ်ကုန်တယ် သိမ်းပိုက်"


"ဟင်...ဟုတ်လား၊ မေမေ ခုဘယ်လိုနေသလဲ"


"ခုတော့ သက်သာသွားပါပြီ၊ နင် ပြန်လာခဲ့ဦး သိမ်းပိုက်၊ ငါ နင်နဲ့ပြောစရာတွေရှိတယ် အိမ်ရောက်မှပဲ ပြောတော့မယ်"


"ငါ ခု ကုမ္ပဏီသွားမလို့ ထွက်လာနေပြီ၊ အိမ်ကို အရင်ဝင်လာခဲ့မယ်၊ နင် အဲဒီကပဲ စောင့်နေ"


"အေး..ဒါဆို ငါဖုန်းချလိုက်တော့မယ်"


သျှင်ယွန်းဖုန်းချသွားတော့ ဖုန်းကို ကိုင်ပြီး သူ ခဏငေါင်သွားသည်။ မနက်ဖြန်ပဲ မဂ်လာဆောင်၊ ညက ပြဿနာဖြစ်တယ်ဆိုတော့ ကိုကို ဘာတွေကြံနေတာလဲ။ 


ခြိမ့် ခြေတောက်က ဒဏ်ရာနဲ့ လောလောဆယ် မသွားနိုင်၊ အဲဒါက ပြဿနာမဟုတ်၊ ခုချိန်မှာ သူမ ထွက်ပြေးမယ်ဆိုရင်လည်း မြေလျှိုးမိုးပျံပြီး ပြေးမှပဲ ရမယ်။လျှို့ဝှက်ကုတ်နဲ့တံခါးကို သူမကျော်နိုင်မှာ မဟုတ်၊ ဒါအတွက် သူစိတ်ချသည်။


မနက်ဖြန်မဂ်လာပွဲမတွက် ကိုကိုနဲ့ခြိမ့် လူချင်းမတွေ့ရင်တောင် ဖုန်းဆက်မှာ။အဲဒီတော့..၊


ကားပါကင်ထဲရောက်ပြီးမှ နောက်ကို ပြန်လှည့်ခဲ့ရ၏။ ဘဝမှာ ပထမဆုံးအကြိမ် နောက်ဆံတင်းမိခြင်းပင်။ကုတ်နံပါတ်တွေကို နှိပ်ပြီး အခန်းတွင်း ခြေချမိသည်နှင့် မျက်လုံးတွေက အခန်းတစ်ခုလုံးကို ဝေ့ဝဲရောက်သွားသည်။


တီဗီရှေ့က ဆိုဖာရှည်ပေါ်တွင် လဲလျောင်းနေသည့် ခြိမ့် အိပ်မက်ကမ္ဘာထဲ အလည်တစ်ခေါက်ရောက်နေလေပြီ။ တစ်ညလုံး ခြေတောက်ကအနာကိုက်လို့ အိပ်ရေးပျက်ခဲ့သည် မဟုတ်လား။


တီဗီပိတ်ပြီးမှ သူ အိပ်ခန်းထဲကို ဝင်ခဲ့သည်။ သူမ စလင်းဘတ်လေးက စားပွဲပေါ်မှာ သူတင်ခဲ့သည့်အတိုင်းရှိနေခဲ့သည်။


စိတ်တော့ မကောင်းဘူး ကိုကို၊ ဒီလိုမှ မလုပ်ရင်.....၊


...............................................................


"မေမေရော ဒေါ်ဒေါ်လုံး"


"အပေါ်မှာ သျှင်ယွန်းလည်း ရောက်နေတယ်ကွဲ့"


ထမင်းစားခန်းထဲကို ဝင်သွားပြီးမှ မေမေ့ကို မမြင်တော့ အလုပ်ရှုပ်နေသည့် ဒေါ်ဒေါ်လုံးကိုပဲ မေးမိ၏။


"သြော်..ဒေါ်ဒေါ်လုံး ကိုကိုရော အိမ်မှာ ရှိလား"


လှည့်ထွက်ခဲ့ပြီးမှ သူ သတိတရပြန်မေးတော့...၊


"ရှိတယ် မနက်ကတော့ ငယ်လေးသမီးကို ထိန်းနေတယ်၊ ညက ဘယ်မှာ သွားအိပ်နေတာလဲ ငယ်လေး"


သူ ပြုံးလိုက်မိ၏။ အပြစ်ရှိသူ အပြုံးမျိုးနှင့်..။ ဒေါ်ဒေါ်လုံးဆိုတာ သူ့ကို ငယ်ငယ်ကတည်းက ထိန်းကျောင်းခဲ့သူ၊ သူကိုယ်တိုင်လည်း ဒေါ်ဒေါ်လုံးအပေါ်  ကြီးတော်တစ်ယောက်လို၊မိခင်တစ်ယောက်နဲ့မခြား သံယောဇဥ်ရှိခဲ့သည်။


"အလုပ်တွေများနေလို့ နောက်ကျနေတာနဲ့ ကွန်ဒိုမှာပဲ ဝင်အိပ်လိုက်တာ၊ သမီးကို ထမင်း ကျွေးပြီးပြီလား ဒေါ်ဒေါ်လုံး"


"သူ့လေးလေးနဲ့စောစောကပဲ စားပြီးသွားပြီ၊ညကတည်းက မင်းကို တစ်မေးတည်းမေးနေတာ"


"ဟုတ်လား၊ကျွန်တော်မေမေ့ကို အရင်သွားတွေ့လိုက်ပါဦး"


"အေးအေး"


ရိုးရိုးလှေကားကပဲ တက်ခဲ့သည်။ သမီးဆီကို ပြီးမှပဲ သွားတော့မည်။ မေမေ့အခန်းဆီလျှောက်လာတော့ အခန်းတံခါးက စေ့ရုံစေ့ထားသဖြင့် အသာတွန်းဖွင့်ပြီး ဝင်လိုက်ကာ...၊


"မေမေ "


"သားငယ်.."


ခုတင်ပေါ်မှာ လှဲအိပ်နေသည့် မေမေ့ဘေးမှာ သျှင်ယွန်းက အနီးကပ်ထိုင်ပြုစုနေ၏။


"မေမေ သက်သာရဲ့လား"


ခုတင်တစ်ဖက်ဘေးမှာ တင်ပါးလွှဲဝင်ထိုင်ပြီး မေမေ့လက်ဖဝါးကိုဆုပ်ထွေးလိုက်မိ၏။ဇရာ၏အရိပ်တို့မထင်ပဲ အဆစ်မြုပ်လုမတတ်ဖောင်းတင်းနေသည့် လက်၏ အေးစက်စက်အထိအတွေ့ကို ခံစားနေရသည်။


"သက်သာပါတယ် သားငယ်ရယ်၊ မင်းလည်း ဘယ်တွေရောက်နေတာလဲ၊ မေမေ နောက်ထပ်ရင်ကွဲရအောင် လုပ်နေတာတော့ မဟုတ်ဘူးမို့လား"


"ကျွန်တော် ဘာလုပ်နေလို့လဲ မေမေရာ၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင်ပဲ နေပါ"


"မင်းအစ်ကို သိပ်မိုက်တယ် သားငယ်"


မေမေ့အသံက ဆို့နစ်နစ်။ နဂိုမာနကြီးသူမို့ တင်းခံထားသော်ငြား မျက်ဝန်းအိမ်မှာ မျက်ရည်တို့ရစ်သိုင်းလျက်..။


သူပါ ရင်ထဲ မကောင်းဖြစ်ကာ မေမေ့လက်ဖဝါးကို ဖျစ်ညစ်အားပေးမိ၏။


"မေမေ စိတ်ချပါ၊အားလုံး မေမေဖြစ်စေချင်တဲ့အတိုင်းဖြစ်လာမှာပါ၊ တအားကြီး မစိုးရိမ်ပါနဲ့ မေမေ့စိတ်ကို နည်းနည်းဖြစ်ဖြစ်လျော့လိုက်နော်"


"အဲဒါပြောတာပေါ့ မြေးရယ်၊ မင်းအမေက စိုးရိမ်အားကြီးလွန်းတယ်၊ ကိုယ့်ရောဂါကိုယ်ရှာသလိုဖြစ်နေမပေါ့"


"ဘွားဘွား.."


သူ လှည့်ကြည့်လိုက်မိသည်။ပန်းရောင်ပိုးအပြောင်သားအကျီလက်ရှည်၊အပြာခံထဲမှာ ပန်းရောင်ချိတ်ထဘီနှင့် ဘွားဘွားသည် အရင်ကအတိုင်း နုပျိုသွက်လက်နေဆဲ၊ အသံမာနေဆဲပါ။


"ဟုတ်ပါ့တော် ဟုတ်ပါ့၊ ကျုပ်ရောက်နေတာတောင် မသိရအောင် ဘယ်ဆီယွန်းနေလို့လဲ၊ ပြောစမ်းပါဦး ကိုယ်တော်"


ဘွားဘွားသည် ဤသို့ဤပုံ ပြောဆိုတတ်၏။ သူ ရယ်မောလိုက်ရင်း ဘွားဘွားဆီကို လျှောက်သွားပြီး...၊


"ဘွားဘွားလာမယ်မှန်းသိရင် ကျွန်တော် ဆင်းကြိုမှာပေါ့၊ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာပြီဆိုတော့ ဘွားဘွားဘာစားချင်သလဲသာ ပြော"


"တွေ့ရင်တော့ ချွဲပြပါ့မယ်၊ ဒီအဘွားကြီးဆီကိုကျတော့ လာဖို့ပျက်ကွက်တာ ဘယ်လောက်ကြာနေပြီလဲ"


"အဲဒါက အလုပ်တွေများနေလို့ပါ ဘွားဘွားလည်း သိသားပဲ၊ ကုမ္ပဏီခွဲကိစ္စတွေရော ကျွန်တော် ပြစ်ထားခဲ့လို့မှ မရတာ၊ ဘွားဘွားကို တစ်နေ့တစ်ခါဖုန်းဆက်လို့ ဘယ်မှာပျက်ခဲ့ဖူးသလဲ ပြောလေ"


ဘွားဘွား လက်မောင်းတုတ်တုတ်ကို တွဲခိုရင်း သူ ကလေးလိုပြောတော့ ဘွားဘွားမျက်နှာ ပြုံးရွှင်သွားသည်။


"ဘွားဘွား ဘယ်သူနဲ့လာတာလဲ၊ ကြီးကြီးတို့ရော တစ်ခါတည်းလိုက်လာတာလား"


ဆိုဖာရှည်ပေါ် ဘွားဘွားကို ထိုင်စေပြီး သူပါ အနားကပ်ထိုင်လိုက်ပြီး ရှင်မတောင်သနပ်ခါးနံ့သင်းနေသည့် ဘွားဘွားပါးပြင်ကို မွှေးကြူလျှင်..၊


"ငချွဲလေး...ကြည့်ပါလား မိမြင့်မိုရ်၊ ညည်းသားက သမီးအပျိုဖြစ်တဲ့အထိ ငါတို့ကို ချွဲနေဦးမှာ"


"ဘွားဘွားကတော့ လုပ်ပြီ"


သူ မျက်နှာကြီး နီသွားတော့ မေမေနဲ့သျှင်ယွန်းကပါ ရယ်မောကြ၏။


"မေမေ့မြေး သိပ်မလိမ္မာဘူး၊ ကြုံတုန်းဆုံးမခဲ့ပါဦး မေမေရယ်"


ဒေါ်မြင့်မိုရ်ခန့်က မိခင်ကို တိုင်သလို ပြော၏။ 


"ငါ့မြေးက လိမ္မာပြီးသားပါအေ၊ ညည်းကိုက စိုးရိမ်ပိုနေတာပါ၊ ပြောစမ်း မြေး...မြေးရော ဘယ်တော့လောက် ဘွားအတွက်မြေးချွေးမလေးခေါ်လာပေးမှာလဲ"


"ကြည့်ပါလား...မေမေကတော့ အမြဲ သူ့မြေးဘက်ကချည်းပဲ"


ဒေါ်မြင့်မိုရ်ခန့်က မိခင်ကိုကြောက်ရသူမို့ ဒီလောက်သာ ပြောပြီး သားဖြစ်သူကို မျက်စောင်းထိုးကြည့်လေသည်။သို့သော် အမျက်မပါသော မျက်စောင်းသာဖြစ်၏။


"မြေးမလေးသျှင်ယွန်းနဲ့ဆို ဟိုကောင်တည်ကြည်အတွက် ဘွားစိတ်ချပြီ၊ မြေးအတွက်ပဲ ဘွားပူနေရတာ"


ဘွားက သျှင်ယွန်းကို ချစ်မြတ်နိုးသော အကြည့်နှင့်လှမ်းကြည့်သည်။ လူကြီးရှေ့မှာ အနေကျပ်သလို သျှင်ယွန်းက ခေါင်းလေးငုံ့၍ ပြုံးနေ၏။အရှက်အကြောက်ကြီးသလို လိမ္မာရေးခြားရှိသည့် သူမကို ဘွားဘွားလည်း သဘောကျတာ မဆန်း။


"ကြားတယ်နော် သျှင်ယွန်း.."


သူ လှမ်းစလိုက်သည်။ သျှင်ယွန်းက မျက်စောင်းလေး မသိမသာထိုး၏။


"သူများကို သွားစမနေနဲ့၊ မြေးချွေးမလေးကိုသာ အမြန်တွေ့အောင် ရှာစမ်းပါ၊လောလောဆယ် မင်းအစ်ကိုထက် မင်းနောက်ကောက်ကျနေပြီ"


သူ ရယ်ပဲ နေလိုက်သည်။ဘာမှ ပြန်မပြောဖြစ်။


"ငါ့မြေးလေးကို အဖော်မဲ့အောင်တော့ မလုပ်နဲ့နော်၊ မင်းမရှာနိုင်ရင် ဘွားကိုယ်တိုင်ရှာရလိမ့်မယ်"


"ဘွားဘွားကလည်း စောပါသေးတယ်"


"ဘယ်ကစောရမှာလဲ၊ မင်း ချေးထူနေရင် ဘွားစီစဥ်တာကို ခေါင်းညိတ်ဖို့ စဥ်းစားထား"


"အချိန်တန်ရင် ဖြစ်လာမှာပေါ့ဗျာ၊ သမီးဆီ သွားဦးမယ် ဘွားဘွားနဲ့တွေ့ပြီးပြီလား"


"ရောက်ကတည်းက တွေ့ပြီးပါပြီကွယ်၊ဒီအဘွားကြီးလေရှည်တယ်ဆိုပြီး ရှောင်ထွက်တာပေါ့လေ"


"ဟာ!...မဟုတ်ပါဘူး ဘွားဘွားရဲ့၊ ကျွန်တော် အပေါ်တက်တော့မလို့ ဘွားရော တစ်ခါတည်းလိုက်ခဲ့ပါလား"


"နေ..နေ ဘွား မင်းအမေနဲ့ ပြောစရာရှိသေးလို့"


"ဒါဆို ကျွန်တော် သွားလိုက်ဦးမယ် ဘွား"


"အေးအေး ဘွားပြောတာလည်း မမေ့နဲ့ဦး"


ဘွားက သတိတရလှမ်းပြောလိုက်သေး၏။ သူ တံခါးပိတ်ပြီးတာတောင် ပြုံးနေမိဆဲပင်။ ရယ်ကို ရယ်ချင်နေတာ ခက်၏။


 ...............................................................


"ဟဲ့!...သတို့သား ပြင်လို့ပြီးပြီလား"


"ပြီးပြီ မေမေရေ၊ မေမေရော ပြင်ပြီးပြီလား"


"ပြီးပါ့တော်၊ ကျုပ်ကအစောကြီးကတည်းက ပြီးနေတာ၊ သိမ်းပိုက်ရော "


"ကျွန်တော် ဒီမှာ ဘွားဘွား"


ကြက်သွေးရောင်ပိုးပုဆိုးကွက်စိပ်၊ လည်ကတုံးလက်ရှည်အဖြူလေးနှင့် လည်ပင်းမှာ စိန်ပွင့်လေးက တလက်လက်။ ဆံပင်တွေကို သေသပ်စွာ ဖီးသင်လျက် သိမ်းပိုက် တစ်လှမ်းချင်းလျှောက်လာ၏။


"ဘွားမြေးတွေက အချောတွေချည်းပဲ၊ ဟင်း..ဟင်း မြေးငယ်လေးကိုကြည့်ပါဦး သတို့သားနဲ့နင်လားငါလားပဲဟေ့"


"ကိုကိုက ပိုချောတာပေါ့ ဘွားရ၊ သူက သတို့သားကြီးပဲ"


သူ ဘွားရဲ့ပါးအိအိကြီးကို မွှေးကြူရင်း ရယ်ရယ်မောမောပြောလိုက်၏။


"ဖေကြီး မီးမီးလှလား"


"ဟောဗျာ...ဖေကြီးသမီးက တယ်လှနေပါလား"


"လာစမ်းပါဦး မြေးလေးရဲ့ ဘွားဘွားကြီးဆီကို"


အဖြူရောင်ဂါဝန်လေးနှင့် ဖောင်းဖောင်းအိအိလေးလှနေသည့် ချင်းချင်းကို ဘွားက ပေါင်ပေါ်တင်ပြီး ချစ်မဝသလို နမ်းရှိုက်နေရင်း..၊


"ဟင်း..ဟင်း...မွှေးလိုက်တာကွယ်၊ မြေးလေး"


"ရှင်...ဘွားဘွားကြီး"


"မြေး လေးလေးရော"


"လေးလေးအပေါ်မှာ ဖုန်းပြောနေတယ် ဘွားဘွားကြီး"


"ဟုတ်လား..."


"သားကြီးကတော့ကွယ် မဂ်လာချိန်က နီးလာပြီ၊ ခုထိဆင်းမလာသေးဘူး"


"မေမေတို့ သွားချင်သွားနှင့်လိုက်လေ၊ ကျွန်တော် ကိုကို့ကို ခေါ်လာခဲ့မယ်"


"ရတယ် သူနဲ့အတူတူသွားကြတာပေါ့၊ သားငယ် တက်ခေါ်ကြည့်ပါဦး မင်းအစ်ကိုကို၊ မေမေတို့ အောက်မှာ စောင့်နေတယ်လို့လည်း ပြောဦး"


ဒေါ်မြင့်မိုရ်ခန့်က စိတ်မချသလို ပြောပြီး အပေါ်ထပ်ကို လည်ပင်းရှည်ကြည့်၏။သျှင်ယွန်းက သပ်သပ်အလှပြင်တာမို့ တော်တော့သည်။မဟုတ်ရင် သျှင်ယွန်းမိဘတွေကို ဘယ်လိုမျက်နှာပြရမှန်းမသိတော့။တည်ကြည်လုပ်နေပုံနှင့် ဘယ်လိုမှ ရင်မအေးနိုင်။ ပွဲမှာ ကန့်လန့်ထလုပ်နေမှ အခက်..။


ဘာဖြစ်ဖြစ် ဒီပွဲကိုတော့ လုံးဝအပျက်မခံနိုင်။မဖြစ်ဖြစ်တဲ့နည်းနဲ့ကို ရအောင်လုပ်ရမည်ဟု သူမ စိတ်ထဲက ကြိမ်းဝါးနေမိသည်။


 သိမ်းပိုက် အပေါ်ထပ်ကို တက်လာခဲ့သည်။ အခန်းထဲကို ဝင်လိုက်သည်နှင့် တံခါးကို ကျောခိုင်းလျက် ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေသည့် ကိုကို့ကို မြင်လိုက်ရ၏။


"ဘာပြောတယ် ရဲ၊ မာမီချို့ဆီလည်း ခြိမ့် ရောက်မလာဘူးဟုတ်လား"


ကိုကို့အသံက စိုးရိမ်ပူပန်မှုတွေအလုံးအရင်းနှင့် ဆောင့်တွက်လာသည်။သတို့သမီးနဲ့အဆက်အသွယ်မရတာနဲ့ ကိုကို ဘယ်လောက်ပြာများနေမလဲ သူတွေးကြည့်စရာ မလိုတော့။


"ငါလည်း ဆက်သွယ်လို့မရလို့ပေါ့ကွ၊ ခု အိမ်မှာ ဘွားဘွားတို့ရော လူစုံရောက်နေတာ ဘယ်လိုမှ မလှုပ်သာဘူး၊ လုပ်ပါဦး ရဲရာ၊ ခြိမ့်မပါပဲ မဂ်လာပွဲက ဘယ်လိုကျင်းပမလဲ"


ရှင်းရှင်းလေးပါ ကိုကိုရာ သျှင်ယွန်းနဲ့လက်ထပ်လိုက်ပေါ့။ 


"ဟုတ်တယ် ဖုန်း ဘယ်လိုမှ ခေါ်မရတာ မနေ့ကတစ်နေကုန်ဘဲ၊ဒီဘက်ကလည်း မေမေတို့က အပိုင်လုပ်နေတာ၊အားလုံးကို ဆန့်ကျင်ဖို့သတ္တိတွေမွေးပြီး လုပ်ထားပြီးမှ ခြိမ့်က ပျောက်နေတယ်၊ ငါ ဒီမှာ ခေါင်းတွေမီးတောက်နေပြီ ဟေ့ကောင်"


အစကတည်းက ရိုးရိုးလေး နှစ်ပါးသွားကချင်တာမှ မဟုတ်ဘဲ၊ စတန့်ထွင်ပြီး သုံးပါးသွားကဖို့ ကြိုးစားတော့ ခုလိုဖြစ်လာတာ မတတ်နိုင်ဘူး ကိုကို။ ကိုကို တကယ်လက်ထပ်ရမှာ သျှင်ယွန်းမြတ်ပဲ။


"ကိုယ်တိုင်ထွက်ရှာချင်တာ ဘယ်လိုမှ အခြေအနေမပေးလို့၊လုပ်ပါဦး ကူညီပါဦးကွာ၊ မဂ်လာအချိန်က နီးနေပြီ၊ ခြိမ့်က ဘယ်ရောက်နေတာလဲ၊ ငါ ရင်တွေတောင် ပူလာပြီ ရဲရာ"


ကိုကို့အသံက အက်ရှရှ တုန်ရီရီနှင့်..။ 


"အေးကွာ မင်း မာမီချို့ဆီ နောက်တစ်ခေါက်သွားကြည့်လိုက်၊ငါတို့ကို တမင်ကြည်စားချင်လို့ပုန်းနေတာလည်းဖြစ်နိုင်တာပဲ၊ ငါ သူ့တိုက်ခန်းကို ဝင်ကြည့်ပြီး ဟော်တယ်ကို လိုက်လာခဲ့မယ်"


"ဘာရမလဲ၊ ဒီလိုပဲ လစ်ထွက်လာရမှာပေါ့၊ ငါတစ်ဘဝလုံးလက်တွဲသွားချင်တာ သျှင်ယွန်းမှ မဟုတ်တာ၊ အားလုံးစီစဥ်ပြီးနေမှ ခြိမ့် ဒီလိုလုပ်မဲ့မိန်းကလေးမျိုး မဟုတ်ဘူး"


 ခြိမ့်ကို အဲဒီလောက်အထိ ယုံကြည်သတဲ့လား ကိုကို။မကြာခင် ကိုကို့ယုံကြည်ချက်တွေ မှန်မမှန်သိလာရမှာပါ။


"အေး ဟုတ်တယ်...မာမီချို့ဆီမှာ မတွေ့ရင် မင်း ဟော်တယ်ကို သွားနှင့်လိုက်၊ နည်းနည်းပါးပါး အချိန်ဆွဲထားလိုက် ကြားလား ရဲ၊ ငါ ပွဲမစခင် ခြိမ့်ကို ခေါ်ခဲ့မယ်"


"ကိုကို.."


"သြော်...ညီ.."


လန့်သွားသလို အမူအရာပျက်ပျက်နှင့် ကိုကို ဒီဘက်လှည့်လာ၏။ ရွှေအိုရောင်ပိုးပဆိုးနှင့် လည်ကတုံးရှပ်အဖြူနှင့်ပဲ ဖြစ်ကာ တိုက်ပုံအကျီကို ဆိုဖာကျောမှီမှာ ဒီအတိုင်းတင်ထားသည်။မျက်နှာမှာ မှုန်ကုပ်ကုပ်နှင့် အလိုမကျသည့် ပုံစံက အထင်းသား..။ 


"ကိုကို ပြီးပြီမို့လား၊ ဘာလုပ်နေတာလဲ သွားရအောင်လေ"


ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် မျက်နှာကို အကဲခတ်ရင်း သူ မသိဟန်ဆောင်ကာ ပြောလိုက်သည်။ ခြိမ့်နဲ့အဆက်အသွယ်မရလို့ ကိုကို ဖြစ်ပျက်နေတာ သူ သိတာပေါ့။


"သြော်...အေး...သွားတာပေါ့"


ဖီးသင်ထားသည့် ဆံပင်တွေထဲ လက်ထိုးဖွမလိုပြင်ပြီးမှ သတိတရနဲ့လက်ကို ပြန်ရုတ်ရင်း တည်ကြည် ဆိုဖာပေါ် ထိုင်ချလိုက်မိ၏။မနေ့က တစ်နေကုန် ဆက်သွယ်လို့မရတဲ့ ခြိမ့်၊ဒီမနက်အထိလည်း ဖုန်းတွေဆက်တိုက်ခေါ်နေပေမယ့် မထူးခြားနားပင်။


"သျှင်ယွန်းတောင် ခုအချိန်ဆို ပြင်လို့ပြီးနေလောက်ပြီ၊ ကိုကိုတစ်ခါတည်းဝင်ခေါ်မှာဆို သွားကြရအောင်၊ အချိန်မစောတော့ဘူး"


"သျှင်ယွန်းကို ကိုကို ဝင်ခေါ်လိုက်မယ်၊ ညီ မေမေတို့ကို ခေါ်ပြီး ဟော်တယ်ကို သွားနှင့်လိုက်"


"ဒါဆို ညီသွားနှင့်မယ်"


ဟန်ဆောင်တောင် မပြုံးနိုင်အောင် ဆိုဖာမှာ ပစ်မှီရင်း မျက်လုံးတွေ စေ့ပိတ်ထားသည့် ကိုကို။ သူ ကျောခိုင်းထွက်လာမည်ပြင်ပြီးမှ ကိုကို့ဘက်ပြန်လှည့်ကာ...၊


"မေမေ့အကြောင်းကို ကိုကိုသိပါတယ်၊ မေမေက ကိုကိုနဲ့သျှင်ယွန်းကို အရမ်းဖြစ်စေချင်နေတာ၊ မေမေရဲ့မျှော်လင့်ချက်တွေကို ကိုကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ဘူးဆိုတာ ညီ ယုံကြည်တယ်၊ကိုကိုက မေမေအမြဲချစ်၊အမြဲအားကိုးရတဲ့သားလိမ္မာပါ၊ကဲ ကိုကို ညီတို့ သွားနှင့်တော့မယ်၊ ကိုကိုတို့လည်း သိပ်နောက်မကျစေနဲ့"


သတိပေးစကားဆိုရင်း ကိုကို့အခန်းထဲကနေ ပြန်ထွက်လာခဲ့သည်။ 


ဆိုင်ခဲ့ဖူးတယ်ဆိုတာ အတိတ်မှာပါ ကိုကို၊ ခု သူက ကျွန်တော့် အပိုင်...၊


အပိုင်း(၁၉)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: