book

Index 2

Chapter 2

တောင်ပံနှစ်လွှာပေါင်းစပ်မှ လှပစွာ ပျံသန်းနိုင်တဲ့ လိပ်ပြာလေးများကို လွှာလေး သိပ်ချစ်သည်လေ။ 


တိမ်ပြာတို့ ခြံဝန်းကြီးအထဲတွင် နှင်းဆီ၊ သစ်ခွ၊ စံပယ်၊ ပုဏ္ဏရိပ် စသည့် ပန်းပင်လေးများပြင် အလှစိုက်အုန်းပင်ပုပုလေးများ၊ ရွက်လှပန်းပင်များကိုလည်း သိုက်သိုက်ဝန်းဝန်း စိုက်ပျိုးထားသည့် ပန်းခြံလေးတစ်ခုလည်း ရှိသည်။ 


တိမ်ပြာတို့ ကျောင်းအားလပ်ရက်များတွင်တော့ ထိုပန်းခြံလေးထဲမှာပဲ မောင်နှမနှစ်ယောက် အလုပ်ရှုပ်နေတတ်ကြသည်။ 


ပန်းပင်လေးများကို ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ရေလောင်းပေါင်းသင်ပေးရသည့် အလုပ်ကို တိမ်ပြာ နှစ်ခြိုက်သည်။ လွှာလေး ချစ်တဲ့ လိပ်ပြာလေးတွေ ဝဲသီပျံသန်းစေအောင် ဆွဲဆောင်နိုင်သည့် ပန်းရနံ့များ သင်းထုံပျံ့မွှေးနေစေရန် သူ အမြဲ ထိန်းသိမ်းပေးချင်သည်။ 


လွှာလေးချစ်တဲ့ လိပ်ပြာလေးတွေကြောင့်ပဲ တိမ်ပြာလည်း ပန်းပွင့်၊ ပန်းပင်လေးများကို ချစ်တတ်လာရသည်။ ပန်းပွင့်လေးများနှင့် လိပ်ပြာလေးများဆိုတာ ခွဲခြားထား၍ ရသည်မှ မဟုတ်ဘဲလေ။


ကျောင်းပိတ်ရက်တွေမှာ ပန်းခြံလေးထဲဆင်းပြီး လိပ်ပြာလေးတွေနောက် မမောတမ်း တကောက်ကောက် လိုက်ပြီး စကားတွေ လိုက်ပြောနေသည့် လွှာလေးကို ကြည့်နေရလျှင် သူ့စိတ်တွေ ကြည်နူးရသည်။ လွှာလေး၏ ရယ်သံလွင်လွင်လေးများ ကြားလိုက်ရရင်တော့ သူပါ လိုက်ရယ်ရသည့်အထိ ပျော်ရွှင်မှုများ ကူးစက်စေသည်။


“ဟယ်… ဒီလိပ်ပြာလေးကို အရင်က မမြင်ဖူးပါဘူး။ ဟိတ်… နင် ဘယ်ကလာလည်တာလဲ” 


နှင်းဆီပွင့်လေးတစ်ပွင့်ပေါ် အတောင်ပံလေးနှစ်ဖက် ပူးကပ်ကာ ခိုနားနေသည့် ရောင်စုံလိပ်ပြာလေးတစ်ကောင်ကို တစိမ့်စိမ့် ကြည့်နေရင်း လွှာလေးက လိပ်ပြာလေးကို နှုတ်ဆက်စကားပြောလိုက်သည်။


“လွှာလေး ‌ပြောတာ လိပ်ပြာလေးက နားလည်ပါ့မလား လွှာလေးရဲ့” 


သည်လို ပြောတော့ လွှာလေးက သူ့ကို လှည့်ကြည့်ရင်း ချစ်စဖွယ် မျက်စောင်းလေး တစ်ချက်ထိုးကာ လိပ်ပြာလေး‌ဆီ ပြန်လှည့်ကြည့်သည်။


“လိပ်ပြာအသစ်လေး၊ နင် လွှာလေးရဲ့စကားကို နားလည်တယ်ဆိုတာ ကိုကိုသိအောင် ပြောပြလိုက်စမ်းပါဟာ” 


ထိုစဉ်တွင် လိပ်ပြာလေးက အတောင်ညောင်း၍ ထင်သည်။ စုသိမ်းပူးကပ်ထားသည့် ရောင်စုံတောင်ပံလေး နှစ်ချက်ကို တဖျက်ဖျက် ဖြန့်ခတ်လေသည်။ 


“ဟော…၊ တွေ့လား ကိုကို။ လွှာလေးပြောတာ သူနားလည်တယ်တဲ့”


“ဟောဗျာ၊ ဟုတ်ပါရဲ့” 


လွှာလေးကတော့ လိပ်ပြာလေး သူ့စကားကို တကယ် ပြန်ဖြေသည် အထင်နှင့် တဟေးဟေး အော်ကာ ပေါက်ခုန်ပျော်မြူးနေလိုက်သေးသည်။ သိပ်ကို ရိုးသားဖြူစင်သည့် လွှာလေး။ 


သူ သိပ်ချစ်ရသည့် လွှာလေးနှင့်မှ ခွဲရက်လိုက်လေခြင်း။ 


သူ့ကို သိပ်တွယ်တာသည့် လွှာလေးကိုမှ သူ ချန်ရစ်ခဲ့ရလေခြင်း။


လွှာလေး ခုချိန်ဆို ဘာများ လုပ်နေမှာပါလိမ့်။ လိပ်ပြာလေးတွေကို ကြည့်ရင်း သူ့အစ်ကိုကို သိပ်လွမ်းတဲ့ အကြောင်းတွေများ ပြောနေမလား။ သို့မဟုတ် လိပ်ပြာလေးတွေကိုတောင် ထွက်မကြည့်နိုင်ဘဲ သူ့အခန်းလေးထဲမှာပဲ ငိုကြွေးနေမလား။ 


သတိရလိုက်တာ လွှာလေးရယ်။


သူကတော့ ဖေဖေ၏ ဇာတိမြို့ဖြစ်သည့် မန္တလေးမှာ ရှိသည့် ဖေဖေ့အိမ်သို့ ရောက်နေခဲ့သည်။ သူတို့ မန္တလေးကို နွေရာသီ ကျောင်းပိတ်ရက်တိုင်းမှာ ပြန်လေ့ရှိသည်။ ဖေဖေကတော့ မန္တလေးနှင့် ရန်ကုန်ကို အိမ်ဦးနှင့်ကြမ်းပြင်လို ကူးလူးသွားလာရသည်။ မန္တလေးမှာလည်း ဖေဖေ့လုပ်ငန်းများ ရှိနေသေးသည်လေ။


“သား…၊ ဘာလိုတာရှိသေးလဲ”


ရှိတယ် ဖေဖေ။ လွှာလေး။ သားရင်ထဲမှာ လွှာလေး လိုနေတယ် ဖေဖေရယ်။


သူ့ရင်ထဲမှာ ရှိနေသည့်‌ အဖြေနှင့် သူ့ပါးစပ်က ထွက်လာသည့် အဖြေကတော့ တခြားဆီ။


“မရှိပါဘူး ဖေဖေ။ အားလုံးပြည့်စုံပါတယ်” 


အားလုံးပြည့်စုံပါတယ် ဆိုသည်ကတော့ ဖေဖေ့ကို သူ ရွဲ့ဖြေလိုက်ခြင်း ဖြစ်ပါသည်။ ဒါကို ဖေဖေ ရိပ်မိပုံ မပေါ်ပါ။ 


အင်းလေ…။ 

ဖေဖေက ဘယ်တုန်းကများ သားသမီးတွေရဲ့ ခံစားချက်တွေကို အရေးတယူ ရှိခဲ့ဖူးလို့လဲ။ 


အို…မေမေကရော။ 

ဘာများ ကွာခြားလို့လဲ။


“လိုတာရှိရင် ဖေဖေ့ကို ပြောနော် သား”


“ဟုတ်ကဲ့…”


“ဒေါ်မျိုးရေ…၊ ကျွန်တော့်ကိုလဲ မုန့်ဟင်းခါးပြင်ပေးပါ။ တစ်ခါတည်းပဲ စားသွားလိုက်တော့မယ်” 


ဖေဖေက ထူးထူးဆန်းဆန်း မနက်စာ စားသွားမယ်ဟု အိမ်အကူအဒေါ်ကြီးကို မှာကာ သူ့ဘေးနား ဝင်ထိုင်လိုက်သည်။ 


ဖေဖေ့၏ ဘေးမှာထိုင်ကာ မနက်စာအတူတူစားဖို့ မျှော်လင့်မိခဲ့သော်လည်း သည်လို နှစ်ယောက်တည်းတော့ သူ မစားချင်ပါ။ လွှာလေးနှင့် မေမေ ပါဝင်သည့် မိသားစုလေးယောက် စုံလင်သည့် မနက်စာ စားပွဲဝိုင်းကို သူ တောင့်တခဲ့ခြင်းသာ ဖြစ်သည်။ 


“သားကို ညနေကျရင် ကျောင်းလိုက်အပ်ပေးရမယ်။ ဒေါ်မျိုး သားကို ပြင်ဆင်ထားပေးပါ” 


မနက်စာ မုန့်ဟင်းငါး လာချပေးသည့် ‌ဒေါ်မျိုးကို ဖေဖေက မှာလိုက်သည်။ 


ဖေဖေသည် ရန်ကုန်မှာလည်း သည်လိုပဲ ဖြစ်သည်။ သူတို့ကို ပြောစရာရှိသည့် စကားများကို တိုက်ရိုက်မပြောဘဲ သူ့ဝန်ထမ်းများနှင့်သာ တဆင့် ပြောဆိုမှာကြားလေ့ရှိသည်။ သူ့ဘေးမှာ ထိုင်ကာ မနက်စာ စားနေပေမယ့် သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ စားစရာရှိတာ စားပြီး ထွက်သွားသည်။ 


အနည်းဆုံးတော့ 'ဖေဖေ အလုပ်သွားတော့မယ် သားရေ’ လို့တော့ ဖေဖေ ပြောသွားသင့်သည် မဟုတ်လား။ 


မန္တလေးက သည်ခြံထဲမှာလည်း အပင်လေးများစွာကို စိုက်ပျိုးထားသည်။ သို့ရာတွင် ပန်းပင်များတော့ မရှိ။ အလှစိုက် အပင်ငယ်လေးများသာ ဖြစ်သည်။ ခြံစောင့်ဦးလေးကြီးက အလုပ်ပိုမှာစိုး၍ ထင်ပါသည်။ ဂရုတစိုက် စိုက်ပျိုးရသော ပန်းပင်လေးများကို မပျိုးထားတာ။ 


“ဦးလေး၊ သားကို ပန်းပင်လေးတွေ ဝယ်ပေးပါ။ စံပယ်ရယ်၊ နှင်းဆီရယ်၊ သစ်ခွရယ်ပေါ့။ ဟိုဘက် ခြံထောင့်လေးမှာ သစ်ခွစိုက်ဖို့ စင်လေးလဲ ထိုးပေးပါ။ များများဝယ်ခဲ့နော်” 


ခြံစောင့် ဦးကြီးကို တိမ်ပြာ တစ်သောင်းတန် ဆယ်ရွက် ပေးရင် မှာလိုက်သည်။ ဦးလေးကြီးက ‌ဆိုင်ကယ်တစ်စီးနှင့် ထွက်သွားပြီး ခဏအကြာမှာ ပန်းပင်တွေ တင်လာသည့် Mini Light Truck တစ်စီးကို ခေါ်ဆောင်၍ ပြန်ရောက်လာသည်။


သူ သိပ်ချစ်ရသည့် ပန်းပင်များကို မြင်လိုက်ရတော့ သူ စိတ်ကြည်နူးသွားရသည်။ သည်ပန်းပင်လေးများကို ရန်ကုန်ခြံအတိုင်း သူ စိုက်ပျိုးရမည်။ လွှာလေး သူတို့ဆီ ပြန်ရောက်လာမည့် တနေ့နေ့မှာ သည်ပန်းပင်လေးတွေမှာ နားခိုဝေ့သီနေမည့် လိပ်ပြာလေးတွေကို မြင်ပြီး အံ့ဩပျော်ရွှင်စေရမည်။ လွှာလေး သိပ်ချစ်သည့် လိပ်ပြာလေးများ ခြံထဲမှာ ကူးလူးလှုပ်ရှားနေစေရမည်။ 


ပန်းပင်လေးများကို သူ့စိတ်တိုင်းကျ နေရာချဖို့ ညွှန်ကြားရင်း တစ်နေ့လုံး အလုပ်တွေ ရှုပ်နေခဲ့သည်။ သစ်ခွစင်ကိုလည်း မနက်ဖြန်အပြီးဆောက်ပေးဖို့ ပြောပြီးသွားပြီ။ လိုတဲ့ ပိုက်ဆံကိုတော့ ဖေဖေ့ဆီက တောင်းခိုင်းလိုက်သည်။ နေရာတကျဖြစ်သွားသည့် ပန်းအိုးလေးများကို ကြည့်ရင်း လွှာလေးကို လွမ်းဆွတ်ရပြန်သည်။ 


‘လွှာလေးရေ..၊ ကိုကို သည်မှာ ပန်းပင်လေးတွေ စိုက်ထားတယ် သိလား။ လွှာလေး ချစ်တဲ့ လိပ်ပြာလေးတွေလဲ ပန်းနံ့တွေရရင် ပျံလာတော့မှာ သိလား’ 


လွှာလေးကို လွမ်းစိတ်ကြောင့် လှိုက်ခနဲ ဝေ့တတ်လာသည့် မျက်ရည်စများကို မျက်တောင်များ ပုတ်ခတ်ရင်း သိမ်းဆည်းလိုက်သည်။ ထိုအချိန်တွင် မြက်ခင်းစိမ်းပေါ်တွင် တစ်စုံတစ်ခု တဖျက်ဖျက် လှုပ်ခတ်နေသည်ကို သူ မြင်လိုက်ရသည်။ 


‘ဟာ…၊ လိပ်ပြာလေးတစ်ကောင်’


သူ အနီးကပ်သွားကြည့်လိုက်တော့မှ ထိုလိပ်ပြာလေးသည် အတောင်တခြမ်းပဲ့၍ နေလေသည်။


လိပ်ပြာလေးခမျာ မြက်ခင်းပြင်တွင် လူးလိမ့်ပုတ်ခတ်ကာ ပျံသန်းဖို့ ကြိုးစားနေပေမယ့် မအောင်မြင်ပါ။ သူတို့ဘဝသည်လည်း အတောင်တစ်ဖက်ကျိုး လိပ်ပြာလေးနှင့် ဘာများကွာခြားတော့လို့လဲ။ 


လွှာလေးမရှိသည့် သူ့ဘဝသည် တောင်ပံတစ်ဖက် ပဲ့ကျိုးနေသည့် လိပ်ပြာငယ်လေးလို ကောင်းကင်တွင် ပျံသန်းနိုင်ခြင်းမရှိဘဲ အသက်မဲ့နေခဲ့ပြီပဲ။ 


နောက်တစ်နေ့ မနက်မှာတော့ သူ စောစော အိပ်ရာထရသည်။ သည်နေ့ကစပြီး သူကျောင်းတတ်‌ရတော့မည်ဖြစ်သည်။ သူ ကျောင်းသွားဖို့ ပြင်ဆင်နေရင်း လွှာလေးကို သတိရလိုက်သေးသည်။ လွှာလေးရော သည်အချိန် ဘာလုပ်နေမှာပါလိမ့်။ ကျောင်းသွားဖို့ ပြင်ဆင်နေသည်ပဲ ဖြစ်လိမ့်မည်။ 


“သား…တိမ်ပြာရေ…ကျောင်းကားရောက်နေပြီ”


“ဟုတ်ကဲ့၊ ဒေါ်လေး”


မနေ့ညနေက ဖေဖေ ကိုယ်တိုင်လိုက်အပ်ပေးသည့် ကိုယ်ပိုင်ကျောင်းကြီးသည် အင်မတန် ခမ်းနားကြီးကျယ်လွန်းသည်။ ကျောင်းဝန်းကြီးမှာလည်း ကျယ်သင့်သည်ထက် ပို၍ ကျယ်နေသည်ဟုတောင် သူ ထင်မိသည်။


ကျောင်းဝန်းကျယ်ကြီးထဲတွင် ကစားကွင်းများလည်း ရှိသည်။ ပန်းခြံငယ်လေးလည်း ရှိသည်။ ကျောင်းဝန်း၏ အနောက်ဘက်ခြမ်းမှာ ရေကူးကန်ကြီးတောင် ရှိသေးသည်။ အားကစားကွင်းများလည်း ထည့်သွင်းတည်ဆောက်ပေးထားသည်။


ဖေဖေ၏ သူငယ်ချင်းဆိုသူ ကျောင်းအုပ်ကြီးက သူ့ ကျောင်းဝန်းကြီးကို ဝံ့ကြွားဂုဏ်ယူစွာ တိမ်ပြာတို့ သားအဖအား လိုက်လံပြသခဲ့သည်။ ကျောင်းကြီး၏ ပင်မအဆောက်အဦးတွင်လည်း စာသင်ခန်းများအပြင် ပန်းချီခန်း၊ ကွန်ပြူတာခန်း၊ စာကြည့်တိုက်၊ ဆေးခန်းအသေးစား‌လေးအပြင် ဂီတခန်းများပင် ရှိသေးသည်။


မိဘများကိုယ်တိုင် အကြို၊အပို့ မလုပ်နိုင်သော ကျောင်းသားများအတွက် ဖယ်ရီကားများလည်း စီစဉ်ပေးထားသည်။ ဖေဖေကတော့ ထုံးစံအတိုင်း သူ့ကို ကျောင်းကြိုပို့ဖို့ အချိန်မပေးနိုင်တော့ ဖယ်ရီကားနှင့်သာ တက်စေသည်။


ကျောင်းဖယ်ရီကားမှာလည်း အဝေးပြေးလမ်းများမှာ သူတွေ့ဖူးနေကျ ခရီးသွား Expert ကားများထက် အနည်းငယ် အရွယ်အစားသေးသည့် Aircon ကားများဖြစ်သည်။ ‌ကားပေါ်တက်လိုက်တာနဲ့ စိမ့်ခနဲ အေးသွားရသည်။ 


ကျောင်းသားကားနှင့် ကျောင်းသူကားဆိုပြီးလည်း ခွဲခြားကာ သီးသန့်စီးရသည်။ တကယ်လို့ လွှာလေးသာ သည်ကျောင်းမှာတတ်ရလျှင် ကျောင်းသူကားမှာသာ ခွဲ၍ စီးရလိမ့်ဦးမည်။


“မောင်မိုးတိမ်ပြာ က ဘယ်သူလဲ”


ကျောင်းကားပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာနေသည့် ကျောင်းသားများကို ကြိုစောင့်နေသည့် ဆရာမက မေးလိုက်သည်။


“သား ပါ၊ ဆရာမ”


“သားက ဆရာမနောက် လိုက်ခဲ့။ လာ…သား”


ဆရာမက သူ့ပုခုံးလေးကို ကိုင်ကာ ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ ခေါ်ဆောင်သွားသည်။


“ဆရာကြီး…၊ မောင်မိုးတိမ်ပြာကို ခေါ်ခဲ့ပါပြီ”


“ဟုတ်ပြီ ဆရာမ၊ ထားခဲ့လိုက်ပါ။ ကျွန်တော် သူ့အတန်းကို လိုက်ပို့ပေးလိုက်မယ်” 


ဆရာမက ကျောင်းအုပ်ဆရာကြီးကို နှုတ်ဆက်ကာ ပြန်ထွက်သွားသည်။ ဆရာကြီးက သူ့ကို ပြုံးရင်း လှမ်းကြည့်နေခဲ့သည်။ 


“သား..တိမ်ပြာ။ ကျောင်းအသစ်ဆိုတော့ နည်းနည်းတော့ စိမ်းနေမှာပေါ့။ ဘာမှ ကြောက်စရာ မလိုဘူးနော်။ တစ်ခုခုဆိုရင် ဆရာ့ဆီသာ လာခဲ့။ ကြားလား” 


ဆရာကြီး ကိုယ်တိုင် သူတတ်ရမည့် ဆဌမတန်း (A)ခန်းသို့ လိုက်ပို့ပေးပြီး အတန်းပိုင်ဆရာမထံ သေချာ အပ်ပေးခဲ့သည်။ ဆရာကြီးကိုယ်တိုင် လိုက်အပ်ပေး၍ထင်သည်။ အတန်းပိုင်ဆရာမက သူ့ကို လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ကြိုဆိုခဲ့သည်။ ထိုင်ခုံနေရာချပေးတော့လည်း အရှေ့ဆုံးတန်းမှာသာ ထိုင်စေခဲ့သည်။ 


ပထမအချိန် မြန်မာစာသင်အပြီးမှာ ခတ္တခဏ အားလပ်ချိန် ဆယ့်ငါးမိနစ်ခန့် ဆင်းပေးသည်။ အဆာပြေမုန့်စားဖို့ သူ အောက်ဆုံးထပ်ရှိ မုန့်ဈေးတန်းကို သွားပြီး မုန့်အနည်းငယ်ဝယ်ကာ ပန်းခြံလေးထဲက ချောင်ကျကျ ‌ထိုင်‌ခုံနေရာလေးမှာ ထိုင်ရင်း မုန့်စားနေလိုက်သည်။ လွှာလေးတစ်ယောက်လည်း ဒီအချိန်လောက်ဆို မုန့်စားကျောင်း ဆင်းရောပေါ့။ သူ့ကို လွမ်းတဲ့စိတ်နဲ့ မုန့်ရော စားနိုင်ပါ့မလား။ 


လွှာလေးရယ် ဖြစ်နိုင်ရင် လိပ်ပြာလေးတစ်ကောင်လို လွှာလေးရှိရာကို ကိုကို ပျံသန်းလာချင်လိုက်တာ။ 


“ဟေ့ကောင်၊ မင်းမုန့်တွေ ငါ့ကျွေးစမ်း” 


ရုတ်တရက် သူ့အနားက ပေါ်ထွက်လာသည့် အသံကြောင့် အတွေးများပင် လန့်ဖြန့်ကာ ပျောက်ကွယ်သွားရသည်။ အသံလာရာ မော့ကြည့်လိုက်တော့ ကျောင်းသားတစ်ဦး။ သူ့ထက် အသက်အနည်းငယ် ကြီးလိမ့်မည်။ 


“ဟိတ်ကောင်…၊ ဘာကြောင်ကြည့်နေတာလဲ။ လူစကားနားမလည်ဘူးလား။ မင်း မုန့်တွေ ပေးစမ်းလို့။ ဆွဲထိုးခံချင်လို့လား” 


‌ကျယ်လောင်မာကျောသည့် ‌အသံနှင့် ထိုလူက အော်ဟစ်လာချိန်မှာတော့ သူ ကြောက်ရွံ့သွားသည်။ ဘေးမှာ ချထားသည့် မုန့်ထုပ်ကို ယူကာ ထိုလူ့ကို ပေးလိုက်သည်။ 


“ဒီလို လိမ္မာမှပေါ့။ နောက်နေ့ ဒီလိုအချိန်မှာလဲ ငါ့ကို မုန့်လာကျွေး၊ ကြားလား”


“ဟုတ်..ဟုတ်”


သူ မခံချင်ပေမယ့် ကြောက်ကြောက်နှင့်သာ ဟုတ်လိုက်ရသည်။ 


ကိုယ်နှင့် ရွယ်တူသာဆို သူ‌ မကြောက်။ အခုလူက သူ့ထက် လူကောင်လည်း ထွားသည်။ အသက်ကြီးလည်း ကြီးသည်။ 


သူ့လက်ထဲက မုန့်ထုပ်ကို အငမ်းမရ ‌ဆွဲယူပြီး လှည့်အထွက်မှာ ထိုလူ့၏ ခြေလှမ်းများ ရပ်တန့်သွားရသည်။ 


“ဟာ…ကောင်းကင်သစ်”


“အေး…၊ ငါပဲ။ မင်း ဒါဘာလုပ်တာလဲ”


ကောင်းကင်သစ် ဆိုသည့် လူကို မိုးတိမ်ပြာ မော့ကြည့်လိုက်မိသည်။ 


ပထမဦးဆုံး သူ သတိထားလိုက်မိတာကတော့ ကောင်းကင်သစ်ဆိုသူ၏ ဖြူစင်ဝင်းမွတ်နေသော အသားအရည်။ ပြစ်ချက် တစ်ချက်မှ မရှိသည့် မျက်နှာဖွေးဖွေးနုနုလေးပေါ်မှာ ထင်ရှားစွာ ပေါ်လွင်နေသည့် ဖြောင့်တန်းမည်းနက်နေသည့် မျက်ခုံးတစ်စုံ။ ထိုမျက်ခုံးထူထူနှင့် လိုက်ဖက်ညီသည့် စူးရှတောက်ပနေသည့် မျက်ဝန်းများ။ ဖျက်ခနဲ ကြည့်မိလိုက်ရုံနဲ့တင် သိပ်ချောမောလွန်းသည့် ယောက်ျားတစ်ဦး ဖြစ်မှန်း သိသာထင်ရှားပါသည်။


ထို့နောက် သတိပြုမိသည့်အချက်မှာ ကောင်းကင်သစ်၏ ရှည်လျားထွားကျိုင်းသော အရပ်အ‌မောင်းဖြစ်ပါသည်။ သူ့မုန့်ကို လာလုသည့်လူထက် အရပ်ပိုရှည်လေသည်။ အသက်အရွယ်ကတော့ ထိုလူနှင့် အတူတူလောက်သာ ထင်ရသည်။


“ဘာမှ မလုပ်ပါဘူး ကောင်းကင်ရာ။ ဒီညီလေးကို ငါ စနေတာပါ”


ခုနက တိမ်ပြာ့ကို ငေါက်ငေါက်ငမ်းငမ်းပြောသည့် ထိုလူ၏ လေသံမာများသည် အခုတော့ ပျော့ပျော့သာ ကျန်တော့သည်။ သူ စိတ်ဝင်စားစွာ ကြည့်နေမိလိုက်ပါသည်။ ကောင်းကင်သစ်ဆိုတာ ဘယ်လိုလူပါလိမ့်။ 


“ဘာစတာလဲ။ မင်းအကြောင်းမသိ ခက်လို့ နေယံရာ။ ကလေးတေဆီက မင်း ဒီလိုပဲ အနိုင်ကျင့်နေတာ ငါ သိတယ်။ ဒီတစ်ခါ နောက်ဆုံးဖြစ်ပါစေ။ နောက်တခါဆို ငါ ဖေဖေနဲ့ သွားတိုင်မှာ”


“ကျောင်းအုပ်ကြီးနဲ့တော့ မတိုင်ပါနဲ့ကွာ။ ငါ နောက် မလုပ်တော့ပါဘူး”


တိမ်ပြာ နားလိုက်ပါပြီ။ ကောင်းကင်သစ်ဆိုတာ ‌ကျောင်းအုပ်ကြီးရဲ့ တစ်ဦးတည်းသာ ရှိသည်ဆိုတဲ့ သားပေါ့။ 


ကျောင်းအပ်သည့်နေ့ကတော့ ကျောင်းအုပ်ကြီးနဲ့ ဖေဖေ စကားပြောသည့်အထဲမှာ ကျောင်းအုပ်ကြီးက သူ့သားလည်း (၈)တန်းရောက်ပြီ လို့တော့ ပြောသံကြားလိုက်ရသည်။ ရှစ်တန်းသာဆိုသည် ရှည်လိုက်သည့် အရပ်။ ဆယ်တန်းကျောင်းသားကြီး နီးပါးရှည်လွန်းတော့ သူ့မှာ မော့ကြည့်နေရသည်။ 


မုန့်လုသည့် နေယံဆိုသည့်လူက တိမ်ပြာ့ကို မုန့်ထုပ်ပြန်ပေးရင်း ပြန်လှည့်ထွက်ဖို့ လုပ်သည်ကိုလည်း ကောင်းကင်သစ်က လက်တစ်ဖက်ဆန့်ကာ တားဆီးလိုက်ပြန်သည်။ 


“နေဦး…။ နောက်ဆို ဒီညီလေးကို ဘယ်နေရာမှာတွေ့တွေ့ ဂရုစိုက်ပေး ကြားလား။ ဒါ ငါ့ညီဆိုလည်း မမှားဘူး။ သူ့နာမည်က မိုးတိမ်ပြာတဲ့” 


အယ်…။ 

သူ့နာမည်တောင် ကောင်းကင်သစ်က သိလို့နေပါလား။ ကျောင်းအုပ်ကြီးက သူ့အကြောင်း ပြောပြထားတာ ဖြစ်ရမည်။ နေယံကတော့ နောက်ဒီလို မလုပ်ဖို့၊ တိမ်ပြာ့ကို စောင့်ရှောက်ဖို့ ‌ကတိအထပ်ထပ်ပေးကာ ပြေးထွက်သွားတော့သည်။ သည်တော့မှ ကောင်းကင်သစ်က တိမ်ပြာထိုင်နေသည့် ခုံလေးမှာ ဝင်ထိုင်လိုက်သည်။ 


“တိမ်လေး…။ ကိုယ့်နာမည်က ကောင်းကင်သစ်။ ကျောင်းအုပ်ကြီးရဲ့သားပေါ့။ မနေ့က တိမ်လေး ကျောင်းလာအပ်တော့ ကိုယ်က ဖေဖေ့ရုံးခန်းထဲက အတွင်းခန်းထဲကနေ တိမ်လေးကို ကြည့်နေခဲ့တာ။ အတွင်းခန်းက မှန်အမည်းနဲ့ဆိုတော့ တိမ်လေးက ကိုယ့်ကို မမြင်တာ” 


တိမ်လေး တဲ့လား…။ 


သူ့ကို ဘယ်သူမှ မခေါ်ဖူးသည့် နာမ်စားလေးတစ်ခုကြောင့် သူ ကြည်နူးသလို၊ ပျော်ရွှင်သလို ခံစားလိုက်ရသည်။ 


သူ့ကိုရော ဘယ်လို ပြန်ခေါ်ရပါ့မလဲ…။ ကိုကောင်းကင်လား။ ကောင်းကင်ကြီးလား။ ကိုသစ်လို့လား…။ သူ့တွေးမိသည့် နာမည်တွေကို သူသဘောကျကာ ရယ်လိုက်မိသည်။


“ဟမ်၊ ဘာတွေ ရယ်နေတာလဲဟ။ ကိုယ့်ကိုလဲ ပြောပါဦး။ ရယ်ချင်လို့”


“အော်၊ အစ်ကို့ကို ဘယ်လိုခေါ်ရမလဲဆိုတာ တွေးရင်းနဲ့ ရယ်မိတာ”


“ဒါလေးများကွာ။ ကိုကို လို့ခေါ်ပေါ့”


“ဗျာ…” 


သူ့ဘဝမှာ သူကိုယ်တိုင် အခေါ်ခံခဲ့ရသည့် ကိုကို ဆိုသည့် နာမ်စားလေးကို သူက ပြန်ခေါ်ရမယ်ဆိုတော့ သူ့ရင်ထဲ တစ်မျိုးလေး လှုပ်ရှားနေမိသည်။ 


“ဟုတ်တယ်လေ။ ကိုကိုက တိမ်လေးထက်လည်း ကြီးတယ်။ ပြီးတော့ ဖေဖေက တိမ်လေးကို ညီလေးတစ်ယောက်လို စောင့်ရှောက်ရမယ်လို့ မှာထားတယ်။ သည်တော့ ကိုကိုလို့ပဲ ခေါ်ပေါ့” 


“ဟုတ်ကဲ့ ကို...အဲလေ...ကိုကို"


ကောင်းကင်သစ်ကို ကိုကိုဟု ခေါ်လိုက်သည့်အချိန်မှာ သူ့ရင်ထဲ အမျိုးအမည်မသိသည့် ခံစားမှုလေးတစ်မျိုးက နှလုံးသားထဲ ဖြတ်တိုးလှုပ်ရှားသွားသည်။ 


‘ကိုကို…ကိုကို...'


ထိုနာမ်စားလေးကို သဘောကျစွာ သူ့ရင်ထဲမှာ ထပ်ကာထပ်ကာ ခေါ်နေမိသည်။ ရင်ခုန်သံတွေတောင် ဒုတ်ဒုတ် လို့ မမြည်တော့ဘဲ ကိုကို ကိုကို ဟုသာ မြည်နေသည် ထင်သည်။ 


ထိုနေ့က ကောင်းကင်ပြင်ကြီးတွင်လည်း အထိန်းအကွပ်မဲ့စွာ လေသယ်ရာ ပြေးလွင့်နေသည့် တိမ်တိုက်ပြာလေးအတွက် အားကိုးခိုဝင်စရာ ကောင်းကင်သစ်ကြီးတစ်ခု ထွက်ပေါ်ဖြစ်ထွန်းလျက် ရှိနေတော့သည်။


#ခက်ဆစ်

#ကောင်းကင်သစ်၏#မိုးတိမ်ပြာ 


rate now:

2 Reviews
  • reader watt pu 24.10.2021, 15:36 5

    reply

  • reader watt pu 24.10.2021, 15:36 5

    reply