book

Index 10

အပိုင်း(၁၀)

💘မှတစ်ပါး....အခြားမရှိ💘

   

"မျက်ရည်တွေဘာကြောင့် အဲဒီလောက်ကျနေတာလဲဟာ၊နင် အရင်က မျက်ရည်မလွယ်ပါဘူး ခြိမ့်၊ အဲဒီကောင်လေးကို နင်ချစ်နေပြီမို့လား ခြိမ့်..ဟုတ်ပါတယ် နင့်နှလုံးသားထဲမှာ  နက်နက်ရှိုင်းရှိုင်းဖြစ်နေလို့ မျက်ရည်မျက်ခွက် ဖြစ်နေတာ၊ ခြိမ့်ရာ..."


မချင့်မရဲနှင့် ပြောဆိုနေသည့် ဟန်သာ့မျက်နှာမှာ ဒေါသတွေရော၊ဂရုဏာတွေရော ရောပြွမ်းလျက်။


ခြိမ့်အကြောင်းကို အတွင်းသိအစင်းသိမို့ ခုလိုဖြစ်ပျက်နေတာကိုမြင်ရတော့ စိတ်မကောင်းသလို ယူကြုံးမရလည်းဖြစ်မိသည်။ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက်တွဲ၊ တွဲလိုက်တိုင်းလည်း တစ်ပတ်အပြင်ပိုမခံခဲ့ပါ။ ချုပ်ချယ်လို့၊ ပျင်းစရာကောင်းလို့၊ဇီဇာကြောင်လို့၊ စိတ်ပျက်စရာကောင်းလို့၊ အခွင့်အရေးသမား၊ ငြီးငွေ့သွားလို့ စသည်ဖြင့် အကြောင်းပြချက်မျိုးစုံပြပြီး ထားခဲ့တာချည်းပင်။


ကျောင်းတုန်းကစပြီး ခုအချိန်အထိ ဇွဲကောင်းကောင်းနှင့် စောင့်နေကြသည့် သူတွေလည်း မနည်း၊စီးပွားရေးလုပ်ငန်းရှင်၊ ဆရာဝန်၊အင်ဂျင်နီယာ စသည်ဖြင့် နေရာပေါင်းစုံက လူပေါင်းစုံ ခြိမ့်နားမှာ ဝိုင်းဝိုင်းလည်နေခဲ့တာ။


ခြိမ့် ချန်ထားခဲ့သူတွေ အသည်းကွဲပြီး ဝေဒနာတွေနဲ့ ကျန်ခဲ့ပေမယ့် သူတို့နဲ့ပက်သက်ပြီး သူမဘက်က ခံစားခဲ့ရပါတယ်လို့ မရှိခဲ့။ကိုယ့်ရှေ့မှာ ရင်ကွဲမတတ် ထိခိုက်ခံစားနေတာ ခြိမ့်မှ ဟုတ်ပါလေစ။ 


ဝမ်းနည်းပက်လက်ငိုရှိုက်နေတာမျိုးလည်း မဟုတ်ပဲ၊ တောင့်တောင့်လေးထိုင်ပြီး တစ်နေရာတည်းမှာ စူးစိုက်လျက် မျက်တောင်မခတ်ပဲ မျက်ရည်တွေ စီးကျနေပုံက ရင်ထဲမှာ ကြေကြေကွဲကွဲခံစားနေရတာမျိုး..၊


သုံးလကျော်အတွင်းမှာ တစ်စုံတစ်ယောက်ကို ချစ်မိသွားတာ အပြစ်လို့မဆိုသာ။ ဒါပေမယ့် ကိုယ့်အပေါ်ကြင်နာမှုမရှိ၊စာနာမှု နတ္ထိနှင့် အသည်းနှလုံးမရှိသည့်ယောကျ်ားအတွက် ဘာကြောင့် ခံစားနေမလဲ..၊ 


မိန်းမတစ်ယောက်ကို ဟင်းရွက်ကန်စွန်းလို သဘောထားခဲ့တာ ဘယ်လောက်ဆိုးဝါးလိုက်လဲလို့..၊ မိဘနှစ်ဦးရဲ့အိမ်ထောင်ရေးကြောင့် အနာတရဖြစ်နေတဲ့ ခြိမ့်ကို ဖျောင်းဖျနားချပြီး လက်ထပ်ကြဖို့ တိုက်တွန်းမလို့ စိတ်ကူးရုံရှိသေးတာ။ ခုတော့...ထိုယောကျ်ားက ကလေးအဖေ အိမ်ထောင်ရှင်ယောကျ်ားတစ်ယောက်တဲ့..၊ 


"နင်ပြောလို့သာ နားရှိလို့ကြားရတယ်၊သိမ်းပိုက်ကမ္ဘာက ကလေးတစ်ယောက်အဖေဆိုတာကို ငါဖြင့် မယုံနိုင်ဘူး၊ အေးလေ...ရုပ်ကြည့်ပြီး ဆုံးဖြတ်လို့မှ မရပဲ၊ ဘာဖြစ်ဖြစ်ဟာ နင် သူနဲ့လုံးဝပြန်မပက်သက်နဲ့တော့ ခြိမ့်၊ သူနဲ့ပက်သက်နေသရွေ့ နင်ပဲ နစ်နာပြီးရင်း နစ်နာနေမှာ"


"တော်ပါတော့ဟာ...ငါ သူ့အကြောင်း မကြားချင်ဘူး"


ဟန်သာ ခြိမ့်ကို ခပ်တွေတွေကြည့်ရင်း ခေါင်းရမ်းလိုက်မိကာ..၊


"အဲဒါ နင့်စိတ်ထဲမှာ သူရှိနေလို့၊ ချစ်လို့ နာကျည်းနေတာ ခြိမ့်"


ခြိမ့် နှုတ်ခမ်းတင်းတင်းစေ့ကာ ငြိမ်သက်နေလိုက်မိ၏။


နှုတ်ဆိတ်သွားသည့် ခြိမ့်ကို ကြည့်၍ ဟန်သာ ခေါင်းရမ်းလိုက်မိသည်။ နှုတ်ဆိတ်နေခြင်းဟာ ဝန်ခံခြင်းပဲ..၊ ခြိမ့် ရင်ထဲကို မြင်နေရတော့ ပိုပြီးစိတ်မကောင်းဖြစ်မိ၏။ ခြိမ့်ကို စိတ်ချမ်းသာစေချင်သည်၊သို့သော် တိုက်တွန်းဖို့ကျပြန်တော့..၊


"နင် ထွက်လာတာ သူ သိလား"


"ညကတည်းက ထွက်သွားတာ၊ ငါလည်း မိုးလင်းတာနဲ့ နင့်ဆီတစ်ခါတည်းထွက်ခဲ့လိုက်တာ၊ သိသိမသိသိအကြောင်းမဟုတ်တော့ပါဘူး"


"နင် တကယ်ရော ပြတ်နိုင်လို့လား"


"ပြတ်နိုင်ရမှာပေါ့..၊ ငါ့အကြောင်း နင်အသိဆုံးပဲ ဟန်သာ၊ သူများသိုက်မြုံကို ဖျက်ဆီးတဲ့သူတွေကို ဘယ်လောက်ရွံတယ်မုန်းတယ်ဆိုတာ၊ အဆိုးဆုံးကတော့ မိထွေးဆိုတာပဲ"


မျက်ရည်တို့ဖြင့် တလက်လက်တောက်နေသည့် မျက်ဝန်းစိုစိုတို့ထဲ၌ နာကျည်းမှုအရိပ်အယောင်များပြည့်နှက်လာ၏။


"ငါတို့မိသားစုတကွဲတပြားဖြစ်အောင်လုပ်ခဲ့တဲ့ ရှင်းမိန့်မိန့်ခန့်ကို ဘယ်လောက်မုန်းသလဲ နင် သိပါတယ် ဟန်သာ၊ မာမီ ငါတို့ဘဝထဲက ခွဲထွက်သွားတာ.. ဒက်ဒီ ငါ့အပေါ်ရက်စက်ခဲ့တာတွေ အားလုံး အဲဒီမိန်းမကြောင့်..၊မိထွေးဆိုတဲ့အသံကို ကြားလည်းမကြားနိုင်ဘူး၊ တူးတူးခါးခါးနဲ့ကိုမုန်းတာ၊အဲဒီ ဘဝကို ငါ အရောက်မခံနိုင်ဘူး...ဘယ်တော့မှ အငယ်အနှောင်းအဖြစ်မခံနိုင်ဘူး၊ အဲဒီဘဝရောက်အောင်ဆွဲချခဲ့တဲ့သူ့ကိုလည်း ခွင့်မလွှတ်ဘူး"


"သူ ကိုယ်တိုင် ဝန်ခံခဲ့တာဆိုတော့လည်း ခက်သား...ဟင်း..၊ ငါကတော့ နင်ဆုံးဖြတ်ချက်ကို ထောက်ခံတယ် ခြိမ့်၊ ပျက်အစဥ်ပြင်ခဏပါဟာ...အဲဒီအကျင့်မကောင်းတဲ့ကောင်ကို တစ်ဘဝလုံး နာကျည်းပစ်လိုက်၊ သူ့ထက်သာတဲ့ လူပျိုတွေကို အချိန်မရွေးကောက်ယူပစ်လို့ရနေတာ၊ အလကား...ယောကျ်ားကောင်းမပီသတဲ့ကောင်၊ သူ့အတ္တပဲ သူသိတာ.."


ထိုစကားကြောင့် ခြိမ့် နာကျင်စွာပြုံးလိုက်မိကာ..၊


"သူ့အစ်ကိုရဲ့ဂုဏ်တွေပညာတွေပစ္စည်းဥစ္စာတွေကို မက်မောတဲ့မိန်းမဆိုပြီး သက်သက်ချိုးခဲ့တာ၊ သူ့အစ်ကိုနဲ့ငါနဲ့ရသွားမှာကို သဘောမကျလို့ ပညာပြလိုက်တာ သိလား ဟန်သာ၊ အထူးကုဆရာဝန်ကြီးရဲ့ဇနီးဖြစ်ချင်တဲ့မိန်းမဆိုပြီး ငါ့ဘဝကို ဆွဲချသွားတဲ့နေရာက သူရဲ့အငယ်အနှောင်း"


စိတ်နာသံလေးနှင့်ပြောရင်း မျက်နှာလေး တဖြည်းဖြည်းတင်းမာလာပြီး..၊


"ငါ့ဘဝ၊ငါ့နှလုံးသားကို ရက်ရက်စက်စက်ချိုးဖဲ့ခဲ့သလို သူတို့နှလုံးသားတွေကို ငါ ပြန်ပြီး နင်းချေပြမယ် ကြည့်နေ.."


"အို...ခြိမ့်.."


စောစောတုန်းက မျက်နှာနှင့် ဆန်ကျင်ကာ မာနရောင်တို့နှင့် စူးရဲနေသည့် မျက်လုံးတွေ အေးစက်တင်းမာနေသည့် မျက်နှာနှင့် ခြိမ့်ကို ဟန်သာ အလန့်တကြားကြည့်ရင်း..၊


"ဘာတွေလုပ်ဦးမလို့လဲ ခြိမ့်ရယ်၊နင် သူနဲ့မပက်သက်ရင် ပြီးပြီ၊ ပြီးတာတွေ ပြီးပါစေတော့လား..၊နစ်နာစရာရှိရင် နင်ပဲ.."


"တော်ပါတော့ ဟန်သာ၊ ဘာကြောင့်ပဲမှားကြမှားကြ နစ်နာစရာရှိရင် မိန်းမပဲ နစ်နာသလား၊ သူတို့ယောကျ်ားတွေကရော မနစ်နာဘူးတဲ့လား၊ ငါနာကျင်ရသလို သူလည်း တန်ပြန်ခံစားရမယ်၊ သူ့အတ္တ၊မာနတွေကို ငါ ခုတ်လှဲပြမယ်"


"ဟိုကရော ငြိမ်ခံနေမှာတဲ့လား၊ သိမ်းပိုက်ကမ္ဘာက အငြိုးကြီးကြီးနဲ့၊ သူ့အစ်ကိုနဲ့ နင်နဲ့ကိစ္စကိုသာကြည့်တော့..ပိပိရိရိနဲ့ နောက်ကွယ်ကနေ နင့်ကို မသွားတာ ကိုတည်ကြည်ရော နင်ရောငါတို့ပါ ဘာတတ်နိုင်ခဲ့လို့လဲ၊ ကြောက်စရာကောင်းတဲ့ယောကျ်ားပါဟာ..အကွက်ကျကျနဲ့ လူတစ်ဖက်သားကို အနိုင်ယူတတ်တဲ့ လူမျိုးကို နောက်ထပ် မပက်သက်သင့်တော့ဘူး"


"သူ့လုပ်ရပ်တွေကို ဒီအတိုင်း ကျေအေးပေးလိုက်ရတော့မလား၊ မရဘူး ဟန်သာ..ငါနာကျင်ခဲ့ရတာတွေနဲ့ ညီမျှတဲ့ အရာတွေ သူတို့တွေ ပြန်ယူရမယ်၊ ဒါမှ ငါ ကျေနပ်နိုင်မယ် ဟန်သာ"


"ယောကျ်ားတစ်ယောက်နဲ့ပက်သက်ပြီး နင့်ရင်ထဲမှာ ဘာရှိခဲ့ဖူးလို့လဲ ခြိမ့်၊ ခု ထိခိုက်နာကျင်နေတယ်၊ မငိုစဖူး ငိုနေရပြီ၊ ခွင့်မလွှတ်နိုင်အောင် ထိရှခံစားနေရတယ်ဆိုကတည်းက သေချာတယ် နင် သူ့ကို ချစ်နေလို့ပဲ ခြိမ့်"


ငြင်းဆန်ခြင်းမရှိသလို၊ဝန်ခံတာလည်း မဟုတ်ပဲ ခြိမ့် နှုတ်ခမ်းတွေ တင်းတင်းစေ့ထားမိ၏။ နာကျည်းခြင်းလား ကြေကွဲလွမ်းဆွတ်ခြင်းလား မသိနိုင်သောနင့်သီးသည့် ခံစားချက်များနှင့် ရင်တစ်ခုလုံး လှုပ်ခတ်လာခဲ့သည်။ မျက်ရည်မလွယ်တတ်ခဲ့သော မျက်ဝန်းအိမ်တွင်းမှာ သူ့အတွက် မျက်ရည်တွေ ပြည့်ပြည့်သိပ်သိပ်ဖြစ်လာ၏။


သူ့ကြောင့် ရင်ခုန်သံတွေကို ကြားခွင့်ရခဲ့သလို နှလုံးသားမှာ ယိမ်းထိုးလှုပ်ရှားခဲ့ဖူးသည်။အေးစက်စက်နှင့် အနိုင်ပိုင်းမှုတွေကို မုန်းပေမယ့် ဂျစ်တိုက်အနိုင်ယူမှုတွေကိုတော့ ခြိမ့် သာယာခဲ့မိတာ မညာချင်ပါ။ 


တစ်ခါတလေမှာ အေးစက်မာကျောနေတတ်သလို၊ ပြင်းရှ နွေးထွေးသည့် မျက်ဝန်းများနှင့် သူ ခြိမ့်ကို စိုက်ကြည့်ခဲ့သည့် အခိုက်အတန့်တွေလည်း ရှိခဲ့ဖူးသည်။ ရင်ခုန်တွယ်ငြိခဲ့သည့် ထိုမျက်ဝန်းတွေကို မြင်ယောင်ရင်း ခြိမ့် မျက်နှာမှာ ကောက်ကြောင်းတွေ ထင်သွား၏။


မင်းတို့အလှည့်ကျ ခံနိုင်ရည်ရှိပါစေ သိမ်းပိုက်ကမ္ဘာ...၊


.................................................................


 "သမီး..."


"ယေး!....ဖေကြီး...ဖေကြီးလာပြီ တီတီရေ.."


အဝါရောင်ဂါဝန်လေးတလွင့်လွင့်နှင့် ကုတ်ဝဲဆံပင်ဖောင်းဖောင်းအိအိလေးတွေ လှုပ်ခါကာ ဝမ်းသာအားရ ပြေးလာသည့် သမီးကို ဆီးပွေ့ထားလိုက်သည်။


"မီမီးက ဖေကြီးကို မျှော်နေတာ၊ ဖေကြီးကလည်း  ကြာလိုက်တာ..."


သူ့လည်ပင်းကို သိမ်းကျုံးဖက်ထားပြီး သမီးက စူတူတူလေးပြောလိုက်တာမို့ သိမ်းပိုက် ပြုံးလိုက်ကာ..၊


"သိတာပေါ့ကွာ...အဲဒါကြောင့် အလုပ်တွေ အမြန်ဖြတ်ပြီး ဖေကြီး ပြေးလာတာပေါ့"


"ဖေကြီးကို မီးမီးချစ်တယ်"


မျက်နှာလေးကို နောက်ဆုတ်ပြီး သူ့မျက်နှာကို စေ့စေ့စပ်စပ်ကြည့်၍ နှုတ်ခမ်းလေးတွေ စုလုံးချွန်ကာ ပြောလိုက်သည့် သမီး၏ ချစ်စဖွယ်အပြုအမူလေးကို အသည်းယားယားနှင့် ပါးဖောင်းဖောင်းလေးတွေကို အားပါးတရနမ်းပစ်လိုက်သည်။


"အား!...ခုမှပဲ အမောပြေသွားတယ်ကွာ၊ ဖေကြီးရဲ့အားဆေးတုံးလေး.."


ခပ်လှမ်းလှမ်းမှာ လက်ပိုက်ရပ်၍ သူတို့သားအဖကို ကြည့်နေသည့် သျှင်ယွန်းဆီ မျက်လုံးရောက်သွားတော့ သူ လှစ်ခနဲ ပြုံးပြလိုက်သည်။စောစောက သူ့ကိုမြင်တာနဲ့ သမီးက သျှင်ယွန်းဆီကနေ ပြေးလာခြင်းဖြစ်၏။


သမီးကိုယ်လေးကို အသာပွေ့ချီပြီး မတ်တပ်ရပ်လိုက်တော့  လည်ပင်းကို သိုင်းဖက်ထားရင်း သူ့ပါးတစ်ဖက်ကို ရွှတ်ခနဲ နမ်းကာ..၊


"ဖေကြီး.."


"ဗျာ..."


"မီးမီးနဲ့ဖေကြီး အတူတူကစားကြမယ်နော်၊ ဒီနေ့ ဖေကြီးအလုပ်တွေမလုပ်နဲ့တော့"


"သမီးသဘော..."


"အဲဒါကြောင့် ဖေကြီးကို ချစ်တာ... "


သူ့ကိုယ်ပေါ်ကနေ လိုက်လာရင်း မေးဖျားကို မော့နမ်းကာ သမီးက တခစ်ခစ်ရယ်နေသည်။သမီးမျက်နှာလေး ပြုံးရွှင်နေတော့ သူပါ ရင်ထဲ ချမ်းမြေ့လာရ၏။


သမီးသည် သူ့ဘဝ၊သူ့ကမ္ဘာ..၊


"ကျေးဇူးပဲ သျှင်ယွန်း၊အလုပ်တွေ မပြတ်လို့.. ခုတောင် မနည်းထွက်လာခဲ့ရတာဟ၊သမီးကို အဖော်လုပ်ပေးမဲ့ နင်ရှိပေလို့ပဲ"


"အပိုတွေ ပြောမနေနဲ့ သိမ်းပိုက်၊ တကယ်ကျေးဇူးတင်တယ်ဆို တစ်ခုခုကျွေးဖို့စဥ်းစား၊ နင်မလာမချင်း ငါနဲ့မီးမီးနဲ့ ဒီကစားကွင်းထဲမှာ တစ်နာရီလောက် ခြေတောင့်အောင်စောင့်ခဲ့ရတာ"


"ဖေကြီး မီးမီးကို ဟော့ပေါ့လိုက်ကျွေး"


"ကျွေးမှာပေါ့ သမီးရဲ့၊သမီးတီတီကို မေးကြည့်ပါဦး သူ ဟော့ပေါ့စားချင်ရဲ့လားလို့"


"အမယ်... ကလေးကိုအကြောင်းပြပြီး ဟော့ပေါ့လောက်နဲ့ ကျေနပ်လိုက်ရမှာလား၊ မရဘူးနော်.."


လက်ပွေ့အိတ်လေးကို လက်မောင်းမှာ ဟန်ပါပါချိတ်ပြီး သျှင်ယွန်းက နှုတ်ခမ်းလေးမဲ့ကာ ပြောလျှင်..၊


"ရန်ကုန်တစ်မြို့လုံးက ဆိုင်တွေ ပတ်စားချင်လား ရပါတယ်၊ ငါ့သမီးကို ထိန်းပေးတာနဲ့တင် ကျေးဇူးတွေ ဆပ်မကုန်တော့ပါဘူး"


သိမ်းပိုက်က ခပ်ရိရိပြောတော့ သူမက မျက်စောင်းလေးချီကာ..၊


"မီးမီးကိုချစ်လို့ပါနော်.."


တိုးတိုးလေးပြောလိုက်သည့် သျှင်ယွန်းကို ကြည့်ကာ သူ သက်ပျင်းခိုးရှိုက်လိုက်မိသည်။သျှင်ယွန်းသည် မိန်းမပီသသော မိန်းကလေးတစ်ယောက်ဖြစ်ရုံသာမက မိခင်စိတ်ပါ အပြည့်ရှိသူပင်။သမီးကိုလည်း ဂရုတစိုက်နှင့် အလိုလိုက်သလို သိပ်ချစ်ရှာသည်။ကိုယ့်ဒဏ်ကို တစ်ချိန်လုံး သီးခံပေးသည့် သူငယ်ချင်းမလေး..၊


"ဖေကြီး... ရိုလာကိုစတာ သွားစီးရအောင်၊ ပြီးရင် တိုက်ကားကောင်းမယ်နော်"


"စီးရမှာပေါ့...ဖေကြီးလက်မှတ်သွားဝယ်လိုက်ဦးမယ်"


"လာ တီတီ...မီးတို့ ဟိုနားက သွားစောင့်ရအောင်"


ကစားကွင်းတစ်ခုလုံး သမီးက သူ့စိတ်ကြိုက်လိုက်ကစားနေသည်။ သမီးလေးပျော်ရွှင်ရယ်မောကာ ဆော့နေတာကို သူနှင့်သျှင်ယွန်း မလှမ်းမကမ်းနေရာကနေ စောင့်ကြည့်နေရင်း..၊


"မီးမီးကို ကြည့်စမ်း သိမ်းပိုက်၊ အရမ်းပျော်နေရှာတာ"


"အဟွန်း...သမီး ခုလို ပျော်နေတာမြင်ရတော့ ငါ ကျေနပ်တယ် သျှင်ယွန်း"


"မီးမီးလေးမှာ ကွက်လပ်တစ်ခုလိုနေတယ်လို့ နင်မထင်ဘူးလား သိမ်းပိုက်"


ဒါ ဘာစကားလဲ..၊


သျှင်ယွန်းနှင့် သူ မျက်လုံးချင်းဆုံသွားတော့ သျှင်ယွန်းက လေးနက်သော မျက်နှာနှင့်..၊


"ဟုတ်တယ် သိမ်းပိုက်၊နင်ဘယ်လောက်ပဲ ပြည့်စုံအောင် ထား ထား မိခင်ဆိုတာ လိုအပ်တယ် သိမ်းပိုက်"


"တော်စမ်းပါ...သမီးအတွက် ဘာမိခင်မှ မလိုဘူး၊ ငါ့သမီးကို ငါတစ်ယောက်တည်းစောင့်ရှောက်နိုင်တယ်"


"မဟုတ်သေးဘူး သိမ်းပိုက်...ကလေး.."


"ကဲ...ဒေါ်သျှင်ယွန်းမြတ်...နောက်တစ်လကြာရင် ကျင်းပတော့မဲ့ ကိုယ့်မဂ်လာပွဲအတွက်ပဲ ကိုယ်အာရုံစိုက်စမ်းပါ၊သူများအတွက် ပူပူပင်ပင်မအူပင် လုပ်မနေပါနဲ့"


"ကြည့်ပါလား...ပြောလိုက်ရင် အဲဒီအတိုင်းပဲ"


"သျှင်ယွန်းမြတ်"


"ဘာလဲ"


"နင်တို့ မဂ်လာဆောင်ပြီးရင် ဘယ်ကို ဟန်းနီးမွန်းထွက်မှာလဲ"


"နင် ဘာလုပ်မလို့လဲ"


"ဘာရယ်မဟုတ်ပါဘူး၊ ငါ့သမီးကို နင်တို့နဲ့ အပ်ခဲ့မလားလို့၊ ထားလိုက်ပါ..နင်တို့လည်း လွတ်လွတ်လပ်လပ်နေချင်မှာပေါ့"


"နင်က ဘယ်သွားမလို့လဲ"


မျက်လုံးပြူးလေးနှင့် သျှင်ယွန်းက မေးတော့ မျက်လုံးတွေက သျှင်ယွန်းဆီကနေ သမီးဆီကို ရွေ့လျားသွားသည်။ရယ်ပြနေသည့် သမီးကို လက်ပြလိုက်ပြီး..၊


"ကုမ္ပဏီရုံးခွဲကိစ္စနဲ့ ငါ စက်ာပူကို တစ်လလောက်သွားရမယ်"


"ဘယ်တော့လဲ.."


"အစကတော့ ဒီလထဲသွားဖို့ပဲဟ၊ နောက်လဆို နင်တို့မဂ်လာပွဲရှိနေတာနဲ့ မဂ်လာဆောင်ပြီးတဲ့အထိ ရွှေ့လိုက်တာ၊မသွားလို့လဲ မဖြစ်ဘူးလေ"


"အေးလေ..အလုပ်ကိစ္စဆိုတော့လည်း သွားပေါ့၊ မီးမီးအတွက် စိတ်မပူပါနဲ့၊ စိတ်ချလက်ချသာ သွား၊ အန်တီတို့ငါတို့ရှိနေတာပဲ"


"ဖေကြီး...တီတီ"


"သမီး...အရမ်းမပြေးနဲ့လေ၊ ချော်လဲမယ်"


"တီတီ.."


"ကြည့်ပါဦး ချွေးတွေရွှဲနေပြီ"


"အရမ်းပျော်စရာကောင်းတာပဲ ဖေကြီးရော ပျော်လား"


"အဟွန်း..ဟွန်း.."


"အဟင်း..ဟင်း..."


"အလည်မလေး"


သျှင်ယွန်းက သမီးမျက်နှာက ချွေးလေးတွေကို သုတ်ပေးနေသလို သူ လက်ကိုင်ပဝါနှင့် သမီးကို ယက်ခတ်ပေးလိုက်သည်။


"ဖေကြီး.."


"ဗျာ.."


ပြုံးရွှင်နေသည့်မျက်နှာလေးနှင့် သမီးက သူ့ကိုတစ်လှည့်၊သျှင်ယွန်းကိုတစ်လှည့်ကြည့်ကာ..၊


"မီးမီးအရမ်းပျော်တာပဲ ၊ ဖေကြီးရယ်၊တီတီရယ်၊မီးမီးရယ် အတူတူနေရရင် သိပ်ကောင်းမှာပဲနော်၊ တီတီ့ကို မီးမီး မေကြီးတော်ချင်တယ်"


"သမီး.."


"အို.."


ရှက်သွေးစို့သွားသည့် သျှင်ယွန်းမျက်နှာကို ကြည့်ပြီး သူ အားတုံ့အားနာဖြစ်သွားရ၏။သျှင်ယွန်းတစ်ယောက် မျက်နှာလေးပါ မော့မလာတော့..၊


"သမီး..ဘာတွေလျှောက်ပြောနေတာလဲ၊ တီတီက သမီးရဲ့တီတီပဲ၊ သမီးတီတီနဲ့ ခုရောနောက်ရော အတူတူနေလို့ရတယ်၊ မေကြီးက မေကြီး တီတီက တီတီ သပ်သပ်စီ မတူဘူးလို့ ဖေကြီးပြောထားတယ်လေ မှတ်မိတယ်မို့လား"


"ဟုတ်...မှတ်မိတယ်"


ဒါကျတော့ သွက်သွက်လက်လက်လေးဖြေ၏။


"တီတီက သမီးရဲ့လေးလေးနဲ့လက်ထပ်တော့မှာ၊ သမီးတီတီကို တီတီပဲ တော်လို့ရမယ်၊ နောက်ကို မပြောနဲ့ ဖေကြီး မကြိုက်ဘူး၊ ကြားလား သမီး"


"ကလေးက မသိလို့ ပြောတာ မဆူပါနဲ့သိမ်းပိုက်ရယ်၊ လာ မီးမီး..တီတီတို့ဟော့ပေါ့သွားသောက်ရအောင်၊နောက်ဆို သမီးဖေကြီးမပါလည်း မီးမီးရယ်၊ မီးမီးလေးလေးရယ်၊တီတီရယ် ခုလိုပဲ လျှောက်လည်ကြမယ်နော်"


သျှင်ယွန်းက သမီးရှေ့မှာ ထိုင်ချလိုက်ပြီး ပြောတော့ သမီးက သူ့ကို မရဲတရဲလေးမော့ကြည့်ပြီး မျက်လွှာသိမ်းကာ တိုးတိုးလေးပြောလာသည်က..


"တီတီ့ကို မီးမီးက မေကြီး တော်ချင်တာ"တဲ့..၊


................................................................


"ဟင်!.."


"ဆင်းလေ ခြိမ့်...ဘာဖြစ်လို့လဲ"


ကားစက်သပ်ပြီး ကားတံခါးဖွင့်ဆင်းမလို့ပြင်ပြီးမှ တောင့်တောင့်လေးထိုင်ကာ ငြိမ်သက်သွားသည့် ခြိမ့်ကြောင့် ဟန်သာ လက်တွေ တုံ့ဆိုင်းကုန်သည်။


ခြိမ့် မျက်လုံးလေးတွေ စူးစိုက်ငြိမ်သက်နေသည့် နေရာဆီ မျက်လုံးတွေ လိုက်ရွေ့လျားသွားစဥ်မှာတော့..၊


"သိမ်းပိုက်ကမ္ဘာ!..."


ဟုတ်သည်..၊ လူမမှားနိုင်။ 


သိမ်းပိုက်ကမ္ဘာကို တစ်ခါနှစ်ခါလောက်သာ မြင်ဖူးသော်လည်း အများကြားထဲမှာ ထင်းခနဲ ဖြစ်နေသည့် အရိပ်အမောင်းနှင့် ခန့်ညားချောမွေ့သည့် ရုပ်ရည်က သူ့ကို အလွယ်တကူမှတ်မိစေသည်။


ဒီဆိုင်မှာ မုန့်လာစားဖို့ ခြိမ့်ကို သူမပဲ မရမကခေါ်ခဲ့တာ။ ဒီလောက်တိုက်တိုက်ဆိုင်ဆိုင် လာဆုံလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ..၊


တမင်ချိန်းထားရင်တောင် လွဲချင်လွဲဦးမည်။ အနက်ရောင်စတိုင်ပင်န့်၊ ကြက်သွေးရောင် ရှပ်အကျီအပေါ်ကနေ မီးခိုးရောင် ကုတ်အကျီကို ထပ်ဝတ်ထားသည့် သိမ်းပိုက်ကမ္ဘာကိုယ်ပေါ်မှာ သုံးလေးနှစ်အရွယ် ဆံပင်ဖောင်းဖောင်းလေးနှင့် ချစ်စရာ ကလေးငယ်လေးက လည်ပင်းကို သိုင်းဖက်လျက်။ 


အစိမ်းရောင်ပိုးသားအကျီလက်စကလေးနှင့် အဖြူထဲမှာ အစိမ်းချိပ်တွေထိုးထားသည့် ထဘီနှင့် ညိုစက်စက်လေးချောသည့် မိန်းကလေးသည် ဘေးချင်းယှဥ်ကာ ရယ်မောလျက် အတူတူတွဲလျှောက်လာကြသည့် မြင်ကွင်းက ဆိုင်ရှေ့ ကားစတင်းထဲကနေ အရှင်းသားမြင်နေရခြင်းဖြစ်သည်။


ဘယ်လိုကြည့်ကြည့် ချစ်စရာ မိသားစုပုံစံလေးပင်။


ခြိမ့် မျက်နှာတစ်ခုလုံး အေးစက်တင်းမာလျက် ထိုဆီကနေ မျက်လုံးတွေ လွှဲဖယ်သွားခြင်းမရှိ။စူးလဲ့နေသည့် မျက်လုံးများထဲ၌ ရွှန်းစိုနေသည့် အခိုးအငွေ့တို့သည် မျက်ရည်များလား..၊ 


ဘေးတိုက်မြင်နေရသည့် နှုတ်ခမ်းသားလေးတွေ တဆတ်ဆတ်တုန်ခါနေတာကို ဟန်သာ အမှတ်တမဲ့ သတိပြုလိုက်မိ၏။ 


ဘုရားရေ...ခြိမ့် ငိုနေတာလား..၊


"မောင်းတော့ ဟန်သာ.."


သတိထားပြောလိုက်တာတောင် ခြိမ့် အသံက အဖျားခတ်၍တုန်ခါသွားသေးသည်။


ဟန်သာလည်း ခြိမ့်ကို ဘယ်လိုနှစ်သိမ့်ရမှန်းပင်မသိတော့၊ ပြောစရာ စကားလုံးတွေ ရှားပါးသွားသလိုပင်။


 သူနဲ့ပက်သက်ပြီး ခြိမ့် ခုချိန်ထိ မတည်ငြိမ်နိုင်သေးပါလား..၊


အပိုင်း(၁၁)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: