book

Index 17

အပိုင်း(၁၇)

💘မှတစ်ပါး.....အခြားမရှိ💘


တစ်စုံတစ်ယောက်၏အထိအတွေ့ကြောင့် လန့်သွားမိစဉ် လက်ထဲက မှန်ဘောင်သွင်းထားသည့် ဓာတ်ပုံလေး လွတ်ကျသွားသည်။ခြေခုံပေါ်ကို ဒေါက်ခနဲ ပြုတ်ကျပြီး နောက်ထပ် ကြမ်းပြင်ပေါ်ကျကွဲသံတွေ ဆက်တိုက်ထွက်လာခဲ့သည်။


"ခြိမ့်!.."


သန်မာသည့်လက်တစ်စုံ၏ပွေ့ဖက်မှုနောက်မှာ ခြိမ့်ကိုယ်လေး တစ်ဖက်ကိုရွေ့လျားသွားခဲ့၏။


"မင်း!.."


ထိုရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး ဒီဘက်ကို ပြန်လှည့်လိုက်တော့ သိမ်းပိုက်က ကွဲသွားသည့် ဓာတ်ပုံနှင့် မှန်အစိပ်စိပ်အမွှာမွှာတွေကို ငုံ့ကြည့်နေ၏။သိမ်းပိုက်သည် ရေလဲပုဆိုးအတိုင်းနှင့်ဖြစ်ကာ လည်ပင်း၌ သဘတ်တစ်ထည်သာ စုံချထားသည်။ရေစက်လက်နှင့်ဆံစတွေက နဖူးပေါ်ပြန်ဝဲကျနေသလို အကျီဝတ်မထားသည့် ကိုယ်လုံးမှာ ကြမ်းရှသည့် အမွှေးအမျှင်တို့နှင့် ရေစက်တွေ တွဲခိုနေလျက်..။


"မင်းဘယ်လိုလုပ်လိုက်တာလဲ၊ ဟိုမှာကွဲသွားပြီ"


ခြိမ့် ဦးအောင်ရန်တွေ့ပစ်လိုက်ခြင်းဖြစ်၏။


"လန့်သွားတာလား၊ တမင်လွှတ်ချလိုက်တာတော့ မဟုတ်ဘူးမို့လား"


"ဘာ!.."


အေးစက်စက်အပြောက ခြိမ့် ဒေါသကို နှိုးဆွနေသလိုပါ။သိမ်းပိုက်က ရှူတည်တည်မျက်နှာနှင့် ကွဲသွားသည့်ဓာတ်ပုံကို ငုံ့ကောက်ပြီး စားပွဲပေါ်တင်လိုက်၏။


"ခင်ဗျားကြောင့် ဒီနေ့အတွက် ကျုပ်ဘက်က ပေးဆပ်မှုတွေ သိပ်များနေပြီ"


"အနေသာကြီးပါ၊ ဒီဓာတ်ပုံကလည်း မင်းနောက်ကနေ လာမဖက်ရင် ကွဲစရာအကြောင်းကို မရှိတာ"


"သြော်...ကျုပ်ကြောင့်ပေါ့"


သိမ်းပိုက်က ရှူသိုးသိုးမျက်နှာနှင့် ရှေ့တိုးရပ်လိုက်တော့ ခုတင်နှင့် တစ်ဖက်က မှန်ကွဲစတွေကြားမှာ ခြိမ့် လမ်းပိတ်နေခဲ့သည်။


"နှိုင်းခြိမ့်ခြိမ့်သာ"


"အို!...မထိနဲ့"


လက် ဆွဲလိုက်တာကို အထိမခံဘဲ ကိုယ်ကိုနောက်ရို့ပစ်သလို သူ့လက်ကိုပါ ပုတ်ချပစ်သည်။သူ အသည်းယားသွားပြီး တစ်ကိုယ်လုံးကို ဆွဲဖက်ပစ်လိုက်ကာ..၊


"ထိရုံမကဘူး အဲဒါထက်ပိုပြီးလုပ်ခွင့်ရှိတာ ခင်ဗျားသိပါတယ်"


"သိမ်းပိုက်ကမ္ဘာ!..."


နဖူးဆံစလေးတွေကစ၍ ရွရွလေးထိတွေ့နေသည့် သူ့နှုတ်ခမ်းလွှာ၏ပူနွေးနွေးထိတွေ့မှုသည် လည်တိုင်အထိ တောက်လျှောက်ဆင်းသွားလျှင် ခြိမ့် မနေတတ်စွာ ရုန်းပစ်လိုက်၏။


"မင်းနော်"


သူက လွှတ်မပေးဘဲ ခြိမ့် ရုန်းထွက်လို့မရအောင် တင်းတင်းပွေ့ဖက်ပစ်ကာ...၊


"ငြိမ်ငြိမ်နေ၊ အရင်က ခင်ဗျား ခုလိုမဟုတ်ပါဘူး"


"အရင်နဲ့ခု တူသလား၊ ဖယ်စမ်းပါ"


ခြိမ့် တစ်ဖက်ကို လှည့်ပစ်ကာ ရှောင်ထွက်ဖို့ ပြင်လျှင်..၊


"ဘာလို့မတူရမှာလဲ"


သူကတစ်ကိုယ်လုံးကို နောက်ကနေ သိမ်းဖက်ထားကာ..၊


" ခင်ဗျား ကျုပ်နောက်ကို လိုက်ခဲ့တာ တကယ့်လက်တွေ့"


"ဘာလက်တွေ့လဲ အဲဒါတွေ ပြီးသွားပြီ"


"အဟင်း"


သိမ်းပိုက်က ခပ်တိုးတိုးရယ်မောလိုက်ပြီး ခြိမ့်ပါးပြင်လေးမှ လည်တိုင်သို့ နှုတ်ခမ်းနှင့် ရွရွလေးပွတ်တိုက်နမ်းလျှင်..၊


"မင်းဘယ်လိုဖြစ်နေတာလဲ"


"မရုန်းနဲ့လေ.."


ခြိမ့် တွန်းထိုးပြီးပြောတော့ သူက ပိုတိုးဖက်ကာ ခုတင်ပေါ် ဘေးချင်းယှဉ်ထိုင်ချလိုက်၏။


"ခင်ဗျားလိုအပ်နေတဲ့ အချစ်တွေပေးမလို့ကို..ဘယ်လိုလဲ ယူမယ်မို့လား"


"တော်စမ်း သိမ်းပိုက်ကမ္ဘာ"


ခြိမ့် ဖျင်းခနဲ ဖြစ်သွားပြီး သူ့ရင်ဘတ်ကို တွန်းထုတ်ပစ်မိသည်။ နှုတ်ခမ်းလေးတွန့်၍ ပြုံးနေသည့် မျက်နှာပေးနှင့်စကားလုံးတွေက လှောင်ရိပ်တို့နှင့်..။ 


"ပေးတုန်းယူထားနော်၊ ကျွန်တော်က ဘယ်သူ့အပေါ်မှ စေတနာထားခဲ့တာ မဟုတ်ဘူး၊အဲဒါကလည်း ခြိမ့်တစ်ယောက်တည်းအတွက်ပဲ၊ ခပ်ထောထောလူကြီးတွေဆီ မသွားပါနဲ့ လိုတဲ့အချိန်ပြော ကျွန်တော့်မှာ ပေးဖို့ရှိတယ်.."


စကားရပ်လိုက်ပြီး  ခြိမ့်ပါးပြင်လေးကို လက်နှင့်သာသာလေးပွတ်ကာ မျက်လုံးမှေးစင်းလျက် ပြုံးနေခဲ့သည်။ ခုလိုပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့တာမို့ ရင်ထဲမှာ ရှက်တဲ့စိတ်နှင့်အောင့်မျက်သွားပြီး သူရဲ့ခပ်ရိရိပုံကို  အံကြိတ်မိရင်း..၊


"ငါ့ဘဝနဲ့ငါ ဘယ်သူ့ကို အားကိုးအားကိုး အဲဒါငါ့ကိစ္စ၊ ကူကယ်စရာ မြက်တစ်ပင်မရှိတဲ့အခြေအနေမျိုးမှာတောင် မင်းဆီက ဘာမှ မမျှော်လင့်ဘူး၊ဖယ်...ငါ ပြန်မယ်"


လက်ကိုတွန်းပစ်လိုက်ပြီး ခြိမ့် ထအရပ်..၊


"အို!...ဘယ်လိုလုပ်!.."


ရုတ်တရက် ခြိမ့်ခါးကျဉ်းလေးကို ဆွဲဖက်ခံလိုက်ရပြီး သူ့ရင်ခွင်ထဲကို ထွေးခနဲ ပြန်ကျသွားခဲ့သည်။ လိပ်ပြာလေးတွေ တောင်ပံခတ်သလို သူမ ရင်ထဲ တလှပ်လှပ်တဖျတ်ဖျတ်နှင့်ဆူညံသွားခဲ့၏။ ရင်ခွင်လွှာမှာ နွေးတစ်လှည့် အေးတစ်လှည့်။စက္ကန့်တွေ တချပ်ချပ်ပြေးလွှားရွေ့လျားသွားသည့်တိုင် ခြိမ့်ကို သူ မလွှတ်ခဲ့..။


တစ်ခါမှ ကြင်ကြင်နာနာနမ်းခဲ့တာမျိုးမရှိဘဲ အနိုင်ယူတတ်တဲ့ နှုတ်ခမ်းတစ်စုံကိုလည်း ငြိုငြင်နိုင်စွမ်းမဲ့ခဲ့ဖူး၏။သူ ထိတွေ့လိုက်တိုင်း အပျိုရိုင်းလေးလို ရင်ခုန်သံတွေ ကမောက်ကမဖြစ်သည်။ လက်ဖျားခြေဖျားတွေပါ အေးစက်လျက် ငြင်းဆန်ဖို့ အားမရှိသလိုဖြစ်ခဲ့သည်။


သိမ်းပိုက်ရင်ဘတ်ကို တွန်းထားသည့်လက်တို့သည် ပြေလျော့လျက် ရင်ဘတ်ကို ဖေးတင်ထောက်ထားသကဲ့သို့ဖြစ်သွား၏။


မွတ်သိပ်သော အနမ်းများက ခြိမ့်လည်တိုင်လေးဆီ ကြမ်းရှစွာ ရွေ့လျားသွားလျှင်..၊


"ဟင်အင်း!..."


တုန်ရင်နေသည့် အသံလေးနှင့် အလဲလဲအပြိုပြိုဖြစ်နေသည့်ကြားကနေ ခြိမ့် အတင်းရုန်းပစ်လိုက်သည်။ မလွန်ဆန်နိုင်တဲ့အထိအတွေ့မှာ မကျရှုံးချင်..။


"အင့်!.."


"ဟာ!.."


ခြိမ့် တွန်းပစ်လိုက်သည့်အရှိန်နှင့် သိမ်းပိုက်ကမွေ့ရာပေါ်ပက်လက်လန်ကျသွားသည့်အဖြစ်ကို တံတောင်ထောက်လျက် ထိန်းလိုက်သည်။ တစ်ဆက်တည်း ခြိမ့် လက်ကိုပါ လှမ်းဆွဲလိုက်သဖြင့် သူ့ရင်ဘတ်ပေါ် လုံးထွေးကျသွားလျှင်..၊


"ဟင်အင်း...လွှတ်၊ ငါ့ကိုသက်သက်အနိုင်ကျင့်စော်ကားနေတာ၊ ဒီမိန်းမက ငါ့လက်ခုပ်ထဲကရေဆိုပြီး သွန်လိုသွန်မှောက်လိုမှောက်လုပ်နေတာ၊ မင်းပိုင်နယ်ထဲရောက်နေတဲ့အတွက် အခွင့်အရေးယူခံလိုက်ရတယ်လို့ပဲ မှတ်လိုက်မယ်၊ ဖယ်စမ်းပါ ငါ ပြန်မယ်"


"ဘာအခွင့်ရေးယူတာလဲ၊ ဘာစော်ကားတာလဲ"


အတင်းကုန်းရုန်းပြန်ထသည့် ခြိမ့်ကို သိမ်းပိုက် ခါးကနေ ဆွဲပွေ့ဖက်ပစ်လိုက်ပြီး ရင်ဘတ်ချင်းကပ်ပစ်လိုက်သည်။ မွေ့ရာပေါ် အသာလှဲချလိုက်တော့ သူ့ရင်ဘတ်ပေါ်မှာ ဝမ်းလျားမှောက်လေးအတိုင်းပါလာခဲ့ပြီး..၊


"ဒါဘာလုပ်တာလဲ၊ လွှတ်..လွှတ်နော် သိမ်းပိုက်ကမ္ဘာ၊ မင်း ဒီလိုအခွင့်အရေးယူတတ်တဲ့ပိုင်စိုးပိုင်နင်းအကျင့်တွေကို သိပ်မုန်းတာပဲ"


"လူကိုတော့ မမုန်းဘူးမို့လား အဟွန့်.."


"ဘာ!...ဟင်"


ရန်တွေ့မလို့ ဖျတ်ခနဲ အမော့ နဖူးမှာ နွေးခနဲ ဖြစ်သွားသည်။နောက်ထပ်ရန်တွေ့စကားတွေ မဆိုနိုင်တော့ပဲ ညအချိန် အိပ်ရာပေါ်မှာ ပူးပူးကပ်ကပ်ကြီးလုံးထွေးနေသည့် အဖြစ်ကို ရှက်တာရော၊ ဒေါသတွေပါ ပေါင်းလျက် ခြိမ့်မျက်နှာလေး နီရဲကာ လိုတာထက်ပို၍ တင်းမာနေလျက်..။


"အခွင့်အရေးယူတယ် ဟုတ်လား၊ ခြိမ့်နဲ့ကျွန်တော့်ကြားမှာ အဲဒီထက် ပက်သက်ခွင့်ရော ပက်သက်မှုရော ရှိခဲ့တာ မေ့သွားပြီလား၊ သိပ်လှတဲ့မိန်းမတစ်ယောက်နဲ့ဒီလိုအခြေအနေမျိုးမှာ အတူတူရှိနေတဲ့အဖြစ်ကို ဘယ်ယောကျ်ားက ရိုးသားနိုင်မှာလဲ၊ ပြီးတော့ ခင်ဗျားက ကျွန်တော့်မိန်းမ၊ ကျွန်တော့်ဘက်က ထိတွေ့ရင်းနှီးခွင့်တွေ အများကြီးရှိတယ်"


မျက်နှာပေါ်အုပ်ကွယ်နေသည့် ဆံပင်တွေကို သိမ်းဖယ်ရင်း မျက်နှာ အစိပ်အပိုင်းတိုင်းကို ပိုက်စိပ်တိုက်ကြည့်၏။ အနီရောင်ရင့်နေသည့် မျက်နှာလေးက ဒီညမှ ပိုလှနေ သလို ဆိုးဆေးပျက်လုလုနှုတ်ခမ်းလေးဆီ မျက်လုံးရွေ့သွားလျှင်...၊


"မင်း လိုချင်တာယူပါ၊ အဲဒီလိုယူဆထားတာဆို မင်းပိုင်နက်ထဲရောက်နေတဲ့အတွက် စိတ်ကြိုက်စော်ကားလိုက်၊ ခြေတစ်လှမ်းအမှားအတွက် တို့ဘက်က ပေးဆပ်လိုက်ရတယ်လို့ပဲ သဘောထားလိုက်မယ်၊ ဒီလိုစော်ကားလိုက်တာနဲ့ မင်းပြောသလို ငါက မင်းမိန်းမဖြစ်ဖို့မရှိသလိုမင်းကို ငါ့ယောကျ်ားပါလို့လည်း ဘယ်တော့မှ သတိရသတ်မှတ်မှာ မဟုတ်ဘူး၊မင်းရဲ့အလိုကြီးမှုနောက်မှာ ငါ့ဘဝတစ်ခုလုံး အမှောင်ဖုံးခဲ့ရတာ၊ တကယ်တော့ငါက ပျော်တော်ဆက်ဖို့သက်သက် မင်းဘေးနားခေါ်ထားခံရတဲ့ ညအိပ်ဖော်"


"ခင်ဗျား တော်တော့"


ဒေါသက ရှေ့ဆုံးကနေ ဝုန်းခနဲ ခုန်ထွက်၏။တကယ်ဆို ဘာအနှောင်အဖွဲ့မှ ထပ်မလိုချင်ခဲ့တဲ့ ကိုယ်က သူမကို အဲဒီနေရာမှာ ထားခဲ့တာ။ခုမှ ဘာကြောင့် နာကျင်သွားရတာလဲ။


ရင်ဘတ်ပေါ်က ခြိမ့်ကိုယ်လေးကို တွန်းပစ်လိုက်သဖြင့် မွေ့ရာပေါ် ပက်လက်လဲပြိုကျသွားသည်။ သူ ငုတ်တုပ်ထထိုင်လိုက်ပြီးမှ လူးလဲထလာသည့် သူမကို စေ့စေ့ကြည့်ကာ..၊


"ဘာကြောင့်ပဲဖြစ်ဖြစ် ခင်ဗျားက ကျုပ်မိန်းမမို့ ကျုပ်နားမှာ ထားတာ၊ အပျော်ရှာချင်ရင် အပြင်မှာ အများကြီး၊ ခင်ဗျား အထပ်ထပ်မစော်ကားနဲ့ ခြိမ့်"


"ဘယ်သူက စော်ကားတာလဲ၊ မင်းက အဲဒါထက်ပိုတာပေါ့၊ တစ်ချိန်လုံး ငါ့ကို မစင်ပုံလို မင်း သတ်မှတ်ခဲ့တာ၊ မင်းအစ်ကိုနဲ့လက်ထပ်တော့မယ်ဆိုမှ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ထောင်ချောက်ထဲ ထည့် ကြိုးတုပ်ရိုက်ခဲ့တာ"


"ခင်ဗျား ထပ်မပြောနဲ့"


 "ပြောမှာပဲ၊ ဒေါသအရမ်းကြီးနေလည်း မတတ်နိုင်ဘူး၊ ရွံ့စရာကောင်းတဲ့မိန်းမဆိုပြီး ဘာလို့ ထိတွေ့နေသေးလဲ၊ အစကတည်းက ယောကျ်ားတကာကို မာယာတွေနဲ့ဖျားယောင်းသိမ်းသွင်းနေတဲ့ မိန်းမ"


"ခြိမ့်!.."


ပခုံးကနေ ဆွဲဖက်ခြင်းသည် အကြမ်းဗတမ်းဆွဲကိုင်လိုက်သလို ဖြစ်သွားခဲ့ပြီး ခြိမ့် မျက်နှာလေးမဲ့သွား၏။ သို့သော် သူ့လက်တွေကို ပုတ်ထုတ်ဖယ်ချမပစ်ပဲ..၊


"မင်းလိုအပ်နေရင် ဒီတစ်ည ငါ ရှိနေပေးမယ်၊မင်းအပေါ်တင်ခဲ့တဲ့ ကျေးဇူးကျွေးအတွက် တန်ရာတန်ကြေးပြန်ပေးဆပ်လိုက်ရတယ်လို့ သဘောထားလိုက်မယ်"


"တောက်!...သွားတော့"


သိမ်းပိုက် မျက်နှာ တစ်ခုလုံးနီရဲလာကာ အံကြိတ်တက်ခေါက်ပစ်မိသည်။ခြိမ့်က အံကြိတ်လျက် သူ့ကို ခပ်စူးစူးပြန်ကြည့်နေပြီး ထိုင်နေရာကနေ လုံးဝမရွေ့။ ရင်ထဲမှာ တင်းခနဲဖြစ်သွားသလို ပခုံးကို ဆုပ်ကိုင်ထားသည့် လက်တွေပါ ပြေကျသွားပြီး..၊


"သွားတော့...ခင်ဗျား ထွက်သွားလိုက်တော့"


ခြိမ့်က မလှုပ်။ နှုတ်ခမ်းလေးတွေ တင်းတင်းစေ့လျက် ခပ်တင်းတင်းကြည့်နေပုံက သူ့ရင်ထဲကို ငလျင်တစ်ခု ထိုးမွှေသွားခဲ့သည်။


"ခင်ဗျားကို သွားတော့လို့ပြောနေတယ်လေ၊ သွားတော့!..."


လက်မောင်းရင်းကနေ ဆုပ်ကိုင်ပြီး တွန်းထုတ်ပစ်လိုက်သဖြင့် ခုတင်ပေါ်မှာ ဘေးတိုက်လေးအတိုင်း ခြိမ့် ပုံကျသွား၏။


"သွားတော့... ဘယ်တော့မှ ကျုပ်မျက်စိရှေ့ပေါ်မလာနဲ့"


အေးစက်ခက်ထန်နေတတ်သည့်  မျက်လုံးများက ချက်ချင်းနီရဲလာကာ မီးတောက်တွေ လက်ဖြာနေသကဲ့သို့။ ကြိတ်မနိုင်ခဲမရပုံစံမျိုးနှင့် အံကြိတ်တက်ခေါက်ပြီး ခုတင်ပေါ်က ဆင်းသွားကာ ခြိမ့်ကို ကျောခိုင်းလျက် ခါးထောက်ရပ်နေသည့် ကျောပြင်ကို ကြည့်ရင်း ခြိမ့် အံကြိတ်ကာ ခုတင်ပေါ်က ဆင်းပြီး ​ပြေးအထွက်..၊


"အား!..."


ခြေဖဝါးနှစ်ဖက်မှ စူးစူးရှရှနာကျင်လျက် ထိုနေရာမှာပဲ ခြေတောက်တွေပါ ခွေကျသွားခဲ့သည်။ စောစောတုန်းက မှန်ကွဲစတွေကို သတိမထားမိပဲ ဖြတ်နင်းလိုက်မိခြင်းကြောင့် ခြိမ့် အသည်းခိုက်မတတ်နာကျင်သွား၏။


"ဘာဖြစ်တာလဲ"


သိမ်းပိုက် အနားကို ချက်ချင်းရောက်လာသည်။နာလွန်းသဖြင့် ဖင်ထိုင်လျက်သားကနေ ခြေဖမိုးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး ခြိမ့် အသံပင် မထွက်တော့။ အံကြိတ်တင်းထားသည့် ကြားက မျက်ရည်တွေ ချက်ချင်းပြည့်တက်လာတော့၏။


"မှန်ကွဲစတွေစူးသွားတာလား၊ အဲဒီနေရာမှာ ထိုင်နေရသလား၊ ကျွတ်!...မှန်ကွဲတွေတောင် မမြင်ရအောင်.."


မှန်ကွဲစတွေလွတ်သည့် အနားမှာ ခြေဖျားထောက်ထိုင်ချလိုက်ပြီး မျက်နှာက ဒေါသအရှိန်မပြေသေးသလို ခပ်တင်းတင်းနှင့် အပြစ်အရင်တင်၏။


"ဟင်အင်း...မထိနဲ့"


"ဟ!...မထိလို့ရမလား၊ လက်တွေဖယ်"


ဆုပ်ကိုင်ထားသည့် လက်တွေကို ဖယ်ကြည့်တော့ ခြိမ့်က အထိမခံပဲ ပုတ်ချပစ်သည်။ နာနေတာကို အံကြိတ်ခံကာ သူ့ရှေ့မှာ မျက်ရည်မကျအောင် ကြိတ်မှိတ်နေရ၏။


"မှန်စစူးသွားတာမို့လား၊ ပြစမ်း.."


"မကိုင်နဲ့"


"ခင်ဗျား!..."


သိမ်းပိုက် မျက်နှာ ပိုတင်းသွားပြီး...၊


"ပြီးတာပဲ၊ ဘာဖြစ်ဖြစ် အနေသာကြီး.."


အံကြိတ်သံနှင့် ပြောပြီး ဆတ်ခနဲ ထရပ်လိုက်သည်။ စောစောကတည်းက အောက်မှာ သွေးစက်တွေကို မြင်ပြီး စိုးရိမ်စိတ်က ဗြုန်းခနဲ ဖြစ်သွားပေမယ့် မကျေလည်သည့် ဒေါသတွေနဲ့မို့ ကျောခိုင်းလှည့်ထွက်လိုက်သည့်ခြေလှမ်းများက...၊


"အား!..."


အသည်းခိုက်လုမတတ်နာကျင်စွာ အော်လိုက်ပြီး တစ်ကိုယ်လုံးယိုင်ကျသွားသည့် ခြိမ့်ကို ဆွဲထိန်းလိုက်မိကာ...၊


"ခင်ဗျား မာနတွေကို ထပ်ပြ၊ ဒူးခေါင်းကနေ ဖြတ်ပစ်ရလိမ့်မယ် ကြည့်နေ"


"ဖြတ်ရပစေ၊ မကိုင်နဲ့"


ခြိမ့်ကလည်း ခေါင်းငုံ့မနေ။ သို့သော် ခြိမ့် ကိုယ်ကို စွေ့ခနဲ ပွေ့ယူလိုက်သည့် သူ့ကို ဘာတစ်ခွန်းမှ ပြန်မပြောနိုင်ခဲ့။ ခုတင်ပေါ်အသာချပေးပြီးသူ ခြိမ့် ခြေတောက်တွေနားမှာ ဒူးထောက်ထိုင်လိုက်ကာ..၊


"ပြစမ်း"


"အို!...ဟင်အင်း"


ခြေတောက်ကို ကိုင်ဖို့လက်လှမ်းလျှင် ခြိမ့် ရုန်းပစ်လိုက်မိ၏။ သူက ပြန်ဆွဲထားပြီး မချိုမချဥ် မော့ကြည့်ကာ...၊


"မဟုတ်မှလွဲရော ကျွန်တော်နားမှာ နေချင်လို့ တမင် မှန်ကွဲစတွေ တက်နင်းတာမို့လား"


"ဘာ!...အား.."


ခြိမ့် ဒေါသပင် ဆုံးအောင်မထွက်လိုက်ရ၊ မျက်လုံးတွေပြာမှောင်ကာ နာကျင်လွန်းသဖြင့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာခဲ့ပြီး..၊


"မင်း...မင်း...လူကို သေအောင်သတ်နေတာလား.."


မျက်ရည်တွေနှင့် ရန်လည်းတွေ့သလို လက်ကလည်းသိမ်းပိုက် ကျောကုန်းကို တဘုန်းဘုန်းထုနေသည့် ခြိမ့်။ 


"ခက်ပါလား၊ ဒီမှာ ဒီမှန်ကွဲစကြီးကို ဆွဲထုတ်ပေးတာ၊ မဟုတ်ရင် ဆေးရုံတက်ခွဲရမှာဗျ"


သူ့လက်ထဲကနေ ပစ်ချလိုက်သည့် မှန်ကွဲစကို မြင်မှ ကျောပေါ်ရောက်နေသည့် ခြိမ့် လက်တွေ ရပ်တန့်ကုန်တော့၏။စောစောတုန်းက သူ့ကို ဒေါသဖြစ်နေတာနဲ့ အဲဒီဘက်ကို အာရုံပြောင်းသွားခဲ့လို့ အနာသက်သာခဲ့ခြင်းဖြစ်သည်။ မဟုတ်ရင် ခြိမ့် သတိလစ်လဲပြိုသွားနိုင်၏။


" ခုလောလောဆယ်တော့ သွေးတိတ်အောင် အရင်လုပ်ထားရမယ်၊ ဆရာဝန်ကို ဖုန်းဆက်ခေါ်မှပဲ ဖြစ်တော့မယ် ဒီဒဏ်ရာကြီးနဲ့ သွားဖို့ အဆင်မပြေဘူး"


သူ့ဘာသာသူ စီမံကာ ခြိမ့် နားကနေ ထထွက်သွားပြီး ပြန်ရောက်လာတော့ လက်ထဲမှာ အရက်ပြန်ပုလင်းတွေ၊ ဂွမ်းထုပ်တွေ၊ပတ်တီးလိပ်တွေနှင့်။


"ဟိတ်!...အဲဒီလိုကြီးထိုင်နေမှတော့ သွေးတိတ်အောင်ဘယ်လိုလုပ်မလဲ၊ ခြေတောက်ဆင်းလိုက်.."


မွေ့ရာ ညွတ်ခနဲဖြစ်သွားပြီးသူ ​ မွေ့ရာအစပ်မှာ ထိုင်ချလိုက်သည်။ယူလာတဲ့ပစ္စည်းတွေကို ဘေးမှာ ချလိုက်ပြီးမှာ ခြိမ့် ခြေတောက်လေးကို လှမ်းဆွဲလျှင်..၊


"ဟင်အင်း...မလုပ်နဲ့"


"မလုပ်လို့ရမလား၊ ဖယ်စမ်းပါ၊ တော်ကြာသွေးထွက်လွန်နေမယ်"


လက်တွေကို ပြန်ဆွဲထားပြီးမှ မွေ့ရာဖြူဖြူမှာ စွန်းထင်းကုန်သည့် သွေးကွက်ကို မြင်သွားပြီး ရင်ထဲ တလှပ်လှပ်ဖြစ်သွားသည်။ ခြေဖဝါးနှစ်ဖက်စလုံး ဒဏ်ရာမည်မျှ ကြီးနေသလဲ မသိ။ မွေ့ရာမှာ ထင်းနေသည့် သွေးစက်တွေက မနည်းပါ။ခြိမ့် နှုတ်ခမ်းသားလေးတွေပါ တုန်ခါလာ၏။စောစောက ဖြစ်နေသည့် ဒေါသတွေပါ မေ့လျက် ကြောက်စိတ်သာ ကြီးစိုးလာသည်။


"နည်းနည်းတော့ စပ်လိမ့်မယ် အောင့်ခံပေး"


မွေ့ရာအစွန်းမှာ ခြေတစ်ဖက်ချခြေတစ်ဖက်တင်ထိုင်နေသည့် သိမ်းပိုက် သူမ ခြေတောက်တွေကို မွေ့ရာပေါ်တင်ထားသည့် သူ့ပေါင်တစ်ဖက်ပေါ်ဆွဲယူတင်လိုက်သည်။ မျက်နှာလေး သွေးစုပ်ဖြူရော်နေသည့် သူမကို ကြည့်ရင်း ခပ်တိုးတိုး သတိပေးမိ၏။ 


"အား!...စပ်တယ်၊ တော်ပြီ...တော်ပြီ မထိနဲ့တော့"


အရက်ပြန်နှင့်တို့ထားသည့် ဂွမ်းက ခြေဖဝါးကို ထိလျှင် ခြိမ့် ဆတ်ဆတ်ခါခါအော်တော့သည်။


"မလုပ်လို့ရမလား၊ ခဏပဲ အောင့်ခံကွာ"


"အား...စပ်တယ် စပ်တယ်ဆို၊ မလုပ်နဲ့တော့"


ခြိမ့်မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာ၍ မွေ့ရာခင်းကို ဆုပ်ကိုင်ပြီး ခြေတောက်ကို အတင်းပြန်ရုတ်တော့ သူ ပြန်ဆွဲထားပြီး...၊


"ခဏတော့ အောင့်ခံကွာ၊ အရက်ပြန်နဲ့ဆိုတော့ နည်းနည်းတော့ စပ်မှာပဲ"


"သေပြီ၊ ဟင့်...ဟင့်...တော်ပါတော့"


"ကျစ်!.."


သိမ်းပိုက် စုပ်သပ်လိုက်ရင်း လက်က တုံ့ခနဲ ဖြစ်သွားသည်။အရက်ပြန်နှင့် အနာကို သန့်စင်ကာ ပတ်တီးတီးခြင်းအလုပ်ကို ကလေးငယ်လေးတစ်ယောက်ကို လုပ်ပေးရသလို သူ့မှာ ခက်ခဲစွာ လုပ်ကိုင်နေရတာ တော်တော်နဲ့ မပြီးနိုင်။


ဂွမ်းလေးနှင့်သုတ်နေရင်း လေလေးသာသာလေးမှုတ်ပေးမှ ခြိမ့် နည်းနည်းငြိမ်သွားသည်။


"ဒါလေးကို မျက်ရည်ကျရသလား၊ ပျော့လိုက်တာ လွန်ရော"


ဂရုဏာစိတ်နှင့် ပြောပြီး ပါးပြင်နုနုထက်က မျက်ရည်ချောင်းလေးတွေကို သုတ်ပေးမိသည့်အထိ သူ့စိတ်တွေ ညံ့သက်သွားခဲ့သည်။မျက်ဝန်းချင်းအဆုံမှာ နွေးနွေးလေးပြုံးပြလိုက်မိသည်က ငြိမ်းချမ်းရေးယူသော စိတ်နှင့်လား ဘာကြောင့်လည်းတော့ မသေချာ။


"အရမ်းနာနေမှာပေါ့၊ ဆရာဝန်ကိုဖုန်းဆက်ထားတယ် သူ ဆေးခန်းပိတ်ပြီးတာနဲ့ လာလိမ့်မယ်၊ ခြိမ့်..လှဲနေမလား"


ခြိမ့် စကားနာထိုးဖို့၊ ဘုဘောက်ပြောဖို့ သတိမရတော့။ အိပ်ရာပေါ်မှာ ခေါင်းအုံးနှစ်လုံးဆင့်လျက် သိမ်းပိုက် လှဲသိပ်ပေးသည့်အတိုင်း ကလေးလို နာခံနေမိသည်။


ချော့မဲ့ရင်ခွင်ရှိတော့ ပိုငိုချင်လာကာ ခြိမ့် မျက်ရည်တွေ တလိမ့်လိမ့်စီးကျလျှင် သူ မျက်နှာတည်သွားပြီး..၊


"မငိုနဲ့ကွာ၊သူများလို ကျွန်တော် မချော့တတ်ဘူး၊ ကျွန်တော့်နည်းကျွန်တော့်ဟန်နဲ့ မျက်ရည်တွေတိတ်အောင်လုပ်ရင် ခြိမ့် စိတ်ညစ်သွားလိမ့်မယ်"


မျက်ရည်တွေကိုလည်း သုတ်ပေးသည်။ရယ်မနေပေမယ့် နူးညံ့နေသည့် မျက်နှာနှင့် သိမ်းပိုက်က နှစ်သိမ့်၏။ 


မျက်လုံးချင်း ငြိတွယ်နေမိရင်း ပါးပြင်ပေါ်က သူ့လက်ပေါ်ကနေ ထပ်ကိုင်လိုက်တော့ သိမ်းပိုက်က ဖျတ်ခနဲ ကြည့်၏။ မျက်ဝန်းလေးတွေ မမှိတ်မသုန် ငြိတွယ်သွားမိကြသည်။ညဥ့်လေညင်းလေးနှင့်အတူ ရင်ခုန်သံစဥ်တို့သည်...၊


အပိုင်း(၁၈)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: