မိုးရာသီ၏ မိုးနှောင်းပိုင်းကာလများသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မိုးက မရွာသလောက် ခေါင်နေခဲ့သည်။ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့လည်း မိုးရိပ်မိုးယောင် ကင်းစင်လျက် ကြည်လင်လျက်ရှိနေသည်သာ။
မိုးမရွာတော့လည်း ဘာအရေးလဲ။ ပန်းပင်လေးများကို သူကိုယ်တိုင် ဂရုတစိုက်ရေလောင်း၊ ပေါင်းသင်မည်။ သည်နေ့တော့ ကျောင်းပိတ်ရက်မို့ တိမ်ပြာ အားလပ်သည်။
ယခင်က ကျောင်းပိတ်ရက်များကို တိမ်ပြာ ပျော်မြူးနှစ်ခြိုက်ခဲ့သော်လည်း ယခုကျောင်းပိတ်ရက်များမှာတော့ တိမ်ပြာ မပျော်တော့။
ကျောင်းဖွင့်သည့် တနင်္လာမှ သောကြာနေ့များတွင် မနက်နိုးသည်နှင့် ကျောင်းတတ်ဖို့ ပြင်ဆင်နေရပြီး၊ ကျောင်းရောက်ပြန်တော့လည်း တစ်ချိန်ပြီး တစ်ချိန် စာသင်နေရသည်နှင့် ပျင်းဖို့တောင် မေ့နေသည်။
ညဆိုလည်း ကျောင်းက ပေးလိုက်သည့် အိမ်စာများကို ခေါင်းမဖော်နိုင်အောင် ကုန်းလုပ်နေရသည်။ ထိုကဲ့သို့ အလုပ်ရှုပ်သော နေ့ရက်များမှာတော့ လွှာလေးကို သူ မေ့မေ့လျော့လျော့ ဖြစ်နေခဲ့ပေမယ့် သည်လို ကျောင်းပိတ်ရက်များမှာတော့ လွှာလေးကို တမ်းတမ်းတတ သတိရလွမ်းဆွတ်ရပြန်သည်။
လွှာလေးတစ်ယောက် နေလို့မှ ကောင်းရဲ့လား။ သည်အချိန်ဆို လွှာလေးရော သူ့ကို လွမ်းနေလိမ့်မလား။ သူ မရှိသည့်နောက်မှာ အစစအရာရာ အဆင်မှပြေပါ့မလား။
ကိုကို လွှာလေးကို လွမ်းလိုက်တာ လွှာလေးရယ်။
ပန်းပင်လေးများကို ရေကရားနှင့် ရေလောင်းနေသခိုက် လွှာလေးဆီသို့ သူ့စိတ်များ ရောက်နေခဲ့သည်သာ။
“ဟိတ်…ကောင်လေး”
ရုတ်တရက် သူ့အနားက ထွက်ပေါ်လာသည့် အသံကြောင့် လွှာလေးထံသို့ ရောက်နေသည့် စိတ်တွေ သူ့ဆီ ပြန်လည်လာသည်။ အသံလာရာ လှည့်ကြည့်လိုက်တော့ သူ့ကို မျက်လုံးလေး ပြူးကာ ပြုံးပြုံးလေးနှင့် စိုက်ကြည့်နေသည့် ကောင်းကင်သစ်ကို သူ မြင်လိုက်ရသည်။
“အယ်…ကိုကို၊ ဘယ်တုန်းကရောက်တာလဲ”
“အခုမှ ဘယ်တုန်းကရောက်တာလဲတဲ့။ ကိုကို ခြံရှေ့မှာ ဟွန်းတီးနေတာ မကြားဘူးလား တိမ်လေးရဲ့။ ဦးလေးကြီး ခြံတံခါးပြေးဖွင့်တာရော မမြင်ဘူးလား”
“ဟောဗျာ…။ တိမ်လေး မသိလိုက်ဘူး”
နှင်းဆီပန်းပင်လေးများကို အတန်းလိုက်လေးဖြစ်အောင် စီရီကာ စိုက်ပျိုးထားသည့် နှင်းဆီပန်းတန်းလေးကို ရေလောင်းနေရင်း အပင်တွေ ကြားထဲမှာ ညှပ်နေသည့် အမှိုက်ကို ဖယ်ရှားဖို့ ကုန်းကောက်လိုက်ချိန်မှာ နှင်းဆီရွက်နှင့် ကွယ်နေသည့် နှင်းဆီဆူးက တိမ်ပြာ့ လက်ညှိုးထိပ်လေးကို ထိုးဖောက်ပစ်လိုက်တော့သည်။
“အား…”
စူးရှနာကျင်သော ခံစားမှုကြောင့် တိမ်ပြာ့လက်လေး နောက်တွန့်သွားသည်။ လက်ညှိုးထိပ်လေးမှာတော့ ရဲရဲနီနေသည့် သွေးစများ အဆက်မပြတ် ထွက်လာသည်။ ကောင်းကင်သစ်က မိုးတိမ်ပြာ့လက်လေးကို ပြာပြာသလဲ ဆွဲယူလိုက်ပြီး သွေးစများ သီးနေသည့် လက်ညှိုးလေးကို သူ့ပါးစပ်ထဲ ထိုးသွင်းကာ သွေးစက်များကို ငုံစုပ်လိုက်သည်။
“ဟာ…ကိုကို၊ ဘာလုပ်တာလဲ”
တိမ်ပြာ ရုန်းသော်လည်း ကိုကိုက လွှတ်မပေး။ လက်ညှိုးလေးကို ဆက်၍ ငုံထားသည်။ ခဏနေတော့မှ လက်ညှိုးလေးကို သူ့ပါးစပ်ထဲက ပြန်ထုတ်လိုက်ပြီး လက်ညှိုးထိပ်လေးကို သေသေချာချာ ပြန်ကြည့်လိုက်သေးသည်။
“ရပြီ။ သွေးမထွက်တော့ဘူး။ နှင်းဆီဆူးမှာလဲ အဆိပ်ရှိတယ်ဗျနော်။ အခန့်မသင့်ရင် နှင်းဆီဆူးဆူးပြီး ဖျားတတ်တယ်ဗျ။ ဘာမှတ်နေလဲ”
“ကိုကို၊ တံတွေးထွေးလိုက်ဦးလေ”
“အမ်…၊ ဘာလို့လဲ”
“ကိုကို တိမ်လေးသွေးတွေ စုပ်ထားတာမလား။ အဲ့တာ ထွေးလိုက်ဦးလို့”
“မျိုချလိုက်ပေါ့…”
"အယ်...ယွံစရာကြီး ကိုကိုရယ်"
"ကိုကိုကတော့ မယွံပါဘူး၊ တိမ်လေးကို"
ကောင်းကင်သစ်က ပြောရင်းနှင့် တဟားဟားရယ်သည်။ တိမ်ပြာ၏ ခေါင်းလေးကိုလည်း အသာအယာပုတ်ကာ တိမ်ပြာ့ဆံပင်လေးများကို ပွသွားအောင် ဖွလိုက်သည်။
ကိုကိုက ကျောင်းမှာလည်း သည်လိုပဲဖြစ်သည်။ အမြဲတမ်း ပေါ့ပါးလန်းဆန်းနေသည်။ ပြုံးရယ် ပျော်ရွှင်နေသည်။ မုန့်စားဆင်းချိန်တိုင်း၊ ထမင်းစားဆင်းချိန်တိုင်းမှာ တိမ်ပြာ့ကို အမြဲလာခေါ်တတ်သည်။ ကျောင်းဝန်းထဲက ပန်းခြံလေးထဲမှာ အတူတူ မုန့်ထိုင်စားကြသည်။ မုန့်ဈေးတန်းထဲက ထမင်းဆိုင်မှာ နေ့လည်စာ အတူတူ စားကြသည်။
ကိုကိုသည် တိမ်ပြာ့ကို အမြဲ စိတ်ပေါ့ပါးစေသူဖြစ်သည်။ တိမ်ပြာ၏ အထီးကျန်နေသော နှလုံးသားလေးကို ကိုကိုက သူ့အပြုံးများဖြင့် နွေးထွေးစေခဲ့သည်။ ကိုကို့ကို မြင်နေရလျှင် တိမ်ပြာ ပျော်သည်။ ကိုကို့အသံလေး ကြားနေရလျှင် တိမ်ပြာ စိတ်ချမ်းသာရသည်။
သူနှင့် မရင်းနှီးသော ကျောင်းပတ်ဝန်းကျင် အသစ်ကို ထိတ်လန့်ကြောက်ရွံခဲ့သော တိမ်ပြာသည် ကိုကို့ကြောင့် ကျောင်းတတ်ချိန်များကိုတောင် ပျော်နေတတ်ခဲ့ပြီ။
“အနာကပ်ပလာစတာရှိလား တိမ်လေး”
“ဟုတ် ကိုကို၊ တိမ်လေး အခန်းထဲမှာ ရှိတယ်”
“အဲ့ဒါဆို တိမ်လေး အခန်းထဲ သွားရအောင်။ လာ…၊ ကိုကို့ကို တိမ်လေး အခန်းလိုက်ပြ”
ကိုကို၏ နှိုးဆော်မှုကြောင့် တိမ်ပြာ့အခန်းလေးထဲ ကိုကို့ကို ခေါ်လာလိုက်သည်။
တိမ်ပြာ၏ အခန်းလေးသည် ခြောက်တန်းအရွယ် ကလေးတစ်ယောက်အတွက် လိုအပ်သည်ထက် ပို၍ ကျယ်ဝန်းနေခဲ့ပြီး အလယ်တန်းကျောင်းသား အရွယ်နှင့် မလိုက်ဖက်သော အသုံးအဆောင်များလည်း ရှိနေခဲ့သည်။
တိမ်ပြာ့အခန်းထဲတွင် နှစ်ယောက်အိပ် ကျွန်းကုတင်ကြီး တစ်လုံးရှိသည်။ ဖေဖေက တိမ်ပြာ ကျယ်ကျယ်ဝန်းဝန်း အိပ်ရအောင်ဆိုပြီး နှစ်ယောက်အိပ်ကုတင်ကြီးကို ထည့်ပေးထားခြင်းဖြစ်သည်။
နောက်ပြီး ငါးခန်းတွဲ နံရံကပ် ဗီဒိုကြီး တစ်လုံးလည်း ရှိသေးသည်။ ဗီဒိုထဲတွင်လည်း တိမ်ပြာ၏ အဝတ်အစားများ အပြည့်။ ဒါတွေကိုတော့ အိမ်အထိန်းတော် အဒေါ်ကြီးက စီမံပေးထားခြင်းဖြစ်သည်။
မှန်တင်ခုံကြီး တစ်ခုံလည်း ရှိသည်။ သည်မှန်တင်ခုံကတော့ တိမ်ပြာ ကိုယ်တိုင် ဝယ်ထည့်ထားခြင်းဖြစ်သည်။ ကျောင်းသွားခါနီး သို့မဟုတ် အပြင်သွားခါနီးများတွင် သည်မှန်တင်ခုံကြီးနှင့် တိမ်ပြာတစ်ယောက် အလုပ်ရှုပ်နေတတ်သည်။
သုံးယောက်ထိုင် ဆိုဖာခုံရှည် အနီကြီးလည်း ရှိသေးသည်။ သည်ဆိုဖာကြီးပေါ်ဆို တိမ်ပြာ တစ်ခါမှတောင် မထိုင်ရသေး။ အခုမှသာ ကိုကိုနှင့် အတူတူ ပထမဆုံး ထိုင်ဖြစ်တော့သည်။
ကိုကိုက တိမ်ပြာ ယူပေးသည့် အနာကပ်ပလာစတာကို ဖောက်လိုက်ပြီး သူ့လက်ညှိုးထိပ်လေးကို လှပသေသပ်စွာ ကပ်ပေးလိုက်သည်။ တိမ်ပြာ ကိုယ်တိုင်ကပ်ရင်တော့ သည်လို ချောချောမောမော ကပ်နိုင်မည်မထင်။ ဟိုနေရာက တွန့်လိုက်၊ သည်နေရာက ရှုံ့လိုက်နှင့်သာ မသပ်မရပ် ထွက်လာမည်ဖြစ်သည်။
“နာသေးလား တိမ်လေး”
“မနာတော့ပါဘူး ကိုကိုရာ။ ကိုကို့ပါးစပ်နဲ့ စုပ်လိုက်ကတည်းက မနာတော့တာ။ ဟိဟိ”
“ဒါနဲ့ နေပါဦး။ ကိုကို ဒီလောက်ဟွန်းတွေ တီးနေတာ တိမ်လေး မကြားဘူးလား။ ပန်းပင်ရေလောင်းရင်း စိတ်က ဘယ်တွေရောက်နေတာလဲ”
“ဘယ်ရောက်ရမလဲ ကိုကိုရာ။ ရန်ကုန်ရောက်နေတာပေါ့။ လွှာလေး အကြောင်းတွေ တွေးနေတာလေ”
တိမ်ပြာ့အကြောင်းတွေကို ဖေဖေ့ဆီကနေတဆင့် ကောင်းကင်သစ် သိသင့်သလောက် သိခဲ့ရပြီးပြီ။
တိမ်လေး အကြောင်းတွေ ကြားရပြီးချိန်မှာတော့ တိမ်လေးကို သူ သိပ်သနားသွားခဲ့ရသည်။ အရွယ်နှင့် မလိုက်သည့် ဒဏ်ရာတွေကို ခံစားနေရရှာသည့် တိမ်လေးကို သူ ကိုယ်ချင်းစာနာရသည်။
ထို့ကြောင့်လည်း တိမ်လေးအနားမှာ သူ အရိပ်တစ်ခုလို ကပ်တွယ်နေခဲ့ခြင်းဖြစ်သည်။ ကျောင်းအားလပ်ချိန်များမှာလည်း တိမ်လေးဆီ သူအရောက်သွားကာ ရယ်မောစရာတွေ ပြောရင်းနှင့် တိမ်လေးကို နေပျော်စေသည်။ တိမ်လေးအနားမှာ အမြဲ ရှိနေပေးခြင်းဖြင့် တိမ်လေး၏ အထီးကျန်စိတ်များကို ပျောက်ကွယ်စေသည်။
ဖေဖေ့ရုံးခန်းထဲမှာ သူ ပထမအကြိမ် မြင်ခဲ့ရသည့် တိမ်လေးသည် နှစ်လိုဖွယ်ရာ အပြည့်ဖြစ်သည်။
ဆံပင်ပျော့ပျော့ဖြောင့်ဖြောင့်လေးများကို နဖူးရှေ့တွင် ဝေ့ချထားသည့် တိမ်လေး၏ မျက်နှာနုနုလေးသည် ချစ်စဖွယ်ပင်ဖြစ်သည်။ ကလေးရုပ်လေး မပြောက်သေးသည့် နုနုနယ်နယ် တိမ်လေးကို သူ စမြင်ချိန်မှာ တိမ်လေးသာ သူ့ညီလေး ဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ ဟု တွေးမိသည့်အထိပင် တိမ်လေးကို ချစ်ခင်တွယ်တာသွားရသည်။
ဖေဖေ့ထံမှတဆင့် တိမ်လေး၏ မိသားစုအကြောင်းများကို သိလိုက်ရချိန်မှစ၍ တိမ်လေးကို သူ့ညီအရင်းလေးတစ်ယောက်လို တန်ဖိုးထားကာ ဂရုစိုက်ပေးဖို့ ဖေဖေက မမှာရသေးချိန်မှာပဲ သူ့ကိုယ်သူ တာဝန်ပေးလိုက်မိတော့သည်။
“တိမ်လေး၊ ရန်ကုန်ကို ဖုန်းဆက်မလား”
“ဖေဖေက မဆက်ခိုင်းဘူး ကိုကိုရဲ့။ ဖေဖေမိရင် တိမ်လေး အရိုက်ခံရမှာ ကြောက်တယ်”
“ကိုကို ပြောပေးပါ့မယ်။ အန်ကယ့်ကို ကိုကို ပိုင်ပါတယ်ကွာ။ အန်ကယ် သိစရာလဲ အကြောင်း မရှိပါဘူး။ ကိုကိုနဲ့ တိမ်လေးပဲ သိမယ့်ဟာကို”
“ကိုကို့မှာ ဖုန်းရှိလို့လား”
“ရှိပါ့။ ဒီမှာ…”
ကောင်းကင်သစ်က ဘောင်းဘီအိတ်ထဲ ထိုးထည့်လာသည့် သူ့ဖုန်းလေးက်ု ထုပ်ပေးလိုက်သည်။ သူ့ဖုန်းလေးကို မြင်လိုက်ရချိန်မှာ တိမ်ပြာ့မျက်နှာလေး ဝင်းခနဲ တောက်ပလဲ့ဖြာသွားလေ၏ ။
ကောင်းကင်သစ် လှမ်းပေးသည့် ဖုန်းလေးကို တိမ်ပြာ ဆွဲယူကာ မေမေ့ဖုန်းနံပါတ်များကို နှိပ်ရင်း ဖုန်းခေ့ါ်လိုက်သည်။ တိမ်ပြာ့ အပျော်လေးများ ကြာကြာမခံလိုက်ပါ။ အခိုးအငွေ့လေးများသဖွယ် လေထဲတွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားရသည်။
“မေမေ့ဖုန်း စက်ပိတ်ထားတယ် ကိုကို”
“ဒါဆို အိမ်ဖုန်းဆက်လေ၊ တိမ်လေး”
“အိမ်ဖုန်းမှ မရှိတာ ကိုကိုရဲ့။ အစထဲက ဖေဖေတို့က အိမ်မှာ အထိုင်ဖုန်း မထားဘူး။ အိမ်ကအလုပ်သမားတွေကိုလဲ Hand phone တွေပဲ ကိုင်ခိုင်းတာ”
ရုတ်ခနဲ ညှိုးကျသွားသည့် တိမ်ပြာ့မျက်နှာလေးကို ကြည့်ကာ ကောင်းကင်သစ် စိတ်မကောင်းဖြစ်မိသည်။ တိမ်ပြာ့ခေါင်းလေးကို ပုတ်ကာ အားပေးနှစ်သိမ့်လိုက်ရသည်။
“နောက်ရက် ထပ်ခေါ်မယ်လေကွာ၊ နော်..တိမ်လေး”
“ဟုတ် ကိုကို”
တစ်ချိန်က တိမ်ပြာ အခေါ်ခံရဖူးသော ‘ကိုကို’ ဆိုသည့် အသုံးအနှုန်းကို တိမ်ပြာကိုယ်တိုင် တခြားသူတစ်ယောက်ကို ရည်ရွယ်သုံးနှုန်းရချိန်တိုင်းမှာ အမျိုးအမည်မသိသည့် ခံစားချက်လေးတစ်ခု ရင်ထဲမှာ ဖြစ်တည်ပေါ်ပေါက်ရသည်။
ကိုကိုဆိုသည့် နာမ်စားလေး၏ နောက်တွင် အားထားကိုးစားမှုများ ပါဝင်သည်။
ကိုကိုဆိုသည့် နာမ်စားလေး၏ နောက်တွင် ချစ်ခင်တွယ်တာမှုများ ပျော်ဝင်လျက်ရှိသည်။
ကိုကိုဆိုသည့် နာမ်စားလေး၏နောက်တွင် နွေးထွေးယုယမှုများစွာ ငြိတွယ်ကပ်ခိုနေသည်။
ကိုကိုသည် တိမ်ပြာ့စိတ်တွေ လေလွင့်မနေအောင် ထိန်းကွပ်ပေးသည်။ တိမ်ပြာ့နှလုံးသားလေး အထီးကျန်မနေရအောင် တိမ်ပြာ့ဘေးနားမှာနေရင်း အဖော်ပြုရင်း နှစ်သိမ့်ပေးသည်။ တိမ်ပြာ့ဝမ်းနည်းမှုတွေကိုလည်း ကိုကိုကြောင့် မေ့လျော့ပျောက်ကွယ်သွားစေခဲ့သည်။ ထို့ကြောင့်ပင်လျှင် ရက်အနည်းငယ်လေးအတွင်းမှာ ကိုကို့ကို တိမ်ပြာ သံယောဇဉ်ကြိုးများ ချည်နှောင်တွယ်ငြိခဲ့ရပြီလေ။
“တိမ်လေး မျက်တွင်းတွေ ကျပြီး ညိုနေသလိုပဲနော်…”
တိမ်ပြာ့ကို သေချာကြည့်မိတော့မှ မျက်ကွင်းလေးတွေ ညို၍ ကျနေသည်ကို ကောင်းကင်သစ် သတိပြုမိလိုက်သည်။ သည်ကလေး…ည တွေ အိပ်မပျော်ဘူး ထင်ပါရဲ့။
“ဟုတ်လား ကိုကို။ တိမ်လေးတောင် ကိုယ့်ကိုယ်ကို သတိမထားမိဘူး”
ကောင်းကင်သစ် ပြောမှပဲ တိမ်ပြာ မှန်တင်ခုံရှေ့သွားကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ မျက်ကွင်းလေးတွေ ညိုလို့။ နဂို အောက်ခံမျက်နှာ ဖြူဖြူလေးမှာဆိုတော့ မျက်ကွင်းလေးတွေ ညိုနေသည်မှာ ပန်ဒါဝက်ဝံလေးနှင့်ပင် တူနေသည်။ 🐼
“တိမ်လေး ညညဆို အိပ်မပျော်ဘူး ကိုကို။ တခါတလေဆို နှစ်နာရီ၊ သုံးနာရီလောက်မှ အိပ်ပျော်တာ”
“ဟမ်…၊ တိမ်လေးက အဲ့အချိန်ထိ ဘာတွေ လုပ်နေလို့လဲ”
“ဘာရယ်မဟုတ်ပါဘူး ကိုကိုရာ။ ဟိုတွေးသည်တွေးနဲ့မို့ အိပ်မပျော်တာ”
“ဒါဆို…ကိုကို ဒီနေ့ည တိမ်လေးနဲ့ အိပ်ပေးမယ်။ သိလား…”
အစကတော့ ကိုကို တိမ်လေးကို စနောက်နေသည်ပဲ မှတ်တာ။ တကယ်ပဲ ထိုနေ့ညက ကိုကိုက တိမ်လေးတို့အိမ်မှာပဲ တိမ်လေးနှင့်အတူတူ အိပ်ဖြစ်ခဲ့ပါသည်။
ကိုယ့်ရဲ့ အိပ်ရာထက်မှာ သွေးသားမတော်စပ်သည့် သူစိမ်းယောက်ျားတစ်ယောက်နှင့် အတူတူ အိပ်ရမည့်အရေးကို တွေးမိပြီး တိမ်ပြာ့ရင်ထဲ တစ်မျိုးလေး ခံစားနေရသည်။
ထိုခံစားချက်ကို တိမ်ပြာကိုယ်တိုင်လည်း မသိ။ ရှက်သလိုလို၊ ရွံ့သလိုလို၊ ကြောက်သလိုလို၊ ပျော်သလိုလို။
ညအိပ်ရာဝင်ခါနီးတော့ ကိုကိုက ရေချိုးခန်းထဲ ဝင်သွားကာ ရေမိုးချိုး၊ ခေါင်းလျှော်ပြီးမှ တဘတ်လေးတစ်ထည် ပတ်ကာ ပြန်ထွက်လာသည်။ ကိုကို၏ အပေါ်ပိုင်း အဝတ်ကင်းမဲ့ကာ ရေစိုနေသည့် ခန္ဓာကိုယ်ကို တိမ်ပြာ မကြည့်ရဲသဖြင့် အကြည့်လွှဲကာနေလိုက်ရသည်။
တိမ်ပြာ ဘာလို့ သည်လိုဖြစ်ရတာပါလိမ့်။
ကိုကိုကတော့ ဆံပင်ရေစိုနှင့် သူ့အခန်းထဲက ခပ်တည်တည်နှင့်ပင် ထွက်သွားသည်။ တိမ်ပြာ့လို ရှက်ကိုးရှက်ကန်း ဖြစ်မနေပါ။ ခဏကြာတော့ ကိုကိုက ဖေဖေ့ ညအိပ်ဝတ်စုံဝတ်ထားရင်း တိမ်ပြာ့အခန်းထဲ ပြန်ဝင်လာခဲ့သည်။ ဖေဖေ့ ညအိပ်ဝတ်စုံနှင့်တောင် ကိုကို၏ ရုပ်ရည်ချောမောတည်မှုက ထင်ရှားပေါ်လွင်၍ နေခဲ့သည်။
“အန်ကယ့်အင်္ကျီ ငှားဝတ်လာတာ။ ဟဲဟဲ…၊ ကိုကိုနဲ့ လိုက်လား”
ကိုကိုက ရယ်ကျဲကျဲနှင့်ပင် တိမ်ပြာ့ကို မေးတော့ တိမ်ပြာ အိပ်ရာပေါ်မှာ လှဲနေရင်းနှင့်ပင် ခေါင်းလေး ငြိတ်ကာ လက်မလေး ထောင်ပြလိုက်သည်။ အရမ်း လိုက်တယ်ဆိုသည့် သဘော။
ကိုကိုက တိမ်ပြာ့ဘေးသို့ တိုးဝင်ကာ အိပ်ရာထက်မှာ လှဲအိပ်လိုက်သည်။
“အယ်…ကိုကို။ ခေါင်းအုံးက တစ်လုံးပဲ ရှိတာ။ နေဦး…တိမ်လေး ဖေဖေ့ဆီ သွားယူလိုက်ဦးမယ်”
“နေတော့…။ မယူနဲ့တော့…။ ကိုကိုက တိမ်လေး ခေါင်းအုံးနဲ့ပဲ အိပ်မယ်”
“ကိုကိုက တိမ်လေး ခေါင်းအုံးနဲ့ အိပ်တော့ တိမ်လေးက ဘာနဲ့ အိပ်ရမှာလဲ”
“ဒီမှာလေ…”
ကိုကိုက သူ့ရဲ့ ညာဘက်လက်တစ်ဖက်ကို ဆန့်တန်းရင်း ညာဘက်ရင်အုံကို ဘယ်လက်ဖြင့် ပုတ်ပြသည်။
“တိမ်လေးအတွက် ကိုကို့လက်မောင်းနဲ့ ရင်ဘတ်ကြီး ရှိနေတာပဲ။ ဘာလိုသေးလို့လဲ…။ ငှက်မွှေးခေါင်းအုံးတွေထက်တောင် ပိုဇိမ်ကျသေးတယ်ဗျနော်။ ကိုကိုက တိမ်လေးမို့ ပေးအိပ်တာ”
ကိုကိုက တိမ်ပြာ့ခေါင်းအောက်က ခေါင်းအုံးကို ဆွဲယူကာ သူ့ခေါင်းအောက်သို့ ထိုးထည့်လိုက်သည်။ ခေါင်းအုံးလွတ်သွားသည့် တိမ်ပြာ့ခေါင်းလေးကို အသာဆွဲပွေ့ကာ သူ့ရင်ခွင်ထဲသို့ ထည့်သွင်းလိုက်သည်။
ကိုကို့ရင်ခွင်ထဲ တိမ်ပြာ ခိုနားမိစဉ်မှာပဲ ကိုကို့ ကိုယ်နံ့ သင်းသင်းလေးကို တိမ်ပြာ ရှုရှိုက်ခွင့်ရသည်။ ဟား… မွှေးလိုက်တာ…။
“ကိုကို၊ တိမ်လေးကို သီချင်းဆိုသိပ်”
“အမ်…ဘာသီချင်းလဲ”
“သီချင်းနာမည်တော့ တိမ်လေးမသိဘူး။ တိမ်လေး ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲက သီချင်း။ ဇာတ်ကားနာမည်က လရောင်ဖြာတဲ့ အင်းလေးမှာလေ။ သိလား ကိုကို”
“အင်း…တိမ်လေး။ တိမ်လေးပြောတဲ့ သီချင်း ကိုကိုသိတယ်။ သီချင်းနာမည်က လရောင်ချော့တေးတဲ့။ ကိုကို ဆိုပြမယ်။ တိမ်လေးက မျက်လုံးလေးမှိတ်၊ နားထောင်ရင်း အိပ်တော့နော်”
တိမ်ပြာက ကိုကိုပြောသည့်အတိုင်း မျက်လုံးလေးများ မှိတ်ထားလိုက်သည်။ ကိုကိုကလည်း သူ့မျက်လုံးများကို့ စေ့ပိတ်ထားသည်။ ကိုကို၏ လည်ချောင်းရှင်းသံ အဟမ်းတစ်ချက်ကို ကြားလိုက်ရသေးသည်။ ထို့နောက်တွင်တော့ သာယာနာပျော်ဖွယ် ကိုကို့ သီချင်းသံလေးသည် တိမ်ပြာ့အခန်းလေးထဲတွင် လွင့်ပျံလာတော့သည်။
“ 🎵 အို..အေး..အိုအေးအေးအေ့ အိုအေး….
အိုအေး…အိုအေးအေးအေ့…အို….
ကြယ်ရောင်စုံတောက်ပ လမင်းကြီးက သာ…
ငှက်ကလေးများလည်း အိပ်ပျော်နေပါပြီ…
ကန်ရေပြင်ကြီးလည်း ငြိမ်သက်တိတ်ဆိတ်စွာ…
မျက်လုံးမှိတ်ပြီး အိပ်ပါ ညီလေးရာ….🎵”
ကိုကို့သီချင်းသံလေး နားထောင်ရင်း တိမ်ပြာ တစ်ချက် တစ်ချက် အသိစိတ်လွတ်ကာ အိပ်ချင်လာသည်။ ကိုကို့အသံကြားတစ်ချက်…၊ မကြားတစ်ချက်…။ ထို့နောက်တွင်တော့ ဆံပင်လေးများ ကျဆင်းဖုံးအုပ်နေသည့် တိမ်ပြာ့နဖူးလေး နွေးထွေးသည့် တစ်စုံတစ်ရာနှင့် တွေ့ထိမိလိုက်သလိုလို…။
ကိုကို နမ်းလိုက်တာလား။
အိပ်မက်မက်နေတာပဲလား တိမ်ပြာ မသိတော့။
ထိုညတွင် မိုးတိမ်ပြာသည် သီချင်းလေးထဲက ငှက်ကလေးများလို၊ ကန်ရေပြင်ကြီးလို၊ အပူပင်ကင်းမဲ့သည့် ကလေးငယ်လေးတစ်ယောက်လို ကောင်းကင်သစ်၏ ရင်ခွင်ထဲတွင် အေးချမ်းသာယာစွာ မှေးစက်အိပ်ပျော်သွားရပါသည်။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ