ကောင်းကင်သစ်တို့ ပုဂံခရီးမှ ပြန်လာပြီးနောက်ရက်မှာ ကောင်းကင်သစ်ကို ကြွေရုပ်က ဖုန်းဆက်ပြီး တွေ့ကြဖို့ ချိန်းခဲ့သည်။ ကောင်းကင်သစ်လည်း ကြွေရုပ်ချိန်းသည့် မနော်ရမ္မံကစားကွင်းသို့ စိတ်ညစ်ညူးစွာ ထွက်လာခဲ့လိုက်သည်။ ကြွေရုပ်နှင့်တွေ့လျှင် သူ့ကို ဘယ်လိုတွေ ရန်တွေ့ဦးမည်ဆိုတာ သူတွေးကြည့်ရုံနှင့်တင် စိတ်ပျက်မိသည်။
ကောင်းကင်သစ် မနော်ရမ္မံဥယျာဥ်သို့ရောက်ချိန်တွင် ကြွေရုပ် မရောက်ခဲ့သေးပါ။ သည်ဥယျာဉ်သို့ သူတို့ ရောက်ဖြစ်တိုင်း ထိုင်ပြီး စကားပြောဖြစ်ခဲ့ကြသည့် ဥယျာဉ်အဝင် တံတားလေးဘေးက ခုံတန်းလေးမှာပဲ ထိုင်ရင်း ကြွေရုပ်ကို စောင့်နေလိုက်သည်။ ခဏအကြာမှာတော့ ကြွေရုပ်လည်း ရောက်လာခဲ့သည်။
ညနေ နေဝင်ချိန်မှာတောင် ကြွေရုပ်၏ အလှသည် လန်းဆန်းနုပျိုစွာနှင့် တောက်ပလျက်ရှိသည်။ တကယ်ကို နာမည်နှင့် လိုက်ဖက်အောင် သိပ်ကိုလှသည့် ကြွေရုပ်လေး။ ကြွေရုပ်က တံတားပေါ်က ဖြတ်လာလိုက်ရင်း ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ကောင်းကင်သစ်ကို လက်လှမ်းပြကာ ချိုမြကြည်လင်စွာ ပြုံးပြလိုက်သည်။
“ကို ရောက်နေတာကြာပြီလား”
“မကြာသေးပါဘူး ကြွေ”
ကြွေရုပ်၏ မျက်နှာလေးသည် ပြုံးရွှင်ချိုသာ၍ နေလေသည်။ အသံလေးသည်လည်း လွင်မြူးလန်းဆန်းလျက်ရှိသည်။
ကြွေ…သူ့ကို စိတ်ဆိုးပြေသွားပြီလား…။ မဖြစ်နိုင်ပါဘူး။ သူ ချော့တောင် မချော့ရသေးဘူးလေ။ ကြွေရုပ်၏ စိတ်အခြေအနေသည် ခန့်မှန်းရ ခက်နေခဲ့သည်။
“ကိုယ် ဟိုနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်”
“ဟင့်အင်း ကို၊ ကို တောင်းပန်ရမယ့်ကိစ္စမဟုတ်ပါဘူး။ သေချာပြန်တွေးကြည့်လိုက်တော့မှ ကြွေ့စကားတွေ လွန်သွားတယ်။ ဒါပေမယ့် ကိုရယ်…ဒါတွေက ကို့ကို ချစ်တဲ့စိတ်တစ်ခုထဲကြောင့်ပါ။ ကို့ကို ချစ်လွန်းလို့ သဝန်တိုမိပြီး ကြွေ ပြောမိပြောရာတွေ ပြောလိုက်မိတာ”
“ကိုယ့်ကို ချစ်တဲ့စိတ်ကြောင့် ဖြစ်သွားတာကို ကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကြွေ…ကြွေ့စကားတွေ အတွက် တိမ်ပြာ့ကို ကြွေ တောင်းပန်သင့်တယ်”
“အင်း ကို၊ ကြွေ တိမ်ပြာ့ကို တောင်းပန်လိုက်ပါ့မယ်”
ကြွေသည် ကောင်းကင်သစ်ကို ကြည့်လျက် ပေါ့ပါးစွာ ပြုံးလေသည်။ ပုဂံက ပြသနာအပြီးမှာ ကြွေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်မှာ ကောင်းကင်သစ်ပင် နားမလည်နိုင်သည့်အထိ။
“ကို…ကြွေတို့ ချစ်နေကြတာကို မိဘတွေကို ဖွင့်ပြောသင့်ပြီလို့ ကြွေ ယူဆတယ်”
“ကိုယ်တို့ ကျောင်းပြီးမှ ဖွင့်ပြောဖို့ သဘောတူထားကြတယ်မလား ကြွေရဲ့။ အခုမှ ဘာလို့ ရုတ်တရက်ကြီး ဖွင့်ပြောချင်ရတာလဲ”
ကောင်းကင်သစ်နှင့်ကြွေသည် ချစ်သူတွေ စဖြစ်ကတည်းက ဘွဲ့ရပြီးချိန်မှသာ သူတို့ ချစ်နေကြမှန်း နှစ်ဖက်မိဘများကို တရားဝင်ဖွင့်ပြောပြီး အိမ်ထောင်ပြုဖို့ စဉ်းစားထားကြသည်။ အခုမှ ကြွေ ဘာလို့ ရုတ်တရက် အတွေးပြောင်းသွားသည်ဆိုတာကို ကြွေသာ အသိဆုံးဖြစ်ပါလိမ့်မည်။
“ကြွေတို့တွေ (၁၈)လည်း ပြည့်ပြီလေ ကို။ ကြွေတို့ ချစ်လာကြတာ နှစ်နှစ်လည်း ရှိပြီ။ ဒီလောက်ဆိုရင် ကြွေတို့အကြောင်းကို လူကြီးတွေကို အသိပေးသင့်ပြီထင်တာပဲ”
“………”
“ဒီအချိန်ပြောပြထားမှ ကြွေတို့ ဘွဲ့ရပြီးလို့ မင်္ဂလာဆောင်မယ်ဆိုရင်လည်း အတော်ပဲ ဖြစ်သွားတာပေါ့။ အဲ့အချိန်လောက်ဆို ကြွေတို့လည်း နှစ်ဖက်မိဘတွေနဲ့ ရင်းနှီးနေရောပေါ့ မဟုတ်လား ကိုရဲ့”
တွေဝေနေသည့် ကောင်းကင်သစ်ကို ကြွေက စိတ်ရှည်လက်ရှည် နားသွင်းနေသည်။ ကောင်းကင်သစ်ကတော့ ကြွေ့စကားများကို နားမဝင်ဘဲ ကြွေ ဘာလို့ ရုတ်တရက် အတွေးပြောင်းသွားလဲ ဆိုသည့်အချက်ကိုသာ စဉ်းစားနေမိသည်။
“ကို့… ဘာတွေ စဉ်းစားနေတာလဲ။ ကြွေ ပြောတာကြားရဲ့လား”
“အင်းပါ ကြွေရဲ့။ ကြားပါတယ်။ ကိုယ် စဉ်းစားပါရစေဦး”
“ဘာကို စဉ်းစားမှာလဲ ကိုရဲ့။ သားနဲ့ ကြွေရုပ် ချစ်သူတွေ ဖြစ်နေကြပါပြီ ဆိုတဲ့ စကားလေးတစ်ခွန်းပြောဖို့အရေး ကိုက ဘာတွေ တွေဝေနေတာလဲ။ ဘာလဲ..။ ကြွေ့ကို ကိုက အပျော်တွဲတာလား”
ကြွေက ပြောရင်း ဝမ်းနည်းလာဟန်ရှိသည်။ အသံလေးများ တုန်ကာ ငိုသံလေးများ ပါလာခဲ့သည်။
ကြွေ့ကို ကောင်းကင်သစ် ကြည့်လိုက်တော့ လှပဝိုင်းစက်နေသော မျက်ဝန်းလေးများသည် မျက်ရည်စများနှင့် ရွှန်းစိုရီဝေနေခဲ့သည်။
သည်လိုဆိုပြန်တော့လည်း ကောင်းကင်သစ် စိတ်မကောင်းဖြစ်ရပါသည်။
“အင်းပါ ကြွေရဲ့။ ဒီလိုဆိုလည်း ပြောကြတာပေါ့လေ”
“ဒါဆို မနက်ဖြန် ကို ကြွေ့အိမ်လာခဲ့နော်။ ကြွေ့ဖေဖေ၊ မေမေနဲ့ ကို့ကို မိတ်ဆက်ပေးမယ်။ ပြီးရင် ကို့အိမ် ကြွေလိုက်ခဲ့မယ်။ ကြွေ့ကိုတော့ ကို့ဖေဖေနဲ့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုပါဘူး။ ကြွေက ကို့ဖေဖေရဲ့ ကျောင်းသူပဲဟာ။ ကို့ဖေဖေသာ ကြွေက ကို့ချစ်သူမှန်းသိသွားရင် ဘယ်လိုတွေ အံ့ဩသွားမယ် မသိဘူးနော်”
ကြွေသည် သူ့စိတ်ကူးနှင့်သူ ပျော်မြူးကာ ရယ်မောနေတော့သည်။ နောက်ဆုံးတော့ ကြွေ့ဆန္ဒကို လိုက်လျောဖို့ ကောင်းကင်သစ် ဆုံးဖြတ်လိုက်သည်။
ကောင်းကင်သစ် ကြွေ့အိမ်ကို ရောက်ချိန်တွင် ကြွေ့မိဘများက ကောင်းကင်သစ်ကို နွေးထွေးစွာ ကြိုဆိုဧည့်ခံကြသည်။ ဧည့်ဝတ်ကျေပွန်လွန်း၍ ကောင်းကင်သစ်ပင် အနေရခက်ရပါသည်။ ကြွေ့၏ မေမေက ကောင်းကင်သစ် လာမည်ဆို၍ ရှမ်းရိုးရာ ဟင်းလျာများကို သူကိုယ်တိုင်ချက်ပြုတ်ထားခဲ့သည်။
“အန်တီက ရှမ်းလူမျိုးပေါ့။ တောင်ကြီးဇာတိ။ အရင်က အန်တီ့ဇာတိ တောင်ကြီးမှာနေကြတာ။ ကြွေလေး ဆယ်တန်းရောက်တော့မှ မန္တလေးကို ပြောင်းလာကြတာ။ ကြွေ့ဖေဖေက မန္တလေးသား ဗမာစစ်စစ်။ အဲ့ဒီတော့ ကြွေက အန်တီ့ရဲ့ ရှမ်းသွေးပါတယ်။ ရှမ်းဗမာ ကပြားမလေးပေါ့ သားရယ်”
“ဟုတ်လားခင်ဗျ။ ကြွေက သားကို ဒီအကြောင်းတွေ တစ်ခါမှ မပြောပြဖူးဘူး”
“ဟယ် ဟုတ်လား။ ဘာလို့ မပြောပြတာလဲ သမီးရဲ့”
“ဒီလိုပါပဲ မေမေရယ်။ စကားမကြုံလို့ပါ။ ပြောလဲ ကိုက ကြွေ့စကားဆို ယုံချင်မှ ယုံမှာရယ်။ မေမေပြောလို့သာ ယုံတာ။ ကြွေက ရှမ်းနဲ့ တစက်လေးမှ မတူတာကိုး”
ကြွေက သူ့စကားသူ သဘောကျစွာ ရယ်မောနေတော့သည်။ ကြွေ့မေမေကတော့ ‘ဒီကလေးမလေးကတော့လေ ပြောတော့မယ်’ ဟုဆိုကာ ကြွေနှင့်အတူ လိုက်ပါရယ်မောတော့သည်။
“အင်း…အန်တီပြောမှ ကြွေ့ကို သေချာကြည့်တော့ ရှမ်းနဲ့ နဲနဲဆင်သလိုပါပဲ”
“တွေ့လား မေမေ။ ကိုက အဲ့သလိုပါဆို..”
သူတို့ ပြိုင်တူရယ်မောကြရပြန်သည်။
“သား…ကောင်းကင်၊ ကျောင်းပြီးရင် ဘာလုပ်ဖို့ စဉ်းစားထားလဲ”.
စကားနည်းသည့် ကြွေ့ဖေဖေက ကောင်းကင်သစ်ကို မေးလိုက်သည်။
“သားကတော့ သားဝါသနာပါတဲ့ ဆရာဝန်အလုပ်ပဲ လုပ်ချင်ပေမယ့် ဖေဖေက သူ့ကျောင်းကို သားလက်ထဲ လွှဲပေးချင်တယ်တဲ့ အန်ကယ်။ အခုလောလောဆည်တော့ ရေရေရာရာ မဆုံးဖြတ်ရသေးပါဘူး ခင်ဗျာ”
“အေးလေ…ဆရာကြီးအနေနဲ့ကျတော့လဲ သားဆိုလို့ မင်းတစ်ယောက်ထဲ ရှိတာမလား။ မင်းကိုပဲ အားကိုးချင်ရှာမှာ။ ဒါတော့ သားပဲ ဆုံးဖြတ်ပါ”
“ဟုတ်ကဲ့ အန်ကယ်”
“လက်ထက်ဖို့ရော ဘယ်လို စဉ်းစားထားကြလဲ”
ကြွေ့မေမေက ဘယ်သူရယ်လို့မှ မရည်ရွယ်ဘဲ မေးလိုက်ခြင်း ဖြစ်သည်။ နှုတ်သွက်သည့် ကြွေက တရဟော ဝင်ဖြေတော့သည်။
“ကြွေကတော့ ဖြစ်နိုင်ရင် ခုတောင် လက်ထပ်ချင်တာ။ ကိုက ကျောင်းပြီးမှ လက်ထပ်မယ်ဆိုလို့။ နောက်ထပ် ငါးနှစ်ကြီးတောင် စောင့်ရဦးမှာ။ ကြွေကတော့ မစောင့်ချင်တော့ဘူး”
“ဟယ်…ဒီကလေးမလေးကတော့လေ… ကိုယ့်အဖေရှေ့မှာ ပြောသင့် မပြောသင့် မစဉ်းစားဘူး။ ပြောချင်တာတွေ ပြောတော့တာပဲ။ ကြွေက ဒီလိုပဲ သားရေ။ ကလေးစိတ် ကုန်သေးတာ မဟုတ်ဘူး။ တခုခုဆို သားက သည်းခံပေးပါကွယ်”
“ဟုတ်ကဲ့၊ စိတ်ချပါ အန်တီ”
ကြွေတို့အိမ်က ပြန်ခဲ့ကြတော့ နေ့လည် သုံးနာရီခန့်သာ ရှိသေးသည်။ ကြွေ့အိမ်က ထွက်ထွက်ချင်း မြိုသိပ်အောင့်အီးထားရသည့် သက်ပြင်းရှည်တစ်ချက်ကို ကြွေမသိအောင် ကောင်းကင်သစ် ကြိတ်ချလိုက်ရသေးသည်။
ကောင်းကင်သစ် အိမ်သို့ သွားရန် အချိန်က အနည်းငယ်စောနေခဲ့သေး၍ ရုပ်ရှင် သုံးနာရီခွဲပွဲ ဝင်ကြည့်လိုက်ကြသေးသည်။ ရုပ်ရှင်ပြီးသွားချိန်မှာ ညနေ ခြောက်နာရီ ထိုးလုလုဖြစ်၍ ကောင်းကင်သစ် ဖေဖေ အိမ်ပြန်ရောက်နေလောက်ပြီ။
တကယ်လည်း ကောင်းကင်သစ်တို့ အိမ်ရောက်ချိန်တွင် ဖေဖေလည်း ကျောင်းမှ ပြန်ရောက်နေခဲ့ပြီ။ ကောင်းကင်သစ်၏ လက်မောင်းကို ချိတ်တွဲကာ အိမ်ထဲသို့ ဝင်လာသည့် ကြွေရုပ်လွှာကို ဖေဖေမြင်တော့ အံ့ဩသွားပုံရသည်။
“ဟာ…သမီး ကြွေရုပ်လွှာ။ လာလည်တာလား”
“ဟုတ်ကဲ့ ဆရာကြီး။ မင်္ဂလာပါရှင့်”
"အေးအေး၊ မင်္ဂလာပါ သမီးရယ်"
“ဖေဖေ ဒါ သားချစ်သူ။ သားတို့ ချစ်သူတွေ ဖြစ်နေကြတာ ဆယ်တန်းပြီးကတည်းက”
“ဟောဗျာ”
ဖေဖေက ကောင်းကင်သစ်စကားကို သဘောကျစွာ ရယ်မောနေတော့သည်။
“ဖေဖေက ငါ့သားကို ကလေးလေးလို့ပဲ မြင်နေတာ။ ငါ့သားက ရည်းစားတောင် ထားတတ်နေပါလားကွ”
“ဟာ..ဖေဖေကလည်းဗျာ”
ဖေဖေ၏ စကားကြောင့် ကောင်းကင်သစ် မျက်နှာပူခနဲဖြစ်သွားကာ ရှက်သွားရသည်။
“အံမယ်…အခုမှ ရှက်ပြမနေနဲ့။ ဘာပဲဖြစ်ဖြစ် ကြွေရုပ်နဲ့ဆိုတော့လည်း ဖေဖေ ဘာမှ မေးစရာ မလိုတော့ဘူးပေါ့။ ကြွေရုပ်က ဖေဖေ့တပည့်ပဲ။ သမီး…ကြွေရုပ် ညစာစားသွားလေ”
“ဟုတ်ကဲ့ ဆရာကြီး”
ကောင်းကင်သစ်အိမ်ကနေ ပြန်ခဲ့ကြပြီးချိန်တွင် ကြွေက တိမ်ပြာ့ကို တောင်းပန်ချင်သည်ဟုဆို၍ တိမ်လေး၏ အိမ်ရှေ့အရောက်တွင် တိမ်လေးကို ဖုန်းဆက်၍ လှမ်းခေါ်လိုက်သည်။
“ဟဲလို တိမ်လေး”
“ပြောလေ ကိုကို”
“ဒီမှာ ကြွေက တိမ်လေးကို တောင်းပန်ချင်လို့တဲ့။ ကိုကိုတို့ တိမ်လေး အိမ်ရှေ့မှာ ရောက်နေတယ်”
“ဗျာ…တိမ်လေးကို တောင်းပန်စရာ မလိုပါဘူး။ ကိုကိုတို့အဆင်ပြေရင် ရပါပြီ”
“အဲ့လိုလည်း ဘယ်ဟုတ်ပါ့မလဲ။ တိမ်လေး အခုထွက်လာခဲ့နော်။ ကိုကိုတို့ စောင့်နေမယ်”
ခဏလောက် အကြာမှာ တိမ်လေးက ခြံတံခါးလေး တွန်းဖွင့်ရင်း ထွက်လာခဲ့သည်။
T-shirt အင်္ကျီ မိုးပြာရောင်လေးနှင့် ချည်သား ဘောင်းဘီတို အနက်ရောင်လေးကို ဝတ်ဆင်ထားသည့် တိမ်လေးသည် ကလေးလေးသဖွယ် အပြစ်ကင်းစင်လျက် ချစ်စရာကောင်းနေခဲ့သည်။
“တို့ မင်းကို တောင်းပန်ချင်လို့ပါ”
“ရပါတယ် ကြွေရုပ်။ တောင်းပန်စရာမလိုပါဘူး”
“တို့ စကားတွေ လွန်ခဲ့တယ်လေ။ အဲ့အတွက်တောင်းပန်ရမှာပေါ့ တိမ်ပြာ”
“ကျွန်တော်ကို ကြွေရုပ် ပြောခဲ့တဲ့စကားတွေကို ကျွန်တော် မေ့ပစ်လိုက်ပါပြီ။ ကျွန်တော့်အပေါ် အမြင်ရှင်းသွားရင် ပြီးတာပါပဲ ကြွေရုပ်”
“တို့ ကို့အိမ်ကနေ ပြန်လာတာလေ။ ဒီနေ့ တို့နဲ့ ကို ချစ်သူတွေဆိုတာကို နှစ်ဖက်လုံးက မိဘတွေကို အသိပေးခဲ့တယ်။ နှစ်ဖက်စလုံးကလဲ ကြည်ကြည်ဖြူဖြူပဲ သိလား။ ကျောင်းပြီးတာနဲ့ မင်္ဂလာဆောင်ဖို့တောင် ပြောပြီးသွားပြီ”
သည်စကားတွေကို အဆက်အစပ်မရှိဘဲ ကြွေရုပ် ဘာလို့ ပြောမှန်း တိမ်ပြာရိပ်မိပါသည်။ ကြွေရုပ်သည် စကားလုံးများကို ဓားတစ်စင်းလို အသုံးချကာ တိမ်ပြာ၏ နှလုံးသားကို ထိုးစိုက်ဖို့အတွက် ကြိုးစားနေခဲ့ခြင်းဖြစ်ပါသည်။ တိမ်ပြာသည် ကြွေရုပ်၏ စကားလုံးများကို ဘာမှမဖြစ်သလို ဟန်ဆောင်ပြုံးထားရင်း အားတင်းနားထောင်နေရသည်။
“ဟုတ်လား ကြွေရုပ်။ Congratulations ပါနော်။ ကိုကောင်းကင်သစ်လည်း Congratulations ပါနော်။ ပျော်စရာကြီး”
လူမှုရေးအရ ဟန်ဆောင်၍ ဝမ်းသာဂုဏ်ယူစကား ပြောလိုက်ရသော်လည်း တိမ်ပြာ့ရင်ထဲမှာတော့ ပူလောင်အောင့်သက်လျက်ရှိသည်။
“ကို ဒါနဲ့လေ…ကြွေတို့ မင်္ဂလာဆောင်ကျရင် တိမ်ပြာ့ကို သတို့သားအရန် လုပ်ခိုင်းရင် မကောင်းဘူးလား”
ကောင်းကင်သစ်သည် ကြွေရုပ်၏ စကားများကို တုံ့ပြန်ဖြေကြားခြင်း မရှိဘဲ တိတ်ဆိတ်နေခဲ့တော့ ကြွေရုပ်ကသာ ဆက်ပြောလေ၏။
“တိမ်ပြာ ကူညီမယ်မလားဟင်”
တိမ်ပြာကတော့ အပြုံးမပျက်ပင် ကြွေရုပ်လွှာ၏ ထိုးနှက်ချက်များကို ရင်ဆိုင်နေခဲ့သည်။
“ဒါပေါ့ လုပ်ပေးရမှာပေါ့ ကြွေရုပ်ရဲ့။ တကယ်သာ မင်္ဂလာဆောင်ဖြစ်ရင်ပေါ့”
တကယ်သာ မင်္ဂလာဆောင်ဖြစ်ရင်ပေါ့ ဆိုသည့် တိမ်ပြာ့စကားကြောင့် ကြွေရုပ်လွှာ၏ အပြုံးမျက်နှာလေး ကွက်ခနဲ ဟန်ပျက်သွားခဲ့ရသည်။ ပြီးတော့မှ မျက်နှာလေးကို ပြန်ပြင်ကာ အချိုသာဆုံးဖြစ်အောင် ပြုံးထားလိုက်သည်။
“အဲ့ဒါဆိုရင်တော့ ကတိနော် တိမ်ပြာ။ နောက်မှ တစ်မျိုးပြောလို့ကတော့ တို့ရော ကိုရောက စိတ်ဆိုးမှာ သိလား”
“ဟုတ်ကဲ့ပါ ကြွေရုပ်ရဲ့”
သူတို့သည် စိတ်ထဲကမပါဘဲ ဟန်ဆောင်ရင်း ရယ်မောလိုက်ကြသည်။ ရယ်သံများကတော့ ခြောက်အက်ကွဲရှနေခဲ့တော့သည်။
သည်လိုနှင့် ကြွေဖြစ်ချင်ခဲ့သော နှစ်ဖက်မိဘ အသိပေးခြင်းကိစ္စသည် အောင်မြင်စွာနှငိ့ အဆုံးသတ်နိုင်ခဲ့လေသည်။ ကြွေရုပ်ကတော့ သူဖြစ်ချင်တာ ဖြစ်ရ၍ ပျော်ရွှင်အူမြူးနေခဲ့သည်။
“ရှမ်းမလေး ကြွေရုပ်၊ အရမ်း ပျော်နေတယ်ပေါ့”
“ပျော်တာပေါ့ ကိုရဲ့။ နှစ်ဘက်လုံးက မိဘတွေက ကြွေတို့ကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံကြိုဆိုပေးကြလို့လေ။ ကိုရော..မပျော်ဘူးလား”
“အင်…ပျော်ပါတယ် ကြွေရဲ့”
ကြွေ စိတ်ချမ်းသာပါစေတော့ဟူ၍သာ ကြွေအမေးကို အလွယ် ဖြေလိုက်ရသည်။ တကယ်တော့ ကောင်းကင်သစ် တစ်နေ့လုံး ပျော်ချင်ယောင်ဆောင်နေခဲ့ရသည်။ သူ့စိတ်တွေ လန်းဆန်းမှုမရှိဘဲ ညှိုးနွမ်းနေခဲ့ရသည်။ ပျော်ရွှင်မှု မရှိဘဲ စိတ်ထဲတွင် တင်းကြပ်နေခဲ့လေသည်။
သူ ဘာကြောင့် စိတ်တွေလေးလံ ထိုင်းမှိုင်းနေခဲ့သလဲဆိုတာ အိမ်ပြန်ရောက်ချိန်တွင် အိပ်ရာပေါ်လှဲ၍ ခေါင်းအေးအေးနှင့် စဉ်းစားကြည့်မိလေသည်။
ဘာလို့ပါလိမ့်…။ သူ့ရင်ထဲ စိတ်အလိုမကျမှုကြီးတစ်ခုက ဘာအတွက်ကြောင့်များ ကြီးစိုးနေရတာပါလိမ့်….။
သူ့နှလုံးသားအတွင်းပိုင်းထဲထိ စူးနစ်ကာ နေခဲ့သည့် အကြောင်းအရာတစ်ခုကို ရှာဖွေတွေ့ရှိသွားချိန်တွင် သူ အံ့ဩထိတ်လန့်သွားရတော့သည်။
သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် တွယ်ငြိခိုဝင်နေသည်မှာ ကြွေ မဟုတ်ခဲ့ဘဲ တိမ်လေးဖြစ်နေခဲ့သည်ကို သူသိလိုက်ရချိန်တွင် သူ့နှလုံးသားတစ်ခုလုံး ကွဲကြေပြတ်ရှမတတ် နာကျင်စူးနင့်သွားရတော့၏။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ