ညလေအေးတို့၏ တိုးဝှေ့ကျီစယ်မှုကြောင့် ခြံထဲရှိ တိမ်ပြာ ပြုစုပျိုးထောင်ထားခဲ့သော ပန်းပင်လေးများ ရုတ်တရက် လှုပ်ခတ်သွားသည်။ လေပြေတစ်ခုလို မထင်ထားသည့် အချိန်တွင် ပေါ်လာခဲ့သည့် ကောင်းကင်သစ်၏ အပြုအမူများကြောင့် တိမ်ပြာ ရုတ်တရက် ကြောင်အမ်းကာ ကောင်းကင်သစ်၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေခဲ့မိသည်။
သူ တမ်းတ လွမ်းဆွတ်နေခဲ့ရသည့် ရင်ငွေ့တစ်ခု၏ အနွေးဓာတ်သည် စပါးကြီးမြွေတစ်ကောင်လို သူ့ကို ညှို့ယူနိုင်စွမ်း ရှိသည်။
ဘုရားရေ…။ သူ ဘာဖြစ်သွားတာလဲ။
အသိစိတ်များ ပြန်ဝင်လာသည့် အချိန်မှာတော့ ကိုကို့ရင်ခွင်ထဲမှ တိမ်ပြာ ရုန်းထွက်လိုက်သည်။
“ကိုကို ဒါ ဘာလုပ်တာလဲ”
သည်တော့မှ ကောင်းကင်သစ်သည်လည်း တိမ်ပြာ့ကို အားနာရကောင်းမှန်း သိသွားပုံရသည်။
“တိမ်လေး… ကိုကို တောင်းပန်ပါတယ်နော်။ ကိုကိုလည်း ကိုယ့်ကိုယ်ကို ဘာဖြစ်သွားမှန်းမသိဘူးကွာ။ လာ…တိမ်လေး ကိုကိုတို့ ဒန်းလေးပေါ် သွားထိုင်ရင်း စကားပြောရအောင်”
ကောင်းကင်သစ်က တိမ်လေး၏ လက်ကို ဆွဲကာ ဒန်းလေးဆီ ခေါ်သွားရင်း ဘေးချင်းကပ်ထိုင်လိုက်ကြသည်။
“ကိုကို၊ ကြွေရုပ်လွှာ နဲ့ လမ်းခွဲလိုက်ပြီ တိမ်လေး”
“ဗျာ…”
“ဟုတ်တယ် တိမ်လေးရဲ့။ တိမ်လေးကြောင့်ပေါ့”
“ဗျာ…တိမ်လေး ဘာလုပ်မိလို့လဲ ကိုကိုရာ”
နားမလည်စွာ မျက်မှောင်ကြုတ်ရင်း ကြည့်နေတဲ့ တိမ်လေး၏ မျက်နှာကို ကောင်းကင်သစ် အူယားလာကာ ဆွဲနမ်းချင်စိတ်များ ပေါက်လာခဲ့ရသည်။
“တိမ်လေးက ဘာမှ မလုပ်ပေမယ့် တိမ်လေးကြောင့် ကြွေရုပ်လွှာနဲ့ ကိုကို လမ်းခွဲလိုက်တာ။ ခုနက ကိုကို တိမ်လေးကို ဖက်ရင်း ပြောတယ်လေကွာ”
တိမ်လေးမျက်နှာနုနုလေး ရှက်သွေးများ ဖြန်းခနဲ ရဲတက်သွားရသည်။
“ကိုကို တိမ်လေး ဘာမှ နားမလည်တော့ဘူး။ ရှင်းရှင်းပြောကွာ”
“ဟောဗျာ…။ ဒီလောက်ရှင်းနေတာကို။ ကိုကို တိမ်လေးကို ချစ်မိနေလို့ ကြွေရုပ်လွှာနဲ့ လမ်းခွဲခဲ့ပြီလို့”
“အပြောင်းအလဲကလည်း မြန်လိုက်တာ ကိုကိုရာ။ ဟုတ်ရော ဟုတ်ရဲ့လား”
“ဒီမှာ တိမ်လေး၊ ကိုကို့မျက်လုံးတွေကို သေချာကြည့်”
ကောင်းကင်သစ်က ပြောပြောဆိုဆိုနှင့် တိမ်လေးကို သူ့ဘက် ဆွဲလှည့်ကာ မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်နှင့် ဖိညှပ်ထားလိုက်ပြီး တိမ်လေး၏ မျက်ဝန်းလေးများကို စွဲမြဲစွာ ကြည့်လိုက်သည်။
“ကိုကိုလေ…တိမ်လေးကို အစထဲက ချစ်နေတာပါ ကလေးရာ။ ကိုယ့်ကိုယ်ကို လက်မခံနိုင်ခဲ့တာ၊ ကိုယ့်နှလုံးသားကို ကိုယ်ညာခဲ့မိတာ။ အခုတော့ ကိုကို သိသွားပြီ တိမ်လေး။ ကိုကို တကယ်ချစ်တာ တိမ်လေးဆိုတာကို”
တိမ်ပြာက ကောင်းကင်သစ်၏ လက်များထဲမှ သူ့ မျက်နှာလေးကို ခါရမ်းလိုက်ရင်း ရုန်းထွက်လိုက်သည်။ ကိုကို့မျက်ဝန်းများသည် ခိုင်မာတည်ကြည်နေခဲ့သည်။ ကိုကို့စကားများသည် သစ္စာတရားအပြည့်ပါသည် ဆိုတာကို ကိုကို့မျက်ဝန်းများမှတဆင့် မြင်တွေ့ခံစား၍ ရသည်။
ကိုကိုတကယ်ပဲ တိမ်ပြာ့ကို ချစ်နေခဲ့တာလား။ တိမ်ပြာ့ နှလုံးသားလေး လှိုက်ခနဲ ခုန်ကာ မိုးပေါ်ထပျံမတတ် ပျော်မြူးသွားပေမယ့် ကိုကို့ရှေ့မှာ မသိသာစေချင်သဖြင့် ဟန်ဆောင်ထိန်းချုပ်လိုက်သည်။
“ကြွေရုပ်လွှာကရော ဘာတဲ့လဲ”
“သူကလဲ ကိုကို သူ့ကို တကယ်မချစ်မှန်း သိနေပါတယ်တဲ့။ ကြည်ကြည်ဖြူဖြူ လမ်းခွဲပေးရှာပါတယ်။ သူ့ကို အားနာပေမယ့် ဘယ်တတ်နိုင်ပါ့မလဲကွာ။ ကိုကိုက တိမ်လေးကိုပဲ ချစ်မိနေတဲ့ဟာကို”
“အင်း…အဲ့ဒီတော့…”
တိမ်ပြာက လက်လေးပိုက်ကာ ခပ်တည်တည် မျက်နှာနှင့် ကောင်းကင်သစ်ကို မေးလိုက်သည်။ ကောင်းကင်သစ်၏ မျက်နှာကတော့ ပြုံးစိစိ။
“ဘာ အဲ့ဒီတော့လဲ။ တိမ်လေးကို ကိုကို ချစ်တယ်လို့။ တိမ်လေး မပျော်ဘူးလား”
“အင်း…၊ မပျော်ပါဘူး”
“တိမ်လေး ညာတယ်။ ကိုကို့ကို ညာလို့ရမယ် ထင်လား။ ကိုကိုက ကိုယ့်ကိုယ်ကိုသာ မသိရင်မသိမယ်။ တိမ်လေး မျက်နှာကိုတော့ အလွတ်ရနေတဲ့ကောင်ပါကွ။ မလိမ်ချင်စမ်းပါနဲ့ ကလေးရာ”
“ဒီမှာ ဟေ့လူ၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေပြီ။ ကိုကို ချစ်တာနဲ့ပဲ တိမ်လေးက ပြန်ချစ်ရမှာလား။ တိမ်လေး သဘောထားကိုရော ကိုကိုက မမေးတော့ဘူးလား”
တိမ်လေး၏ အပြောကို ကောင်းကင်သစ်က သူ့နဖူးသူ ရိုက်ရင်း သဘောကျစွာ တဟားဟားရယ်သည်။ သည်ရယ်သံလေးတွေကို တိမ်ပြာ လွမ်းဆွတ်နေခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။
“အင်းပါဗျာ..။ အဲ့တာဆိုလဲ မေးပါ့မယ်။ တိမ်လေးရော ကိုကို့ကို ချစ်တယ်မလားဟင်”
“ဟင်…၊ ကိုကို့ အမေးကြီးကလဲ၊ ချစ်တယ်မလား ဆိုတော့ ‘ကိုကို့ကို ချစ်နေတာ သေချာပါတယ်၊ ဟုတ်တယ်မလား’ ဆိုပြီး အစ်မေးတဲ့ သဘောကြီး ဖြစ်နေတယ်။ အဲ့လိုဆို မဖြေနိုင်ဘူး”
“ဟားဟား… ဟုတ်ပါပြီဗျာ။ ပြန်ပြင်မေးပါ့မယ်။ ကိုကို တိမ်လေးကို သိပ်ချစ်တယ်။ တိမ်လေး ကိုကို့ကို ချစ်ပေးပါလားနော်”
သည်တစ်ခါတော့ ကောင်းကင်သစ်၏ မေးခွန်းကို တိမ်လေးက သဘောကျသွားဟန်နှင့် ခိခနဲ ပြုံးလိုက်သည်။
“တိမ်လေး စဉ်းစားဦးမယ်”
“ဟာ…စဉ်းစားစရာ လိုသေးလို့လား တိမ်လေးရာ”
“လိုတာပေါ့။ ကိုယ့်ကိုယ်ကို သေချာ ပြန်မေးရဦးမယ်လေ။ အဲ့တာမှ တချို့လူတွေလို လူမှားပြီး မချစ်မိမှာပေါ့လို့”
တိမ်ပြာက အခွင့်ရတုန်း ကောင်းကင်သစ်ကို စကားနာထိုးလိုက်သည်။ ကောင်းကင်သစ်ကတော့ သဘောကျစွာနှင့် တဟားဟားရယ်သည်။
“ဟုတ်ပါပြီဗျာ…။ စဉ်းစားတော်မူပါ။ ဘယ်လောက်ကြာကြာစောင့်ရမှာလဲ ကျွန်တော်မျိုးက”
“အင်း…တစ်နှစ်”
“ဟာကွာ…တိမ်လေး မညစ်ပတ်နဲ့ကွာ။ အဲ့လောက်ကြီး ကိုကို့ကို အချိန်မဆွဲထားပါနဲ့ ကလေးရာ။ လျှော့ပေးပါဦးနော်”
ကောင်းကင်သစ် ဈေးဆစ်မယ်မှန်းသိ၍ တိမ်လေး ပိုပိုသာသာ ပြောလိုက်ခြင်းဖြစ်ပါသည်။ တကယ်ဆိုလျှင် တိမ်လေး ကိုယ်တိုင်လည်း တစ်နှစ်လောက် ဘယ်မူနိုင်ပါ့မလဲ။ ဖြစ်နိုင်ရင် အခုတောင် ကိုကို့ကို အရမ်း အရမ်း ချစ်ပါတယ်လို့ အဖြေပေးချင်မိပြီ။ ကိုကို့ကို အပြစ်ပေးချင်၍သာ အချိန်ဆွဲရခြင်း ဖြစ်၏။
“အင်း…ဒါဆို နည်းနည်း လျှော့ပေးမယ်။ ခြောက်လ”
“ဟာ…များသေးတယ်ကွာ။ ထပ်လျှော့ပေး”
“အင်း…ဒါဆို…လေးလ”
“များသေးတယ် တိမ်လေးရာ”
“ဒါဆို နှစ်လ”
ကောင်းကင်သစ်က ခေါင်းခါပြန်သည်။ တိမ်ပြာကပဲ ထပ်လျှော့ပေးရပါသည်။
“တစ်လကွာ၊ တစ်လ။ ဒီထက်တော့ လျှော့မပေးနိုင်တော့ဘူး ကိုယ့်လူ။ မစောင့်နိုင်ရင် ဂျောင်းပဲ”
ကောင်းကင်သစ်က တိမ်ပြာ၏ အပြောကို သဘောကျစွာ ရယ်မောတော့သည်။ ဟုတ်သည်လေ။ ဒီလောက်တော့ ကိုကို့ကို ညစ်ပြီး အချိန်ဆွဲရမှာပေါ့။ တိမ်ပြာ့ကို ခံစားရအောင်၊ လွမ်းရအောင် လုပ်ထားတဲ့ အပြစ်တွေ အတွက်လေ။
“ဒါဆို နောက်လပေါ့။ နောက်လထဲမှာ တိမ်လေး မွေးနေ့ ရှိတယ်မလား။ တိမ်လေး မွေးနေ့မှာ ကိုကို့ကို အဖြေပေးနော်”
“အယ် ကိုကိုက မှတ်မိသားပဲ။ တိမ်လေးတောင် မေ့နေတာရယ်။ အင်းအင်း…။ အမှတ်တရ ဖြစ်သွားအောင် အဲ့နေ့မှာ ပေးလိုက်မယ်။ လေးငါးရက်လောက် တိမ်လေးဘက်က နစ်နာပေမယ့်”
လက်ချိုးရေတွက်ရင်း လက်ချောင်းလေးများကို ထောင်ကာ ချစ်စဖွယ်ဟန်ပန်လေးများနှင့် ပြောနေသည့် တိမ်လေးကို ကောင်းကင်သစ် ကြည့်ရင်း ချစ်စိတ်များ တဖွားဖွား ဖြစ်တည်လာကာ တိမ်လေးကို သူ့ရင်ခွင်ထဲ သိမ်းယူပွေ့ဖက်ထားလိုက်ပြန်သည်။
“ချစ်တယ် တိမ်လေးရယ်”
တိမ်လေး သည်တစ်ခါတော့ မရုန်းတော့ဘဲ သူ့ရင်ခွင်ထဲမှာ ငြိမ်သက်စွာ ခိုဝင်နေခဲ့သည်။ ခတ္တအကြာမှာတော့ တိမ်လေးဆီမှ ငိုရှိုက်သံလေးနှင့်အတူ စကားတချို့ သည် ညှိုးငယ်စွာထွက်ပေါ်လာခဲ့သည်။
“တိမ်လေး ကိုကို့ကို ဘယ်လောက်လွမ်းနေခဲ့ရတယ်ဆိုတာ ကိုကို မသိနိုင်ပါဘူး ကိုကိုရယ်”
ကောင်းကင်သစ်၏ ရင်ခွင်ထဲတွင် ကလေးငယ်တစ်ယောက်လို ရှိုက်ငိုနေသည့် တိမ်လေးကို ကြင်နာယုယစွာ ခပ်တင်းတင်း ထွေးပွေ့ထားရင်း ဆံနွယ်လေးများကို ရှိုက်နမ်းလိုက်သည်။
တိမ်ပြာ၏ ဆံနွယ်များမှ သင်းရနံ့များကို ကောင်းကင်သစ် နမ်းရှိုက်လိုက်ချိန်မှာ သူ သည်ရနံ့လေးများကို ဘယ်လောက် လွမ်းနေခဲ့မှန်း နားလည်သိမြင်သွားရတော့သည်။
“ကိုကို တောင်းပန်ပါတယ် တိမ်လေးရယ်…။ ကိုကို့အပြစ်တွေပါကွာ။ နောက်ဆို တိမ်လေးကို ကိုကို ပစ်မထားတော့ဘူးနော်”
ထိုညသည် ပျောက်ဆုံးနေသော ကိုကို့ရင်ခွင်ကို ပြန်လည်တွေ့ရှိခဲ့သော ညတစ်ညဖြစ်ခဲ့ပါသည်။ ကိုကို့ ရင်ခွင်ထဲမှာ မှေးစက်ရင်း တိမ်ပြာ မက်မောစွာ တမ်းတခဲ့သည့် ကိုကိုဆိုပြရင်း ချော့သိပ်သည့် လရောင်ချော့တေး သီချင်းလေးကို နားထောင်ရင်း ပျော်ရွှင်ကြည်နူးစွာ အိပ်ပျော်သွားခဲ့ရသော ညတစ်ညဖြစ်ပါသည်။
တိမ်ပြာ့၏ ရင်ခွင်ကောင်းကင်ကြီးထဲတွင် ကြယ်မိုးများ လှပစွာ တဖိတ်ဖိတ် ကြွေရွာသော ညတစ်ညဆိုလျှင်လည်း မှားနိုင်မည် မထင်ပါ။
………………………………
“Happy Birthday တိမ်လေး”
ကိုကို့၏ ညင်သာနွေးထွေးသည့် အနမ်းလေးတစ်ပွင့်နှင့်အတူ တိမ်ပြာ နိုးထလာခဲ့ရသည်။ အနမ်းတပွင့်နှင့် ကြည်နူးစွာ နိုးထလာရခြင်းနှင့်အတူ သတိရမိလိုက်တာက သည်နေ့သည် တိမ်ပြာ၏ မွေးနေ့ဆိုတာပင်။ တိမ်ပြာ့စိတ်ထဲတွင်တော့ မွေးနေ့ဆိုတာထက် ကိုကို့ကို အဖြေပေးရမည့် နေ့အဖြစ်သာ နှလုံးသားထဲတွင် စွဲမှတ်ထားလေသည်။
ကိုကို့ကို အဖြေပေးရတော့မည်ဟု တွေးလိုက်မိတာနှင့် တိမ်ပြာ့ နှလုံးသားလေး လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ ရင်တွေ ခုန်လိုက်တာ ကိုကိုရယ်။
“ဟိတ် ကလေး…၊ အဖြေပေးတော့လေ”
နိုးနိုးချင်း အဖြေတောင်းလာသည့် ကိုကို့ကို တိမ်လေးက ချစ်စဖွယ် မျက်စောင်းလေး တစ်ချက်နှင့် တုံ့ပြန်လိုက်သည်။
“ဟာ… ကိုကိုကလဲ။ ညကျမှ ပေးမှာပါဆို။ မျက်နှာတောင် မသစ်ရသေးဘူး”
“ရမလားလို့ တောင်းကြည့်တာ။ မရတော့လည်း အရင်းပေါ့”
ကိုကို့၏ အပြောကို တိမ်လေး သဘောကျစွာ ရယ်မောလိုက်သည်။
“သွားသွား၊ မျက်နှာသစ်၊ ရေချိုးတော့ ကလေးရဲ့။ ဘုရားကြီးသွားမယ်။ ဘုရားကြီးမှာ ရွှေသင်္ကန်းကပ်ရမယ်လေ”
“ကလေး မဟုတ်ပါဘူးနော်။ အခုတောင် ၁၆နှစ်ပြည့်ပြီးပြီ။ ဆယ်တန်းလည်း အောင်ပြီးပြီ။ ဒီဇင်ဘာကျ တက္ကသိုလ်တွေဖွင့်ရင် ဆေးတက္ကသိုလ်ကျောင်းသားကြီး ဖြစ်တော့မှာ”
သည်တခါ ရယ်မောရသူက ကောင်းကင်သစ်။ တဟားဟားနှင့် မျက်လုံးများပင် ပိတ်မတတ် ရယ်မောနေခဲ့တော့သည်။
ဆင်စွယ်ရောင် စတစ်ကော်လံလေးနှင့် ယောပုဆိုး အနက်ရောင်လေးကို တွဲဖက်ပြီး ဝတ်ဆင်ထားသည့် တိမ်လေး၏ ပုံစံလေးသည် လူကြီးယောင်ဆောင်ထားသည့် ကလေးတစ်ဦးနှင့်ပင် တူနေတော့သည်။ မျက်နှာလေးကသာ နုနယ်ပြီး ကလေးရုပ်လေး ကျန်နေခဲ့သည်။ ကိုယ်လုံးကိုယ်ထည်ကတော့ ကောင်းကင်သစ် မျက်စိရှေ့တွင်ပင် ကြီးထွားဖွံ့ဖြိုးလာခဲ့ပြီ။
ဘုရားကြီးမှာ ရွှေသင်္ကန်းကပ်ပြီး အပြန်မှာ ဘုရားမြောက်ပေါက်က မုန့်ဟင်းငါးဆိုင်မှာ မနက်စာ ဝင်စားကြသည်။ တို့ဟူးကြော် ပူပူအိအိလေးများကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေသည့် တိမ်လေးကို ကောင်းကင်သစ် ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိခဲ့သည်။
“ကိုကို့ ဘာလို့ တိမ်လေးကိုပဲ စိုက်ကြည့်နေတာလဲ”
“ချစ်စရာကောင်းလို့ပေါ့”
ကောင်းကင်သစ်၏ စကားကြောင့် ရှက်သွေးဖြာသွားသည့် တိမ်လေး၏ မျက်နှာလေးသည် ပန်းသွေးရောင် သန်းသွားတော့သည်။ ပန်းရောင်သန်းနေသည့် နှုတ်ခမ်းလေးများကတော့ ပြုံးတော့မယောင် ကော့ညွတ်နေလေသည်။
“ကိုကို ဒါပြီးရင် ဘယ်သွားကြမှာလဲ”
“ကိုကို အစီအစဉ်တွေ ဆွဲပြီးသားပါကွ။ တိမ်လေး ကိုကိုခေါ်ရာနောက်ပဲ လိုက်ခဲ့နော်”
ကောင်းကင်သစ် နာရီကို ကြည့်လိုက်တော့ ဆယ်နာရီထိုးပြီ။ စားလက်စကို လက်စသတ်ကာ ပိုက်ဆံရှင်းပြီး ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။
အရင်ကဆို ကားထက် ဆိုင်ကယ်ကိုသာ မြတ်မြတ်နိုးနိုးစီးတတ်သည့် ကိုကိုက သည်နေ့တော့ ကားနှင့် ထွက်လာခဲ့သည်ဆိုတော့ တစ်နေရာရာ သွားဖို့ပဲ ဖြစ်မည်။
သူတို့ကားလေးသည် သိပ္ပံလမ်းမကြီးပေါ်မှ အရှေ့သို့ တည့်တည့်ကြီး ဦးတည်လျက်ရှိသည်။ သိပ္ပံလမ်းကြီး၏ လမ်းဆုံးအထိ မောင်းပြီး လမ်းဆုံအရောက်မှာတော့ ကိုကိုက ညာဘက် ကွေ့ချလိုက်သည်။ ဒါ ပြင်ဦးလွင် တတ်သည့်လမ်း။
“ကိုကို့ ပြင်ဦးလွင် သွားမလို့လား၊ ပျော်လိုက်တာ ယေးးး…”
ပျော်ရွှင်စွာ ခုန်ဆွဆွ လုပ်နေသည့် တိမ်လေးကို ကောင်းကင်သစ် ကြည့်ရင်း အူယားလာခဲ့သည်။ တော်တော် ချစ်ဖို့ကောင်းတဲ့ ကလေးပါလား။ သူ့နှလုံးသားတွေ ပေါက်ထွက်သွားမတတ်ပင် ချစ်ရသည့် ကလေးလေးပါပင်။
ဆယ့်တစ်နာရီခွဲ အရောက်မှာတော့ ကောင်းကင်သစ်တို့ ပြင်ဦးလွင် ရောက်ခဲ့ပြီ။ မြို့ပတ်လမ်းမကြီးအတိုင်း မောင်းနှင်ခဲ့ရင်း ပြည်ချစ်ဘုရား(မဟာအံ့ထူးကံသာဘုရား)သွားသည့် လမ်းဘက်သို့ ချိုးကွေ့လိုက်သည်။ ထို့နောက် ပရဟိတ မျက်မမြင် ဘက်စုံပညာသင်ကျောင်းဝန်း ထဲသို့ ကိုကို့ကားလေး မောင်းဝင်သွားသည်။
“ကဲ…ရောက်ပါပြီဗျ”
“ကိုကို့ ဒီကို ဘာလာလုပ်တာလဲ”
“လာပါ…တိမ်လေးရဲ့။ သိရမှာပေါ့”
ကိုကို ခေါ်ရာနောက် တိမ်လေး လိုက်သွားရသည်။ ကျောင်းဝန်းကြီးမှာ အကျယ်ကြီးဖြစ်သည်။ ကျောင်းဝန်းကြီးထဲမှာ နှစ်ထပ်ဆောင်များ လေးဆောင်ခန့်ရှိသည်။
ပင်မ နှစ်ထပ်ကျောင်းဆောင်ကြီး၏ လှေကားအောက်ခြေမှာတော့ ပြောင်ရှင်းနေသည့် ကျောက်သင်ပုန်းကြီး တစ်ချပ်ကို ထောင်ထားလေသည်။
နှစ်ထပ်ကျောင်းဆောင်ကြီး အပေါ်သို့ တတ်သွားလိုက်ကာ ကျောင်းဆောင်ပေါ်မှာ သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော်ကြီးကို တိမ်လေးတို့ ဝတ်ဖြည့်လိုက်သည်။
“ဒကာလေး ကောင်းကင်သစ် ရောက်ပြီလား”
“တင်ပါ့ ဘုရား။ သူကတော့ ဒီနေ့ရဲ့ အလှူရှင် မွေးနေ့ရှင်ပါ ဘုရား။ တိမ်လေး ဒါက ကိုကိုတို့ ကိုးကွယ်တဲ့ ဆရာတော်ကြီး”
တိမ်လေးက သံဃာတော်များနှင့် စကားပြောနေကျ မဟုတ်၍ ဘာပြန်ပြောရမည်မှန်း မသိသဖြင့် ပြုံး၍သာ နေလိုက်သည်။ ကိုကိုကလည်း တိမ်လေး နေရကြပ်နေသည်ကို ရိပ်မိပုံရသည်။ ဆရာတော်ကြီးကို နှုတ်ဆက်ပြီး အောက်သို့ ပြန်ဆင်းလာခဲ့သည်။
“ဒီကျောင်းမှာ ကိုကိုတို့ လှူနေကြလေ တိမ်လေး။ ဒီမှာ တိမ်လေး နာမည်နဲ့ ဒီနေ့အတွက် နေ့လည်စာ လှူထားပေးတယ်။ ကိုကို့ရဲ့ မွေးနေ့လက်ဆောင်ပေါ့”
တိမ်လေး ရင်ထဲ ကြည်နူးသွားရသည်။ ကိုကို့ လက်ဆောင်လေးကိုလည်း တိမ်လေး သဘောကျမိသွားသည်။
“ကိုကို့လက်ဆောင်လေးကို တိမ်လေး အရမ်းသဘောကျတာပဲ။ တိမ်လေး ဒီလို လှူဖူးချင်ခဲ့တာ”
စနစ်တကျ တန်းစီကာ စီစီရီရီထွက်လာကြသည့် မျက်မမြင်ကျောင်းသား၊ ကျောင်းသူများမှာ မျက်မမြင်ဟူ၍ ထင်စရာပင်မရှိအောင် ထမင်းစားဆောင်သို့ လမ်းလျှောက်သွားကြပုံမှာ ဖြောင့်၍ပင်နေသည်။ တိမ်လေး သူတို့ကို အံ့အားသင့်စွာ ကြည့်နေမိလိုက်သည်။
ထမင်းစားဝိုင်းမှာ ကိုယ့်နေရာကိုယ် ယူလိုက်ကြပြီး မွေးနေ့အလှူရှင် မိုးတိမ်ပြာ၏ နာမည်ကို တပ်ကာ မေတ္တာပို့ဆုတောင်းနေပုံများကို ကြည့်ရင်း တိမ်လေး မျက်ရည်များပင် ကျခဲ့ရသေးသည်။
“ကျေးဇူးတင်ပါတယ် ကိုကို၊ တိမ်လေးအတွက် သိပ်ကို တန်ဖိုးရှိတဲ့ အခိုက်အတန့်လေးတွေ ဖန်တီးပေးလို့။ ကိုကိုရဲ့ ဒီ မွေးနေ့လက်ဆောင်လေးကို တိမ်လေး တသက်လုံး မမေ့ဘဲ ရင်ထဲမှာ စွဲနေအောင် သိမ်းထားမယ် သိလား”
ကိုကိုကတော့ ကြည်နူးပီတိများနှင့် ပြည့်နှက်နေသည့် တိမ်လေး၏ မျက်နှာလေးကို စွဲမြဲစွာ စိုက်ကြည့်နေရင်း အပျော်တွေ ကူးစက်နေပုံရသည်။
မျက်မမြင်ကျောင်းက အပြန်မှာ ပြည်ချစ်ဘုရားသို့ ဝင်ဖူးခဲ့ကြသည်။ ထို့နောက် ကန်တော်ကြီးဥယျာဉ်၊ ပွဲကောက်ရေတံခွန်၊ ဒီဇင်ဘာခြံ မှအစ ပိတ်ချင်းမြောင်အထိ ပြင်ဦးလွင်၏ အထင်ကရနေရာများကို စုံစုံလင်လင် လည်ပတ်ခဲ့ပြီးမှ မန္တလေးသို့ ပြန်ဆင်းခဲ့ကြသည်။
တိမ်ပြာတို့ အိမ်ပြန်ရောက်တော့ ည (၇)နာရီ ထိုးပြီဖြစ်၍ မိုးပင်ချုပ်နေပြီ။ ဧည့်ခန်းထဲက စားပွဲလေးပေါ်မှာတော့ မွေးနေ့ကိတ်လှလှလေးတစ်လုံးက တိမ်လေးကို ဆီးကြို၍ နေသည်။
“ဟာ…ကိုကို၊ ကိတ်လေးကို ဘယ်တုန်းက မှာလိုက်တာလဲ”
“ကြိုမှာထားတာ ကြာပေါ့ တိမ်လေးရဲ့။ Delivery နဲ့ ပို့ခိုင်းထားတာ”
မွေးနေ့ကိတ်ပေါ်လေးသည် ကောင်းကင်ပြာရောင်ကို အောက်ခံထားပြီး အပေါ်မှာ တိမ်တိုက်ဖြူလေးတွေနှင့် ပုံဖော်ထားသည်။ တိမ်ဖြူလေးတွေ ပေါ်မှာတော့ မိုးတိမ်ပြာဆိုသည့် နာမည်လေးနှင့် 16th Birthday ဆိုသည့် စာတန်းလေးကို ချော့ကလက် အနှစ်ရည်လေးများနှင့် ရေးဆွဲပုံဖော်ထာသည်။
တိမ်လေး ဘဝ၏ ပထမဆုံး ရရှိဖူးသော မွေးနေ့ကိတ်လေးဖြစ်ပါသည်။ တိမ်လေး၏ နာမည် ရေးထိုးထားသည့် မွေးနေ့ကိတ်လေးကိုကြည့်ရင်း တိမ်လေး မျက်ရည်များပင် ကျမိတော့သည်။
ကိုကိုကတော့ တိမ်လေးကို နားလည်စွာ သူ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားရင်း နှစ်သိမ့်လိုက်သည်။
“လာ ကိုကိုတို့ ကိတ်ခွဲရအောင် တိမ်လေး”
“အင်…၊ ဖေဖေတို့ကို မစောင့်တော့ဘူးလား ကိုကို”
“ဘယ်အချိန်မှ ပြန်ရောက်မယ်မှန်းမှ မသိတာ တိမ်လေးရဲ့။ ကိတ်ခွဲပြီးရင် ဒီနေ့ရဲ့ အထူအစီအစဉ် ရှိသေးတယ်လေကွာ။ မေ့ချင်ယောင်ဆောင်နေတာလား ကိုကို့ကို အဖြေပေးဖို့”
တိမ်ပြာ ရှက်ပြုံးလေးပြုံးကာ ကိုကို့ကို ကြည့်လိုက်မိသည်။ ဖေဖေနှင့် ကျောင်းအုပ်ဆရာကြီး(ကိုကို့ဖေဖေ)တို့သည် တိမ်ပြာ၏ မွေးနေ့မတိုင်ခင် သုံးရက်အလိုက အလုပ်ကိစ္စတစ်ခုနှင့် ခရီးထွက်သွားကြသည်။
ဖေဖေကတော့ တိမ်လေးမွေးနေ့ အမီပြန်လာမည်ဟု မှာကြားခဲ့ကာ အပြန်မှာ တိမ်လေး သဘောကျစေမည့် မွေးနေ့လက်ဆောင် ယူလာခဲ့မည်ဟုလည်း ကတိပေးခဲ့လေသည်။
မွေးနေ့ကိတ်လေးပေါ်တွင် ဖယောင်းတိုင် (၁၆)တိုင် တိတိထွန်းလျက် မွေးနေ့သီချင်းဆိုကာ ဆုတောင်းလိုက်ပြီး ဖယောင်းတိုင် မီးများကို တိမ်လေး တချက်တည်း မှုတ်လိုက်သည်။
“တိမ်လေး နာမည်ပါတဲ့ အခြမ်းလေးကို ကိုကို့ကို လှီးပေး။ အဲ့အပိုင်းလေးပဲ ကိုကို စားချင်တယ်”
ပြီတီတီမျက်နှာနှင့် ပြောလာသည့် ကိုကို့ကို တိမ်လေးက မျက်စောင်းတစ်ချက် ထိုးကာ တုံ့ပြန်လိုက်သည်။ ကိုကိုပြောသည့်အတိုင်း တိမ်လေးနာမည်ပါသည့် ကိတ်အပိုင်းလေးကို တိမ်လေး ကိတ်လှီးဓားလေးနှင့် ဖြတ်ကာ ပန်းကန်ပြားလေးပေါ် တင်လိုက်ပြီး ကိုကို့ကို တစ်ဇွန်း ခွံ့ကျွေးလိုက်သည်။
တိမ်လေး ခွံ့လာသည့် ကိတ်တစ်ဇွန်းကို ကိုကို စားပြီးချိန်မှာ တိမ်လေးလက်ထဲမှ ကိတ်ပန်းကန်ကို ယူပြီး တိမ်လေးကို တစ်ဇွန်း ပြန်ခွံ့ကျွေးသည်။
“မင်္ဂလာဆောင်ရင် ဒီလိုကျွေးရတယ် တိမ်လေးရဲ့။ သတို့သားက သတို့သမီးကို ခွံ၊ သတို့သမီးက သတို့သားကို ပြန်ခွံ။ အဲ့လို လုပ်ရတာ”
“ဟာ… ကိုကိုကလဲ ဘာတွေ ပြောနေတာလဲ။ ရှက်စရာကြီး”
ကိုကိုက ဖရိုဖရဲဖြစ်သွားကာ ရှက်သွားသည့် တိမ်လေး၏ မျက်နှာကို သဘောကျစွာ တဟားဟားရယ်မောတော့သည်။
“ကဲ… ဒါဆို အဖြေပေးတော့လေ တိမ်လေးရယ်”
“နောက်နေ့မှ ပေးမယ်”
“ဟိတ်…ဒီလိုမညစ်ကြေးလေ။ ကိုကို့ကို စိတ်ဆိုးအောင် မလုပ်နဲ့နော်။ ကိုကို စိတ်ဆိုးရင် ခုနက ကိတ်မုန့်လို တိမ်လေးကို ဝါးစားပစ်မှာ သိလား”
ကိုကို့ အပြောကို တိမ်လေး သဘောကျစွာ ရယ်မိတော့သည်။
အင်းပါလေ။ သည်လောက် အချိန်ဆွဲထားရရင် တော်ပါပြီ။ ကိုကို့ကို တိမ်လေး အဖြေပြန်ပေးလိုက်တော့မည်။ သည်လို တွေးလိုက်မိသည်နှင့် တပြိုင်နက် တိမ်လေး၏ နှလုံးသားလေး တဆက်ဆက်ခါအောင် တုန်ရီလှုပ်ရှားနေရသည်။
“ကိုကို့ကို…တိမ်လေး…..”
“ကိုကို….”
ထိုအချိန်တွင် တိမ်လေးတို့ အိမ်ထဲသို့ အော်သံတစ်ခုနှင့်အတူ ရုတ်တရက် ပြေးဝင်လာကာ တိမ်လေး၏ အနောက်ဘက်ကနေ တစ်စုံတစ်ဦးက တင်းကြပ်စွာ သိုင်းဖက်ထားတော့သည်။ တိမ်လေးကို ဖက်တွယ်ထားသည့် လက်တစ်စုံနှင့် တိမ်လေး၏ ကျောနှင့် ထိကပ်လာသည့် ရင်ခွင်လေးတစ်ခုသည် သိသိသာသာ တုန်ရီ၍ နေလေသည်။
ကိုကိုနှင့် တိမ်လေးကတော့ ရုတ်တရက် ဖြစ်ပေါ်လာသည့် အခြေအနေကို နားမလည်နိုင်စွာ ကြောင်အမ်း၍ ရပ်ကြည့်နေမိသည်။
“ကိုကို။ အရမ်း လွမ်းနေခဲ့တာ ကိုကိုရယ်”
ကိုကိုဆိုသည့် ခေါ်သံတစ်ခုကြောင့် တိမ်လေး အသိစိတ်များ ပြန်ဝင်လာကာ တိမ်လေးကို ဖက်သိုင်းထားသည့် လက်များကို ဖြုတ်ပစ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။
“ဟင်…လွှာလေး…၊ လွှာလေး ဟုတ်တယ်မလား”
“ဟုတ်ပါတယ် ကိုကိုရယ်။ ကိုကို့ရဲ့ တစ်ဦးတည်းသော ညီမလေး မိုးတိမ်လွှာပါ”
ထိုစဉ် တိမ်လေး၏ ဖေဖေနှင့် ကိုကို့ဖေဖေတို့ ဧည့်ခန်းထဲသို့ ဝင်လာကြသည်။ ဖေဖေက တိမ်လေးတို့ မောင်နှမနှစ်ယောက်ကို ကြည့်ရင်း မျက်ရည်များ ဝဲနေခဲ့သည်။
“သား…ကောင်းကင်သစ်။ အဲ့ဒါ တိမ်ပြာရဲ့ ညီမလေး မိုးတိမ်လွှာ တဲ့။ သားရဲ့ အနာဂတ် ဇနီးလောင်းပေါ့ကွာ”
ရုတ်တရက် ကြားလိုက်ရသည့် ကိုကို့ဖေဖေ၏ စကားတစ်ခွန်းသည် မိုးကြိုးတစ်စင်းလို တိမ်လေး၏ နှလုံးသားထဲသို့ စူးနစ်နာကျင်စွာ ထိုးခွင်းဝင်ရောက်လာခဲ့တော့သည်။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ