💘မှတစ်ပါး....အခြားမရှိ💘
"ဟန်သာ...ရပ်....ရပ်...ကားရပ်"
"ကျွီ!.."
ကားသည် ပရမ်းပတာနှင့်ကဆုန်ပေါက်ပြီးမှာ လမ်းပေါ်သို့ ဘီးလေးဘီးစလုံး ကျကာ ရပ်သွား၏။အရှေ့သို့အရှိန်နှင့်ငိုက်စင်းသွားပြီးမှ ကိုယ်ကို ပြန်မမတ်ဖြစ်သေးပဲ စတီယာရင်ကို ကိုင်ထား၍ ဟန်သာ ဒီဘက်ကို လှည့်ကြည့်မိသည်။ကား၏ဖြစ်ပျက်ခြင်း အားလုံးကို တစ်စုံတစ်ရာလောက်မှ အရေးစိုက်ဟန်မရှိပဲ ခြိမ့်သည် တစ်ဝက်ချထားသည့် မှန်ကနေ အနောက်ဘက်မှာ အရေးတကြီးပစ္စည်းကျကျန်ခဲ့သလို လည်ပင်းလေးလိမ်၍ ပြူးပြဲကြည့်နေကာ...ကားတံခါးဖွင့်ပြီးလည်း မထွက်..။
"ဘာလဲ...ဘာတွေ့လို့လဲ"
"ဆင်းမှာသာ ဆင်းစမ်းပါ"
"ဟဲ့!..ခြိမ့်"
ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး နောက်ကကားတွေကို ကြည့်၍ ဒီဘက်က တံခါးကို ဖွင့်ဆင်းလိုက်သည့် ခြိမ့်ကိုပဲ လက်ဆွဲထားတော့မလိုလို၊ ဒီဘက်ကပဲ လိုက်ဆင်းတော့မလိုလို၊ ဟန်သာ ဝရုန်းသုန်းကားနှင့် ပြာလောင်ခတ်သွား၏။ခြိမ့်က ကားဘေးမှာ ခြေချရပ်လျက် လမ်းဖြတ်ကူးဖို့ ကားအရှင်းကို စောင့်နေခြင်းဖြစ်သည်။
"ဘာဖြစ်တာလဲ၊ စတုဒီသာကျွေးနေလို့လား.."
"ပေါက်တက်ကရ.."
ကားခေါင်းဘက်ကနေ ပတ်လာသည့် ဟန်သာ့ကို လှည့်ကြည့်၏။ ဆံပင်တွေ မျက်နှာတစ်ခြမ်းကို ဖုံးအုပ်ကာ ဝေ့ခါသွားသည့်အထိ ဟိုဘက်ကို ခေါင်းလေး စောင်းငဲ့လှည့်သွားကာ...၊
"လာ.."
ဟန်သာ့လက်တစ်ဖက်ကို ဆွဲပြီး ကားလမ်းကို အပြေးတစ်ပိုင်းဖြတ်ကူးလိုက်သည်။ ဟန်သာက သူမ ဆွဲခေါ်လာသည့်အတိုင်း ပါလာပြီးမှ ကားလမ်း ဒီဘက်ရောက်တော့ ခြိမ့် ဆွဲလာသည့်လက်ကို ပြန်ဆွဲထားလိုက်ပြီး..၊
"နေပါဦး...ဘာဖြစ်နေတာလဲ ခြိမ့်၊ မသိရင် ဝရန်းပြေးကြနေတာပဲ"
အပြစ်တင်သလိုပြောပြီး နောက်က ကားတန်းကြီးကိုလည်း အသည်းတယားယားဟန်နှင့် လှည့်ကြည့်သေးသည်။
"လူတစ်ယောက်လုံးကို ကျွဲလိုနွားလို ဆွဲချလာတာ ကားတိုက်လိုက်ရင်တော့ နှစ်ယောက်ပူးကြီး ကြည့်ကောင်းဦးမယ်"
"ခု မတိုက်မိဘူးမို့လား၊ အပိုတွေ ပြောမနေနဲ့"
အပြုံးလဲ့လဲ့နှင့် ခြိမ့် မျက်စောင်းလေးထိုး၍ ပြောခြင်းဖြစ်၏။ကားလမ်းအတိုင်းနောက်ဘက်ကို ပြန်လျှောက်နေတာလဲ မရပ်ပဲ..၊
"မြန်မြန်လာစမ်းပါ၊ နင့်ခြေလှမ်းတွေကလည်း နှေးလိုက်တာ လွန်ရော"
"နင်ဘာဖြစ်နေတာလဲ အရင်ပြောဦးလေ၊ ဘာမပြောညာမပြောနဲ့ ဆွဲခေါ်လာပြီးတော့"
ရပ်ထားခဲ့သည့် ကားကိုလည်း စိတ်မချသလို လည်ပြန်လှည့်ကြည့်သေးသည်။ ခြိမ့်ကိုလည်း နားမလည်နိုင်ဖြစ်ရ၏။
"ကဲ!...ထိုင်"
"ခြိမ့်!.."
"မုန့်ဟင်းခါးစားမလို့၊ မုန့်ဟင်းခါးအကြော်နဲ့တစ်ပွဲ အလွတ်တစ်ပွဲပေးနော်"
မျက်လုံးပြူးလေးနှင့် အံ့သြနေသည့် ဟန်သာ့ကို ရယ်ကျဲကျဲလေးနှင့် မျက်နှာချိုသွေးရင်း မုန့်ပွဲပါ တစ်ခါတည်းလှမ်းမှာပြီးသားဖြစ်သွား၏။
"ခြိမ့်....နေရောကောင်းရဲ့လား"
"အဟင်း.."
စောစောကတည်းက ဒီဆိုင်လေးကို မြင်ခဲ့ခြင်းဖြစ်သည်။လမ်းဘေးမှာ စားပွဲလေးသုံးလေးဝိုင်းနှင့် အမိုးစွန်းလေးလုပ်ထားသည့် ဆိုင်လေးမှာ ထိုင်ချလိုက်ပြီးမှ ဟန်သာ ပို၍အံ့သြမိခြင်းပင်။
လမ်းဘေးမှာဆိုပေမယ့် ဆိုင်လေးက သပ်သပ်ချေချေလေးပါ။ဒီလိုလမ်းဘေးဆိုင်တွေမှာ ကြုံရင်ဝင်စားလိုက်တာရှိပေမယ့် ခုဆိုင်က မုန့်ဟင်းခါးဆိုင်။ခြိမ့် ဘယ်တုန်းကများ မုန့်ဟင်းခါးကြိုက်ခဲ့လို့လဲ..။
"အိပ်မက်မက်နေတာ မဟုတ်ရင် နင်ရူးနေတာပဲ ဖြစ်မယ်"
ခြိမ့် နှုတ်ခမ်းလှုပ်ရုံလေးပြုံးကာ...၊
"ငါ မရူးဘူး၊ အိပ်မက်လည်း မဟုတ်ဘူး၊ ကဲပါ...နင့်အကြိုက်အကြော်နဲ့ စား.."
လာချပေးသည့် မုန့်ပန်းကန်ကို မတို့မထိဖြစ်သေးဘဲ ခြိမ့် မုန့်အားရပါးရစားနေတာကို ငေးကြည့်နေမိ၏။
"အရေးတကြီးကားရပ်ခိုင်းတာ မုန့်စားဖို့..ကျွတ်!...နင် ဆေးစားမှားနေပြီထင်တယ်၊ နင်..ဘယ်တုန်းက မုန့်ဟင်းခါးကို ဒီလောက်ကြိုက်သွားတာလဲ"
"အဟွတ်!...အဟွတ်!.."
စကားပြောဖို့ပြင်လိုက်သဖြင့် စားနေသည့် မုန့်က လမ်းကြောင်းလွဲသွားကာ သီးတော့သည်။
"ဖြစ်ပြီ၊ ရော့...ရော့ ရေနွေးသောက်လိုက်"
"အဟွတ်!...အဟင်း"
ရေနွေးသောက်လိုက်တာတောင် ခြိမ့် နှာသီးဖျားတွေရော၊နှုတ်ခမ်းပါးလေးတွေပါ ရဲတွတ်ကာ မျက်နှာတစ်ပြင်လုံးချွေးတွေ သီးထနေခဲ့လျက်...၊
"နောက်ထပ်အလွတ်တစ်ပွဲ ထပ်ပေးပါဦး"
"ဟဲ့!.."
ဟန်သာ ဝင်တားလိုက်ခြင်းဖြစ်၏။ အံ့သြစရာကောင်းတာတောင် ဒီလောက်အံ့သြမိမည်မဟုတ်...။
"ခြိမ့်မှ ဟုတ်ရဲ့လား"
"မသိဘူး၊ ကားပေါ်ကနေ လှမ်းမြင်လိုက်ကတည်းက စိတ်ထဲမှာ အာသိသပြင်းပြင်းနဲ့စားချင်နေခဲ့တာ၊ အဟင်း...နင်အံ့သြနေတာ မဆန်းပါဘူး ငါ့ကိုယ်ငါတောင် မယုံနိုင်ဖြစ်သေးတာပဲ၊ တစ်သက်လုံး အနံ့တောင် မခံနိုင်တဲ့ မုန့်ဟင်းခါးကို ခုမှ မက်မက်မောမောဆာလောင်နေသလဲ မသိပါဘူးဟာ"
နောက်ထပ်လိုက်ပွဲလာချပေးတာကို တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေသည့် ခြိမ့်..။
"စားလေဟ...ငါတောင်နောက်တစ်ပွဲကုန်တော့မယ်"
"ခြိမ့်"
"ဟင်.."
ထူးတော့ထူးလိုက်၏။သို့သော် ခေါင်းမော့မလာခဲ့ပဲ...၊
"နင် ရိုးရောရိုးရဲ့လား"
"ဘာကိုလဲ.."
ပြန်မေးလိုက်သည့် ပုံစံက လုံးဝအူကြောင်ကြောင်နှင့်..။ နှာသီးဖျားမှာ သီးထနေသည့် ချွေးစတွေကို တစ်သျှူးနှင့် ယူသုတ်သလို မျက်နှာပေါ် ဝေ့ဝိုက်ပြိုဆင်းကျလာသည့် ဆံနွယ်တွေကိုလည်း နားရွက်နောက်သို့သိမ်းညှပ်လိုက်သည်။နောက်ထပ် မုန့်အစားလည်း မပျက်ခဲ့ပဲ မျက်လုံးလေးလှန်၍ မော့ကြည့်လာသည့်အထိ ဟန်သာ စောင့်နေပြီးမှ..၊
"နင် ဟိုဒင်းများလား ခြိမ့်၊ ဒီလောက်စားသောက်နေတာ ငါတော့ သိပ်မသက်ာတော့ဘူး"
"ဟင်!.."
ခြိမ့် လက်ထဲက ဇွန်း လွတ်ကျသွားသည်။အဖြေရှာသော မျက်လုံးနှင့် မေးချင်နေသော မျက်လုံးတွေ ဆုံသွားခဲ့ပြီး အဖြေက မထွက်နိုင်ပဲ ဖြစ်ကာ...၊
"ငါပြောတာဟုတ်တယ်မို့လား၊ ပြောင်းလဲနေတာတွေ နင့်ကိုယ်နင် အသိဆုံးနေမှာပေါ့"
ဟန်သာ ပြောလိုက်မှ ခြိမ့်မေ့လျော့နေခဲ့တာတွေကို သွားသတိရမိခြင်းဖြစ်သည်။
တကယ်ပဲ ဖြစ်နေပြီလား..၊
..................................................................
"ခု နင် ဘာဆက်လုပ်မလဲ ခြိမ့်"
မေးခွန်းက မေးရိုးမေးစဥ်ပါ။ သို့သော် ခြိမ့် မျက်နှာတွင် တုန်လှုပ်ခြင်းကင်းမဲ့လျက်..၊
တကယ်ရင်ဆိုင်ကြုံတွေ့လာတော့ ခြိမ့်ကိုလည်း အပြစ်မတင်ရက်၊တစ်ဖက်ကလည်း သောကတွေကြားထဲကနေ ဘယ်လိုနည်းလမ်းစဥ်းစားရမှန်းမသိတော့အောင်ဖြစ်နေသည်။
"နင် သူ့ကို အသိပေးသင့်တယ် ခြိမ့်"
"ဟင်အင်း ဟန်သာ၊ သူ မသိလေ ပိုကောင်းလေပဲ၊ နင်လည်း မပြောနဲ့"
ကိုယ်ဝန်သုံးလတဲ့...၊ ဒီလောက်အထိ သတိမထားခဲ့မိတာ ကိုယ်ပဲ အ ခဲ့တာလား၊ ကလေးလေးကပဲ လိမ္မာခဲ့တာလား ဘာကြောင့်မသိပေမယ့် အော့တာအန်တာတွေမဖြစ်ခဲ့ပဲ ပုံမှန်အတိုင်းသွားလာနေခဲ့သဖြင့် သတိမထားမိခဲ့ခြင်းဖြစ်သည်။
"နင် မဟုတ်တာတွေ မလုပ်နဲ့နော်"
"နင် ငါ့ကို အထင်သေးလွန်းတယ် ဟန်သာ၊ နှိုင်းခြိမ့်ခြိမ့်သာက ပေါ့ပျက်ပျက်မိန်းမဖြစ်ခဲ့တယ်ဆိုရင်တောင် စိတ်ဓာတ်က မသေးသိမ်သေးပါဘူး၊ငါ ဒီကိုယ်ဝန်ကို ရအောင်မွေးမှာ ငါ့ကိုယ်ငါ့စွမ်းနဲ့"
စူးတောက်နေသည့် မျက်ဝန်းလေးတွေထဲမှာ မိခင်လောင်းတစ်ယောက်ရဲ့ မေတ္တာအားမာန်တွေလား..၊မျက်ရည်ရောင်တွေပဲလား..။
သူများအိမ်ထောင်ကို ဖြိုခွဲခဲ့တာ မဟုတ်ပေမယ့် မုဆိုးဖို ကလေးတစ်ယောက်အဖေနဲ့ ခြိမ့်ကို သဘောမကျခဲ့တာမှန်သည်။ဒါကလည်း ကိုယ့်သူငယ်ချင်းအပျိုနုနုထွတ်ထွတ်ကလေးကို နမျောတသစိတ်ကြောင့်...။
ဖြစ်လာမှတော့ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်နေလို့ မရတော့။မကြာမှီ လူ့လောကထဲရောက်လာတော့မည့် ကလေးလေးကို ဖခင်မဲ့တဲ့အဖြစ်မျိုး မဖြစ်စေချင်ပါ။
"ဒါပေမယ့် သိမ်းပိုက်ကမ္ဘာကို ဖွင့်ပြောပြသင့်တယ်၊ ကလေးအဖေက သူပဲဟာ"
"ငါ့ရင်သွေးကို ငါမွေးနိုင်တယ်...ငါ့အတွက်ဘယ်သူမှ မလိုဘူး"
"နင်အတွက်မလိုရင်တောင် နင့်ဗိုက်ထဲက ကလေးအတွက်လိုတယ် ခြိမ့်၊ သူ့ကို ဖွင့်ပြောပြရင် အဖြေတစ်ခုတော့ ထွက်လာမှာပါ"
ခြိမ့် တစ်စုံတစ်ရာပြန်ပြောရန် ပါးစပ်ပြင်ပြီးမှ ယာဥ်ကြောကျပ်နေသဖြင့် ဘီးလှိမ့်ရုံသွားနေသော ကားတန်းကြားထဲက ကားတစ်စီးဆီ မျက်လုံးရောက်သွားသည်။
သိမ်းပိုက်ကမ္ဘာ...။
ကိုယ်မြင်သလို သူလည်း မြင်သွားသည်။ တစ်ဝက်ချထားသည့် မှန်သည် လျောခနဲ ကျလာပြီး ချောမောခန့်ညားသည့် မျက်နှာ ဝင်းဝင်းသည် ထိုမှန်နောက်ကနေ ပေါ်လာခဲ့၏။အမြဲတမ်းဆီလိမ်းကာ သေသေသပ်သပ်ဖီးသင်ထားတတ်သော ဆံပင်တိုတိုနှင့် မျက်နှာတစ်ဝက်လောက်နီးပါးဖုံးနေသည့် မျက်မှန်နက်နှင့် သိမ်းပိုက်ကမ္ဘာသည် ဘယ်အချိန်ချိန်ကြည့်ကြည့် မျက်မှောင်ကုတ်ကုတ်နှင့် နုပျိုချောမွေ့နေလျက်...။
စတီယာရင်ကို ထိန်းထားသည့် ညာလက်က မျက်မှန်ကို ချွတ်ပစ်ပြီး မျက်ခုံးတွေ တွန့်ကွေးလျက် ခြိမ့်တို့ဘက်ကို လှမ်းကြည့်လာ၏။ အေးစက်စက်မျက်ဝန်းတို့က သူတို့ဆီကနေ နောက်ဘက်တစ်လန်လောက်ကို ရွေ့လျားသွားလျှင်...၊
ဘုရား...သူ မမြင်ပါစေနဲ့..။
လက်ဖျားခြေဖျားတွေအေးစက်လျက် ကတုန်ကယင်ခံစားမှုတို့က တစ်ကိုယ်လုံးပျံ့နှံ့သွားခဲ့သည်။
နဂိုတွန့်ကွေးနေသည့် မျက်ခုံးတို့က ပို၍ တွန့်ကွေးသွားပြီး ခြိမ့်ကို စူးစူးရဲရဲစိုက်ကြည့်လာကာ မျက်လုံးတွေက အေးစက်ခက်ထန်ရိပ်ကနေ စူးစမ်းအကဲခတ်ဟန်တို့နှင့်..၊
"မိခြိမ့် ဘာဖြစ်နေတာလဲ"
လက်ကို အသာတို့ထိ ခေါ်လိုက်သည့် ဟန်သာ့လက်ကို ပြန်ဆုပ်ကိုင်မိစဥ် သူမလက်ဖျားတွေ အေးစက်နေခဲ့၏။ ဟန်သာကလည်း သတိထားမိသွားကာ...၊
"ခြိမ့်...ဟင်...သိမ်းပိုက်ကမ္ဘာ"
ဘီးလှိမ့်ရုံထွက်သွားသည့် ကားထဲမှာ သူ့ကို ဟန်သာလည်း မြင်သွားသည်။
"သွားရအောင်.."
ဟန်သာ့လက်တစ်ဖက်ကို ဆွဲ၍ ဆက်လျှောက်ခဲ့သည်။လမ်းဘေးမှာရပ်ထားခဲ့သည့် ကားပေါ်တက်၍ မောင်းထွက်လာသည့်အထိ စူးလဲ့နေသည့် မျက်လုံးတွေကို မြင်ယောင်နေဆဲပင်...။
"ငါတို့ကို သူ မြင်ရင် နောက်က ဆေးခန်းကိုလည်း မမြင်ပဲ နေမှာမဟုတ်ဘူးဟ၊ ခုတောင် လမ်းကြောကပြန်ကွေ့လို့မရလို့၊ နင့်ကို ပြူးပြဲကြည့်သွားပုံက လက်ဆွဲပြီး မေးချင်ပုံမျိုး..၊မထူးပါဘူး ခြိမ့်ရယ်...သူ့ကို ပေးသိလိုက်"
"ကျွတ်!.."
ခြိမ့် မျက်နှာ တွန့်ခနဲ ဖြစ်သွားပြီး ကူရှင်ပေါ်မှီချကာ မျက်လုံးတွေပါ မှိတ်ကျသွား၏။ထွေပြားနေသည့် အာရုံတွေထဲမှာ မဖိတ်ခေါ်ပါပဲ တရစ်ဝဲဝဲဖြစ်နေတာက မှုန်ကုပ်ကုပ်စူတင်းတင်းမျက်နှာ...။မထင်မှတ်ထားသည့် ပြဿနာတွေကြောင့် စိတ်ရှုပ်နေတာက တခြား သိမ်းပိုက်ကမ္ဘာဆီ ပြေးလွှားနေသော စိတ်က သပ်သပ်...။
"ရွံ့စရာကောင်းတဲ့ မိန်းမ.."
"ခင်ဗျာရဲ့မာယာတွေကို တစ်စစီရိုက်ချိုးပစ်မဲ့ကောင်"
"ခင်ဗျားအပိုင်ချုပ်ဖို့ သားကောင်တစ်ကောင်မိသွားပြန်ပြီပေါ့"
ဆူးထက်စူးစေခဲ့သော စကားလုံးတွေ...စော်ကားပြောဆိုရက်ခဲ့သော ယောကျ်ား။
သိတဲ့သူတိုင်း တစ်ခါမြင်ဖူးလိုက်ပြီး နောက်ပိုင်းရင်းနှီးလာတာနဲ့ ခြိမ့်ကို ခပ်ရှုပ်ရှုပ်မိန်းမတစ်ယောက်လို စနောက်ကြ၊ ပြောဆိုကြသည်။ယောကျ်ားလေးတွေကဆို ခြိမ့်ကို"အသည်းစား လေဒီ"ဆိုပြီး ခေါ်ခဲ့တာ..။ ဘယ်သူတွေဘယ်လိုပြောပါစေ နှိုင်းခြိမ့်ခြိမ့်သာတို့က ဂရုစိုက်ခဲ့တာ မဟုတ်..၊
ကိုယ်ရှေ့မှာ ကဲ့ရဲ့ပြောဆိုနေတာတောင် နာကျင်ရမှန်းမသိသလို အပြုံးလဲ့လဲ့နှင့် ခပ်သာသာနေခဲ့တာတွေလည်း ရှိသည်။ သူ ပြောဆိုခဲ့သော စကားတွေကျမှ မြှား၊လှံသွားတွေထက်ပိုဆိုးကာ နှလုံးသားကို ထွင်းဖောက်သွားခဲ့လျက်..၊ ဆူးထက်စူးစေသော စကားလုံးတိုင်းဟာ ရင်ကို နက်နက်ရှိုင်းရှိုင်းတိုးဝင်သွားကြ၏။
သတိရတိုင်း ရင်ဘတ်ထဲက ပြည်တည်နာလို တဆစ်ဆစ်နာကျင်မိသည်။မေ့လို့ရသလားဆိုတော့လည်း အချိန်တိုင်း နာကျင်စိတ်နှင့် သတိရနေခဲ့သည်၊ သတိရမိတိုင်းလည်း မွန်းကျပ်စိတ်နှင့် သက်ပြင်း အခါခါရှိုက်မိ၏။
အဲဒါ ဘာကြောင့်လဲလို့ အဖြေမထုတ်ချင်...၊
.................................................................
"အဲဒါ ဘာဖြစ်နေတာလဲ မင်း"
"လူသတ်ချင်လောက်အောင် ဒေါသထွက်နေတာ"
"သိမ်းပိုက်!...ဟား.."
မေးမိပြီးမှ လက်ဖျားတခါခါနှင့် ရှိန်းတေဇက တအံ့တသြကြည့်ရင်း...၊
"တကယ်ကြီးလား..မင်း"
သိမ်းပိုက်မဖြေနိုင်..။ ဒီဟိုတယ်ကို လာခဲ့တဲ့ အကြောင်းရင်းက ဖော်ရိန်နာနှင့် တွေ့ပြီး အိပ်ချ်စပို့ ကိစ္စတွေပြောဆိုကြဖို့ဖြစ်သည်။ နောက်ထပ်အကြောင်းအရာတစ်ခုက...၊
"မင်းပုံစံက မဟုတ်သေးဘူးနော် ဟေ့ကောင် ကြည့်လုပ်ဦး၊ မင်းအစ်ကိုအတွက်ဆို ခုလိုအနေအထားမျိုးက ပန်းကုံးတောင်စွပ်သင့်နေပြီ၊ မင်းဒေါသတွေ ဖောင်းကြွနှုန်းမမှန်တာ မရိုးတော့ဘူး သိမ်းပိုက်၊ဒီဇာတ်မှာ မင်းပဲ ဒါရိုက်တာ၊မင်းပဲဗီလိန်လုပ်ပြီးမှ မင်းသားနေရာဝင်ပြီး နှစ်ပါးသွားကဖို့ပြင်နေတာလား၊ နှိုင်းခြိမ့်ခြိမ့်သာက မင်းသမီးဆိုပေမယ့် ကျန်ရစ်ပဲဖြစ်ရမှာ၊အဲဒါကို သနားပြီး တော်ကောက်ဖို့ပြင်နေတာဆိုရင် မင်း..."
"ဘာဖြစ်လဲ.."
"မင်းစဥ်းစားဖို့ပြောတာ၊သဘက်ခါဆို မင်းအစ်ကိုက နှိုင်းခြိမ့်ခြိမ့်သာနဲ့မဂ်လာဆောင်ဖို့ ကြိတ်စီစဥ်ပြီးပြီ"
"ပူမနေနဲ့ ဘာပွဲမှ မဖြစ်မြောက်ဘူး၊ ကိုကိုနဲ့သျှင်ယွန်းပဲ လက်ထပ်ဖြစ်မှာ ကြည့်နေ"
"ဖိတ်စာတွေကိုမီးရှို့ဖျောက်ဖျက်ပစ်လိုက်ရုံနဲ့ ဒီပွဲက ပြီးမသွားဘူးဆိုတာ မင်းလည်း သိပါတယ်၊ နှိုင်းခြိမ့်ခြိမ့်သာ ဘယ်လိုအကွက်ရွှေ့နေသလဲဆိုတာ မင်းလည်းမသိဘူး၊ သဘက်ခါပဲ မင်းအစ်ကိုနဲ့လက်ထပ်တော့မယ် ဒီဘက်မှာ တွဲခုတ်မပျက်သေးဘူး၊ဦးခွန်စေးသာနဲ့တွေ့လိုက်တိုင်းတတွဲတွဲ.."
သိမ်းပိုက်က ခုံကို တတောက်တောက်ခေါက်လျက် ငြိမ်နေ၏။ မျက်လုံးတွေကျတော့ ဟိုးတစ်ဖက်ခြမ်းဆီမှာ..၊ ရှိန်းတေဇပြောနေတာတွေကို စိတ်ဝင်စားတာမျိုးမဟုတ်ပဲ ခြိမ့်တို့ဝိုင်းဘက်ဆီ မျက်မှောင်ကုတ်၍ စိုက်ကြည့်နေခြင်းဖြစ်သည်။
နေဘီပြာရောင်ကိုယ်ကျပ်ဂါဝန်လေးက ဒူးအတိ..၊ ဘေးဘက်ကို ခပ်ပြဲပြဲဖောက်ထားသည့်လည်တိုင်မှာ တစ်ကုံးတန်းစိန်လည်ဆွဲလေးနှင့် ပခုံးသာသာဆံပင်တွေကို နဖူးပေါ်အပြောင်လှန်ထုံးထားသည်။ ဝင်းမွတ်နေသည့် မျက်နှာလေးတွေ လည်တိုင်လေးတွေက မီးရောင်အောက်မှာ ဝင်းစက်စက်လေး လှနေခဲ့ခြင်းဖြစ်၏။
အနက်ရောင်ကုတ်နှင့် ခြိမ့်ဘေးနားမှာ ဂရုတစိုက်ငဲ့ကြည့်စကားပြောနေသူက ဦးခွန်စေးသာ..။ခြိမ့်ကလည်း အပြုံးမပျက်...တစ်ချက်တစ်ချက်ခေါင်းလေးငုံ့ကာ ရယ်မောလိုက်တာလည်းရှိသည်။
ကိုကိုနဲ့တွဲနေတာလည်း မမြင်ချင်မှအဆုံး၊ သူမကိုယ်တိုင်ကလည်း အတွဲများခဲ့သည်ဟု ဝန်ခံခဲ့ဖူးတာလည်း ရှိ၏။ဤသို့သော အကြောင်းအရာတွေ ရှိခဲ့သည် မျက်စိနှင့်လည်း မြင်ခဲ့ပါလျက် သူမ မျက်နှာမြင်လိုက်ရသည့်အချိန်မှာ အဖြစ်အပျက်တွေ အားလုံးကို မေ့လျက် ဒေါသတွေချည်းဖြစ်ခဲ့သည်။
"သိမ်းပိုက်...ဟိုက လျှောက်လာနေတာ မစ္စတာလီမို့လား"
ရှိန်းတေဇက ခြိမ့်တို့ဝိုင်းဘက်ကိုလျှောက်လာသည့် နိုင်ငံခြားသားကြီးကို မေးငေါ့ပြပြီး တအံ့တသြပြော၏။ သူကတော့ မထူးဆန်းတော့ပါ။သူ့လက်ထဲကနေ ရှယ်ယာတွေကို ဦးခွန်စေးသာဝယ်သွားကတည်းက ဒီအကြောင်းတွေကို သိခဲ့ပြီးပြီ။
တရင်းတနှီးလက်ဆွဲနှုတ်ဆက်ကြပြီး မစ္စတာလီ ဝင်ထိုင်လိုက်သည်က ခြိမ့်နှင့်မျက်နှာချင်းဆိုင်...။ ဘာတွေပြောနေသလဲ မကြားရသလို ပါးစပ်တွေလှုပ်နေတာ မြင်ရပြီး ဘာတွေ ပြောနေသလဲ မသိ..။
ခြိမ့် ထရပ်လိုက်တာမြင်လိုက်ရသည်။မစ္စတာလီမျက်လုံးများက ဦးခွန်စေးသာနဲ့စကားပြောနေသည့်ကြားကနေ ခြိမ့် နောက်ကျောမှာ ပေါ်ပေါ်ထင်ထင်ကြီး ကပ်ငြိပါသွားခဲ့၏။စားပွဲဝိုင်းက ရေကူးကန်ဘက် ဗြူးကောင်းသည့် နေရာမှာ...၊ ခြိမ့် ထွက်သွားသည့်နေရာက သူတို့ဘက်က ကြည့်ရင် ကွယ်နေပြီး မစ္စတာလီတို့ စကားပြောနေတာပဲ မြင်နေခြင်းဖြစ်သည်။
ထိုစဥ် ဦးခွန်စေးသာ ဖုန်းလာဟန်တူသည်။ မစ္စတာကို တစ်စုံတစ်ခုပြောလျက် ဖုန်းကိုင်ပြီး ထထွက်သွားတာ၊ မစ္စတာလီပါ ခြိမ့် ထွက်သွားသည့်ဘက်ကို လျှောက်သွားတာတွေအားလုံးကို ဒီဘက်ကနေ အတိုင်းသားမြင်နေသဖြင့် သူ မျက်ခုံးတွေကို အလိုမကျကာ တွန့်ကုတ်ထားရင်း...၊
"မစ္စတာဂျေကို မင်း ခဏစောင့်ပေးဦး ရှိန်း"
"မင်းက ဘယ်လဲ၊ ဟို ဘာမဟုတ်ညာမဟုတ် မမဆီသွားမှာတော့ မဟုတ်ပါဘူးနော်၊ဟိုက သူ့အတွဲနဲ့သူ မင်းက ဘာတွေ သွားငြိဦးမလို့လဲ"
"အဲဒါ ငါ့ကိစ်စပါ"
သိမ်းပိုက် စိတ်မရှည်သလို ပြောရင်း ထရပ်လိုက်၏။ပြီးတော့...၊
"မစ္စတာဂျေကိုသာ ငါပြန်မလာခင် ဧည့်ခံထားလိုက်"
"ရမလားကွ၊ ဒီမှာ အလုပ်နဲ့ မင်းအဲဒီက ဘယ်လောက်အရေးကြီးနေလို့လဲ၊ သိမ်းပိုက်နော် မင်း အဲဒီမိန်းမနဲ့ပက်သက်ပြီး ပြာလောင်ခတ်နေတာ မဟုတ်ဘူး"
"ကျစ်!...နားငြီးလိုက်တာကွာ"
စိတ်မရှည်သလို ဂျစ်တစ်တစ်ပြောပြီး ထွက်လာခဲ့သည်။
"သိမ်းပိုက်...ဟာ ဒီကောင်.."
ရှိန်းတေဇ ခေါ်နေတာကို လှည့်မကြည့်တော့ပဲ ရေကူးကန်ဘက်က ခုံတွေဘက်ကို လျှောက်လာခဲ့၏။ကော်ရစ်တာဒေါင့်ချိုးလေးကို ကွေ့လိုက်သည်နှင့် မြင်ကွင်းက ရှင်းခနဲ ပေါ်လာခဲ့သည်။
"ရှင်..မယုတ်မာနဲ့နော် လွှတ်"
"မရုန်းနဲ့လေ၊ မစ္စတာစေးကိုယ်တိုင် ကိုယ့်အကြောင်းသိနေတာ"
"ဟင်အင်း ကိုလေးက အဲဒီလိုလူမျိုးမဟုတ်ဘူး၊ ရှင် လွှတ်နော် ကဲဟယ်.."
"ဖြန်း!..."
ရိုက်ချက်က ပြင်းသည်။ မစ္စတာလီ မျက်နှာလည်ထွက်သွားပြီး ဒေါသတကြီးနှင့် ခြိမ့် ကိုယ်လေးကို သိမ်းဖက်ကာ..၊
"မင်းက ဒီလိုလား၊ ရတယ်..ငါက အဲဒီလိုခပ်ကြမ်းကြမ်းလေးမှ ကြိုက်တာ"
"မလုပ်နဲ့၊ ရှင်.."
ရေကူးကန်ဘေးမှာ အနားယူဖို့ချထားသည့် ခုံပေါ် ခြိမ့်တစ်ကိုယ်လုံး မစ္စတာလီနှင့်လုံးထွေးကျသွားခဲ့သည်။နူးညံ့ခြင်းကင်းမဲ့သော အနမ်းများက လည်တိုင်ဆီ ကြမ်းတမ်းစွာ ထိကပ်လာတော့ ခြိမ့် ရုန်းဖယ်ပစ်ပေမယ့် အခွင့်မသာ..၊ နှုတ်ခမ်းလေးကို ကျူးကျော်ဖို့ ကြိုးစားလာလျှင် လည်ပင်းလိမ်၍ ရှောင်တိမ်းပစ်မိ၏။ ထိုစဥ် မျက်ဝန်းထောင့်ကနေ အရိပ်တစ်ခုဖြတ်ပြေးသွားပြီးမှ အားကိုးတကြီးနှင့် နောက်တစ်ကြိမ်ပြန်ကြည့်မိလျှင်..၊
သိမ်းပိုက်..၊
ဘောင်းဘီအိတ်တွေထဲ လက်နှစ်ဖက်ထည့်လျက် ဒီဘက်ကို ခပ်တည်တည်စိုက်ကြည့်နေခဲ့သည်။သူ မြင်နေပါလျက် ရက်စက်၏။
ရုန်းကန်ဖယ်ရှားနေသည့် လက်တွေပါ အလိုလိုရပ်တန့်ကုန်လျက် အေးစက်စက်မျက်လုံးတွေကို ခေါင်းငဲ့ကြည့်နေရင်း မျက်ဝန်းအိမ်မှ မျက်ရည်တစ်စက်သည် လျောခနဲ စီးကျသွားလေသည်။ထိုစဥ် ပူးနွေးကြမ်းတမ်းသည့် အနမ်းတွေက ခြိမ့် လည်တိုင်တစ်လျှောက်ပြေးလွှားနေသဖြင့် အံကြိတ်လျက် ကျောခိုင်းလျှောက်ထွက်သွားသည့် ကျောပြင်ကို ရင်နာနာနှင့် လိုက်ကြည့်နေမိသည်။
ခြိမ့် ရေတိမ်နစ်တော့မှာကို သူ လျစ်လျူရှုရက်နိုင်၏။ အော်ဟစ်အကူအညီတောင်းဖို့လည်း လည်ချောင်းတစ်လျှောက်ဆို့လျက် ဘာစကားမှ မထွက်...။
အော်ဟစ်တွန်းထိုးပစ်ဖို့ စုဆောင်းထားသည့် အင်အားများသည် သူ့မျက်လုံးစူးစူးတစ်ချက်မှာ ချိနဲ့နုံးခွေသွားခဲ့၏။
"အဟင့်!...သိမ်းပိုက်"
ထိန်းချုပ်ထားသည့်ကြားကနေ ရှိုက်သံနှင့်အတူ အားကိုးတကြီး ခေါ်လိုက်မိလျှင်...၊
"ခွမ်း!...."
"ဟင်!...မင်း..မင်း...သိမ်းပိုက်ကမ္ဘာ"
ခေါင်းကိုလက်နှင့်ပြန်အုပ်ပြီး မစ္စတာလီ လဲကျသွားတော့သည်။သိမ်းပိုက်က ကွဲသွားသည့် ပုလင်းကို ဆုပ်ကိုင်လျက် မီးဝင်းဝင်းတောက်မတတ်စိုက်ကြည့်ကာ..၊
"လူယုတ်မာကြီး.."
"ခွပ်!...ခွပ်!..."
အပိုင်း(၁၆)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း