book

Index 14

Chapter 14

အချိန်နာရီ ရထားလေးသည် နေ့ရက်ပေါင်းများစွာနှင့် ရာသီအလီလီတို့ကို တရွေ့ရွေ့နှင့် ဖြတ်သန်းကူးပြောင်းလာခဲ့ပြီ။ 


မန္တလေး၏ မတ်လတွင် နေမင်းကြီးသည် သူ့၏ အပူရှိန်ကို အစွမ်းကုန် မောင်းတင်လျက် ပွက်ပွက်ဆူမတတ် ပူပြင်းသွေ့ခြောက်လျက်ရှိသည်။


အ.ထ.က (၁၆) မန္တလေး ဟူ၍ ခမ်းနားစွာ ရေးထိုးထားသည့် ကျောင်းမုခ်ဦး၏ အရှေ့တွင် ကျောင်းသား မိဘများသည် စုဝေးလျက်ရှိ၏။ ငုတ်တုပ်ထိုင်သူက ထိုင်၊ မတ်တပ်ရပ်သူက ရပ်၊ ရှေ့ပြန်နောက်ပြန် လမ်းလျှောက်သူက လျှောက်နှင့် နေအပူချိန်ကို မမှုသလိုပါပင်။ 


သူတို့၏ ရင်ထဲတွင် နေဆယ်စင်းထက် မကသော ပူလောင်ခြင်းမျိုးနှင့် စိုးရိမ်ပူပန်နေမည်ဆိုသည်ကို တိမ်ပြာ ကိုယ်ချင်းစာနားလည်နိုင်ပါသည်။ တိမ်ပြာကိုယ်တိုင်တောင် ဆယ်တန်းစာမေးပွဲ ဖြေဆိုနေသည့် လွှာလေးအတွက် ရင်ထဲ မီးမွေးထားသလို ပူလောင်နေရသည် မဟုတ်ပါလား။


လွှာလေး စာတွေ ဘယ်လောက်ပဲ ပိုင်နိုင်နေပါစေ တိမ်ပြာ စိုးထိတ်နေရပါသည်။ စာမေးပွဲခန်းထဲတွင် ဖြစ်လေ့ဖြစ်ထရှိသော စာဖြေသူတို့၏အကြောင်းကို တိမ်ပြာ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရပြီး မဟုတ်ပါလား။ 


အကြိမ်ပေါင်းများစွာ အခေါ‌က်ခေါက် အခါခါ ‌လေ့ကျင့် ကျက်မှတ်ခဲ့သည့် စာများသည် စာမေးပွဲခန်းထဲသို့ ဝင်ဝင်ချင်းမှာပင် အစအန ဖော်မရလောက်အောင် တိမ်ပြာ မေ့သွားခဲ့ဖူးသည်။ သို့သော် တခြား ရွေးချယ်စရာ အပုဒ်ကို ကံကောင်းစွာ ရနေသေး၍ တော်တော့သည်။

 

တိမ်ပြာ ဆယ်တန်းအောင်စာရင်း ထွက်တော့ ဘာသာစုံ ဂုဏ်ထူးများနှင့် ကိုကို့ဖေဖေ ဆရာကြီးဦးရဲရင့်၏ ‌ကိုယ်ပိုင်အထက်တန်းကျောင်းကြီး၏ ဂုဏ်ကို ဆောင်နိုင်ခဲ့သူများထဲ တစ်ဦးအပါအဝင် ဖြစ်ခဲ့ရသည်။


ဘာလိုလိုနှင့် တိမ်ပြာပင် ဆယ်တန်းအောင်ပြီး၍ ဒုတိယနှစ်ဆေးကျောင်းသားကြီး ဖြစ်ခဲ့ပြီ။ မနက်ဆိုလျှင် ကိုကိုနှင့် အတူတူ ဆိုင်ကယ်တစ်စီးထဲနှင့်‌ ကျောင်းလိုက်တတ်ရသည်။ နေ့လည် ထမင်းစားဆင်းချိန်များတွင်လည်း ကိုကိုနှင့် အတူတူပင် ကန်တင်းထိုင်ရင်း နေ့လည်စာစားခဲ့ကြသည်။ ညနေ အတန်းပြီးချိန်များမှာလည်း ကိုကိုက အတန်းစောပြီးလျှင် တိမ်ပြာ့ကို စောင့်ခေါ်ပြီး၊ တိမ်ပြာက အရင်ဆင်းလျှင်လည်း ကိုကို့ကို စောင့်ကာ အိမ်သို့ အတူတူပင် ပြန်ကြသည်။


ကိုကိုနှင့် ကုန်လွန်ဖြတ်သန်းခဲ့သော နေ့ရက်များအတွင်း ညီအစ်ကိုတွေလိုသာ ဖြူစင်စွာ ချစ်ခင်ခဲ့ကြသည်။ နှစ်ယောက်တည်း ရှိသည့် အချိန်များမှာပင် တိမ်ပြာ အတတ်နိုင်ဆုံး စည်းစောင့်၍ နေခဲ့သည်။ ကိုကိုကလည်း တိမ်ပြာ့သဘောဆန္ဒအတိုင်း လိုက်လျောပြီး တိမ်ပြာ့လက်လေးကို ကိုင်ရုံနှင့် တခါတရံ တိမ်ပြာ့ နဖူးလေးကို မြတ်နိုးစွာ နမ်းရှိုက်ရုံကလွဲ၍ ထိန်းသိမ်းစွာ နေခဲ့ပေးရှာသည်။


“တိမ်လေး… တိမ်လွှာ့ကို စိတ်ပူနေတာလား”


တိမ်ပြာ့ ဘေးမှာ ထိုင်နေသည့် ကိုကို့ဆီမှ ထွက်ပေါ်လာသည့် စကားသံကြောင့် တိမ်ပြာ့အတွေးတွေ လွင့်ပြယ်သွားရသည်။ 


“ဟုတ်တယ် ကိုကို၊ လွှာလေး ခြေချော်လက်ချော်ဖြစ်မှာ စိုးရိမ်နေတာ။ အဲ့ကလေးမလေးက ကိုကို သိတဲ့အတိုင်းပဲ၊ ဉာဏ်သာကောင်းတာ၊ နမော်နမဲ့နဲ့”


“အမယ်လေးဗျာ…၊ စိုးရိမ်တတ်ရန်ကော။ တိမ်လွှာ့ကို ကိုကိုတို့ သေသေချာချာ မှာလိုက်ပြီးသားလေ။ သင်စရာရှိတာလဲ အကုန် သင်ပေးလိုက်ပြီးသားကို ဘာတွေ စိုးရိမ်နေတာလဲ။ ကိုကိုကတော့ နည်းနည်းလေးတောင် စိတ်မပူပါဘူး။ တိမ်လွှာလေးကို ယုံကြည်စိတ်ချပြီးသား”


တိမ်ပြာ စိတ်လေး ပေါ့ပါးသွားစေရန်သာ ကောင်းကင်သစ် ပြောလိုက်ရသည်။ တကယ်တော့ သူလည်း တိမ်လွှာ့ကို စိတ်ပူနေရသည်။ တိမ်လေး ပြောသလို တိမ်လွှာက နမော်နမဲ့နိုင်သည်။ 

တော်ကြာ… ပုစ္ဆာနံပါတ်တွေ တပ်ဖို့ မေ့ကျန်ခဲ့တာတို့၊ ပုံတွေရဲ့ ရည်ညွှန်းစာတွေ မေ့ကျန်ခဲ့တာတို့၊ စာလုံးပေါင်းတွေ မှားနေတာတို့ ဖြစ်ခဲ့လျှင် ခက်ရချေရဲ့။ သည်လို လွဲချော်မှုများသည် အစမ်းစာမေးပွဲများတွင် လွှဲချော်မှားယွင်းတတ်သည့် တိမ်လွှာ၏ နမော်နမဲ့ဆန်သော မှားယွင်းပေါ့ဆမှုများပင် ဖြစ်သည်။


ကုန်လွန်ခဲ့သော နေ့ရက်များနှင့်အတူ ကောင်းကင်သစ်လည်း တိမ်လွှာ့အပေါ် သံယောဇဉ်များ တိုး၍ ရစ်နှောင်လာရသည်။ တိမ်လွှာ့ကို ညီမလေးတစ်ယောက်လို ချစ်ခင်ငြိတွယ်လာရသည်။ သို့သော် ဖေဖေတို့ စီစဉ်သလို သူ့၏ အိမ်ထောင်ဖက် အဖြစ်အနေနှင့်တော့ တိမ်လွှာ့ကို သူ့နှလုံးသားက လုံးဝ လက်မခံနိုင်ပါ။ 


သူ့နှလုံးသား၏ အတွင်းဖက် တစ်နေရာအထိ တိမ်လေးသည် နက်‌ရှိုင်းစွာ ထိုးဖောက်နေရာယူထားခဲ့ပြီးပြီ မဟုတ်ပါလား။


“တိမ်လေး…ကိုကိုကတော့ ကိုကိုတို့ အနာဂတ်ကိုပဲ တွေးပူတယ်”


“ဘာတွေပူနေတာလဲ ကိုကိုက”


တကယ်တော့ ကောင်းကင်သစ် ပူ‌ပန်နေသည့် ကိစ္စကို တိမ်ပြာ ရိပ်စားနားလည်ပါသည်။ လွှာလေး စာမေးပွဲပြီးတာနှင့် ဖေဖေတို့ စီစဉ်မည့် စေ့စပ်ပွဲအတွက်သာ ဖြစ်ပါလိမ့်မည်။


“တိမ်လေးရာ…၊ မင်းကို ကိုကို မပြောချင်လို့ ကြည့်နေတာ။ ကိုကိုနဲ့ ပတ်သတ်ရင် လေးလေးနက်နက် မရှိသလိုပဲ။ တိမ်လွှာ စာမေးပွဲပြီးတာနဲ့ ‌ဖေဖေတို့က ကိုကိုနဲ့ တိမ်လွှာကို စေ့စပ်ပေးဖို့ စီစဉ်ကြတော့မယ်ဆိုတာ တိမ်လေး မေ့နေတာလား။ ဒါမှမဟုတ် မေ့ချင်‌ယောင် ဆောင်နေတာလား။ ပြောစမ်း ကိုကို့ကို”


“တိမ်လေး မမေ့ပါဘူး ကိုကို။ အဲ့ဒါ ပူစရာမှ မဟုတ်တာ ကိုကိုရဲ့။ စေ့စပ်တာပဲ၊ လက်ထပ်တာမှ မဟုတ်တာ”


“အဲ့ဒီတော့…”


“ဘာ အဲ့ဒီတော့လဲ ကိုကိုကလည်း၊ စေ့စပ်ပွဲကို ကိုကို လက်ခံပေးလိုက်ဖို့ တိမ်လေး ပြောပြီးသားပဲလေ။ နော် ကိုကို။ လွှာလေး (၁၈)နှစ်ပြည့်မှ လက်ထပ်ပွဲ လုပ်ကြမှာမလား။ အဲ့သည့်ကျမှ ဖေဖေတို့ကို တိမ်လေးတို့အကြောင်း ဖွင့်ပြောကြတာပေါ့ ကိုကိုရဲ့ နော်…”


“ဖေဖေတို့က ကိုကိုနဲ့ တိမ်လေးကို သဘောမတူရင်ရော…”


“အဲ့လိုဆိုရင်တော့ ကိုကို့ဆန္ဒအတိုင်း တိမ်လေး လိုက်နာပါ့မယ်။ ကိုကို့သဘော နော်”


ကိုကိုက စဉ်းစား‌ချင့်ချိန်ဟန်နှင့် တိတ်ဆိတ်သွားပြန်သည်။ တိမ်ပြာက ကိုကို့ကို အာရုံလွှဲပေးမှ ဖြစ်တော့မည်။

“ကိုကို…ဒါနဲ့ ကြွေရုပ်လွှာ သတင်းရော ကြားမိသေးလား”


“ကြွေရုပ်လွှာ နဲ့ Messenger မှာတော့ စကားပြောဖြစ်ပါတယ်။ ကိုကိုနဲ့ လမ်းခွဲပြီးကတည်းက ကိုကိုရှိတဲ့ ကျောင်းမှာ တက်နေရရင် ပိုခံစားရမှာ စိုးလို့ဆိုပြီး တောင်ကြီးကျောင်းကို ပြောင်းသွားတာလဲ တိမ်လေးအသိပဲ။ နေလဲ ကောင်းပါတယ်။ အဆင်လဲ ပြေပါတယ်တဲ့။ အခုတော့ ကြွေရုပ်နဲ့ ကိုကိုက သူငယ်ချင်းအရင်းကြီးတွေလို ဖြစ်နေပါပြီ။ တိမ်လွှာ့အကြောင်းကိုတောင် ကိုကို ကြွေရုပ်ကို ပြောပြလိုက်သေးတယ်”


“ဟုတ်လား…ကြွေရုပ်လွှာက ဘာပြောသေးလဲ”


“ငါကတော့ နင့်ကို တိမ်ပြာနဲ့ပဲ ရစေချင်တယ်တဲ့”


တိမ်ပြာစကားလွှဲလိုက်မှပဲ ပိုဆိုးနေတော့သည်။ ထိုစကားကို တကယ်ပဲ ကြွေရုပ်လွှာက ပြောသလား။ ဒါမှမဟုတ် ကိုကိုကပဲ တမင်သက်သက် လုပ်ဇာတ်ခင်းသလား ဆိုသည်ကိုတော့ ကိုကိုသာလျှင် သိနိုင်ပါလိမ့်မည်။


ထိုစဉ်မှာပဲ ကျောင်းဝန်းထဲမှ လွှာလေး ထွက်လာခဲ့၍သာ တော်သေးသည်။ လွှာလေးက ကောင်းကင်သစ်၏ ကားကို ခေါင်းလေးဘယ်ညာရမ်းရင်း လိုက်ရှာနေသည်။ တိမ်ပြာက ကားလေးထဲက ထွက်ပြီး လွှာလေးကို လက်ပြလိုက်သည်။ တိမ်ပြာ့ကို လွှာလေး မြင်တော့ အပြေးတစ်ပိုင်းနှင့် ခပ်သွက်သွက် လျှောက်လာခဲ့သည်။


“အော်…ဒီကောင်မလေးကတော့လေ။ ကလေးလဲ မဟုတ်ဘဲနဲ့ ပြေးရူးပြေးတန်းနဲ့”


တိမ်ပြာ၏ အပြောကို လွှာလေးက သဘောကျစွာ ရယ်ရင်း ခေါင်းလေးပုကာ လျှာလေးကို ထုတ်ရင်း ပြောင်ချော်ချော် လုပ်ပြတော့ တိမ်ပြာ အားရပါးရ ရယ်မောရတော့သည်။ ကားပေါ်တတ်ပြီး လွှာလေး လက်ထဲမှာ မေးခွန်းစာရွက်ကို ကြည့်ပြီးတော့မှ တိမ်ပြာ သက်ပြင်းချနိုင်တော့သည်။


“ဖြေနိုင်ရဲ့လား လွှာလေး”


“ဖြေနိုင်ပါတယ် ကိုသစ်ရဲ့။ ကိုသစ် ခန့်မှန်းပေးတဲ့ မေးခွန်းတွေ ပါတယ် သိလား။ လွှာလေး ပျော်လိုက်တာ”


ကောင်းကင်သစ်၏ အမေးကို တိမ်လွှာက မြူးရွှင်နေသည့် အသံနှင့် သွက်လက်စွာ ဖြေလိုက်သည်။ တိမ်လွှာက ကောင်းကင်သစ်ကို ‘ကိုသစ်’ ဟုသာ ခေါ်လေသည်။


“ဖြေနိုင်မှပဲ။ ညည်းအကို ကိုကိုပူက ပူရလွန်းလို့ ကိုသစ်ကားတောင် မီးထတောက်တော့ မလို့”


“ဟားဟား…ကိုကိုပူတဲ့”


တိမ်ပြာ့ကို ကိုကိုပူ ဟု ငေါ့တော့တော့ သုံးနှုန်းလိုက်သည့် ကောင်းကင်သစ်၏ စကားကို တိမ်လွှာက ဗိုက်လေးဖိရင်း ရယ်မောနေတော့သည်။ တိမ်ပြာကတော့ ကောင်းကင်သစ်ကို ကားမှန်မှတဆင့် ကြည့်ကာ မျက်စောင်းလေး ထိုးလိုက်သည်။ ဒါကို ကောင်းကင်သစ် မြင်တော့…


“မျက်စောင်းထိုး၊ မျက်ရိုးကျိုး၊ မျက်ရည်ကျ၊ ငါ့မိန်းမ” ဟူ၍ လွတ်ခနဲ ပြောလိုက်မိသွားသည်။ 


သူတို့နှစ်ဦးထဲ ရှိနေချိန်များတွင် တိမ်လေး သူ့ကို မျက်စောင်းထိုးတိုင်း သူ သည်လို စ,နောက်ကြဖြစ်၍ နှုတ်ကျိုးကာ ပါးစပ်က လွှတ်ခနဲ ထွက်သွားခြင်းဖြစ်သည်။ တိမ်လေး မျက်နှာ ကွက်ခနဲ ပျက်သွားသော်လည်း တိမ်လွှာကတော့ ရယ်မောနေပြန်တော့သည်။


“ငါ့မိန်းမတဲ့ ခစ်ခစ်”


“ကိုကို့၊ ဘာတွေ လျှောက်ပြောနေတာလဲ ကလေးရှေ့မှာ”


“ဆောရီး…”


ကောင်းကင်သစ် အတွက်တော့ တိမ်လေးသည် အစစ အရာရာထက် ဦးစားပေးရသူ ဖြစ်သော်လည်း တိမ်ပြာ့အတွက်တော့ သည်လို ဟုတ်မည်မထင်။ တိမ်ပြာ့အတွက်တော့ ကောင်းကင်သစ်ထက် တိမ်လွှာသည်သာ အရေးပါဆုံးသူ ဖြစ်မည်ထင်သည်။ 


အခုလည်းကြည့်လေ…။ 


တိမ်လွှာရောက်လာသည်နှင့် ကောင်းကင်သစ်၏ ဘေးခုံမှာပင် မထိုင်တော့ဘဲ တိမ်လွှာနှင့်အတူတူ နောက်ခုံမှာသာ သွားထိုင်နေသည်။


တိမ်လွှာ့ကို ချစ်တတ်သည့် တိမ်လေး၏ စိတ်ကိုတော့ ကောင်းကင်သစ် အပြစ်မမြင်ပေမယ့် ထိုစိတ်ကြောင့် သူတို့၏ နှလုံးလုံးတစ်စုံကို စတေးရမည့် အဖြစ်မျိုးကိုတော့ သူ ကြောက်ရွံ့နေမိသည်။ 


တိမ်ပြာသည် တိမ်လွှာ့အတွက်ဆိုလျှင် အသက်ကိုတောင် မငဲ့မကွက်ပေးနိုင်သည့် သူမျိုးဆိုတာ ကောင်းကင်သစ် သိနေပါသည်။ သက်ပြင်းတစ်ချက်ကိုသာ ဘယ်သူမှ မသိအောင် ရှိုက်ချလိုက်ရင်း ကားကိုသာ အာရုံစိုက်ပြီး မောင်းလိုက်ပါတော့သည်။


……………………


ညလေးသည် တိတ်ဆိတ်စွာ အသက်ဝင်လှုပ်ရှားနေသည်။ လူခြေတိတ်ချိန်ဖြစ်သည့်အတွက် လေညှင်းသဲ့သဲ့၏ အသံကိုပင် ကြားနေရသည်။ 

သည်ညကို ကဗျာဆန်စွာ နာမည်ပေးရမည်ဆိုလျှင် အကြိုရင်ကွဲည ဟူ၍ တိမ်ပြာ‌ ပေးရမည်ထင်သည်။ 


အဘယ်ကြောင့်ဆိုသော် မနက်ဖြန် မိုးလင်းလျှင် တိမ်ပြာ့နှလုံးသားနှင့်ရင်း၍ ချစ်ရသူ ကောင်းကင်သစ်နှင့် တိမ်ပြာ့ဘဝတစ်ခုလုံးကို ပုံအပ်ကာ ကာကွယ်စောင့်ရှောက်ပေးချင်သည့် လွှာလေးတို့ကို လူကြီး‌ဆုံရာနှင့် စေ့စပ်ပေးကြတော့မည် ဖြစ်သည်။


တိမ်ပြာ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ရဦးမည်။ အပေါ်ယံ အဝတ်အစား၊ အသုံးအဆောင်တို့ကို ဆိုလိုခြင်း မဟုတ်ပါ။ တိမ်ပြာ့၏ စိတ်ပိုင်းဆိုင်ရာကို ဆိုလိုခြင်းဖြစ်ပါသည်။ မနက်ဖြန် ကိုကိုတို့၏ စေ့စပ်ပွဲတွင် တိမ်ပြာ အလှပဆုံး ပြုံးနေနိုင်အောင် ကြိုးစားပြင်ဆင်ရဦးမည် မဟုတ်လား။


“ဟင်…ကိုကို။ မအိပ်သေးဘူးလား”


“အင်း…လွှာလေး။ ကိုကို မအိပ်ချင်သေးတာနဲ့ ခြံထဲထွက် ထိုင်နေတာ”


လွှာလေးက တိမ်ပြာ ထိုင်နေသည့် ဒန်းလေး၏ လွတ်နေသည့်နေရာတွင် ဝင်ထိုင်လိုက်သည်။


“ကိုကို…ကျေးဇူးပဲနော်”


“ဟင်…ဘာကိုလဲ လွှာလေးရဲ့”


“ခြံထဲက ပန်းပင်လေးတွေအတွက်ပေါ့ ကိုကို့ရဲ့။ လွှာလေးအတွက် ကိုကို ရည်ရွယ်ပြီး စိုက်ပေးထားတာဆို။ လွှာလေး သည်ခြံထဲကို ရောက်တဲ့နေမှာပဲ ဒီပန်းခြံလေးကို ကြည့်ပြီး ကိုကို့ရဲ့ မေတ္တာတရားတွေကို ခံစားရတယ် သိလား။ ကိုကို လွှာလေးကို ဘယ်လောက် လွမ်းနေခဲ့တယ်ဆိုတာကို သက်သေပြလိုက်သလိုပါပဲ ကိုကိုရယ်”


တိမ်ပြာ့၏ ရင်ခွင်ထဲသို့ ခေါင်းလေး တိုးဝှေ့ကာ ဝင်လာခဲ့သည့် လွှာလေးကို ပွေ့ဖက်ရင်း ကြိုဆိုလိုက်သည်။


“ကိုကိုက လွှာလေးကို သိပ်ချစ်တာပဲလားဟင်”


“ဘယ်လို မေးလိုက်တာလဲ လွှာလေးရယ်။ ကိုကို့ ညီမလေးကို ကိုကို သိပ်ချစ်တာပေါ့”


“လွှာလေးလဲ ကိုကို့ကို အများကြီး ချစ်တယ်”


တိမ်ပြာက လွှာလေး၏ ဆံနွယ်‌ပျော့ပျော့ပြောင်းပြောင်းလေးများကို လက်ချောင်းလေးများနှင့် ညင်သာစွာ ပွတ်သပ်လိုက်သည်။


“အချွဲမလေး…”


တိမ်ပြာ့စကားကြောင့် လွှာလေးက ခွိခနဲ ရယ်တော့သည်။


“ကိုကို့ညီမလေးက ဘယ်တုန်းက ဒီလောက်တောင် ကြီးလာတာပါလိမ့်နော်။ မနေ့တနေ့ကတောင် နှပ်ချီးတွဲလောင်းလေးနဲ့ ကလေးလေးဟာကို”


“ဟာ ကိုကိုကလည်း၊ လွှာလေးက ဘယ်တုန်းက နှပ်ချီးထွက်ဖူးလို့လဲ”


“အမယ်လေး…။ ထွက်ပါ့ဗျာ။ ကိုကိုပဲ သုပ်ပေးခဲ့ရတာ”


“တကယ်လား…”


“တကယ်ပေါ့…နှပ်ချီးတွဲလောင်းလေးရဲ့”


တိမ်ပြာနှင့် တိမ်လွှာ မျက်စိပေါက်များ ပိတ်မတတ် ရယ်မောလိုက်ကြသည်။ အပြစ်ကင်းစင်သည့် ကလေးလေးတစ်ယောက်လို ဖြူစင်စွာ ရယ်မောနေသည့် လွှာလေးကို ကြည့်ရင်း တိမ်ပြာ သက်ပြင်းတချက် ခိုးချလိုက်ရသည်။ 


လွှာလေးရယ်…။ ညီမလေးရဲ့ နှလုံးသားကို ဓားနဲ့ စိုက်ရမယ့်သူ ကိုကို မဖြစ်ချင်ဘူး။


“လွှာလေး…”


“ပြောလေ ကိုကို”


“ကိုသစ်နဲ့ လွှာလေး မနက်ဖြန်ဆိုရင်တောင် စေ့စပ်ရတော့မယ်နော်။ လွှာလေး ကိုသစ်ကို ဘယ်လို သဘောထားလဲဆိုတာ ကိုကို သိလို့ရမလား”


လွှာလေး၏ မျက်ဝန်းများသည် တစ်စုံတစ်ခုသော ခံစားမှုများနှင့် နွေးထွေးလင်းလဲ့ လာသည်။ ထူမယောင်နှင့် ပါးလျသော ပန်းနုရောင် နှုတ်ခမ်းလေးများသည် ကော့ညွတ်ကာ ပြုံးတော့မယောင်ရှိနေသည်။


“ကိုသစ်က တကယ် နွေးထွေးမှုရှိတဲ့သူပါ ကိုကို။ ဒီအတောအတွင်းမှာ ကိုသစ်ကို သံယောဇဉ်ဖြစ်ရတာတော့ အမှန်ပဲ။ လွှာလေး ဝန်ခံရမယ်ဆိုရင် ကိုသစ်ကို ကိုကို့လို တွယ်တာမိတယ်။ အခုထိတော့ လွှာလေး ကိုသစ်ကို ချစ်မချစ် ကိုယ့်ကိုယ်ကို မသိသေးဘူး ကိုကိုရယ်။ ဒါပေမယ့် ကိုသစ်က မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ဖက်အနေနဲ့ ရွေးချယ်သင့်တဲ့ သူမျိုးဆိုတာတော့ လွှာလေး လက်ခံပါတယ်။ လွှာလေး အခုချိန်မှာ ကိုသစ်ကို မချစ်သေးပေမယ့် တနေ့နေ့မှာတော့ ချစ်နိုင်လာလိမ့်မယ် ထင်ပါတယ် ကိုကို”


လွှာလေး၏ စကားများသည် လေးနက်နေခဲ့သည်။ လွှာလေး၏ မျက်နှာသွင်ပြင်မှာလည်း တည်ကြည်လျက်ရှိနေခဲ့သည်ကို တိမ်ပြာ အံ့အားသင့်စွာ တွေ့လိုက်ရသည်။


“ခိုကိုးရာမဲ့ခဲ့တဲ့ လွှာလေးရဲ့ ဘဝအတွက်တော့ ကောင်းကင်သစ်ဆိုတာ အားကိုးတကြီး ခိုဝင်လို့ရတဲ့ ကမ္ဘာကြီးလိုပါပဲ ကိုကိုရယ်”


ကမ္ဘာကြီးတဲ့လား လွှာလေးရယ်။ 


လွှာလေး၏ နောက်‌ဆုံးစကားတစ်ခွန်းကြောင့် တိမ်ပြာ့ ရင်တွေ ကွဲအက်မတတ် နာကျင်အောင့်သက်သွားရသည်ကိုတော့ လွှာလေး သိနိုင်မည် မဟုတ်ပါ။

ထိုစဉ် ရုတ်တရက် ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသည့် ပုဇင်းရင်ကွဲများ၏ ရင်ကွဲမတတ် အော်သံများသည် ထိုညလေး၏ တိတ်ဆိတ်ငြိမ်သက်ခြင်းကို လွှမ်းမိုးဖျက်ဆီးလိုက်ပါတော့သည်။


#ခက်ဆစ်

#ကောင်းကင်သစ်၏#မိုးတိမ်ပြာ


rate now: