book

Index 5

Chapter 5

လေပြေညှင်းလေးများသည် သာယာဖြေးညှင်းစွာ သုတ်ဖြူးဆော်သွေးလျက်ရှိသည်။ လေပြေတို့၏ ဆော့ကစားမှုကြောင့် သစ်ပင်သစ်ရွက်လေးများသည် လှပစွာ လွန့်လူးလှုပ်ရှားသွားသည်။ ပန်းပွင့်လေးတို့အလှုပ်မှာ လိပ်ပြာကလေးများ လွင့်လွင့်လူးလူး ပျံသန်းသွားကြသည်။ 

ကောင်းကင်ယံတွင်လည်း မိုးသားတိမ်တိုက်ပြာတို့သည် ဂွမ်းစိုင်ဂွမ်းခဲကြီးများကို ဆုပ်ယူဖြန့်ကျဲထားသလို လှပစွာ ဖြစ်ပေါ်လျက်ရှိ၏။ ငှက်ငယ်လေး‌တို့၏ ကျီကျီကျာကျာ အသံလေးများနှင့် ပတ်ဝန်းကျင်တခွင် သာယာစွာ ညံစီနေသည်။

ကောင်းကင်သစ်နှင့် မိုးတိမ်ပြာတို့သည် ပန်းချီကားတစ်ချက်ကဲ့သို့ လှပသာယာလွန်းသည့် ဥယျာဉ်ပန်းခြံကြီး အတွင်းသို့ ရောက်ရှိနေခဲ့ကြသည်။ စကားများ မပြောဖြစ်ကြဘဲ ခုံတန်းရှည်လေးအပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်ရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် ကြည်နူးစွာ ငြိမ်သက်လျက်ရှိနေကြသည်။ 

ထိုစဉ် ရုတ်ချည်းဆိုသလို ကောင်းကင်ပြင်မှာ တိမ်ညိုတိမ်မည်းများ တရွေ့ရွေ့ ဖုံးအုပ်လာကာ မိုးစက်မိုးပေါက်များသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ သက်ဆင်းလာတော့၏။ 

"ဟာ...မိုးရွာပြီ"

ရုတ်တရက် သွန်းဖြိုးလာသော မိုးကို ကိုကိုက အပြစ်မြင်ပုံ မရသည့်အပြင် ပျော်ရွှင်သွားပုံတောင် ရသည်။ တိမ်ပြာကတော့ ကိုကိုပျော်လျှင် သူလည်း ပျော်ရပါသည်။ 

"လာ...တိမ်လေး"

ကိုကိုက တိမ်လေးလက်ကို ဆွဲခေါ်ကာ မိုးရေထဲ ပြေးထွက်လိုက်သည်။ တိမ်ပြာက‌တော့ ကိုကိုဆွဲရာနောက် မငြင်းမဆန်ဘဲ လိုက်ရပါတော့သည်။

မိုးရေစက်များအကြားကို ဦးတည်ရာမဲ့စွာ သူတို့ ပြေးထွက်ခဲ့ကြသည်။ ကိုကိုက တိမ်ပြာ့လက်ကို ဆွဲရင်း မမောတမ်း ရှေ့က ပြေးသည်။ တိမ်ပြာကလည်း ကိုကို ပြေးရာနောက်သို့ မ‌ပန်းနိုင်ဘဲ နောက်က ပြေးလိုက်သည်။ 

ကုက္ကိုပင်ကြီး တစ်ပင်အောက်သို့ ရောက်တော့မှ ကိုကိုက ပင်စည်ကို ကျောမှီရင်း ရပ်လိုက်သည်။ တိမ်ပြာလည်း ကိုကို့ဘေးနားကပ်လျက် အပင်ကြီးကို ကျောကပ်ကာ မှီလိုက်သည်။ ကုက္ကိုပင်ကြီးသည် ကြီးမားလွန်းကာ အကိုင်းအခက်အရွက်များမှာလည်း စိပ်လွန်းတော့ မိုးရေစက်များပင် မထိုးဖောက်နိုင်ပါ။ အပင်ကြီးသည် ထီးကြီးသဖွယ် သူတို့ကို ကာမိုးပေးဖော်ရသည်။

ကိုကိုက အပင်ကြီးကို မှီနေရာမှ လက်နှစ်ဖက်ထောက်ကာ တိမ်ပြာနှင့် မျက်နှာချင်းဆိုင်မှာ လာရပ်သည်။ တိမ်ပြာကတော့ ကိုကို့ လက်များကြားရောက်သွားရင်း ကြောင်အမ်းစွာ ကိုကို့ကိုသာ စိုက်ကြည့်နေမိသည်။

ကိုကိုကလည်း တိမ်ပြာ့ကို ဝင်းလဲ့တောက်ပနေသော မျက်လုံးတစ်စုံနှင့် ရွန်းရွန်းစားစားကြီး ကြည့်နေခဲ့သည်။ ကိုကို့အကြည့်များသည် သူ့ကို ညှို့ငင်ဆွဲဆောင်နေတော့သည်။

"ကိုကို...တိမ်လေးကို ချစ်တယ်"

ချစ်တယ် တဲ့။ ကိုကိုက တိမ်လေးကို။

တိမ်လေး သိပ်ချစ်ရတဲ့ ကိုကိုက တိမ်လေးကို ချစ်သတဲ့လား။

"တိမ်လေးလည်း ကိုကို့ကို သိပိချစ်တယ် ကိုကို"

တိမ်လေး၏ ခွန်းတုံ့ချစ်စကားလေး ကြားလိုက်ရချိန်မှာ ကိုကို့မျက်နှာလေး ဝင်းခနဲ တောက်ပသွားသည်။ ကိုကိုသည် တိမ်လေး၏ မျက်လုံးလေးများကို စွဲမြဲစွာ ကြည့်နေရာမှ နှုတ်ခမ်းလေးများဆီသို့ ကိုကို့အကြည့်များ ရောက်ရှိသွားသည်။

"ကိုကို တိမ်လေးရဲ့ ဒီနှုတ်ခမ်းလေးတွေကို သိပ်နမ်းချင်ခဲ့တာ"

တိမ်လေး၏ နုဖတ်ပျော့ပြောင်းနေသည့် နှုတ်ခမ်းလေးကို ကိုကို့က သူ့လက်ချောင်းထိပ်များနှင့် ခပ်ဖွဖွ တို့ထိကြည့်နေရာက ကိုကို၏ ခေါင်းလေးက ဖြေးဖြေးချင်းငုံ့လျက် တိမ်ပြာ၏ နှုတ်ခမ်းလေးများဆီ ဦးတည်ချဉ်းကပ်လာသည်။ 

ကိုကို တိမ်ပြာ့ကို နမ်းတော့မယ် ထင်ပါရဲ့။ 

တိမ်ပြာ မြတ်နိုးတွယ်တာရသည့် ကိုကို့၏ ကြင်နာနွေးထွေးသော အနမ်းများသည် ဘယ်လောက်တောင် ချိုမြိန်သာယာနေမှာပါလိမ့်။ ရင်ခုန်စိတ်လှုပ်ရှားစွာ တိမ်ပြာ့မျက်လုံးလေးများသည် မှေးစင်းလျက် မှိတ်သွားရသည်။ နှုတ်ခမ်းလေးများသည်တော့ ကိုကို့အနမ်းများကို နွေးထွေးစွာ ကြိုဆိုရန် အဆင်သင့်ဖြစ်နေခဲ့ပြီ။

🎵 အိပ်မက်ကလေးထဲမှာ မင်းနဲ့ ကိုယ် အမြဲဆုံချင်တယ်...

အပြင်မှာ တို့ဘဝတွေ ဝေးရရင် ဝေးပေါ့အချစ်လေး...

နှလုံးသားတွေတော့ အမြဲ နီးပါစေပေါ့...🎵

ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည့် Ringtone အသံသည် ယစ်မူးမိန်းမောနေသည့် တိမ်ပြာ့ကို ခပ်ကြမ်းကြမ်း လှုပ်နိုးလိုက်တော့သည်။

လန့်နိုးသွားမှ တိမ်ပြာ အိပ်မက်မက်နေခဲ့ခြင်းဖြစ်မှန်း သိရတော့သည်။ ကိုကိုက တိမ်ပြာ့ကို ချစ်တယ်လို့ ဖွင့်ပြောတာ အိပ်မက်တစ်ခုတဲ့လား။ တကယ်သာ ဖြစ်လိုက်ပါတော့လား ကိုကိုရာ။

တိမ်ပြာ စိတ်အလိုမကျစွာ အိပ်ရာဘေးက စားပွဲခုံပေါ် တင်ထားသည့် ဖုန်းလေးကို လှမ်းယူလိုက်သည်။ သည်ဖုန်းလေးသည် တိမ်ပြာ့အား ကိုကို လက်ဆောင်ပေးထားသည့် ဖုန်းလေးဖြစ်သည်။ ဖုန်းခေါ်နေသူမှာ တခြားသူမဟုတ်။ ကိုကိုသာ ဖြစ်သည်။ တိမ်ပြာ့ကို လှမ်းနိုးခြင်းဖြစ်၏။

"ဟဲလို...ကိုကို"

"တိမ်လေး...ထတော့နော်။ ခုနစ်နာရီခွဲပြီကွ"

ကျောင်းဖွင့်ချိန်ရောက်ပြီဖြစ်သည့်အတွက် တိမ်ပြာတို့ ကျောင်းပြန်တတ်နေရပြီဖြစ်သည်။ ကိုကိုတို့ အထက်တန်းတွေကတော့ ငါးလပိုင်း အစကတည်းက ကြိုဖွင့်ခဲ့ပြီ။ တိမ်ပြာတို့ကတော့ ပုံမှန်ကျောင်းဖွင့်ရာသီဖြစ်သည့် (၆)လပိုင်းမှသာ ဖွင့်သည်။ 

"ဟုတ်ကဲ့ ကိုကို၊ တိမ်လေး နိုးပြီ"

"မနက်စာ ကောင်းကောင်းစားခဲ့နော် တိမ်လေး။ မနက်စာကို အာဟာရရှိရှိစားမှ တနေကုန် စာထဲကို စိတ်ဝင်စားနိုင်မှာ တိမ်လေးရဲ့"

တိမ်ပြာ၏ အိမ်မှာ ကိုကို မနေဖြစ်တော့သည်မှာ ကိုကိုတို့ အတန်းများ စဖွင့်သည့် (၅)လပိုင်းကတည်းက ဖြစ်သည်။ (၁၀)တန်းဖြစ်သည့်အတွက် ကျောင်းမှာသာ ကျောင်းအိပ်၊ ကျောင်းစားနေရသည်။ ညဆိုလျှင်လည်း (၁၁)နာရီအထိ ညဂိုက်အတန်းများ တတ်ရသေးသည်လေ။ 

ကိုကို့ရင်ခွင်ထဲမှာ မအိပ်ရ‌သည်မှာ ကြာပြီဖြစ်၍ တိမ်ပြာ ကိုကို့ကို လွမ်းလှပြီ။ ကိုကိုက ညဂိုက်တန်းပြီးလျှင် တိမ်ပြာ့ဆီဖုန်းဆက်ကာ လရောင်ချော့တေး ဆိုပြရင်း ချော့သိပ်ပေး၍သာ တိမ်ပြာ အလွမ်းတချို့ ပြေ၍ နေသာ‌ထိုင်သာရှိရသည်။

"ဟုတ်ကဲ့ပါ..ကိုကိုရဲ့။ စိတ်မပူပါနဲ့။ တိမ်လေး ဘယ်တုန်းက ကိုကို့စကား နားမထောင်ခဲ့တာ ရှိဖူးလို့လဲ"

"ဟုတ်ပါပြီဗျာ...။ အဲ့ဒါဆို ကျောင်းမှာ တွေ့မယ်နော် တိမ်လေး။ See you"

ဖုန်းချပြီးသည်နှင့် ရေချိူခန်းထဲ ဝင်ပြီး ရေချိုးကာ ကျောင်းသွားဖို့ ပြင်ဆင်ရတော့သည်။ သည်နေ့ အချိန်ဇယားများကို ပြန်ကြည့်ရင်း စာအုပ်တွေ ယူစရာရှိတာယူ၊ ဖယ်စရာရှိတာ ဖယ်ကာ ကျောင်းလွယ်အိတ်ကို စီစဉ်ရသည်။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ ထမင်းစားခန်းထဲဝင်၍ အဒေါ်ကြီး ပြင်ဆင်ပေးထားသည့် မနက်စာကို စားလိုက်သည်။ မနက်စာစားပြီး ဧည့်ခန်းထဲ ခဏထိုင်မယ် အလုပ်မှာ ကျောင်းကားက ခြံရှေ့ရောက်နေပြီ။။

ကျောင်းကားပေါ် လွယ်အိတ်တစ်ဖက်၊ လက်ဆွဲအိတ်တစ်ဖက်နှင့် ယောက်ယတ်ခတ်စွာ တက်လာသည့် တိမ်ပြာ့ကို ဇွဲထက်မာန်က သူ့လက်တစ်ဖက် ကမ်းပေးရင်း ဆီးကြိုလိုက်သည်။ ဇွဲက ဘာစိတ်ကူးပေါက်သည်မသိ သည်နှစ်ကျမှ ကျောင်းဖယ်ရီကားနှင့် လိုက်ခြင်းဖြစ်သည်။

"မင်းမလဲ အမြဲတမ်း ရှုပ်ယှတ်ခတ်နေ‌တာပဲ တိမ်ပြာရာ။ Text book (ပုံနှိပ်စာအုပ်)တွေဆို ကျောင်းမှာ ထားခဲ့ပါဆို"

"‌အရင်က ငါ့စာအုပ်တွေ ကိုကိုသယ်ပေးနေကြဆိုတော့ စာအုပ်တွေ ပြန်သယ်တာ အကျင့်ပါနေလို့ပါကွာ"

ဇွဲက တကိုကို ဖြစ်နေသည့် တိမ်ပြာ့ကို မျက်စောင်းနှင့် တုံ့ပြန်သည်။

"စကား‌ကို ကိုကိုဆိုတဲ့ စာလုံး မပါအောင် မပြောတတ်ဖူးလား။ နားကြားပြင်းကတ်တယ် ဟရောင်"

"မကြားချင် နားပိတ်ထားကွာ။ ကိုကို ပါတာတော့ မတတ်နိုင်ဘူး။ စကားထဲမှာမှ မဟုတ်ဘူး။ ကိုကိုဆိုတာ ငါ့ဘဝမှာလဲ မပါမဖြစ်ဆိုတာ မင်းသိသားနဲ့"

တိမ်ပြာ့စကားကြောင့် ဇွဲထက်မာန်မျက်နှာလေး ညှိုးကျသွားသည်ဟု တိမ်ပြာထင်မိသည်။ သည်နှစ် ကျောင်းဖွင့်ကတည်းက ဇွဲသည် တိမ်ပြာနှင့် ပိုမိုနီးစပ်ရန် ချဉ်းကပ်လာသည်။ တိမ်ပြာ့အိမ်သို့ အကြောင်းပြချက် အမျိုးမျိုးနှင့် အလာစိပ်လာသည်။ 

စာသင်ချိန်များမှာလည်း ဇွဲသည် တိမ်ပြာမသိအောင် ခိုးခိုးကြည့်နေတတ်သည်။ ဇွဲ ခိုးကြည့်နေသည်ကို တိမ်ပြာ ရိပ်မိသွားပြီဆိုလျှင် ဇွဲက မသိချင်ယောင်ကာ ဆက်ခနဲ ပြန်လှည့်သွားတတ်သည်။

ဇွဲ၏ မျက်ဝန်းများသည် တခါတရံ မှိုင်းညှို့အုံ့ဆိုင်း‌နေတတ်ပြီး၊ တချို့အချိန်များမှာတော့ ရွှန်းလဲ့ဝင်းဖြာလျက်ရှိနေခဲ့သည်။ လူကဲခတ်ညံ့သည့် တိမ်ပြာသည် ဇွဲ အကြည့်များ၏ အဓိပ္ပာယ်ကို မဖော်ဆောင်နိုင်ခဲ့ပါ။

........................................

အတန်းထောင့်ထဲတစ်နေရာ၏ နံရံတွင် ချိတ်တွယ်ထားသည့် နာရီကို ကောင်းကင်သစ် မော့ကြည့်လိုက်သည်။ အချိန်တောင် ရှစ်နာရီခွဲနေပြီလား။ သည်အချိန်ဆို တိမ်လေး ကျောင်းဖယ်ရီကားစီး၍ နေလိမ့်မည်။ တိမ်လေးတစ်ယောက် အဆင်မှ ပြေရဲ့လား။

ကောင်းကင်သစ်ကတော့ အတန်းထဲက သည်ခုံမှာ ထိုင်နေခဲ့ရတာ မနက် ခြောက်နာရီကတည်းက။ (၁၀)တန်း ကျောင်းသားကြီးတွေဖြစ်၍ မနက်စာကျက်ဝိုင်းပါ တတ်ကြရသည်။ ညဆိုလည်း ဆယ့်တစ်နာရီ အထိ ညဂိုက်တန်းတက်ရသေးသည်။ 

တိမ်လေးနှင့်တောင် သူ့မှာ ကောင်းကောင်းမတွေ့နိုင်။ ကျောင်းအားလပ်ချိန်လေးများမှာ အပြေးလေးသွားတွေ့ရလေသည်။

ထိုစဉ် စာသင်ခန်းထဲသို့ ကျောင်းသူများ တဖွဲဖွဲဝင်ရောက်လာခဲ့သည်။ ကျောင်းသူများနှင့် စာသင်ခန်း တစ်ခန်းထဲတွင် စာသင်ရသော်လည်း မနက်စာကျက်ဝိုင်းနှင့် ညဂိုက်အတန်းကတော့ ခွဲခြားထားသည်။ ကျောင်းသူများသည် မနက်စာကျက်ဝိုင်းပြီးချိန်တွင် စာသင်ခန်းထဲသို့ ကူးပြောင်းကာ အတန်းတက်ရသည်။

ကျောင်းသူလေးများ ဝင်လာတော့ ထုံးစံအတိုင်း ကျောင်းသားများက လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ လေသံတိုးတိုးလေးနှင့် တဝိုးဝိုး လုပ်နေသူများ၊ ဟိုကောင်မလေးက ဘယ်လို၊ သည်ကောင်မလေးက ဘယ်လိုဆိုပြီး ဘေးခုံက ကျောင်းသားအချင်းချင်း တီးတိုးပြောဆိုသူများနှင့် အတန်းထဲတွင် ညံစီလျက်ရှိသည်။ 

နောက်ဆုံးမှ ဝင်လာသည့် ကျောင်းသူအလှည့်အရောက်တွင် အသံများ သိသိသာသာ ကျယ်သည်ထက် ကျယ်လာသည်။ ကောင်းကင်သစ်ဘေးမှ ထိုင်နေသည့် နေယံကလည်း ထိုကျောင်းသူ ဝင်အလာတွင် ကောင်းကင်သစ်ကို တံတောင်နှင့် လာတွတ်ကာ မော့ငေါ့ပြရင်း ကြည့်ကြည့် ဟု တီးတိုး ဆိုလိုက်သေးသည်။

နေယံပြသည့် ကျောင်းသူကို ကောင်းကင်သစ် လှည့်မကြည့်စရာ မလိုဘဲ သိ‌နေပေမယ့် ဆက်ခနဲ တစ်ချက် ကြည့်ဖြစ်အောင် လှည့်ကြည့်လိုက်မိသေးသည်။ ကျောင်းသားများကို လှုပ်ခတ်သွားစေသူ ကျောင်းသူလေးသည် ရိုးရိုးလေးနှင့်တောင် လှရက်နိုင်လွန်းသူလေးဖြစ်သည်။ 

ရင်ဖုံးအဖြူ လက်ပြတ်လေးကို အောက်ခံကာ လက်ဖမိုးလေး အထိရှည်သည့် ပိတ်ဖောက်ဇာ အဖြူလေးကို ‌အပေါ်မှထပ်ကာ ဝတ်ဆင်ထားသည်မှာ သူမ၏ သွယ်လှ ဖြောင့်တန်းသော လက်တံလေးများ၏ အလှကို ပေါ်လွင်‌စေသည်။ ထဘီ အစိမ်းရောင် နုနုလေးကို ဝတ်ဆင်ရင်း အတန်းထဲသို့ နွဲ့နှောင်းသိမ်မွေ့လွန်းစွာ ခြေတလှမ်းခြင်းလျှောက်ကာ ဝင်လာပုံက လေယူရာယိမ်းနေသည့် ပန်းလေးတစ်ပွင့်နှယ် သိပ်ကို လှပလွန်း၍နေသည်။

သူမသည် နာမည်နှင့် လိုက်ဖက်ညီစွာ ကြွေရုပ်‌ကလေးတစ်ရုပ်လို ချောမောလွန်းသည့် 'ကြွေရုပ်လွှာ' ဆိုသည့် ကျောင်းသူလေးပင်ဖြစ်သည်။

ကောင်းကင်သစ်တို့ အတန်းထဲက ကျောင်းသားများ၏ အသည်းစွဲဖြစ်သည်သာမက တခြားအတန်းထဲသို့ သတင်းရောက်သည်အထိပင် သူမ၏ အလှသည် သင်းထုံမွှေးပျံ့လွန်းလှသည်။ 

အတန်းအားချိန်များတွင် တခြားအတန်းမှ ကျောင်းသားများသည် ကြွေရုပ်လွှာ ကို တကူးတက လာကြည့်ကြသည်။ တချို့ဆိုလျှင် အတန်းချိန်အတွင်းမှာပင် ဆရာမကို အိမ်သာသွားရန်ဆိုပြီး ခွင့်တောင်းကာ ကောင်းကင်သစ်တို့ အတန်းရှေ့က ဖြတ်ပြီး ကြွေရုပ်လွှာကို တကူးတက လာရောက်ရှုစားကြသေးသည်။

"တော်တော် လှတယ်ကွာ"

ကောင်းကင်သစ်ဘေးက ထိုင်နေသည့် နေယံ၏ မချိတင်ကဲ ညည်းညူသံဖြစ်သည်။ နေယံ့စကားကို ကောင်းကင်သစ်က လက်သီးတစ်ချက်နှင့်သာ တုံ့ပြန်လိုက်သည်။

"ငါတို့ကျောင်းကို စောစောကတည်းက ပြောင်းလာတာ မဟုတ်ဘူးကွာ။ ကိုးတန်းလောက်ကသာ ပြောင်းလာရင် အခုချိန်လောက်ဆို ငါဖွင့်ပြောပြီးနေလောက်ပြီ"

"အံမယ်...၊ မင်းပြောလဲ ဟိုက မင်းကို တချက်တောင် လှည့်ကြည့်တာ မဟုတ်ဘူး"

"အေးပါကွာ။ သိပါတယ်။ ကြွေရုပ်လွှာက အတန်းထဲက ဘယ်ကောင်လေးကိုမှ အဖက်လုပ်တာ မဟုတ်ဘူးဆိုတာ။ သူ အဖတ်လုပ်ချင်တဲ့ ကောင်က သက်သက်ရှိပြီးသား။ ငါ့ဘေးက ကောင်၊ မင်းလေ။ မင်းကို မနာလိုတာ ဆွဲထိုးချင်မိတဲ့ အထိပဲ သိလား"

"ဘာတွေ လျှောက်ပြောနေတာလဲကွာ နေယံ။ သူများကြားသွားရင် မကောင်းဘူး"

နေယံကတော့ ကောင်းကင်သစ်၏ ရှက်ကိုးရှက်ကန်းဖြစ်သွားပုံကို သဘောကျစွာ ခေါင်းတရမ်းရမ်းနှင့် ဟားတိုက် ရယ်မောတော့သည်။ 

နေယံမှ မဟုတ်။ အတန်းထဲက ကျောင်းသားတော်တော်များများသည်လည်း ကြွေရုပ်လွှာနှင့် ကောင်းကင်သစ်အား ကွယ်ရာတွင် ပေးစားနေကြသည့်အသံများကို ကောင်းကင်သစ် ပြန်လည်ကြားသိရသည်။ 

ကြွေရုပ်လွှာက အတန်းထဲသို့ ဝင်ဝင်ချင်း ရှေ့ဆုံးတန်းက ကောင်းကင်သစ်ကို တချက်လှမ်းကြည့်တတ်သတဲ့။ စာသင်ချိန်‌တွေမှာလည်း ကောင်းကင်သစ်ကို ကြည့်ကြည့်နေတတ်သတဲ့။

ဘယ်ကျောင်းသားကိုမှ ရှိတယ်လို့ မထင်တတ်တဲ့ ခပ်ချေချေ ကြွေရုပ်လွှာက ကောင်းကင်သစ်ကိုတော့ ခင်မင်ဖော်ရွေစွာ ဆက်ဆံတတ်သည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။ 

လှသလောက် မာနကြီးသည်ဆိုပြီး နာမည်ကြီးသည့် ကြွေရုပ်လွှာက ကောင်းကင်သစ်ကိုတော့ မာနကြီးဖို့ နေနေသာသာ သူမကပင် အရင်နှုတ်ဆက်ပြီး စကားမရှိ၊စကားရှာ ပြောနေတတ်သည်ကိုတော့ ကောင်းကင်သစ် နားမလည်နိုင်အောင်ပင် ဖြစ်ရတော့သည်။

"ကြွေရုပ်ကလေးက မင်းကို ကြွေနေတာပါ ငါ့ကောင်ရာ" ဆိုပြီး နေယံတို့ ပြောတတ်သလို တကယ်ပဲ ကြွေရုပ်လွှာက သူ့ကိုများ ချစ်နေတာများလား..။ 

သည်လို တွေးမိချိန်မှာတော့ ကောင်းကင်သစ် နှလုံးသားလေး ယိမ်းထိုးလှုပ်ရှားသွားရပါတော့သည်။

.............................

ကြွေရုပ်လွှာ၏ အလှသတင်းများသည် သူတို့ အတန်းထဲတွင်သာမဟုတ် တစ်ကျောင်းလုံးသို့ ပျံ့နှံ့လျက်ရှိသည်။ လူပျိုဖော်ဝင်ကာစ စိတ်ကစားတတ်သည့် တိမ်ပြာတို့ ရှစ်တန်းအရွယ် ကျောင်းသားများ၏ ပါးစပ်ဖျားတွင်လည်း တကြွေထဲ ကြွေ၊ တရုပ်ထဲ ရုပ်နေကြသည်အထိ ကြွေရုပ်လွှာသည် ထင်ပေါ်ကျော်ကြားလျက် ရှိသည်။ 

သိပ်လှသည်ဆိုသည့် ကြွေရုပ်လွှာကို တိမ်ပြာလည်း မြင်ဖူးပါသည်။ နာမည်ကြီးရအောင်လည်း တကယ်ပင် လှပါသည်။ ရိုးမလိုနှင့် ဆန်းသည့်အလှ။ တစိမ့်စိမ့်ကြည့်လေ တစက်စက်လှလေ ဖြစ်သည်။ သည်လောက်လှသည့် ကြွေရုပ်လွှာနှင့် ကိုကို နီးစပ်သွားမည်ကိုတော့ တိမ်ပြာ တွေးမိလိုက်တိုင်း စိုးရိမ်ထိတ်လန့်သွားရသည်။

"ကြွေရုပ်လွှာက ကောင်းကင်သစ်ကို ကြွေနေတယ်လို့ ပြောနေကြတယ်"

သည်သတင်းကို ဇွဲထံမှ ကြားရတော့ တိမ်ပြာ့နှလုံးသားလေးကို မီးတစနှင့် တို့ခံလိုက်ရသလို ဆွေ့ဆွေ့ခုန် ပူလောင်သွားရပေမယ့် ဘာမှမဖြစ်သည့်ဟန်နှင့် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်ရသည်။

"ကြွေလဲ ကြွေချင်စရာပဲ။ ငါ့ကိုကိုက မင်းသားရှုံးအောင် ချောတာကိုးဟ"

"တိမ်ပြာ၊ မင်းမနာမလိုဘူးလား။ ကောင်းကင်သစ်ကို ကြွေရုပ်လွှာ လက်ထဲပါသွားမှာ မင်းနည်းနည်းလေးမှ မစိုးရိမ်ဘူးလား"

"စိုးရိမ်တော့ရော ငါ ဘာလုပ်နိုင်မှာလဲ ဇွဲရာ။ ငါ့မှာ ဘာလုပ်ခွင့်ရှိလို့လဲ"

"အေး...၊ မင်း ဒီလို ပျော့ညံ့နေရင် မင်းကိုကို သူများလက်ထဲပါသွားမှာပဲ တိမ်ပြာ"

ဟင့်အင်း...။ မပါစေရဘူး။ ကိုကို့ကို တိမ်ပြာ နည်းနည်းလေးမှ အဆုံးရှုံးမခံနိုင်ဘူး။ ကိုကို မရှိတဲ့ တိမ်ပြာ့ဘဝကို တိမ်ပြာတွေးတောင် မတွေးရဲဘူး။

"ငါ...ငါ ဘာလုပ်မရလဲ ဇွဲ။ ငါ့ကို အကြံပေးပါဦး"

"ဘာလုပ်ရမလဲ တိမ်ပြာရာ။ မင်းအချစ်တွေကို ဖွင့်ပြောလိုက်ပေါ့"

"ငါ မပြောချင်ဘဲ ရှိမလား ဇွဲ။ ငါ ကိုကို့ကို ချစ်နေတာ ကိုကိုသိအောင် ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုစားပေမယ့် ငါ မပြောရဲဘူးကွာ။ ကိုကိုစိတ်ဆိုးသွားမှာ၊ ကိုကို စိတ်ပျက်သွားမှာ ငါကြောက်တယ်"

ဇွဲက တိမ်ပြာ့ကို အားမလိုအားမရစွာနှင့် စုပ်သပ်လိုက်သည်။ 

" ကောင်းကင်သစ်လား မင်းကို စိတ်ဆိုးမှာ။ သေချာတယ် ‌တိမ်ပြာ။ ကောင်းကင်သစ်လဲ မင်းကို ချစ်နေလိမ့်မယ်။ သူလဲ မင်းလိုပဲ။ မင်း အထင်လွဲသွားမှာ ကြောက်လို့ ဖွင့်မပြောတာပဲနေမှာ"

ဇွဲပြောတာ ဟုတ်တော့လည်း ဟုတ်သည်။ ကိုကိုလည်း တိမ်ပြာ့ကို တိတ်တခိုး ချစ်နေနိုင်တာပဲ။ တိမ်ပြာ့အချစ်တွေ ခြေတလှမ်းနောက်ကျလို့ မဖြစ်။ ကိုကို့ကို တခြားသူလက်ထဲ မပါမခံနိုင်ပါ။

လွယ်အိတ်လေးထဲမှ ဖုန်းလေးကို ယူကာ ကိုကို့ဆီ ဖုန်းခေါ်လိုက်တော့သည်။ ကျောင်းဆင်းချိန်ဖြစ်၍ ကိုကိုက ဖုန်းကို ချက်ချင်း ပြန်ဖြေသည်။

"ဟဲလို... တိမ်လေး ... ပြော"

"ကိုကို...၊ တိမ်လေး ကိုကို့ကို ဖွင့်ပြောစရာ ရှိတယ်"

"ဟာ..တိုက်‌ဆိုင်လိုက်တာ...။ ကိုကိုလဲ တိမ်လေးကို ပြောစရာရှိလို့ အခုပဲ ဖုန်းဆက်တော့မလို့"

တိမ်ပြာ ရင်တွေခုန်သွားသည်မှာ လက်ထဲက ဖုန်းလေးပင် လွတ်ကျတော့မတတ်။ ကိုကို တိမ်လေးကို ဘာများ ပြောမလို့ပါလိမ့်။ တိမ်လေးလို ရင်ဖွင့်စကားများ ပြောမလို့လား။ တိမ်ပြာ့ နှလုံးသားလေး ယိမ်းထိုးခါရမ်းလာတော့သည်။

"ဒါဆို...၊ ကျောင်းဝန်းထဲက ပန်းခြံလေးထဲ လာခဲ့နော် ကိုကို၊ အားတယ်မလား"

"အားတယ်လေ တိမ်လေး။ အတန်းပြီးပြီလေ။ ညနေမှ ညဂိုက်တန်းစမှာ။ ကိုကို အခု ထွက်လာပြီနော်"

အပြင်မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေသည်ကို အတန်းအပြင်ထွက်လိုက်မှ တိမ်ပြာသိတော့သည်။ တိမ်ပြာ ရုတ်တရက် မက်ခဲ့ဖူးသည့် အိပ်မက်လေးကို ပြန်သတိရသွားသည်။ အိပ်မက်ထဲမှာလည်း မိုးတွေရွာနေခဲ့သည်လေ။

တိမ်ပြာ စိတ်လှုပ်ရှားစွာ မိုးရေထဲကို ပြေးထွက်လိုက်သည်။ ခဏလေးအတွင်းမှာပင် တိမ်ပြာ့ တစ်ကိုယ်လုံး မိုးရေစက်တို့နှင့် ရွှဲရွှဲစိုသွားသည်။

ကိုကိုလည်း တိမ်ပြာရှိရာ ပန်းခြံလေးဆီ မိုးရေစက်များကို ထိုးခွင်းကာ အပြေးလာနေသည်။ တိမ်ပြာ့ အရှေ့ ကိုကို ရောက်ရောက်ချင်းမှာပဲ ရေစိုနေသော ဆံပင်များကို ခါရမ်းကာ လက်ချောင်းများနှင့် ထိုးဖွသပ်တင်လိုက်သည်။ ကိုကို့၏ အပြုအမူများကို တိမ်ပြာ စွဲလမ်းရစ်မူးစွာ ကြည့်နေမိသည်။

"တိမ်လေး...၊ ဘာပြောမလို့လဲ"

"ဟင့်အင်း...။ ကိုကိုအရင်ပြော"

"တိမ်လေး အရင်ပြောပါ"

"ဟင့်အင်း...။ ကိုကို ပြောပြီးမှ တိမ်လေး ပြောမယ်"

"ဒါဆိုရင်လဲ ပြီးရော"

ကိုကိုက ပြောရင်းဆိုရင်း တိမ်လေးရှေ့‌တွင် ဒူးထောက်လျက် ထိုင်ချလိုက်သည်။ အင်္ကျီအိတ်ကပ်ထဲ ထိုးထည့်လာသည့် ပန်းနုရောင် နှင်းဆီပန်းလေးတစ်ပွင့်ကို ထုတ်ကာ တိမ်လေးရှေ့သို့ ထိုးပေးလိုက်သည်။

"ကိုယ် မင်းကို ချစ်တယ်"

သူ မမျှော်လင့်ရဲခဲ့သည့် စကားတစ်ခွန်းကို ကိုကို့ထံမှ ကြားလိုက်ရချိန်မှာတော့ နှလုံးသားလေး လွန့်လူးကာ ပျော်ရွှင်ကြည်နူးသွားသည်။ ကိုကိုလည်း တိမ်ပြာ့ကို ချစ်နေခဲ့သည်ပေါ့။ တိမ်ပြာ ပျော်လိုက်တာ ကိုကိုရယ်။ ကိုကို ပေးအပ်လာသည့် အချစ်ကိုယ်စားပြု နှင်း‌ဆီပန်းလေးကို တိမ်ပြာ ဆွဲယူလိုက်သည်။

"တိမ်လေးလဲ ကိုကို့ကို သိပ်ချစ်ပါတယ်"

"သူလည်း သည်လိုပဲ ဖြေမှာပါနော် တိမ်လေး။ ကိုကို ချစ်တယ်လို့ပြောရင် သူလဲ ချစ်တယ်လို့ ပြန်ဖြေမှာပဲ ဟုတ်တယ်မလား"

စိတ်လှုပ်ရှားစွာနှင့် တုန်တုန်ရီရီပြောနေသည့် ကိုကို့စကားများကို တိမ်ပြာ မနည်း ပြန်ကောက်လိုက်ရသည်။ 

ဘာတဲ့...။ သူလည်း သည်လိုပဲ ဖြေမှာပါနော်တဲ့..။ တိမ်ပြာ နားမလည်စွာ ကိုကို့ကို စိုက်ကြည့်နေမိသည်။ ရင်ထဲမှာတော့ ဗလောင်‌ဆူနေပြီ။

"သူ...သူ ဆိုတာ...ဘယ်...ဘယ်သူလဲ ဟင်...ကို..ကို"

"ကြွေရုပ်လွှာလေ တိမ်လေး။ ကိုကို ကြွေရုပ်လေးကို ချစ်နေမိပြီ။ သည်နေ့ပဲ ဖွင့်ပြောတော့မလို့။ အဲ့ဒါ တိမ်လေးကို အစမ်းပြောကြည့်တာ။ ကြွေရုပ်လည်း တိမ်လေးလိုပဲ ပြန်ဖြေမှာပါနော်..တိမ်လေး"

ကိုကို့စကားများသည် တိမ်ပြာ၏ နားထဲ ဝင်တချက် မဝင်တချက်နှင့် တိုးလိုက် ကျယ်လိုက်ဖြစ်နေသည်။ တိမ်ပြာ မေ့လဲတော့မတတ် မူးဝေပြာရီသွားရသည်။

ဟုတ်ပါရဲ့...။ 

ကိုကို တိမ်လေးကို ချစ်တယ် လို့ ပြောတာမှ မဟုတ်တာ။ ကိုယ် မင်းကို ချစ်တယ်လို့ ပြောခဲ့တာပဲလေ။ ကြွေရုပ်လွှာကို ကိုကို ချစ်နေပြီတဲ့လား။ တိမ်ပြာ့အတွေးထဲမှာ မတွေးရဲလောက်အောင် သိပ်ကြောက်ရသည့် အဖြစ်အပျက်တစ်ခုက တိမ်ပြာ့ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်လို့နေပြီ။

"အင်း...ကိုကို။ ကြွေ.. ကြွေရုပ်လွှာလည်း ကိုကို့ကို ချစ်တယ်လို့ ပြန်..ပြန်ဖြေမှာပါ"

တိမ်ပြာ ဟန်ဆောင်အားတင်းကာ တစ်လုံးချင်းစီ ပြောလိုက်ရသည်။ တိမ်ပြာ့ အသွေးအသားတွေကတော့ ခမ်းခြောက်မတတ် ဆူလောင်ဝေပွက်နေရပြီ။

"စိတ်ကူးနဲ့တောင် ပျော်လိုက်တာ တိမ်လေးရာ။ တကယ်သာ ကြွေရုပ်လေး ကိုကို့ကို ပြန်ချစ်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ဒါနဲ့ တိမ်လေးရော ကိုကို့ကို ဘာပြောမလို့လဲ၊ ပြောလေ တိမ်လေး"

သည်အချိန်မှတော့ တိမ်လေး ဘာပြောရဦးမှာလည်း ကိုကိုရယ်။ တိမ်လေး ရင်ထဲကစကားတွေ အခိုးအငွေ့တွေလို ကွယ်ပျောက်သွားပြီ။ တိမ်လေး နှလုံးသားတွေ တစစီ ကွဲအက်ပဲ့ကြွေသွားပြီ ဆိုတာ ကိုကိုသိရဲ့လား။

"တိမ်လေး ပြောမှာက အရေးမကြီးပါဘူး ကိုကို။ ကိုကိုသာ ကြွေရုပ်လွှာကို သွားပြောလိုက်တော့လေ။ ခဏနေဆိုရင် ကြွေရုပ်လွှာ မိန်းကလေးဆောင်ပြန်ရတော့မှာမလား"

"ဟုတ်သားပဲ။ ဒါဆို ကိုကိုသွားပြီနော်...။ ကိုကို ကံကောင်းအောင် ဆုတောင်းပေးဦးနော် တိမ်လေး"

ကိုကိုနဲ့ ကြွေရုပ်လွှာ အဆင်ပြေအောင် ဆုတောင်းပေးပါတဲ့လား။

သည်လို ပြောမယ့်အစား တိမ်လေး နှလုံးသားတည့်တည့်ကို ဓားနဲ့ စိုက်ထိုးလိုက်ပါတော့လား ကိုကိုရယ်။ 

ကိုကိုသည် မိုးရေထဲ ပြေးလွှားခုန်ပေါက်သွားရင်း တိမ်ပြာ့မြင်ကွင်းများထဲမှ ပျောက်ကွယ်သွားသည်။ ကိုကို ထွက်သွားတော့မှ ဟန်ဆောင်ကာ တင်းထားရသည့် အားအင်များ ပျောက်ပျယ်သွားကာ ခြေထောက်များ ယိုင်နဲ့သွားပြီး မြက်ခင်းပြင်ပေါ် အရုပ်ကြိုးပျက် လဲကျသွားတော့သည်။

အိပ်မက်ထဲမှာတော့ တိမ်ပြာ ရင်ခုန်ကြည်နူးရသလောက် လက်တွေ့မှာတော့ နှလုံးသားတွေ အစိတ်စိတ်ကွဲကြေမတတ် နာကျင်စူးနစ်ရသည်။ အိပ်မက်ထဲမှာ ချိုမြိန်သာယာသလောက် အပြင်မှာတော့ အောင့်သီးခါးသက်ရသည်။ 

ဟုတ်ပါရဲ့...။

အိပ်မက်ဆိုတာ လက်တွေ့ဘဝနှင့် ပြောင်းပြန်အချိုးကျတတ်သည့် သဘောတရားတစ်ခုကို တိမ်ပြာ မေ့လျော့၍ ပျော်ရွှင်နေခဲ့မိသည်ပဲ။ အိပ်မက်ကို အိပ်မက်ထဲမှာသာ ထားရစ်ခဲ့လိုက်ဖို့ ကောင်းသည်။

စိတ်ကူးနှင့်ရူးခဲ့ရသော အိပ်မက်ကလေးသည် တိမ်ပြာ့၏ မျက်စိရှေ့မှာတင် အခိုးအငွေ့အဖြစ် မိုးရေစက်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားသောအခါ တိမ်ပြာ ခြောက်သွေ့ကွဲအက်စွာ ရယ်လိုက်မိပါတော့သည်။



rate now: