ထိုညက တိမ်ပြာ၏ အိမ်တွင် ကောင်းကင်သစ် မအိပ်ဖြစ်ခဲ့ပါ။ ဖေဖေနှင့်အတူ အိမ်ပြန်လိုက်သွားဖြစ်ခဲ့၏။ နှစ်တွေ အကြာကြီးနေမှ ပြန်ဆုံ ခွင့်ရသည့် မောင်နှမနှစ်ဦးကို အချိန်ပေးလိုသည်က တစ်ကြောင်း၊ ဖေဖေနှင့် စကားပြောလိုသည်က တစ်ကြောင်း သူ့အိမ်သို့သာ ပြန်လိုက်ခဲ့သည်။
“ဖေဖေ၊ ဘယ်လို ဖြစ်ရတာလဲဗျာ။ တိမ်လွှာက ဘယ်လိုဖြစ်ပြီး သားရဲ့ ဇနီးလောင်း ဖြစ်သွားရတာလဲ”
“သားပဲ ကြွေရုပ်လွှာနဲ့ လမ်းခွဲလိုက်ပြီဆို။ အဲ့ဒါကြောင့်ပဲ ဖေဖေနဲ့ လင်းမောင် နှစ်ဉီးသဘောတူ စီစဉ်လိုက်တာပဲ သား”
“သားရဲ့ သဘောထားလေးတော့ ဖေဖေတို့ မေးဖို့ကောင်းပါတယ် ဖေဖေရာ”
“ဖေဖေရဲ့ ဆန္ဒက သားရဲ့ ဆန္ဒဖြစ်ရမှာပေါ့ မဟုတ်လား သား။ ဖေဖေ သားကို အဖေတစ်ယောက်အနေနဲ့ သားရဲ့ ဘဝကို ဝင်စွက်ဖက်တာမျိုး မလုပ်ခဲ့ဖူးတာ သားအသိပဲလေ။ ဒါပေမယ့် ဒီတစ်ခါတော့ အဖေတစ်ယောက်အနေနဲ့ ပထမဦးဆုံး အကြိမ် တောင်းဆိုတာပါ သားရယ်။ ဖေဖေ့ ဆန္ဒကို သား မငြင်းဆန်ဖို့ ဖေဖေမျှော်လင့်တယ် သား”
ဖေဖေ၏ စကားသည် သူ့နှလုံးသားကိုသာမက တစ်ကိုယ်လုံးကိုပါ ရုန်းမရအောင် ချည်နှောင်ပြီးသား ဖြစ်စေသည်။ သို့သော် သူ့ဘဝမှာ အခုတစ်ကြိမ်သာ တောင်းဆိုခဲ့ဖူးသော ဖေဖေ့ ဆန္ဒကို ရိုက်ချိုးပစ်ဖို့ လုံလောက်သည်အထိ တိမ်ပြာ့အပေါ်ထားရှိသည့် သူ့၏ ချစ်ခြင်းသည် အင်အားကြီးမားလွန်းပါသည်။
တိမ်လေးသာ ဆန္ဒရှိခဲ့ပါလျှင် ဖေဖေ့ဆန္ဒကိုတောင် လွန်ဆန်ပစ်ဖို့ သူ ဆုံးဖြတ်ထားလိုက်ပါတော့သည်။
သည်အချိန်ဆို တိမ်လေးတစ်ယောက် ဘာလုပ်နေမှာပါလိမ့်။ သေချာတာက တိမ်လေးနှင့် တိမ်လွှာ ညလုံးပေါက် စကားများ ပြောနေကြပါလိမ့်မည်။
ထိုညတွင် ရင်ခုန်သံများ အစပျိုးဖို့ ရည်ရွယ်ခြေလှမ်းခဲ့သော်လည်း တိမ်ပြာ့ဘဝတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်ကင်းကွာခဲ့သည့် တိမ်လွှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ခြင်းသည် တိမ်ပြာ၏ နှလုံးသားကို နင်းခြေရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်စေခဲ့သည်။ လွှာလေး မရည်ရွယ်ခဲ့ပေမယ့်လေ။
မည်သို့ပင်ဆိုစေကာမူ တိမ်ပြာ့ဘဝထဲသို့ လွှာလေး ပြန်လည်ဝင်ရောက်ခဲ့ခြင်းအတွက်ကိုတော့ တိမ်ပြာ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုရသည်သာ။
“လွှာလေးရယ်၊ ကိုကို သတိရနေခဲ့တာ။ အရမ်း လွမ်းနေခဲ့ရတာ သိလား”
“လွှာလေးရောပါပဲ ကိုကိုရယ်။ တခါတလေဆို ကိုကို့ကို လွမ်းလွန်းလို့ လွှာလေး ဖျားတောင် ဖျားတယ်”
“ဖြစ်မှ ဖြစ်ရလေ လွှာလေးရယ်”
တိမ်လွှာ၏ ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်ကာ တိမ်ပြာ နှစ်သိမ့်ပေးလိုက်သည်။
“ကိုကို ဆယ်တန်းဖြေပြီးတော့ ရန်ကုန်ကို လာရှာပါသေးတယ်။ ကိုကိုတို့ နေခဲ့တဲ့ အိမ်လဲ ရောက်ခဲ့တယ်။ မေမေ့စတိုးဆိုင်လဲ ရောက်တာပဲ။ ဘယ်သူမှ မရှိတော့ဘူး။ အိမ်ကလဲ ရောင်းသွားတာ ကြာပြီတဲ့”
“မေမေရဲ့ မလိမ္မာမှုတွေပေါ့ ကိုကိုရယ်။ ကိုကိုနဲ့ ဖေဖေ အိမ်ကနေ ထွက်သွားပြီး မကြာလိုက်ဘူး မေမေလည်း ရန်ကုန်က အိမ်ရော စတိုးဆိုင်ကိုရော ရောင်းလိုက်ပြီး မေမေ့ဇာတိ မကွေးကအိမ်ကို ပြန်သွားကြတာ။ အိမ်နဲ့ဆိုင် ရောင်းလို့ရတဲ့ ပိုက်ဆံတွေကလဲ မေမေ့ လောင်းကစား အကြွေးတွေ ဆပ်တာနဲ့ ဘာမှမကျန်ပါဘူး ကိုကိုရာ”
လွှာလေးက ဆက်မပြောသေးဘဲ သက်ပြင်းတစ်ချက် ချလိုက်သည်။ လွှာလေး၏ မျက်ဝန်းများတွင် နာကျင်ကွဲအက်ခဲ့သော အတိတ်၏ ပုံရိမ်များ ထင်ဟင်နေလေသည်။
“မကွေး အိမ် ရောက်တော့ ပိုဆိုးပေါ့ ကိုကိုရယ်။ မေမေ့ ဇာတိကိုး။ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့ပြီး လောင်းကစားအပြင် အသောက်အစားပါ ဖက်လာတယ်။ မနက်လင်းတာနဲ့ အိမ်ကထွက်သွားပြီး ဖဲရိုက်ရင်း အရက် သောက်နေတော့တာ။ တခါတလေ ညဆိုလည်း ပြန်ကို မလာဘူး။ လွှာလေးမှာ အိမ်မှာတစ်ယောက်တည်း ကြောက်ကြောက်လန့်လန့်နဲ့ နေခဲ့ရတာ။ အိပ်ကို မပျော်ဘူး သိလား။ အဲ့လို အချိန်တွေဆို ကိုကို့ကို သိပ်သတိရလို့ ငိုရတာပါပဲ ကိုကိုရယ်။ လွှာလေး ငိုတာကလွဲလို့ ဘာတတ်နိုင်မှာမလို့လဲ”
လွှာလေးပြောပြသည့် စိတ်မချမ်းသာဖွယ်ရာ အတိတ်နေ့ရက်များကို မြင်ယောင်နေမိရင်း လွှာလေးကို ဂရုဏာသက်နေမိတော့သည်။
သနားစရာ လွှာလေးရယ်။ လွှာလေး ခိုကိုးရာမဲ့ပြီး ဒုက္ခရောက်နေတဲ့အချိန် ကိုကိုက သည်မှာ ကောင်းကင်သစ်ရဲ့ ရင်ခွင်မှာ ခိုလှုံလုံခြုံနေခဲ့ရတာပေါ့။ ကိုကို မတရားလိုက်တာ။
“မေမေလဲ အရက်တွေ ဇွတ်သောက်ရင်း အသည်းခြောက်ပြီး ဆုံးတာပါပဲ ကိုကိုရယ်။ မေမေဆုံးတာ ဒီနေ့ဆို တစ်ပတ်ပြည့်လို့ ရက်လည်ခဲ့ပြီလေ။ မေမေဆုံးပြီး နှစ်ရက်လောက် ကြာတော့ ဖေဖေ မကွေးအိမ်ကို ရောက်လာတယ်။ မေမေ့ရဲ့ နာရေးကိစ္စတွေ ဖေဖေပဲ စီစဉ်ပေးခဲ့တာ။ ကိုကို့ကိုတော့ စိတ်မကောင်းဖြစ်မှာစိုးလို့ မခေါ်ခဲ့ဘူးတဲ့လေ။ ဖေဖေနဲ့အတူတူ ဦးရဲရင့်လည်း ပါလာတယ်”
ဪ…။အဲ့ဒါကြောင့် လွှာလေး မွေးနေ့မတိုင်ခင် ဖေဖေတို့ ခရီးထွက်သွားခဲ့တာကိုး။
“မကွေးအိမ်ကလဲ မေမေ ပေါင်ထားတာ ကြာပါပြီ။ ဖေဖေကတော့ မကွေးအိမ်ကို ရောင်းပစ်ခဲ့ပြီ။ ရောင်းရတဲ့ ပိုက်ဆံနဲ့ မေမေ့အကြွေးတွေ အကုန်ပြန်ဆပ်ခဲ့လိုက်တယ်။ မေမေ ကောင်းရာရောက်မှာပါ ကိုကို”
“ရောက်မှာပါ လွှာလေးရယ်။ မေမေ့ တစ်လပြည့်ကျရင် ကိုကိုတို့ ကုသိုလ်ကောင်းမှုတွေ လုပ်ပေးကြတာပေါ့။ ဒါနဲ့ ခုနက ဆရာကြီး…ဪ…ဆရာကြီးဆိုတာ ဦးရဲရင့်ကို ပြောတာနော်။ ကိုကိုက ဆရာကြီးလို့ပဲ နှုတ်ကျိုးနေလို့။ ဆရာကြီး ပြောတဲ့ လွှာလေးက ကိုကောင်းကင်သစ်ရဲ့ အနာဂတ်ဇနီးလောင်း ဆိုတာ ဘာအဓိပ္ပာယ်လဲဟင်…လွှာလေး ဘာသိထားလဲ”
ထိုစဉ် ဧည့်ခန်းထဲတွင် ထိုင်ကာ စကားပြောနေကြသည့် တိမ်ပြာတို့ မောင်နှမနှစ်ယောက်ဆီသို့ ဖေဖေ ညအိပ် အဝတ်စားလဲပြီး ရောက်လာခဲ့သည်။
“အဲ့တာ ဖေဖေတို့ ဆန္ဒ ပါ သား။ ရဲရင့်နဲ့ ဖေဖေ တိုင်ပင်ပြီး စီစဉ်ထားတာ။ ဖေဖေတို့ လူပျို ဘဝထဲက အိမ်ထောင်တွေကျလာလို့ သားသမီးတွေရလာရင် ပေးစားကြဖို့ တိုင်ပင်ထားကြတာကွ”
“ဖေဖေရယ်…၊ လွှာလေးက ငယ်ပါသေးတယ်။ သား ဆယ်တန်းအောင်ထားတာဆိုတော့ လွှာလေးက ရှစ်တန်းအောင် ကိုးတန်းတက်နေရတာပေါ့။ အသက်တောင် မပြည့်သေးဘူးလေ”
“ငါ့သားက လွှာလေးကို နှမြောနေတာလား။ ဖေဖေတို့ကလည်း အခုစီစဉ်မယ်လို့ မပြောမိပါလား သားရဲ့။ ဟိုကောင် ရဲရင့် စိတ်ဆောပြီး ပြောသွားတာ။ ဖေဖေတို့က လွှာလေး ဆယ်တန်းပြီးရင် စေ့စပ်ပွဲလေး လုပ်ပေးမယ်။ လွှာလေး (၁၈)နှစ်ပြည့်မှ လက်ထပ်ပေးဖို့ စီစဉ်ထားတာပါ သားကြီးရဲ့”
တိမ်ပြာ၏ ရင်ထဲတွင် အပူမီး တောက်လောင်လျက်ရှိသည်ကို ဘယ်သူမှ သိမြင်ပုံ မရပါ။ လွှာလေးနှင့် ကိုကို့ကို လက်ထပ်ပေးမယ်ဆိုကတည်းက တိမ်ပြာ့နှလုံးသားလေူး အောင့်ခနဲ နာကျင်သွားရသည်။
ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်။
“လွှာလေးရဲ့ သဘောထားကရော”
တိမ်လွှာ့ကို တိမ်ပြာ မေးလိုက်ခြင်းဖြစ်သည်။ တိမ်လွှာလေး သည်မင်္ဂလာပွဲကို ငြင်းဆန်ပေးရင် သိပ်ကောင်းမှာပဲဟူသည့် ဆုတောင်းများသည် ကမ်းစပ်ကို လာပုတ်ခတ်သည့် ရေလှိုင်းများလို တိမ်ပြာ့ရင်ထဲမှာ ဆူညံစွာ ရိုက်ခတ်ပြေးလွှားနေခဲ့သည်။
“လွှာလေးကတော့ လူကြီးတွေ ကောင်းမယ်ထင်လို့ စီစဉ်တာကို မငြင်းရဲပါဘူး။ ဖေဖေတို့ စိတ်ချမ်းသာရင် ပြီးရော”
လွှာလေးရယ် ဟုသာ တိမ်ပြာ့ရင်ထဲမှာ အသံတိတ် ရေရွတ်လိုက်မိသည်။
“တိမ်လွှာ…သမီးအတွက် အခန်းပြင်ထားပြီးပြီ။ ရေမိုးချိုးပြီး အနားယူလိုက်တော့ သမီး။ ဒီရက်ထဲ ကောင်းကောင်း အိပ်ရသေးတာ မဟုတ်ဘူးမလား”
“ဟင့်အင်း…။ လွှာလေး ကိုကိုနဲ့ စကားတွေ ပြောချင်သေးတယ်”
ဖေဖေ့၏ စကားကို လွှာလေးက ခေါင်းလေး ခါရမ်းရင်း တုံ့ပြန်သည်။ ခေ့ါင်းလေး ရမ်းခါလိုက်သောကြောင့် ပခုံးအထက်တွင် ကော့ညွတ်ကာ ဝဲကျနေသည့် ဆံနွယ်လေးများ လှပစွာ လှုပ်ရှားဝဲလွင့်သွားသည်။
“လွှာလေးရယ်… ကိုကိုနဲ့က နေ့တိုင်း စကားပြောလို့ ရပြီပဲ။ အခု လွှာလေး မျက်နှာလေးက ညှိုးနေတယ်။ ပင်ပန်းထားလို့နေမှာ။ သွား နားလိုက်တော့နော်။ ကိုကို နွားနို့ကြိုပြီး လာပေးထားမယ်။ နွားနို့ ပူပူလေးသောက်ပြီး အိပ်လိုက်တော့နော် လွှာလေး”
“ဒါဆိုလဲ ပြီးရော”
“ဒီကောင်မလေး အဖေ့စကားတော့ နားမထောင်ဘူး။ သူ့အစ်ကို စကားကျ တစ်ခွန်းပဲ”
ဖေဖေက တိမ်ပြာ၏ စကားကို နားထောင်ကာ ဧည့်ခန်းထဲမှ ပြေးထွက်သွားသည့် တိမ်လွှာ့ကြည့်ကာ သဘောကျစွာ တဟားဟားရယ်သည်။
ဖေဖေ နှစ်နှစ်ခြိုက်ခြိုက် ရယ်သည်ကို တိမ်ပြာ အခုမှသာ မြင်ဖူးတော့သည်။ ဖေဖေလည်း လွှာလေး သူ့အရိပ်အာဝသ အောက်သို့ ပြန်လည် ရောက်ရှိလာခြင်း အပေါ် ကြည်နူးကျေနပ်နေပုံရသည်။
အစ်ကို ဖြစ်သူ၏ နှလုံးသွေးများ တစက်စက်ကျသည့်အထိ မြတ်နိုးစွာ ချစ်ရသည့် ချစ်သူနှင့် လက်ထပ်ဖို့ ဖြစ်လာမည့် ညီမဖြစ်သူ၏ မင်္ဂလာပွဲကို တိမ်လေးမျက်လုံးထဲတွင် မြင်ယောင်လာခဲ့သည်။
သည်လောက် ရက်စက်သည့် ရေစက်မျိုး နောက်ထပ် ရှိနိုင်ပါဦးမလား။
ညီမဖြစ်သူ၏ အိမ်ထောင်ဖက် ဖြစ်လာမည့် သူကို တိမ်ပြာ ခိုးယူပြေးထွက်ရမလား။
အို...။ သူ့နှလုံးသားတွေသာ အစိတ်စိတ် အမွှာမွှာ ကွဲအက်ပဲ့ကြွေသွားပါစေ။ သည်လို လုပ်ရပ်မျိုးတော့ တိမ်ပြာ တစ်သက်လုံး မလုပ်နိုင်ပါ။
“သား…မနက်ဖြန်ကျရင် လွှာလေးကို ကျောင်းလိုက်အပ်ပေးလိုက်ဦး။ မင်းညီမလေး စာတွေနောက်ကျ နေဦးမယ်။ ဖေဖေ ရဲရင့်ကို အကုန် ပြောပြီးသား သိလား”
“ဟုတ်ကဲ့ ဖေဖေ။ သား လွှာလေးကို ကျောင်းလိုက်ပို့ပေးလိုက်ပါ့မယ်”
ထိုညသည် တိမ်ပြာနှင့် နှစ်ပေါင်းများစွာ ဝေးလွင့်ခဲ့ရသည့် လွှာလေး တိမ်ပြာ့၏ ဘဝထဲသို့ ပြန်လည် ရောက်ရှိလာခြင်းအပေါ် ကျေနပ်စွာ ပျော်ရွှင်ခဲ့ရသော်လည်း ရက်စက်လွန်းလှသည့် ကံကြမ္မာရေစက် အလှည့်အပြောင်းကြောင့် တိမ်ပြာ၏ လူးလွန့်နိုးထဖို့ ကြိုးစားနေသည့် နှလုံးလေး နင်းခြေဝါးမြိုခြင်း ခံလိုက်ရသည့် ညတစ်ညလည်း ဖြစ်ပါတော့သည်။
.………………………………
“ဒါ ကိုကို တက်ခဲ့တဲ့ ကျောင်းပေါ့နော်…မိုက်လိုက်တာ…အကြီးကြီးပဲ”
လွှာလေးက ကျောင်းကြီးကို မြင်လိုက်သည်နှင့် အံ့ဩဝမ်းသာစွာ ခုန်ပေါက်ပျော်မြူးသွားသည်။
ကျောင်းဝန်းထဲကို ဝင်လိုက်မိသည်နှင့် တပြိုင်နက် အတိတ်က နေ့ရက်တို့ကို ပြန်လည် မြင်ယောင်လာခဲ့သည်။ ကိုကိုနှင့် ဆုံတွေ့ခဲ့သည့် ပန်းခြံလေးဘက်သို့ လှည့်ကြည့်ကာ သက်ပြင်းတချက် ချလိုက်မိ၏။
“သား…တိမ်ပြာ ရောက်ပြီလား။ တိမ်လွှာလေးကို ဆရာ့ဆီ ထားခဲ့လိုက် သား။ ဆရာ အတန်းပိုင်ဆရာမဆီ လိုက်ပို့ပေးလိုက်မယ်”
ဆရာကြီး ဦးရဲရင့်က ကျောင်းဝန်းထဲသို့ ဝင်လာသည့် တိမ်လေးတို့ကို ထုံးစံအတိုင်း နွေးထွေးစွာ ကြိုဆိုပြီး တိမ်လွှာ့ကို ခေါ်ဆောင်သွားတော့သည်။ တိမ်ပြာကို လက်ပြကာ နှုတ်ဆက်ရင်း ဆရာကြီးနောက် တကောက်ကောက် လိုက်ပါသွားသည့် လွှာလေးကို သူ့မြင်ကွင်းထဲက ပျောက်သွားသည်အထိ လိုက်ကြည့်နေမိသည်။
ထိုစဉ် ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့် တိမ်ပြာ၏ ဖုန်းလေး အသံမြည်လျက် တုန်ခါလာခဲ့သည်။
“ဟဲလို ကိုကို”
“တိမ်လေး…အခု ဘယ်မှာလဲ”
“ကျောင်းမှာ ကိုကို၊ လွှာလေးကို ကျောင်းလိုက်ပို့ပေးနေတာ”
“ကိုကို တိမ်လေးနဲ့ စကားပြောချင်တယ်။ ကိုကို တို့ ဆုံရအောင်။ ဘယ်မှာ ဆုံကြမလဲ”
ကိုကို ပြောစရာရှိသည်ဆိုသည့် စကားတွေကို တိမ်ပြာ တစွန်းတစတော့ ရိပ်မိနေပါသည်။ ဖြစ်နိုင်လျှင် တိမ်တိုက်လေးတစ်ခုလို လေနှင်ရာသို့ မျောလွင့်ပြေးထွက်ကာ ပျောက်ကွယ်သွားချင်တော့သည်။
“တိမ်လေး မအားဘူး ကိုကို”
“တိမ်လေး…အပိုတွေ မပြောနဲ့နော်…။ မင်း ကိုကို့ကို ရှောင်ဖို့ ကြိုးစားမယ်ဆိုရင် ကိုကို ဖေဖေတို့နဲ့ပဲ စကားပြောလိုက်မှာ”
ကိုကို့၏ ခြိမ်းခြောက်စကားသည် တိမ်ပြာ့နှလုံးသားကို ဆွဲခါလိုက်သလို လှုပ်ရှားသွားစေသည်။
“ကိုကို…စိတ်ထင်ရာတွေ လျှောက်မလုပ်နဲ့နော်”
“ဒါဆို ကိုကိုနဲ့ လာတွေ့၊ ကိုကို့ အိမ်ကိုပဲ လာခဲ့တော့။ အိမ်မှာ ဘယ်သူမှ မရှိဘူး”
ကိုကိုက တိမ်ပြာ့ကို အမိန့်ပေးပြီး ဖုန်းချသွားလေသည်။ ကိုကို့အိမ်နှင့် ကျောင်းသည် ဆိုင်ကယ်နှင့်ဆိုလျှင် ငါးမိနစ်ခန့်သာ မောင်းရလောက်သော အကွာအဝေးတွင်သာ ရှိသည်။
ကိုကို့အိမ်ရောက်သည်နှင့် ကိုကိုက တိမ်လေးလက်ကိုဆွဲကာ သူ့အခန့်သို့ ဆွဲခေါ်သွားခဲ့သည်။
“တိမ်လေး…ဖြေ…။ မနေ့က မပေးဖြစ်လိုက်တဲ့ အဖြေ အခု ပေး ကိုကို့ကို”
ကိုကို သည်စကားပဲ ပြောမည်ဆိုတာကို တိမ်ပြာ ရိပ်မိနေခဲ့ပါသည်။ သည်အတွက်လည်း ကြိုတင်ပြင်ဆင်ခဲ့သည့်အဖြေ တိမ်ပြာနှင့်အတူ ပါရှိခဲ့လေ၏။
“တိမ်လေး…ကိုကို့ကို မချစ်ဘူး…..”
“ဘာ….”
ကိုကို့၏ ကျယ်လောင်စွာ ပေါက်ကွဲလာသည့် အသံကြောင့် တိမ်ပြာ ထိတ်ခနဲ့ လိပ်ပြာလွင့်မတတ် လန့်သွားခဲ့သည်။
“ကိုကို့ကို တိမ်လေး မချစ်ဘူး…”
“တိမ်လေး ညာတယ်။ ကိုကို့ကို တိမ်လေး ညာတယ်”
“မညာဘူး ကိုကို…တိမ်လေး ကိုကို့ကို အစ်ကို တစ်ယောက်ထက် ပို မချစ်နိုင်ဘူး”
တိမ်ပြာ၏ စကားကို ကိုကိုက ခပ်ရွဲ့ရွဲ့ ဟားတိုက်ရယ်မောပစ်ရင်း တုံ့ပြန်သည်။
“တိမ်လေး ကိုကို့ကို ညာလို့ ရချင်ရမယ်။ ဒါပေမယ့် တိမ်လေး ကိုယ့်ကိုယ်ကို ညာလို့ မရဘူး။ အထူးသဖြင့် တိမ်လေး မျက်လုံးတွေ။ တိမ်လေးမျက်ဝန်းတွေက ကိုကို့ကို တိမ်လေးညာနေတယ်ဆိုတာကို ဝန်ခံနေတယ်”
“မဟုတ်ဘူး ကိုကို။ တိမ်လေး ကိုကို့ကို မချစ်……”
တိမ်လေး စကားမဆုံးသေးခင် ကိုကိုက တိမ်လေးနှုတ်ခမ်းများကို စုပ်ယူနမ်းရှိုက်တော့သည်။ ကိုကို့၏ နှုတ်ခမ်းများ၏ အထိအတွေ့မှာ တိမ်လေး မျက်လုံးများ မှေးစင်းလျက် ရစ်မူးရင်ဖိုသွားရသည်။
“အဲ့ဒါ လိမ်ချင်ဦး။ ကိုကို့ကို လိမ်တဲ့ တိမ်လေး နှုတ်ခမ်းတွေကို ကိုကို အပြစ်ပေးတာ။ ကိုကို့ကို အမှန်အတိုင်း ဖြေ။ ကိုကို့ကို ထပ်ညာရင် ကိုကို့အဆိုး မဆိုနဲ့နော် တိမ်လေး”
ကိုကို့ စကားများကို ဘယ်တုန်းက တိမ်လေး လွန်ဆန်ခဲ့ဖူးလို့လဲ။ ကိုကို၏ စကားများကို အမိန့်တစ်ခုလို တိမ်လေး နှလုံးသားထဲထိ စွဲမြဲစွာ နာခံခဲ့တာ ကိုကို့ အသိပါပဲ။ အခုလည်း ကိုကို့စကားတွေ၊ ကိုကို့အကြည့်တွေ၊ ကိုကို့ အနမ်းတွေကြားမှာ တိမ်လေး ဘယ်လိုနည်းနဲ့ လွန်ဆန်နိုင်ပါ့မလဲ။
“ကိုကို့ကို တိမ်လေး ချစ်တယ်။ သိပ်ချစ်တယ်။ ဒါပေမယ့်…”
“ဒါပေမယ့် ဆိုတဲ့ နောက်ဆက်တွဲ စကားတွေ ကိုကို မကြားချင်ဘူး တိမ်လေး”
“မကြားချင်လဲ တိမ်လေး ဆက်ပြောပါရစေ ကိုကို။ ဖေဖေတို့ စီစဉ်ထားတဲ့ ကိစ္စကို ဘယ်လို ဆက်လုပ်ကြမလဲ။ တိမ်လေးတို့ ရူးရူးမိုက်မိုက်နဲ့ ရှေ့ဆက်တိုးလို့မှ မဖြစ်တာဘဲ”
“အဲ့ဒီတော့ တိမ်လေးက ဘာလုပ်ချင်လို့လဲ။ ကိုကိုကတော့ ရှင်းတယ်။ တိမ်လေးကိုပဲ ချစ်တယ်။ လက်ထပ်ရမယ် ဆိုရင်တောင် တိမ်လေးနဲ့ပဲ လက်ထပ်မယ်”
တိမ်ပြာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“တိမ်လေး ဘက်လည်း တစ်ချက်ကြည့်ပေးပါဦး ကိုကိုရယ်။ တစ်ဖက်မှာက သိပ်ချစ်ရတဲ့ ကိုကို။ တစ်ဖက်မှာလည်း နှစ်တွေ အကြာကြီး ဝေးကွာပြီးမှ ပြန်ဆုံရတဲ့ လွှာလေး။ နှစ်ပေါင်းများစွာ ခွဲခွာပြီး ပြန်ဆုံရတဲ့ လွှာလေးရဲ့ ရင်ထဲကို တိမ်လေး ဘယ်လိုလုပ်ပြီး ဓားစိုက်ရက်မှာလဲ…။ ဘယ်လို နှလုံးသားမျိုးနဲ့ တိမ်လေး လုပ်ရက်မှာလဲ ကိုကိုရယ်”
နှလုံးသားက နာကျင်မှုများ၏ ပဲ့တင်ရိုက်ခတ်မှုကြောင့် တိမ်လေး၏ မျက်ဝန်းထဲတွင် မျက်ရည်များ လျှံကျလာခဲ့သည်။ ကိုကို့ ခုတင်ပေါ် ထိုင်ချလိုက်ကာ မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်လျက် နာကျင်စွာ ငိုကြွေးမိတော့သည်။
“ဒီလိုဆို ဘယ်လို လုပ်ကြမလဲ တိမ်လေးရာ။ ကိုကို တိမ်လေးနဲ့ လုံးဝ မခွဲနိုင်ဘူး။ ကိုကို တိမ်လေးကို သိပ်ချစ်တယ်”
“အခုလောလောဆည် တိမ်လေးတို့ ဒီအတိုင်းပဲ နေလိုက်ကြရအောင်နော် ကိုကို။ မဟုတ်ရင်တောင် လွှာလေးရဲ့ နှလုံးသားမှာ စိတ်ဒဏ်ရာတွေနဲ့ပါ ကိုကိုရယ်။ တိမ်လေး သည့်ထက်ပိုပြီး လွှာလေးကို မနာကျင်စေချင်တော့ဘူး။ တိမ်လေးတို့ ချစ်နေကြတာ အသိမပေးဘဲ ဒီအတိုင်းလေးပဲ ဆက်နေကြရအောင်နော်။ လွှာလေး ဆယ်တန်းဖြေပြီးတဲ့ အချိန်ထိ တိမ်လေးတို့ စောင့်ကြတာပေါ့။ အဲ့နောက်မှ ဘာဆက်လုပ်ကြမလဲ စဉ်းစားကြတာပေါ့ ကိုကိုရယ်”
ကိုကိုက ဖြေစရာ အဖြေမရှိသလို တိမ်လေးစကားကို ငြင်းလည်း မငြင်း၊ လက်လည်း မခံ။ အဖြေမပေးဘဲ ငြိမ်လျက်သာ နေသည်။
“ကိုကို တိမ်လေးကို ချစ်တယ်လားဟင်”
“အရမ်းပေါ့ တိမ်လေးရယ်။ သိပ်ချစ်တာပေါ့”
“ဒါဆို တိမ်လေး စကားကို လိုက်လျောပေးပါနော် ကိုကို။ လွှာလေးနဲ့လည်း အလိုက်သင့်လေး နေပေးပါနော်”
ညှိုးငယ်စွာနှင့် တောင်းတောင်းပန်ပန် ပြောလာသည့် တိမ်လေး၏ စကားကို မတတ်သာသည့်အဆုံး ကောင်းကင်သစ် လက်ခံပေးလိုက်ရသည်။
ကောင်းကင်သစ် ရင်နှင့်အမျှ ချစ်ရသည့် တိမ်ပြာတစ်ယောက် စိတ်ချမ်းသာပါစေတော့လေ…။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ