ဧရာဝတီမြစ်ပြင်ကြီးပေါ်တွင် အရိပ်လာထင်နေသည့် မီးပွင့်မီးရောင်လေးများသည် ရေထဲတွင် နစ်မြှုပ်နေသည့် ကြယ်ပွင့်လေးများပမာ တဖိတ်ဖိတ် တောက်ပလင်းလက်နေကြသည်။
ဧရာဝတီမြစ်၏ ဟိုဘက်ကမ်း ခပ်လှမ်းလှမ်းဆီက စစ်ကိုင်းတောင်ကြီးကိုလည်း ခပ်ရေးရေးမြင်နေရသည်။ စစ်ကိုင်းတောင်တန်းကြီးပေါ်တွင် တည်ထားသည့် စေတီပုထိုးများ၏ မီးရောင်များနှင့် တောက်ပလျှံညီးနေမှုများသည် သပ္ပာယ်ကြည်ညိုဖွယ်ရာ အတိပါပင်။
မှောင်နက်မည်းမည်း မြစ်ပြင်ကြီးထဲတွင် မီးပွင့်လေး၏ အလင်းရောင်ကို အားကိုးရင်း လှေငယ်လေးများသည်လည်း တရွေ့ရွေ့ လူးလွန့်နေကြသည်။ မီးရောင်အားကောင်းကောင်းနှင့် ခုပ်မောင်းလာကာ ကမ်းကပ်ခိုနားကြပြီဖြစ်သည့် သင်္ဘောကြီးများကိုလည်း ဟိုတစ သည်တစ တွေ့မြင်နေရသေးသည်။
ဧရာဝတီမြစ်ကမ်းနဘေးတွင်ရှိသည့် မြစ်ဆိပ်ဆင်းရန် တည်ဆောက်ထားသော အင်္ဂတေလှေကားထစ်များပေါ်တွင် ဇွဲနှင့် တိမ်လေး ဘေးချင်းကပ်ထိုင်ကာ မျက်စိတဆုံး မြင်မြင်သမျှ မြင်ကွင်းများကို ပန်းချီကားတစ်ချပ်သဖွယ် ကြည့်ရှုခံစားနေခဲ့ကြသည်။ သည်နေရာလေးကို ဇွဲခေါ်ဆောင်လာခဲ့၍ တိမ်ပြာ လိုက်ပါလာခဲ့ခြင်းဖြစ်ပါသည်။
“ဒီနေရာလေး ခေါ်လာပေးတဲ့အတွက် ကျေးဇူးကွာ ဇွဲ”
“ဟမ်…ဘာလို့လဲ တိမ်ပြာ”
“ဪ…ဒီလောက်လှတဲ့ ရှုခင်းလေးကို ကြည့်ခွင့်ရလို့ပေါ့ဟ။ ငါ သည်နေရာလေးကို အရမ်းသဘောကျသွားပြီ။ ငါတို့ ဒီကို ခဏခဏ လာရအောင်နော်”
“ဒီနေရာက နေဝင်ချိန်ဆိုလည်း သိပ်လှတာပဲ သိလား။ စစ်ကိုင်းတောင်ရိုးကြီးနဲ့ ကွယ်ပြီး တအိအိ ဝင်သွားတဲ့ နေလုံးကြီးကို ကြည့်ရတာ တကယ့် ပန်းချီကားပဲကွာ”
ဇွဲပြောပြသည့် မြင်ကွင်းကို တိမ်ပြာ စိတ်ကူးနှင့် ပုံဖော်ကြည့်လိုက်မိသည်။ ဟုတ်ပါရဲ့…။ သိပ်လှလိုက်မယ့် ဖြစ်ခြင်း။ ကိုကိုနှင့် အတူတူ ခံစားခဲ့ရသည့် ဗူးဘုရားရင်ပြင်တော်ပေါ်က နေဝင်ချိန်လေးကိုတောင် တိမ်ပြာ ပြေးသတိရမိသွားသည်။
“တိမ်ပြာ… ဒီနေရာလေးမှာသာ ချစ်ခွင့်ပန်ခံရရင်တော့ ကြည်နူးစရာလေးပဲနေမှာနော်။ ချစ်ခွင့်ပန်တဲ့သူ အတွက်ရော၊ ချစ်ခွင့်ပန်ခံရသူအတွက်ရော So Romantic ပဲနော့”
“အေး…ဟုတ်ပါ့”
ဇွဲ၏ အပြောကို တိမ်ပြာ လွှတ်ခနဲ ထောက်ခံမိပြီးမှ တစ်ခုခုကို သတိရသွားကာ ဇွဲကို တိမ်ပြာ ကြည့်မိလိုက်သည်။ ဇွဲမျက်လုံးများထဲတွင် တစ်စုံတစ်ခု ရှိနေခဲ့သည်။ တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်ထားသည့် မျက်လုံးမျိုး။
အခုရက်ပိုင်းများမှာ ဇွဲတစ်ယောက် ခြေလှမ်းများ ပျက်နေသည်။ တိမ်ပြာ့ဆီ ဖုန်းတွေလည်း ခဏခဏ ဆက်သည်။ အိမ်သို့လည်း မကြာမကြာ ရောက်လာတတ်သည်။ ပြောစရာရှိသည်ဟုဆိုကာ ဘာမှမပြောဘဲ ပြန်သွားတတ်သည်။ ဇွဲ၏ ဟန်ချက်ပျက်နေသော အပြုအမူများကို ကြည့်ပြီး တိမ်လေး ရိပ်မိသလိုတော့ ရှိပါသည်။
ဇွဲနှင့်တိမ်ပြာ သူငယ်ချင်းအဖြစ် ပေါင်းလာတာပဲ လေးနှစ်နီးပါးရှိတော့မည်လေ။ လေးနှစ်ဆိုသော အချိန်တစ်ခုအတွင်း သူတိူ့နှစ်ဦး၏ သံယောဇဉ်ကြိုးသည်လည်း ခိုင်မာသင့်သလောက် ခိုင်မာခဲ့ပြီ။ တစ်ယောက်အကြောင်းလဲ တစ်ယောက် အလုံးစုံ သိပြီးကြပြီ။ တခါတလေဆိုလျှင် ပြောစရာမလိုဘဲ တစ်ယောက်နှင့်တစ်ယောက် နားလည်နိုင်ကြသည့်အထိ သူတို့ နီးစပ်ပြီးပြီပဲလေ။
“တိမ်ပြာ… ငါ မင်းကို…”
ပြောလက်စစကားကို ဆက်မပြောဘဲ ဇွဲ တစ်ယောက် အကြည့်လွှဲသွားကာ ခေါင်းငုံ့နေပြန်သည်။ ဇွဲရယ်…။ ဖြစ်နိုင်ရင် ဆက်မပြောပါနဲ့တော့။
“ငါ မင်းကို ချစ်တယ်…တိမ်ပြာ”
တိမ်ပြာ့ကို ချစ်သည့်အကြောင်းကို ရင်ဖွင့်ဖို့ ဇွဲ အားယူ ကြိုးစားနေခဲ့သည်ကို တိမ်ပြာ ရိပ်မိနေခဲ့ပါသည်။ အခုတော့ တိမ်ပြာ့နားနှင့်ဆက်ဆက် ကြားလိုက်ရပြီ။ ကြိုတင်မျှော်လင့်ထားသည့် ထိုစကားအတွက် တိမ်ပြာ ထွေထူးပြီး မခံစားခဲ့ရသည်ကို ဇွဲသာသိလျှင် ဝမ်းနည်းသွားလိမ့်မည် ထင်သည်။
“ဇွဲရယ်…ငါ…”
“မင်း မပြောနဲ့ဦး တိမ်ပြာ။ ငါပြောစရာရှိတာ အကုန်ပြောပါရစေ”
တိမ်ပြာ့ စကားများကို ဇွဲ မကြားချင်သေး၍ ထင်သည်။ တိမ်ပြာ ပြောမည်အလုပ်မှာ ဇွဲက စကားဖြတ်လိုက်သည်။
“ငါ ဒီစကားတွေကို ပြောနိုင်ဖို့ အချိန်ယူ အားယူခဲ့ရတယ် တိမ်ပြာ။ ဒီစကားရဲ့ နောက်ဆက်တွဲ အကျိုးအပြစ်တွေကိုလည်း ငါခံယူနိုင်ဖို့အတွက် အားမွေးခဲ့ရတာလည်း ပါတာပေါ့။ ငါ မင်းကို သိပ်ချစ်တယ် တိမ်ပြာရယ်။ မင်းရင်ထဲမှာ တခြားတစ်ယောက် ရှိနေတာကို ငါ သိသိရက်နဲ့ မင်းကို သိပ်ချစ်မိသွားတယ်”
မြိုသိပ်ထားခဲ့ရသည့် စကားများကို တိမ်ပြာ့ရှေ့တွင် ညှိုးငယ်စွာ ဇွဲ ရင်ဖွင့်နေမိသည်။ ရင်ဘတ်ထဲမှ တိုးဝှေ့လျှံထွက်လာသည့် စကားလုံးများသည် ပါးစပ်ဖျားတွင် တစ်ဆို့နေသည်။ ဇွဲ သက်ပြင်းရှည်တစ်ခုကို ရှိုက်ချလိုက်ရသည်။
“မင်းကို မြင်မြင်ချင်း ချစ်မိသွားတယ်ဆိုရင် မင်း ယုံပါ့မလား တိမ်ပြာ။ ငါတို့အတန်းထဲ မင်းရောက်လာပြီး ငါ့ဘေးမှာ စထိုင်ခဲ့တဲ့ အချိန်ကတည်းက ငါ ဘာမှန်းမသိဘဲ သိပ်ပျော်နေမိတယ်။ မင်းကျေင်းလာမယ့်အချိန်တွေကိုပဲ မျှော်နေခဲ့တယ်။ စာသင်ချိန်တွေမှာလည်း မင်းမျက်နှာလေးကို ခိုးကြည့်ရင်း ကြည်နူးနေခဲ့မိတယ်။ အဲ့တုန်းကတော့ ငါ့ခံစားချက်တွေကို ငါ ကိုယ်တိုင် နားမလည်ခဲ့ဘူး။ ဒါပေမယ့် အချိန်ကြာလာလေ ငါ့ရင်ထဲက ခံစားချက်က ကြီးမားလာလေပဲ တိမ်ပြာ”
ဇွဲကို တိမ်ပြာ နားလည်နိုင်ပါသည်။ တိမ်ပြာ ကိုယ်တိုင်လည်း အချစ်ဆိုတာ ဘာမှန်းမသိသည့် အရွယ်ကတည်းက ကောင်းကင်သစ်ကို ငြိတွယ်စူးနစ်ခဲ့ရသည် မဟုတ်လား။
“ငါတို့ ရှစ်တန်းတုန်းက ပြင်ဦးလွင် သွားခဲ့တာ မင်း မှတ်မိတယ်မလား။ အဲ့ဒီ့နေ့က သူရိန် ငါ့ကို မေးတဲ့ မေးခွန်းလေ။ ဒီအုပ်စုထဲမှာ မင်းကြိတ်ကြိုက်နေတဲ့ သူ ပါတယ်မလား ဆိုတာ။ အဲ့ကောင် သပ်သပ်ယုတ်တာ သိလား။ တကယ်တော့ ငါမင်းကို ကြိတ်ပြီး ချစ်နေခဲ့တာကို မမျှော်လင့်ဘဲ ဒီကောင်သိသွားတယ်”
ဇွဲက ပြောရင်း ခပ်ဟဟ ရယ်လိုက်သည်။ ဇွဲ၏ ရယ်သံများသည် ခြောက်သွေ့ကွဲအက်လျက် အသက်ကင်းမဲ့နေပါသည်။
“အဲ့ကောင် သူရိန်လေ။ တစ်ရက်က ငါ့အိမ်ရောက်လာပြီး ငါ့ဒိုင်ယာရီစာအုပ်ကို ခိုးဖတ်သွားတယ်။ အဲ့ကောင် တော်တော်ဆိုးတယ်။ ငါက ဒိုင်ယာရီထဲမှာ မင်းကို ချစ်နေမိတဲ့အကြောင်းတွေ ရေးထားမိတာကိုး တိမ်ပြာရဲ့။ အဲ့ဒါကို အဲ့ကောင် ခုတုံးလုပ်ပြီး မေးခွန်းမေးခဲ့တာ။ သပ်သပ်ညစ်ပတ်တာ။ ငါ့ကို သူခိုင်းတာ လုပ်ရအောင်လို့လေ။ ငါကလဲ ဘယ်ရမလဲ။ အမှန်အတိုင်းပဲ ဖြေလိုက်တာပေါ့”
ထိုနေ့က အဖြစ်အပျက်ကို တိမ်ပြာ မြင်ယောင်မိသည်။ ထိုနေ့က တိမ်ပြာ့ကို ကြည့်ခဲ့သည့် ဇွဲ၏ မျက်ဝန်းများကိုလည်း ခုချိန်ထိ မှတ်မိနေခဲ့သည်။ တိမ်ပြာ့ကို အမြဲတမ်း ကြည့်တတ်သည့် ဇွဲရဲ့ ညိုပြာရီဝေနေသည့် အကြည့်များ။ တိမ်ပြာ ထိုနေ့ကမှ အဓိပ္ပါယ်ဖော်နိုင်ခဲ့သည့် ဇွဲ၏ အကြည့်များ။
“ငါလေ ဘာလို့ မင်းကို နားလည်ခဲ့လဲ။ မင်း ကောင်းကင်သစ်ကို ချစ်နေတယ်ဆိုတာကို ငါဘာလို့ သိနေခဲ့လဲ။ မင်းကိုယ်တိုင်တောင် မသိတဲ့ မင်းရဲ့ အချစ်တွေကို ငါဘာလို့ မြင်နိုင်ခဲ့လဲ မင်းသိလား။ ငါကိုယ်တိုင် မင်းကို ချစ်နေလို့ပေါ့ တိမ်ပြာရယ်။ မင်း ကောင်းကင်သစ်ကိုကြည့်တဲ့ အကြည့်တွေကို မင်းကို ချစ်မိနေတဲ့ ငါက ကိုယ်ချင်းစာပြီး မြင်နိုင်ခဲ့လို့ပေါ့”
ဖြစ်မှ ဖြစ်ရလေ ဇွဲရယ်။ ဇွဲကို တိမ်ပြာ ဂရုဏာသက်စွာ ကြည့်နေမိလိုက်သည်။
“မင်း ကောင်းကင်သစ်ကို ဖွင့်ပြောဖို့ ငါ မြှောက်ပေးလိုက်ရပေမယ့် ငါ့ရင်တွေ ဘယ်လောက်တောင် နာကျင်ခဲ့ရလဲ မင်းမသိနိုင်ပါဘူး။ အဲ့ဒီ့နေ့က ငါ ဒီနေရာလေးကို တစ်ယောက်ထဲလာပြီး ငိုခဲ့ရတာတွေလဲ မင်း မသိပါဘူး တိမ်ပြာရယ်။ ကောင်းကင်သစ်က ကြွေရုပ်လွှာကို ချစ်နေတယ်ဆိုလို့ မင်း နာကျင်ခံစားရသလိုပဲ ငါ့နှလုံးသားတွေလဲ ကွဲကြေခဲ့ရတာပါပဲ”
ဇွဲသည် သူ၏ ရင်တွင်းခံစားချက်များကို ဧရာဝတီမြစ်ပြင်ကြီးကို ကြည့်ပြီး ရင်ဖွင့်နေခဲ့သည်။ တိမ်ပြာကတော့ ဇွဲ ပြောတာတွေကိုပဲ နားထောင်ပေးနေခဲ့သည်။
“တိမ်ပြာရယ်…ငါ ဒီလိုတွေ ဖွင့်ပြောလို့ မင်းအချစ်တွေကို ပြန်ရလိမ့်မယ်လို့ ငါ မမျှော်လင့်ရဲပါဘူး။ ဒီလို ဖွင့်ပြောရတယ်ဆိုတာကလဲ ငါ မင်းကို သိပ်ချစ်လို့၊ ငါ မခံစားနိုင်တော့လို့၊ ဒီလိုမှ မပြောလိုက်ရရင် ငါ့နှလုံးသားတွေ ပေါက်ကွဲထွက်မတတ် ခံစားချက်တွေနဲ့ ပြည့်နှက်နေလို့ပါ တိမ်ပြာရယ်။ အချစ်ဆိုတာ ငါ့အတွက်တော့ ပိုင်ဆိုင်ခွင့်မရှိဘဲ အလှငေးကြည့်ခွင့်ပဲရှိတဲ့ ပြတိုက်တစ်ခုက ပန်းချီကား တစ်ချပ်လိုပါပဲ။ ငေးကြည့်နေခွင့်ရှိနေတာလေးကိုပဲ…ငါ…ငါ..ကျေနပ်နေရတာပါ”
ဇွဲသည် ပြောနေရင်းနှင့် အသံများ တုန်ရီလာကာ အသံအဖျားလေးများ တိုးဝင်သွားတော့သည်။ တိမ်ပြာ ဇွဲကို ကြည့်မိလိုက်တော့ ဇွဲသည် ခေါင်းငိုက်စိုက်ကျကာ ဝမ်းနည်းစွာ ငိုကြွေးနေတော့သည်။ တိမ်ပြာသည် ဇွဲကို ဖက်သိုင်းထားလိုက်ကာ နှစ်သိမ့်ပေးလိုက်သည်။
“မငိုပါနဲ့ ဇွဲရယ်။ မင်း ငိုတော့ ငါ ဘယ်စိတ်ကောင်းပါ့မလဲကွာ”
“ငါ ဒီလိုတွေ ဖွင့်ပြောလို့ မင်းငါ့ကို မုန်းမသွားစေချင်ဘူး တိမ်ပြာ။ ငါတို့နှစ်ယောက်ကြားမှာ နေရခက်ပြီး သူစိမ်းဆန်သွားမှာကို ငါ အကြောက်ဆုံးပဲ။ ငါ သိပ်ချစ်ရတဲ့ ပန်းချီကားလေးတစ်ချပ်ကို အဝေးကနေပဲဖြစ်ဖြစ် ငေးကြည့်နေခွင့်လေးတော့ ငါ ပိုင်ဆိုင်ပါရစေ တိမ်ပြာ”
“ဇွဲရယ်…”
ဇွဲသည် တိမ်ပြာ၏ ရင်ခွင်အတွင်းမှာ ခိုဝင်လျက် ကလေးငယ်တစ်ဦးလို တရှိုက်ရှိုက် ငိုကြွေးနေခဲ့လေသည်။
“ငါ…တောင်းပန်ပါတယ် ဇွဲရယ်။ မင်းငါ့ကို ချစ်နေတယ်ဆိုတာ ငါ ပြင်ဦးလွင်မှာကတည်းက ရိပ်မိနေခဲ့ပါတယ်။ မင်း ငါ့ကို တနေ့နေ့ တချိန်ချိန်မှာ ဒီလို ဖွင့်ပြောလိမ့်မယ် ဆိုတာလဲ ငါ ခန့်မှန်းမိပါတယ်။ မင်း ပြောလာခဲ့ရင် ဘယ်လိုဖြေရမလဲဆိုတာကိုလဲ ငါ စဉ်းစားထားမိတယ် ဇွဲ”
ဇွဲ အငိုရပ်ကာ မျက်ရည်စများကို သုပ်လိုက်သည်။ တိမ်ပြာ၏ စကားများကို ဇွဲ ရင်ဆိုင်မည့် သဘောဖြစ်မှန်း တိမ်ပြာ သိပါသည်။ တိမ်ပြာ၏ အဖြေအတွက်လည်း ဇွဲ ကြိုတင် ပြင်ဆင်ထားခဲ့ပုံရသည်။
“ငါလေ မင်းကို အရမ်း ခင်တယ် ဇွဲ။ မင်းက ငါ့ရဲ့ အရမ်းချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ပါပဲ။ ငါ့ဘဝအတွက်တော့ နှစ်ယောက်မရှိတဲ့ ငါ့ အချစ်ဆုံးသူငယ်ချင်းပေါ့”
တိမ်ပြာ ပြောလက်စ စကားကို ခဏ ရပ်လိုက်ရင်း ဇွဲကို ကြည့်လိုက်သည်။ ဇွဲမျက်နှာသည် တည်ငြိမ်လျက်ရှိသည်။
“ငါ မင်းကို မျှော်လင့်ချက်တွေပေးပြီး အချိန်ဆွဲမထားချင်ဘူး ဇွဲ။ အဲ့ဒါဟာ မင်းအပေါ် ရက်စက်သလိုတော့ ဖြစ်ပေမယ့် ငါ့စေတနာဆိုတာ မင်း ယုံကြည်ပေးပါ။ ငါ မင်းကို သူငယ်ချင်းတစ်ယောက်ထက် ပိုပြီးတော့ မချစ်နိုင်ဘူး ဇွဲရယ်”
ဇွဲသည် တိမ်ပြာ့ကို တစ်ချက်လှည့်ကြည့်ကာ ခပ်ဟဟလေး ပြုံးပြလေသည်။ ဇွဲ၏ အပြုံးများသည် နေရောင်ထိ၍ ညှိုးနွမ်းနေသည့် စံကားပန်းပွင့်လေးလိုပါပင်။
“ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာအထိ ထိုးဖောက်နေရာယူထားတဲ့ ကိုကို့ကို ငါ တစ်ရက်လေးမှ မေ့မရဘူး ဇွဲ။ ကိုကိုနဲ့ ငါ မသက်ဆိုင်တော့ဘူးဆိုပေမယ့်၊ ကိုကို့ကို ငါ ပိုင်ဆိုင်ခွင့်မရှိတော့ပေမယ့်လေ…ငါလဲ မင်းလိုပဲ ကိုကို့ကို အဝေးချစ်လေးနဲ့ပဲ ငေးကြည့်နေချင်တယ်။ ငါ့ရင်ထဲ ကိုကို့ကို ထားပြီး မင်းအချစ်တွေကို လက်ခံဖို့တော့ ငါ့ စိတ်ကူးနဲ့တောင် မတွေးနိုင်ဘူး ဇွဲ။ ငါ့နှလုံးသားက အဲ့လောက်အထိ မမာကျောနိုင်တာကို နားလည်ပေးပါ ဇွဲရယ်”
ဇွဲနှင့် တိမ်ပြာ တစ်ဦးကို တစ်ဦး စိတ်မသက်သာစွာ ကြည့်ရင်း အသက်မဲ့သော အပြုံးများဖြင့် ပြုံးမိလိုက်ကြသည်။
“ငါ မင်းကို သိပ်နားလည်တာပေါ့ တိမ်ပြာရယ်။ အဲ့ဒါကြောင့်ပဲ ငါမင်းကို ဖွင့်ပြောရမှာ ကြောက်နေခဲ့တာ။ မင်းငါ့ကို ငြင်းမယ်ဆိုတာလဲ ငါသိတယ်”
“ဒါပေမယ့်…စိတ်ချ ဇွဲ။ မင်းက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ။ အဲ့တာကတော့ ဒီတသက် လုံးဝ ပြောင်းလဲ မသွားနိုင်ဘူဆိုတာ ငါ အာမခံတယ်။ ငါ လိုအပ်တဲ့ အချိန်တိုင်း မင်းငါ့ဘေးမှာ အမြဲတမ်း ရှိခဲ့သလို၊ မင်း လိုအပ်တဲ့အချိန်တိုင်းမှာ ငါလဲ မင်းဘေးနား အဆင်သင့်ရှိနေပေးမယ် ဇွဲ။ ဖြူစင်တဲ့ သူငယ်ချင်းအချစ်တွေက ပိုပြီးတော့ ခိုင်မာပါတယ် ဇွဲရာ”
“အေးပါ။ ငါသိပါတယ်။ သူငယ်ချင်းအချစ်ဆိုတာ မင်းငါ့ကို အရက်ရောဆုံးပေးနိုင်တဲ့ ဆုတစ်ခုဆိုတာ။ ငါ့အတွက်တော့ နှစ်သိမ့်ဆုပေါ့ကွာ”
ဇွဲကို တိမ်ပြာ စိတ်မကောင်းစွာ ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တိမ်ပြာ့ရင်ထဲမှာ ကောင်းကင်သစ်သာ နေရာမယူထားခဲ့လျှင် ဇွဲနှင့် တိမ်ပြာ၏ အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါသည်။
“တိမ်ပြာ..၊ မင်း တော်တော် အစွဲအလန်းကြီးတာပဲကွာ”
“မင်းရော ဘာထူးလို့လဲ။ သိရဲ့သားနဲ့ ဇွတ်မမိုက်ချင်ပါနဲ့ ဇွဲရာ။ ငါ့ကို မမျှော်လင့်တော့ဘဲ တခြားတစ်ယောက်ကို ပြောင်းချစ်လိုက်လေကွ”
“ဟ…မင်းပြောသလိုအချစ်ဆိုတာ လွယ်လွယ်ပြောင်းချစ်လို့မှ မရတာ။ မင်းပြောသလိုသာ လွယ်နေရင် မင်းကို ငါ မေ့ပစ်လိုက်တာ ကြာပေါ့”
ဇွဲ၏ အပြောကို တိမ်ပြာ သဘောကျစွာ ရယ်လိုက်သည်။
“အေးကွာ။ အချစ်ဆိုလည်း နားလည်ရတော့ ခက်သား။ ကိုယ်ပိုင်ဆိုင်ခွင့် မရှိမှန်း သိနေပေမယ့် လွယ်လွယ်နဲ့ မေ့ပစ်လို့မရတာ အချစ်ပဲ ထင်ပါရဲ့”
“ဟွန့်…အရူးကောင်”
တိမ်ပြာကို့ ကြည့်ကာ ဇွဲက မျက်မှောင်ကြုံ့ရင်း မဲ့ရွဲ့ကာ ပြောလိုက်တော့သည်။
“အံမယ်…သူခိုးက လူဟစ်တယ် ဆိုတာဒါမျိုးပေါ့။ မင်းရော ဘာထူးလို့လဲ အရူးလေးဇွဲ ရဲ့”
သူတို့နှစ်ယောက် တစ်ယောက် ပခုံးကို တစ်ယောက်ဖက်လျက် ပေါ့ပါးလွတ်လပ်စွာ ရယ်မောလိုက်ကြ၏။
ထို့နောက် ဧရာဝတီမြစ်ကြီးနှင့် ပနံသင့်စွာ လိုက်ဖက်လွန်းသည့် စစ်ကိုင်းတောင်ရိုးကြီး၏ ဝင့်ကြွားတောက်ပနေသည့် အလှတရားများကို သူတို့ သိပ်မြတ်နိုးရသည့် ပန်းချီကားတစ်ချပ်လို ငေးမောကြည့်နေမိပါတော့သည်။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ