မိုးနှောင်းချိန်၏ နောက်ဆုံးလက်ကျန် မိုးစက်လေးများထင်ပါရဲ့။
ရေစက် အမှုန်အမွှားလေးများ အသွင်ဖြင့် ညှို့မှိုင်းနေသော ကောင်းကင်ကြီးမှ မြေပြင်ပေါ်သို့ လှပစွာ ဆင်းသက်နေကြသည်။ ပတ်ဝန်းကျင်တခွင်ရှိ သစ်ပင်ကြီးများ၏ သစ်ကိုင်းသစ်ရွက်လေးတို့သည်လည်း မိုးရေစက်များနှင့် စွတ်စိုကာ ပုံမှန်အချိန်များထက် ပိုမို စိမ်းစိုပြောင်လက်နေကြသည်။
မိုးလေးဖွဲဖွဲ ရွာနေလို့ပဲလား။ ပတ်ဝန်းကျင်တဝိုက်သည် အခါတိုင်း အချိန်များထက် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
တိမ်ပြာ နိုးနေခဲ့ပြီဖြစ်သော်လည်း မျက်လုံးများ မဖွင့်သေးဘဲ မှေးနေလိုက်ကာ ဇိမ်ခံနေလိုက်သေးသည်။
မနေ့ညက ကိုကို့သီချင်းသံလေး နားထောင်ပြီး ကိုကို့ရင်ခွင်ထဲမှာ မှေးခနဲ အိပ်ပျော်သွားသည်။ အခုတော့ ကိုကို အိပ်ရာပေါ်မှာ မရှိတော့။ ကိုကို နိုးပြီထင်သည်။ ရေချိုးခန်းက အသံလည်း မကြားရဘူးဆိုတော့ ကိုကို အိမ်များ ပြန်သွားပြီလား။
တိမ်ပြာ အိပ်ရာပေါ် မျက်လုံးများမှိတ်ထားရင်း တွေးမိတွေးရာ တွေးနေစဉ်မှာပင် အခန်းတံခါးဖွင့်သံကို ကြားလိုက်ရသည်။
“တိမ်လေး…”
ကိုကို့အသံကို ကြားလိုက်တော့မှ တိမ်ပြာ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကိုကို မပြန်သေးမှန်းသိလိုက်ရချိန်တွင် တိမ်ပြာ့ရင်ထဲ ပျော်ရွှင်ကြည်နူးသွားရသည်။
“အင်း…ကိုကို”
“ထတော့လေ။ ကိုးနာရီတောင် ထိုးတော့မယ်။ အိပ်ပုတ်လေးရဲ့”
ကိုကိုက တိမ်ပြာ့ခေါင်းလေးကို ပုတ်ကာ ဆံပင်လေးများထဲ သူ့လက်ချောင်းလေးများ သွင်းထည့်ကာ ဖွရမ်းလိုက်သည်။ ကိုကိုသည်လို ပြုမူလျှင် တိမ်ပြာ ရင်ထဲ တစ်မျိုးလေး ခံစားရသည်။ ကျေနပ်တာလိုလို…၊ ကြည်နူးတာလိုလို…။ ထိုခံစားချက်ကို တိမ်ပြာ အဓိပ္ပါယ် မဖော်နိုင်ပါ။
“အိပ်လို့ကောင်းတာကိုး ကိုကိုရဲ့။ ညတိုင်း ကိုကိုနဲ့ အိပ်ရရင် ကောင်းမှာပဲ”
“တိမ်လေး အိပ်ချင်ရင် အိပ်ရမှာပေါ့ကွ။ အခုတော့ ထတော့နော်။ တိမ်လေးအတွက် ကိုကို မနက်စာ ပြင်ထားတယ်။ အတူတူစားရအောင်”
“ဟာ…၊ တကယ်လား။ ဟေးးး…”
လက်လေးနှစ်ဖက်မြှောက်ရင်း တဟေးဟေးအော်ကာ ရေချိုးခန်းထဲ ခုန်ပေါက် ဝင်သွားသည့် တိမ်လေးကို ကြည့်ရင်း ကောင်းကင်သစ် သဘောကျစွာ ပြုံးမိသည်။ ကလေးလေးတစ်ယောက်လို ဖြူစင်ရိုးသားလွန်းသည့် တိမ်လေးကို အမြဲတမ်း သည်လို ပျော်ရွှင်ရယ်မောစေချင်တာ သူ့နှလုံးသား၏ အဖြူထည် ဆန္ဒတစ်ခုသာ ဖြစ်သည်။
တစ်ဦးတည်းသော သားဖြစ်၍ မောင်နှမသားချင်းမရှိသည့် ကောင်းကင်သစ်သည် တိမ်ပြာကို မြင်မြင်ချင်းမှာ ညီလေးတစ်ယောက်လို ချစ်ခင်မိခဲ့သည်။ အရွယ်နှင့် မလိုက်သည့် ဒဏ်ရာတွေနှင့် တိမ်လေးကို သူ့၏ နွေးထွေးယုယမှုများနှင့် ကုစားပေးခဲ့သည်။
သူနှင့်တွေ့စက ညှိုးနွမ်းပျော့ခွေနေသည့် တိမ်လေးတစ်ယောက် သူ့ကြင်နာမှုများကြားမှာ လန်းဆန်းတောက်ပလာရသည်။ အသက်မဲ့နေသည့် တိမ်လေး၏ အပြုံးတွေသည် ကောင်းကင်သစ်၏ နွေးထွေးသည့် ချစ်ခြင်းများကြားမှာ ပြန်လည် ရှင်သန်လာခဲ့ရသည်။
နောက်ပိုင်း နေ့ရက်တွေမှာ ကောင်းကင်သစ် ကိုယ့်အိမ်ကိုပင် မပြန်ဖြစ်တော့။ တိမ်ပြာတို့အိမ်မှာပဲ အချိန်တွေ ကုန်ဆုံးသွားရသည်သာ များလာသည်။ တခါတလေ ဖေဖေခေါ်၍ အိမ်သို့ ခဏတဖြုတ်ပြန်လျှင်တောင် တိမ်ပြာက သူ့ကို တမျှော်မျှော်ဖြစ်နေတတ်သည်။
မနက်တွေဆိုလျှင်လည်း ကောင်းကင်သစ် ပြင်ပေးသည့် မနက်စာမှ တိမ်ပြာစားသည်။ နေ့လည်ဆိုလျှင်လည်း ကောင်းကင်သစ်နှင့် အတူတူမှသာ နေ့လည်စာစားသည်။ ညတွေဆိုလျှင်လည်း ကောင်းကင်သစ် ချော့သိပ်မှသာ အိပ်တော့သည်။
တိမ်ပြာသည် ကောင်းကင်သစ်၏ ကလေးတစ်ယောက်လိုပင် ဖြစ်နေခဲ့ပြီ။
သည်လိုနှင့် အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။
ရာသီတွေလည်း တခုပြီးတခု ပြောင်းလဲကူးသန်းလာခဲ့ပြီ။
သူတို့တွေလည်း အချိန်၏ ရေလှိုင်းများနှင့်အတူ မျောပါဖြတ်သန်းလာလိုက်တာ အခုဆို ကောင်းကင်သစ်ပင် ကိုးတန်းစာမေးပွဲ ဖြေဆိုပြီးခဲ့ပြီ။ တိမ်လေးကတော့ ကျောင်းတွေပြန်ဖွင့်ပြီဆိုလျှင် ရှစ်တန်းကျောင်းသားကြီးတောင် ဖြစ်တော့မည်။
တိမ်လေးကတော့ သည်နှစ်ပိုင်းများအတွင်း ထွားလာလိုက်တာ။ လူပျိုပေါက်လေးပင် ဖြစ်နေပြီ။ အရပ် မြင့်လာကာ ရင်အုပ်တွေ ကျယ်လာပြီ။ အသံမှာလည်း အရင်ကလို ကလေးအသံမရှိတော့။ အသံလုံးကြီးလာပြီး ခပ်ဩဩ ခပ်ရှရှ ဖြစ်လာသည်။ ဆံပင်လေးများမှာတော့ အရင်အတိုင်းပါပင်။ နဖူးရှေ့မှာ ဖြောင့်စင်းစွာ ဝေ့ကျနေဆဲဖြစ်သည်။
တရွေ့ရွေ့ ကုန်ဆုံးသွားသော အချိန်ကာလများနှင့်အတူ သူတို့၏ သံယောဇဉ် ကြိုးများမှာလည်း ခိုင်သထက် ခိုင်၊ မြဲသထက် မြဲ၍ လာခဲ့သည်။
ကောင်းကင်သစ် ဟုဆိုလျှင် မိုးတိမ်ပြာဆိုသည့် ကောင်လေးနှင့် တွဲမြင်တတ်ကြပြီ။ မိုးတိမ်ပြာဟု ဆိုလိုက်လျှင်လည်း ကောင်းကင်သစ် မပါလို့မဖြစ်။ အကြောင်းမသိသည့် သူများဆိုလျှင် သူတို့နှစ်ဦးကို ညီအစ်ကို အရင်းတွေဟု ထင်မှတ်ကြသည်အထိ သူတို့သည် အမြဲပင် တပူးပူး တကပ်ကပ် မခွဲမခွာရှိခဲ့ကြသည်။
အခုလည်းကြည့်။ ခုနကပင် ကောင်းကင်သစ် မျက်စိရှေ့မှာ တိမ်လေး ရှိနေရာမှ ပျောက်သွားသည့် ခဏပိုင်းလေးအတွင်းမှာ လိုက်ရှာနေမိသည်။ ဧည့်ခန်းထဲမှာ မရှိ၊ အိပ်ခန်းထဲလည်း မရှိ၊ ရေချိုးခန်းမှာလည်း မတွေ့၊ အပေါ်ထပ် ဝရံတာမှာလည်း ရှိမနေ။
သည်တော့ ရှာစရာ တစ်နေရာပဲ ရှိတော့သည်။ ခြံထဲမှာ ရှိလိမ့်မည်။ ကောင်းကင်သစ် ထင်သည့်အတိုင်း တိမ်ပြာက ခြံထောင့်နား သစ်ခွစင်လေးဘေးက ဒန်းဖြူလေးပေါ်မှာ ထိုင်နေလေသည်။
“တိမ်လေး၊ ကိုကိုက ရှာလိုက်ရတာ”
“ထမင်းစားပြီး ဗိုက်လေးနေလို့ ထိုင်နေတာ ကိုကိုရဲ့”
“ကိုကို့ကို ဘာလို့ ပြောမသွားတာလဲ”
“ဟောဗျာ၊ အပြင်သွားတာလဲ မဟုတ်ဘဲနဲ့ ကိုကိုကလည်း။ ခြံထဲခဏ ဆင်းတာကို”
“အံမယ်..၊ ကိုကို့ကို မပြောဘဲ အပြင်သွားရဲ သွားကြည့်စမ်း။ အသေသတ်ပစ်မယ် သိလား”
ကောင်းကင်သစ်၏ ခြိမ်းခြောက်သည့်စကားကို တိမ်လေးက မကြောက်သည့်အပြင် ရယ်ချင်သွားသည်။ အပိုတွေ တအားပြောသည့် ကိုကို။ ကိုကိုလား…သတ်ရက်မှာ။ သူ့ကို လက်ဖျားလေးနဲ့တောင် မတို့ရက်သည့် ကိုကို။
“သတ်ရက်ရင် သတ်ပေါ့လေ။ ကိုကို ထားနေရင်၊ သတ်ရင်သေရမယ့် တိမ်လေးပါ ကိုကိုရယ်”
တိမ်လေးက ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး မျက်နှာသေလေးနှင့် ဟန်ဆောင်ကာ မူပိုလိုက်သည်။
“အမယ်လေး…၊ ဒရာမာတွေ လာချိုးပြမနေနဲ့နော်။ ကိုကိုက မသနားတတ်ဘူးရယ်”
သည်တစ်ခါတော့ တိမ်လေး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့။ မျက်လုံးလေးများ ပိတ်တော့မတတ် မှေးသွားသည်အထိ အားရပါးရ ရယ်မောလိုက်သည်။
ကိုကိုက ရယ်မောနေသည့်တိမ်လေးကို မျက်စောင်းလေးနှင့် ကြည့်ကာ နှုတ်ခမ်းလေး တစ်ချက် မဲ့ရင်း တိမ်လေး ဘေးမှာ ဝင်ထိုင်လိုက်သည်။ တိမ်လေးက ကိုကို့ပေါင်ပေါ် ခေါင်းခုကာ လှဲအိပ်လိုက်တော့သည်။
“ကိုကို ညနေကျ နေယံတို့နဲ့ ဘောလုံးသွားကန်မလို့။ တိမ်လေး မလိုက်တော့ဘူးမလား”
ကိုကိုက သူ့ပေါင်ပေါ် လှဲအိပ်နေသည့် တိမ်လေးကို ခေါင်းလေးငုံ့ကြည့်ရင်း ရွဲ့တဲ့တဲ့ မေးလိုက်ခြင်းဖြစ်သည်။
ကိုကို ဘယ်သွားသွား ကိုကို့ နောက်က တကောက်ကောက်လိုက်ချင်မှန်း တိမ်လေး မပြောရဘဲ ကိုကိုက သိနေပါသည်။
ကိုကိုကိုယ်တိုင်ကလည်း တိမ်လေးမပါလျှင် ဘယ်ကိုမှ မသွားတတ်တော့သည့်အထိ တိမ်လေးကို သံယောဇဉ် ငြိတွယ်နေမှန်းလည်း တိမ်လေး ရိပ်စားမိပါသည်။ ကိုကို့နောက်က တကောက်ကောက်လိုက်လွန်းလို့လည်း ကိုကို့ သူငယ်ချင်းတွေနှင့်တောင် တိမ်လေး ရင်းနှီးနေပြီ။
“အင်း..ကိုကို။ မလိုက်တော့ဘူး”
ခပ်ရွဲ့ရွဲ့ ကိုကို့ အမေးကို ခပ်စောင်းစောင်း ပြန်ဖြေလိုက်သည့် တိမ်လေးအဖြေကို ကိုကိုက သဘောကျစွာ ရယ်မောတော့သည်။ အားပါးတရ ရယ်မောနေသည့် ကိုကို့ကို တိမ်လေး သဘောကျစွာ စိုက်ကြည့်နေမိသည်။ ဘယ်လိုပဲနေနေ သိပ်ချောလွန်းသည့် ကိုကို။
ညနေ နေစောင်းတော့ ကိုကိုတို့ ဘောလုံးကန်ရာ လိုက်သွားဖို့ တိမ်ပြာ ပြင်ဆင်နေချိန်မှာပဲ ခြံတံခါးဝက ဘဲလ်(လူခေါ်ခေါင်းလောင်း)နှိပ်သံ ကြားလိုက်ရသည်။ ခြံစောင့်ဦးလေးကြီးက ခြံဝကို ပြေးပြီး တံခါးသွားဖွင့်ပေးနေသည်ဆိုတော့ တိမ်ပြာတို့၏ မျက်နှာသိ ဧည့်သည်ပဲ ဖြစ်မည်။
တိမ်ပြာ အိမ်တံခါးမကြီးကနေ ရပ်ကြည့်လိုက်တော့မှ Fino ဆိုင်ကယ်လေး မောင်းရင်း ခြံထဲသို့ ဝင်လာသည့် တိမ်ပြာ့သူငယ်ချင်း ဇွဲထက်မာန် ကို တွေ့လိုက်ရသည်။
ဇွဲထက်မာန်သည် ကျောင်းမှာ ရင်းနှီးသိကျွမ်းခဲ့သည့် တိမ်ပြာ၏ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည်။ တိမ်ပြာ မန္တလေးရောက်လို့ ကျောင်းစတတ်ကတည်းက ပေါင်းလာတာဆိုတော့ ခုဆိုရင် နှစ်နှစ်နီးပါး ရှိပြီပေါ့။
“ဟာ…ဇွဲ၊ လာလည်တာလား”
“အေးလေကွာ။ အိမ်မှာ နေရတာ ပျင်းလာတာနဲ့ ထွက်လာတာ”
“ငါ အပြင်သွားစရာ ရှိတယ်ဟ”
“ဘယ်လဲ မင်းကလဲ။ ငါ တခါတလေ လာလည်တဲ့ဟာကို။ အရေးမကြီးရင် နောက်မှသွားလေ”
တိမ်ပြာနှင့် ဇွဲတို့ ဧည့်ခန်းထဲမှာ ထိုင်စကားပြောနေစဉ် ကိုကို အခန်းထဲက ထွက်လာသည်။
ဘောလုံးဝတ်စုံ အဖြူရောင်လေးကို သေသပ်စွာ ဝတ်ဆင်ထားပြီး ရှုံ့ကြိုးလွယ်အိတ်လေး တစ်လုံးကို လွယ်ထားသည့် ကိုကို့သွင်ပြင်မှာ ဖွေးသန့်ကြည်လင်နေလေသည်။
“ဇွဲရောက်နေတာလား”
“ဟုတ်ကဲ့ အစ်ကို။ ဒီမှာလေ တိမ်ပြာက ဇွဲ လာလည်တာကို အပြင်သွားစရာရှိတယ်ဆိုပြီး အတင်းနှင်ထုတ်နေတယ်”
“ဟုတ်သားပဲ။ တိမ်လေးကလဲ။ ဇွဲရောက်တုန်း သူငယ်ချင်းနှစ်ယောက် စကားပြောကြလေကွာ။ ကိုကို့နဲ့ မလိုက်ခဲ့နဲ့တော့”
တိမ်ပြာက ကောင်းကင်သစ်နှင့်သာ လိုက်သွားချင်သော်လည်း ဇွဲကို အားနာတာနှင့်ပဲ ကောင်းကင်သစ်၏ စကားကို နားထောင်လိုက်ရသည်။ မျက်နှာကတော့ စူအက်အက်။
“ပြီးရော အဲ့တာဆိုလည်း။ ကိုကို ညကျ နောက်မကျနဲ့နော်”
ကိုကိုက ခေါင်းလေးငြိတ်၊ မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ထွက်သွားတော့သည်။ တိမ်ပြာကတော့ ကိုကို့ကျောပြင်လေးကို ကြည့်ကာသာ ကျန်ရစ်ခဲ့ရသည်။
“တိမ်ပြာ… ငါ မင်းကို တခုမေးလို့ရမလား”
ထူးထူးဆန်းဆန်း ဇွဲက စကားပလ္လင် ခံ၍နေသည်။ ဘာများပါလိမ့်။
“အင်း..မေးစရာ ရှိတာများ မေးပေါ့ဟ။ စကားတွေ ခံနေစရာ မလိုပါဘူး ဇွဲရာ”
“အေးပါ၊ ငါက မင်းစိတ်ဆိုးမှာ စိုးလို့”
“ငါ ဘယ်တုန်းက မင်းကို စိတ်ဆိုးဘူးလို့လဲ။ မေးစရာရှိတာမေး။ စကားရှည်မနေနဲ့ ဟိတ်ကောင်”
တိမ်ပြာက စိတ်မရှည်စွာ ဇွဲ၏ လက်မောင်းတစ်ဖက်ကို ခပ်ဖွဖွ ထိုးလိုက်မိသည်။ ဇွဲကတော့ အနောက်သို့ အနည်းငယ် တွန့်ဆုတ်ရှောင်တိမ်းလိုက်ရင်း ရယ်ကျဲကျဲလုပ်နေတော့သည်။
“တိမ်ပြာ…မင်း ကောင်းကင်သစ်ကို ချစ်နေတယ်မလား”
တိမ်ပြာ လုံးဝ မထင်မှတ်ထားသည့် ဇွဲ၏ စကားတစ်ခွန်းက တိမ်ပြာ့နှလုံးသား အရှိုက်ကို တိုးဝင်ပြေးဆောင့်သည်။ တိမ်ပြာက ကိုကို့ကို ချစ်နေတယ်တဲ့လား။
“…. ….”
ရုတ်တရက်မို့ တိမ်ပြာ ဘာပြန်ဖြေရမယ်မှန်း မသိ။ အတွေးတွေ ယောက်ယက်ခပ် ရှုပ်ထွေးသွားသည်။ ဇွဲမေးလိုက်သည့် မေးခွန်းသည် တိမ်ပြာ့ရင်ထဲ ပဲ့တင်ထပ်ကာ ပြန်ပြန်ကြားနေရသည်။
“ငါ မင်းကို သတိထားမိနေတာ ကြာပြီ တိမ်ပြာ။ ကောင်းကင်သစ်ကို ကြည့်တဲ့ မင်းရဲ့ အကြည့်တွေက ထူးခြားတယ်။ လေးနက်တယ်။ အဓိပ္ပါယ် တစ်မျိုးမျိုးနဲ့ ရွန်းလဲ့တောက်ပနေတယ်”
အကြည့်တွေတဲ့လား…။ ကိုကို့ကို သူ သည်တိုင်းပဲ ကြည့်တာပါပဲ။ ဇွဲတို့ကို ကြည့်သလို ကြည့်လိုက်တာပါပဲ။ ဒါကိုမှ ဇွဲက ထူးခြားနေသတဲ့လား။
“ကောင်းကင်သစ် အပေါ်ဆိုလဲ မင်း အရမ်းလေးနက်လွန်းတယ်။ အသေးစိတ်လေးကအစ ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်လွန်းတယ်။ အဲ့ဒါတွေကလည်း အချစ်ဆိုတာကို သက်သေပြနေတာပဲ”
ကိုကို့အပေါ် လေးလေးနက်နက် ရှိသည်မှာတော့ အမှန်ပင်ဖြစ်သည်။ ကိုကိုနဲ့ ပတ်သတ်လျှင် အနည်းငယ်လေးတောင် အတိမ်းအစောင်းအဖြစ်မခံနိုင်ဘဲ ထိရှလွယ်သည်ဆိုတာလည်း အဟုတ်ပဲ။ ဒါပေမယ့် ဒါတွေက အချစ်တဲ့လား…။
“ကောင်းကင်သစ် အပေါ်မှာ မင်း တွယ်တာလွန်းတယ်။ သိပ်ကို မှီခိုလွန်းတယ်။ အရမ်းလည်း အားထားလွန်းတယ်။ ဒါတွေက မင်းရဲ့ ပျော့ညံ့မှုတွေ မဟုတ်ဘူး တိမ်ပြာ။ အဲ့ဒါ အချစ်ပဲ”
တိမ်ပြာ ဝမ်းနည်းနာကျင်ရတိုင်း ကိုကို့ကို အားကိုးတကြီး တောင့်တမိတာ၊ တိမ်ပြာ့စိတ်တွေ လေလွင့်ချိန်တိုင်း ကိုကို့ ဘေးနားမှာ ရှိနေခဲ့ချင်တာ၊ အတိတ်ကို ပြန်လည်မြင်ယောင်ပြီး နှလုံးသားတွေ ထိရှခံစားရချိန်တိုင်း ကိုကို့ရင်ခွင်မှာ ခိုဝင်မှေးစက်ချင်ခဲ့တာ။ အဲ့တာ အချစ်တဲ့လား။
“ဟင့်အင်း။ ငါ ကိုကို့ကို ချစ်နေမိတယ် ဆိုရင်တောင် ငါ့အချစ်က အဖြူထည်သက်သက်ပဲ ဇွဲ။ ငါ့ အစ်ကို တစ်ယောက်လို ကိုကို့ကို ချစ်တာ”
“တကယ့် ညီအစ်ကို အရင်းတွေမှ မဟုတ်တာပဲ တိမ်ပြာရယ်”
ဇွဲ၏ မှန်ကန်တိကျသော စကားတစ်ခွန်းကြောင့် တိမ်ပြာ ဟင်ခနဲ ဖြစ်သွားကာ တွေဝေစွာ ငြိမ်သက်သွားရတော့သည်။
ဇွဲက သူ ပြောချင်တာ ပြောပြီး ပြန်သွားခဲ့ပေမယ့် တိမ်ပြာ့မှာတော့ စိတ်လှုပ်ရှားရှုပ်ထွေးရင်း ကျန်နေခဲ့ရသည်။
ငြိမ်သက်နေသည့် ကန်ရေပြင်တစ်ခုကို ခဲနှင့် ပေါက်လိုက်သည့်အတိုင်း တိမ်ပြာ့ရင်ထဲမှာ အတွေးပေါင်းများစွာနှင့် ရှုပ်ထွေးလှုပ်ခတ်စွာ ကျန်ရစ်နေခဲ့သည်။
ကိုကိုနှင့် ပတ်သတ်၍ တိမ်ပြာ့နှလုံးသားထဲမှာ အမျိုးအမည်မသိသည့် ခံစားချက်လေးများ ဖြစ်ပေါ်တည်ရှိနေခဲ့တာ ကြာခဲ့ပြီဖြစ်သည်။
တိမ်ပြာကိုယ်တိုင် အဓိပ္ပာယ်မဖော်နိုင်ခဲ့သည့် ခံစားမှုလေးသည် အချစ်ဖြစ်နေမှန်း ဇွဲ၏ အစဆွဲထုတ်ပေးမှုကြောင့် တိမ်ပြာ စိတ်ခုန်လှုပ်ရှားစွာ သိလိုက်ရပြီ။
ဘုရားရေ…။ တိမ်ပြာ ကိုကို့ကို ချစ်နေမိပြီတဲ့လား။
ကိုကိုကရော…။
တိမ်ပြာ့ကို ဂရုတစိုက် ရှိပေးတာ တိမ်ပြာ့ကို ချစ်နေလို့လား။ တိမ်ပြာ့ကို ဦးစားပေးလွန်းတာရော ကိုကို့ အချစ်တွေပဲလား။
တိမ်ပြာ့အပေါ် နွေးထွေးကြင်နာတာကရော ညီလေးတစ်ယောက်အပေါ် အစ်ကိုတစ်ယောက်ရဲ့ ဖြူစင်တဲ့ အကြင်နာတွေရော မဖြစ်နိုင်ဘူးလား။
ကိုကို့ရဲ့ ဖြူစင်သန့်ရှင်းသည့် မေတ္တာတွေကို တိမ်ပြာအရောင်တွေ ဆိုးမိနေမှန်း ကိုကိုသိရင် တိမ်ပြာ့ကို ခွင့်လွှတ်နိုင်ပါ့မလား။
ထိုနေ့ညသည် ကိုကို့ရင်ခွင်ထဲတွင် အိပ်မပျော်ခဲ့သော တိမ်ပြာ့၏ ပထမဆုံးသော ညဖြစ်ခဲ့ရပါသည်။
ကောင်းကင်ပြင်ကြီးမှာလည်း တိမ်တိုက်ပြာလေးသည် ဦးတည်ရာကင်းမဲ့စွာ ယောက်ယက်ခပ် ပြေးလွှားလှုပ်ရှား၍ နေခဲ့ပါသည်။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ