book

Index 13

အပိုင်း(၁၃)

💘မှတစ်ပါး....အခြားမရှိ💘


"ခြိမ့် သဘောကျရဲ့လား.."


ပန်းနုရောင်အခံထဲမှာ ဖောင်းကြွရွှေစာလုံးတွေနှင့် အသည်းပုံထဲမှာ မြှားနတ်မောင်ရုပ်လေးက တကယ့်ရုပ်ကြွနေသည့်အတိုင်း။ဖိတ်စာလေးကို ဖွင့်လိုက်သည်နှင့် ချိုအီအီလေးမွှေးမြနေပုံက စိတ်ကို ရွှင်လန်းစေသည်။ တည်ကြည်ခန့်ညားနှင့်နှိုင်းခြိမ့်ခြိမ့်သာဆိုသော နာမည်တွေက ရွှေရောင်တလက်လက်နှင့်။ ဖိတ်စာကို ကြည့်လိုက်တာနှင့်တန်ဖိုးကိုပါ ခြိမ့် တစ်ခါတည်းသိလိုက်သည်။


"ဘယ်လိုလဲ ဖိတ်စာပုံစံလေးကို ခြိမ့် စိတ်ကြိုက်ဖြစ်တယ်မို့လား၊ခြိမ့် ကျေနပ်အောင် အတတ်နိုင်ဆုံးစဥ်းစားလုပ်ထားတာ၊ အဲဒီနေ့အတွက် ထရိတ်ဒါးမှာပဲ ဘိုကင်ရခဲ့တယ်၊ အဲဒါတောင် ကိုယ့်အသိတွေမို့၊ မဟုတ်ရင် နှစ်လစာလောက်ပြည့်နေတာ၊  သူတို့ကတော့ စီဒိုးနားမှာ ဘိုကင်ယူထားပြီးပြီ၊တစ်နေရာဆီဆိုတော့ ပိုကောင်းပါတယ်"


ဖိတ်စာလေးကို လှည့်ပတ်ကြည့်ရင်း ခြိမ့်နှုတ်ခမ်းလေး ပြုံးရီရီလေးဖြစ်နေ၏။


ခပ်တည်တည်စူးရဲနေသည့်မျက်လုံးတွေကို သွားမြင်ယောင်မိသည်။ ရက်စက်မှုတွေ အဆမတန်ပစ်ပေါက်တတ်သော ညိုလုလုနှုတ်ခမ်းပါးများကို ကွက်ခနဲ မြင်မိပြန်တော့ ချက်ချင်းဖျောက်ဖျက်ပစ်လိုက်မိ၏။


အကြိမ်ကြိမ်အခါခါ အရှုံးမပေးနိုင်၊ ဒီတစ်ခါတော့ ခြိမ့်အလှည့်ပဲ သိမ်းပိုက်ကမ္ဘာ..။


မျက်နှာချင်းဆိုင်ထိုင်၍ ခြိမ့်မျက်နှာလေးကို တစိမ့်စိမ့်ထိုင်ကြည့်နေပေမယ့် တည်ကြည် မျက်နှာသည် ကြည်နူးဝမ်းသာခြင်းတို့ဖြင့် ပြုံးနေ၏။ဖိတ်စာကို အိတ်ထဲပြန်ထည့်နေသည့် ခြိမ့်လက်ဖဝါးလေးကို ဆွဲယူဆုပ်ထွေး၍..၊


"ကိုယ်တော့ သိပ်ပျော်တာပဲကွာ၊ အိပ်မက်မက်နေသလိုတောင် ထင်မိတယ်၊ ခြိမ့်ရော... သိပ်ပျော်နေလားဟင်"


သူ ဆုပ်ထွေးထားသည့် လက်ကို ပြန်မရုန်းပဲ အလိုက်သင့်လေးနေရင်း ခြိမ့် အလှပဆုံးပြုံးနေလိုက်သည်။ တစ်ခွန်းမှတော့ ပြန်မပြောဖြစ်။


"ခြိမ့်ဘက်ကို ဘယ်လောက်ဖိတ်ချင်သလဲ၊ ငါးရာနဲ့ လောက်ရောလောက်ရဲ့လား"


"တော်ပါပြီ၊ ဒက်ဒီနဲ့သိပ်အဆင်ပြောတာမဟုတ်ဘူး ကိုတည်ရဲ့၊ ဒီငါးရာလောက်ဆို အတော်ပါပဲ"


"ခြိမ့်ဒက်ဒီကို မပြောထားဘူးလား"


စိုးရိမ်မကင်းမျက်နှာနှင့်တည်ကြည်က ပြောတော့ ခြိမ့် လက်လေးကို အသာရုန်းထွက်ပစ်ရင်း စားပွဲနောက်ကို တိုးကာ လက်လေး အသာပိုက်လိုက်ပြီး..၊


"ဟင်အင်း...ခြိမ့် တစ်ခါတည်း အိမ်ပေါ်က ဆင်းလာခဲ့တာ၊ ဒက်ဒီကိုယ်တိုင်က ခြိမ့်ဘာလုပ်လုပ် စိတ်ဝင်စားမှာ မဟုတ်ဘူး၊ ခြိမ့်လည်း ဒက်ဒီကို မ​ပြောချင်လို့ တမင်အသိမပေးတာ၊ ထားလိုက်ပါ..ခြိမ့်နဲ့ကိုတည် ဘဝတစ်ခုတည်ထောင်တာ နှစ်ဖက်မိဘတွေက အဓိက မဟုတ်ပါဘူး"


ခေါင်းလေးငုံ့ကာ ပိုက်တံလေးကို မွှေနှောက်နေရင်း တည်ကြည် သူမကိုကြည့်၍ ဂရုဏာသက်နေမှာကို စိတ်ထဲက အလိုလိုသိနေ၏။


"ဆောရီး ခြိမ့်"


"ဘာကိုလဲ.."


တည်ကြည့်ဆီ အကြည့်တွေ ပြန်ပို့ရင်း မေးတော့ တောင်းပန်တိုလျှိုးသော မျက်နှာနှင့်သူ ခြိမ့်ကို ကြည့်လာပြီး..၊


"ကိုယ့်မိဘတွေနဲ့ပက်သက်ပြီး နှစ်ဖက်ကြည်ဖြူတဲ့မဂ်လာပွဲမျိုး မလုပ်ပေးနိုင်တဲ့အတွက် ကိုယ် တကယ်စိတ်မကောင်းဖြစ်ရတယ် ခြိမ့်"


"ဒါလေးများ...အဟင်း..."


ခြိမ့် ခပ်လွင်လွင်လေး ရယ်မောလိုက်မိသည်။သူက မျက်ခုံးတွေ တွန့်ကွေးလျက် ခြိမ့်ရယ်မောနေတာကို ခပ်စိုက်စိုက်လေးကြည့်ကာ ..၊


"ကိုယ့်စကားထဲမှာ ခြိမ့်အတွက်ရယ်စရာများ ပါသွားလို့လား၊ ခြိမ့်ကို ကိုယ်က နှစ်ဖက်မိဘတွေ ရှေ့မှာ ခမ်းနားတဲ့မဂ်လာပွဲမျိုး ဖန်တီးပေးချင်ခဲ့တာ၊ ခုတော့ အခြေအနေတွေက မျှော်လင့်သလိုဖြစ်မလာတော့ ခြိမ့်အတွက် ကိုယ်တကယ် စိတ်မကောင်းဖြစ်ရတာပါ၊ ခြိမ့်ဒက်ဒီဆီမှာ ခြိမ့်ကို မိသားဖသားပီပီတောင်းရမ်းပြီးမှ လက်ထပ်မယ်ဆိုတဲ့ ကိုယ့်စိတ်ကူးတွေလည်း ဖြစ်မလာတော့ဘူး၊ ဒီလိုမှ မလုပ်ရင်လည်း ခြိမ့်နဲ့ကိုယ် ပေါင်းဖက်ရဖို့ မလွယ်ဘူး"


ရှင့်မိဘတွေက ခြိမ့်ကို မကြည်ဖြူခဲ့တာပါ တည်ကြည်...၊ ရှင့်အသိုင်းအဝိုင်းတစ်ခုလုံးက ရွံစရာမိန်းမအဖြစ် အထင်တကြီး မရှိကြတာပါ။


ရှင်နဲ့ နီးစပ်သွားမှာစိုးလို့ ရှင့်မိဘတွေက တခြားမိန်းကလေးနဲ့ ပေးစားကြတယ်၊ ရှင့်ညီကတော့ သူ့အစ်ကိုဆရာဝန်ကြီးနဲ့ မတူမတန်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ခြိမ့်ဘဝ၊ခြိမ့်အလှကို ရက်ရက်စက်စက်ချိုးနှိမ်ပစ်ခဲ့တယ်..။


နှိုင်းခြိမ့်ခြိမ့်သာဆိုတာ ဘယ်လိုမိန်းမမှန်း သူတို့သိသွားစေရမယ်၊ သူတို့ခါးခါးသီးသီး ရွံမုန်းနေတဲ့ ခြိမ့် ရှင်တို့မိသားစုထဲကို ဝင်လာပြမယ်။မတူဘူးမတန်ဘူးလို့ သတ်မှတ်ထားတဲ့ ဆရာဝန်ကြီးဇနီးနေရာကို မိန့်မိန့်လေး ဝင်ထိုင်ပြီး ရှင်တို့တစ်မိသားစုကို လှလှပပကြီးကို အနိုင်ယူပြမယ်..အဟွန့်..။


"ခြိမ့်.."


"ဟင်....."


"ကိုယ်ကြိုပြီး ရင်ခုန်နေတယ်ကွာ၊ ခြိမ့်ကို ကိုယ် တကယ်ပိုင်ဆိုင်ခွင့်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ ညညဆို ကောင်းကောင်းအိပ်မပျော်ဘူး ခြိမ့်ရယ်"


"ကြည့်လုပ်ပါဦး ဆရာဝန်ကြီးရယ်၊ ခြိမ့်ကြောင့်ဖြစ်တဲ့ရောဂါဆို ခြိမ့်လည်း မကုတတ်ဘူးနော်"


"မရဘူး ဒီရောဂါက ခြိမ့်ကုပေးမှ ပျောက်မှာ.."


တည်ကြည်က တစ်မျိုးလေးပြောပြီး ခြိမ့်ကို မျက်စိတစ်ဖက်လှစ်ခနဲ မှိတ်ပြ၏။တည်ကြည်ခန့်ညားဆိုသော ယောကျ်ားသည် သူမရှေ့ရောက်လာသည့်အခါ ဆရာဝန်ကြီးဆိုသည့်ဂုဏ်ပုဒ်တွေ ပျောက်လျက် လူငယ်လေးလို ဖြစ်သွားတတ်သည်။လူပျိုပေါက်လေးလိုလို သွက်လက်သည့်အပြုအမူတွေက တစ်စုံတစ်ယောက်အတိုင်းပင်။


"သွားကြရအောင်၊ ညနေဆေးခန်းထိုင်ရဦးမယ်မို့လား ကိုတည်က.."


"အင်း...လေးနာရီပြန်ထိုင်ရမှာ၊ အချိန်တွေကလည်း ကုန်လွယ်လိုက်တာကွာ၊ ချစ်သူလေးမျက်နှာကို ကြည့်လို့တောင် မဝသေးဘူး"


"ကိုပို.."


ခြိမ့် မျက်စောင်းလေးထိုးပြီး ထရပ်လိုက်တော့ သူပါ ရယ်မော၍ လိုက်ထလာသည်။


ပိုက်ဆံရှင်းပြီး ဆိုင်ထဲကနေ လက်တွဲပြီး လျှောက်လာစဥ် တည်ကြည်က ခြိမ့်နားလေးကို တိုးကပ်ပြီး ခပ်တိုးတိုး​ပြောလာ၏။


"ပြန်တောင်မပို့ချင်တော့ဘူးကွာ၊ ကိုယ်နဲ့တစ်ခါတည်းလိုက်ခဲ့ပါလား"


"အမယ်...ရမလား"


ခေါင်းလေးမော့ကာ ခြိမ့် သဘောတကျရယ်မောမိရင်း..၊


"လူလည်...ရှင်နဲ့အတူတူပြန်ရမှာတောင် လန့်လာပြီနော်"


ခြိမ့် သူ့လက်မောင်းကိုပါ ဆွဲဆိတ်ပစ်လျှင်..၊


"အလကားနောက်တာကွာ၊ တကယ်လန့်သွားတယ် ကြည့်..."


ဒုတိယအကြိမ်မြောက် မျက်စောင်းက သူ့မျက်နှာဆီ ဒိုင်းခနဲပစ်ဆောင့်သွား၏။


"တကယ်ထင်နေတဲ့အတူတူ မထူးတော့ပါဘူး၊ တစ်ခါတည်းပဲ ခေါ်သွားလိုက်တော့မယ်...လာ"


"သွား!..."


တမင်စနောက်နေသည့် သူ့ကို တွန်းထိုးပြီး အတူတူရယ်မောလိုက်ကြသည်။ 


ခြိမ့်ရယ်သံတို့သည် ခြောက်ကပ်ကပ်နှင့် အသက်မဲ့နေတာကို ကိုယ့်ဘာသာကိုယ်သိသည်မို့...၊


"ကိုကို...."


"ဟင်!....သျှင်ယွန်း.."


တရင်းတနှီးနှုတ်ဆက်သံကြောင့် ခြိမ့် မျက်နှာချင်းဆိုင်က မိန်းကလေးဆီ မျက်လုံးရောက်သွားသလို ထိုမိန်းကလေးကလည်း သူမကို စေ့စေ့စပ်စပ်ကြည့်လာ၏။


ခြိမ့်မျက်လုံးတွေ ကျဥ်းမြောင်းသွား၍ ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းတွေ မြည်သွားသည်။တစ်ခါမြင်ဖူးရုံမျှနှင့် နှလုံးသားကြေးမုံမှာ စွဲထင်ခဲ့ခြင်းဖြစ်၏။သူမဘဝကို နင်းခြေခဲ့သူရဲ့ မဟေသီ၊ တစ်နည်းပြောရရင်...သိမ်းပိုက်ကမ္ဘာရဲ့ ဇနီး..။


အသားလေးကညိုညက်ညက်နှင့် အနီးကပ်မြင်လိုက်မှ ရိုးရိုးလေးနှင့် မျက်စိယဥ်အောင် ချောမွေ့နေ၏။ရှည်လျားနက်မှောင်နေသည့် ဆံပင်တထွေးကြီးကို နောက်ဘက်မှာ ဖားလျားချထားပြီး ဟိုတစ်ခါမြင်လိုက်သည့်အတိုင်း အရောင်ပဲကွဲသည့် ထဘီနှင့် အကျီရိုးရိုးလေးနှင့်သာ။


လှပသည့်မျက်ဝန်းအိမ်ထဲမှာ ကြေကွဲယူကြုံးမရဖြစ်သွားသည့် အရိပ်အယောင်တို့နှင့် တည်ကြည့်ကို ကြည့်ပြီး ဒီဘက်ကို လှည့်လာတော့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။


အထင်သေးရှုံ့ချသော မျက်လုံးတို့ဖြင့် ခြိမ့်တစ်ကိုယ်လုံးကို ပိုက်စိပ်တိုက်ကြည့်လျှင် အသွေးအသားထဲကနေ ထောင်းခနဲ ဖြစ်သွားပြီး တည်ကြည့်လက်မောင်းကို ပိုင်ပိုင်နိုင်နိုင်ချိတ်ဆွဲပစ်လိုက်ကာ..၊


"ကို့အသိလား..."


"သြော်...အင်း...သျှင်ယွန်း...ညနေဆေးခန်းက ပြန်ရင် ကိုယ်လာခဲ့မယ်"


"ကိုကို.."


ရှောင်ထွက်လာသည့် ခြေလှမ်းတွေရှေ့ကနေ ပိတ်ကာတားဆီးခေါ်လိုက်သည့် ထိုမိန်းကလေးအပြုအမူကြောင့် ခြိမ့် မျက်ခုံးတွေ တွန့်ချိုးသွားခဲ့သည်။ဘယ်လိုလဲ ပိုင်စိုးပိုင်နင်းနိုင်လှချည်လား..၊ကိုကိုတဲ့..။ခြိမ့်ကို ကြည့်တဲ့မျက်လုံးတွေကျတော့လည်း မနာလိုမုန်းတီးခြင်းတို့နှင့်။သူမက သိမ်းပိုက်ကမ္ဘာရဲ့ဇနီးမဟုတ်ဘူးလား..၊ ဘာကြောင့် တည်ကြည်နဲ့ခြိမ့်ကို တွဲမြင်ပြီး ထိခိုက်ကြေကွဲနေရတာလဲ။


တည်ကြည့်လက်မောင်းကို တွဲလျက် ပူးပူးကပ်ကပ်ဖြစ်နေသည့် ခြိမ့်ကို ကြည့်ပြီးမှ တည်ကြည့်မျက်နှာကို မျက်ရည်ပြည့်ရွှမ်းသော မျက်ဝန်းတို့ဖြင့် ကြည့်ပြီး...၊


"ဒါဘာတွေလဲ၊ သျှင်ယွန်း နားမလည်လို့၊ ဒါ ဘာသဘောလဲ ကိုကို၊ အရေးကြီးတဲ့ခွဲစိပ်မှုဆိုတာ ဒါလား.."


ဒီဘက်ကို မျက်နှာလှည့်လာပြီး ပေါ်ပေါ်ထင်ထင်ကြီး မေးလိုက်တော့ ခြိမ့် စိတ်ထဲ ဖျင်းခနဲ ဖြစ်သွားပြီး..၊


"မင်းက ဘယ်သူမို့လဲ၊ ကိုတည်ရဲ့ ညီမတော့ ဟုတ်မယ်မထင်ဘူး"


"ခြိမ့်..ကိုယ်.."


"ကိုကိုက သျှင်ယွန်းရဲ့ခင်ပွန်းလောင်း၊မကြာခင်လက်ထပ်ကြတော့မှာ"


"ဒါပဲလား...မသိပါဘူး၊ လက်စသပ်တော့ ကိုတည့်အိမ်က အတင်းပေးစားနေတဲ့သူက မင်းလား.."


"ရှင်က ဘယ်သူလဲ၊ သူများခင်ပွန်းလောင်းမှန်းသိသွားရင်လည်း အရှက်မရှိတွယ်ကပ်မနေနဲ့..." 


"သျှင်ယွန်း!..."


တည်ကြည်အသံက ဒေါသကိုထိန်းချုပ်နေရပုံနှင့် မချိမဆန့်ထွက်လာသည်။ ပတ်ဝန်းကျင်ကို မေ့လျော့လျက် သူ့လက်ထဲက ခြိမ့်လက်တစ်ဖက်ကို တင်းတင်းလေးဆုပ်ကိုင်လိုက်ပြီး..၊


"အဲဒီကိစ္စကို ညနေကျမှ ကိုယ်တို့ဆွေးနွေးမယ်၊ဒါ ငါ့ချစ်သူ ဘာမှ မင်းပုတ်ခတ်စရာမလိုဘူး၊ သွားရအောင်..ခြိမ့်"


"ကိုကို!.."


သျှင်ယွန်းဆိုသော မိန်းမ ဘာဖြစ်ကျန်ခဲ့သလဲ လှည့်မကြည့်တော့။ တည်ကြည်ဆွဲခေါ်လာသည့်အတိုင်း ပါလာရင်း ခြိမ့်နှုတ်ခမ်းလေးတွေ အလိုလိုပြုံးနေခဲ့၏။


မင်းက တည်ကြည်ရဲ့ဇနီးလောင်းတဲ့လား..၊ တည်ကြည်ရဲ့နှလုံးသားတစ်စုံဟာ တို့လက်ထဲမှာ ဘယ်သူမဟေသီဖြစ်မလဲဆိုတာ မင်းသိလာရလိမ့်မယ်..စောင့်ကြည့်..။


................................................................


"သိမ်းပိုက်.."


"ဟဲ့!...သျှင်ယွန်း..ဘာဖြစ်လာတာလဲ"


သူ့ရုံးခန်းထဲကို သျှင်ယွန်း မလာစဖူးရောက်လာလို့ အံ့သြလို့မှ မဆုံးသေး ဆိုဖာပေါ်ထိုင်ချပြီး ရုတ်တရက်ငိုချလိုက်သဖြင့် သူ မျက်လုံးပြူးသွားရသည်။


"သျှင်ယွန်း...ဘယ်သူနဲ့ဘာဖြစ်လာလို့လဲ၊ မငိုနဲ့လေဟာ...ကျစ်!.."


သူမထိုင်နေသည့်အရှေ့မှာရပ်ပြီး ကိုယ်ကိုငုံ့ကိုင်းကာ မျက်ရည်တွေကို သုတ်ပေးမည်ဟန်ပြင်ပြီးမှ လက်ကို ပြန်ရုတ်ပစ်လိုက်မိ၏။ မိသျှင်မက ကိုကိုရဲ့ဇနီးလောင်းဖြစ်နေပြီ။အရင်လို တရင်းတနှီး မနေသင့်တော့။


ဘာတစ်ခွန်းမှ မေးလို့မရပဲ ခေါင်းငုံ့ရှိုက်ငိုနေသည့် သျှင်ယွန်းကို ကြည့်၍ ရင်ထဲမှာ မတင်မကျဖြစ်လာရသည်။ သျှင်ယွန်း တစ်ခါမှ ခုလောက်အထိ ဝမ်းနည်းပက်လက်ရုပ်ပျက်ဆင်းပျက် မငိုဖူးခဲ့ပါ။


"နင် ဘာဖြစ်လာတာလဲ သျှင်ယွန်း"


မပြောပဲ ခေါင်းရမ်းလျက် ဝတ္တရားမပျက်ဆက်ပြီးငိုနေသဖြင့် သူ ကျွဲမြီးတိုလာပြီး..၊


"ဟ!...ဘာမှမဖြစ်ပဲ ငါ့ရုံးခန်းထဲအထိ လာငိုနေတာ ဘာလဲ မျက်ရည်ပေါနေလို့လား"


မလှမ်းမကမ်းမှာ ဝင်ထိုင်လိုက်ပြီး သူ သျှင်ယွန်းကို စေ့စေ့ကြည့်ကာ...၊


"ပြဿနာဆိုတာ ငိုနေရုံနဲ့ ပြီးမသွားဘူးဟ၊ နင် ပြောပြမှ ငါလည်း ဝိုင်းဖြေရှင်းပေးလို့ရမှာပေါ့"


"နင်လည်း ဘာမှလုပ်ပေးလို့မရပါဘူး သိမ်းပိုက်ရယ်"


"နေစမ်းပါဦး၊ ခု နင်ဘာဖြစ်လာတာပဲ အရင်ပြော၊ ဒါမှ ဖြေရှင်းလို့ရမှာပေါ့၊ ရော့!...မျက်ရည်တွေ အရင်သုတ်လိုက်"


တစ်သျှူးဘောက်စ်ထဲက တစ်သျှူးတစ်ခုဆွဲထုတ် ကမ်းပေးပြီး ပြောတော့ သူမက လှမ်းယူပြီး သုတ်၏။နောက်တစ်ခုထပ်ပေးတော့လည်း နှပ်တွေပါသုတ်နေသဖြင့် လက်ပိုက်ကျောမှီရင်း သူ နှာခေါင်းရှုံ့၍ ကြည့်နေလိုက်သည်။


"ကဲ...ငိုရတဲ့အကြောင်းလေး နည်းနည်းလောက်ပြောပါဦး၊ ငိုလို့ရော ဝရဲ့လား၊ မဝသေးရင်လည်း ပြော..ငိုလို့ပြီးတဲ့အထိ စောင့်ပေးမလို့"


"သိမ်းပိုက်နော်...ဒီမှာ ငိုနေပါတယ်ဆို.."


ရှိုက်သံလေးစွတ်၍ သျှင်ယွန်းက မျက်စောင်းလေးထိုးကာ ပြောလာတော့ သူ ပခုံးတွန့်လိုက်ပြီး..၊


"မသိပါဘူး ငါက ရယ်နေသလားလို့"


သူ တမင်ရွဲ့ပြောလိုက်သည်။


"ဆို...ဘာကြောင့်ငိုရတာလဲ၊ မျက်ရည်ပေါလို့တော့ ဟုတ်မယ်မထင်ဘူး၊ ရည်းစားသူများနောက်ပါသွားတယ်ပြောရအောင်လည်း.."


"သိမ်းပိုက်!..."


ပြောလိုက်မှ ထပ်ငိုချလိုက်သဖြင့် သူပင် မျက်လုံးပြူးသွားခဲ့သည်။


"ကိုကို...ကိုကိုရက်စက်တယ် သိမ်းပိုက်"


"ဟင်!.."


နောက်ပြောင်ကြည်စယ်လိုသည့် မျက်နှာမှာ ချက်ချင်းတည်သွားပြီး သူ သျှင်ယွန်းနားကို ဖျတ်ခနဲရောက်သွားကာ..၊


"ကိုကိုဘာဖြစ်လို့လဲ၊ နင့်ကို ဘာပြောလိုက်လို့လဲ"


"ကိုကို မိန်းမတစ်ယောက်နဲ့တွဲနေတယ်၊ အဲဒီမိန်းမက သူ့ချစ်သူတဲ့၊ ဟင့်...ဟင့်...ကိုကို အရမ်းရက်စက်တာပဲ သိလား၊မနက်ကတော့ အရေးတကြီးခွဲစိပ်စရာရှိလို့တဲ့ ဖိတ်စာတွေကို ငါတစ်ယောက်တည်းသွားယူရတာ၊ သူကျတော့ သူ့ချစ်သူနဲ့ ရယ်မောပျော်ရွှင်နေတာ"


 သူ မျက်ခုံးတွေ တွန့်ကုတ်ရင်း မျက်နှာပါ တည်တင်းသွားလျက်..၊


"ကိုကိုကိုယ်တိုင် ပြောတာလား သူ့ချစ်သူလို့"


"ဟုတ်တယ်၊ငါနဲ့ထိပ်တိုက်ဆုံတာတောင် အဲဒီမိန်းမလက်ကို မလွှတ်ဘူး၊ ငါ့ကိုလည်း အော်ငေါက်သွားသေးတယ်"


"အဲဒီမိန်းမပုံစံက ခေတ်မှီမှီနဲ့ခပ်ဟော့ဟော့ထဲကမို့လား၊ အသက်က ကိုကိုနဲ့မတိမ်းမယိမ်းလောက်"


"ဟုတ်တယ်...ဆံပင်က ပခုံးထိရုံရွှေရောင်လေးနဲ့ လှတာတော့ အတော်လှတယ်၊ နေစမ်းပါဦး...သိမ်းပိုက်၊ သူ့ကို နင် သိနေတာလား"


သူ ပြန်မဖြေဖြစ်ခဲ့။ လှပ၍ မာယာတို့နှင့်ပြည့်နှက်နေသော မျက်နှာကို မြင်ယောင်မိသည်။ 


နှိုင်းခြိမ့်ခြိမ့်သာကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်..၊ ဒီမိန်းမ တော်တော်ကြောက်စရာကောင်းပါလား..။


ခင်ဗျားပြောတဲ့ တန်ပြန်ပစ်ပေါက်မှုက ဒါလား...၊


ကျုပ်ဆိုတဲ့ကောင်က နံရံလိုလူဆိုတော့ ပစ်လွှတ်သူထံပဲ ပြန်လာမှာကို ခင်ဗျား သိသင့်တယ် ဒေါ်နှိုင်းခြိမ့်ခြိမ့်သာ..။


.................................................................


"ပြန်လာပြီလား.."


"ဘုတ်!..."


"ဟဲ့!...ဘာဖြစ်လာတာလဲ ခြိမ့်ရယ်၊ လန့်လိုက်တာ"


လက်ထဲက အထုပ်ကို စားပွဲပေါ် ပစ်ချလိုက်သဖြင့် ဆိုဖာပေါ်မှာ လှဲလျောင်းရင်း စာဖတ်နေသည့် ဟန်သာ အလန့်တကြား ထထိုင်လာ၏။


"နင် ဘယ်အချိန်ကတည်းက ရောက်နေတာလဲ"


ခြိမ့် မီးဖိုဘက်ကို ကူးသွားပြီး ရေခဲသေတ္တာထဲကနေ ရေပုလင်းကို ထုတ်ယူလိုက်သည်။ ဖန်ခွက်ထဲကို ထည့်ပြီး နှစ်ခွက်ဆင့်သောက်ပြီးမှ ထမင်းစားပွဲမှာ ထိုင်ချလိုက်၏။ဟန်သာက နောက်ကနေ လျှောက်လိုက်လာပြီး...၊


"နင့်ကို ဖုန်းဆက်ပြီးပြီးချင်းထွက်လာတာ၊နင်ပေးထားတဲ့ သော့တစ်ချောင်းလည်း ရှိနေတာနဲ့ ငါ့ဘာသာဖွင့်ပြီး ဝင်နေလိုက်တာ၊ ဒါနဲ့ ကိုတည်ကြည်နဲ့ နင်ရဲ့ အခြေအနေက ဘယ်လိုလဲ ခြိမ့်"


"ငါ သူနဲ့လက်ထပ်တော့မယ် ဟန်သာ"


"ဘာ!..."


ခြိမ့်ရှေ့က ခုံမှာ ဝင်ထိုင်ပြီး ဟန်သာက သူမကို စူးစိုက်ကြည့်၍...၊


"နင် ဘာတွေလျှောက်လုပ်နေတာလဲ ခြိမ့်"


"အကြောင်းမဲ့ သက်သက် ငါဘာမှမလုပ်ဘူး ဟန်သာ၊ခါးခါးသီးသီးဖြစ်နေတဲ့ အဲဒီမိသားစုထဲကို ဝင်ချင်ရုံပဲ၊ ဒါမှ သူ့ကို ငါ ကောင်းကောင်းကလဲ့စားချေနိုင်မှာ"


ကိုယ် နာကျင်ခဲ့ရတာတွေအတွက် တစ်ခုခုတော့ ပြန်ပေးဆပ်ရမှာပေါ့။ ဒါမှ ကျေနပ်နိုင်မည်။


"ကိုတည်ကြည်နဲ့လက်ထပ်မှ ဖြစ်မှာလား၊ တခြားနည်းလမ်း စဥ်းစားပါဦး"


ခြိမ့် ခေါင်းရမ်းလိုက်သည်။


"စဥ်းစားနေဖို့ ငါ့မှာ အချိန်မရှိဘူး ဟန်သာ၊ကြုံရာလက်နက်စွဲပြီး တိုက်ခိုက်ရမှာပဲ၊ အဓိက က ငါ့လက်နက် သူ့နှလုံးသားတည့်တည့်ကို သွားထိဖို့ပဲ အရေးကြီးတာ"


"အဲဒီလက်နက်က နင့်ဆီပြန်လာရင် ဘယ်လိုလုပ်မလဲ ၊ သိမ်းပိုက်ကမ္ဘာ နင့်အပေါ်ကျူးလွန်ခဲ့တဲ့အမှားက အရမ်းလွန်တာ ဟုတ်တယ်၊ နင် ခွင့်မလွှတ်နိုင်တာလည်း မှန်တယ် ခြိမ့်၊ သူ့ကို နာကျည်းမုန်းတီးတာ တစ်ခုတည်းနဲ့ ကိုတည်ကြည်ကို နင် လက်မထပ်သင့်ဘူးလို့ ငါထင်တယ်၊ သူတို့ညီအစ်ကိုကြားမှာ နင် ဘယ်လိုနေထိုင်မလဲ ခြိမ့်၊ပြီးတော့ နင်နဲ့သိမ်းပိုက်ကမ္ဘာအကြောင်းကို ကိုတည်ကြည်သိသွားခဲ့ရင်လဲ..."


"တော့ပါတော့ ဟန်သာ၊ ငါ သူ့ကို အနိုင်ယူချင်တယ်၊ ငါ ခံစားခဲ့ရသလို သူ့ကိုလည်း နာကျင်ခံစားစေချင်တယ်၊ အဲဒီအတွက် ဘာပဲလုပ်ရလုပ်ရ ငါ နောက်မဆုတ်ဘူး"


"ကိုတည်ကြည်နဲ့လက်ထပ်လိုက်ရင်ရော နင် နိုင်မယ်ထင်သလား၊ သိမ်းပိုက်ကမ္ဘာက ဒီအတိုင်းလက်ပိုက်ကြည့်နေမှာတဲ့လား၊ ဒီကောင်လေးက လူလည်....နာမည်ပျက်စရာရှိရင် နင်ပဲ ပျက်ရမှာ၊ စဥ်းစားပါဦး ခြိမ့်ရယ်"


"စဥ်းစားလွန်းလို့ ခေါင်းတွေလည်း မီးတောက်နေပါပြီ၊ ငါ ဘယ်နေရာခုတ်လှဲလှဲ သူက အပြုံးပျက်ခဲ့တာ မဟုတ်ဘူး၊သူ့အစ်ကိုနဲ့သဘောမကျလို့ ငါ့ကို ခေါ်လာတယ်၊ ငါ ထွက်လာတော့လည်း အသာတကြည်ကြည့်နေခဲ့တာပဲ၊ သူ့ဆီမှာ သူ့မိသားစုအတွက် အတ္တပဲရှိတာ၊ အဲဒီအတ္တတွေကို ငါ အနီးကပ်ဖြိုချပစ်မှာ"


"ငါကတော့ သိမ်းပိုက်ကမ္ဘာရဲ့အတ္တတွေကို မီးမမွှေးသင့်ဘူးလို့ ထင်တယ်၊ နင် သူတို့မိသားစုနဲ့ သွားမပက်သင့်တော့ဘူး ခြိမ့်၊ သိမ်းပိုက်ကမ္ဘာမှာ သမီးလေး တစ်ယောက်ရှိတာ အမှန်ပဲ၊ နာမည်က သိမ်းပိုက်ချစ်ခြင်းတဲ့၊ သူ့အမေကတော့ မွေးပြီးပြီးချင်း ဆုံးသွားတယ် ပြောကြတာပဲ၊ ဟိုတစ်ခါ တွေ့တဲ့ ကောင်မလေးက.."


"ကိုတည်နဲ့ လက်ထပ်မဲ့မိန်းကလေး၊စောစောကပဲ ငါတို့နဲ့ ဆုံလာတာ"


"ဟင်!...ကိုတည်နဲ့လက်ထပ်မဲ့မိန်းကလေး ဟုတ်လား၊ဒါဆို နင်နဲ့ကိုတည်က.."


ဟန်သာ မျက်လုံးပြူးမျက်စံပြူးနှင့်မေးလျှင် ..၊


"ငါနဲ့ကိုတည်လည်း လက်ထပ်မှာလေ၊ တစ်နေ့တည်းပဲ၊ စီးဒိုးနားမှာ ကျင်းပတဲ့မဂ်လာပွဲက လူကြီးတွေစီမံတဲ့မဂ်လာပွဲ၊ သတို့သမီး တစ်ယောက်တည်း ဆောင်လိမ့်မယ်၊ ထရိတ်ဒါးမှာဆောင်မဲ့ မဂ်လာပွဲက ငါနဲ့ကိုတည် နှစ်ဦးသဘောတူဆောင်တဲ့ ပွဲ၊ မဂ်လာပွဲကတော့ တစ်နေ့တည်းတစ်ချိန်တည်း သတို့သမီး ရှိတာမရှိတာပဲကွာမယ်"


"ခြိမ့် နင်ဘာတွေလျှောက်လုပ်နေတာလဲ၊အဓိပ္ပါယ်မရှိတာဟာ"


ဟန်သာ့မျက်နှာမှာ အံ့သြခြင်း၊ မယုံနိုင်ခြင်း၊ဒေါသတို့နှင့် လုံးထွေးကာ နီမြန်းလာ၏။ 


"ဒီနေ့ ဖိတ်စာသွားရွေးတာ၊ စောစောက စားပွဲပေါ်တင်ခဲ့တာ ဖိတ်စာထုပ်လေ၊ နင် ကြည့်ကြည့်ဦး"


ခြိမ့် စကားလမ်းကြောင်းလွှဲလိုက်ပြီး ခုံကနေ ဦးအောင် ထရပ်လိုက်ကာ..၊


"မဂ်လာပွဲက မလိုတော့ဘူး၊ ငါ့ဘက်ကို ဖိတ်ဖို့ ငါးရာယူလာတယ်၊ ငါ မာမီ့ကို အကြောင်းကြားမယ်၊ မာမီလည်း ငါ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မှာ မဟုတ်လောက်ပါဘူး၊ ဟန်သာ...ငါ မာမီ့ကို မဂ်လာပွဲတက်ဖို့ ပြန်ခေါ်လိုက်ရင် ကောင်းမလား၊ မာမီ ငါ့မဂ်လာဆောင်ကို ပြန်လာမှာပါနော်"


"ခြိမ့်!..."


မျှော်လင့်ချက်တို့ဖြင့် လက်လက်တောက်နေသည့် မျက်လုံးတို့ကို ဟန်သာငေးကြည့်ရင်း သက်ပြင်းဖွဖွရှိုက်မိ၏။


"ငါ့မဂ်လာဆောင်မှာ ဘယ်သူမှ မတက်ရင်တောင် မာမီနဲ့နင့်ကို အနားမှာရှိစေချင်တယ်၊ ငါ မာမီ့ကိုလှမ်းခေါ်လိုက်ဦးမယ်"


"ခြိမ့်..."


သွက်သွက်လက်လက်လှမ်းထွက်လိုက်သည့် ခြေလှမ်းတွေ ခေါ်သံကြောင့် ရပ်သွားပြီး ဟန်သာဘက်ကို ပြန်ငဲ့ကြည့်လျှင်..၊


"နင့်မာမီ လာနိုင်မယ်မထင်ဘူး ခြိမ့်"


"ဘာ!...မာမီ မလာနိုင်ဘူး ဟုတ်လား၊ မာမီ.. မာမီ ဘာဖြစ်လို့လဲ၊ ဟန်သာ မာမီ ဘာဖြစ်လို့လဲ"


မိုက်ခနဲ ဖြစ်သွားသည့် ကိုယ်ကို ပြန်ထိန်းပြီး ဟန်သာ့နားကို ရောက်သွားကာ စိုးရိပ်ပူပင်စိတ်တို့ဖြင့် အလောတကြီးမေးမိသည်။


"နင့်မာမီ ဘာမှမဖြစ်ပါဘူး ခြိမ့်၊ ဒါပေမယ့်...နင့်မဂ်လာပွဲကိုတော့ လာနိုင်မှာ မဟုတ်ဘူး၊ နင့်မာမီ ဟိုမှာ အိမ်ထောင်ကျနေပြီ ခြိမ့်"


မာမီ အိမ်ထောင်ကျနေပြီတဲ့..၊ 


"မာမီ..."


"ခြိမ့်!...."


ဟန်သာ၏စိုးရိမ်တကြီး ခေါ်သံကို သဲ့သဲ့လေးသာ ကြားလိုက်ရ၏။ ခြိမ့်အသိတရားတွေ အမှောင်ဖုံးသွားခဲ့သည်။


အပိုင်း(၁၄)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: