💘မှတစ်ပါး....အခြားမရှိ💘
"ခြိမ့်!...ဟိုမှာ ကိုတည်ကြည်ကားထွက်လာပြီ"
"ငါ သွားပြီ ဟန်သာ၊ နင် ပြန်လိုက်တော့"
"ဖြစ်ပါ့မလား ခြိမ့်"
"နှိုင်းခြိမ့်ခြိမ့်သာပါဟာ၊ မဖြစ်ဘူးဆိုတာ မရှိစေရဘူး၊ ဟော!...သူ့ကားဒီနားရောက်လာပြီ ငါဆင်းတော့မယ်"
"ဂွတ်လပ်ခ် ခြိမ့်.."
ခြိမ့်က ကားတံခါးကို ဖွင့်ဆင်းလိုက်ပြီး လက်ညှိုးနှင့်လက်မလေးကို အသာဝိုင်းပြ၏။ အိုကေ ဆိုသည့် သဘော..၊
ခြိမ့် ဒီဘက်ကို ချာခနဲ ပြန်လှည့်လိုက်တော့ ကိုတည့်ကားက အနားရောက်နေပြီ။
"ကျွီ!..."
"ခြိမ့်!.."
လမ်းမပေါ်တက်ကာ ခြိမ့် ကားရှေ့မှာ ပိတ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် ကားက ခြိမ့်ရှေ့မှာ တုံ့ခနဲ ကပ်ရပ်သွားသည်။ကားပေါ်ကနေ အံ့သြနေသည့် မျက်နှာနှင့် တည်ကြည်ဆင်းလာပြီး..၊
"ခြိမ့်!...ခြိမ့်ရယ်"
ဝမ်းသာလှိုက်လှဲခြင်းတို့ဖြင့် ခြိမ့်တစ်ကိုယ်လုံး တည်ကြည် ရင်ခွင်ထဲသို့ စွေ့ခနဲ ရောက်သွားလေသည်။
"အို! ဟိုးထားဆရာ...လမ်းပေါ်မှာနော် သတိလေးဘာလေးလည်းထားပါဦးဆရာကြီးရယ်"
သူ့မျက်နှာကို လက်လေးနှင့်တွန်းထားပြီး မျက်နှာလေးနောက်ဆုတ်ကာ ခြိမ့် ရယ်ကျဲကျဲလေးပြောတော့ တည်ကြည်ပါ လိုက်ရယ်လိုက်ပြီး..၊
"နေနိုင်လိုက်တာ ခြိမ့်ရယ်၊ သုံးလကျော်ပျောက်နေတာ ကိုယ်ဘယ်လောက်ဒေါင်းတောက်နေသလဲ၊လူကို ရူးမတတ်ပဲကွာ"
"အ!...လွှတ်ပါဦး"
မချိတင်ကဲ ဖျစ်ညစ်ပွေ့ဖက်လိုက်သဖြင့် ဒဏ်ရာနှင့် လက်ကိုဖိမိကာ ခြိမ့် မျက်နှာလေးရှုံ့မဲ့ ရုန်းပစ်တော့ သူ ပြာပြာသလဲဖြစ်သွားပြီး..၊
"ဘာဖြစ်တာလဲ ခြိမ့်၊ ဟင်!..လက်မှာလည်း ကျောက်ပတ်တီးကြီးနဲ့ ဘယ်လိုဖြစ်ရတာလဲ ခြိမ့်ရယ်"
တည်ကြည်သည် ခြိမ့် ကိုယ်လေးကို ပွေ့ဖက်မလို့ ပြင်ပြီးမှ ဒဏ်ရာကို ထိသွားမှာစိုးသဖြင့် လက်တွေက ခြိမ့်ပခုံးလေးထက်ကနေ လျောကျသွား၏။ နောက်ထပ် မြောက်တက်လာသည့်လက်တွေက သူမ၏ဒဏ်ရာလွတ်သည့် လက်ဖဝါးလေး၌သာ..၊
"သုံးလအတွင်းမှာ ဘာတွေဖြစ်နေတာလဲ ခြိမ့်ရယ်၊ ဒီလက်က ဒဏ်ရာဖြစ်တာရော ကြာပြီလား၊ ဘယ်လိုဖြစ်တာလဲ၊ တခြားရော ဘယ်နေရာတွေခိုင်းမိသွားသေးလဲ ဟင်.."
ဆရာဝန်ပီပီ ခြိမ့်တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ်ကြည့်သည်။ လက်တွေ ပခုံးတွေကိုလည်း ဆုပ်ကိုင်ကြည့်ပြီး ဒဏ်ရာရှာနေသေး၏။
ခြိမ့် ရယ်မော၍ လက်တွေကို အသာဖယ်ချလိုက်ပြီး..၊
"မေးခွန်းတွေကလည်း များလိုက်တာ၊ ခြိမ့် ဘယ်ကစဖြေရမလဲ ကိုတည်"
မျက်စောင်းရွရွလေးထိုးပြီး ခြိမ့် ရယ်သံလွင်လွင်လေးနှင့်ပြောလိုက်သည်။ တည်ကြည်က ခြိမ့် မျက်နှာလေးနှင့် ဟန်ပန်လေးတွေကို လွမ်းမောခြင်းတို့ဖြင့် ငေးကြည့်နေရင်း..၊
"ခြိမ့်!..."
"ရှင်!.."
"ကိုယ့်ကို အဆက်အသွယ်ဖြတ်ပြီး ဘာတွေလုပ်နေတာလဲ၊ ခု.. ကိုယ့်ဆီပြန်လာတာလားကွာ၊ ဖြေပါ ခြိမ့်ရယ်၊ ကိုယ်ရင်မောနေရတော့မှာလား.."
အနက်ရောင်စတိုင်ပင်န့်နှင့် ပန်းနုရောင်ရှပ်အကျီကိုယ်ကျပ်ကို ကြယ်သီးတွေ အစေ့တပ်ပြီး ဝတ်ဆင်ထားသည်။ နောက်လှန်ဖီးထားသည့် ဆံပင်တွေက ပြောင်အိကာ ကုတ်ကို ထောက်နေ၏။ပါးချိုင့်တစ်ဖက်နှင့် သန့်ပြန့်ချောမွေ့နေသည့် တည်ကြည်မျက်နှာမှာ ဆုံးရှုံးရမှာကို စိုးထိတ်နေသည့် အရိပ်အယောင်တို့ဖြင့် ညှိုးရီနေလျက်..၊
"ခြိမ့် ကိုတည်ကို ပြောစရာရှိတယ်"
"ရင်ပူစရာလား ခြိမ့်ရယ်၊ ခြိမ့်နဲ့ အဆက်အသွယ်မရတဲ့ အချိန်တွေ ကိုယ်ဘယ်လောက် လူးလိမ့်နေအောင်ခံခဲ့ရသလဲ ခြိမ့် သိရဲ့လား၊ကိုယ် ခြိမ့်နဲ့ အဝေးမခံနိုင်ဘူး၊ခြိမ့် ဘာတွေဖြစ်နေသလဲ ပြော ကိုယ့်ကို ပြောပါ၊ ခြိမ့်အိမ်က ကိုယ်နဲ့သဘောမတူဘူးတဲ့လား၊ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်အတူတူရင်ဆိုင်ကြရအောင်၊ ခြိမ့် ကိုယ့်ကို ချစ်သေးတယ်မို့လား"
ဆုပ်ထွေးထားသည့် ခြိမ့်လက်ဖဝါးလေးကို ဖျစ်ညစ်၍ သူ အသည်းအသန်မေးနေသည်။ ခြိမ့် နှုတ်ခမ်းလေးတွေ ကွေးညွှတ်ပြုံးလိုက်ရင်း...၊
"ကိုတည်အိမ်က ကိုတည့်ကို မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ပေးဖို့စီစဥ်နေကြပြီဆို ဟုတ်လား ကိုတည်"
တည်ကြည်မျက်နှာ ကွက်ခနဲ ပျက်သွားပြီး..၊
"အဲဒါ မေမေတို့ဘာသာ စီစဥ်တာပါကွာ၊ ကိုယ့်စိတ်ကိုယ့်သဘောတစ်ခုမှ မပါဘူး၊ ကိုယ်ချစ်တာ ခြိမ့်ပါ ဒီတစ်ယောက်တည်းကိုပဲ သေတစ်ဖန်သက်တစ်ဆုံးချစ်သွားမယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ ခြိမ့်ရယ်၊ခြိမ့်ကိုပဲ ကိုယ်လက်ထပ်မှာပါလို့ အိမ်မှာလည်း ကြော်ငြာထားတာ"
"ဟုတ်ရဲ့လား ကိုတည်၊ အဲဒါကြောင့် ခြိမ့်ကို အဆက်အသွယ်ဖြတ်ထားခဲ့တာပေါ့..ဟုတ်လား"
မေးလေးငေါ့လျက် ခြိမ့် စကားနာထိုးလိုက်သည်။
"အဲဒါကြောင့် ကိုယ့်ကို သုံးလကျော်အဆက်အသွယ်မလုပ်ခဲ့တာလား၊ အဲဒီအတွက် ကိုယ် အနူးအညွတ်တောင်းပန်ပါတယ် ခြိမ့်ရယ်၊ ကိုယ့်မေမေက ခြိမ့်နဲ့ဘယ်လိုမှ ဆက်သွယ်မရအောင် လုပ်ထားခဲ့တာ၊ကိုယ် ပြန်ဆက်သွယ်တော့ ခြိမ့်က ခြေရာဖျောက်သွားတာ၊ ကိုယ်အရူးအမူးခံစားခဲ့ရတာ၊ ဒီကြားထဲ အိမ်က မိန်းမပေးစားဖို့အတင်းစီစဥ်နေကြတော့ ကိုယ် ရူးချင်နေတာ၊ခြိမ့်ကိုလည်း ဆက်သွယ်မရ အိမ်ကလည်း မဂ်လာပွဲအတွက်အတင်းစီစဥ်နေနဲ့ ကိုယ် ခေါင်းတွေ မီးတောက်နေခဲ့တာကွာ၊ ရုတ်တရက် ခြိမ့်ကို ပြန်တွေ့လိုက်ရတော့ ကိုယ်..ကိုယ်လေ ဝမ်းသာလိုက်တာ မပြောနဲ့ကွာ"
"ကိုတည် ခြိမ့်ကို တကယ်လက်ထပ်ရဲလို့လား"
ခြိမ့် အမေးကြောင့် သူ့မျက်နှာ တင်းသွားပြီး သူမကို စူးစူးရဲရဲကြည့်လာကာ..၊
"ဘာလဲ..ခြိမ့်က ကိုယ့်ကို မယုံတာလား၊ ဒါဆိုလည်း လာ..ခုအချိန် ရုံးဖွင့်တယ် တစ်ခါတည်းလက်မှတ်ထိုးလိုက်ရအောင်"
လက်ကို ဆွဲပြီး အတင်းခေါ်တော့ ခြိမ့် ပြာပြာသလဲ ငြင်းဆန်ရတော့၏။
"နေ..နေပါဦး၊ ခုချက်ချင်းကြီးတော့ ဘယ်ဖြစ်မလဲ၊ ကိုတည် ခြိမ့်ကို တကယ်ချစ်တာဆို ခြိမ့်အတွက် မဂ်လာပွဲလုပ်မပေးနိုင်ဘူးလား၊ ခြိမ့်ကို ခမ်းခမ်းနားနားလက်မထပ်ချင်ဘူးလား ဟင်.."
သွေးတိုးစမ်းကာ မေးလိုက်တော့ တည်ကြည်တစ်ယောက် ပြိုတော့မည့်မိုးလို ညှို့မှိုင်းသွားပြီး..၊
"ဘယ်လိုပြောလိုက်တာလဲ ခြိမ့်၊ ကိုယ် ခြိမ့်ကို ချစ်တာ ဘယ်လိုပြောမှ ယုံမှာလဲ၊ မဂ်လာပွဲကိုလည်း ခမ်းခမ်းနားနားကျင်းပချင်တာပေါ့ကွာ၊ ဒါပေမယ့်.."
"ဒါပေမယ့်..ဘာဖြစ်လဲ၊ ကိုတည်အိမ်က တခြားမိန်းမနဲ့ စီစဥ်နေလို့လား"
ခြိမ့်အမေးကြောင့် တည်ကြည်က ညှိုးရီရီမျက်လုံးတို့ဖြင့် မော့ကြည့်လာကာ..၊
"မဂ်လာဖိတ်စာတွေတောင် ရိုက်နေကြတယ် ခြိမ့်၊ ကိုယ့်ဆန္ဒလုံးဝမပါတာ ယုံပါ၊ ကိုယ် ခြိမ့်နဲ့ပဲ လက်ထပ်မယ်"
"မဂ်လာပွဲက ဘယ်တော့လဲ"
တည်ကြည်က ခြိမ့်ကို ငေးရီစွာ စိုက်ကြည့်၍ အတန်ကြာငြိမ်သက်နေ၏။ ပြီးမှ..၊
"ရှေ့လထဲမှာ၊ ဒါပေမယ့် ခြိမ့်စိတ်ချပါ၊ ကိုယ် ဒီပွဲကို လုံးဝလက်မခံနိုင်ဘူး၊ သူတို့ဘာသာ စီစဥ်နေကြတာ၊ အစောကြီးကတည်းက ကိုယ်လက်မခံနိုင်ဘူးလို့ အပြတ်ပြောပြီးသား"
"အဲဒီတော့..."
"ဘာကိုလဲ ခြိမ့်"
"ကိုတည် ဘာလုပ်ဖို့စိတ်ကူးထားလဲ၊ ကိုတည်အိမ်က ကိုတည်သဘောတူတူ မတူတူ လက်ထပ်ပေးမှာပဲ၊ ဒီတော့ ကိုတည်ဘာလုပ်မလဲ"
"ကိုယ် ခြိမ့်ကိုပဲ လက်ထပ်မယ်၊ ခုပဲ တရားရုံသွားပြီး လက်ထပ်လိုက်ကြရအောင် ခြိမ့်၊ ကိုယ် ခြိမ့်နဲ့ အဝေးမခံနိုင်ဘူး၊ကိုယ်တို့လက်မှတ်သွားထိုးလိုက်ရအောင် ခြိမ့်၊နောက်မှ ခြိမ့်အတွက် ခမ်းခမ်းနားနားဖြစ်အောင် စီစဥ်ကြတာပေါ့"
"ဟင်အင်း ကိုတည်၊ ခြိမ့် လက်မှတ်မထိုးနိုင်ဘူး"
"ဘာ!...ဘာပြောတယ် ခြိမ့်"
"ခြိမ့်ကို တကယ်ချစ်တယ်ဆို ကိုတည်အိမ်က စီစဥ်တဲ့ပွဲနဲ့အပြိုင် ခမ်းခမ်းနားနားမလက်ထပ်နိုင်ဘူးလား"
"ခြိမ့်ရယ်..အဲဒါက.."
"ကိုတည် ခြိမ့်ကို တကယ်ချစ်တယ်ဆို လုပ်ပေးရမှာပေါ့၊ အဲဒီနေ့ပဲ ခြိမ့်တို့မဂ်လာဆောင်ချင်တယ်၊ဘယ်လိုလဲ..ခြိမ့်ကို တကယ်ချစ်တယ်ဆို၊ ဒီလောက်လေးတောင် ခြိမ့်အတွက် မလိုက်လျောနိုင်ဘူးလား"
"မဟုတ်တာကွာ၊ အဲဒီလိုလုပ်ရင် ပြဿနာတွေ ပိုကြီးကုန်မှာပေါ့၊ အဲဒါကြောင့် ကိုယ်နဲ့ခြိမ့် အရင်လက်ထပ်ထားမယ်လို့ပြောတာ၊ ဒါဆို သူတို့လည်း ဘာမှ မတတ်နိုင်တော့ဘူး"
"ရပါတယ် ကိုတည်၊ခြိမ့် သိလိုက်ပါပြီ၊ ကိုတည် ခြိမ့်ကို တကယ်မချစ်ပါဘူး"
မျက်ရည်တို့ရစ်သိုင်းလာပြီး သူ့လက်တွေကို ဖယ်ချပစ်ကာ ခြိမ့် လှည့်ထွက်သွားလျှင်..၊
"ခြိမ့်!...ခြိမ့်ရယ်...ကိုယ့်ကို မထားခဲ့ပါနဲ့၊ ကိုယ်.."
နောက်ကနေ ခြိမ့်လက်တစ်ဖက်ကို ဆွဲပြီး ရင်ခွင်ထဲ ဆွဲသွင်းလျှင် ခြိမ့် မရုန်းပစ်ပဲ သူ့လက်တွေကို ဖယ်ချနေရင်း..၊
"ကိုတည် ခြိမ့်ကို မချစ်ပါဘူး၊ ခြိမ့်အတွက် ဒါလောက်လေးတောင် မလိုက်လျောနိုင်တာ ခြိမ့်တအားဝမ်းနည်းတယ်"
"ခြိမ့် စိတ်ကြိုက်ဖြစ်စေရပါ့မယ်၊ ခြိမ့်သဘောအတိုင်းပါခြိမ့်ရယ်၊ ကိုယ့်ကို နောက်တစ်ခါ ချန်မထားခဲ့ပါနဲ့၊ ကိုယ်တကယ်ရူးသွားလိမ့်မယ်"
ဟန်သာတစ်ယောက် ကိုတည်နှင့်သူမ အရိပ်အကဲကြည့်ပြီး စောစောကတည်းက မောင်းထွက်သွားပြီ။ လူရှင်းနေသည့် လမ်းထဲမှာ ခြိမ့်ရယ်၊သူရယ်သာ..၊
"ခြိမ့်ဆန္ဒအတိုင်း အားလုံးဖြစ်စေရမယ်ကွာ၊ ကိုယ်မဖြစ်ဖြစ်အောင်စီစဥ်မယ်၊ ကျေနပ်တော့နော်..."
နောက်ကနေ သိုင်းဖက်ထားသည့် တည်ကြည်ရင်ခွင်ထဲမှာ ခြိမ့် ငြိမ်ငြိမ်သက်သက်ကလေးဖြစ်သွားသည်။
လှပစွာပြုံးလိုက်သော ခြိမ့်နှုတ်ခမ်းထက်က အပြုံးတို့သည်...၊
ဒီတစ်ခါတော့ မင်းအလှည့်ပဲ သိမ်းပိုက်ကမ္ဘာ..၊ ခံနိုင်ရည်ရှိအောင်ကြိုးစားထားပေတော့..၊
..............................................................
နှစ်ပတ်လည်ပွဲကျင်းပသည့် ခန်းမထဲကို ဝင်လိုက်တာနှင့် ကြိုဆိုသူတွေ၊လာရောက်နှုတ်ဆက်သူတွေ သူနားမှာ ဝိုင်းလာကြသည်။
"ကိုသိမ်းပိုက်...လာဗျာ ဒီကိုကြွပါ၊ ဦးပိုင်ဦးရော မပါဘူးလား"
လက်ဆွဲနှုတ်ဆက်ကြပြီး ဒါရိုက်တာအဖွဲ့ဝင်လူကြီးတွေအတွက် သီးသန့်စီစဥ်ထားသည့် ဝိုင်းကို လျှောက်လာခဲ့ကြတော့ ရင်းနှီးနေကြသည့် လူရင်းတွေက စနောက်လာကြ၏။
"နောက်ကျတယ်နော် ကိုသိမ်းပိုက်၊ တစ်ယောက်တည်းပဲလား၊ ဘယ်တော့မှ မဟေသီကို ပွဲထုတ်လာမှာလဲ"
သူ ပြုံးပြပြီး စီစဥ်ထားသည့် နေရာမှာ ဝင်ထိုင်လိုက်သည်။ ဘာမှ ပြန်မဖြေဖြစ်ပါ။
"ဒါနဲ့ ကိုဟိန်းလတ်တောင် အစွံထုတ်ဖို့ တွဲခုတ်နေတာ မြင်လိုက်သေးတယ်၊ ကိုသိမ်းပိုက်ရော ဘယ်လိုလဲ ဒီအတိုင်းပဲ နေသွားတော့မှာလား"
"ပညာရော ဥစ္စာပစ္စည်းရော နယ်ပယ်စုံမှာ တော်နေပါရဲ့ ကိုသိမ်းပိုက် တစ်ခုလိုနေတယ်နော်၊ ကျွန်တော်တို့ ဘယ်တော့ စားရမှာလဲဗျ"
သူ လက်ပိုက်ကာ ဘာမှ ဝင်မပြောပဲ ပြုံးရုံပြုံးနေလိုက်သည်။
"နှလုံးသားကို ဆွဲလှုပ်နိုင်တဲ့ မိန်းမလှလေး မရှိသေးဘူးထင်တယ်၊ ဒီည ကျွန်တော်တို့မိတ်ဆတ်ပေးရမလား၊ ကိုသိမ်းပိုက် စိတ်ကြိုက်ရွေးလို့ရတယ်နော် တကယ့်အချောအလှ ဒိပ်ဒိပ်ကြဲလေးတွေချည်းပဲ"
"ကိုသိမ်းပိုက်က ဘယ်လိုမိန်းကလေးမျိုးကိုမှအိမ်သူသက်ထားမဟေသီလောင်းလျာအဖြစ် ရွေးချယ်မှာလဲဗျ၊ ခင်ဗျား ရုပ် ခင်ဗျားအရည်အချင်းနဲ့ အနားမှာလည်း ဒီလောက် ဝိုင်းဝိုင်းလည်နေတာ မတွေ့သေးတာတော့ မဖြစ်နိုင်ဘူး၊ ခင်ဗျားသက်သက် လျှိုထားတာပဲ ဖြစ်မှာ၊လုပ်စမ်းပါ ကိုသိမ်းပိုက်ရ...ခင်ဗျားမဟေသီလောင်းလျာကို.."
လှပသလောက် အဆိပ်ပြင်းသော မာယာများနှင့် ပြည့်နှက်နေသည့် မိန်းမတစ်ယောက်၏ မျက်နှာကို ကွက်ခနဲ မြင်ယောင်မိသည်။ သို့သော် ချက်ချင်းဖျောက်ဖျက်ပစ်လိုက်၏။
အလကားမိန်းမ၊ အပြောင်းအလဲမြန်တဲ့နေရာမှာ နှစ်ယောက်မရှိပါ။စိတ်ကူးထဲရော ဘယ်နေရာမှ ရှိမနေသင့်တဲ့ မိန်းမ။
"ကိုသိမ်းပိုက် ဘယ်လိုလဲဗျ၊ ခုချိန်ထိ တစ်ယောက်တည်းပဲလား၊ ဘာလဲ အိမ်သူသက်ထားနေရာမှာ ဘယ်သူ့မှ အစားထိုးလို့မရသေးဘူးနဲ့တူတယ်"
အနားရောက်လာပြီး အားလုံးပါးစပ်အဟောင်းသားဖြစ်အောင် ပြောချလိုက်သူကို မော့ကြည့်လိုက်တော့ ဦးဇော်ရှိန်း။
ခရီးသွားကုမ္ပဏီတစ်ခုထောင်ထားပြီး ဟော်တည်လုပ်ငန်းတွေနှင့် အောင်မြင်နေသူဖြစ်သည်။
ဦးဇော်ရှိန်းက ခပ်ပြုံးပြုံးနှင့် သူနှင့်မျက်နှာချင်းဆိုင်မှာထိုင်ချလိုက်ပြီး..၊
"နှစ်တွေပဲ ကြာနေပြီပဲကွာ၊ နောက်ထပ်အိမ်ထောင်ပြုဖို့ မစဥ်းစားတော့ဘူးလား"
"ကိုသိမ်းပိုက်က အိမ်ထောင်ရှိသလား၊ ဟာဗျာ...ကျွန်တော်တို့ မသိလို့ ဆောရီး....ဆောရီးဗျာ"
သူ မသိမသာမျက်နှာလွှဲထားလိုက်သည်။ သူများအကြောင်းကို ဤမျှ မဝေဖန် မစပ်စုသင့်ဘူးလို့ ထင်တာပဲ။ ရင်းနှီးနေတယ်ဆိုပြီး စွတ်ရွတ်ပြောဆိုနေကြသလား မသိ။
"ချစ်စရာ သမီးလေးတစ်ယောက်တောင် ပိုင်ဆိုင်ထားသေးတာဗျ၊ သူ့ဇနီးဆုံးပြီးကတည်းက သမီးအပေါ် အချစ်တွေပုံနေတာနဲ့ နောက်ထပ်ဘဝခရီးဖော်ရှာဖို့ မေ့နေပုံပေါ်တယ် ဟုတ်လား ကိုသိမ်းပိုက်"
ခပ်ပြုံးပြုံးပြောနေကြတော့ သူလည်း ပြုံး၍သာ နေလိုက်သည်။
"ဟော!...ဦးဉာဏ်သာကိုကြည့်စမ်း၊ ဘေးက သူလက်ထပ်ထားတဲ့ မဟေသီလေးက သမီးနဲ့ မတိမ်းမယိမ်းရယ်၊ ဒီလူက အတော်ကုသိုလ်ထူးတဲ့ ငနဲကြီးဗျ"
ဝေဖန်သံတွေက သူ့ဆီကနေ လမ်းကြောင်းရွေ့သွားတော့ စိတ်ထဲ ဘဝင်ကျရုံရှိခိုက်..၊
"တော်တော်ချောတယ်နော်၊ သမီးနဲ့ မသင့်တာလည်း မပြောနဲ့လေ၊ ရွယ်တူတွေဖြစ်နေတာ"
မျက်လုံးတွေက မရည်ရွယ်ပဲ ထိုဆီသို့ ဖျတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
မမ!...၊
အပြုံးတို့နှင့် အနားသတ်ထားသည့် နှုတ်ခမ်းအစုံသည် မသိမသာ စေ့ပိတ်သွားခဲ့ပြီး မျက်လုံးတွေ အလိုလိုကျဥ်းမြောင်းသွားခဲ့၏။
ဟိုးတုန်းကအတိုင်း မပြောင်းမလဲနှင့် အနက်ရောင်စိုစိုထဲမှာ ရွှေချည်မျှင် ငွေချည်မျှင်တို့နှင့် အချိပ်ထဘီကို အနက်ရောင် လက်ရှည်ရင်ဖုံးနှင့်။ လည်တိုင် တလက်လက်တောက်နေသည့် စိန်လည်တုံ၊ လက်ပတ်အပြားကြီးကြီးနှင့် ကိုင်ထားသည့် အိတ်ပြားပြားလေးမှာလည်း မီးရောင်အောက်တွင် တလက်လက်တောက်နေသည့် စိန်များစီခြယ်ထားသေး၏။သေသပ်စွာထုံးဖွဲ့ထားသော ဆံထုံးတွင် အဖိုးတန်သစ်ခွတစ်ပွင့်ပန်ထားခဲ့သည်။ပြေပြေလေးခြယ်သထားသည့် မျက်နှာလေးက ဖူးဖူးစင်စင်လေး လှနေဆဲပါ။ အားလုံးသည် မမ၏ ဟိုးအရင်ကတည်းက မပြောင်းမလဲသော ပုံစံများပင်။
ပြောင်းလဲသွားတာဆိုလို့ မမ လက်ရှိ အခြေအနေ၊ အဲဒါ မမ ခင်ပွန်းပေါ့။
အနက်ရောင် အနောက်တိုင်းဝတ်ဆုံနှင့် ဘေးခွဲဆံပင်တွေကို သေသေသပ်သပ်လေးဖီးသင်ထားသော လူကြီးက မမ ခင်ပွန်းတဲ့လား။ အသက် ဘယ်လောက်ရှိနေသလဲဆိုတာ ခန့်မှန်းရခက်အောင် နုပျိုချောမွေ့နေဆဲ။ မျက်နှာကျပုံက လေးထောင့်ဆန်ချင်ပေမယ့် လူငယ်တွေနှင့်အပြိုင် ချောမောခန့်ညားနေတာတော့ အမှန်ပင်။
သူတို့ဝိုင်း၏ ဘေးချင်းကပ်လျက် ဝိုင်းမှာ ဝင်ထိုင်လိုက်တော့ သူ မျက်နှာလွှဲထားလိုက်မိသည်။ မမက သူ့ကို ခုချိန်ထိ မြင်ပုံမပေါ်ပါ။ သူမ ခင်ပွန်းဘေးမှာထိုင်ကာ လှပကြည်စင်သော အပြုံးလေးများခြွေလျက်..၊
"ကြည့်ပါဦး...ဦးဉာဏ်သာတို့တော့ တကယ့်ပွဲပဲ၊ အဖေရော သမီးရော အတွဲကိုယ်စီနဲ့ပါလား၊ ကြည့်ရတာ... သတင်းတွေမှန်နေပြီနဲ့တူတယ်၊သမီးကလည်း တကယ့်ထိပ်တန်းလုပ်ငန်းရှင်နဲ့ တွဲလာတာပါလား"
"ဦးခွန်စေးသာနဲ့ တွဲလာတာ ဦးဉာဏ်သာ သမီးမို့လား"
"ဟုတ်တယ်လေ...ဦးဉာဏ်သာရဲ့ တစ်ဦးတည်းသော သမီး နှိုင်းခြိမ့်ခြိမ့်သာဆိုတာ သူပေါ့"
လက်ပိုက်ထိုင်နေလျက်ကနေ သူ့ခေါင်းကြီး ထောင်မတ်သွားကာ ရင်ထဲ ဒိန်းခနဲ မြည်ဟီးသွားခဲ့သည်။ နောက်ထပ် မျက်လုံးတွေကို ရွေ့လျားကြည့်မိတော့...၊
နှိုင်းခြိမ့်ခြိမ့်သာ...၊
အပိုင်း(၁၂)ဆက်ရန်👈👈👈
စာဖတ်သူများအတွက်
ထာဝရ
#ဖက်ဖူးစိမ်း