book

Index 8

Chapter 8

ကျောင်းကိစ္စများနှင့် တစ်နှစ်ပတ်လုံး လုံးလည်ချာလည်လိုက်ကာ စိတ်ပင်ပန်းနေခဲ့ရသမျှကို အိပ်ရာပေါ်တွင် ပစ်လှဲလိုက်ချလိုက်ခြင်းနှင့် ဖြေဖျောက်ပစ်လိုက်သည်။ သည်ကနေ့သည် ဒုတိယနှစ် (Second Year) ၏ ပထမစာသင်နှစ်ဝက် (First semester) အတွက် နောက်ဆုံးနေ့လည်း ဖြစ်သည်။ 

ကောင်းကင်သစ်သည် ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ်ဝင်ခွင့်ဖောင်များ လျှောက်ရချိန်ကတည်းက ဆေးတက္ကသိုလ်သို့ တက်ရောက်ရန် ရွေးချယ် လျှောက်ထားခဲ့သည်။ ကြွေရုပ်လွှာသည်လည်း ကောင်းကင်သစ်နှင့်အတူ ဆေးတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့ကြသည်။ 

စာသင်နှစ် စပါပြီဆိုသည်နှင့် စာထဲမှာသာ ရှိရှိသမျှ စိတ်အာရုံများ စိုက်ထားခဲ့ရသည်ဖြစ်၍ အတန်းထိန်းဂိုက်ဆရာအလုပ်ကိုတောင် ထွက်လိုက်ရသည်။ ‌တက္ကသိုလ်တွေ စဖွင့်သည့် ဒီဇင်ဘာလကတည်းက ဂိုက်ဆရာအလုပ်မှ ရပ်နားခဲ့လိုက်သည်။ 

အိပ်ရာပေါ် ခဏလှဲချလိုက်သည့် အချိန်တိုလေးအတွင်းမှာ ကောင်းကင်သစ် မျက်လုံးများ စဉ်းလာကာ အိပ်ပျော်လုနီးနီး ဖြစ်သွားရသည်။ မဖြစ်ဘူး။ သူအိပ်ပျော်သွားလို့ မဖြစ်သေးဘူး။ အခုမှ ညနေ (၅)နာရီသာ ရှိသေးသည်။ သည်အချိန် အိပ်ပျော်သွားလျှင် ညကြီးသန်းခေါင်ကျမှ နိုးကာ မျက်စိကြောင်နေလိမ့်မည်။ 

အိပ်ရာပေါ်မှ ရှိသမျှ လက်ကျန်ခွန်အားလေးနှင့် ကုန်းရုန်းထကာ ရေချိုးဖို့ အဝတ်အစားများကို ချွတ်လိုက်သည်။ အဝတ်ဗီရိုထဲမှ တဘတ်တစ်ထည်ယူလိုက်ပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ပတ်လျက် ရေချိုးခန်းထဲသို့ ဝင်ကာ ရေပန်းဖွင့်လိုက်သည်။ 

မိုးရေစက်များကဲ့သို့ အဆက်မပြတ် တဖွဲဖွဲကျလာသည့် ရေစက်အေးလေးများ၏အောက်သို့ ခိုဝင်ကာ မျက်နှာလေးကို မော့ထားလိုက်ရင်း ရေစက်လေးများ၏ အေးမြသော အထိအတွေ့ကို ခံယူလိုက်သည်။ ကောင်းကင်သစ် ရေကို အချိန်ဆွဲရင်း ဇိမ်ပြေနပြေ စိမ်ချိုးလိုက်သည်။ ရေစက်အေးများအ၏ အထိအတွေ့၊ ရေချိုးဆပ်ပြာ၏ မွှေးကြိုင်သော အနံ့အသက်လေးများဖြင့် ကောင်းကင်သစ်၏ စိတ်များ ပြန်လည် နိုးကြွလန်းဆန်းလာသည်။

ရေချိုးခန်းထဲမှ ထွက်ပြီး အဝတ်အစားလဲနေချိန်မှာ အခန်းတံခါးကို ဖေဖေ လာခေါက်သည်။ ဖေဖေ့ကို တံခါး ပြေးဖွင့်ပေးလိုက်သည်။ ဖေဖေက သူ့အခန်းထဲသို့ ဝင်ဝင်ချင်းမှာပဲ ရေချိုးပြီးကာစ ဆပ်ပြာနံ့လေး၏ သင်းရနံ့ကို ခံစားမိပြီး နှစ်ခြိုက်စွာ အားရပါးရ ရှုရှိုက်လိုက်သည်။ 

“ဟား…မွှေးလိုက်တာကွာ။ ငါ့သားကတော့ အမြဲ မွှေးကြိုင်လန်းဆန်းနေတာပဲ” 

“ဖေဖေက သားရဲ့ ညှိုးနွမ်းညစ်ပတ်နေတဲ့ ပုံစံကို မမြင်ဖူးလို့ပါနော်။ သား ကျောင်းက ပြန်ရောက်တဲ့ အချိန်တွေ ဖေဖေမှ အိမ်ပြန်မရောက်သေးတာ။ သား ရေချိုးပြီးပြီးချင်းအချိန်တွေသာ ဖေဖေနဲ့ တိုး တိုးနေတာ” 

“ဟုတ်ပါပြီ…ဒါနဲ့ သား၊ ကျောင်းကိစ္စတွေ ပြီးပြီလား။ အဆင်ရော ပြေရဲ့လား” 

“ဟုတ်ကဲ့ ဖေဖေ။ ဒီနေ့ပဲ ပြီးခဲ့ပြီ။ ဘာလို့ မေးတာလဲ…ဖေဖေ” 

“ဖေဖေတို့ ခရီးထွက်ဖို့ စီစဉ်ထားတယ် သား။ တိမ်လေးလည်း ဆယ်တန်းဖြေပြီးပြီဆိုတော့ သူ့ကိုလဲ စိတ်ပြေလက်ပျောက်ဖြစ်အောင်၊ ဖေဖေတို့ ပုဂံ သွားကြမလို့” 

“ဟုတ်လား..ဖေဖေ။ တိမ်လေးဖေဖေရောလား” 

“အေး ဟုတ်တယ် သား။ တိမ်လေးဖေဖေရယ်၊ တိမ်လေးရယ်၊ ဇွဲထက်မာန်ရယ်၊ သားရယ်၊ ဖေဖေရယ် ငါးယောက်ပေါ့ကွာ” 

တိမ်လေးနှင့် အတူတူ သွားရမည့် ပထမဆုံးခရီးဖြစ်သည့်အတွက် သူ ပျော်ရွှင်မိတာတော့ အမှန်ပါပင်။ သို့သော် ကြွေရုပ်သာ သည်ကိစ္စကို သိလျှင် ခွင့်ပြုမည်မဟုတ်။ ‌ဖေဖေကလည်း တစ်ခါတစ်လေမှ စီစဉ်‌သည့် ခရီးဖြစ်သည့်အတွက် သူ့ကို မလိုက်မဖြစ် လိုက်စေချင်ပုံရသည်။ သူသည်လည်း လိုက်ချင်မိပါသည်။ 

“ဟုတ် ဖေဖေ။ သွားကြတာပေါ့။ ဘယ်နေ့ စီစဉ်ထားလဲ။ ဟိုတယ်ရော Booking လုပ်ပြီးပြီလား” 

“အေး သား။ သားလဲ အားပြီဆိုတော့ သန်ဘက်ခါပဲ သွားကြစို့။ ဖေဖေ စီစဉ်ထားလိုက်မယ်” 

“ဟုတ်ကဲ့ ဖေဖေ” 

ဖေဖေက ပြောပြီး အခန်းထဲမှ ပြန်ထွက်သွားသည်။ သူကတော့ ရေချိုးလိုက်သဖြင့် လန်းရွှင်လာသည့် စိတ်လေးများ ပြန်လည် ညစ်ညူးသွားရတော့သည်။ တိမ်လေးတို့နှင့် ခရီးသွားမည့်ကိစ္စ ကြွေရုပ်ကို ဘယ်လို ပြောရမှာပါလိမ့်။ 

ညရှစ်နာရီ ထိုးတော့ ကြွေရုပ်ဆီသို့ ဖုန်းခေါ်လိုက်သည်။ သည်အချိန်သည် သူတို့ ပုံမှန် ဖုန်းပြောနေကျ အချိန်ပင် ဖြစ်ပါသည်။ 

“ဟဲလို…ကို” 

ကြွေရုပ်သည် ရွှင်လန်းတတ်ကြွနေသည့် အသံလေးနှင့် ဖုန်းဖြေပါသည်။ 

“ဟဲလို ကြွေ၊ ကျောင်းတုန်းက အသံနဲ့ တခြားဆီပါလား” 

သူ သည်လိုနောက်လိုက်တော့ ကြွေရုပ်ဆီမှ ခပ်ဟဟ ရယ်သံလွင်လွင်လေးကို ကြားလိုက်ရသည်။ 

“အံမယ်..ကိုရော၊ ဘာထူးလို့လဲ။ ကျောင်းမှာတုန်းက မျောက်ဝံကြီးကို ကားကြိတ်ထားတဲ့ ရုပ်နဲ့ စကားတောင် မပြောနိုင်ဘူး။ အခုတော့ အသံလေး‌ကတောင် ပေါ့ပါးလန်းဆန်းနေလို့ပါလား။ ရေချိုးပြီးပြီမလား” 

“အင်း ဟုတ်ပါ့…” 

သူတို့ ပြိုင်တူ ရယ်မောမိလိုက်ကြသည်။ 

“လွမ်းလိုက်တာ ကိုရယ်” 

“ညနေကမှ ကျောင်းကနေ လမ်းခွဲပြီး ပြန်သွားတာလေ။ လွမ်းနေပြီတဲ့လား” 

“တကယ် ကိုရဲ့။ ကို့ကိုပဲ သတိရနေတာ။ ကိုကရော မလွမ်းဘူးလား” 

“လွမ်းပါ့ဗျာ” 

ကြွေရုပ် မေး၍သာ ဖြေလိုက်ရသည်။ ကြွေရုပ်ကို လွမ်းမိသလားဆိုတာကိုတော့ သူ့ကိုသူ တိတိကျကျမသိ။ 

“ဒါနဲ့လေ…၊ ကြွေ။ ကိုယ် ဖေဖေနဲ့ ပုဂံသွားမလို့” 

“ဟုတ်လား…ဘယ်နေ့လဲ” 

“သန်ဘက်ခါ” 

“အင်း ကို၊ သွားလေ” 

သူတို့ ခရီးတွင် တိမ်ပြာ ပါမည့်အကြောင်းကိုတော့ ကြွေရုပ်ကို အသိမပေးဘဲ ထိမ်ချန်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါမှသာ သူ စိတ်လွတ်လက်လွတ် ခရီးသွားနိုင်မည်ဖြစ်သည်။ တိမ်ပြာ နှင့် အတူတူ ခရီးထွက်မည်မှန်း ကြွေရုပ်သိလျှင် သူတို့ခရီးစဉ် ပျက်ဆီးသွားနိုင်သည်။ သူသည်လိုတော့ အဖြစ်မခံနိုင်ပါ။ 

………………………………….

ကောင်းကင်သစ်တစ်ယောက် အခန်းထဲတွင် အဝတ်အစားများနှင့် အလုပ်ရှုပ်လျက်ရှိသည်။ မနက်ဖြန်ထွက်မည့် ခရီးအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် အဝတ်အစားများကို စီစဉ်ရင်း ခရီးဆောင်အိတ်အတွင်းသို့ ထည့်နေရသည်။ ထိုစဉ် သူ၏ ဖုန်းလေး သီချင်းသံမြည်လာခဲ့သည်။ သည်သီချင်းသံသည် ကြွေရုပ်အတွက် သီးသန့်ထားသည့် ဖုန်းမြည်သံဖြစ်၍ ဖုန်းခေါ်သူမှာ ကြွေရုပ်ဖြစ်မှန်း သူ သိလိုက်သည်။ 

“ဟဲလို ကြွေ” 

“အင်း ကို့၊ အဝတ်အစားတွေ ထည့်ပြီးပြီလား” 

“ထည့်တုန်းပဲ ကြွေ” 

“ပျော်နေတယ်ပေါ့လေ။ အသံက မပြောချင်ဘူး။ အရင်နေ့ကထက် ပိုပြီး ရွှင်ပျနေသလိုပဲ” 

“မဟုတ်ပါဘူး ကြွေရာ။ ဒီလိုပါပဲ” 

“ဒါနဲ့ ကိုတို့ ဘယ်မှာ တည်းမှာတဲ့လဲ” 

“ဖေဖေကတော့ Heritage Bagan Hotel လို့ ပြောတာပဲ။ ဘာလို့လဲ ကြွေ” 

“ဪ…ဒီတိုင်း မေးကြည့်တာပါ။ ဒါဆိုလဲ ဒါပဲနော်..ကို၊ လုပ်စရာရှိတာ လုပ်လိုက်ဦး။ ပုဂံက ပြန်လာမှ တွေ့မယ်။ ချစ်တယ်နော် ကို။ Good Night” 

“အင်း…ချစ်တယ်ကြွေလေး။ Good Night” 

ဖုန်းချပြီး ကောင်းကင်သစ် ခရီးဆောင် အိတ်ထဲသို့ ထည့်စရာရှိသည်များကို ဆက်ထည့်နေလိုက်သည်။ မနက်ဖြန် တိမ်လေးနှင့် အတူတူ သွားရမည့် ပုဂံခရီးစဉ်အတွက် သူ အခုတကည်းက ကြိုတင် စိတ်လှုပ်ရှားနေမိတော့သည်။ 

ငှက်ကလေးများ၏ ကျ‌လိကျလိအသံနှင့်အတူ မနက်ရှစ်နာရီ တိတိတွင် ကောင်းကင်သစ် နိုးထလာရသည်။ ဖုန်း၏ နှိုးစက်အသံကို ငှက်အသံလေးများနှင့်အစားထိုးကာ အသုံးပြုထားခြင်းကြောင့်ဖြစ်သည်။ 

သူ နိုးနိုးချင်း သတိရလိုက်သူက တိမ်လေး။ တိမ်လေးရော နိုးပြီလား။ တိမ်လေးဆီ သူ ဖုန်းခေါ်လိုက်သည်။ သို့သော် တိမ်လေး သူ့ဖုန်းကို မကိုင်ခဲ့ပါ။ 

ကြွေရုပ်နှင့် ထိပ်တိုက်တွေ့ပြီးကတည်းက တိမ်လေးက သူ့ဆီ ဖုန်းတချက်မှ မဆက်တော့ပါ။ တခါတလေ သူဆက်လျှင်တောင် တိမ်လေး ဖုန်းမကိုင်တော့ပဲ သူ့ကို သိသိသာသာ ရှောင်နေခဲ့လေသည်။ 

ဖုန်းလေးကို ပြန်ချထားလိုက်ကာ ရေချိုးခန်းထဲသို့ ဝင်ပြီး ရေမိုးချိုးကာ ပြင်ဆင်ပြီး ယူသွားမည့် ခရီးဆောင်အိတ်ကို ဧည့်ခန်းတွင် ချထားလိုက်သည်။ ထမင်းစားခန်းသို့ သူ ဝင်လာချိန်မှာပဲ ဖေဖေသည် အခန်းထဲမှ ခရီးဆောင်အိတ်လေးကို တရွတ်တိုက်ဆွဲရင်း ထွက်လာခဲ့သည်။ 

“ဟာ…ငါ့သားက အဆင်သင့်တောင် ဖြစ်နေပြီလား။ မနက်စာရောစားပြီးပြီလား” 

“မစားရသေးဘူး ဖေဖေ။ ခုပဲစားမလို့” 

“အေးအေး…မနက်စာကို ပသျှူးထမင်းကြော် ကြော်ခိုင်းထားတယ်။ အစာခံအောင်လို့။ နေ့လည်ကျရင် လမ်းမှာ ထမင်းစား မနားတော့ဘူးလေ။ ပုဂံရောက်မှ နေ့လည်စာစားစို့” 

“ဟုတ်ကဲ့ ဖေဖေ” 

ဖေဖေနှင့်သူ မနက်စာ စားပြီး နာရီကြည့်လိုက်တော့ ဆယ်နာရီ ထိုးဖို့ ငါးမိနစ်သာ လိုတော့သည်။ ဖေဖေကတော့ အိမ်ထိန်းအဒေါ်ကြီးနှင့် ခြံစောင့်ကြီးတို့ လင်မယားကို မှာစရာရှိတာ မှာကြားနေခဲ့သည်။ ဆယ်နာရီတိတိမှာပင် တိမ်လေးဖေဖေ၏ ကားသည် သူတို့ခြံရှေ့သို့ ရောက်လာခဲ့တော့သည်။ 

“ဟော လာပြီ။ တော်တော် အချိန်တိကျတဲ့ ငါ့သူငယ်ချင်း” 

ဖေဖေက ပြောပြောဆိုဆိုနှင့် ကားအရှေ့ခန်းပေါ်တက်သွားသည်။ ခြံစောင့် ဦးလေးကြီးက သူတို့ အထုပ်တွေကို ကားအနောက်ခန်းထဲသို့ လိုက်ထည့်ပေးသည်။ ကောင်းကင်သစ်ကတော့ ကားအနောက်ခန်းထဲမှာ ထိုင်နေသည့် တိမ်လေး၏ ဘယ်ဘက်ဘေးနားတွင် ဝင်ထိုင်လိုက်လေသည်။ တိမ်လေး၏ ညာဘက်ဘေးမှာတော့ ဇွဲထက်မာန် ရှိနေခဲ့သည်။ 

“ဇွဲရော…တခါထဲ ပါလာတာလား” 

“ဟုတ် အကို၊ ကျွန်တော် မနေ့ညကတည်းက တိမ်လေး အိမ်မှာပဲ အိပ်လိုက်တာ” 

တိမ်လေးနှင့် အတူတူအိပ်သည် ဆိုသည့် ဇွဲ၏ စကားကို ကြားလိုက်ရချိန်တွင် ကောင်းကင်သစ်၏ နှလုံးသားလေးသည် အမျိုးအမည်မသိသည့် ခံစားမှုတချို့ဖြင့် လှုပ်ခတ်သွားလေသည်။ 

တိမ်လေးနှင့် အတူတူ အိပ်စက်ခဲ့သည့် တိမ်လေး၏အိပ်ရာထက်တွင် သူမဟုတ်သည့် တခြားသူတစ်ယောက်နှင့် အိပ်စက်နေသည့် တိမ်လေးကို မြင်ယောင်ကာ သူ့ရင်ထဲ လှိုက်ခနဲ ဝမ်းနည်းသွားရလေသည်။ 

သူ့နေရာမှာ ဇွဲကို အစားထိုးနိုင်ခဲ့ပြီလား တိမ်လေးရယ်။ အင်းလေ…။သူတောင် ကြွေရုပ်နှင့် နီးစပ်ဖို့ကြိုးစားရင်း တိမ်လေးကို ပစ်ပယ်ထားခဲ့ရသည် မဟုတ်လား။ အားလုံးက သူ့အပြစ်တွေပါပဲလေ။ 

“လင်းမောင်…မင်း ပင်ပန်းရင် ငါတစ်လှည့် မောင်းပေးမယ်လေကွာ” 

ဖေဖေက တိမ်လေး၏ဖေဖေ ဦးလင်းမောင်ကို ပြောလိုက်ခြင်းဖြစ်သည်။ ဦးလင်းမောင်ကတော့ ဖေဖေ့စကားကို သဘောကျစွာ တဟားဟား ရယ်မောလေတော့သည်။ 

“ရန်ကုန်နဲ့ မန္တလေးကို နေ့ချင်းပြန် ကူးလူးသွားလာခဲ့တဲ့ ‌လင်းမောင်ပါ ရဲရင့်ရာ။ မန္တလေး ပုဂံလောက်ကတော့ သနားတယ် ဟိတ်ကောင်” 

“အေးပါ အေးပါ” 

ဦးလင်းမောင်၏ စကားကိုလည်း ဖေဖေက သဘောကျစွာ ရယ်မောတော့သည်။ တစ်လမ်းလုံးမှာ ဖေဖေနှင့် ဦးလင်းမောင် တို့၏ စကားသံများနှင့် ဆူညံလျက်ရှိသည်။ ထွေရာလေးပါး‌ ရောက်တတ်ရာရာ ပြောဆိုကြရင်း စိတ်လွတ်လက်လွတ် ရယ်မောပျော်ရွှင်နေသည့် ဖေဖေ့ကို ကြည့်ကာ ကောင်းကင်သစ် သဘောကျမိသည်။ 

ကျောင်းမှာဆိုလျှင် ကျောင်းအုပ်ဆရာကြီးလည်းဖြစ်၊ ကျောင်းဆရာတစ်ယောက်လည်း ဖြစ်တော့ ဖေဖေ့မှာ တည်တည်ခန့်ခန့်ကြီး နေရသည်မှာ များသည်။ အခုလို ဖေဖေ့ကို စိတ်ပေါ့ပါး လွတ်လပ်စေမည့် ဦးလင်းမောင်လို သူငယ်ချင်းမျိုး ရှိနေခဲ့ခြင်းကို သူ ကျေနပ်နှစ်ခြိုက်နေမိတော့သည်။ 

သူတို့ ပုဂံမြို့ကို ရောက်တော့ တစ်နာရီခွဲနေပြီ။ ဗိုက်တွေလည်း ဆာနေကြပြီမို့ ဟိုတယ်သို့ တန်းမဝင်သေးဘဲ သရပါတံခါးပေါက်နားက သရပါ ထမင်းဆိုင်မှာ နေ့လည်စာ ဝင်စားကြတော့သည်။ 

ပုဂံလက်ရာ ထမင်းဟင်းလေးများမှာ စားကောင်းလိုက်သည့်ဖြစ်ခြင်း။ သူတို့အုပ်စုမှာ ဆာဆာနှင့် စားလိုက်ကြတာ တစ်ယောက်ကို ထမင်းနှစ်ပန်းကန်အထိ စားဖြစ်ခဲ့ကြသည်။ စားထားသည့် ပန်းကန်အထပ်လိုက်များကို ကြည့်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်မိရင်း ရယ်မောမိခဲ့ကြသေးသည်။ 

ထမင်းဆိုင်က ထွက်လာခဲ့ပြီး Heritage Bagan Hotel သို့ Check in ဝင်လိုက်ကြသည်။ ဟိုတယ်၏ အဝင်ဝမှာ စိုက်ထူထားသည့် Heritage Bagan Hotel ဆိုသည့် စာလုံးလှလှလေးနှင့် ပုံဖော်ထားသည့် ဆိုင်းပုဒ်လေးသည် တရုတ်စံကားပန်းပင်လေးအောက်တွင် လှပစွာ တည်ရှိနေသည်။ 

ဟိုတယ်လေးသည် ပုဂံ အငွေ့အသက်များ ခံစားရအောင် စည်းစနစ်ကျစွာ ဖန်တီး တည်ဆောက်ထားသည်။ ဟိုတယ်အဆောက်အဦးကြီး တစ်ခုလုံးကို အုတ်နီများဖြင့်သာ တည်ဆောက်ထားသဖြင့် ပုဂံဟိုတယ်ပီသစွာ ခမ်းနားလှပနေခဲ့သည်။ ဟိုတယ်၏ အဆောင်လေးများကိုလည်း ပင်းယ၊ အင်းဝ၊ ပုဂံ စသည်ဖြင့် မြန်မာ့ခေတ်အဆက်ဆက်၏ အခေါ်အဝေါ်လေးများနှင့် သတ်မှတ်ခွဲခြားထားသည်မှာလည်း တမျိုးဆန်းကာ နန်းဆန်လေသည်။ 

ဟိုတယ်ဝန်းကြီး တစ်ခုလုံးမှာလည်း အလှစိုက်အုန်းပင်ကြီးများ၊ ထနောင်းပင်များ၊ တမာပင်များနှင့် အညာမြို့လေးတွင် ဖွင့်လှစ်ထားသည့် ဟိုတယ်ပီသစွာ စိမ်းလန်းစိုပြေလျက်ရှိသည်။ ထို့အပြင် ဒေါင်းငှက်များကိုလည်း ဟိုတယ်ဝန်းအတွင်းတွင် သဘာဝအတိုင်း လွှတ်ထားပေးသည်။ တိမ်လေးနှင့် ဇွဲကတော့ ထိုဒေါင်းငှက်လေးများနှင့် ဓာတ်ပုံများ ရိုက်နေခဲ့ကြသည်။ 

အခန်းတွေ ယူကြတော့ ဖေဖေနှင့် ဦးလင်းမောင်က နှစ်ယောက်ခန်းတစ်ခန်း ယူကာ၊ သူတို့ လူငယ်သုံးယောက်အတွက် တစ်ခန်းယူခဲ့ကြသည်။ 

“ဖေဖေတို့ အစီအစဉ်ကတော့ မနက်ဖြန် မနက်ကျမှ စွယ်တော်လေးဆူ ဖူးဖို့ လုပ်ထားတယ်။ အခု ညနေပိုင်းကတော့ သားတို့လည်း ကိုယ့်အစီအစဉ်နဲ့ ကိုယ် လွတ်လွတ်လပ်လပ် လည်ကြ” 

ဖေဖေနှင့် ဦးလင်းမောင်ကတော့ တိမ်လေးတို့ကို ပြောစရာရှိတာ ပြောပြီး ဧည့်ကြိုဝန်ထမ်းလေး လမ်းပြရာနောက်သို့ လိုက်သွားခဲ့တော့သည်။ 

“ညနေကျရင် ကျွန်တော်တို့အတွက် E-Bike နှစ်စီး စီစဉ်ထားပေးပါနော်” 

ဧည့်လက်ခံ ကောင်တာ (Reception)က အမတစ်ယောက်ကို ကောင်းကင်သစ် ညနေ ဘုရားဖူးထွက်ရန်အတွက် လျှပ်စစ်စက်ဘီးနှစ်စီး မှာထားလိုက်သည်။ ထို့နောက် ဧည့်ကြိုဝန်ထမ်းလေး၏ ခေါ်ဆောင်ရာနောက်သို့ လိုက်သွားလိုက်သည်။ 

ဟိုတယ်ခန်းသို့ ရောက်ရောက်ချင်း ဇွဲနှင့် တိမ်လေးက အိပ်ရာပေါ်သို့ ပြေးလွှားတတ်ရင်း ပစ်လှဲချလိုက်သည်။ ကောင်းကင်သစ်ကတော့ အထုပ်အပိုးများကို နေရာချထားလိုက်သည်။ 

“တိမ်လေး…” 

ကားပေါ်တွင် သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ နားကြပ်တပ်ကာ သီချင်းနားထောင်ရင်း လိုက်လာခဲ့သည့် တိမ်လေးကို သူ ညှိုးငယ်သော မျက်ဝန်းများနှင့် ကြည့်ကာ ခေါ်လိုက်သည်။ 

“ဟုတ်ကဲ့ ပြောပါ…ကိုကောင်းကင်သစ်” 

“ကြွေရုပ်လွှာ မရှိတဲ့ အချိန်မှာတော့ ကိုကို လို့ခေါ်ပါ တိမ်လေးရယ်” 

“တိမ်လေး နှုတ်ကျိုးသွားမှာ စိုးလို့ပါ” 

“မသိဘူးကွာ..၊ ကိုကိုလို့ပဲခေါ်။ ကြားလား” 

“…….” 

တိမ်လေးက ဘာမှ ပြန်မပြောတော့ဘဲ ပြုံးပြကာ အသာအယာ ခေါင်းညိတ်ပြသည်။ 

“တိမ်လေးတို့ ခဏ နားလိုက်ဦးနော်။ ပြီးရင် ရေချိုးချင် ချိုး။ ညနေ နေအေးရင် ကိုကိုတို့ ဘုရားဖူထွက်ပြီး Sunset ကြည့်ကြမယ်နော်” 

“ဟုတ် ကိုကို” 

တိမ်လေး၏ ကိုကိုခေါ်သံ ပြန်ကြားလိုက်ရသဖြင့် ကောင်းကင်သစ် ရင်ထဲတွင် အေးမြသွားရပြန်သည်။ ညနေ ငါးနာရီ တိတိတွင် သူတို့ ဟိုတယ်ခန်းမှ ထွက်ခဲ့ကြသည်။ E-Bike စီးတော့ တိမ်လေးကို ကောင်းကင်သစ်က သူ့အနောက်မှာသာ ထိုင်လိုက်၍ စီးစေခဲ့သည်။ 

နေဝင်ချိန်နှင့် နီးကပ်နေပြီ ဖြစ်သည့်အတွက် sunset ကြည့်ရန်အတွက် ဗူးဘုရားသို့သာ မောင်းခဲ့လိုက်ကြသည်။ ဧရာဝတီ မြစ်ကမ်းနဘေးတွင် မေးတင်တည်ထားတဲ့ ဗူးဘုရား၏ ရင်ပြင်တော် ပေါ်မှ နေ၍ သူတို့သုံးယောက် Sunset ကြည့်ခဲ့ကြသည်။ 

နေဝင်ပြီး အမှောင်ထုကြီးက ဘုရားပုရိဝုဏ်ပေါ်သို့ တအိအိကျလာသည်အထိ သူတို့ အေးအေးဆေးဆေး ထိုင်နေခဲ့ကြသည်။ ဧရာဝတီ မြစ်ရေပြင်ကို ဖြတ်သန်းလာခဲ့ရ၍ အေးမြလတ်ဆတ်နေသည့် လေနုအေးလေးများ တသွင်သွင် တိုက်ခတ်လျက် ဗူးဘုရားရင်ပြင်ပေါ်သည် အေးချမ်းသာယာလျက် ရှိနေခဲ့သည်။ 

ဗူးဘုရားမှ အပြန်မှာတော့ ရွှေစည်းခုံ သို့ ဝင်ကာ ဘုရားဖူးခဲ့ကြလေသည်။ မီးရောင်များဖြင့် ရွှေရောင် တညီးညီးတောက်ပလျှက်ရှိသည့် ရွှေစည်းခုံစေတီတော်ကြီးသည် ကြည်ညိုသပ္ပာယ်လှစွာ ခန့်ထည်လျက်ရှိသည်။ 

ရွှေစည်းခုံဘုရားဖူးအပြီးမှာတော့ သူတို့ ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းမှာ တွေ့သည့် တရုတ်စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်ကာ ညစာစားခဲ့ကြပြီးပြီ။ သူတို့ ဟိုတယ်သို့‌ ပြန်ရောက်ချိန်အထိ သူတို့၏ ပုဂံညလေးသည် အေးချမ်းစွာ သာယာလှပလျက်ရှိသည်။ မကြာခင်မှာပင် သာယာအေးချမ်းနေသည့် သူတို့၏ ညလေးကို ဖျက်ဆီးဝါးမျိုပစ်မည့် မုန်တိုင်းတစ်စင်းသည် ရုတ်တရက် ဝင်ရောက်တိုက်ခတ်လေတော့သည်။ ထို မုန်တိုင်းသည် တခြားမဟုတ်။ ကောင်းကင်သစ်၏ ချစ်သူ ကြွေရုပ်လွှာပင် ဖြစ်ပါသည်။ 

‌ဟိုတယ်ခန်းအတွင်းသို့ ဝင်ပြီး အိပ်ရာပေါ် လှဲဖို့ လုပ်နေချိန်တွင် ကောင်းကင်သစ်၏ ဖုန်းလေး သီချင်းသံတစ်ခု မြည်လာခဲ့သည်။ 

“ဟဲလို…ကြွေ” 

“ဟဲလို ကို၊ ကို အခု ဘယ်မှာလဲ” 

“ဟိုတယ် အခန်းထဲမှာပေါ့ ကြွေရဲ့” 

“ဟုတ်လား…။ ဒါဆို ဟိုတယ်ဝန်းထဲက ရေကူးကန်ကြီးနား ထွက်လာခဲ့ပါလား” 

“ဟင်…ဘယ်လို” 

“ကြွေလဲ ပုဂံရောက်နေတယ် ကိုရဲ့။ နေ့လည်လောက်က သူငယ်ချင်းတွေနဲ့ ထွက်လာလိုက်တာ။ ကိုတို့ တည်းတဲ့ Heritage Bagan Hotel မှာပဲ ကို” 

“ဟာ…” 

ကောင်းကင်သစ် ရုတ်တရက်မို့ ဘာပြောရမှန်း မသိဘဲ ထိတ်လန့်သွားရသည်။ ကြွေ ပုဂံရောက်နေပြီတဲ့။ သူတို့ တည်းတဲ့ Hotel မှာပဲတဲ့။ ကြွေ ချိန်းသည့် ဟိုတယ်ဝင်းအတွင်းက ရေကူးကန်ကြီးနားသို့ ကောင်းကင်သစ် အပြေးတစ်ပိုင်း သွားလိုက်သည်။ 

တိမ်လေးနှင့် ဇွဲလည်း အပြင်က ပြန်ရောက်ရောက်ချင်း ရေကူးဖို့အတွက် ပြောဆို ပြင်ဆင်နေကြတာ သူ မြင်ခဲ့ပြီးပြီလေ။ ‌တိမ်လေးနှင့် ကြွေ ဆုံသွားလို့ လုံးဝမဖြစ်ပါ။ 

“ကြွေ…ကိုယ့်ကို ကြိုမပြောဘဲနဲ့ကွာ” 

“ကို အံ့ဩသွားအောင်လို့…Surprise လာတိုက်တာ” 

“လာ ကြွေ…ဟိုဘက် သွားထိုင်ရအောင်” 

ကြွေရုပ်ကို ရေကူးကန်နှင့် ခပ်လှမ်းလှမ်းက ထိုင်ခုံရှည်ကြီးဆီသို့ ခေါ်လာလိုက်သည်။ ကြွေ့ကို ရေကူးကန်အား ကျောပေးစေကာ ထိုင်ခိုင်းလိုက်သည်။ ကောင်းကင်သစ်ကတော့ ရေကူးကန်ကို ခပ်လှမ်းလှမ်းက လှမ်းမြင်နေရသည်။ 

“ကိုတို့ ဘယ်တွေ ဘုရားဖူးပြီးပြီလဲ” 

“ဗူးဘုရားနဲ့ ရွှေစည်းခုံပဲ ဖူးရသေးတယ် ကြွေရဲ့။ မနက်ကျ မှ စွယ်တော်လေးဆူ ဖူးမလို့” 

ကြွေနှင့် ကောင်းကင်သစ် စကားပြောနေချိန်မှာပဲ တိမ်ပြာနှင့်ဇွဲ ရေကူးဘောင်းဘီတိုလေးများ ဝတ်ကာ ရေကူးဖို့ ထွက်လာကြသည်။ ဇွဲက အနောက်ကနေရင်း ရေကူးကန်ဘောင်ပေါ်တွင် ရပ်နေသည့် တိမ်ပြာ့ကို တွန်းချလိုက်သည်။ ရေထဲသို့ ဟန်ချက်ပျက်ကာ ဝရုန်းသုန်းကား ကျသွားသည့် တိမ်ပြာ့ကို ကြည့်ကာ ဇွဲက အားရပါးရ ရယ်မောနေတော့သည်။

ကောင်းကင်သစ်လည်း ကြွေရုပ်နှင့် ဟန်မပျက်စကားပြောနေခဲ့ကြသည်။ အမူအရာများ မပျက်မယွင်းရအောင် ကောင်းကင်သစ် ဟန်ဆောင်ထိန်းသိမ်းရင်း ပြောနေခဲ့ရပေမယ့် ရင်ထဲမှာတော့ စိုးရိမ်ထိတ်လန့်နေခဲ့ရသည်။ 

ကြွေ တိမ်ပြာ့အသံကိုများ ကြားသွားမလား။ တိမ်ပြာ့ကိုများ ကြွေရုတ်တရက် တွေ့လိုက်ရလျှင် ဘာတွေဖြစ်သွားမည်ကို ကောင်းကင်သစ် စိတ်ကူးထဲမှာတောင် မတွေးချင်။ 

ကြွေနှင့်စကားပြောနေရင်း ရေကူးကန်ဘက်ဆီသို့ တစ်ချက်လှမ်းကြည့်လိုက်တော့ သန့်စင်ခန်းဘက် ဇွဲ ထွက်သွားသည်ကို ကောင်းကင်သစ်မြင်လိုက်ရသည်။ ထိုအချိန်မှာပဲ ကန်‌ဘောင်ပေါ်တွင် ထိုင်နေသည့် တိမ်ပြာက ရေထဲသို့ ထပ်မံ ခုန်ဆင်းသွားသည်။ 

လက်ပစ်ရေကူးနေရင်း တိမ်ပြာ ရေထဲသို့ နစ်ဝင်သွားသည်။ လက်များသည်လည်း ဟန်ချက်ပျက်ကာ ရေထဲတွင် ရုန်းကန်နေသည်။ တိမ်‌ပြာ၏ ဘယ်ခြေထောက်မှာလည်း ရုန်းကန်ယိမ်းထိုးနေပေမယ့် ညာဘက် ခြေထောက်တစ်ဖက်ကတော့ ငြိမ်သက်လျက်ရှိသည်။ 

ကောင်းကင်သစ် အခြေအနေကို ရိပ်မိလိုက်ပြီ။ တိမ်လေး၏ ညာဘက်ခြေထောက်တစ်ဖက် ကြွက်တတ်နေပြီ ဖြစ်သည်။ ရုတ်တရက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ကောင်းကင်သစ် ခေါင်းထဲ ပူထူသွားကာ ကြွေနှင့် စကားပြောနေရာမှ ပြေးထွက်လာခဲ့သည်။ 

အင်္ကျီနှင့် ဖိနပ်ပင် မချွတ်နိုင်ဘဲ ရေကန်ထဲသို့ ပြေးဝင်ခုန်ချလိုက်ပြီး ရေထဲသို့ ငြိမ်သက်လျက် နစ်ဝင်သွားသည့် တိမ်လေးကို ပွေ့ယူချီမလိုက်ကာ ကန်ပေါင်ပေါ်သို့ ပင့်တင်လိုက်သည်။ 

တိမ်လေးသည် ရေထဲတွင် အသက်ရှုကြပ်ကာ မေ့မျောနေပြီဖြစ်သည်။ တိမ်လေး၏ နှုတ်ခမ်းများကို လက်နှင့်ဆွဲဟလျက် ‌ကောင်းကင်သစ်၏ နှုတ်ခမ်းများနှင့် လေများကို မှုတ်သွင်းပေးလိုက်သည်။ လက်ချောင်းများကို ယှက်ချိတ်လျက် ဆုပ်ကိုင်ကာ တိမ်လေး၏ ရင်ဘတ်လေးကိုလည်း ဖိပေးလိုက်သည်။ တစ်ချက်…နှစ်ချက်…သုံးချက်…လေးချက်…ငါးချက်။ 

တိမ်လေးနှုတ်ခမ်းလေးများနှင့် ကောင်းကင်သစ်၏ နှုတ်ခမ်းများကို တေ့ကာ အဆုတ်ထဲ လေရောက်ရှိစေရန် ထပ်မံ မှုတ်သွင်းပေးလိုက်သည်။ သည်တစ်ခါတော့ ပါးစပ်အတွင်းမှ ရေများ ထွက်ကျလာပြီး တိမ်လေး သတိရလာသည်။ 

သန့်စင်ခန်းမှ ထွက်လာချိန်မှာ ‌တိမ်ပြာတို့၏ အဖြစ်အပျက်ကို မြင်လိုက်ရသည့် ဇွဲက ပြာပြာသလဲ ပြေးလာသည်။ 

“တိမ်ပြာ…ဘာဖြစ်တာလဲ” 

“ခြေထောက် ကြွက်တတ်သွားတာ” 

တိမ်ပြာ ပြောတော့မှ ဇွဲက ‌တိမ်ပြာ့ခြေထောက်များကို နှိပ်နယ်ပေးနေတော့သည်။ 

“ရပြီ ဇွဲ။ ပြန်ကျသွားပြီ” 

“တော်သေး‌တာပေါ့ကွာ ကိုကောင်းကင်သစ် အမြင်မြန်လို့” 

ထိုစဉ် တိမ်ပြာတို့၏ အနားမှ လက်ခုပ်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ အသံလာရာ ကြည့်လိုက်တော့ ကြွေရုပ်လွှာ။ 

“သိပ်ကြည့်လို့ကောင်းတဲ့ ဇာတ်ဝင်ခန်းပဲ” 

“ကြွေ…ကိုယ် ရှင်းပြပါ့မယ်” 

“မလိုတော့ဘူး ကို" 

ကြွေရုပ်လွှာ၏ အသံသည် မုန်တိုင်းတစ်စင်းလို မာကျောပြင်းထန်လျက်ရှိသည်။ 

“တိမ်ပြာ…၊ နင် အရမ်းတော်တာပဲ။ ယောက်ျားတစ်ယောက်ဖြစ်ပါရက်နဲ့ ယောက်ျားတစ်ယောက်ကို မာယာသုံးပြီး ဆွဲဆောင်နိုင်တယ်။ ငါတောင် နင့်လောက် မိန်းမမာယာမသုံးတတ်ဘူး တိမ်ပြာရဲ့” 

“ကြွေရုပ်လွှာ…မင်းစကားတွေ လွန်နေပြီ ထင်တယ်” 

တိမ်ပြာ့အစား မခံနိုင်သည့် ဇွဲက ဒေါသတကြီးနှင့် ဝင်ပြောတော့သည်။ 

“နင်နဲ့ မဆိုင်ဘူး။ လူဆိုတာ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စဆို ဝင်မပါရဘူးဆိုတာ နင် နားမလည်ဘူးလား ဇွဲထက်မာန်” 

“ဘာလို့ မဆိုင်ရမှာလဲ။ နင် ဗလိုင်းကြီး ဝင်ပြောနေတာ ငါ့သူငယ်ချင်း။ ငါ့သူငယ်ချင်းကို ထိရင် ငါ့ကို ငြိတာပဲ” 

“ဇွဲ..၊ ငါပဲ တောင်းပန်ပါတယ်။ မင်း ဝင်မပါပါနဲ့နော်။ ငါ့ကိစ္စ ငါရှင်းမယ်” 

သူ့ပြသနာနှင့် မသက်ဆိုင်သည့် ဇွဲကို ကြွေရုပ်လွှာ၏ ရန်လိုမုန်းတီးမှု မခံစေလို၍ တိမ်ပြာ တားဆီးလိုက်သည်။ 

“နင် ဘယ်လို ငါ့ချစ်သူကို ဆွဲဆောင်လိုက်လဲ တိမ်ပြာ။ ပြောစမ်းပါဦး။ ဘယ်လို အောက်တန်းကျတဲ့ မာယာတွေ သုံးလိုက်လဲ ငါ့ကို သင်ပေးပါဦး။ ငါ့ချစ်သူကို ငါ့ဘက် ပြန်ပါ‌လာအောင် ဆွဲဆောင်ချင်လို့” 

“ကြွေရုပ်လွှာ…မင်း တော်သင့်ပြီ” 

ကောင်းကင်သစ်၏ အသံသည် အေးစက်မာကျောစွာ ထွက်ပေါ်လာခဲ့သည်။ ကြွေရုပ်လွှာဟု နာမည်အပြည့်အစုံ ခေါ်လိုက်သည့် ကောင်းကင်သစ်ကို ကြွေရုပ် အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ 

“မင်းကို မပြောချင်လို့ လွှတ်ပေးထားတာ။ အခု မင်းစကားတွေက တော်တော် တရားလွန်နေပြီ။ မင်း ငါ့ကို ကြိုက်သလို ပြော။ ပြောပိုင်ခွင့်ရှိတယ်။ ငါက မင်းချစ်သူဖြစ်လို့။ ဒါပေမယ့် တိမ်လေးကိုတော့ မင်းထင်ရာ ပြောပိုင်ခွင့် မရှိဘူး ကြွေရုပ်လွှာ။ မင်း နားလည်လား” 

ကြွေရုပ်လွှာသည် ကောင်းကင်သစ်ကို အံ့ဩထိတ်လန့်‌နေသည့် မျက်ဝန်းများနှင့် ကြောင်အမ်းစွာ စိုက်ကြည့်နေခဲ့လေသည်။ မျက်ဝန်းများမှာလည်း မျက်ရည်စများ လျှံကျမတတ် ပြည့်နှက်နေခဲ့သည်။ အိုင်ထွန်းလာသည့် မျက်ရည်စများကို မျက်တောင်များ ပုတ်ခတ်လိုက်ရင်း မျက်လုံးများအတွင်းသို့ ဟန်မပျက် ပြန်သွင်းလိုက်ကာ ခပ်ရွဲ့ရွဲ့ ဟားတိုက်ရယ်မောရင်း သူတို့ အနားမှ တစ်လှမ်းချင်း လှမ်းကာထွက်ခွာသွားလေတော့သည်။


#ခက်ဆစ်

#ကောင်းကင်သစ်၏#မိုးတိမ်ပြာ


rate now: