book

Index 16

အပိုင်း(၁၆)

💘မှတစ်ပါး.....အခြားမရှိ💘



ခွမ်းခနဲ အသံနှင့်အတူ ရိပ်ခနဲ လှုပ်ရှားသွားသည့် လက်သီးချက်တွေက မစ္စတာလီ မျက်နှာထက်မှာ ဆက်တိုက်..။


"ခွပ်!...."


"မင်း...မင်း.."


စကားပြောခွင့်မသာပဲ တစ်ဖက်ကိုစောင်းငဲ့ကျသွားသည့် မစ္စတာလီနှာခေါင်းနှင့်ပါးစပ်မှာ သွေးတွေ စီးကျကာ မျက်နှာတစ်ခုလုံး လူးသွားခဲ့၏။


သမ်းပိုက်ကမ္ဘာ ဘယ်ကနေ ဘယ်လိုရောက်လာသလဲ..၊ မေးခွန်းက ခေါင်းထဲမှာ အစီအရီပေါ်နေစဥ် ခေါင်းနှင့်မျက်နှာမှာ နာကျင်နေတာတွေပဲ သိသည်။စားရခါနီး ပါးစပ်နားရောက်မှ ပုတ်ချခံရသည့် အဖြစ်..။


"မင်း...ဘာလုပ်တာလဲ၊ မင်း ဘယ်သူကို စော်ကားနေတာလဲ ဟေ့ကောင်"


"ခွပ်!.."


ရှက်တာတွေရော ဒေါသတွေပါ လုံးထွေးသွားသည်။လူက ဘယ်လိုမှလှုပ်မရတော့ အပေါ်စီးကနေ ဒေါသတကြီးပြောလျှင် မျက်လုံးထဲမှာ မီးပွင့်သွား၏။


သိမ်းပိုက် ခပ်မဲ့ပြုံးပြုံးပြီး ကိုယ်ကိုမတ်မတ်ပြင်ရပ်လိုက်ပြီးမှ သွေးစတွေကို ငဲ့စောင်းထွေးထုတ်နေသည့် မစ္စတာလီကို ငုံ့မိုးကြည့်ကာ..၊


"ခင်ဗျားမကျေနပ်ရင် ကြိုက်တဲ့အချိန်လာရှင်းလို့ရတယ်၊ အကျိုးအမြတ်ကို မျှော်ကိုးလို့လုပ်ကြတာချင်းတူချင်တူမယ် ခင်ဗျားရဲ့အောက်တန်းကြတဲ့လုပ်ရပ်ကို ကျုပ်လိုကောင်က ဘယ်တော့မှ လက်ခုပ်တီးပြီး အားမပေးဘူး"


"ရှယ်ယာကိစ္စနဲ့ မင်းက ငါ့ကို စော်ကားလိုက်တာပေါ့" 


လူးလဲထလာသည့် မစ္စတာလီကို စူးစိုက်ကြည့်နေပြီးမှ မျက်လုံးအပြူးသားနှင့်ရပ်နေသည့် ခြိမ့်လက်တစ်ဖက်ကို လှမ်းဆွဲလိုက်ပြီး..၊


" ကွက်ကျော်ရိုက်သွားတာကို ကြောက်လို့ငြိမ်နေတယ် မထင်နဲ့၊ မတူလို့မတုတာ...ခင်ဗျားလုပ်ငန်းသေးသေးလေးလောက်ကို မရလိုက်လို့ ဘာမှဖြစ်မသွားဘူး၊ စက်ာပူနဲ့ဂျပန်မှာ ရင်းနှီးမြှုပ်နှံထားတာတွေနဲ့ယှဥ်လိုက်ရင် ခင်ဗျားရဲ့နို့ဆီခွက်လောက်လုပ်ငန်းလေးက ဘာမှ မပြောပလောက်ဘူး၊ ကြွားတာမဟုတ်ဘူး ခင်ဗျားစဥ်းစားတတ်အောင်ပြောပြတာ"


အပိုတွေပြောနေတာလားလို့ မူးနောက်ရီဝေနေသည့်ကြားက တယိမ်းတယိုင်ထရပ်ရင်း တွေးမိသည်။သို့သော် ဒီနိုင်ငံမှာ ကမ္ဘာလုပ်ငန်းစု၏အင်အားက သေးသေးကွေးကွေးမဟုတ်တာကိုတော့ အစောကြီးကတည်းက သိခဲ့၏။ ဒါကြောင့်လည်း ရှယ်ယာကိစ္စကို အရင်ပြောခဲ့ခြင်းဖြစ်သည်။အားလုံးအသင့်ဖြစ်နေမှ ခွန်စေးသာနှင့် နှိုင်းခြိမ့်ခြိမ့်သာကြောင့် အစီအစဥ်တွေပြောင်းသွားခဲ့တာ မဟုတ်လား..။


ကောင်မလေးလက်ကို ပိုင်ပိုင်နိုင်နိုင်ဆွဲထားသည့် သိမ်းပိုက်ကမ္ဘာမျက်နှာထက်က ဒေါသတွေနှင့် တင်းမာခြင်းတွေကို မြင်နေကာ..၊


"မင်း သူ့ကို ခေါ်သွားလို့မရဘူး"


"အဟွန့်!.."


ကျောခိုင်းလျှောက်သွားပြီးမှ ဒီဘက်ကို ကိုယ်တစ်စောင်းပြန်လှည့်လာကာ သိမ်းပိုက်က အားရပါးရမဲ့ပစ်သည်။


"ခုချိန်အထိ ကိုယ်စီးတဲ့မြင်းအထီးမှန်းအမမှန်းမသိသေးတာပဲ၊ ခြိမ့်က ကျုပ်လူ...ကျုပ်မိန်းမ၊မိတ်ဆတ်ပေးတာ မဟုတ်ဘူး နောက်တစ်ခါ ပြန်စောင်းမထိုးမိဖို့ ပြောပြတာ၊ ခုလောက်ဆို ဒီလက်ဆောင်တွေဘာကြောင့်ပေးရသလဲ သဘောပေါက်လောက်ပါပြီ"


နီရဲညိုပုတ်သွားသည့် မျက်နှာကြီးကို စူးစူးရဲရဲစိုက်ကြည့်ပြီး ထိုနေရာကနေ တောက်လျှောက်ထွက်လာခဲ့သည်။ရေခဲမျက်နှာနှင့် သူ ဆွဲခေါ်လာသည့်အတိုင်း ခြိမ့် ပါလာသည်က သံပတ်ရုပ်လေးလို..၊


..................................................................


ရောင်စုံမီးတွေကြားမှာ အများနီးတူ ကားလေးက တရိပ်ရိပ်ပြေးလွှားနေခဲ့သည်။ ကားထဲမှာ လူသားနှစ်ဦး ရှိနေသော်လည်း တိတ်ဆိတ်လျက်..။


"ကားရပ်လိုက်.."


"........"


ခြိမ့် အသံလေး အေးစက်စက်ထွက်လာခြင်းဖြစ်၏။


"ရပ်လို့ပြောနေတာ မကြားဘူးလား၊ ဒီနေရာမှာပဲ ရပ်ပေး တို့ဆင်းမယ်"


လော့ခ်ချထားသည့် ကားတံခါးကို တွန်းကြည့်ပြီး မျက်နှာဒီဘက်ကို လှည့်လာတော့ ခပ်တည်တည်လေးနှင့်..၊ 


သိမ်းပိုက် ရှေ့ကိုသာ စူးစိုက်ကြည့်နေပြီး မျက်လုံးတွေ တစ်ချက်ရွေ့မလာ..။ ဘေးတိုက်မြင်နေရသည့် လုံးစင်းနေသည့် နှာတံနှင့် မျက်နှာချောချောကို ကြည့်ရင်း ခြိမ့် ဒေါသတွေထွက်လာကာ..၊


"သိမ်းပိုက်ကမ္ဘာ!..."


"ကျွီ!...."


"အမေ့!...အ!.."


လမ်းဘေးကို ဆွဲဝိုက်ချလိုက်သည့် ကားက မညင်မသာနှင့်ရပ်သွားသလို၊ ထိုင်ခုံခါးပတ်မတပ်ထားသည့် ခြိမ့်ကိုယ်လေး ရှေ့သို့ငိုက်ဆင်းသွားခဲ့ပြီး ဒက်ရှ်ဘုတ်နှင့် ပြေးဆောင့်လေသည်။ နာသွားသည့် နဖူးကို ပြန်စမ်းပြီး ရန်တွေ့ဖို့ ဒီဘက်လှည့်လိုက်လျှင်...၊


"ဘယ်နှယ့်လဲ...မီးနဲ့သွားကစားတာ ခုတော့ ပူမှန်းသိသွားပြီလား၊ လုပ်ဦးလေ...ယောကျ်ားတွေကို ကစားစရာလို လှည့်ချင်တိုင်းလှည့်တာ"


ခြိမ့်ထက်အရင် သူချည်းဆက်တိုက်ဆူလေသည်။ဖရိုဖရဲပြေကျနေသည့် ဆံပင်တွေကို သပ်တင်ရင်း ခြိမ့်မျက်နှာလေး ပိုတင်းသွားပြီး..၊


"မင်းကူညီလိုက်ရတယ်ဆိုပြီး အသံကောင်းဟစ်မနေပါနဲ့၊ တို့ ဘယ်သူဆရာလုပ်တာမှ ခံခဲ့တာ မဟုတ်ဘူး၊ ကျေးဇူးအတင်ခံချင်တယ်ဆို ရတယ်၊ ကျေးဇူးတင်တယ်လို့ ပြောပေးနိုင်တယ်၊ ဒီလောက်က အဆန်းမဟုတ်ဘူး၊ သြဇာသီးရောင်းဖို့ ဖိနှိပ်​ပြောချင်လို့ ကူညီတာဆိုရင်တော့ တာ့တာပဲ၊ဘယ်သူ့သြဇာမှ မခံချင်လို့ လမ်းပေါ်လိမ့်နေတာ"


"တောက်!....တော်တော်စော်ကားတဲ့မိန်းမ ခင်ဗျား"


"ဟုတ်တယ်...ဘယ်သူမှ ဦးမညွတ်ချင်လို့ မွေးကတည်းက မယဥ်ကျေးတတ်တဲ့ပါမစ်နဲ့မွေးခဲ့တာ၊ လွှတ်နော်...ငါလိုရွံ့စရာမိန်းမကြောင့် မင်းရဲ့ဂုဏ်သိက္ခာတွေ ပွန်းပဲ့နေပါ့မယ်၊နောက်တစ်ခါ ဆုံရင် ကျောခိုင်းသွား စိတ်မဆိုးဘူး"


ရင်ထဲက ခံစားချက်တို့နှင့်ဆန့်ကျင်ဘက်တွေချည်း ပြောပစ်လိုက်သည်။လက်ခုံကို ဖိဆုပ်ထားသည့် လက်က တင်းခနဲ ဖြစ်သွားပြီး သူ အံကြိတ်ကြည့်လိုက်၏။


စောစောက ကြောက်လန့်နေသည့် ပုံစံနှင့် ခု လားလားမျှ မတူတော့။ ကျားရဲမလေးတစ်ကောင်လို သူ့ကို မာန်ဖီနေသည့် သူမ။


"ဘာလဲ...စောစောကလိုပဲ အံကြိတ်မျက်ရည်ကျပြီး ထိုးကျွေးဦးမလို့လား..အဟွန့်!..."


လက်ကိုဆောင့်ဆွဲလိုက်တော့ ခြိမ့် ကိုယ်လေး သူ့ရင်ဘတ်နှင့် အင့်ခနဲ ပစ်တိုက်သွားသည်။အေးစက်ခက်ထန်နေသည့် မျက်လုံးများက ခြိမ့် မျက်နှာလေးပေါ် က မခွာပဲ..၊


"ခင်ဗျားရဲ့အကောင်းစားသားကောင်ကြီး..ဘယ်လိုလဲ၊ အကျိုးအမြတ်တစ်ခုအတွက် ခင်ဗျားက သူရဲ့ အသုံးချခံပစ္စည်းသာသာ..အဲဒါ ခင်ဗျားသဘောပေါက်လား"


ဒေါသတို့နှင့်လုံးထွေးကာ သူမ ပခုံးနှစ်ဖက်ကနေ ဆုပ်ကိုင်၍ ဆောင့်ခါပစ်လိုက်မိ၏။ဒေါသဖြစ်ဖြစ်နှင့် ကုတ်ကဆွဲပြီး ကိုင်ပေါက်ချင်စရာ ဒီမိန်းမ..၊


"မင်း ကိုလေးကို မစော်ကားနဲ့၊ သူက အဲဒီလိုလူစားမျိုးမဟုတ်ဘူး"


"အဟက်!..."


မျက်လုံးလေးတွေစူးလဲ့သွားသည့်အထိ အော်ဟစ်လိုက်သည့် သူမကို ကြည့်၍ ခပ်လှောင်လှောင်ရယ်လိုက်မိသည်။


"မဖြစ်စလောက်လုပ်ငန်းလေးအတွက် မိန်းမတစ်ယောက်နဲ့မြှားတာ အဲဒါသိက္ခာရှိတဲ့ လူလား၊ ကျစ်!.. ကျုပ် သူများအကြောင်း မပြောချင်ဘူး၊ နောက်တစ်ခါ ခုလိုပုံစံမျိုးနဲ့ထပ်မြင်ရရင် ခင်ဗျား မလွယ်ဘူး ခြိမ့်"


"လဲ သေလိုက်.."


"ဘာ!.."


ခြိမ့် သူ ဒေါသဖြစ်နေတာကို အခွင့်ကောင်းယူပြီး လက်ကို ဆောင့်ရုန်းပစ်လိုက်သည်။ ဟိုဘက်လှည့်ပြီးမှ လော့ခ်ချထားသည့် တံခါးကြောင့် ခြိမ့် သူ့အနားကနေ ထွက်သွားခွင့်မရခဲ့ပဲ..။


"နှိုင်းခြိမ့်ခြိမ့်သာ.."


"ကားတံခါးဖွင့်.."


စူးလဲ့နေသည့် မျက်ဝန်းနှစ်ခုအစုံမှာ ဒေါသမီးဖွားတွေ လွင့်စင်ထွက်လာကြ၏။ဘယ်သူဘယ်သူမှ မျက်နှာလွှဲဖို့ စိတ်မကူးကြ..။


ဒီဘက်ကို ကိုယ်တစ်ခြမ်းလုံးလှည့်ပြီး လက်ပိုက်၍ ခပ်တည်တည်ကြည့်နေပုံက သူ့လက်ထဲက သားကောင်လိုမျိုးနှင့်..၊ 


ဘယ်လောက်ပဲ စိတ်ဆိုးနာကျင်နေပါစေ သူ့မျက်နှာမြင်လိုက်တာနဲ့ အားကိုးစိတ်က အရင်ဝင်သည်။ကျောခိုင်းရက်နိုင်သူလို့ အသည်းထဲနာသွားစဥ် အရက်ပုလင်းနှင့် ရိုက်ချလိုက်ပုံက မြန်ဆန်လွန်း၏။နောက်ထပ် အဆက်မပြတ်ကျရောက်သွားသော လက်သီးချက်တွေ..။ဒါတွေဟာ ကိုယ့်အပေါ်မှာ အဆုံးစွန်ဆုံးအထိ မရက်စက်နိုင်သေးတဲ့ သဘောမဟုတ်လား။


ဒါပေမယ့် ခြိမ့်က အောက်ကျို့ခယရမှာလား..။ဝေးပါသေးတယ်။


"တံခါးဖွင့်..."


ခပ်ဆတ်ဆတ်လေးပြောပေမယ့် သူက တုပ်တုပ်ပင် မလှုပ်။ခြိမ့်ကို စူးရှရှ အေးစက်စက်စိုက်ကြည့်နေတာမို့..၊


"မင်း ဘာဖြစ်ချင်နေတာလဲ"


"ခင်ဗျားက ဘယ်လိုထင်လို့လဲ"


ခပ်အေးအေးပြန်မေးလိုက်တာမို့ ခြိမ့် မျက်မှောင်ကုတ်ရင်း သူ့မျက်နှာကို စေ့စေ့ကြည့်ကာ ငြိမ်သက်သွားခဲ့သည်။သိမ်းပိုက်က မျက်မှန်ကို ချွတ်ပစ်ပြီး အရှေ့ကို တည့်တည့်လှည့်သွားကာ..၊


"စောစောတုန်းက ကယ်လိုက်တာ မှားသွားတယ်ထင်တယ်၊ တမင် ဒီအခြေအနေမျိုးဖန်တီးတာဆို.."


ခြိမ့် ခံပြင်းသွားသည်။မျက်နှာခပ်တင်းတင်းနှင့် နှုတ်ခမ်းတွေချည်း ပြုံးလျှင်  လူကိုရိုက်နှက်နေတာထက် ပိုဆိုးရွား၏။


"ဟုတ်တယ် နှိုင်းခြိမ့်ခြိမ့်သာဆိုတာ အဲဒီလို မိန်းမ၊ မင်းကိုယ်တိုင်နင်းခဲ့ပြီးပြီပဲ၊တို့ဘဝ ဘာကြီးပဲ ဖြစ်နေဖြစ်နေ မင်းအနေသာကြီးပါ၊ တန်ဖိုးအနဂ္ဃထိုက်တဲ့မင်းအချိန်တွေကို တို့ကြောင့် မကုန်မခံပါနဲ့၊ ကိုယ့်လမ်းကိုယ်လျှောက်ကြတာ အကောင်းဆုံးပဲ"


"သြော်..ဟော်..ခင်ဗျားမှာ အားကိုးတွေရှိနေပြီကိုး၊ ဗျိုင်းအောက်တွေလို အသင့်ထိုးစားဖို့ စောင့်နေတဲ့ ကောင်တွေကို မချုပ်ပဲ ကျုပ်အစ်ကိုကိုမှ ခင်ဗျားမာယာတွေနဲ့ ချည်တာ ဘာသဘောလဲ၊ ခင်ဗျားဘယ်ခြေလှမ်းတွေ လှမ်းနေတာလဲ"


"မင်းက ဘယ်လိုထင်လို့လဲ"


"ကျုပ်ကို ရွဲ့နေတာလား"


"အဟင်း...ကိုယ်ထင်ချင်သလို လွတ်လပ်စွာထင်ပိုင်ခွင့်ကို ပြောပြတာ၊ အံကြိတ်ကြည့်နေတိုင်း ငါ့ကိုကြိတ်ဆဲနေမှာပဲလို့ သတ်မှတ်နေတာက သူတစ်ပါးအပေါ်မတရားအနိုင်ကျင့်ထားတဲ့သူမျိုးတွေမှာ ဖြစ်တတ်ကြပါတယ်"


"ကျုပ်က ခင်ဗျားအပေါ် မတရားလုပ်နေတယ်လို့ ပြောလိုက်တာလား၊ ဟေ့...ဖြေလေ"


သူ ခြိမ့်ကိုယ်လေးကို ပခုံးနှစ်ဖက်ကနေ ဆွဲလွဲဖက်ပြီး မျက်နှာချင်းဆိုင်ကြည့်သည်။မျက်နှာလေးမဲ့သွားပြီးမှ ခြိမ့် သူ ဆုပ်ကိုင်ထားသည့်အတိုင်း ငြိမ်သက်နေရင်း သူ့မျက်လုံးတွေကို ပြန်စိုက်ကြည့်နေလျှင်..၊


"ခင်ဗျားလုပ်နေတာတွေကို မသိဘူး ထင်နေသလား"


"ကောင်းတာပေါ့"


"နှိုင်းခြိမ့်ခြိမ့်သာ.."


"တို့ပြောဖူးပါတယ် ဘယ်တော့မှ ခြုံခိုပြီး ပျောက်ကျားမတိုက်ဘူးဆိုတာ၊မင်း သိနေပြီပဲ ဘာလို့ လာပြောနေသလဲ၊ ပြန်လည်ခုခံဖို့ စဥ်းစားသင့်တယ်"


"သိမ်းပိုက်ကမ္ဘာဆိုတဲ့ နာမည်က အလကားပေးခဲ့တာ မဟုတ်ဘူး၊ ခင်ဗျားတို့ပွဲ ဖြစ်လိမ့်မယ်လို့ ထင်နေရင်တော့..."


ခြိမ့် နှုတ်ခမ်းလေးကို ဖိကိုက်လိုက်မိရင်း...၊


"လုပ်ပါ မင်း ပညာမျိုးစုံတတ်ပါတယ်၊ တစ်ခုတော့ မှတ်ထား မင်းယုတ်လာရင် တို့လည်း ပတ်ဖို့ ဝန်မလေးဘူးဆိုတာ၊ ဒီမဂ်လာပွဲပျက်သွားလို့ မင်းနိုင်လိမ့်မယ်လို့တော့ တရားသေမတွက်ထားနဲ့ပေါ့၊ ဖယ်တော့ တို့သွားမယ်"


"ဒီပွဲက ကျုပ်စခဲ့တာ၊ ရလဒ်က ကျုပ်လက်ထဲကနေ ဘယ်မှ မရောက်ဘူး၊ အထူးသဖြင့် ခင်ဗျားက ကျုပ်အပိုင်မို့ ပိုတောင်သေချာသေးတယ်"


"အို!..ဘာလုပ်တာလဲ၊လွှတ်.."


"ခင်ဗျား ဒီလိုထွက်သွားလို့ရမလား"


"ဒါဘာလုပ်တာလဲ၊ ဖယ်စမ်းဆို.."


"မသွားရဘူး၊ ခင်ဗျားပြောနေတာ မရဘူးလား"


"ဒုန်း!..."


"နှိုင်းခြိမ့်ခြိမ့်သာ!..."


တွန်းထိုးရုန်းကန်ခြင်း ဆွဲလွဲဖက်ခြင်းကြားမှာ ကားတံခါးနှင့်တိုးတိုက်ပြီးမှ သူ့ဘက်ကို   ရိပ်ခနဲ ပြိုကျလာသဖြင့် အကျင့်ပါနေသည့် လက်က ဆွဲဖက်ပြီးသားဖြစ်သွားခဲ့သည်။


"ခြိမ့်!.."


ခြိမ့်ကို ပွေ့ပိုက်ထားရင်း နုမွတ်ဖွေးဥနေသည့် မျက်နှာလှလှလေးကို ငုံ့မိုးကြည့်မိတော့..၊


ခြိမ့်သည် မျက်တောင်ရှည်လေးတွေ စင်းချလျက် သူ့လက်ပေါ်မှာ သတိလစ်နေခဲ့ပြီ။


ဒီတစ်ခါတော့ ကျွန်တော့်ရင်ခွင်ထဲကို ခြိမ့်ကိုယ်တိုင် ပြိုလဲခဲ့တာနော်..၊ 


.................................................................


ဖျတ်ခနဲ အသိတရားတို့ ကိုယ်မှာ ကပ်တွယ်လာသည့်နှင့် ခြိမ့် ပထမဆုံး သတိထားမိတာ အဖိုးတန်မီးဆိုင်းများနှင့် အလှစင်ထားသည့် မျက်နှာကျက်တစ်ခု..၊ ဒုတိယမြောက်အနေနဲ့ ညက်ညောအိစက်သည့် အိပ်ရာခင်း..။


ဟင်!...၊


ခြိမ့် ငေါက်ခနဲ ထထိုင်လိုက်ပြီး ခေါင်းလေး ဘယ်ညာချာလပတ်ရမ်းသည့်အထိ လှည့်ပတ်ကြည့်လိုက်မိသည်။


ကျယ်ဝန်းလှသော အိပ်ခန်းကြီးထဲမှာ အဖြူနှင့်ရွှေရောင်ရောစပ်ထားသည့် မွေ့ရာခင်းထားသည့် ခုတင်ကြီးအပါအဝင် နံရံကပ်ဗီရိုတွေ၊ ရိုးရိုးဗီရိုတွေ၊ နောက်ထပ်အခန်းငယ်လေးတစ်ရှိထဲ၌ ကွန်ပျူတာနှင့် ပစ္စည်းပစ္စယတွေ ထားသည့် စားပွဲနှင့် ခုံ။


အိပ်ခန်းတစ်ခုလုံးကို ရွှေရောင်ဖိတ်ဖိတ်လတ်နေသည့် ကန့်လန့်ကာများပိတ်ထားလျက် မီးတွေလင်းထိန်နေအောင် ထွန်းထားခဲ့သည်။


ခမ်းနားလှသည့် အိပ်ခန်းကြီးက ဒက်ဒီအိမ်က ခြိမ့်ကိုယ်ပိုင်အိပ်ခန်းထက်လည်း သာသည်။ လက်ရှိငှားနေသည့် တိုက်ခန်းကျဥ်းလေးနဲ့ကျတော့ ပြောပလောက်စရာပင် မရှိတော့။ 


သိမ်းပိုက်ကမ္ဘာ!....၊


ဘယ်သူလက်ချက်လည်းဆိုတာ သိလိုက်သည်နှင့် မျက်လုံးလေးတွေ စူးလဲ့သွားခဲ့သည်။


ခါးပေါ်အထိ လျောကျနေသည့် စောင်ကို ခါချရင်း ကိုယ့်ကိုယ်ကို ပြန်စမ်းစစ်ကြည့်မိ၏။နေဘီပြာရောင်ဂါဝန်လေးက ခြိမ့်ကိုယ်ပေါ်မှာ ချပ်ချပ်ကပ်ကပ်လေးနေရာယူနေခဲ့သည်။


ခြိမ့် ခုတင်ပေါ်က ဆင်းဖို့ပြင်လိုက်သည်နှင့် ခုတင်ဘေးစားပွဲထက်ကတစ်စုံတစ်ရာကို မျက်ဝန်းထောင့်က  ဖျတ်ခနဲ မြင်လိုက်၏။ ခုတင်တစ်ဖက်ဘေးကနေ ဆင်းပြီး ကျကျနနမှန်ဘောင်သွင်းထောင်ထားသည့် ဓာတ်ပုံလေးကို ယူကြည့်မိသည်။


သိမ်းပိုက်ကမ္ဘာနှင့် ပါးချင်းကပ်၍ ရယ်မောနေသည့် ကလေးလေး၊ အသားလေးက သူ့လိုပဲ ဖြူစွတ်ကာ ဖအေတူသမီးလေးဟု ခြိမ့် မှတ်ချက်ချလိုက်သည်။လသားအရွယ်ကလေးလေးကို ပွေ့ပိုက်လျက် ငုံ့မိုးကြည့်ပြီး အားပါးတရပြုံးနေသည့် ပုံလေးကို မှန်မီးအိမ်လေးဘေးမှာ ခုတင်ဘက်ကို မျက်နှာမူလျက် ထောင်ထားခြင်းဖြစ်၏။ထိုပုံထဲ၌ အမြဲတမ်းအေးစက်နေခဲ့သော မျက်လုံးများသည် ရွှန်းတောက်လျက်၊ သူ့သမီးလေးကို သိပ်ချစ်တာပါလား..။


ပထမပုံက မကြာသေးခင်က ရိုက်ထားသည့် ပုံဖြစ်နိုင်သည်။ ဆံပင်ခပ်တိုတိုနှင့် သူ့ပုံစံက ခုရုပ်အတိုင်းပင်။ လသားအရွယ်လေးကို ချီပိုးထားသည့် ကောင်လေးသည် ဘေးခွဲဆံပင်အဖောင်းလေးနှင့် မျက်နှာလေးကအစ နုနယ်နေခဲ့သည်။


အင်း...အဲဒီအချိန်တုန်းကဆို သူ့အသက် ဆယ့်ခုနစ် ဆယ့်ရှစ်လောက်ပဲ ရှိဦးမှာ၊ ကလေးဆန်သည့် မျက်နှာလေးမှာ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအားမာန်တို့နှင့် တည်ငြိမ်နေခဲ့တာပဲ..။


အဲဒီအချိန်ကတည်းက သူ့ဘဝက သူ့သမီးအတွက်ဖြစ်ခဲ့ပြီးပြီ၊ နာမည်ကိုတည်းက သိမ်းပိုက်ချစ်ခြင်းတဲ့..။ကလေးရဲ့မိခင်ဆုံးသွားပြီးကတည်းက ဒီကလေးလေးကို သူကိုယ်တိုင်ပြုစုပျိုးထောင်ခဲ့တာ။ ကလေးချစ်တတ်တဲ့ သူ ခြိမ့်ဗိုက်ထဲက ကလေးအတွက်ရော အဲဒီလို ဖခင်မေတ္တာအပြည့်ထားနိုင်ပါ့မလား။


ခြိမ့် ဗိုက်လေးကို ပွတ်သပ်ရင်း မျက်ရည်စက်တွေက ပါးပြင်ပေါ် ကျူးကျော်လာခဲ့ပြီး ပါးချင်းကပ်၍ရယ်မောနေသည့် သူတို့သားအဖမျက်နှာပေါ် ပေါက်ခနဲ ပေါက်ခနဲ စီးကျသွားခဲ့သည်။


ကြည့်စမ်း..၊ ခြိမ့် သူ့ဆီကနေ ချစ်ခင်ကြင််နာမှုတွေကို မျှော်လင့်နေခဲ့တာလား..။ ဟင်အင်း..မမျှော်လင့်နဲ့၊ ဒီကလေးလေးကို ခြိမ့်တစ်ယောက်တည်း မွေးဖွားနိုင်တယ်၊ ခြိမ့်ကိုယ်တိုင်ပဲ ပြုစုပျိုးထောင်မယ်၊ သူတောင် ယောကျ်ားဖြစ်ပြီး ကလေးတစ်ယောက်ကို လူလားမြောက်အောင် မွေးမြူနိုင်သေးတာ ခြိမ့်ကရော..။


ခြိမ့် ကိုယ့်ဗိုက်ကလေးကို အုပ်ကိုင်ကာ အတွေးနယ်ချဲ့နေစဥ် နောက်ကနေ တစ်စုံတစ်ယောက်က ခါးလေးကနေ လက်လျှိုကာ ဖက်လိုက်သဖြင့် လန့်သွားသည်။ 


"အမေ့!..."


"ဒေါက်!...ခလွမ်း..."


"အား!..."


အပိုင်း(၁၇)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: