အရွယ်နှင့် မလိုက်သည့် ဒဏ်ရာများကို ပိုင်ဆိုင်ခဲ့ဖူးသည့် မိုးတိမ်ပြာသည် အခုလည်း နောက်တစ်ကြိမ် ဒဏ်ရာများ ထပ်မံရရှိပြန်ပြီ။
အတိတ်က အနာတရများသည် ကိုကို ကုစားပေးခဲ့၍ ပျောက်ကင်းသက်သာခဲ့ရပြီ။ အခုတစ်ကြိမ် ဒဏ်ရာများသည် ကိုကိုမရည်ရွယ်သော်လည်း ကိုကိုကြောင့် ရရှိခဲ့ခြင်းဖြစ်လေ၏။
သည်ဒဏ်ရာများကိုတော့ ကိုကို ကုစားပေးနိုင်တော့မည် မဟုတ်ပါ။
“မင်း အသည်းကွဲနေတာလား”
ကျောင်းမှာ တမှိုင်မှိုင်တတွေတွေ ငေးငိုင်သုန်မှုန်နေသည့် တိမ်ပြာ့ကို ဇွဲထက်မာန်က မေးလိုက်ခြင်းဖြစ်သည်။ အသည်းကွဲသည် ဆိုသည့် စကားကို ကြားလိုက်ချိန်မှာ တိမ်ပြာ ဟားတိုက်၍ ရယ်ပစ်လိုက်သည်။
“အသည်းကွဲတယ်ဆိုတာ… ချစ်သူနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတဲ့ အခြေအနေမျိုးတွေမှာ ပြင်းပြင်းထန်ထန် ခံစားနာကျင် ထိခိုက်ဝမ်းနည်းရတာမျိုး မဟုတ်လား ဇွဲ။ ငါ့ကျတော့ ကိုယ်ချစ်တဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်းကို မခံရဘဲ တစ်ဖက်သက် ကြိတ်မှိတ်ခံစားနေရတဲ့အဖြစ်မျိုး”
ဖြုတ်ခနဲ ပါးပြင်ပေါ် ကြွေကျလာသည့် မျက်ရည်စများကို တိမ်ပြာလက်တွေနှင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။
နောက်ထပ် မျက်ရည်စတွေ မကျရအောင် မျက်နှာကို ကောင်းကင်ကြီးရှိရာ မော့ထားလိုက်တော့ တိမ်တိုက်ပြာတွေ ကင်းမဲ့လျက် အသက်မဲ့နေသည့် ကောင်းကင်ပြင်ကြီးကို ရုတ်ချည်းတွေ့လိုက်ရသည်။
“အသည်းကွဲတာတောင် လူရာမဝင်တဲ့ အသည်းကွဲမှုမျိုးပါ ဇွဲရာ။ မင်း ဒါတွေ နားလည်နိုင်မှာ မဟုတ်ပါဘူး”
တိမ်ပြာ စွပ်စွပ်စွဲစွဲပြောလိုက်သည်ကို ဇွဲက တိမ်ပြာ့မျက်ဝန်းများကို တိတ်ဆိတ်စွာ ကြည့်ရင်းသာ တုံ့ပြန်ခဲ့သည်။
တွေ့ရပြန်ပြီ။ ဇွဲ၏ ထိုအကြည့်များ။
တိမ်ပြာ နားမလည်သည့် အကြည့်များ။ မျက်ရည်စများနှင့် မှိုင်းမှုန်ရီဝေနေသည့် အကြည့်များ။
ဇွဲသည် တိမ်ပြာ၏ အချစ်အနာတရများကို ပျောက်ကင်းသွားအောင် မကုသပေးနိုင်ခဲ့မယ့် အတိုင်းအတာတခုထိ မေ့လျော့သွားအောင်တော့ ပြုလုပ်နိုင်စွမ်းရှိခဲ့သည်။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် တိမ်ပြာနှင့် အတူတူ လာနေပေးသည်။ တိမ်ပြာ့အတွေးတွေ လေလွင့်မနေရအောင် ပေါ့ပေါ့ပါးပါး စကားများကို ရယ်မောရင်း မနားတမ်းပြောပေးခဲ့သည်။ နိုင်ငံခြား ဇာတ်ကားအခွေများဝယ်လာကာ အတူတူ ကြည့်ကြသည်။
တခါတလေ အိမ်မှာ မနေချင်သည့် နေ့ရက်များတွင် ဆိုင်ကယ်တစ်စီးနှင့် တမြို့လုံးပတ်ကာ လျှောက်သွားကြသည်။ သည်လိုဆိုတော့လည်း ဇွဲကို တိမ်ပြာ ကျေးဇူးတင်ရပါသည်။
ကျောင်းဖွင့်ရက်များမှာတော့ စာသင်ချိန်များထဲသာ တိမ်ပြာ စိတ်ကို နှစ်ထားကာ ဒဏ်ရာများကို မေ့ထားရသည်။ ကိုကို ဆိုသည့် လူတစ်ယောက်ကို တိမ်ပြာ့အတွေးတွေထဲ ပေါ်မလာအောင် ကျောင်းသင်ခန်းစာများမှာသာ စိတ်ကို ဆွဲနှစ်ထားရသည်။ သို့ပေမယ့်လည်း ကိုကို့ကို ကြာကြာမေ့မရပါ။
ကိုကို ဆိုသည့် စကားလုံးသည် တိမ်ပြာ့ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာတွင် ပုံရိပ်ထင်စွဲလျက် ရှိသည်မဟုတ်လား။ သည်လို ကိုကို့ကို တိမ်ပြာ ဘယ်လိုနည်းနဲ့ မေ့နိုင်ပါ့မလဲ။
ကိုကို သည်ရက်ပိုင်းများမှာ တိမ်ပြာ့ဆီ ပေါ်မလာခဲ့ပါ။ မသိလျှင် တိမ်ပြာ့ကို တမင်သက်သက် ရှောင်နေသည်ဟုတောင် ထင်ရလောက်သည်။ ဖုန်းတောင် တခါတလေမှသာ ခေါ်ဖော်ရသည်။ တိမ်ပြာ ခေါ်လျှင်လည်း မကိုင်တာများသည်။ မုန့်စားဆင်းချိန်တွေမှာလည်း ပေါ်မလာ၊ နေ့လည်ထမင်းစား ဆင်းချိန်များလည်း အရိပ်အယောင်တောင် မတွေ့ရတော့ပါ။
ကိုကို့ကို တိမ်ပြာ၏ ချစ်ခြင်းများ ဖွင့်ဟဝန်ခံရန် ကြိုးစားမိခဲ့သော နေ့တစ်နေ့၏ ညဂိုက်တန်း ပြီးသည့်အချိန်မှာတော့ ကိုကို ဖုန်းဆက်ခဲ့လေသည်။ သို့သော် အရင်ကလို တိမ်ပြာ့ကို လရောင်ချော့တေး ဆိုပြရင်း ချော့သိပ်ရန် မဟုတ်မှန်း သိလိုက်ရချိန်တွင် သွေးစိမ်ရှင်ရှင် မတိတ်သေးသည့် တိမ်ပြာ့နှလုံးသားလေးသည် ဒဏ်ရာနောက်တစ်ခု ထပ်တိုးနာကျင်ရလေတော့သည်။
“ဟဲလို…ကိုကို”
တိမ်ပြာ ဟန်ဆောင်အားတင်းရင်း ဖုန်းဖြေလိုက်ပေမယ့် အသံအဖျားလေး တုန်ရီကာ တိမ်ဝင်သွားသည်။
“တိမ်လေး…၊ အသံလဲ မကောင်းပါလား။ ဘာဖြစ်နေတာလဲ…”
“ညနေက မိုးမိသွားလို့ နှာစေးနေလို့ပါ ကိုကိုရဲ့။ တိမ်လေး ဘာမှ မဖြစ်ပါဘူး။ ဒါနဲ့ ကိုကို အဆင်ပြေလားဟင်။ ကြွေရုပ်လွှာကို ရည်းစားစကားပြောတာ”
“ဟား…အဆင်ပြေတာပေါ့ တိမ်လေးရဲ့။ တိမ်လေးရဲ့ ကိုကိုပဲဟာ။ ကြွေရုပ်ကလေးက စာမေးပွဲပြီးတာနဲ့ အဖြေပေးမယ်တဲ့ သိလား။ ကိုကို ရင်ခုန်လိုက်တာကွာ”
ကိုကို၏ ပျော်ရွှင်အူမြူးစွာ ပေါ့ပါးနေသည့်အသံသည် တိမ်ပြာ့နှလုံးသားကို ဓားတစ်လက်လို မွှမ်းဆွထိုးနှက်လျက် ရှိသည်။
နာကျင်မှုများကို တိမ်ပြာ မျက်စိမှိတ်ရယ်မောပစ်လိုက်ရင်း မြိုသိပ်လိုက်သည်။ တိမ်ပြာ့ရယ်သံသည် အသက်မဲ့ခြောက်သွေ့နေခဲ့မှန်း ကိုကို ရိပ်မိခဲ့ဖို့တော့ ကောင်းပါသည်။
“ဟား…ကိုကိုက သိပ်စွံတာပဲကွာ။ ကြွေရုပ်လွှာလို မာနခဲကိုတောင် အရည်ပျော်အောင် လုပ်နိုင်တယ်နော်”
“ဒါနဲ့လေ…တိမ်လေး။ ကိုကို ညပိုင်းတွေ ကြွေရုပ်ကလေးနဲ့ ဖုန်းပြောဖို့ ချိန်းထားလို့ တိမ်လေးဆီ ဖုန်းမဆက်နိုင်တော့ဘူးကွာ။ နားလည်ပေးနော် တိမ်လေး”
“အင်းပါ ကိုကိုရဲ့ ရပါတယ်။ ဒါဆို ဒါပဲလေနော်။ ကိုကို ကြွေရုပ်လွှာဆီ ဖုန်းဆက်ဖို့ နောက်ကျနေဦးမယ်”
“အေးအေး…ဒါပဲနော် တိမ်လေး။ Have a Sweet Dream”
အိပ်မက်လှလှ မက်ပါစေ ဆိုပြီး ဆုတောင်းပေးကာ ဖုန်းချသွားသည့် ကိုကို့ကို ခပ်ရွဲ့ရွဲ့ ရယ်မောပြလိုက်သေးသည်။
တိမ်ပြာ့ညတွေ ဘယ်လိုနည်းနဲ့ လှပနိုင်ပါတော့မလဲ ကိုကို။ ညတွေ မလှတော့တဲ့ လူတစ်ယောက်ကရော ဘယ်လိုလုပ် အိပ်မက်လှလှမက်နိုင်မှာတဲ့လဲ ကိုကိုရယ်။ ကိုကို နားလည်ဖို့ကောင်းပါတယ်။
ကိုကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ တိမ်ပြာ ရင်းနှီးနွေးထွေးခဲ့ဖူးသော ကိုကို့နှလုံးသားသည် တခြားတစ်ယောက်ဆီ ပါသွားပြီးနောက်ပိုင်းမှာ တိမ်ပြာ့အတွက် ထာဝရ ဆုံးရှုံးလိုက်ရပြီ ထင်ပါရဲ့လေ။
တိမ်ပြာ မခံစားနိုင်လောက်အောင် ကိုကို့ကို လွမ်းဆွတ်လာသည့် တစ်နေ့၏ မုန့်စားဆင်းချိန်တွင် ကိုကို့အတန်းသို့ တိမ်ပြာလိုက်သွားခဲ့သည်။ ကိုကို အတန်းထဲတွင် ရှိမနေခဲ့ပါ။ ကိုကို့ဘေးခုံက ကိုနေယံလည်း မရှိ။
“ကိုကို ဘယ်သွားလဲ အစ်ကို”
ပြတင်းပေါက်ဘေးမှာ ထိုင်နေသည့် ကိုကို့အတန်းထဲက ကျောင်းသားတစ်ယောက်ကို တိမ်ပြာမေးလိုက်ခြင်းဖြစ်သည်။
“မုန့်ဈေးတန်းသွားမယ် ထင်တာပဲ တိမ်ပြာရဲ့”
မုန့်ဈေးတန်းဘက်သို့ တိမ်ပြာ လှည့်မထွက်ခင် ကိုကို့အတန်းထဲတစ်ချက် ဝေ့ကြည့်လိုက်သေးသည်။ ကြွေရုပ်လွှာလည်း အတန်းထဲမှာ ရှိမနေခဲ့ပါ။
မုန့်ဈေးတန်းထဲမှာ ကိုကို့ကို လှည့်ပတ်ရှာသော်လည်း မတွေ့။ ပန်းခြံဘက်သို့ တိမ်ပြာ ထွက်ခဲ့လိုက်သည်။ ကိုကို ရှိနိုင်မည့် နေရာဆိုလို့ သည်တစ်နေရာပဲ ရှိတော့သည်။
တိမ်ပြာ ထင်သည့်အတိုင်း ပန်းခြံထဲတွင် ကိုကို ရှိနေခဲ့ပါသည်။ သို့သော် တစ်ယောက်ထဲမဟုတ်။ ကြွေရုပ်လွှာသည်လည်း ကိုကို့ဘေးနားတွင် ထိုင်နေခဲ့ကာ ပတ်ဝန်းကျင်ကို မေ့လျော့နေသည့်အလား ရယ်မောပျော်ရွှင်စွာ စကားများပြောနေခဲ့ကြသည်။
တိမ်ပြာ ထိုနေရာလေးနှင့် ဝေးရာသို့ ပြေးထွက်ခဲ့လိုက်ပါတော့သည်။ ထိုနေ့မှစပြီး တိမ်ပြာ သိပ်ချစ်ခဲ့ရသည့် ကိုကိုနှင့် စတင်တွေ့ဆုံခဲ့သော ပန်းခြံလေးထဲမှ ထိုနေရာလေးသို့ တိမ်ပြာ ဘယ်တော့မှ ထပ်မသွားရန် ဆုံးဖြတ်လိုက်ပါသည်။
သီတင်းကျွတ်လပြည့်နေ့ ကျောင်းပိတ်ရက်တွင် တိမ်ပြာတို့ ရှစ်တန်းအဖွဲ့သည် ပြင်ဦးလွင်သို့ အလည်အပတ် ခရီးထွက်ရလေသည်။ ညမအိပ်ဘဲ နေ့ချင်းပြန်ရသည့် ခရီးတိုဖြစ်သည်။
ကိုကိုမပါသည့် ထိုခရီးကို တိမ်ပြာ မလိုက်ချင်ခဲ့ပေမယ့် ဇွဲက ဇွတ်ခေါ်၍သာ စိတ်မပါလက်မပါ လိုက်လာခဲ့ရခြင်းဖြစ်သည်။
ပြင်ဦးလွင်၏ အမျိုးသားကန်တော်ကြီး ဥယျာဉ်ထဲတွင် လာရောက်အပန်းဖြေသူ ဧည့်သည်များစွာနှင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။ အခါကြီးရက်ကြီးမို့ထင်ပါရဲ့။ ပုံမှန်နေ့ရက်များထက် ပိုမိုစည်ကား၍ နေသည်။
ကန်တော်ကြီး ဥယျာဉ်ထဲက ရေအိုင်ကြီး၏ နံဘေးက မြက်ခင်းစိမ်း ကွင်းပြင်ကြီးပေါ်တွင် တိမ်ပြာတို့ ကျောင်းသား၊ကျောင်းသူများ စီတန်းကာ မတ်တပ်ရပ်နေရသည်။
“ကဲ…ဆရာမတို့ သည်နေရာမှာ ဂိမ်းလေးဆော့ကြမယ်။ မိန်းကလေးတစ်ဝိုင်း၊ ယောက်ျားလေး တစ်ဝိုင်း ဝိုင်းပြီး ထိုင်ရအောင်။ ဆရာမရဲ့ ဘယ်ဘက်ကို မိန်းကလေးတွေ ဝိုင်းလိုက်။ ယောက်ျားလေးတွေက ညာဘက်”
အတန်းပိုင် ဆရာမက တိမ်ပြာတို့ ရှေ့မှ ရပ်ကာ အမိန့်ပေးလိုက်သည်။ ဆရာမ စကားအတိုင်း ကျောင်းသူနှင့် ကျောင်းသား အုပ်စုခွဲကာ စက်ဝိုင်းသဏ္ဌာန် ဝိုင်းဖွဲ့၍ထိုင်ကြရသည်။
“ကဲ…ထိုင်ပြီးပြီဆိုရင် ဘယ်လိုဆော့ရမလဲ ပြောပြမယ်နော်။ ဆရာမတို့ ဆော့မယ့် ဂိမ်းနာမည်က ‘Truth or Do it’ လို့ ခေါ်ပါတယ်။ Bluetooth speaker လေး နှစ်လုံးကို အတန်းထိန်း ဂိုက်ဆရာမလေးတွေကို ဆရာမ ပေးထားမယ်။ သားတို့၊သမီး တို့ကို ဘောလုံးလေး တစ်လုံးစီပေးထားမယ်။ ဆရာမလေးတွေက သီချင်းဖွင့်တာနဲ့ ကလေးတို့က ဘောလုံးလေးကို ကိုယ်ပေးချင်တဲ့သူဆီ ပစ်ပေးရမယ်။ သီချင်းရပ်လိုက်တဲ့အချိန် ဘောလုံးကိုင်ထားမိတဲ့သူကို ပစ်ပေးလိုက်တဲ့သူက မေးချင်တာ မေးလို့ရတယ်။ ဖြေတဲ့ လူက မလိမ်ရဘူး၊ အမှန်တိုင်းပဲ ဖြေရမယ်။ မဖြေချင်ဘူးဆိုရင် မေးတဲ့လူ ခိုင်းတာကို လုပ်ရမယ်။ ကဲ…နားလည်ကြလား”
“နားလည်ပါတယ်…ဆရာမ”
ကျောင်းသား၊ကျောင်းသူများသည် ပေါ့ပါးလန်းရွှင်စွာ အော်ဟစ်လိုက်ကြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ ဘယ်သူ့ကို ဘောလုံးပစ်မယ်၊ ဘယ်သူ့ကိုတော့ ဘာမေးလိုက်မယ်ဆိုပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိတ်ကြံရင်း ပြုံးစိစိများ ဖြစ်နေကြတော့သည်။
“ကဲ…စမယ်နော်…3…2…1…Go”
ဂိုက်ဆရာမလေးက သူကိုယ်တွယ်ရသည့် ကျောင်းသားအုပ်စုကို Timing ခေါ်ပေးရင်း သီချင်းစဖွင့်လိုက်သည်။
မြူးကြွသည့် သီချင်းတစ်ပုဒ်၏ တီးလုံးသံစဉ်များနှင့်အတူ ဘောလုံးလေးတစ်လုံးသည် လေပေါ်သို့ မြောက်တက်လာကာ ကျောင်းသားများ၏ လက်များကြားတွင် ဟိုဟိုသည်သည် ပြေးလွှားနေရတော့သည်။
ထိုစဉ် ဆရာမက သီချင်းရပ်လိုက်သည်။ ဘောလုံးပိုက်မိနေသူက သူရိန်။
“သူရိန့်ကို ပစ်ပေးလိုက်တာ ဘယ်သူလဲ”
“ဇွဲထက်မာန်ပါ ဆရာမ”
“ကဲ…နှစ်ယောက်လုံးထပါ”
ဇွဲထက်မာန်နှင့် သူရိန် နှစ်ယောက်စလုံး မတ်တပ်လိုက်ကြသည်။
“ငါ မေးခွန်းမေးမယ်နော်။ သူရိန်။ ကျောင်းက ဂိုက်ဆရာ၊ဆရာမတွေထဲမှာ ကြည့်မရတဲ့သူပါလား”
ဇွဲ၏ မေးခွန်းကြောင့် ကျောင်းသားများ တဝိုးဝိုးနှင့် လက်ဖျားတွေ ခါကုန်ကြသည်။ ဇွဲကိုလည်း တချို့က လက်မထောင်ပြကြသည်။ ဇွဲ၏ သူရိန့်ကို ကျဉ်းထဲကြပ်ထဲတွန်းပို့လိုက်သည့် မေးခွန်းကို ထောက်ခံသည့်သဘောဖြစ်သည်။ ဇွဲကတော့ သူ့မေးခွန်းကိုသူ သဘောကျစွာ ခိခနဲ ရယ်တော့သည်။
မေးခွန်းကို ချက်ချင်းမဖြေနိုင်ဘဲ မှုံကုပ်ကုပ်မျက်နှာဘေးနှင့် ရပ်နေသူက သူရိန်။
“မဖြေဘူးကွာ။ မင်းကြိုက်တာ ခိုင်းတော့ ဇွဲ”
ခေါင်းတကုပ်ကုပ်နှင့် ဇွဲမေးသည့် မေးခွန်းကို မဖြေဘဲ အရှုံးပေးသည့် သူရိန့်ကို ကျောင်းသားများက လက်ခုပ်တီးရင်း ကောင်းချီးဩဘာပေးကြသည်။
“မျောက်က, ကပြကွာ”
ဇွဲ၏ အပြောအပြီးမှာ ကျောင်းသားများက တဟေးဟေး အော်ကြပြန်သည်။
“အတော်ပဲကွာ။ မျောက်ပွဲမကြည့်ရတာ အတော်ကြာပြီ”
ကျောင်းသားတစ်ယောက်က ဇွဲ၏ အပြောကို ထပ်မံထောက်ခံလိုက်တော့ ကျောင်းသားများ တဟားဟားနှင့် ပွဲကျသွားပြန်သည်။
သူရိန်က မျက်မှောင်ကြုံ့ရင်း မျက်နှာကြီးကို ရှုံ့မဲ့ထားသည်။ အပေါ်နှုတ်ခမ်းကိုလည်း မျောက်များကဲ့သို့ ဖောင်းထားလိုက်သည်။ မျက်လုံးများကို မှေးစင်းထားလိုက်ပြီး လက်လေးများနှင့် ခြေထောက်များကို ကွေးကောက်ထားလိုက်ရင်း ကွိကွိကွကွနှင့်အော်ကာ မျောက်က, က လေတော့သည်။ ကွေးကောက်ထားသည့် လက်လေးနှင့် တချက်တချက် ခေါင်းကိုလည်း ကုပ်လိုက်သေး၏။
“မျောက်တောင် သံပုရာသီးကိုက်ထားတဲ့ မျောက်ဟေ့”
“ဘယ်ကလာ၊ အီးမှန်ထားတဲ့ မျောက်အိုကြီးပါဟ”
ကျောင်းသားများမှာတော့ တစ်ယောက်တစ်ပေါက် အော်ဟစ်ရင်း အူပေါက်မတတ် အားရပါးရ ရယ်မောကြတော့သည်။ သူရိန်၏ မျောက်ပွဲအပြီးမှာတော့ ကစားပွဲနောက်တစ်ကြိမ် စရန် ဆရာမက Timing ခေါ်ပေးလေသည်။
ဘောလုံးလေးသည် မြူးကြွသည့် သံစဉ်များနှင့်အတူ လေပေါ် မြောက်ကာ မြောက်ကာနှင့် သူရိန့်ဆီမှတဆင့် ရောင်ဝါထည်၊ ရောင်ဝါထည်ဆီမှ ဘုန်းလက်ယာ၊ ဘုန်းလက်ယာဆီမှ မင်းဆက်သစ်၊ မင်းဆက်သစ် မှသည် တိမ်ပြာ့လက်ထဲ ရောက်လာခဲ့သည်။
လက်ထဲရောက်လာသည့် ဘောလုံးကို အဆိပ်ပြင်းသည့် အကောင်တစ်ကောင်လို ထိတ်ထိတ်လန့်လန့်နှင့် ပစ်မိပစ်ရာပစ်ပေးလိုက်တော့ ဘောလုံးလေးသည် သူရိန့်ထံသို့ ထပ်ရောက်သွားသည်။ သူရိန်ကလည်း လျင်မြန်စွာနှင့် ဇွဲထံ ပြန်ပစ်ပေးလိုက်သည်။ ဇွဲလက်ထဲ ဘောလုံး ရောက်သွားချိန်မှာပဲ သီချင်းသံလည်း ရပ်သွားတော့သည်။
ကျောင်းသားများကတော့ ထုံးစံအတိုင်း တဟားဟား ရယ်မောပြန်သည်။ သည်တစ်ခါ ပစ်လိုက်သည့်သူက သူရိန်။ ဘောလုံးရထားသူက ဇွဲ။ သူရိန်၏ လက်စားချေခန်းဖြစ်တော့မည်။ ပွဲကတော့ ကြည့်ကောင်းပြီ။
သူရိန်က ပြုံးပျော်တတ်ကြွစွာ မတ်တပ် ထရပ်လိုက်သည်။ ဇွဲကတော့ လေးတိလေးကန်နှင့်သာ။
“ဒီတခါ ငါ့အလှည့်ပေါ့နော် ဇွဲ။ ကဲ…ငါမေးမယ်”
“……..”
“ဒီအုပ်စုထဲမှာ မင်း ကြိတ်ကြိုက်နေတဲ့သူပါလား။ အမှန်တိုင်း ဖြေနော် ဟေ့ရောင်။ မဖြေရင် မင်း Crush နဲ့ တစ်သက်လုံး ဝေးရပါစေ”
သူရိန်က မေးခွန်းအပြင် ကျိန်စာပါ ထည့်တိုက်လိုက်သည်။ ကျောင်းသားများ ဟေးခနဲ ဝါးခနဲ အော်ဟစ်ကြပြန်သည်။ ဇွဲ အကြပ်တွေ့ရပြီ။
ဇွဲက လက်ထဲမှာ ကိုင်ထားသည့် ဘောလုံးလေးကိုသာ ငုံ့ကြည့်နေရင်း မေးခွန်းကို ဖြေသင့် မဖြေသင့် စဉ်းစားနေဟန်တူသည်။ ကျောင်းသားများကတော့ မြန်မြန်ဖြေဖို့ လောဆော်နေကြပြီ။ ခဏအကြာမှ ဇွဲ ခေါင်းလေးမော့လာကာ သူရိန့်မေးခွန်းကို အဖြေပေးသည်။
ဇွဲ၏ မထင်မှတ်ထားသည့် အဖြေကြောင့် ကျောင်းသားများ ဟင်ခနဲ ဟာခနဲ ဖြစ်သွားကြသည်။ တချို့ကတော့ ဟေးခနဲ ထအော်ကာ လက်ခုပ်တွေ တီးတော့သည်။ သူရိန်မှာတော့ မျက်နှာလေး ကွက်ခနဲ ပျက်သွားရသည်။ ဇွဲ မဖြေနိုင်လျှင် ဇွဲကို ဘာခိုင်းရမလဲဆိုပြီးတွေးကာ ကြိတ်ပျော်နေသည့် သူရိန့်အတွေးများ ပျက်ပျယ်သွားပြီလေ။
“အေး…ပါတယ်”
တိမ်ပြာ့မျက်ဝန်းများကို စွဲမြဲစွာ ကြည့်ကာ သူရိန့်မေးခွန်းကို ဖြေလိုက်သည့် ဇွဲ၏ အဖြေကြောင့် တိမ်ပြာ ထိတ်လန့်အံ့ဩသွားရသည်။
တိမ်ပြာ တွေ့ရပြန်ပြီ။ ဇွဲရဲ့ သည်လို အကြည့်တွေ။
မျက်ရည်စများနှင့် ရွှန်းလဲ့နေသော်လည်း မှိုင်းမှုန်ပြာဝေနေတတ်သည့် ဇွဲ၏ အကြည့်များ။ တိမ်ပြာ့ကို အမြဲ စိုက်ကြည့်နေတတ်သည့် ဇွဲ၏ အကြည့်များ။ တိမ်ပြာ အဓိပ္ပါယ် မဖော်နိုင်ခဲ့သည့် ဇွဲ၏ လျှို့ဝှက်နက်နဲသော အကြည့်များ။
ဇွဲ၏ ပြတ်သားတိကျသည့် အဖြေနှင့် ထိုအကြည့်များကို ပေါင်းစပ်လိုက်တော့ တိမ်ပြာ့ခေါင်းထဲ လက်ခနဲဖြစ်သွားကာ ဇွဲ၏ အကြည့်များကို တိမ်ပြာ နားလည်သွားသည်။ ဇွဲမျက်ဝန်းများထဲမှာ ပုန်းလျှိုးဝှက်ကွယ်နေခဲ့တဲ့ ချစ်ခြင်းတရားများကို တိမ်ပြာ ရုတ်တရက် တွေ့လိုက်ရပြီ။
ဘုရားရေ…။ ဇွဲ တိမ်ပြာ့ကို ချစ်နေခဲ့တာပါလား….။
ဇွဲ၏ အချစ်တွေကို တိမ်ပြာမြင်လိုက်ရချိန်တွင် ရင်ခွင်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်ကာ နာကျင်ကြေကွဲသွားရပါသည်။
ဖြစ်မှ ဖြစ်ရလေ ဇွဲရယ်….။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ