💘မှတစ်ပါး.....အခြားမရှိ💘
"နင့်မာမီ ဒီမှာကတည်းက သူရဲ့ငယ်ချစ်ဦးနဲ့လက်ထပ်ပြီးမှ ဟိုကို အတူတူထွက်သွားကြတာ ခြိမ့်၊ဒီအကြောင်းတွေကိုသိသိချင်းချင်း ပြောပြမလို့ပါပဲ ဒါပေမယ့်...နင်အရမ်းခံစားသွားရမှာစိုးလို့ ငါမြိုသိပ်နေခဲ့တာ၊ အဲဒီအချိန်တုန်းကလည်း သိမ်းပိုက်ကမ္ဘာကိစ္စက ရှိနေတော့ ဖွင့်မပြောရက်ခဲ့တာပါ၊ နင်အပြစ်တင်လည်း ခံရုံပဲ ခြိမ့်ရယ်"
ခုတင်ထက်၌ လဲလျောင်းရင်း ခြိမ့် မျက်လုံးလေးတွေ တစ်နေရာတည်းမှာ စူးစိုက်ငြိမ်သက်လျက်..။ မျက်ရည်ကျနေတာမျိုးလည်း မဟုတ်ပဲ မျက်တောင်လေးတွေ ခြံရံနေသည့် မျက်ဝန်းအိမ်တွင်းမှာ ကျောက်တွင်းလေးလို တလက်လက်တောက်နေခဲ့သည်။
"ငိုလိုက်ခြိမ့်..၊ နင်ရင်ထဲ ရှိသမျှ ဖွင့်ထုတ်ပြီး ငိုချလိုက်စမ်းပါ၊ အဲဒီလိုကြီး မနေနဲ့လေ"
ခုတင်ပေါ်မှာ လာထိုင်ပြီး ဟန်သာက သူ့ဘက်ကလက်ဖဝါးလေးကို ဆုပ်ကိုင်၍ စိတ်မကောင်းသလို ပြော၏။
ခြိမ့် မျက်လွှာအသိမ်းမှာ မျက်ရည်ကြောင်းတွေက နားသယ်စပ်ဆံစတွေထဲ တိုးဝင်စီးကျသွားသည်။ငိုဖို့တောင် နှလုံးသားက ထုံကျင်နေပါပြီ။
"အန်တီ နင့်ကို ဘာလို့ဖွင့်မပြောတာလည်းတော့ ငါလည်းမသိဘူး၊ နင့်ဒက်ဒီ ရှင်းမိန့်မိန့်ခန့်နဲ့ မယူခင် အန်တီက အရင်လက်ထပ်သွားခဲ့တာ အမှန်ပဲ"
ဟန်သာစကားသံတွေက နားထဲ ဝင်တစ်ချက်၊ မဝင်တစ်ချက်။ဆို့နစ်နာကျင်မှုတို့နှင့် နှလုံးသားတစ်ခုလုံး ကြေကွဲခံစားနေရ၏။မာမီ့ကို သိပ်ချစ်သိပ်ယုံကြည်ခဲ့မိသည်။ ဒက်ဒီကို စိတ်နာခဲ့တာ မာမီကို အဓိက သနားလို့။ ဒက်ဒီကြောင့် မာမီတစ်ယောက် ဟိုးအဝေးကြီးကို လွင့်သွားခဲ့တယ်လို့ ထင်ခဲ့တာ။
ခုတော့ မာမီမှာလည်း ဒီလိုအကြောင်းတွေ ရှိနေသတဲ့လား..၊ မာမီရော ဒက်ဒီရော အဖော်သစ်တွေနဲ့ သိုက်မြုံတစ်ခုစီဖြစ်နေပြီ။ ခြိမ့်ဘဝက ဘာလဲ။ ခြိမ့်က ဒက်ဒီနဲ့မာမီတို့ရဲ့သမီးမဟုတ်ဘူးလား။ဘာကြောင့် ခြိမ့်ကို ရက်ရက်စက်စက်ခွဲခွာရက်ကြတာလဲ။
အဖေရယ်အမေရယ်သားသမီးတွေရယ်ဆိုတဲ့ ရိုးရှင်းတဲ့ မိသားစုဘဝလေး ဘာကြောင့်မဖြစ်ရတာလဲ။
"ခြိမ့်ရယ်...နင် ထိခိုက်ခံစားသွားတာ ငါ ကိုယ်ချင်းစာခံစားလို့ရပါတယ်၊ငိုလိုက် သူငယ်ချင်း ငါ့ကိုရင်ဖွင့်ပြီး အားရငါးရငိုချလိုက်စမ်းပါ၊ဒီလိုကြီး မြိုသိပ်မထားနဲ့ဟ"
အပေါ်မျက်နှာကျက်အမိုးကို ကြည့်နေပေမယ့် ခြိမ့်မျက်လုံးထဲမှာ ဘာမှ မမြင်သလိုဖြစ်နေသည်။ မာမီ့မျက်နှာ၊မာမီ့ပုံရိပ်တွေသာ အထပ်ထပ်ရစ်ဝဲလျက်။
ခြိမ့် မငိုခဲ့ပါ။ရင်တစ်ခုလုံးပြည့်သိပ်နာကျင်လျက် ငိုလို့မရတော့သည့်အထိဖြစ်နေခဲ့သည်။
"အန်ကယ် ငါ့ဆီလာသွားတယ်"
အပေါ်စီးက မြင်နေရသည့် ခြိမ့်မျက်နှာလေးကို ငုံ့မိုးကြည့်ရင်း ဟန်သာ စကားရှေ့ဆက်မရဖြစ်နေ၏။
မပြောလို့လည်း မဖြစ်။ ဒီအချိန်မှာ ခြိမ့်ကို တစ်ယောက်တည်း လေလွင့်မနေစေချင်။ပတ်ဝန်းကျင်ဆိုတာ ရှိပေမယ့် မိန်းမပျိုလေးတစ်ယောက်တည်း တိုက်ခန်းငှားနေတဲ့အဖြစ်က မသင့်တော်ဘူးလို့ထင်သည်။
ခြိမ့်ရဲ့မျက်ရည်တွေ ပြည့်အိုင်ကာ စိုရွှဲနေသည့် နားသယ်စပ်ဆံစလေးတွေအထိ မျက်နှာတစ်ခုလုံးကို စီးမိုးမြင်နေရ၏။
"အန်ကယ် နင့်အကြောင်းတွေ လာမေးသွားတယ် ခြိမ့်၊ နင့်ကို အိမ်ပြန်လာချင်ရင် အချိန်မရွေးပြန်တက်လာနိုင်တယ်တဲ့၊ နင့်လိပ်စာကို တောင်းနေတာ၊ ငါလည်း နင့်ကို အသိမပေးရသေးတာနဲ့ မျက်နှာပူပူနဲ့ပဲ ဘူးကွယ်လိုက်ရတယ်၊ ကိုခွန်စေးသာတို့ဆီကျတော့ အန်ကယ် သွားမေးချင်ပုံမရဘူး"
ပြန်မေးသူမရှိပဲ ဟန်သာက သူ့ဘာသာအဖြေကို အစီအစဥ်တကျဖြေသွားခဲ့သည်။ခြိမ့် ဘာမှ မကြားချင်တော့...၊ မိဘနှစ်ဦးစလုံး သူမအပေါ် အကြင်နာနည်းပါးခဲ့လို့ သူတို့သဘောအတိုင်းလုပ်ခဲ့ကြတာ မဟုတ်လား။သူမဘဝ၊သူမခံစားချက်ကို ဘယ်သူက ထည့်တွက်ခဲ့လို့လဲ။
"စဥ်းစားပေါ့ဟာ၊ အိမ်ထောင်တစ်ခုကို လွယ်လွယ်ကူကူသဘောထားပြီး တည်ဆောက်ရင်တော့ သဘောထားတွေ ကွဲလွဲလာတဲ့အခါ အခြေမခိုင်တဲ့ အုတ်မြစ်က အလွယ်တကူပျက်စီးသွားမှာပဲ၊သိမ်းပိုက်ကမ္ဘာနဲ့ကိစ္စကို ငါ တိုက်တွန်းမှာ မဟုတ်ပေမယ့် ကိုတည်ကြည်နဲ့ကိစ္စကိုတော့ နင်ပြန်ပြီး စဥ်းစားသင့်တယ် ခြိမ့်"
ခြိမ့် မျက်လုံးတွေကို မှိတ်ပစ်လိုက်တော့ မျက်ရည်သည် အထိန်းအကွပ်ကြားမှ လွတ်လပ်စွာဖြတ်သန်းကျလာသည်။
နွေးထွေးမှုတို့နှင့် ဖျားယောင်းခဲ့သော လှပသည့် ထောင်ချောက်ထဲမှာ လည်စင်းခဲ့ရပြီးပြီ၊ကိုယ့်အလှည့်တစ်ဖန်ရောက်လာမှ ဒီအတိုင်းကျေအေးလိုက်ရတော့မလား..၊ ဟင်အင်း..။
ခြိမ့် မျက်လုံးတွေကို ပို၍ဖိပိတ်ထားမိသည်။သူ့သမီးနာမည်က သိမ်းပိုက်ချစ်ခြင်းတဲ့လား..၊ ဟိုတစ်ခါ အတူတွဲတွေ့ခဲ့တဲ့ မိန်းကလေးက ကိုတည်ရဲ့ဇနီးလောင်းဆိုတော့ သူ့ဇနီးက ကလေးမွေးပြီးပြီးချင်းဆုံးသွားတယ်ဆိုတာ တကယ်လား။
ကိုတည်နဲ့ တွဲမိတာ အဲဒီလောက်အထိ အပြစ်ကြီးသွားသလား..၊အစကတည်းက ဘာလို့ ချစ်သလိုခင်သလိုနဲ့ ကြင်နာမှုတွေပြခဲ့တာလဲ..၊ တကယ်တော့ တည်ကြည်နဲ့ပြဿနာမှာ သူ ညာရက်ခဲ့တာဟာ ဘာဆိုင်လို့လဲ..၊ ခြိမ့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာသည်။ဒီယောကျ်ားနဲ့ပက်သက်ပြီး မငိုတော့ဘူးလို့ ဘယ်လိုစိတ်ကို တင်းထားပြီး ထူမတ်ဖို့ကြိုးစားကြိုးစား မျက်ရည်က မခိုင်တော့ပေ..။
ခြိမ့် ရှုံးပြီးရင်း ရှုံးနေခဲ့သလား..၊
လက်တစ်ဖက်သည် ရင်ဘတ်ပေါ်တင်ထားလျက် တစ်ဖက်က ဘေးမှာ ဆန့်ချထားပြီး မျက်လုံးတွေကျတော့ စုံမှိတ်ထားခြင်းဖြစ်သည်။
"နင်တို့နှစ်ယောက်လက်ထပ်ပြီးရင် သူ့ကို နိုင်ပြီလို့ ထင်နေတဲ့အယူအဆက မှားနေတယ်လို့ ငါတော့ထင်တယ် ခြိမ့်၊ ကောင်လေးက ဂျစ်တစ်တစ်မိုက်ကန်းကန်းလေးရယ်...နင့်ကို မရီးတစ်ယောက်လို ဆက်ဆံမှာ မဟုတ်ဘူး၊ငြိစွန်းဖူးတဲ့အဖြစ်တွေကို ဘယ်လို ဖျောက်ဖျက်ပစ်မလဲ၊ နင်ကိုယ်တိုင်ရော ဒီအဖြစ်တွေရှိခဲ့ပါရဲ့နဲ့ သူတို့ညီအစ်ကိုကြားမှာ လိပ်ပြာသန့်သန့်နဲ့ နေနိုင်မလား"
ခြိမ့် မျက်လုံးတွေ ဖျတ်ခနဲ ပွင့်လာပြီး ဟန်သာ့ကို စူးစူးစိုက်စိုက်ကြည့်လျှင်..၊
"နေဦးခြိမ့်..၊ ငါ အရင်ပြောပါရစေ၊ နင်လိပ်ပြာသန့်ပြီး နေနိုင်ရင်တောင် သိမ်းပိုက်ကမ္ဘာက ငြိမ်နေမှာ မဟုတ်ဘူး၊ အဲဒီတော့ နင်တို့အိမ်ထောင်ရေးက တည်ရုံဆောက်ခဲ့တဲ့အိမ်လို မုန်တိုင်းမလိုဘူး လေပြည်လေးတစ်ချက်ဝေ့လိုက်တာနဲ့ ပြိုလဲသွားမှာပဲ၊မတည်မြဲတဲ့ အိမ်ထောင်တစ်ခုကို မတည်ဆောက်ချင်ပါနဲ့ ခြိမ့်ရယ်"
ဟန်သာ ရှင်းပြနေသည့် စကားတွေကို နားထောင်ရင်း ရင်ထဲမှာ ဒဏ်ရာ အထပ်ထပ်နက်နေခဲ့သည်။မိဘနှစ်ပါးရဲ့ ဖောက်ပြန်မှု၊ရက်စက်မှုတွေကို မြင်ယောင်လာမိ၏။တာဝန်မကျေတဲ့ ဥယျာဥ်မှူးတွေကြောင့် ခြိမ့်နှလုံးသားတွေ ဆတ်ဆတ်ခါအောင်နာကျင်ကြေမွခဲ့ရခြင်းဖြစ်၏။
"မှားခဲ့ကြတာကို ငါ အပြစ်ပြောနေတာ မဟုတ်ဘူး၊ နောက်ထပ်အမှားတွေ မကျူးလွန်အောင် ငါ ပြောပြနေတာပါ ခြိမ့်ရယ်၊ ခုချိန်မှာ နင်ရွေးချယ်မဲ့ယောကျ်ားက ကိုတည်ကြည်လုံးဝမဖြစ်သင့်တော့ဘူး၊ သိမ်းပိုက်ကမ္ဘာကို နိုင်လိုစိတ်နဲ့ နင်အငြိုးအတေးတွေထားနေတာ နင်လည်း မငြိမ်းချမ်းရဘူးမို့လား၊ အရှုံးပေးခြင်းဟာ အကောင်းဆုံးအနိုင်ယူခြင်းပါပဲဟာ၊ ခံစားချက်တွေကို နည်းနည်းလေးလျော့ပြီး ပြန်စဥ်းစားကြည့်ပါဦး"
ဟန်သာက နဖူးပေါ်ဝဲကျနေသည့် ဆံပင်လေးတွေကိုသပ်တင်ပေးပြီး နားဝင်အောင်ဖျောင်းဖျနေခဲ့သည်။ ထိုစဥ်...၊
🎼🎼ကြင်နာသူ မကြင်နာသူ..
နေနိုင်ရက်တဲ့ ချစ်သူလေး..
အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်...
ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်..
ညာနေတာတွေ ရင်ထဲက..
ငိုနေမိလည်း ခဏပါပဲ...
ဖုန်းမြည်သံက ခြိမ့်ကို အရင်က အမှတ်တရတွေထဲ ဆွဲချသွားခဲ့သလို...၊မျက်လုံးထဲမှာ ခန့်ညားချောမောသော တစ်စုံတစ်ယောက်ရဲ့မီးဝင်းဝင်းတောက်မတတ်မျက်လုံးတွေ၊ ဝင်းခနဲလက်သွားသည့်မီးရောင်နှင့်အတူ ခြိမ့်ဆီကို အရှိန်နှင့်ပြေးဝင်လာသော ကားတစ်စီး၊ ပြီးတော့ ဆူးထက်စူးစေခဲ့သော စကားလုံးတွေကို မြင်ယောင်၊ကြားယောင် လာမိသည်။
လာနေတာက ခြိမ့်ရဲ့ဖုန်း၊ ကိုင်ဖို့ကိုမေ့လျော့နေတော့ ဟန်သာကပဲ ယူပြီး နားထောင်လိုက်၏။
"ဟဲလို.."
" ကျွန်တော် နှိုင်းခြိမ့်ခြိမ့်သာနဲ့စကားပြောချင်လို့၊တဆိတ် သူ့ကို ဖုန်းပေး ပေးပါလား"
သြဇာသံအပြည့်နှင့် ယဥ်ယဥ်ကျေးကျေးပြောနေပေမယ့် စကားသံမှာ အမိန့်ဆန်နေခဲ့သည်။သိမ်းပိုက်ကမ္ဘာ ဆိုတာကို ဟန်သာ သိလိုက်၏။
"မင်းက သိမ်းပိုက်ကမ္ဘာလား၊ တို့ကခြိမ့်သူငယ်ချင်းပါ၊သူ မင်းနဲ့စကားပြောချင်မှာမဟုတ်ဘူး၊ မင်းနဲ့သူ့ကြားမှာ တို့သိသလောက်တော့ ဖုန်းဆက်စရာဘာအကြောင်းမှ မရှိဘူးလို့ တို့ထင်တယ်၊ခုလိုလုပ်နေတာ ခြိမ့်ကို သက်သက်ဒုက္ခပေးနေသလိုပဲ သိမ်းပိုက်ကမ္ဘာ"
"ဟ!...ခင်ဗျားကဘာလဲ၊ ကျွန်တော် ခြိမ့်နဲ့ပဲ ပြောမယ်၊ သူ့ကို ဖုန်းပေးလိုက်ပါ"
"မင်း ပြောစရာရှိတာ တို့ကို ပြော"
"နေစမ်းပါဦး ခင်ဗျားနဲ့ဘာကြောင့်ပြောရမှာလဲ၊ ခင်ဗျားက ခြိမ့်အမေလား.."
စိတ်မရှည်သံနှင့် ခပ်ဆတ်ဆတ်ပြောလိုက်ပုံက ဟန်သာ့နားထဲ ခါးသွား၍..၊
"ခြိမ့်အမေ မဟုတ်ပေမယ့် ခြိမ့်အကြောင်းကို အူမချေးခါးသိတဲ့ ခြိမ့်ရဲ့အချစ်ဆုံးသူငယ်ချင်း၊ အဲဒါကြောင့် မင်း ပြောစရာရှိတာ တို့ကို ပြောလို့ရတယ်"
"ကျစ်!.."
တစ်ဖက်ကနေ မချင့်မရဲအသံထွက်လာပြီးနောက် အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။ ခြိမ့်ကိုကြည့်လိုက်တော့ လည်ပင်းကျိုးမတတ်တစ်ဖက်ကို စောင်းငဲ့ထား၏။
သိမ်းပိုက်ကမ္ဘာနဲ့ပက်သက်တာ ဘာကိုမှ မကြားချင်တော့၍လား..၊ဘာကြောင့်လည်းဆိုတာ ခြိမ့်ကိုယ်တိုင်ကလွဲပြီး မသိနိုင်။
"သူ အနားမှာ ရှိတယ်မို့လား"
စိတ်ကိုမချင့်မဆန့်ဆွဲဆန့်ထားရသံမျိုးနှင့် အတန်ကြာမှ စကားပြန်စလာ၏။
"ရှိတယ် ဒါပေမယ့် သူက မင်းနဲ့စကားမပြောချင်ဘူး၊ ဖုန်းဆက်တာ မဟုတ်မှလွဲရော မင်းအစ်ကိုနဲ့များပက်သက်နေသလား"
"ခင်ဗျား သိနေတယ်လား၊ အင်း...ခြိမ့်က အားလုံးပြောပြထားမှာပေါ့၊ ကောင်းပြီလေ...ဒါဆိုလည်း ခင်ဗျားနဲ့ပဲ ပြောကြတာပေါ့၊ခင်ဗျားသူငယ်ချင်း လုပ်နေတာတွေကို ရပ်တန်းကရပ်လိုက်ပါလို့၊ မဟုတ်ရင် ကျွန်တော် ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး"
"ခြိမ့်က ဘာတွေလုပ်နေလို့ မင်းက ခြိမ်းလားခြောက်လား လုပ်နေရတာလဲ"
"ဘာလုပ်နေသလဲဆိုတာ ခင်ဗျားသူငယ်ချင်းကိုသာ ပြန်မေးကြည့်၊ ကိုတည်ကြည်နဲ့ဇယားတွေကို ခုရပ်တန်းကရပ်ခိုင်းပါ၊ သတိပေးနေတဲ့ကြားက ဆက်လုပ်ရင်တော့ နောက်မှ ကျုပ်ကို အပြစ်မတင်နဲ့"
"မင်း အဲဒီလောက်အထိ ဝင်စွပ်ဖက်ဖို့မလိုပါဘူး၊ အဲဒါ ခြိမ့်ကိစ္စပါ၊ သူတို့ချင်းပြေလည်ရင် ပြီးတာပဲ၊ မင်းနဲ့မဆိုင်ပါဘူး"
"ဘာလို့မဆိုင်ရမှာလဲ၊အဲဒါ ကျွန်တော့်မိန်းမ.."
"အဟွန့်.."
ဟန်သာ မဲ့ပစ်လိုက်ကာ...၊
"မိန်းမဟုတ်လား၊ အဲဒီလို ဘယ်တုန်းက သတ်မှတ်ခဲ့ဖူးလို့လဲ၊ မင်းရဲ့လိုအင်ဆန္ဒတစ်ခုတည်းအတွက်ခြိမ့်ကို မင်း ညအိပ်ဖော်တစ်ယောက်လို သဘောထားခဲ့တာပဲ မဟုတ်လား၊ဒီမှာ သိမ်းပိုက်ကမ္ဘာ...ခြိမ့်ကို မနှောက်ယှက်ပါနဲ့တော့၊ ခြိမ့်ဘဝလေးကို ချမ်းသာခွင့်ပေးလိုက်ပါတော့၊ မင်းတို့ကြောင့် ခြိမ့်ဘယ်လောက်ထိခိုက်ခံစားနေရသလဲ သိရဲ့လား၊ တော်သင့်ပါပြီ...လက်ထပ်ထားခဲ့တာမဟုတ်တဲ့ မင်းရဲ့ဘာမဟုတ်ညာမဟုတ်ဘဝကို ဖိနင်းပြီး အနိုင်ယူဖို့ကြိုးစားတာဆိုရင်တော့ မင်းက ယောကျ်ားမဟုတ်လို့ပဲ သိမ်းပိုက်ကမ္ဘာ၊နစ်ပြီးသားဘဝတစ်ခုကို နောက်ထပ်ထိုးမနှစ်ချင်ပါနဲ့တော့၊ တို့ ဒါပဲပြောချင်တယ်"
ဟန်သာ ပြောချင်တာကို ဆက်တိုက်ပြောချလိုက်ပြီး ဦးအောင်ဖုန်းချပစ်လိုက်သည်။နောက်ထပ်မခေါ်အောင် ဖုန်းပါ တစ်ခါတည်းပိတ်ပစ်လိုက်ပြီးမှ ခြိမ့်ကို လှမ်းကြည့်မိ၏။
ခုတင်ပေါ်တွင် တစ်ဖက်သို့စောင်းလှည့်နေသည့် ခြိမ့် မျက်ဝန်းထောင့်မှာ လဲ့ခနဲစီးကျသွားတာ မျက်ရည်တွေလား..၊မမြင်ရသည့် ခြိမ့်ရင်ထဲမှာ ဘယ်လောက်များ နာကျင်ခံစားနေလိုက်မလဲ..။
ဟန်သာ ခြိမ့်ကို မသက်မသာငေးကြည့်၍ သက်မအခါခါချမိသည်။ သူမ ဝတ္တရားက ခြိမ့်ကို နှစ်သိမ့်ဖျောင်းဖျဖို့ပဲ ဖြစ်၏။
ခြိမ့်ကို မနာကျင်စေချင်ပါ....၊
..................................................................
"ဘာ!....DTTက ရှယ်ယာတွေကို ဦးခွန်စေးသာဝယ်သွားပြီ ဟုတ်လား"
"ဟုတ်ပါတယ် အမ်ဒီ၊စောစောကပဲ DTTက ဖုန်းဆက်တယ်၊ဦးခွန်စေးသာတို့ဘက်က ပိုပေးပြီး ပြန်ယူသွားတယ်တဲ့၊ အမ်ဒီနဲ့ပြောထားတာကို အားနာနာနဲ့ပဲ ပြန်ရုတ်သိမ်းပါရစေတဲ့"
နေလင်းပြောနေတာကို နားထောင်ရင်း လက်ထဲက ဖုန်းကို ကျိုးကြေလုမတတ်ဖိဆုပ်ထားမိ၏။DTTဖက်က မြန်မာလုပ်ငန်းရှင်တွေနဲ့အကျိုးတူပူးပေါင်းချင်ပါတယ်ဆိုပြီး ဆက်သွယ်လာခဲ့တာ လိုလိုလားလားနှင့်။ အားလုံးပြောဆိုထားပြီးပြီ စာချုပ်ချုပ်ဖို့ပြင်ဆင်နေကာမှ ဦးခွန်စေးသာကို ရောင်းလိုက်တယ်ဆိုတော့...၊
"မစ္စတာလီကိုယ်တိုင်ဖုန်းဆက်တာလား နေလင်း"
ရေလဲပုဆိုးနှင့် ခေါင်းက ရေစက်တွေ တတောက်တောက်ကျနေလျက်ကနေ မှန်တွေချည်းကာရံထားသည့် နံရံနားရောက်သွားကာ လိုက်ကာစကို ဆွဲဖယ်ပစ်လိုက်သည်။သုံးထပ်မြောက်ကနေ စီးမိုးမြင်နေရသည့် ဘဲဥပုံပြာလဲ့လဲ့ရေကူးကန်နှင့် အတန်းလိုက်ပုံဖော်စိုက်ထားသော နှင်းဆီရောင်စုံ၏ မြင်ကွင်းသည် မလှပတော့သလိုဖြစ်သွား၏။
ပုံဖော်ရိတ်ထားသော နှုတ်ခမ်းမွှေးစစနှင့် မျက်ခုံးထူထူတစ်စုံကို ပိုင်ဆိုင်ထားသည့် မျက်နှာကို မြင်ယောင်မိသည်။အပြိုင်အဆိုင်ဆိုတာ စီးပွားရေးလောကမှာ မဆန်း၊ ထူးခြားနေတာက ခုတလော သူ့နယ်ပယ်ထဲကို ဦးခွန်စေးသာ ဝင်နေရာယူနေခြင်းပင်။နှစ်ပတ်လည်ပွဲတုန်းက ရှူသိုးသိုးအကြည့်တစ်ချက်ကို သွားအမှတ်ရမိ၏။
ဘာလဲ...ဒီလူ သက်သက်ပြိုင်ဆိုင်နေတာ။
"အမ်ဒီဖုန်းကို ခေါ်လို့မရလို့ ကျွန်တော်ဆီဆက်တာ၊ မနေ့ကပဲ သူတို့စာချုပ်ချုပ်ပြီးသွားပြီ အမ်ဒီ"
"ဦးခွန်စေးသာဝယ်သွားတာ သေချာလား နေလင်း"
"သေချာပါတယ် ကျွန်တော် စုံစမ်းပြီးပါပြီ၊ ဦးခွန်စေးသာရဲ့ကိုယ်စားလှယ်က လာဆွေးနွေးသွားတာတဲ့၊ ကြိုက်စျေးပေးဝယ်သွားတယ်လို့လဲ ပြောတယ် အမ်ဒီ"
"ကောင်းပြီ နေလင်း၊ ဦးခွန်စေးသာကို တစေ့တစောင်းကြည့်နေ၊ မျက်ချေမပြတ်စေနဲ့ကြားလား"
"ဟုတ်ကဲ့ အမ်ဒီ၊ ဒီနေ့စက်ရုံဘက်ကို သွားမှာလား"
"အေး...စက်ရုံဘက်ကပြန်မှ ကုမ္ပဏီကို ရောက်မယ်၊ ငါခိုင်းတဲ့ကိစ္စကို သေချာစုံစမ်းထား နေလင်း"
သူ ဖုန်းချပစ်လိုက်ပြီး ဖုန်းကို မွေ့ရာပေါ်လှမ်းပစ်တင်လိုက်သည်။ပြိုင်သူရှိနေမှတော့ ကိုယ့်ဘက်က နောက်ချန်နေရစ်လို့ရမလား..၊ သူ့ရာဇဝင်ကို အပွန်းအပဲ့မခံနိုင်..။
နံရံကပ်မှန်ဗီရိုကြီးတွေချည်းတန်းထားသည့်ဘက်ကို ပြန်လျှောက်လာခဲ့ရင်း လည်ပင်းမှာ တင်ထားသည့် သဘတ်နှင့် ခေါင်းကို သုတ်လာခဲ့သည်။ ဒရိုင်ယာနှင့် မှုတ်ရတာကို သူ မကြိုက်..၊သဘတ်နှင့် မစိုမခြောက်လေးသုတ်ပြီး စိုကပ်ကပ်လေးဖြစ်နေသည့် ခံစားချက်ကို သူ သဘောကျ၏။
အကျီတွေချည်းပဲ စီချိတ်ထားသည့် မှန်ဗီရိုကြီး၏မှန်ချုပ်ကို ဆွဲဖွင့်လိုက်ပြီး ရှပ်အကျီလက်ရှည်၊လက်တို၊ စပို့ရှပ်၊တီရှပ်တွေ အတန်းလိုက် သီးသန့်ခွဲထားသည့် ရှေ့မှာ ရပ်ကာ နက်ပြာရောင်လည်ကတုံး ရှပ်လက်ရှည်တစ်ထည်ထုတ်ယူလိုက်သည်။ ပြီးတော့ ခြေရင်းဘက်အခြမ်းက ဗီရိုဆီဆက်လျှောက်သွားပြီးစိမ်းဖန့်ဖန့်ပိုးတွဲ ပုဆိုးတစ်ထည်ထုတ်ယူပြီး ရေလဲပုဆိုးနှင့် လဲဝတ်လိုက်သည်။ အောက်ခံစွပ်ကျယ်တစ်ထပ်ခံကာ ရှပ်အကျီကို ကြယ်သီးအစေ့တပ်ဝတ်လိုက်၏။
မှန်ရှေ့ပြန်ရောက်တော့ ခေါင်းကို သေသေသပ်သပ်ဖြစ်အောင်ဖီးသင်ပြီး ရေမွှေးစွတ်လိုက်ရုံနှင့် ပြင်ဆင်တာပြီးသွားခဲ့သည်။အခန်းထဲကနေ ထွက်လာပြီး ဓာတ်လှေကားရှေ့ရောက်မှ တစ်စုံတစ်ခုကို သွားသတိရ၏။မေမေဖိတ်စာတွေ ဖိတ်ခိုင်းထားတာပဲ။ ကိုကိုနဲ့အရင်ဝင်တွေ့လိုက်တာ ပိုကောင်းလိမ့်မည်။ ကိုကို့အခြေအနေကိုလည်းအကဲခတ်ရင်း..၊
ဓာတ်လှေကားနှင့် မဆင်းဖြစ်တော့ပဲ ရိုးရိုးကြောင်လိမ်လှေကားကြီးကနေ ဒုတိယထပ်ကို ဆင်းခဲ့သည်။ဖေဖေနှင့်မေမေအပါအဝင်အိမ်သားအားလုံး ဒုတိယထပ်မှာပဲ နေကြတာ။ သူသာ လွတ်လွတ်လပ်လပ်နေချင်လို့ တတိယထပ်ကို အပိုင်သိမ်းထားခဲ့ခြင်းဖြစ်၏။လှေကားရင်းနံရံတွေမှာ ပန်းချီကားချပ်တွေ ချိတ်ဆွဲထားပြီး လှေကားထောင့်တစ်ဆစ်ချိုးနေရာတွေကျတော့ ပန်းအိုးကြီးတွေနှင့် ရှေးဟောင်းလက်ရာပန်းပုရုပ်တွေကို အလှထားခဲ့သည်။ဒါတွေအားလုံးဟာ သူတို့ဘိုးဘေးဘီဘင်လက်ထပ်ကတည်းက ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ်တွေပင်။
ရေတံခွန်ဘေးကနေ ပတ်လျှောက်လာပြီး ဒုတိယမြောက်အခန်းရှေ့အရောက်မှာ ခြေလှမ်းတွေ ရပ်သွားခဲ့သည်။ဒါဟာ..ကိုကိုပိုင်အခန်း..။အခန်းရှေ့မှာ လေးထောင့်ဆန်ဆန်နံရံကပ်စာအုပ်စင်ထဲမှာ ကိုကိုနှစ်သက်တဲ့စာအုပ်တွေ အကန့်လိုက်စီထည့်ထားသည်။စာကြည့်ခန်းမှာရော ကိုကို့အခန်းထဲမှာပါ စာအုပ်စင်တွေပြည့်နေပေမယ့် အခန်းရှေ့မှာ ဒီစာအုပ်စင်လေးရှိနေခဲ့တာ ကိုကိုရဲ့စာအုပ်တွေကို ချစ်တတ်သည့်ဝါသနာကြောင့်..။
တံခါးခေါက်မလို့ လက်ရွယ်ပြီးမှ ခပ်ဟဟလေးဖြစ်နေသည့် တံခါးကနေ သူ အထဲကို ဝင်လိုက်သည်။အရင်ကတည်းက ကိုကို့အခန်းကို သူ တံခါးမရှိဓားမရှိဝင်ထွက်နေကြ။ သူကသာ ကိုယ့်အခန်းကို သူများဝင်တာမကြိုက်တာ၊ကိုကိုကျတော့ သူ့လိုမဟုတ်။
ဧည့်ခန်းပုံစံလေးလုပ်ထားသည့် အထဲကို လျှောက်ဝင်လာရင်း မျက်လုံးက တစ်ခန်းလုံးကို ဝေ့ဝဲရှာနေမိသည်။ အခန်းက သူ့အခန်းပုံစံလိုမျိုး မဟုတ်၊ ဧည့်ခန်းကနေ ခန်းစီးကာရံထားသည့်နောက်မှာမှ အိပ်ခန်းဖွဲ့ထားခြင်းဖြစ်သည်။ အခန်းထဲကို ဝင်ဝင်ချင်း ဧည့်ခန်းကို ဖြတ်ပြီးမှ အိပ်ခန်းကို ရောက်၏။
"မေမေသိလို့ရမလားကွ၊ အားလုံး မိုးမီးလောင်သွားမှာပေါ့၊ တစ်ဖက်ကနေ မသိမသာခိုးပြီးလှုပ်ရှားရတာ ၊ ဒီလိုမှ မလုပ်ရင်လည်း ခြိမ့်နဲ့ငါ ပေါင်းရမှာ မဟုတ်ဘူး၊သျှင်ယွန်းနဲ့ပက်ပင်းမိပြီးကတည်းက ငါ့ကို ခြေလှုပ်ခြေ၊လက်လှုပ်လက် လိုက်ကြည့်နေတာ၊ ခု ကိစ္စကို လုံးဝသိလို့မရဘူးနော် ဟေ့ကောင်"
အိပ်ခန်းဘက်ကို ဖြတ်ဝင်လုဆဲဆဲ အထဲက ကိုကို့အသံကြောင့် ခန်းဆီးအကွယ်ကနေ ရပ်နားထောင်နေမိသည်။ ကိုကို ဘာတွေကြံနေတာလဲ...၊
"တော်ကြာ မင်းဆီကို မေမေ ဖိတ်စာတွေလာပို့ပေးလိမ့်မယ်၊ အဲဒါတွေကို ဟန်မပျက်ယူထားလိုက်၊ ဆေးရုံလာရင်းနဲ့မှ မင်းတကယ်ဖိတ်ရမဲ့ဖိတ်စာတွေကို ငါ လာပို့မယ်၊ ကြားလား ရဲ"
မျက်မှောင်ကုတ်လိုက်ရင်း သူ တစ်စုံတစ်ခုကို တွေးမိသွား၏။ထိုစဥ်...ကိုကို ဆက်ပြောလာသည်က..၊
"မင်းကလည်း ဒုန်းဝေးလိုက်တာလွန်ရော ရဲရာ၊ မေမေ မင်းကိုဖိတ်ခိုင်းတဲ့ဟာက သျှင်ယွန်းနဲ့ဖိတ်စာ၊ အဲဒီဖိတ်စာတွေ ငါ့အသိုင်းအဝိုင်းထဲရောက်သွားလို့မဖြစ်ဘူး၊ မင်း တကယ်လိုက်ဖိတ်ပေးရမှာက ငါနဲ့ခြိမ့်ရဲ့မဂ်လာဖိတ်စာ၊ အဲဒါတွေကို ငါလာပေးမယ်၊ လုံးဝမမှားနဲ့နော် ရဲ...မင်းတကယ်လိုက်ဖိတ်ရမဲ့အထုပ်က ငါလာပေးမဲ့အထုပ်နော်"
သြော်!..ဒီလိုလား...၊ သူ ပြုံးလိုက်မိရင်း အခန်းထဲကနေ အသာလေးပြန်ထွက်လာခဲ့သည်။ ဖိတ်စာတွေလဲပြီးဖိတ်ဖို့ကြံနေတာပါလား..၊
ကိုကို့လုပ်ဖော်ကိုင်ဖက်တွေ၊သူငယ်ချင်းမိတ်ဆွေတွေကို ကိုကိုပဲ စီမံပြီး သူ့သူငယ်ချင်းကိုရဲသီဟကို တာဝန်ပေးထားခဲ့တာ။သျှင်ယွန်းတို့ဘက် အသိုင်းအဝိုင်းတစ်ခုလုံးကို ဖိတ်ဖို့ကျတော့ မေမေကိုယ်တိုင် သူ့ကို တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ဖိတ်စာတွေကို သီးသန့်ခွဲဝေမယ်ဆိုတာ ဒီလိုအကြံအစည်တွေနဲ့လား..။ ကိုကိုက အခွင့်ကောင်းယူပြီး ခြိမ့် နှင့်လက်ထပ်မတဲ့လား...၊ အဟွန့်..။
မေမေရှေ့ကနေ ဖိတ်စာထုတ်ကို ဘယ်နည်းနဲ့မှ သယ်ရဲမှာ မဟုတ်တာကို သူ သိသည်။ ဒါဆို အဲဒီဖိတ်စာတွေ ဘယ်နေရာမှာ ဝှက်ထားမလဲ...။ မဂ်လာပွဲက တစ်ပတ်ပဲ လိုတော့သည်။ ဖိတ်စာတွေကို ဒီနေ့၊မနက်ဖြန်မှ မဝေလို့မဖြစ်တော့..၊ခုပဲ ဖိတ်စာတွေသွားပို့မှာဆိုတော့ .. ဝှက်ထားနိုင်တာ တစ်နေရာပဲ ရှိတော့၏။
"မေမေ"
"သားငယ်!...လာလေ၊ တစ်ခါတည်းသွားတော့မလို့လား"
"ဟုတ်တယ် မေမေ၊ စက်ရုံကို ခဏဝင်ကြည့်ပြီး ဟိန်းလတ်တို့နဲ့လိုက်ဖိတ်လိုက်မယ်၊ဒီကောင်တွေလည်း ရှိနေတော့ တစ်ခါတည်း အဆင်ပြေတာပေါ့"
"လာ...ကော်ဖီသောက်သွားဦး"
"မသောက်တော့ဘူး မေမေ၊ နောက်ကျနေလို့၊ မေမေ့မြေးကို ကြည့်လိုက်ပါဦး၊ ကျွန်တော်ဆင်းလာတော့ မနိုးသေးဘူး"
"အေးပါ၊ ဖိတ်စာထုပ်က ဟိုပေါ်မှာ၊ တစ်ထုပ်ကို မင်းကိုရဲဆီဝင်ပို့ပေးလိုက်ဦး၊ သူတို့သူငယ်ချင်းအပေါင်းအသင်းတွေ၊ သူတို့ဆရာသမားတွေကို ဖိတ်ရအောင်"
"ဟုတ်ကဲ့၊ ဒါနဲ့ ကိုကို ဆင်းမလာသေးပါလား"
"စောစောကမှ မေမေနှိုးထားရတယ်၊ တော်တော်နဲ့ဆင်းလာဦးမှာ မဟုတ်ဘူး၊ဘာဖြစ်လို့လဲ"
"ဘာမှမဟုတ်ပါဘူး၊ ကျွန်တော့်မျက်မှန်ပျောက်နေလို့ အဲဒါ ကိုကို့ကားထဲမှာများ မေ့ကျန်ခဲ့သလားလို့.. နေတော့ မေမေ၊ ကျွန်တော့်ဘာသာပဲ သွားရှာကြည့်လိုက်တော့မယ်"
"ဖိတ်စာတွေယူဖို့မေ့ဦးမယ်နော်"
"မမေ့ပါဘူး၊ သွားပြီ မေမေရေ၊ ဖိတ်ရမဲ့စာရင်းတွေရော တစ်ခါတည်း ပါတယ်မို့လား"
"ပါတယ်...ကားလည်းဖြည်းဖြည်းမောင်းဦးနော် သားငယ်"
"ဟုတ်ကဲ့ပါခင်ဗျာ့.."
ရယ်ကျဲကျဲလေး နှုတ်ဆက်ပြီး ဖိတ်စာထုတ်တွေသယ်ကာ ထမင်းစားခန်းထဲကနေ ထွက်လာခဲ့သည်။ သော့တွဲတွေချိတ်ထားသည့် နေရာရောက်တော့ ကားသော့နှစ်ခုကို ရွေးယူပြီး အိမ်ထဲကနေ ခပ်သွက်သွက်လှမ်းထွက်ခဲ့သည်။ ကားဂိုထောင်ဆီကို လှမ်းနေသည့် ခြေလှမ်းများက သွက်လက်နေသလို သူ့မျက်နှာသည်လည်း စူတင်းတင်းဖြစ်နေ၏။
ကိုကိုစီးနေကျ မာစီဒီးအနက်ရောင်ဆီအရင်လှမ်းသွားပြီး သော့ဖွင့်ကာ အထဲဝင်ရှာသည်။ခေါင်းခန်းထဲမှာ ဘာမှမတွေ့၊ ဒက်ရှ်ဘုတ်တွေထဲလည်း ရှာပြီးပြီ။ နောက်ဖုန်းကို ဖွင့်ပြီး ကြည့်ပြန်တော့လည်း ဘာပစ္စည်းမှ ရှိမနေ။ ကားနားမှာ ရပ်ရင်း ခါးထောက်ကာ မျက်မှောင်ကုတ်၍ စဥ်းစားနေမိသည်။
အခန်းထဲမှာတော့ ဘယ်နည်းနဲ့မှ မထားနိုင်ပါ။သူရော မေမေရော ဝင်ထွက်နေတာ၊ ထားတယ်ပဲ ဆိုပါတော့ မေမေရှေ့ကနေ အဲဒီအထုပ်ကို သယ်သွားရင် အလိုလိုပေါ်ကုန်မှာ။ ဒီကားထဲကလွဲပြီး မထားနိုင်..၊
ခေါင်းခန်းထဲကို ပြန်ဝင်ပြီး နောက်တစ်ခေါက်ကြည့်၏။ မတွေ့...၊ နောက်ခန်းတံခါးကို ဆွဲဖွင့်လိုက်တော့မှ ခုံပေါ်မှာ တင်ထားသည့် အထုပ်ကို သွားမြင်မိခြင်းဖြစ်သည်။ စောစောကတည်းက နောက်ခန်းကို ဖွင့်ရှာလိုက်ရင် ပြီးပြီ။
ထုပ်ထားသည့် အထုပ်ကို ကပြာကယာဖြည်ကြည့်လိုက်တော့ ထင်သည့်အတိုင်း ဖိတ်စာတွေ...၊
လက်တွေက ပန်းနုရောင်စိုလဲ့နေသည့် ဖတ်စာကို အမြန်ဖွင့်ဖောက်ပြီး ဖတ်လိုက်ရင်း ကျိခနဲအံကြိတ်မိသွား၏။ပြီးတော့ မဲ့သောအပြုံးတွေ နှုတ်ခမ်းထက်မှာ ချက်ချင်းထင်သွားခဲ့ပြီး အထုပ်ကိုပြန်ပိတ်လိုက်သည်။
"ဒီပွဲရဲ့ အနိုင်အရှုံးပရော်ပါပလက်တီက ကျုပ်လက်ထဲမှာပဲ ခြိမ့်"
အသင့်ယူလာသည့် ဖိတ်စာထုပ်ကို စောစောကနေရာမှာ ထားလိုက်ပြီး လျှို့ဝှက်သိမ်းဆည်းထားသည့် ဖိတ်စာထုပ်ကို သူ့ကားထဲ ပစ်ထည့်လိုက်သည်။ ကိုကို့ကားသော့ကို ယူလာသည့်နေရာမှာ အသာလေးပြန်ထားကာ ဂိုထောင်ထဲကနေ ကားမောင်းထွက်လာခဲ့သည့်အထိ သူ လှုပ်ရှားသမျှကို ရိပ်မိသူ တစ်ယောက်မှ မရှိ..။
သတို့သားကိုကိုနဲ့သတို့သမီးက နှိုင်းခြိမ့်ခြိမ့်သာ...၊ နေရာက ထရိတ်ဒါး...၊ နှစ်ဆယ့်ငါးရက် တနဂ်နွေနေ့ဆိုတော့ ဒီဘက်က မဂ်လာပွဲနဲ့တစ်နေ့တည်းတစ်ချိန်တည်း..။
ကိုကိုတစ်ယောက် သုံးပါးသွားကဖို့ ရည်ရွယ်နေတာ မဟုတ်ရင်တောင် ကိုကိုရွေးချယ်မဲ့ မင်းသမီးက ဘယ်သူဆိုတာ သိနေတာမို့...၊
အပိုင်း(၁၅)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း