book

Index 11

Chapter 11

ကန်တော်ကြီး၏ ခပ်ညစ်ညစ်ရေများသည် လေ၏ ခပ်ကြမ်းကြမ်း တိုးဝှေ့မှုကြောင့် လှိုင်းများ ဖြစ်ပေါ်လျက် ကန်ဘောင်၏ ကမ်းစပ်သို့ တဝုန်းဝုန်း ရိုက်ခတ်လျက်ရှိသည်။ ကန်စပ်ရှိ ဗေဒါပင်များသည်လည်း တစ်ပင်နှင့် တစ်ပင် ထိစပ်တွယ်ပွားကာ ကျကျနနနေရာယူ အမြစ်တွယ်ထားသည်။ တချို့နေရာများမှာဆိုလျှင် လူတစ်ယောက်ပင် လမ်းလျှောက်သွားလို့ ရနိုင်သည့်အထိ ဗေဒါပင်တို့သည် ထူထပ်ခိုင်ခံ့စွာ ပေါက်ရောက်နေတော့သည်။ 


ကန်ဘောင်စပ်၏ အနီးတဝိုက်မှာတော့ ငါးမျှားသူ၊ ငါးဖမ်းသူတို့ကို ဟိုတစ သည်တစနှင့် ပေါပေါများများတွေ့မြင်ရသည်။ တချို့သည် အဝတ်အစား ခပ်နွမ်းနွမ်း၊ လူပုံညစ်ညစ်နှင့် ငါးဖမ်းပြီး အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်သော်လည်း တချို့မှာတော့ အဝတ်အစားသန့်သန့်၊ လူပုံသန့်သန့်နှင့် ဝါသနာအရ လမ်းကြုံဝင်ပြီး အပျင်းပြေငါးဖမ်းသူများ ဖြစ်မည်။ 


ကောင်းကင်သစ် စိတ်ပြေလက်ပျောက် ဆိုင်ကယ်ပတ်စီးနေရင်းနှင့် ကန်တော်ကြီးဘက် ရောက်လာခဲ့ခြင်း ဖြစ်သည်။ တံတား တစ်ခုပေါ်တွင် ဆိုင်ကယ်လေး ဘေးကပ်ရပ်ထားလိုက်ရင်း ကန်ဘောင်စပ်ထိုင်ကာ မြင်မြင်သမျှ အရာများကို လိုက်ကြည့်နေလိုက်သည်။ 


ကောင်းကင်သစ် ထိုင်နေသည့် ကန်စပ်ဘေးနားသို့ ငါးမျှားကြိုး ရစ်ပတ်ထားသည့် နို့ဆီဘူးခွံလေးကို ကိုင်ထားသည့် လူတစ်ယောက် လာရပ်ကာ ငါးမျှားရန် ပြင်ဆင်နေသည်။ သူတို့၏ ငါးဖမ်းပုံမှာ ကောင်းကင်သစ်အတွက် ထူးခြားဆန်းသစ်နေသည်။ အရင်ကလို ငါးမျှားတံကြီး တကားကားနှင့် မဟုတ်ဘဲ နို့ဆီဘူးခွံလေးနှင့်သာ ဖြစ်သည်။ 


နို့ဆီဘူးခွံပေါ်တွင် ပတ်ထားသည့် ငါးမျှားကြိုးလေးကို တရစ်ပြီး တရစ် ဖြုတ်ကာ ကြိုးထိပ်တွင် အသင့်တပ်လာသည့် ငါးစာလုံးလေးကို တွဲလောင်းချထားလျက် ကန်ထဲသို့ ပစ်ရန် အရှိန်ယူ လွှဲနေလိုက်သည်။ လေထဲတွင် ရှေ့နောက်ရမ်းနေသည့် ငါးစာလုံးလေး ကောင်းကောင်းအရှိန်ရပြီဆိုမှ ငါးမျှားသူက ကန်ရေပြင်တစ်နေရာသို့ ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်လေတော့သည်။ 


ငါးစာလုံးတပ်ထားသည့် ငါးမျှားကြိုးလေးသည် လေထဲသို့ တဝှစ်ဝှစ်မြည်အောင် တို့ဝှေ့သွားရင်း အရှိန်ကုန်သွားသည့်အချိန်တွင် ကန်ရေထဲသို့ ဇွပ်ခနဲ နစ်မြှုပ်သွားတော့သည်။ ငါးမျှားကြိုးလေး ကန်ရေပြင်အောက်ခြေအထိ မနစ်သွားရအောင် ငါးစာလုံးနှင့် နှစ်ထွာခန့်အကွာအဝေးတွင် ဖော့တုံးလေးကိုလည်း တပ်ဆင်ထားသည်။ 


ငါးမျှားသူသည် နို့ဆီဘူးခွံလေးကို ‌ကန်ရေစပ် တနေရာတွင် အနီးအနားက ကျောက်ခဲတစ်တုံးနှင့် ယူဖိကာ ထောင်ထားလိုက်သည်။ ခဏအကြာမှာတော့ နို့ဆီဘူးလေးသည် လှုပ်ခါလာပြီး ငါးဆွဲရာနောက် ပါသွားသည်။ ငါးဖမ်းသူသည် လျှင်မြန်သွက်လက်စွာ နို့ဆီဘူးကို ကောက်ဖမ်းလိုက်ပြီး ငါးမျှားကြိုးကို အသေအချာ ကိုင်တွယ်၍ ပြန်ဆွဲထားသည်။ 


ငါးမျှားကြိုးတွင် မိနေသော ငါးသည် သွေးရူးသွေးတန်း ပြေးလွှားနေဟန်ရှိသည်။ ငါးဖမ်းသူ၏ လက်ထဲမှ ကြိုးလေးသည် တင်းခနဲ ဖြစ်သွားရသည်။ ငါးဖမ်းသူကလည်း အလျှော့မပေးဘဲ သူ့လက်တွင် ငါးမျှားကြိုးကို ရစ်ပတ်လိုက်ကာ ငါး၏ ရုန်းကန်အားကို ဆန့်ကျင်ကာ ပြန်‌ဆွဲလိုက်သည်။ 


သည်တခါတော့ ငါး ပါလာပြီထင်သည်။ ငါးဖမ်းသူ ကြိုးဆွဲရာနောက်သို့ ငါးသည် အလွယ်တကူ လိုက်ပါလာခဲ့သည်။ ကောင်းကင်သစ် ထင်မြင်ယူဆချက်များပင် ချလို့ မပြီးသေး။ ကြိုးတွင် မိနေသော ငါးသည် တစ်ဖန် ရုန်းကန်လာပြန်သည်။ 


မထင်မှတ်ထားသော ငါး၏ ရုန်းကန်မှုကြောင့် ငါးဖမ်းသူ ကိုင်ထားသည့် ငါးမျှားကြိုးမှာ တင်းခနဲ ဖြစ်သွားပြီး ငါးဖမ်းသူ၏ လက်ကို ပြတ်ရှသွားစေတော့သည်။ ငါးဖမ်းသူသည် လက်မှ ပြတ်ရှရာကို လျစ်လျူရှုကာ ကြိုးကို ခပ်တင်းတင်းဆွဲရင်း ငါးကို ဆွဲယူလိုက်သည်။ ငါးသည်လည်း အလျှော့မပေးဘဲ ရုန်းကန်၍နေသည်။ 


နောက်ဆုံးတွင်တော့ ငါးဖမ်းသူသည် ခါးကြားထိုးထည့်လာသည့် ဓားတစ်ချောင်းနှင့် ငါးမျှားကြိုးကို ဆွဲဖြတ်လိုက်ကာ အရှော့ပေးလိုက်တော့သည်။ 


“ဟာ..ဦးလေး…ဘာလို့ ငါးမျှားကြိုးကို ဖြတ်လိုက်တာလဲဗျ။ ငါးတောင်မိနေပြီပဲဟာကို” 


ကောင်းကင်သစ်က ငါးဖမ်းသူကို နားမလည်နိုင်သဖြင့် မေးကြည့်လိုက်သည်။ 


“ဒီငါးက မလွယ်ဘူးကွ။ တော်တော်လေး ကြီးမယ့်ပုံရတယ်။ ‌ဦးလေးက ငါးသာမျှားစားတာ သနားတတ်တယ်။ ဒီကောင် ဒီလောက်ရုန်းနေတာ တော်တော်နာမှာပဲလို့ တွေးမိလိုက်တော့ ဦးလေးလဲ ဆွဲမထားရက်တော့ဘူးလေ။ သူလဲ နာ… ကိုယ်လဲနာ… နာသင့်သလောက် နာခဲ့ကြပြီပဲလေ။ နှစ်ယောက်စလုံး ဒီ့ထက်ပိုပြီး နာမလာခင် ဖြတ်ပေးလိုက်တာ အကောင်းဆုံးပေါ့” 

ဦးလေးကြီး၏ စကားကြောင့် ကောင်းကင်သစ်၏ ခေါင်းထဲတွင် ဖျက်ခနဲ လင်းသွားရသည်။ သည်ရက်ပိုင်းအတွင်း ရှုပ်ထွေးနေသည့်၊ ကောင်းကင်သစ် အဖြေမရှာနိုင်ခဲ့သည့် ပုစ္ဆာများကို ဦးလေးကြီးက သူ့ကိုယ်စား အဖြေရှာပေးလိုက်သလိုပင်။ 


ဟုတ်ပါသည်။ နှစ်ဦးနှစ်ဖက်စလုံး သည့်ထက်ပိုပြီး မနာကျင်ခင် ဖြတ်သင့်တာ ဖြတ်လိုက်ရမည်။ ကောင်းကင်သစ် ပြတ်သားစွာ ဆုံးဖြတ်ချက်ချပြီး ကြွေရုပ် ဆီသို့ ဖုန်းခေါ်လိုက်တော့သည်။ 


တစ်နေကုန် နေပူထားသည့် အရှိန် မပြယ်သေးသည့် ညနေခင်းလေးသည် အိုက်စက်စက်ဖြစ်နေခဲ့သည်။ ကျုံးရေပြင်ကို ဖြတ်လာသည့် လေ‌အေးတချက် တိုက်ခတ်မှုသည် ကောင်းကင်သစ်၏ ပူလောင်နေသည့် စိတ်ကို အေးချမ်းသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါ။ 


“ကို... ပြောစရာရှိတယ်ဆိုပြီး ဖုန်းဆက်ချိန်းပြီးတော့ ခုကျလဲ ဘာမှမပြောဘူး။ ပြောလေကွာ ပြောစရာရှိတာ” 


ကောင်းကင်သစ်၏ ဘေးနားတွင် ထိုင်နေသည့် ကြွေရုပ်လွှာက စိတ်မရှည်စွာနှင့် မေးလာပြီ။ ဘာပဲဖြစ်ဖြစ် သူ ရေးခဲ့သည့် ဇာတ်လမ်းကို သူ တာဝန်ယူရဲရမှာပေါ့လေ။ 


“ကြွေ...၊ ကိုယ် အခုပြောမယ့် စကားတွေကို သေချာနားထောင်ပေးနော်” 


“အင်းပါ ကိုရဲ့။ ပြောပါဆို” 


ကြွေရုပ်သည် ပေါ့ပါးလန်းရွှင်စွာ ပြုံးနေလျက်ရှိသည်။ 


“ကိုယ်လေ... ကိုယ့်စိတ်ကို ကိုယ်မမြင်နိုင်ခဲ့ဘူး ကြွေ။ ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင် နားမလည်နိုင်ခဲ့ဘူး ကြွေ။ ဒါပေမယ့် ဒီရက် ပိုင်းတွေမှာ ကိုယ့်ကိုယ်ကို သိလာတယ်။ ကိုယ့်နှလုံးသားကို ကိုယ် မြင်လာတယ်။ ကိုယ့်ရင်ထဲမှာ နေရာယူနေတာ ဘယ်သူဆိုတာ ကိုယ် နားလည်လာတယ်” 


ကြွေရုပ်သည် တစ်စုံတစ်ခုကို သိရှိခံစားလိုက်ရသလို မျက်နှာပေါ်က လန်းရွှင်နေသည့် အပြုံးလေး ကွက်ခနဲ ပျက်သွားသည်။ 


“ကိုယ် ကြွေ့ကို ရည်းစားစကား မပြောခင်က... နေယံ ကိုယ့်ကို မေးခွန်းတစ်ခု မေးခဲ့ဖူးတယ်။ မင်း တိမ်ပြာ့အပေါ် အစ်ကိုတစ်ယောက်ရဲ့ အချစ်ထက် ပိုနေပြီလား တဲ့။ ငါကတော့ တိမ်ပြာ့အပေါ် မင်း မရိုးသားတော့ဘူး ထင်တယ်တဲ့...” 


ကောင်းကင်သစ်က ပြောလက်စ စကားကို ခဏရပ်ကာ ခေါင်းလေးငုံ့ရင်း သက်ပြင်းလေးကို ရှိုက်ချလိုက်သည်။ 


“ကိုယ် အဲ့တုန်းက ကိုယ့်ကိုယ်ကို လက်မခံနိုင်ခဲ့ဘူး။ စိတ်တိုတိုနဲ့တောင် နေယံ့ကို ဆွဲထိုးလိုက်မိတယ်။ အခုမှ ပြန်စဉ်းစားကြည့်မိတော့ ကိုယ် ရှက်ရမ်းရမ်းခဲ့တာ။ တိမ်ပြာ့ကို ချစ်နေမိတဲ့ ကိုယ့်ကိုယ်ကို လက်မခံနိုင်ခဲ့တာ။ လက်မခံရဲခဲ့တာ။ အဲ့အချိန်မှာ ကြွေက ကိုယ့်ရှေ့ကို ရောက်လာခဲ့တယ်။ စိတ်ကစားတတ်တဲ့ အရွယ်မို့ သူငယ်ချင်းတွေ မြှောက်ထိုးပင့်ကော်လုပ်ခဲ့တာကို သာယာခဲ့ပြီး ကိုယ် ကြွေ့ကို ချစ်တယ်လို့ ဖွင့်ပြောမိတာ” 


“ဒါနဲ့ နေပါဦး။ ကို ဘာပြောဖို့ ကြိုးစားနေတာလဲ” 


ကြွေ့အသံလေးသည် တုန်ရီလျက် ရှိ‌‌သည်။ စူးရှနေသော မျက်ဝန်းများတွင်လည်း မျက်ရည်စများ နေရာယူလျက် ရှိသည်။ 


“ကိုယ် တောင်းပန်ပါတယ် ကြွေ။ တကယ် တောင်းပန်ပါတယ်။ ကိုယ် သိပ်မှားသွားတယ်။ ဒါပေမယ့် ဒီအမှားတွေကို ကိုယ် မရည်ရွယ်ခဲ့ပါဘူး” 


“တော်တော့ ကို၊ ဆက်မပြောနဲ့တော့။ တို့ မကြားချင်တော့ဘူး” 


“ဟင့်အင်း ကြွေ၊ ကိုယ် ဆက်ပြောရမယ်။ ကိုယ့် အမှားတွေ အတွက် ကိုယ့်ကို ကြွေ ကြိုက်တဲ့ အပြစ်ပေးနိုင်ပါတယ် ကြွေ။ ကိုယ်တို့ချစ်နေကြတာ မိဘတွေကို ဖွင့်ပြောပြီးနောက်ပိုင်းမှာ ကိုယ် သိလာရတယ်။ ကိုယ် ကြွေ့ကို တကယ် မချစ်ခဲ့ဘူး ဆိုတာ” 


“ကို့.....” 


ကြွေ့၏ ကြောက်လန့်တကြား အော်ဟစ်သံကြောင့် ဘေးနားမှာ ဆော့ကစားနေကြသည့် ငှက်ကလေးများ လန့်ဖြန့်ကာ ပျံပြေးကုန်ကြသည်။ 


“ကိုယ့် အပြစ်တွေကို ကိုယ် ခံယူပါ့မယ် ကြွေ။ ကိုယ် အနူးအညွတ် တောင်းပန်ပါတယ်။ ကိုယ့်ကို ကြွေ့စိတ်ကြိုက် ရိုက်လို့ရပါတယ် ကြွေ။ ကိုယ် ခံယူပါ့မယ်” 


“တို့က ယူ့ကို ရိုက်လိုက်‌ရတော့ တို့ ရင်ထဲက နာကျင်နေတာတွေက ပျောက်သွားမှာတဲ့လား ကို” 


သူတို့ နှစ်ယောက်ကြားတွင် ခတ္တ တိတ်ဆိတ်သွားသည်။ ကြွေရုပ်က ကျုံးရေပြင်ဘက် မျက်နှာမူကာ အသက်မဲ့နေသော မျက်လုံးသေနှင့် ငေးငိုင်နေခဲ့သည်။ မှောင်ရိပ်ကျလာပြီ ဖြစ်သည့်အတွက် ကျုံးပတ်ဝန်းကျင်တလျှောက်ရှိ လမ်းဘေးမီးတိုင်များတောင် မီးများ ထွန်းလင်းလျက် ရှိပြီ။

 

“ကိုယ်တို့ နှစ်ယောက်စလုံး နာကျင်ရမယ့် အဖြစ်မျိုး ကိုယ် မဖြစ်စေချင်ဘူး ကြွေ။ ကြွေ့ဘေးနား ရှိနေရင်း ကိုယ်တကယ်ချစ်ရတဲ့ သူကို လွမ်းလွမ်း‌ဆွေးဆွေး တမ်းတနေရမယ့် နာကျင်မှုမျိုး ကိုယ်ကိုယ်တိုင် မလိုချင်သလို၊ ကြွေ့ကိုလည်း ကိုယ့်ကို တကယ်မချစ်တဲ့ လူ‌တစ်ယောက်ကို ဆွဲထားရမယ့် နာကျင်မှုမျိုး မခံစားစေချင်ဘူး ကြွေ။ ဒီတော့...ကိုယ်တို့...” 

“တော်ပါတော့ ကို၊ ဆက်မပြောပါနဲ့တော့” 


ကြွေ၏ အသံသည် ကွဲအက်ပြတ်ရှနေသည့် နှလုံးသားမှ လာသည့်အသံဆိုတာ သိသာထင်ရှားနေပါသည်။ ကြွေက ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်ပူများကို လက်ညှိုးလေးဖြင့် အသာအယာသုပ်လိုက်သည်။ 


“ကြွေ သိနေပါတယ် ကို။ ကို ကြွေ့ကို တကယ်မချစ်မှန်း” 


“ဘယ်လို ကြွေ” 


သည်တစ်ခါ အံ့အားသင့် ထိတ်လန့်သွားသူက ကောင်းကင်သစ်။ 


“ကိုကို ဆိုတဲ့ အခေါ်အဝေါ်လေးကိုတောင် တိမ်ပြာ့အတွက် သီးသန့်ထားပေးကတည်းက ကြွေ ကို့ကို သံသယ ရှိနေခဲ့တာ။ အဲ့ဒါကြောင့်ပဲ ကြွေ ကို့ကို တိမ်ပြာနဲ့ ပတ်သတ်ရင် သိပ်ကို သဝန်တိုခဲ့တာပေါ့။ အဲ့ဒီ့ သံသယက ဘယ်မှာ ခိုင်မာသွားလဲသိလား။ ကြွေတို့ သုံးယောက် Easy Ray မှာ ဆုံခဲ့တဲ့နေ့က ကြွေပြောတာ ခေါင်းငုံ့ခံနေတဲ့ တိမ်ပြာ့အပေါ် ကြည့်တဲ့ ကို့ အကြည့်တွေ၊ တိမ်ပြာ ထွက်သွားတဲ့နောက်ကို ပါသွားတဲ့ ကို့ရဲ့ ချစ်ရည်ရွှန်းလဲ့နေတဲ့ အကြည့်တွေက ကြွေ့ရဲ့ သံသယကို ခိုင်မာစေခဲ့တာပဲ ကို” 


ကြွေ၏ မျက်ဝန်းထဲက နာကျင်ကွဲအက်နေသည့် ကြေကွဲမှုများကို ကောင်းကင်သစ် အားထုတ်စရာမလိုဘဲ မြင်နေသည်။ ထိုအချိန်ခဏတွင်တော့ ကြွေ့ကို သူ အားနာသနားသွားရသည်။ 


“ပြီးတော့ ပုဂံ။ အဲ့မှာ အသိသာဆုံးပဲ။ တိမ်ပြာ ရေနစ်သွားတာကို ပူပန်သွားတဲ့ ကို့ မျက်လုံးတွေကို ကြွေ အခုထိ မေ့မရသေးဘူး သိလား။ အဲ့မှာပဲ ကို ဘယ်လောက်တောင် တိမ်ပြာ့ကို ချစ်နေလဲဆိုတာကို ကြွေ လက်မခံချင်ဘဲ လက်ခံလိုက်ရတယ်။ ဒါပေမယ့် ကိုရယ်...” 


ကြွေက ပြောလက်စ စကားကို ရပ်ထားလိုက်ရင်း သက်ပြင်းတစ်ချက် ချကာ ကောင်းကင်သစ်ကို ကြည့်သည်။ ကြွေ့၏ မျက်ဝန်းများကို သူ ရင်မဆိုင်ရဲသဖြင့် အကြည့်လွှဲလိုက်ရသည်။

 

“ကြွေ ပုဂံက ပြန်ရောက်ရောက်ချင်း ဘာလို့ မိဘတွေကို ဖွင့်ပြောဖို့ ကြိုးစားခဲ့လဲ ကို သိလား။ ကို့ကို ဆုံးရှုံးရမှာ ကြောက်လို့။ မိဘတွေကို အသိပေးပြီးတော့ဘဲ ဖြစ်ဖြစ် ကို့နှလုံးသားကို ချည်နှောင်ထားချင်ခဲ့လို့ပေါ့ ကိုရယ်။ ဒါပေမယ့် ကြွေ့ ထင်ထားတာနဲ့ တခြားဆီဖြစ်သွားတယ်။ ကို့နဲ့ နီးစပ်ဖို့ ‌ရှေ့တိုးလာခဲ့တဲ့ ကြွေ့ရဲ့ ခြေတလှမ်းက ကိုယ့်ရဲ့ အဝေးဆုံးကို တွန်းပို့လိုက်တယ်တဲ့လား” 


ကြွေက ခြောက်သွေ့ကွဲအက်စွာ ခပ်ဖွဖွရယ်သည်။ ကြွေ၏ ရယ်သံများသည် အရင်လို ချိုလွင်မှုများတော့ ကင်းမဲ့နေခဲ့ပါသည်။ 


“ကိုယ့်ကို တကယ်မချစ်မှန်း သိရဲ့သားနဲ့ ကိုယ့်ရင်ခွင်ထဲမှာပဲ ခိုဝင်ဖို့ ကြိုစားမိခဲ့တဲ့အထိ ကို့ကို ကြွေ ချစ်ရတာပါ ကိုရယ်” 


“ကိုယ် တောင်းပန်ပါတယ် ကြွေ၊ ကိုယ် သိပ်မှားသွားတယ်” 


“မှားတာပေါ့ ကို။ ကို တင်မဟုတ်ဘူး။ ကြွေလဲ သိပ်မှားတာပေါ့ ကိုရယ်။ ကို့ရင်ခွင်ထဲမှာ တိမ်ပြာ ရှိနေခဲ့မှန်းသိသိရက်နဲ့ ဇွတ်အတင်း တိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ ကြွေလည်း သိပ်မှားတာပေါ့။ တကယ်တော့ ကောင်းကင်ကြီးဆီက တိမ်ပြာတွေကို ခွဲထုတ်သွားဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။ ကြွေကိုက ရူးခဲ့တာပါ” 


ကြွေ့၏ အပြုအမူများသည် တ‌ဖြည်းဖြည်းနှင့် တည်ငြိမ်အေးဆေးလာခဲ့သည်။ ကြွေ့ကို သည်စကားများ ပြောလိုက်လျှင် ကြွေ ခံပြင်းစွာ ဗုံးတစ်လုံးလို ပေါက်ကွဲမည်ဟု ထင်ထားသည့် ကောင်းကင်သစ်၏ အတွေးများနှင့် ကြွေသည် လုံးလုံး ဆန့်ကျင်လျက်ရှိသည်။ 


“ကြွေ့ ရင်ခွင်က ကို့အတွက် လှောင်အိမ်တစ်ခု ဖြစ်ခဲ့ရင် ကြွေ တောင်းပန်ပါတယ် ကို။ ကို့နှလုံးသားကိုလည်း ကြွေ့ ရင်ခွင်လှောင်အိမ်ထဲမှာ ငှက်ကလေးတစ်ကောင်လို ဆက်ပြီး ဖမ်းလှောင်မထားတော့ပါဘူး။ လွတ်လွတ်လပ်လပ် ပျံပါတော့ ကိုရယ်။ တိမ်တိုက်ပြာတွေ ရှိတဲ့ အရပ်ကိုပေါ့။ ကြွေ လှောင်အိမ်တံခါးလေး ဖွင့်ပေးလိုက်ပါတယ်။ ဒါဟာ ကို့ကို သိပ်ချစ်တဲ့ ကြွေရုပ်လွှာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နောက်ဆုံးချစ်ခြင်းပါပဲ” 


ကြွေရုပ်လွှာ၏ တိတ်ဆိတ်သွားသော စကားသံနှင့်အတူ လွင့်ပါလာသည့် အနမ်းနွေးနွေးတစ်ပွင့်သည် ကောင်းကင်သစ်၏ ပါးပြင်ပေါ် ကျဆင်းလာခဲ့သည်။ 


“ဒါ ကြွေ့ရဲ့ နောက်ဆုံးလက်ဆောင်ပါ ကို” 


ကြွေသည် ကောင်းကင်သစ်၏ အနားမှ တလှမ်းချင်း လှမ်းကာ ထွက်ခွာသွားတော့သည်။ 


“တောင်းပန်ပါတယ် ကြွေရုပ်လွှာရယ်” 


သူ့ရင်တွင်းမှ စကားသံတချို့ကိုတော့ ကြွေရုပ်လွှာ ကြားနိုင်တော့မည် မဟုတ်ပါ။ 


ကောင်းကင်သစ် ကျုံးဘေး ပလပ်ဖောင်းပေါ် ရပ်ထားခဲ့သည့် ဆိုင်ကယ်လေးကို စက်နှိုးရင်း နှလုံးသား၏ ခေါ်ဆောင်ရာသို့ မောင်းနှင်လာခဲ့သည်။ သူ့ နှလုံးသားက သိပ်ကို တောင့်တလွမ်းဆွတ် 

နေရသည့် တိမ်ပြာဆိုသည့် ကောင်လေးတစ်ဦးဆီကိုပေါ့။ 


တိမ်လေး၏ ခြံရှေ့ သူရောက်သွားတော့ တိမ်လေးက ခြံထဲမှာ လမ်းလျှောက်နေခဲ့သည်။ ကောင်းကင်သစ် ဆိုင်ကယ်လေးကို ထိုးရပ်လိုက်ကာ တိမ်လေးဆီ အပြေးတပိုင်း သွားလိုက်ပြီး တိမ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသိမ်းထွေးပွေ့ထားလိုက်သည်။ 


“ချစ်တယ် တိမ်လေးရယ်။ ကိုကို တိမ်လေးကို သိပ်ချစ်တယ်” 


ဒီတသက် ဘယ်တော့မှ ကြားရလိမ့်မည်ဟု ထင်မှတ်ထားသည့် စကားတစ်ခွန်းကို ကိုယ် ထာဝရ ပိုင်ဆိုင်ခွင့် မရှိတော့ပြီ ဟု သတ်မှတ်ကာ မေ့ဖျောက်ထားသည့် လူတစ်ဦးဆီမှ မမျှော်လင့်ထားသည့် အချိန်တွင် ရုတ်တရက်ဆန်စွာ ကြားလိုက်ရချိန်မှာတော့ တိမ်လေး၏ နှလုံးသားများ ဆွဲဆောင့်ခါရမ်း ခံလိုက်ရသလို လှုပ်ရှားသွားခဲ့ရပါတော့သည်။


#ခက်ဆစ်

#ကောင်းကင်သစ်၏#မိုးတိမ်ပြာ


rate now: