book

Index 12

အပိုင်း(၁၂)

💘မှတစ်ပါး....အခြားမရှိ💘


အနက်ရောင်ဂါဝန်လေးက ရင်ပြတ်နှင့် တင်ပါးအောက်နားအထိ အကျပ်၊ အဲဒီအောက်မှာ ကားဆင်းသွား၏။ပေါင်နားမှာ နှင်းဆီပွင့်ပုံကြီး ထည့်ထားသည့် ဂါဝန်က ခြေဖျားတိုက်နေသည်။  တဖျတ်ဖျတ်လက်နေသည့် စိန်ထည်တွေထက် အနက်ရောင်တောက်နေသည့် မျက်နှာနှင့် အနီရောင် နှုတ်ခမ်းတစ်စုံသည် သူမ အလှကို ပိုပြီးထည်ဝါစေသည်။


အပြောင်သိမ်းလှန်စည်းထားသည့် ဆံပင်တွေကြောင့် မျက်နှာလေးက ပိုပေါ်လွင်နေပြီး သူမဘေးက ဦးခွန်စေးသာနှင့် တွဲလာတော့ ခန်းမတစ်ခုလုံးက စိတ်ဝင်တစား ဝိုင်းကြည့်ခြင်းကို ခံနေရ၏။


စီးပွားရေးလောကမှာ ထိပ်တန်းက အောင်မြင်နေသည့် ဦးခွန်စေးသာဆိုရင် မသိသူမရှိအောင် သျှန်းသျှန်းတောက် အောင်မြင်နေသည့် သူဌေး။ အသက်က သုံးဆယ်ကျော် လူပျိုကြီးမို့ အရာရှိအရာခံသမီးတွေရော သူဌေးသမီး၊သူဌေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးပင်။သူမနှင့် ဦးခွန်စေးသာတို့ ဘယ်လိုတွဲမိသွားတာလဲ..၊


"ဦးခွန်စေးသာတို့ တွဲမဲ့တွဲတော့ တကယ့်အချောအလှလေးပါလား"


ဦးခွန်စေးသာ အားလုံးကို လက်ဆွဲနှုတ်ဆက်ပြီး ဒီဘက်ကို တဖြည်းဖြည်းလျှောက်လာနေသည်။ ပြုံးနေသည့် ခြိမ့်မျက်လုံးလေးတွေ တစ်ဖက်ဝိုင်းက ဦးဉာဏ်သာတို့ဆီ ရွေ့လျားသွားပြီး မျက်မှောင်လေးချီကာ မျက်နှာ ကွက်ခနဲ ပျက်၏။ပြီးမှ ဂရုမစိုက်သလို ဟန်ပန်လေးနှင့် မျက်နှာကို မော့ချီကာ စောစောကအပြုံးမျိုးဆင်မြန်းလျက် ဒီဘက်ဝိုင်းဆီ လျှောက်လာနေသည်။ 


"ဦးခွန်စေးသာ..လာဗျာ ဒီဘက်ကို ကြွ၊ ဒီမှာ ထိုင်ပါခင်ဗျာ့"


အားလုံးက ကြိုဆိုပြီး သူတို့ဝိုင်းမှာ ထိုင်ခိုင်းတော့ ခြိမ့်လက်မောင်းလေးကို အသာဆွဲပြီး ဦးခွန်စေးသာက သူနှင့် မျက်စောင်းထိုးနေရာမှာ ဝင်ထိုင်သည်။ ခြိမ့် ခုံမှာ မထိုင်ခင် သူ့ဆီ မျက်လုံးတစ်ချက်ဝေ့လာ၏။


စူးစိုက်ကြည့်နေသော သူ့ထံ အကြည့်တစ်ချက်ဝေ့လာပြီး ခပ်မဲ့မဲ့အပြုံးနှင့် မျက်နှာ လွှဲသွားခဲ့သည်။ဦးခွန်စေးသာက သူ့ထံ တစ်ချက်လှမ်းကြည့်ပြီး မျက်နှာတစ်ချက်တည်သွား၏။နောက်ထပ် ခပ်စူးစူးအကြည့်တစ်ချက်ပို့ပြီး မျက်နှာလွှဲသွားလျှင် ရင်ထဲ ကျင်ခနဲဖြစ်သွားခဲ့သည်။


ဘာလဲ...အဲဒါဘာအထာလဲ..၊


ရင်ထဲမှာ မတင်မကျနှင့် မျက်မှောင်ကြုတ်မိရင်း သူ့မျက်လုံးတွေ အလိုလိုကျဥ်းမြောင်းသွားလေသည်။


"ဦးခွန်စေးသာ ..ဒါ ကမ္ဘာကွန်စရက်ရှင်ဂရုရဲ့ မန်နေးဂျင်းဦးသိမ်းပိုက်ကမ္ဘာလေ၊ကိုသိမ်းပိုက်ကတော့ ဦးခွန်စေးသာကို သိပြီးသားဖြစ်မှာပါ"


"ဟုတ်ကဲ့"


"ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ ကမ္ဘာလုပ်ငန်းစုက ဦးသိမ်းပိုက်ကမ္ဘာကို ကြားဖူးနေတာ ကြာပါပြီ၊ ခုလို တိုက်တိုက်ဆိုင်ဆိုင်လာတွေ့ရတာ ကျွန်တော် တကယ်ပဲ ဝမ်းမြောက်မိပါတယ်"


"ဦးခွန်စေးသာလို သျှန်းသျှန်းတောက်အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်မျိုးနဲ့ တွေ့ရတာ ကျွန်တော်လည်း ဝမ်းသာဂုဏ်ယူပါတယ်ခင်ဗျာ့"


ထိုင်ကနေ ထပြီး လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။


ဧည့်ခံတည်ခင်းထားသည့် စားစရာတွေကို မတို့မတိပဲ လက်ပိုက်ပြီး ခပ်စူးစူးအကြည့်..ဖျတ်ခနဲဝင့်တက်လာသည့် သူမမျက်လုံးလေးတွေနှင့် လမ်းခုလပ်မှာသွားဆုံသည်။


ဒုတိယအကြိမ်မြောက် မဲ့သောအပြုံးနှင့်ပင် အနိုင်ပိုင်းကာ မျက်နှာလေးလွှဲသွားပြန်၏။


ရောက်တတ်ရာရာစီးပွားရေး အကြောင်းတွေ ပြောဆိုနေကြပေမယ့် သူ စိတ်မဝင်စားပါ။ခပ်တည်တည်နှင့် လက်ပိုက်လျက် အရှေ့စူးစူးကိုသာ ကြည့်နေလိုက်သည်။


ထိုစဥ် ရိပ်ခနဲ မတ်တပ်ရပ်လိုက်သည့် အနက်ရောင်အရိပ်လေးကြောင့် ဖျတ်ခနဲ မော့ကြည့်လိုက်တော့ ခြိမ့် စားပွဲဝိုင်းကနေ လျှောက်ထွက်သွားသည်။တင်းပြည့်လှပကျော့ရှင်းနေသည့် ကိုယ်လုံးလေးက အနည်းငယ်ပြည့်ဖြိုးကာ ဝလာသလိုပင်..၊


ခြိမ့် လမ်းထောင့်ချိုးကနေ ပျောက်ကွယ်သွားမှ သူ ထရပ်လိုက်သည်။


"ကိုသိမ်းပိုက် ဘယ်လဲဗျ"


ဒါရိုက်တာအဖွဲ့ဝင်ဦးနေလင်းက မော့ကြည့်ပြီးမေးလျှင်..၊


"အပြင် ခဏပါ"


"ပွဲမစသေးတာနဲ့ ကိုသိမ်းပိုက် ပျင်းနေပြီနဲ့တူတယ်"


ရယ်ကျဲကျဲနှင့်စနောက်နေကြသူတွေကို ကျောခိုင်းထွက်လာခဲ့တာတောင် ရယ်မောစနောက်သံတွေ ကျောမှာ ကပ်ပါလာသေး၏။


မမတို့ဝိုင်းရှေ့က အဖြတ်မှာ မမမျက်လုံးလေးတွေ သူ့ဆီတန်းခနဲရောက်လာခဲ့သည်။နောက်ထပ် အံ့သြတကြီးတွန့်ချိုးသွားသော မျက်ခုံးတန်းလေးတွေ တော်တော်နှင့် ပုံမှန်ပြန်မရောက်ခင် နှုတ်ခမ်းလေးကနေ သူ့ကို ခေါ်လိုက်တာ မြင်လိုက်ရ၏။ပျက်ယွင်းသွားသည့် မျက်နှာလေးကို တစ်ချက်ကြည့်၍ သူ မျက်နှာလွှဲပစ်လိုက်ပြီး ဆက်လျှောက်လာခဲ့သည်။


သန့်စင်ခန်းရှေ့ကနေ ခြိမ့် ထွက်အလာကို စောင့်နေလိုက်သည်။ခဏကြာတော့ ဒေါက်ဖိနပ်သံ ဖြည်းဖြည်းလေးကို ကြားလိုက်ရပြီး ယဥ်ပါးနေသည့် ရေမွှေးနံ့လေးပါ လွင့်ခနဲ ဝေ့တက်လာ၏။


"ဟင်!.."


နံရံကိုမှီပြီး ဘောင်းဘီအိတ်တွေထဲ လက်ထည့်လျက် ငဲ့စောင်းကြည့်နေသည့် သူ့ကို မမြင်သလိုနှင့်ကျော်တက်သွားပြီးမှ ဆံပင်တွေ ဝေ့ခါသွားသည့်အထိ နောက်တစ်ခေါက်ပြန်ကြည့်လာသည်။


"နှိုင်းခြိမ့်ခြိမ့်သာ"


သူ ခေါ်လိုက်မှ ဟိုဘက်ကို ဆတ်ခနဲ ပြန်လှည့်ပြီး မထီမဲ့မြင်ပုံစံနှင့် လှမ်းထွက်သွားလျှင် သူ့ဒေါသတွေက တာတမံကျိုးသလို တလဟောပြိုကျလာ၍..၊


"အို!...ဘာလုပ်တာလဲ.."


သူမလက်မောင်းကနေ သန့်စင်ခန်းနှင့်အနီးဆုံးအခန်းလွတ်အတွင်းသို့ ဆွဲသွင်းလာခဲ့လိုက်သည်။


"မင်း ဘာလုပ်တာလဲ၊ လွှတ်နော်...လွှတ်လို့ပြောနေတာ မကြားဘူးလား၊ သိမ်းပိုက်ကမ္ဘာ..လွှတ်စမ်း.."


တွန်းထိုးထုရိုက်နေသည့် လက်ကိုပါ ဆွဲချုပ်ပစ်လိုက်ပြီး သူမတစ်ကိုယ်လုံးကို နံရံမှာ ဖိကပ်ပစ်လိုက်လျှင်..၊


"လွှတ်နော် အဲဒါ ဘာလုပ်တာလဲ၊ လူတွေကြားအောင် အော်လိုက်မယ်၊ ခြိမ့်ကို လွှတ်"


ရင်ဘတ်ကို ထုရိုက်တွန်းထုတ်နေသည့် လက်တစ်ဖက်ကို ချုပ်ပစ်လိုက်ပြီး သူမ ထွက်ပြေးလို့မရအောင် တစ်ဖက်က နံရံမှာ ထောက်ထားလိုက်တော့ သူမတစ်ကိုယ်လုံး သူ့ရင်ခွင်ထဲမှာ။မျက်နှာအောက်မှာ နီးနီးကပ်ကပ်လေးမြင်နေရသည့် အနက်ရောင်ခြယ်ထား​သော မျက်လုံးလေးတွေက စူးရှလျက် ရှည်လျားကော့ပျံနေသည့် မျက်တောင်နက်များတဖျတ်ဖျတ်လှုပ်ခါကာ မော့ကြည့်နေပုံက နှိုင်းခြိမ့်ခြိမ့်သာ၏အလှတစ်ပါးပင်။


"ဒီမှာ.."


"အဟွန့်...သိမ်းပိုက်မဟုတ်တော့ဘူးလား"


ခြိမ့် မျက်နှာတည်သွားပြီး သူ့လက်ကို ဆောင့်ရုန်းပစ်လာ၏။ သူ လွှတ်မပေးပဲ တအားဖိဆုပ်ထားလိုက်သည်။ခြိမ့်မျက်နှာမှာ ဒေါသတွေ အလျှံတငြီးငြီးဖြစ်လာပြီး  သူ့ကို စူးစိုက်ကြည့်ကာ..၊


"ဒါဘာလုပ်တာလဲ သိမ်းပိုက်ကမ္ဘာ၊ မင်းအကျင့်တွေ ခုထိ အောက်တန်းကျနေတုန်းပဲလား၊ ဖယ်...ဟိုမှာ ကိုလေးစောင့်နေပြီ"


"ခင်ဗျားကရော ခုထိ အပိုင်ဖမ်းနေတုန်းပဲနော် ဒေါ်နှိုင်းခြိမ့်ခြိမ့်သာ၊ဘယ်လိုလဲ...ဦးခွန်စေးသာက ကိုကို့ထက်သာသွားပြီပေါ့၊ခင်ဗျားအပိုင်ချုပ်ဖို့ သားကောင်တစ်ကောင်မိသွားပြန်ပြီပေါ့"


"ဟုတ်တယ် အဲဒီတော့ ဘာဖြစ်လဲ၊ နှိုင်းခြိမ့်ခြိမ့်သာနားမှာ ဝပ်ဆင်းခယနေကြတဲ့ ယောကျ်ားတွေ တစ်ပုံကြီးပဲ၊ ရုပ်ရှိရေလျှံပြီး ကိုယ့်ကိုချစ်မြတ်နိုးတဲ့ယောကျ်ားမျိုးကို မတွဲပဲ မိန်းမတွေကို ကစားစရာလိုမျိုးသဘောထားတဲ့ ယောကျ်ားမျိုးနဲ့ အချိန်တွေ အလကားအကုန်မခံနိုင်ဘူး"


"ယောကျ်ားတွေကို ခင်ဗျားရဲ့ကစားစရာလို မြင်နေတာလား၊ ယောကျ်ားတိုင်းက ကိုကို့လိုမအဘူးဆိုတာ ခင်ဗျားမမေ့နဲ့"


"တစ်ခါသေဘူး ပြင်ဖိုးနားလည်သွားပါပြီ၊ နှိုင်းခြိမ့်ခြိမ့်သာ နှစ်ခါမအတော့ပါဘူး၊ နှလုံးသားရဲ့အလိုဆန္ဒမပါပဲ သူတို့စိတ်ဆန္ဒရမ္မက်တစ်ခုကို ရှေ့တန်းတင်တဲ့ ဖောက်ပြန်တတ်တဲ့သူမျိုးကိုလည်း မင်း ပေးခဲ့တဲ့သင်ခန်းစာတွေနဲ့ ဒီတစ်ခါတော့ ဝေးဝေးရှောင်နိုင်ပါပြီ၊ မင်းလည်း မမေ့နဲ့ သိမ်းပိုက်ကမ္ဘာ လူတိုင်းဟာ မင်းလို စိတ်ထားမျိုးမရှိဘူးဆိုတာ.."


သူ့မျက်နှာ ရဲခနဲဖြစ်သွား၏။ဒေါသတို့ဖြင့် အသွေးအသားတစ်ခုလုံးထုံကျင်လျက် ဆွံ့အသွားခဲ့ခြင်းဖြစ်သည်။ 


"ဝဋ်ဆိုတာ လည်တတ်သလို အလှည့်ဆိုတာ ပြန်ရောက်လာတတ်တာ မင်း မမေ့နဲ့၊ မင်းရဲ့ယုတ်မာပက်စက်ပြီးဆိုးရွားမှုတွေကို ငါဆီပေးခဲ့သလို တစ်နေ့နေ့မှာ မင်းသမီးဆီကိုလည်း တနင့်တပိုးပြန်ယူလာလိမ့်မယ်"


စကားလုံးတွေက ကျိန်စာတွေအလား နှလုံးသားကို လောင်မြိုက်သွားခဲ့၏။သူ့လက်ကို ဆောင့်ရုန်းပစ်ပြီး ခြိမ့်က ခပ်လှမ်းလှမ်းမှာ သွားရပ်ပြီးမှ..၊


"မင်းပေးခဲ့သမျှကို ငါ ပွေ့ပိုက်သိမ်းဆည်းခဲ့ရတာတွေအတွက် ဒီနေ့ကစပြီး တစ်ခုချင်းပစ်ပေါက်ပြမယ်၊ ဓားစာခံက မင်းရဲ့သွေးသားဖြစ်ရင် ဖြစ်သွားနိုင်တယ်၊ခြိမ်းချောက်နေတာမဟုတ်ဘူး..မင်းလို ခြုံခိုမတိုက်ချင်လို့ ပြောပြတာ"


"ခင်ဗျား!..."


လှပသည့်နှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာ ပြုံးလိုက်ပုံက ဟားတိုက်ရယ်မောလိုက်တာထက် အခံခက်နာကျင်စေခဲ့သည်။အစကတည်းက မုန်းတီးခဲ့သော ထိုအပြုံးက ခုပို၍ ခါးသီးသွားခဲ့ပြီး..၊


"လုပ်ကြည့်လိုက်လေ...သိမ်းပိုက်ကမ္ဘာ ဘာကောင်လဲဆိုတာ ထပ်သိစေဖို့တွေရှိသေးတယ်၊ ငါ့သမီးက ငါ့ဘဝ၊ငါ့ကမ္ဘာပဲ၊ သမီးငြိုငြင်တဲ့အလုပ်က ဘယ်လောက်အမြတ်အစွန်းများနေနေ ပြန်စောင်းတောင်မထိုးဘူး၊ ကျုပ်သမီးသာ တစ်ခုခုဖြစ်ရင် ခင်ဗျားကိုကျုပ် သတ်ပြစ်မယ်၊ဘာမဟုတ်တဲ့ဟာလေးနဲ့ ငါ့သမီးကို ရောနှောမွှေနှောက်ပစ်ဖို့ မကြိုးစားနဲ့"


"အဟွန့်...အဲဒီလောက်အထိ သွေးပျက်မနေပါနဲ့၊ သူများလက်ထဲကပစ္စည်းကိုလုပြီးမှ ပစ်ပေါက်ထုခွဲဖို့ တို့ စိတ်မဝင်စားဘူး၊ ပူမနေပါနဲ့၊ နှိုင်းခြိမ့်ခြိမ့်သာဆိုတဲ့မိန်းမရဲ့စိန်ခေါ်မှုတွေကို ရိုက်ချိုးပစ်ဖို့၊မာယာတွေကို ခုတ်လှဲပစ်ဖို့ ဘယ်တုန်းကမှ လက်တွန့်ခဲ့တာမှ မဟုတ်ပဲ မင်းက.."


အနီရောင်စိုလက်နေသည့် နှုတ်ခမ်းပါးလေးကို တွန့်ကွေးပြီး သွားအလှတွေပေါ်လွင်အောင်ပြုံး၍ ခြိမ့်က စေ့စေ့ကြည့်၏။ပြီးတော့ ချာခနဲလှည့်ကာ တံခါးဖွင့်ထွက်သွားခဲ့သည်။


ဆတ်ဆတ်ခါနာသွားသော နှလုံးအိမ်ထဲမှာ... ၊


ဒီမိန်းမနဲ့ပက်သက်ပြီး အရှုံးမပေးလိုသော မာနတို့က ချက်ချင်းပြူထွက်လာ၍..၊


"နှိုင်းခြိမ့်ခြိမ့်သာ!.."


နောက်ကနေ လက်ကိုအရှိန်နှင့်လှမ်းဆွဲလိုက်သဖြင့် သူမတစ်ကိုယ်လုံး ယိုင်ပြီးပါလာ၏။


"လူရမ်းကား!...ကဲ.."


ပစ်စလက်ခပ်လဲပြိုလုလုကိုယ်ကို ထိန်းမတ်ပြီး   ရိပ်ခနဲလွှဲရိုက်ချလိုက်သည့် လက်ကို သူ ဖမ်းဆွဲထားလိုက်ကာ..၊


"ခင်ဗျားက ကျုပ်နဲ့ပြိုင်ဖို့ ပြင်ဆင်ထားပြီးပြီပေါ့ ဟုတ်လား၊ ကြိုက်တယ်...ကျုပ်ကလည်း အဲဒီလို လက်ရည်တူမှ သဘောကျတာ၊ ကြည့်ရသေးတာပေါ့.."


"မင်း..မင်း...လွှတ်.."


နောက်ထပ်လွတ်နေသည့်လက်နှင့် ထပ်ရိုက်ချလိုက်တာကို ခေါင်းငဲ့ရှောင်ရင်း လက်နှစ်ဖက်စလုံးကိုပါ ချုပ်ပစ်လိုက်၍..၊


"ပါးရိုက်ရုံကလွဲပြီး ခင်ဗျားမှာ ကျုပ်ကိုယှဥ်နိုင်တဲ့နည်းမရှိတော့ဘူးလား၊ဥပမာ..ဒီလိုပေါ့.."


"ခွေး...ခွေးကောင်၊ လူရမ်းကား..."


"အ!..."


သူမ မျက်နှာလေးပေါ် ငုံချလိုက်သည့် မျက်နှာမှာ ပစ်ဆောင့်လိုက်သည့်ခေါင်းကြောင့်ပူထူလျက် မူးနောက်ပြာဝေသွားခဲ့သည်။


ဒေါက်ဖိနပ်သံ တခွပ်ခွပ်ကိုသာ ကြားလိုက်ရ၏။ ပြာမိုက်သွားသည့်ခေါင်းကို ခါရမ်းပြီး လှည့်အကြည့်မှာ ယိမ်းနွဲ့နေသည့် အနက်ရောင်အရိပ်လေးကိုသာ မြင်လိုက်ရသည်။


နှိုင်းခြိမ့်ခြိမ့်သာ ဆိုသော မိန်းမနှင့်ပက်သက်ပြီး အထင်တကြီးမရှိခဲ့သော စိတ်သည် ခုချိန်ထိလည်း ဒီအတိုင်းပင်။


ကြည့်စမ်းပါ..ခင်ဗျားနဲ့ကျုပ် ဘယ်သူပြေးလမ်းပေါ်ကနေ အရင်ပန်းဝင်မလဲလို့..၊ 


စိတ်ထဲက တနုံနုံနှင့် အံကြိတ်တက်ခေါက်မဆုံးတော့။


...............................................................


"ကျွန်တော် မအားဘူး မေမေ၊ ဆယ်နာရီမှာ ခွဲစိပ်ခန်းဝင်စရာရှိတယ်"


တည်ကြည်က သတင်းစာကို ပြန်ပိတ်၍ ဘယ်သူ့မှ မကြည့်ပဲ ပြောလိုက်သည်။ ဒေါ်မြင့်မိုရ်ခန့် မျက်နှာကွက်ခနဲ ပျက်သွားပြီး သျှင်ယွန်းမြတ်ကို အားနာစိတ်ဖြင့် လှမ်းကြည့်လိုက်လျှင်...၊


"ကိုကို ခွဲစိပ်ခန်းဝင်စရာရှိတာ ဝင်ပါ၊သျှင်ယွန်း ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်ပါ့မယ်"


"ဘယ်ဖြစ်မလဲ...မဖြစ်ပါဘူး၊ ဘယ်နှယ့် ဝတ်စုံစမ်းဝတ်ကြည့်ဖို့ကို သားကြီး မင်းမပါလို့ရမလား၊ အပြန်ကျရင် ဖိတ်စာတွေပါ တစ်ခါတည်းဝင်ရွေးရမဲ့ဟာ၊ ဆရာဝန်တွေအများကြီးရှိနေတာ တစ်နေ့တစ်လေ အစားထိုးထားခဲ့ပါတော့လား"


"မဖြစ်လို့ပေါ့ မေမေရယ်၊ အရေးကြီးတဲ့ ခွဲစိပ်မှုမို့ လူစားထိုးဖို့ လုံးဝမဖြစ်လို့ပါ၊သျှင်ယွန်း..နောက်နေ့မှသွားလို့ဖြစ်မလား"


"ဟဲ့ ဖြစ်မလား၊ အားလုံးသေချာချိန်းထားပြီးပြီ၊ ဒင်နာအတွက်ဝတ်စုံရော မဂ်လာပွဲအတွက်ဝတ်စုံပါ အားလုံး ဒီနေ့ရမယ်လို့ ချိန်းထားတာ၊ ဖိတ်စာတွေလည်း ဒီရက်မှ မဝေလို့မဖြစ်တော့ဘူး၊ မဂ်လာပွဲက ဘယ်နှရက်မှ မလိုတော့ဘူး၊ မနက်ဖြန်သဘက်ရောက်တော့မယ် မင်းက အလုပ်နဲ့လုံးထွေးနေတုန်းပဲ၊ ကျန်တာ မေမေတို့လိုက်လုပ်ပေးလို့ရတယ် ဒီနေ့တော့ သျှင်ယွန်းနဲ့ သွားလိုက်ပါ သားကြီးရယ်"


"မောနီး ဘွားဘွား"


"မောနီးပါကွယ်၊ လာစမ်းပါဦး မြေးရဲ့"


ပန်းစီရောင်ဂါဝန်ကားကားလေးနှင့် ချင်းချင်းက ဘွားအေဖြစ်သူဆီ ပြေးသွား၏။


"ဒီနေ့တော့ ဘွားမြေးလေး စောစောစီးစီးနိုးနေပါလားကွဲ့"


"ဖေကြီးနဲ့အတူတူနိုးတာ ဘွားဘွား၊ ဒီနေ့ ဖေကြီးက မီးမီးကို ဟက်ပီးဝေါလ်လိုက်ပို့မယ်တဲ့"


"ဟုတ်လား၊ အဲဒါကြောင့် အလှတွေ ပြင်ထားတယ်ပေါ့လေ"


"ဟုတ်.."


ချင်းချင်းက ဒေါ်မြင့်မိုရ်ခန့်နှင့်ဦးပိုင်ဦး ကြားတွင် သီးသန့်လုပ်ပေးထားသော ခုံလေးမှာ ဝင်ထိုင်ပြီး မုန့်ကို အေးဆေးယူစားနေ၏။အားလုံး ကလေးဆီအာရုံရောက်ကာ ပြောလက်စစကားတွေ ပြတ်ကုန်လေသည်။ဦးပိုင်ဦးနှင့် တည်ကြည်က သတင်းစာကိုယ်စီနှင့် ငြိမ်သက်နေကြစဥ်..၊


"မီးမီးက ဟက်ပီးဝေါလ်ပဲ သွားမှာလား ချင်းချင်း"


"ဟုတ်ကဲ့...မီးမီး ကစားချင်တယ်ဆိုလို့ ဖေကြီး လိုက်ပို့မှာ၊တီတီရော မီးတို့နဲ့လိုက်ခဲ့ပါလား၊ တီတီပါရင် ပိုပျော်စရာကောင်းမှာ"


 "သမီး တီတီက မအားဘူး သမီး၊ လေးလေးနဲ့ သွားစရာရှိတယ်၊ ဖေကြီးတို့သားအဖနှစ်ယောက် သွားကြတာပေါ့ကွာ"


သိမ်းပိုက်က ကော်ဖီသောက်ရင်း သမီးကို လှမ်းပြောလိုက်သည်။ချင်းချင်းမျက်နှာလေး ညှိုးနွမ်းသွားပြီး..၊


"လေးလေးနဲ့တီတီက ဘယ်သွားမှာလဲဟင်"


မုန့်ကို ပါးလေးနှစ်ဖက်ဖောင်းကြွနေသည့်အထိ ဝါးနေရင်းချင်းချင်းက မော့မေးတော့ လူကြီးတွေအားလုံး ချင်းချင်းကို ချစ်မြတ်နိုးစွာ ဝိုင်းကြည့်ကြပြီး ပြုံးလိုက်ကြတာ ပြိုင်တူပင်။


"ဘွားဘွား.."


"ရှင်.."


"တီတီက ဘာလို့ တီတီဖြစ်ရတာလဲ၊ မီးမီးသူငယ်ချင်း ယွန်းမီမှာ ဖေကြီးရောမေကြီးရော ရှိပြီးတော့ မီးမီးကျတော့ ဖေကြီးပဲ ရှိပြီး ဘာလို့ မေကြီး မရှိတာလဲဟင် ဘွားဘွား"


"သမီး.."


"မီးမီးရယ်.."


ချင်းချင်းက လူကြီးတွေ ဖြစ်ပျက်ခြင်းကို မသိသော ကလေးပီပီ သူ ပြောချင်တာကို ဆက်ပြောလာ၏။


"မီးမီးလည်း မေကြီးလိုချင်တယ်၊ဘွားဘွား...တီတီ့ကို မီးမေကြီးတော်လို့ရလားဟင်၊ မီးမီး တီတီ့ကို မေကြီးတော်ချင်လို့ပါ"


"တော်စမ်း သမီး၊ ဘာတွေလျှောက်ပြောနေတာလဲ၊ လာ.."


အားလုံးမှင်သက်မိကာ ဆွံ့အလျက် စကားတစ်ခွန်းမှ မဆိုနိုင်ခင် သူ သမီးကို သွားပွေ့ချီပြီး ထမင်းစားခန်းထဲကနေ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခဲ့၏။


မိခင်နှင့်ပက်သက်ပြီး သမီးရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတာကို ဒီနေ့မှ ခြောက်ချားစွာသိလိုက်ရခြင်းပင်။


သမီးရယ်...၊


အပိုင်း(၁၃)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: