ပြောင်းလဲလည်ပတ်နေသော ရာသီဥတုများအကြားတွင် အရိပ်ရ သစ်ပင်ကြီးများမှ သစ်ရွက်တို့သည် နုရာမှ ရင့်၊ ရင့်ရာမှ ရော်ကာ သစ်ကိုင်းသစ်ခက်တို့ အရိုးအပြိုင်းပြိုင်းသာ ကျန်ရစ်တော့သည့်အထိ တဖြုတ်ဖြုတ် ကြွေပြန်သည်။ ထိုမှတဆင့် သူ့ရာသီကျပြန်တော့လည်း သစ်ရွက် အနုအဖူးလေးများသည် သစ်ခက်များပေါ်တွင် ပျိုမျစ်စိမ်းစိုစွာ ခေါင်းပြူထွက်ပေါ်လာကြပြန်၏။
သည်လိုနှင့်ပဲ အချိန်၏ တဖြည်းဖြည်း တိုက်စားမှုတွေနှင့်အတူ သစ်ရွက်နုလေးများသည် ကြီးထွားရင့်ရော်လာပြီး ဖြုတ်ခနဲ ဖြုတ်ခနဲ မိခင်ပင်စည်ကြီးကို နှုတ်ဆက်ချန်ရစ်ကာ မြေပေါ် ဆင်းသက်ရပြန်တော့သည်။
လူ့ဘဝကြီးသည်လည်း သည်လိုပဲမဟုတ်လား။
ကျောင်းအဝင်ပေါက်က ဗာဒံပင်ကြီးကို တိမ်ပြာ ငေးကြည့်နေရင်း တွေးမိတွေးရာ တွေးနေမိသည်။
တိမ်ပြာတို့ ကျောင်းသား၊ ကျောင်းသူများမှာလည်း သည်ဗာဒံပင်ကြီး၏ ဖြစ်စဉ်နှင့် တူနေတော့သည်။ ဗာဒံပင်ကြီး၏ ပင်စည်များ၊ သစ်ကိုင်းသစ်ခက်များသည် တိမ်ပြာတို့၏ ကျောင်းတော်ကြီးနှင့် အလားသဏ္ဌာန်တူပြီး ဗာဒံရွက်လေးများမှာတော့ ကျောင်းသား၊ကျောင်းသူလေးများဖြစ်ကြသည်။
ဗာဒံရွက်သစ် အနုအဖူးလေးများကဲ့သို့ တစ်နှစ်ပြီး တစ်နှစ် တိုးများလာသည့် ကျောင်းသားသစ်များ ရှိသလို၊ မြေခကြွေကျရသော ဗာဒံရွက်ရင့်များလို (၁၀)တန်း ပြီး၍ ပင်စည်အမိကျောင်းတော်ကြီးကို နှုတ်ဆက်လမ်းခွဲကာ ကိုယ့်လမ်းကိုယ် ထွက်လျှောက်ရသော ကျောင်းသားများလည်း ရှိသည် မဟုတ်လား။
ကျောင်းဝန်းကျင်တစ်ခုလုံးသည် မှုန်မှိုင်းမှိုင်း ထိုင်းရီရီဓာတ်တမျိုးနှင့် လွမ်းဆွေးစရာပင်ကောင်းနေခဲ့သည်။ ရာသီတွေသည် တစ်ရာသီပြီး တစ်ရာသီ သူ့တာဝန်နှင့်သူ၊ သူ့အလှည့်ကျနှင့်သူ လည်ပတ်ခဲ့ကြသည်မှာ တိမ်ပြာတို့ပင် စာသင်ခန်း နှစ်ခန်း ပြောင်းလဲခဲ့ရပြီဖြစ်သည်။
မကြာခင် လပိုင်းအတွင်းမှာပင် စာသင်နှစ် တစ်နှစ်ပြီးဆုံးတော့မည်ဖြစ်သည်။ သည်စာသင်နှစ် တစ်နှစ်ပြီးလျှင် တိမ်ပြာတို့ပင် မိခင်ရင်ခွင်နှင့်တူသည့်၊ ဗာဒံပင်ကြီး၏ ပင်စည်ကြီးနှင့်တူသည့် ကျောင်းတော်ကြီးကို ခွဲခွာရတော့မည်ဖြစ်သည်။ သည်လိုတွေးမိပြန်တော့လည်း ရင်ထဲ မကောင်းလှပါ။
ကောင်းကင်သစ်တို့ပင်လျှင် သည်ကျောင်းတော်ကြီးကို ခွဲခွာခဲ့ရသည်မှာ နှစ်နှစ်ရှိခဲ့ပြီ။ (၁၀)တန်းကို ကောင်းကင်သစ်နှင့် ကြွေရုပ်လွှာ ဘာသာစုံ ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည်။ နောက်ဆုံးဘာသာဖြစ်သည့် ဇီဝဗေဒ ဖြေပြီးသည့်နေ့ကတည်းက ကြွေရုပ်လွှာက ကောင်းကင်သစ်ကို အဖြေပြန်ပေးခဲ့သည်။
“ကိုကို့ကို ကြွေလည်း ချစ်ပါတယ်”
ကြွေရုပ်လွှာ၏ တုံ့ပြန်လာသော ချစ်ခြင်းကို အဖြေကြိုသိနှင့်ပြီးသား မေးခွန်းတစ်ခုလို ကောင်းကင်သစ် ပျော်ရွှင်ရင်ခုန်ခဲ့ခြင်းတော့ မရှိခဲ့ပါ။ ကြွေရုပ်လွှာ၏ ကိုကို ဟု ချစ်စနိုးအခေါ်ခံရခြင်းကိုလည်း ကောင်းကင်သစ် မနှစ်ခြိုက်ခဲ့ပါ။
“ကိုကို လို့ မခေါ်ပါနဲ့လား ကြွေရုပ်။ ကို လို့ တစ်လုံးထဲ ဖြစ်ဖြစ်၊ မောင် လို့ တစ်လုံးထဲ ဖြစ်ဖြစ် ခေါ်ပါကွာနော်”
“ဟင်…ဘာလို့လဲ”
နားမလည်ဟန် မေးသည့် ကြွေရုပ်ကလေး၏ မေးခွန်းကို သူ တိကျပြည့်စုံစွာ မဖြေနိုင်ခဲ့ပါ။ ကိုကို ဟုသော အသုံးအနှုန်းသည် တိမ်လေးအတွက်သာ သီးသန့်ဖြစ်စေချင်ပါသည်။
“ဒီလိုပါပဲ ကြွေ ရဲ့။ တစ်လုံးထဲ အခေါ်ခံရတာပဲ ကြိုက်လို့ပါ နော်”
“တို့ သိပါတယ်။ ကိုကိုဆိုတာ မိုးတိမ်ပြာဆိုတဲ့ ကောင်လေးအတွက် သီးသန့်မှန်း”
“…………”
ကြွေရုပ်၏ ခပ်ရွဲ့ရွဲ့ ထိုးနှက်ချက်ကို တုံ့ပြန်နိုင်ခဲ့ခြင်း မရှိဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ခေါင်းငုံ့နေခဲ့သည့် ကောင်းကင်သစ်ကို ကြွေရုပ်က စိတ်ပျက်ဝမ်းနည်းစွာသာ ကြည့်နေခဲ့လေသည်။
သည်ပြသနာသည် သည်လိုနှင့်ပြီးသွားခဲ့သည်ဟု ကောင်းကင်သစ် လွယ်လွယ်ထင်မှတ်ခဲ့ပေမယ့် ကြွေရုပ်၏ နှလုံးသားမှာတော့ မိုးတိမ်ပြာဆိုသည့် အဖုအထစ်လေး ဖြစ်ပေါ်သွားခဲ့သည်ကို ကြွေရုပ်ကလွဲ၍ တခြား ဘယ်သူမှ မသိခဲ့ပါ။
ဆယ်တန်းဖြေပြီး၍ အောင်စာရင်းစောင့်ဆိုင်းနေချိန်ကာလများတွင် ဖေဖေက ကျောင်းမှာပင် အတန်းထိန်း ဂိုက်ဆရာ ဝင်လုပ်ပေးဖို့ ကောင်းကင်သစ်ကို တောင်းဆိုခဲ့သည်။ ကောင်းကင်သစ်လည်း ဖေဖေ့ဆန္ဒကို ကြည်ဖြူစွာပင် လက်ခံခဲ့သည်။ မကြည်ဖြူနိုင်ခဲ့သူက ကြွေရုပ်လွှာ။
“ဂိုက်ဆရာ မလုပ်ရဘူးလို့ တို့ တားနေတယ်လေကွာ”
“ဘာလို့လဲ ကြွေရာ။ ကိုယ် ဖေဖေ့ကို ကတိပေးပြီးပြီကွ”
“ဘာလို့လဲ ဟုတ်လား။ အကြောင်းပြချက်ကို တို့ ပါးစပ်က ထုတ်ပြောမှ ကို သိမှာလား”
ကြွေရုပ် တားမြစ်ရခြင်းအကြောင်းကို တကယ်လည်း ကောင်းကင်သစ် ရိပ်မိပါသည်။
“တိမ်လေးနဲ့ နီးနီးကပ်ကပ် မနေစေချင်လို့မလား ကြွေ။ ကိုယ် သိပါတယ်။ တိမ်လေးနဲ့ ကိုယ် တွေ့စရာ အကြောင်းလဲ မရှိပါဘူး ကြွေရဲ့။ သူက ကိုးတန်း။ ကိုယ် ကိုင်ရမှာ ဆယ်တန်းပါ”
“ဘာပဲဖြစ်ဖြစ် တစ်ကျောင်းထဲ အတူတူ ရှိနေတာ။ မဆုံနိုင်စရာ အကြောင်းမှ မရှိဘဲ ကို”
ကောင်းကင်သစ် စိတ်ကျဉ်းကြပ်စွာ စုပ်သပ်မိလိုက်ပါသည်။ ကြွေရုပ်သည် ဘာဖြစ်လို့ သူ့ကို သည်လောက် သဝန်တိုရသလဲ သူ မသိပါ။ တိမ်ပြာနှင့်ဆိုလျှင် တခြားသူများထက် ပို၍ မနာလိုစိတ် ပြင်းထန်လေသည်။
“ကြွေရာ။ ကိုယ် မင်းကို ခဏခဏ ပြောနေရတဲ့ စကားပဲ ထပ်ပြောရဦးမယ်။ တိမ်လေးကို ကိုယ်က ကိုယ့်ညီလေး တစ်ယောက်လို ချစ်တာပါ။ ကြွေ မသွားနဲ့ဆိုလို့လဲ ကိုကို တိမ်လေးအိမ် မသွားဘူး။ ကြွေမှာထားလို့ ဖုန်းတောင် မဆက်ဘူး။ တိမ်လေးဆက်လည်း ကိုကို မကိုင်ဖြစ်တာများတယ်။ ကိုကို ကြွေ့ကို သိပ်ချစ်လို့ ကြွေ့အမိန့်အတိုင်း တိမ်လေးနဲ့ တတ်နိုင်သမျှ မပတ်သတ်မိအောင် နေပါတယ် ကြွေရယ်။ ဒီတခါ ကိစ္စတော့ ကြွေ့ဘက်က လျှော့ပေးပါကွာ…Please!”
သူ သည်လို တောင်းတောင်းပန်ပန်ဆိုပြန်တော့ ကြွေ့ဘက်က ပြေလျှော့သွားပါသည်။ တကယ်လည်း ကြွေ၏ အချစ်ကို သူရဖို့ တိမ်လေးကို ပစ်ပယ်ထားခဲ့ရသည် မဟုတ်လား။
ကြွေရုပ်လွှာကို ဦးစားပေးဖို့ တိမ်ပြာ့ကို ကောင်းကင်သစ် ချန်ပယ်ထားရသည်။ ကြွေရုပ်နှင့် နီးစပ်ဖို့ကြိုးစားရင်း တိမ်ပြာနှင့် ဝေးကွာခဲ့ရသည်။ တိမ်ပြာ့ထက် ကြွေရုပ်ကို အစစအရာရာ ကောင်းကင်သစ် ဦးစားပေးခဲ့သည်။
သို့သော် တစ်နေ့တွင်တော့ တိမ်ပြာကို ဦးစားပေးခဲ့ရသည့် အဖြစ်အပျက်မျိုးနှင့် တွေ့ကြုံခဲ့ရသည်။ ထိုနေ့သည် တိုက်ဆိုင်စွာနှင့် ကြွေရုပ်လွှာ၏ မွေးနေ့လည်း ဖြစ်နေခဲ့သည်။
ကြွေရုပ်၏ မွေးနေ့ဖြစ်၍ ကောင်းကင်သစ် ကျောင်းဆင်းချိန်မရောက်သေးခင် သူကိုင်တွယ်ထိန်းသိမ်းရသည့် အတန်းကို မှာကြားစရာ ရှိတာ မှာကြားကာ ကျောင်းမှစောစောထွက်ကာ အိမ်ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်ရောက်ချင်း ရေမိုးချိုး ပြင်ဆင်ကာ ကြွေရုပ်တို့နှင့် ချိန်းထားသည့် ရွှေဘဲစားသောက်ဆိုင်သို့ သွားဖို့အလုပ်မှာ ဖုန်းဝင်လာခဲ့သည်။ ဖေဖေခေါ်သည့် ဖုန်းဖြစ်သည်။
“ဟဲလို...ဖေဖေ”
“သားရေ...တိမ်ပြာလေး ကျောင်းမှာ မူးလဲသွားလို့...”
ဖေဖေ့အသံသည် ထိတ်လန့်ခြောက်ခြားမှုများနှင့် တုန်ရီနေခဲ့လေသည်။ ကောင်းကင်သစ် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ကျောင်းသို့သာ ပြန်လာလိုက်သည်။
ကျောင်းရောက်တော့ တိမ်လေးက ကျောင်းဆေးပေးခန်း၏ ကုတင်ပေါ်တွင် လှဲလျောင်းလျက်ရှိသည်။ လက်ဖျံလေးမှာလည်း Dripပိုက်လေး တန်းလန်းနှင့် ဆေးသွင်းနေခဲ့လေ၏ ။ ဖေဖေကတော့ တိမ်လေး၏ ကုတင်ဘေးတွင် ထိုင်လျက် စောင့်နေရှာသည်။ ဖေဖေ့ ဘေးမှာတော့ ဇွဲက မတ်တပ်ရပ်နေရင်း တိမ်လေးကို စိုးရိမ်နေသည့် မျက်လုံးများနှင့် ရပ်ကြည့်နေခဲ့သည်။
“တိမ်လေး...ဘာဖြစ်တာလဲ ဖေဖေ”
“အားနည်းပြီး မေ့လဲကျသွားတာ။ ဆေးသွင်းပေးထားတယ် သား။ တိမ်လေး သွေးပေါင်တွေလည်း ထိုးကျနေတယ်။ ဒီကလေး အအိပ်၊ အစား မမှန်ဘူး ထင်ပါရဲ့”
ကျောင်းမှာ ရိပ်ခနဲ ဖျက်ခနဲသာ တွေ့ရသော တိမ်ပြာ့ကို ကောင်းကင်သစ် ခုမှ သေချာကြည့်မိသည်။ မျက်နှာများ ချောင်ကျကာ မျက်ကွင်းလေးများ ညိုလျက်ရှိသည်။ ကောင်းကင်သစ် တိမ်ပြာ့ကို စိတ်မကောင်းဖြစ်စွာ ဂရုဏာသက်နေမိတော့သည်။
“ဒီနေ့ည သား တိမ်လေးအိမ်မှာပဲ အိပ်လိုက်တော့ သား။ တိမ်လေးဖေဖေ အိမ်မှာမရှိဘူး။ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတယ်။ သား လိုက်စောင့်ပြီး အိပ်ပေးလိုက်ပါကွာ”
အမှန်အတိုင်း ဝန်ခံရလျှင် ဖေဖေ မတောင်းဆိုခင်ကတည်းက ကောင်းကင်သစ် တိမ်လေးကို လူနာစောင့်အိပ်ပေးဖို့ ဆန္ဒဖြစ်ပေါ်ခဲ့ပေမယ့် အတွေးထဲ ကြွေရုပ်လွှာ ပေါ်လာသဖြင့် တွေဝေသွားရပြန်သည်။
ထိုအချိန်မှာပဲ ကောင်းကင်သစ်ဖုန်းလေး အသံမြည်လာခဲ့သည်။ ဖုန်းကို မကြည့်ရဘဲ ဘယ်သူခေါ်မှန်း သိနေပါသည်။ ကြွေရုပ်နှင့် ဖုန်းပြောဖို့ ဆေးခန်းလေးထဲမှ ထွက်လာခဲ့လိုက်သည်။
“ဟဲလို ကြွေ”
“ကို မလာသေးဘူးလား။ ဒီမှာ လူစုံနေပြီ။ ကို့ကိုစောင့်နေတာ”
“အင်း ကြွေ။ ကိုယ် တောင်းပန်ပါတယ်။ ကိုယ် ဒီနေ့ လာနိုင်တော့မှာ မဟုတ်ဘူး”
“ဘာလို့လဲ။ ကြွေ့မွေးနေ့ထက် အရေးကြီးတာ ဘာရှိနေလို့လဲ”
ကြွေရုပ်၏ အသံသည် ဒေါသဖြင့် အေးစက်တင်းမာသွားသည်။ ကြွေရုပ်၏ မွေးနေ့လေးမှာ စိတ်အနှောင့်အယှက် မဖြစ်စေလိုပါ။ သို့ပေမယ့် မေ့မျောနေသည့် တိမ်လေးကို ပစ်ပယ်ထားဖို့အထိတော့ ကောင်းကင်သစ်နှလုံးသားက မမာကျောနိုင်ခဲ့ပါ။
“ကြွေ့ကို ကိုယ် မညာချင်ဘူး ကြွေ။ အမှန်အတိုင်းပဲ ပြောပြမယ်။ တိမ်လေး ကျောင်းမှာ မေ့လဲသွားလို့ ကိုယ် စောင့်ပေးရမယ်။ ဒီညလည်း တိမ်လေးကို လိုက်စောင့်ပြီး အိပ်ပေးရမယ်။ ကြွေကိုယ့်ကို နားလည်ပေးပါကွာ...နော်”
ကြွေ့ထံမှ စကားသံ ချက်ချင်း ပြန်မလာဘဲ ခတ္တခဏ တိတ်ဆိတ်နေသည်။ ပြီးတော့ ကြွေ ဖုန်းချသွားသည်။ ကြွေ သူ့ကို စိတ်ဆိုးသွားပြီ ထင်သည်။ ကြွေ့ကို သူ ဖုန်းပြန်မခေါ်တော့ဘဲ ဆေးခန်းထဲသို့သာ ဝင်လာလိုက်ချိန်တွင် တိမ်လေး သတိရနေခဲ့ပြီ။
“သား...တိမ်ပြာလေးကို ခေါ်သွားလိုက်တော့။ ဖေဖေ့ကား ယူသွား”
ဖေဖေ့စကားအတိုင်း တိမ်ပြာ့ကို ဖေဖေ့ကားနှင့် လိုက်ပို့ပေးလိုက်သည်။ ဇွဲလည်း သူတို့နှင့်အတူ လိုက်ပါလာခဲ့သည်။ တိမ်ပြာ့ကို ဇွဲနှင့် နှစ်ယောက်တွဲခေါ်ကာ အိပ်ခန်းထဲသို့ ပို့ဆောင်ပေးလိုက်သည်။ တိမ်လေး၏ အခန်းလေးကို ပြန်လည် မြင်လိုက်ရချိန်တွင် အရင်အတိတ်နေ့ရက်များကို မြင်ယောင်သတိရမိသည်။
“ကိုကို...အိမ်ပြန်ပါ။ တိမ်လေးသက်သာပါတယ်။ ဇွဲလည်း ဒီမှာ ရှိတာပဲ”
“ဒါပေမယ့်...ဖေဖေက....”
“တိမ်လေး အဆင်ပြေပါတယ် ကိုကိုရဲ့။ တိမ်လေး နေသားကျနေပါပြီ။ ကိုကို့ရဲ့ ဂရုစိုက်ကြင်နာမှုတွေကို တိမ်လေး ထပ်ပြီး အကျင့်မပါ ပါရစေနဲ့တော့”
တိမ်ပြာ့စကားကို ပြန်လည်ချေပနိုင်စွမ်းမရှိဘဲ ကောင်းကင်သစ် တိမ်ပြာ့သဘောဆန္ဒအတိုင်း အိမ်ပြန်လာခဲ့လိုက်သည်။
အိမ်ရောက်တော့ ကြွေ့ဆီ ဖုန်းဆက်၍ ချော့မည်လုပ်သေးသည်။ ကြွေက ဖုန်းကို စက်ပိတ်ထားခဲ့သည်။ ကောင်းကင်သစ် စိတ်ရှုပ်ထွေးစွာ သက်ပြင်းတစ်ချက်ချလိုက်ရင်း အိပ်ရာပေါ်သို့သာ ပစ်လှဲချလိုက်တော့သည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး ကြွေ့က သူ့ကို အကြီးအကျယ် စိတ်ဆိုးသွားသဖြင့် သူ့မှာ အသည်းအသန် ချော့လိုက်ရသည်။ တစ်ပတ်တိတိ စိတ်ရှည်လက်ရှည် စိတ်ကောက်အပြီးမှာ ကြွေက စိတ်ဆိုးပြေလေသည်။
ကြွေသည် ကောင်းကင်သစ်ကို စိတ်ဆိုးပြေသွားသော်လည်း မိုးတိမ်ပြာအပေါ်တွင်တော့ ရန်လိုစိတ်များ၊ မနာလိုစိတ်များသည် များသည့်ထက် များလာရတော့သည်။
ကြွေရုပ်နှင့် ကောင်းကင်သစ်၏ ချစ်ခရီးလမ်းသည် သာမာန်အားဖြင့် အဆင်ပြေ ချောမွေ့သည်ဟု ဆိုလျှင်ရနိုင်သည်။ သို့သော် သူတို့အကြားကို မိုးတိမ်ပြာ ဝင်လာခဲ့ပြိဆိုလျှင် ငြိမ်သက်နေသည့် ကန်ရေပြင်ကို လေပြင်းတို့ဝှေ့လိုက်သဖြင့် လှိုင်းကြက်ခွပ်လေးများ ပြေးထသွားရသလို လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
တိမ်ပြာနှင့် ပတ်သတ်ပြီး ကောင်းကင်သစ်နှင့် ကြွေရုပ်လွှာ အကြီးအကျယ် စကားများခဲ့ကြသေးသည်။ ထိုကိစ္စသည်လည်း ကောင်းကင်သစ်၏ ဖေဖေမှ အစပျိုးသော ပြသနာတစ်ခုဖြစ်လေသည်။
“တိမ်ပြာလေးကို သား ဂိုက်လုပ်ပေးလိုက်ပါလား သား”
တိမ်ပြာ ကိုးတန်းဖြေပြီး ဆယ်တန်းတတ်ရမယ့်နှစ်တွင် ဖေဖေက သူ့ကို တောင်းဆိုလာခြင်းဖြစ်သည်။ အမှန်တိုင်း ဝန်ခံရလျှင် တိမ်လေးကို သူ အနီးကပ်စောင့်ရှောက်ကာ ဂိုက်လုပ်ပေးချင်ပါသည်။ သို့သော် ကြွေ့ဒေါသကို သူ လျစ်လျူရှုထား၍ မဖြစ်ပါ။
“သား စဉ်းစားပါရစေ ဖေဖေ။ ဆယ်တန်းကျောင်းသားတစ်ယောက်လုံးကို တာဝန်ယူဖို့ဆိုတာ သားအတွက် သိပ်တာဝန်ကြီးတယ် ဖေဖေ”
“အင်း..သားပြောတာလဲ ဟုတ်ပါတယ်။ သား စဉ်းစားပါ”
“သား တစ်ခုလောက် မေးလို့ရမလား ဖေဖေ”
“မေးလေ သား”
“သားကို ဂိုက်လုပ်ပေးဖို့ တိမ်လေးက တောင်းဆိုတာလား။ ဒါမှမဟုတ် တိမ်လေးဖေဖေကလား”
ဖေဖေက ခေါင်းကို တွင်တွင်ခါ၍ သူ့အပြောကို ငြင်းဆန်သည်။
“ဘယ်သူမှ မဟုတ်ဘူး။ ဖေဖေ တောင်းဆိုတာ။ တိမ်ပြာလေးက ဘယ်တုန်းက သူ့ဆန္ဒတွေကို ဖေဖေတို့ကို ဖွင့်ပြောပြီး တောင်းဆိုတတ်လို့လဲ သားရယ်။ သူ့စိတ်ထဲ ရှိနေရင်တောင် မြိုသိပ်နေတတ်တဲ့ ကလေး”
ဟုတ်ပါရဲ့။ တိမ်လေးက ကောင်းကင်သစ်က လွဲ၍ ဘယ်သူ့ကိုမှ သူ့ရင်ထဲက ခံစားချက်များကို ဖွင့်ဟပြတတ်သူ မဟုတ်မှန်း ကောင်းကင်သစ် အသိဆုံးပါ။ ထိုကဲ့သို့ သိသိရက်နဲ့ ကြွေရုပ်၏ အချစ်ကို ပိုင်ဆိုင်ရဖို့ တိမ်လေးကို ပစ်ပယ်ထားလိုက်ရသည်။
တိမ်လေးကို ဂိုက်လုပ်ပေးဖို့ ဖေဖေတောင်းဆိုလာသည့်အကြောင်းကို ကြွေရုပ်ကို ဖွင့်ပြောပြတော့ သူ ခန့်မှန်းထားသည့်အတိုင်း ကြွေရုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်တော့သည်။
“လာပြန်ပြီ ဒီမိုးတိမ်ပြာကိစ္စ။ လုံးဝပဲ ကို။ တို့ ဒီတစ်ခါ လုံးဝ အရှော့မပေးနိုင်ဘူး။ သဘောလဲ မတူနိုင်ဘူး။ ကို ဒီကိစ္စကို ဆက်ပြောနေမယ်ဆိုရင် တို့ ကို့ကို လမ်းခွဲရလိမ့်မယ်”
“လမ်းခွဲမယ့်စကား မပြောပါနဲ့ ကြွေရာ။ အခုကလည်း ကိုယ်က လုပ်ကိုလုပ်မယ်လို့ ပြောနေတာမှ မဟုတ်တာ။ စဉ်းစားမယ်ဆိုပြီး ဖေဖေ့ကို အချိန်ဆွဲထားပါတယ်ကွာ”
“စဉ်းစားမယ်ဆိုကတည်းက ကို တွေဝေနေတာလေ။ တကယ်ဆို မလုပ်ချင်ဘူးဆိုပြီး တခါထဲ ပြတ်ပြတ်သားသား ငြင်းလိုက်သင့်တာ”
“ဖေဖေ ကိုယ်တိုင် တောင်းဆိုတာဆိုတော့ ချက်ချင်းကြီး ငြင်းလို့ မကောင်းဘူးလေ ကြွေရဲ့။ စိတ်ချပါ။ ကိုယ် ကြွေမကြိုက်ရင် မလုပ်ပါဘူးနော်။ ကိုယ် ငြင်းလိုက်ပါ့မယ်”
“ပြီးရော”
ကြွေရုပ်က ကျေနပ်သွားဟန်နှင့် ချစ်စဖွယ် မျက်စောင်းလေး တချက်ပစ်ကာ ဟန်ပါပါ ပြုံးလိုက်သည်။ သည်ပြသနာ သည်မှာပဲ ပြီးပြီဟု ကောင်းကင်သစ် ထင်မှတ်ခဲ့မိသည်။ တကယ်တော့ ပြသနာ အစပျိုးခြင်းသာဖြစ်ကြောင်း ကောင်းကင်သစ် နောက်ကျစွာ သိလိုက်ရသည်။
တစ်ရက်သော နေ့တွင် ကြွေသည် မထင်မှတ်ထားခဲ့သော အပြုအမူတချို့ကို သူ့သဘောနှင့်သူ ပြုလုပ်ခဲ့လေသည်။ ကြွေသည် ကောင်းကင်သစ်ကို Easy Way ဆိုင်တွင် တွေ့ဖို့ ချိန်းထားခြင်းကြောင့် ကောင်းကင်သစ် ပြင်ဆင်ပြီး ထွက်လာခဲ့သည်။ ဆိုင်ကို ရောက်သည့်အချိန်တွင် ကြွေက ကြိုရောက်နှင့်နေပြီ။
“ကြွေ ရောက်တာကြာပြီလား”
“ဟင့်အင်း ကို၊ ကြွေလဲ စောစောကမှ ရောက်တာ။ ကြွေကတော့ မှာပြီးသွားပြီ။ ကို ဘာမှာမလဲ”
သူတို့ စားပွဲဆီသို့ ရေခဲရေခွက်လေး လာချပေးသည့် စားပွဲထိုးကောင်လေးကို ကောင်းကင်သစ် အအေးတစ်ခွက် မှာလိုက်သည်။
“လာဗန်ဒါ သံပုရာရှိတ် တစ်ခွက်ပေးပါ”
စားပွဲထိုးလေးက သူ့အမှာကို လက်ခံပြီး လှည့်ထွက်သွားသည်။ ထိုအချိန်ထိ ပတ်ဝန်းကျင်သည် သာယာအေးဆေးလျက် ရှိနေခဲ့သည်။ သူတို့ စားပွဲကို မှာထားသည့် အအေးခွက်များ လာချအပြီးတွင် ဆိုင်ထဲသို့ သူ မထင်မှတ်ထားသည့်သူတစ်ဦး ဝင်လာခဲ့ကာ သူတို့စားပွဲဆီ ဦးတည်၍ လျှောက်လာခဲ့သည်။ ထိုသူသည် တခြားသူ မဟုတ်။ မိုးတိမ်ပြာ ဖြစ်သည်။
“ကိုကို…အဲ…ကိုကောင်းကင်သစ်တို့ ရောက်နေတာ ကြာပြီလား”
ကြွေ့ အရှေ့မှာ ဖြစ်၍ ထင်သည်။ တိမ်လေးသည် သူ့ကို ကိုကိုဟု လွှတ်ခနဲ ခေါ်လိုက်ပြီးတော့မှ နာမည်တပ်၍ ပြင်ခေါ်လိုက်သည်။
“တိမ်လေး၊ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“မိုးတိမ်ပြာကို ကြွေ ချိန်းလိုက်တာ ကို”
“ဘာလုပ်ဖို့လဲ ကြွေ”
သူ နားမလည်နိုင်စွာ ကြွေ့ကို ကြည့်ရင်း မေးလိုက်သည်။ ကြွေသည် နှုတ်ခမ်းထောင့်လေးမှ လှပစွာ မဲ့ပြုံးလေး တစ်ချက် ပြုံးလိုက်ရင်း ဖြေသည်။
“ပြောစရာရှိလို့ပေါ့ ကိုရဲ့”
ကြွေက ပြောရင်းနှင့် ကောင်းကင်သစ်၏ လက်တစ်ဖက်ကို ဟန်ပါပါ ချိတ်ရင်း မိုးတိမ်ပြာ၏ မျက်ဝန်းများကို အလွတ်မပေးဘဲ စိုက်ကြည့်လျက်ရှိသည်။ ကြွေ၏ အကြည့်များသည် သူခိုးတစ်ယောက်ကို ရဲတစ်ယောက်က စစ်ဆေးစုံစမ်းချိန်တွင် ကြည့်တတ်သည့် အကြည့်စူးစူးရှရှများနှင့်တောင် တူနေခဲ့သည်။
“တို့က ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ် မိုးတိမ်ပြာ။ စိတ်တော့မရှိနဲ့ တို့ ကြိုတောင်းပန်တယ်”
တိမ်ပြာကတော့ ကြွေရုပ်လွှာ၏ အကြည့်များကို အတတ်နိုင်ဆုံး ပြုံးထားရင်း ရင်ဆိုင်နေလေသည်။
“ကို့ကို မင်းရဲ့ ဂိုက်ဆရာ လုပ်စေချင်တာ မင်းဆန္ဒလား”
“မဟုတ်ပါဘူး ကြွေရုပ်လွှာ။ ကိုကောင်းကင်သစ် ဖေဖေရဲ့ စိတ်ကူးပါ။ ကျွန်တော်တောင် ကျောင်းအုပ်ဆရာကြီး ပြန်ပြောမှ သိခဲ့ရတာ”
“အဲ့ဒီတော့ မင်း ငြင်းလိုက်လား”
“ဆရာကြီးတို့က ကောင်းစေချင်လို့ စီစဉ်တာကို ငြင်းလိုက်ရင် ကျွန်တော် ရိုင်းရာ ကျသွားမှာပေါ့ ကြွေရုပ်လွှာ”
အခြေအနေသည် တည်ငြိမ်လျက်ရှိသည်ဟု ထင်ရသော်လည်း တင်းမာနေခဲ့သည်။ ကောင်းကင်သစ်သည် တိမ်ပြာနှင့် ကြွေရုပ်လွှာကြားတွင် ဘာတစ်ခွန်းမှ ဝင်မပြောနိုင်ခဲ့ဘဲ တိတ်ဆိတ်စွာသာ ငြိမ်နေခဲ့ရသည်။
“ရိုင်းတာတွေ ယဉ်တာတွေ တို့ မသိချင်ဘူး မိုးတိမ်ပြာ။ တို့ သိချင်တာက တို့ချစ်သူ မင်းကို ဂိုက်သင်မယ့်ကိစ္စ ပျက်စေချင်တာပဲ။ ကိုကလည်း မင်းကို ဂိုက်သင်ပေးဖို့ ဆန္ဒလုံးဝမရှိဘူးတဲ့။ ဟုတ်တယ်မလား ကို”
ကြွေက မြားဦးကို ကောင်းကင်သစ်ဆီသို့ ချိန်လှည့်ပေးလိုက်သည်။ ကောင်းကင်သစ် အလိမ္မာသုံးကာ ဖြေရတော့သည်။
“ကို ငြင်းလိုက်မယ်လို့ ကြွေ့ကို ပြောပြီးသားပဲလေ။ ဖေဖေနဲ့ ခုတလော မဆုံဖြစ်သေးလို့သာ မပြောဖြစ်သေးတာ”
ကြွေက ကောင်းကင်သစ်ကိုကြည့်ရင်း အဓိပ္ပါယ်မဲ့စွာ တချက် ပြုံးလိုက်သေးသည်။
“ပြောချင်တာ ဒါပဲမလား။ ကျွန်တော် ပြန်တော့မယ်”
“တို့ ပြောချင်တာ အခုမှ အစပျိုးရုံ ရှိသေးတာ မိုးတိမ်ပြာရဲ့”
“ဒါဆိုလဲ ပြောပါ ကြွေရုပ်လွှာ”
“တို့မင်းကို သတိပေးလိုက်မယ်။ ကို့ရဲ့ ချစ်သူတစ်ယောက် အနေနဲ့ပေါ့။ မင်း တို့ချစ်သူနဲ့ မပတ်သက်ပါနဲ့။ ကင်းကင်းရှင်းရှင်းနေပေးပါ။ အခုခေတ်က သိတဲ့အတိုင်းပဲလေ ယောက်ျားချင်းလဲ စိတ်မချရဘူးဆိုတော့ တို့မင်းကို စိတ်မချဘူး”
“……..”
ကြွေရုပ်လွှာ၏ ရုတ်တရက် ထိုးနှက်လိုက်သည့် စကားများကို တိမ်ပြာ မတုံ့ပြန်ဘဲ တိတ်ဆိတ်စွာသာ နေလိုက်သည်။
“ညီအစ်ကိုတွေလို ချစ်တာပါလို့ ပြောလဲ ညီအစ်ကို အရင်းတွေမှ မဟုတ်တာ။ တို့ မယုံကြည်ပေးနိုင်ဘူး။ တို့ မင်းအကြောင်းတွေ အကုန်သိပြီးပြီ မိုးတိမ်ပြာ။ အဖော်မဲ့ အချစ်ငတ်နေတဲ့ မင်းကို ကိုက သနားသောအားဖြင့် ဂရုစိုက်ပေးတာကို မင်းဘက်က အရမ်း တွယ်ငြိမျှော်လင့်နေမှာ စိုးလို့ တို့မင်းကို သတိပေးတာ”
“စိတ်ချပါ။ ကြွေရုပ်လွှာ စိုးရိမ်နေသလို ကျွန်တော့်ဘက်က ကိုကောင်းကင်သစ်ကို တွယ်ငြိနေတာမျိုး လုံးဝ မရှိစေရပါဘူး။ ကိုကောင်းကင်သစ်နဲ့လဲ ခုတလော လူချင်းတွေ့ဖို့ နေနေသာသာ ဖုန်းတောင် တခါတလေမှ ပြောဖြစ်ကြတာပါ”
“တခါတလေလေးတောင် ဖုန်းမပြောဖြစ်ရင် တို့က ပိုတောင် ကြိုက်ဦးမယ်။ မင်းဘက်က ခေါ်လို့သာ ကိုက အားနာပါးနာ ကိုင်ရတာပါတဲ့။ မင်းဘက်က ဆင်ခြင်ပေးရင် ကောင်းမယ်”
ကြွေရုပ်လွှာ၏ စကားများသည် မိုးတိမ်ပြာကို တရစပ် ထိုးနှက်လျက် ရှိသော်လည်း မိုးတိမ်ပြာသည် ဟန်မပျက် ပြုံး၍သာ နေခဲ့သည်။
“ကောင်းပါပြီ ။ ရှေ့လျှောက် ကြွေရုပ်လွှာတို့ ချစ်သူနှစ်ဦးကြားမှာ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်စေရပါဘူးလို့ ကျွန်တော် ကတိပေးပါတယ်။ ဒါဆိုရင် ဒါပဲမလား။ ကျွန်တော့်ကို ခွင့်ပြုပါဦး”
“……..”
ကြွေရုပ်လွှာသည် အနိုင်ပိုင်းလိုက်ရသည့်သူတစ်ဦး၏ ဟန်ပန်အပြည့်နှင့် ခေါင်းတစ်ချက် ငြိတ်ပြလိုက်ရင်း အအေးကို ဆက်သောက်နေလိုက်သည်။
“ကျွန်တော်သွားပြီနော် ကိုကောင်းကင်သစ်”
“အေးအေး တိမ်လေး”
ကောင်းကင်သစ်ကို နှုတ်ဆက်ပြီး ဆိုင်ထဲမှ ထွက်သွားသည့် မိုးတိမ်ပြာ၏ နောက်ကျောပြင်ကို ကြွေရုပ်လွှာက သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေလိုက်သည်။ ထို့နောက် အဓိပ္ပာယ်ကင်းမဲ့စွာ ခြောက်အက်အက် ရယ်မောလေတော့သည်။
ကြွေရုပ်လွှာ၏ အပြုအမူများကို ကောင်းကင်သစ် နားမလည်နိုင်စွာ ကြည့်နေမိရင်း စိတ်ထဲမှာတော့ တိမ်လေးကို ညှိုးငယ်စွာ တောင်းပန်မိနေခဲ့တော့သည်။
ကိုကို…တောင်းပန်ပါတယ် တိမ်လေးရယ်။ တောင်းပန်ပါတယ်ကွာ…။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ