book

Index 1

အပိုင်း(၁)

💘 မှတစ်ပါး....အခြားမရှိ 💘


"မမြ!..."


"......"


"မမြ....ဘယ်တွေရောက်ကုန်တာလဲ"


"ဒုန်း!.."


"မမြ.."


"ခြိမ့်လေး ထမင်းစားတော့မလို့လား၊ တို့ ပြင်ပေးမယ်လေ"


ကျစ်!...၊ လာပြန်ပြီ၊


ခြိမ့် မျက်နှာကမလိုလားဟန်တို့ဖြင့် ခပ်တင်းတင်းဖြစ်သွားပြီး တစ်ဖက်ကို ဆတ်ခနဲ လှည့်ပစ်လိုက်သည်။ 


ဒါတောင် နက်ပြာရောင် လည်တောင်လက်ပြတ်၊ရိုးရိုးထဘီနှင့် တင်းရင်းချပ်ကပ်နေသည့် ကိုယ်လုံးကိုယ်ထည်၊ ဖြူတာထက်ပိုကာ ရွှေဝါရောင်ဝင်းနှစ်နေသည့် အသားအရောင်နှင့် ရှင်းမိန့်မိန့်ခန့် ဆိုသော ထိုအမျိုးသမီးရုပ်သွင်က မျက်ဝန်းထဲ ကပ်ငြိပါလာ၏။


ဖွံ့ထွားတောင့်တင်းသည့် ကိုယ်နေဟန်က မြန်မာဝတ်ဆုံနှင့်ဆိုတော့ မိန်းကလေးချင်းပင် မနာလိုစရာကောင်းအောင် လှနေသည်။


"နင့်ဒက်ဒီပစ်ကျတာလည်း မပြောနဲ့ ခြိမ့်၊ အဲဒီမိန်းမရဲ့ဘော်ဒီက အရမ်းကိတ်တယ်နော်၊ ပြောရမယ်ဆို အငယ်အနှောင်းတွေရဲ့ ကိုယ်လုံးကိုယ်ထည်မျိုးဟ"


ဟန်သာဝေဖန်ပြောဆိုခဲ့တာကို သတိရသွားပြီး ခုမှ ခြိမ့် သတိထားကြည့်မိခြင်းဖြစ်၏။


သနပ်ခါးနံ့သင်းသင်းလေးနှင့် အနားမှာ လာရပ်တော့ ခြိမ့်မျက်နှာ ဒီဘက်ပြန်လှည့်ပြီး...၊


"မမြကိုခေါ်တာ၊မမြကလွဲပြီး ဘယ်သူမှ မလိုချင်ဘူး"


မျက်နှာကို တည့်တည့်ကြည့်ပြောချလိုက်သဖြင့် ရှင်းမိန့်မိန့်ခန့် မျက်နှာ ကွက်ခနဲပျက်သွားပြီး ထမင်းအုပ်ဖွင့်နေသည့် လက်ကတုံ့ခနဲရပ်သွားလေသည်။


"မမွ ...မမွ"


"မမြကို စျေးလွှတ်လိုက်တယ်၊ ခြိမ့် ဘာစားချင်လို့လဲ မမလုပ်ပေးမယ်"


"နေပါစေတော့"


အသင့်မှောက်ထားသည့် ပန်းကန်ထဲသို့ ထမင်းခပ်ထည့်နေသဖြင့် ခြိမ့် ခုံကို နောက်ဆုတ်ပစ်ရင်း ထရပ်လိုက်၏။ကော့ပျံမည်းနက်နေသည့် မျက်တောင်ရှည်တို့ ပတ်ရံထားသည့် မျက်ဝန်းနက်နက်စိုစိုတို့ အံ့သြတကြီး ဝင့်တက်လာတာနှင့် ဆုံသွားတော့ ခြိမ့် နာနာကျည်းကျည်းမဲ့မိသွားသည်။


ဒီအလှအပတွေနဲ့ ဒက်ဒီ့ကို လှုပ်မရအောင် တုန်နှောင်နေတာ။


"နေပါဦး၊ ဒီနေ့ ခြိမ့်ကြိုက်တဲ့ ငါးခူဆီပြန်လေးနဲ့ ငါးသေးသေးလေးတွေကြော်ထားတယ်၊ ကျောက်ပွင့်သုပ်လေးရော မကျည်းရွက်ဟင်းချိုရော အားလုံးခြိမ့်အကြိုက်တွေချည်းပဲ၊ နည်းနည်းဖြစ်ဖြစ်စားသွားနော်၊ တို့ ခူးပေးမယ်"


"ဘယ်သူပြောလဲ"


ခပ်တင်းတင်းမေးလိုက်တာကို ရုတ်တရက် နားမလည်သလိုနှင့် ရှင်းမိန့်မိန့်ခန့်က မျက်ခုံးလေးပင့်လျက် ခြိမ့်ကို ငေးကြည့်နေရာ...၊


"အဲဒါတွေခြိမ့်ကြိုက်တယ်လို့ ရှင့်ကို ဘယ်သူပြောတာလဲ ဒေါ်ရှင်းမိန့်မိန့်ခန့်"


"ဟို...တို့ မမြကိုမေးလိုက်တာပါ၊ ဘာဖြစ်လို့လဲ ခြိမ့် ဒါတွေ မကြိုက်လို့လား"


သွယ်လျလျမျက်နှာမှာ အလယ်မှာ ထိစပ်နေသည့် မျက်ခုံးမည်းမည်းများနှင့် ပါးလွှာသေသပ်သည့် နှုတ်ခမ်းလေးတွေကြောင့် ရှင်းမိန့်မိန့်ခန့််အလှသည် ထင်းခနဲဖြစ်နေလျက်..၊


"မကြိုက်လို့လား ခြိမ့်လေး၊ မမြပြောတော့ ခြိမ့်က ငါးဆို အရမ်းကြိုက်တာတဲ့လေ၊ အဲဒီထဲကမှ ငါးခူတို့ ငါးမြွေတိုးတို့ကို ပိုကြိုက်တယ်တဲ့"


"အခု မကြိုက်တော့ဘူး"


"ဟင်!.."


အံ့သြဝိုင်းစက်သွားသော မျက်ဝန်းညိုများသည် ခြိမ့်မျက်နှာထက်မှာ စုန်ချည်ဆန်ချည်ပြေးလွှားသွား၏။ 


ဘယ်လိုနေနေ ဆုတောင်းကောင်းသည့် အမျိုးသမီးပင်၊ မိန်းမပီသကာ အဆင်းရော အချင်းပါ ပြည့်စုံနေသည့် ရှင်းမိန့်မိန့်ခန့်ဆိုတာ သူမတူသော အရည်အချင်းများနှင့်။


အဟွန့်...၊ အဲဒါကြောင့်လည်း ဒက်ဒီဟာ မာမီ့ကို ကွာရှင်းပြီး ဒီမိန်းမကို အိမ်ပေါ်ခေါ်တင်ခဲ့တာပေါ့..။


"ဒီမှာ.."


ခြိမ့် လက်ပိုက်၍ ရှင်းမိန့်မိန့်ခန့်ကို စိုက်ကြည့်ပြီး...၊


"နောက်ကို ခြိမ့်အကြိုက်တွေကို ရှင် ချက်ပေးစရာလည်း မလိုဘူး"


"မမက စေတနာနဲ့..."


"သွားစမ်းပါ၊ ဘာ စေတနာလဲ၊ အဲဒီပလီပစာတွေ ဒက်ဒီ့ရှေ့ကျမှ ပြော၊ တစ်ခါတည်းပြောထားလိုက်မယ်၊ ဒက်ဒီနဲ့လက်ထပ်ထားတယ်ဆိုပြီး နေရာတကာ ဝင်မပါ ပါနဲ့၊ နှိုင်းခြိမ့်ခြိမ့်သာတို့ ပါးစပ်က ဥပုသ်မစောင့်တတ်ဘူး၊ မိထွေးနေရာကို အော်တော်မစ်တစ်ရောက်လာပေမယ့် မာမီ့နေရာကို အပိုင်ယူဖို့ ဘယ်တော့မှ မစဥ်းစားနဲ့၊ ဟောဒီခြိမ့်ဂေဟာရဲ့ပိုင်ရှင်ကခုရောနောင်ရော ဒေါ်နှိုင်းထက်သာပဲ"


ပြင်ဆင်မရအောင် ပျက်ယွင်းညိုမှောင်သွားသည့် မျက်နှာကို တစိမ့်စိမ့်စိုက်ကြည့်ပစ်လိုက်၏။


"ခြိမ့် တစ်ခုတော့မေးချင်တယ် ဒေါ်ရှင်းမိန့်မိန့်ခန့်"


မျက်ဝန်းတွေက ခြိမ့်ဆီကို ဖျတ်ခနဲရွေ့လျားလာပြီး ချက်ချင်းပြန်ပြေးလွှားသွားလျှင်..၊


"ရှင့်ရုပ်၊ရှင့်ပညာ၊ရှင့်အသက်အရွယ်နဲ့ ဒိပ်ဒိပ်ကြဲလူပျိုယောကျ်ားတွေကို ခေါင်းခေါက်ရွေးလို့ ရတာ၊  လွတ်လပ်တဲ့ယောကျ်ားတွေကို မရွေးပဲ အသက်အရွယ်ကွာတဲ့ အိမ်ထောင်ရှင်ယောကျ်ားကိုမှ ဘာလို့ လက်ထပ်ခဲ့တာလဲ၊ဘာကြောင့် သူများသိုက်မြုံကို ဖျက်ဆီးရတာလဲ၊ ပြောစမ်းပါ ဒေါ်ရှင်းမိန့်မိန့်ခန့်"


ခြိမ့်စကားအဆုံးမှာ ပြိုတော့မည့်မိုးလို အုံ့မှိုင်းနေသည့် မျက်နှာမှာ မျက်ရည်တွေ မျက်ဝန်းထဲပြိုးပြတ်လက်လာ၏။


"ရှက်တတ်ရင် လဲသေဖို့ပဲ ကောင်းတယ် သိလား"


"နေပါဦး၊ချက်ထားတာတွေ စားသွားဦးလေ ခြိမ့်"


"စားမဲ့သူမရှိရင် သွန်ပစ်လိုက်"


ရှင်းမိန့်မိန့်ခန့်တစ်ယောက် ဘာဖြစ်ကျန်ခဲ့သလဲ မသိ၊ သိလည်း မသိချင်ပါ။ ခြိမ့် လှည့်မကြည့်တော့ပဲ ထမင်းစားခန်းထဲကနေ ဘောက်ဆတ်ဆတ်လေးထွက်လာခဲ့သည်။


ဗိုက်ထဲက တဂွီဂွီနှင့် ပိုးမျိုးစုံသောင်းကျန်းနေပေမယ့် စားချင်စိတ်လည်း မရှိတော့။ 


ထမင်းစားချိန် ထမင်းစားခန်းထဲရောက်ပြီးမှ ခုလိုပြန်ထွက်လာခဲ့ရတဲ့ အခါပေါင်းမနည်းတော့..၊ဤသို့ဖြစ်ရခြင်းသည် ရှင်းမိန့်မိန့်ခန့် အိမ်ပေါ်စရောက်လာတဲ့နေ့ကစလေ၏။


............................................................


"မေမေ လုံးဝ သဘောမတူဘူး တည်ကြည်"


"ခက်တော့တာပဲဗျာ"


"ဘာခက်တာလဲ၊ ဒီလိုဖြစ်အောင် မင်းပဲ လုပ်နေတာ မဟုတ်လား၊ အဲဒီလို မိန်းကလေးမျိုးနဲ့ မေမေ့သားကို မပေးစားနိုင်ဘူး"


"ခြိမ့်မှာ ဘာအပြစ်ရှိလို့လဲ မေမေရာ"


"အပြစ်ဟုတ်လား၊ ရည်းစားတွေထည်လဲတွဲပြီး နေချင်သလိုနေ နေတဲ့ စရိုက်ပျက်မနဲ့ သားလို အထူးကုဆရာဝန်ကြီးနဲ့ မတန်ဘူး၊ အို...မေမေ့သားအဖိုးတန်လေးနဲ့ ဘယ်လိုမှ မအပ်စပ်ဘူး၊ တည်ကြည်....မင်း ဒီကောင်မလေးကို အဆက်ဖြတ်လိုက်"


"မေမေကလည်းဗျာ"


တည်ကြည်ခန့်ညား မိခင်ဖြစ်သူဒေါ်မြင့်မိုရ်ခန့်ကို စိတ်ပျက်လက်ပျက်နှင့် ကြည့်နေမိသည်။


မေမေပြောတဲ့ ပြစ်ချက်တွေက သူ ခွင့်လွှတ်ပြီးသားတွေ မဟုတ်လား။ ခြိမ့်ကို ချစ်ခဲ့တာ လမ်းခွဲဖို့မှ မဟုတ်တာ၊ လက်ထပ်ပြီး ရိုးမြေကျ ပေါင်းသင်းနေထိုင်သွားဖို့..။


"မေမေကလည်း မဗျာနဲ့၊ ဒီမိန်းကလေးနဲ့ စရိုက်လက္ခဏာတွေနဲ့ မေမေတို့ မိသားစုနဲ့မဖြစ်ဘူး တည်ကြည်၊ မေမေပြောတာ ကြားလား"


ဒေါ်မြင့်မိုရ်ခန့်စကားအဆုံးမှာ တည်ကြည်မျက်နှာ သိသိသာသာပျက်သွားသည်။ဦးပိုင်ဦးကတော့ ဆိုဖာမှာ ခြေချိတ်ထိုင်ပြီး သတင်းစာဖတ်နေတာ သူတို့ စကားဝိုင်းထဲ ဝင်မပါ။


သိမ်းပိုက် မိခင်ဖြစ်သူကို တစ်လှည့်၊ဖခင်ဖြစ်သူကို တစ်လှည့်ကြည့်၍ သက်ပြင်းရှိုက်ကာ စားပွဲပေါ်က ကားသော့ကို ကောက်ယူလိုက်ပြီး..၊


"ကျွန်တော် ကုမ္ပဏီသွားတော့မယ်၊ ဖေဖေ ဘယ်အချိန်လောက်မှ ရောက်မလဲ"


"ဒီနေ့ သား ရှယ်ယာရှင်တွေနဲ့ဆွေးနွေးရမှာမို့လား၊ကိုယ်က နောက်ကျနေလို့ မဖြစ်ဘူး၊ ဖေဖေလည်း ပြင်ဆင်ပြီး လိုက်ခဲ့မယ်"


ဦးပိုင်ဦးနှင့် သိမ်းပိုက်ကမ္ဘာ ပြောဆိုနေကြတာကို နားထောင်ရင်း ဒေါ်မြင့်မိုရ်ခန့် အာရုံက ဒီဘက်ကိုရောက်သွားသည်။


"သားငယ်"


"ဗျာ...မေမေ"


ကားသော့ကိုယူပြီးမှ ထိုင်ရာကနေမထဖြစ်သေးပဲ သိမ်းပိုက် မိခင်စကားကို နားစွင့်နေမိသည်။


"မင်းလည်း ခုရက်တွေ ခြေသိပ်များနေတယ်နော်၊ သတိထား...မေမေ ဘာသံညာသံတွေ မကြားချင်တော့ဘူး၊ အရင်တစ်ခါလည်း မေမေ့စကားကို နားမထောင်ပဲ စိတ်ထင်ရာစိုင်းလို့ ဒုက္ခရောက်ခဲ့ပြီးပြီ၊ ဒီတစ်ခါတော့  မေမေစိတ်ချချင်တယ် သားငယ်"


"ခုချိန်ထိတော့ ကျွန်တော် မေမေစိတ်မချမ်းသာရရင်တောင် မေမေစိတ်ဆင်းရဲအောင် မလုပ်မိသေးဘူး"


"နောက်ကျရင်လုပ်မယ်ပေါ့လေ ဟုတ်လား သိမ်းပိုက်"


"ကြိုမမြင်နိုင်တဲ့ အနာဂတ်ကို မှန်းတွေးပြီး ကျွန်တော် ကတိတွေ မပေးချင်ဘူး မေမေ၊ ပစ္စုပ္ပန်က အဖြေပေးသွားပါလိမ့်မယ်၊ ကျွန်တော် သွားတော့မယ်"


စကားသံနှင့်အတူ သိမ်းပိုက် ထရပ်တော့ တည်ကြည်က ဖျတ်ခနဲမော့ကြည့်ကာ...၊


"ကျွန်တော် ဆေးခန်းသွားတော့မယ် မေမေ"


စကားဖြတ်ပြီး ထရပ်လိုက်တော့သိမ်းပိုက်နှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။


"ကိုကို ဆေးခန်းသွားမှာမို့လား၊ဒါဆို ညီတို့သွားရအောင်"


"အေး..ကိုကိုလည်း တစ်ခါတည်းလိုက်မယ်"


 ဒေါ်မြင့်မိုရ်ခန့်မျက်လုံးတွေက တည်ကြည့်ထံ တန်းခနဲရောက်လာပြီး..၊


"ပြန်ထိုင်စမ်း တည်ကြည်ခန့်ညား၊ ငါ စကားပြောနေတော့မှ အလုပ်သွားမယ်ဆိုတော့ မင်းက ဘာလဲ"


ဒေါ်မြင့်ရိုရ်ခန့် ဒေါသတွေ တည်ကြည်ဆီ စုပုံကျရောက်သွား၏။


"မဟုတ်ပါဘူး မေမေ၊ ဆေးခန်းသွားဖို့နောက်ကျနေလို့ပါ"


"ကျကျ ကိုယ်ပိုင်ဆေးခန်းပဲ၊ မင်းလည်း ဟိုတစ်ကောင်လို အချိုးမျိုး ချိုးမလာနဲ့၊ မေမေစိတ်ချမ်းသာချင်တယ် ကြားလား တည်ကြည်"


"ဟုတ်ကဲ့"


မိခင်ဖြစ်သူကို မကြည်သာသော မျက်နှာဖြင့် တည်ကြည် ခေါင်းညိတ်ပြလိုက်သည်။


မိခင်နှင့် အစ်ကိုကိုကြည့်၍ သိမ်းပိုက် ခေါင်းခါရမ်းမိကာ..၊


"ကိုကိုမလိုက်သေးလည်း နေလေ၊ ညီ သွားနှင့်ပြီ၊ မေမေ သားသွားပြီ"


"ကားကို သတိထားမောင်းနော် သားငယ်"


"မေမေ နေ့တိုင်းမှာနေရတာ မမောဘူးလားဗျို့"


"မင်းတို့အတွက် ပြောတာကို ငြူစူနေတာလား၊ မေမေစိတ်ချမ်းသာအောင် သတိထားပြုပြင်ဖို့ကြိုးစားပါတော့လား၊သားငယ်တို့ ကားထွက်သွားတာနဲ့ မေမေ့မှာ ဘုရားတနေရတာ"


"မေမေ့သားက အသက်တစ်ရာနှစ်ဆယ့်အထိ သားတစ်ရာမြစ်တစ်ဖျာနဲ့ နေသွားရမဲ့ ဇာတာပါပြီးသားပါ မေမေရာ အဟား..ဟား.."


"ကြည့်...မိဘစကားကို အလေးအနက်ကို မရှိဘူး"


ရယ်မောလျက် စိတ်လက်ပေါ့ပါးစွာ ကားမောင်းထွက်သွားသည့် သိမ်းပိုက်ကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီး ဒေါ်မြင့်မိုရ်ခန့် အလိုမကျစိတ်ဖြင့် ရေရွတ်နေသည်။


 တည်ကြည်ခန့်ညားဆိုသော သူ့ဘဝတွင်  မိခင်စကားကို လွန်ဆန်နိုင်ခဲ့တာ ဘယ်တုန်းကများရှိခဲ့သလဲ။ 


ငယ်စဥ်ကလေးဘဝကတည်းက မေမေက ဒါဆို ဟိုဟာကိုကျော်ပြီး လက်ညှိုးထိုးခွင့်မရှိခဲ့ပါ။ ဆယ်တန်းကို ဂုဏ်ထူးများများနှင့်အောင်အောင်ကြိုးစားရမည်၊ ဆေးတက်ရမည်ဆိုတော့လည်း ခေါင်းညိတ်ခဲ့ရသည်သာ။ 


အစားအစာကအစ မကြိုက်ဘူးလို့ ခေါင်းခါခွင့်မရှိ၊ မေမေ စားဆို ကြိုက်ကြိုက်မကြိုက်ကြိုက်စားခဲ့ရတာချည်းပင်။ 


မေမေရဲ့စည်းတွေဘောင်တွေထဲမှာ အသားကျခဲ့ရသည်က ခုအရွယ်အထိဆိုလည်း မမှား။ 


"မင်းလည်း မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်ဖို့ မစဥ်းစားနဲ့၊ မင်းကို သျှင်ယွန်းနဲ့လက်ထပ်ပေးဖို့ မေမေတို့ လူကြီးချင်းနားဖောက်ပြီးပြီ"


"ဟာဗျာ!.."


မချိမဆန့်အသံကြီးထွက်လာပြီး တည်ကြည် ခေါင်းငိုက်စိုက်ကျသွား၏။


"ထိုင်ဦး၊ မေမေ့စကား မဆုံးသေးဘူး"


ဒေါ်မြင့်မိုရ်ခန့်က အမိန့်ဆန်ဆန်ခပ်မာမာပြောလျှင် ဦးပိုင်ဦးက သတင်းစာပေါ်ကနေ ကျော်ပြီး ကြည့်လိုက်၏။ သို့သော် ဘာတစ်ခွန်းမှ ဝင်မပြော..၊


"သျှင်ယွန်းကိုပဲ မေမေ ချွေးမတော်နိုင်မယ်၊ အေးဆေးတည်ငြိမ်ပြီး မြန်မာဆန်တဲ့ မိဘသိတတ်တဲ့ သျှင်ယွန်းမြတ်လို မိန်းမမြတ်ကိုပဲ သား လက်ထပ်ဖို့စဥ်းစား၊ ကျန်တာတွေ ခေါင်းထဲကထုတ်ပစ်လိုက်"


"ကျွန်တော် သျှင်ယွန်းကို ညီမလေးတစ်ယောက်လိုပဲ ချစ်နိုင်တယ် မေမေ၊ ခြိမ့်ကိုပဲ.."


"တော်စမ်း တည်ကြည်ခန့်ညား၊ အဲဒီမိန်းကလေးနဲ့ဇာတ်လမ်းကို ဖြတ်မလားမဖြတ်ဘူးလား၊ မင်း မေမေ့အကြောင်းသိပါတယ်နော်"


ဆိုင်ဖာပေါ်ထိုင်ပြီး တည်ကြည် ခေါင်းကြီး ငုံ့ကာ စိတ်ထဲကနေ ကျိတ်တိုက်ပွဲဖြစ်နေ၏။ 


"မြင်လိုက်ရင် ယောကျ်ားလေးတွေ တရုန်းရုန်းနဲ့၊ ရည်းစားကျပြန်တော့လည်း ဒီနေ့ကို သုံးယောက်လောက်များ တွဲနေသလား ထင်ရတယ်၊ ဝတ်လိုက်တော့လည်း အတိုအပြတ်အကွဲအပြဲတွေနဲ့၊မြန်မာ့ယဥ်ကျေးမှုကို ဖီလာဆန့်ကျင်နေတာ၊ အဲဒီလို စည်းလွတ်နေတဲ့ မိန်းကလေးမျိုးနဲ့ အိပ်မက်ထဲမှာ ချွေးမတော်ရရင်တောင် ညတွင်းချင်း ခေါင်းထဆေးပစ်လိုက်မယ်၊ သျှင်ယွန်းမြတ်ကိုပဲ မင်းလက်ထပ်ရမယ်"


ခက်တယ်.. မေမေနဲ့တော့ခက်ပါတယ်ဗျာ၊ နှလုံးသားဆိုတာ စျေးခုံပေါ်က အရောင်းခံပစ္စည်းမှ မဟုတ်ပဲ၊ အချစ်ကို ပုံစံခွက်ထဲ ထည့်ပြီး လိုသလို ပုံသွင်းလို့ ရမလား။ 


သူ ခြိမ့်ကိုချစ်သည်။ လက်ထပ်မည်။ ဒါဟာ ခိုင်မာတဲ့ သူ့သစ္စာ။ 


သူ့နှလုံးသားက ငယ်စဥ်ကတည်းက အတူတူနေလာသည့် ယဥ်ကျေးတဲ့သျှင်ယွန်းမြတ်ကို မမြင်၊ ခေတ်ရှေ့ပြေးနေသည့် ခပ်ကဲကဲလေး ခြိမ့်ကိုသာ စူးစူးနစ်နစ်ချစ်မိတဲ့အဖြစ်။


ကျွန်တော့်ကို တစ်ခါလောက်တော့ လွတ်မြောက်ခွင့်ပေးပါလား မေမေရယ်၊ နှလုံးသားရဲ့အလိုဆန္ဒအတိုင်း ချစ်တဲ့သူကို လက်ထပ်ပါရစေလား။ 


"မေမေပြောတာတွေ ခေါင်းထဲထည့်ထားနော် တည်ကြည်"


တည်ကြည် ခေါင်းပင် မညိတ်နိုင်တော့ပါ။ 


"ကျွန်တော် သွားမယ် မေမေ"


"သွား...ဆေးခန်းဆိုပြီး တခြားကို သဝေထိုးမနေနဲ့ဦး၊ အပြင်မှာ မေမေရဲ့မျက်စိတွေ နားတွေ အများကြီးပဲ"


"ကဲ..မြင့်၊ သားအလုပ်သွားပါစေကွာ၊ ညကျမှ ဆက်ပြောလည်း ရတာဘဲ၊ လူနာတွေ တမျှော်မျှော်ဖြစ်နေပါ့မယ်ကွာ"


"သား သွားပြီ မေမေ"


ဖခင်က ကြားထဲကနေ မနေနိုင်တော့ပဲ ဝင်ပြောမှ တည်ကြည် ထွက်လာခွင့်ရတော့၏။


သားလိမ္မာလုပ်ရတာ မကောင်းပါလား၊


..............................................................


"ဒီဆိုင်မှာထိုင်မှာလား.."


ဆိုင်ရှေ့ မြေကွက်လပ်ပါကင်နေရာမှာ ကားလေးကို ဦးမော်ကွန်းက ပါကင်ထိုးလိုက်မှ သိမ်းပိုက် မေးလိုက်မိ၏။ ရှိန်းတေဇာက ပြုံးပြုံးကြီးနှင့် သူ့ပခုံးကိုပုတ်လိုက်ပြီး..၊


"ဒီဆိုင်က လန်းတယ်ကွ၊အပန်းလည်းပြေတယ်၊ ဘီယာမော့ရင်း သီချင်းနားထောင်ရင်းမျက်စိအစာကျွေးရင်းပေါ့ကွာ ဟဲ..ဟဲ"


"အေးပေါ့ကွာ၊ ခုချိန်မှာ ငါက မင်းတို့ခေါ်ရာလိုက်ရမှာပေါ့"


"အဲလိုလုပ်စမ်းပါ သိမ်းပိုက်ရ၊ ငါတောင် လန်းလန်းနေတာ ဘာဖြစ်လဲ အေးဆေးပေါ့ကွ"


လုပ်ငန်းပါတနာတွေချင်းမို့ ဆိုင်ထိုင်မယ်ဆိုတော့ သူ ငြင်းဖို့မသင့်။ လက်က နာရီကို မြှောက်ကြည့်ရင်း ဦးမော်တို့နောက်ကို လိုက်ခဲ့ရ၏။


"ဦးမော်တို့ သောက်ချင်တာ မှာကြလေ"


စားပွဲမှာ ထိုင်မိကြသည်နှင့် ရှိန်းတေဇာတို့က စိတ်ကြိုက်မှာတော့သည်။  


"သိမ်းပိုက်...မင်းမချဘူးလား"


"ဘီယာတော့ နည်းနည်းသောက်မယ်"


"ဘယ်လိုဖြစ်တာလဲ သိမ်းပိုက်၊ သောက်စမ်းပါကွ"


"ကျွန်တော် ဒီည မူးလို့ မဖြစ်လို့ပါ၊ ဦးမော်တို့စိတ်ကြိုက်သောက်ကြဗျာ"


သိမ်းပိုက် အလိုက်အထိုက်ပြောလိုက်သည်။ မှာထားတာတွေရောက်လာတော့ ဘီယာကိုဖြည်းဖြည်းဆီမော့ရင်း စတိတ်စင်ဆီကို အကြည့်တွေပို့ထားလိုက်သည်။


"ငေးမနေနဲ့ သိမ်းပိုက်၊ဒီကောင်မလေးမဆိုးဘူးကွ၊ ပန်းကုံးလေးဘာလေး စွပ်ပေးလိုက်ကွာ"


"ဟုတ်တယ် ရှိန်းပြောသလိုပဲ သိမ်းပိုက်၊ ငါတောင် အသက်ပြန်ငယ်သွားသလိုပဲ ဟဲ..ဟဲ"


"ဦးမော်တို့ ပန်းကုံးချီးမြှင့်ချင်ရင် သွားလိုက်၊ ကုသိုလ်ရတာပေါ့"


"မင်းရော...ဘယ်လိုလဲ စိတ်မပါဘူးလား"


ဘီယာကို ခပ်မျှင်းမျှင်းဆွဲသောက်ရင်း သူ ပြုံးလိုက်သည်။ရောင်စုံမီးရောင်အောက်မှာ ပုရိသတွေကို ဆွဲဆောင်နေသည့် မိန်းကလေးကို တစ်ချက်စိုက်ကြည့်ပြီး ဘီယာခွက်ကို ပြန်ကိုင်လိုက်ကာ...၊


"စိတ်ပါတယ်ဆိုတာ ဒီထဲကိုထိမှ.."


ဘီယာခွက်ကိုင်ထားသည့်လက်ဖြင့် ရင်ဘတ်ကို ထိပြလိုက်တော့ ဦးမော်တို့ ဝိုင်းရယ်သည်။သူပါ ရော ရယ်ချလိုက်မိ၏။


"ဟာ...ဒီချာတိတ်မဆိုးဘူးကွ"


စောစောကတည်းက စွဲမက်စရာ ချိုအီအီအသံလေးကို ကြားပေမယ့် သိမ်းပိုက် စတိတ်စင်ဘက်ကို မကြည့်မိခဲ့။ 


ဦးမော်အသံနှင့်သူတို့ မျက်လုံးတွေပါ ပါဝါမြှင့်နေသဖြင့် သူ လှမ်းကြည့်လိုက်ရာ..၊


"ဟင်!.."


"အသစ်လေးထင်တယ် ရှိန်း၊ တကယ့်အနိမ့်လေးပဲကွ ဟဲ..ဟဲ"


"လုံးဝမိတယ် ဦးမော်၊ ကျွန်တော်တော့ ကုသိုလ်သွားယူဦးမှ"


"ငါလည်းလိုက်မှာပေါ့ကွ၊ ဒါမျိုးလေးကို ဘယ်လက်လွတ်ခံမလဲ"


သိမ်းပိုက် မျက်နှာက အရေးကြောင်းတို့ကို သတိမထားမိဘဲ ဦးမော်တို့က ပန်းကုံးတွေ သွားစွပ်နေကြ၏။


အနက်ပေါ်မှာ တလက်လက်တောက်နေသည့် ငွေမှင်ရောင်ကိုယ်ကျပ်အကျီက ရင်ဘတ်တစ်ခြမ်းပေါ်လွင်နေပြီး လက်တစ်ဖက်တည်းနှင့် ပေါင်လယ်လောက်တိုကပ်နေ၏။ လည်ရှည်ဘွတ်ရှူးအနက်က အရှေ့မှာ ကြိုးတွေ ခတ်ကာ ခြေသလုံးတစ်ဝက်အထိပဲရှိသည်။


ဖြူဝင်းသည့် အသားဆိုင်များက အကျီလွတ်နေသည့် နေရာတွေမှာ ထင်းရှင်းလို့နေသည်။ပခုံးပေါ်မှာ ဝဲနေသည့် ဆံပင်လေးတွေက မီးရောင်အောက်မှာ ဝါသွားလိုက်၊ နီမြန်းသွားလိုက်၊ ဘယ်နှရောင်လောက်ဖောက်ထားသလဲ မသိ။


ထူဝဲဝဲဆံပင်အောက်ကနေ သူမလှုပ်ရှားသည့်အတိုင်း ငွေရောင်နားဆွဲက ပခုံးကိုသွားထိနေလျက်။


 အနီရောင်စိုလက်နေသည့် နှုတ်ခမ်းထူထူလေးက အဝေးကပင် ထင်းနေအောင် ဆွဲဆောင်မှုရှိသည်။


သံစဥ်အလိုက် လှုပ်ရှားယိမ်းထိုးနေသည့် သူမကို စူးစိုက်ကြည့်နေရင်း မျက်နှာလွှဲလိုက်၏။ ထိုအခါ မျက်ဝန်းတွေကတစ်ဆိုင်လုံးပြေးလွှားသွားပြီးမှ အနောက်က ထောင့်ကျကျစားပွဲဆီ နောက်တစ်ခေါက်ပြန်ရွေ့သွားသည်။


"ကိုကို!..."


အပိုင်း(၂)ဆက်ရန်👈👈👈


စာဖတ်သူများအတွက်

ထာဝရ

#ဖက်ဖူးစိမ်း


rate now: