လေနုလေအေးများ တဖြူးဖြူး ဆော်သွေးတိုက်ခက်မှုကြောင့် နေပူသော်လည်း အေးမြ၍နေသည်။ ကျောင်းဆင်းချိန်ဖြစ်သည့်အတွက် ကျောင်းပတ်ဝန်းကျင်တဝိုက်မှာတော့ ဖြူစိမ်းဝတ် ကျောင်းသားကလေးများ၊ ကျောင်းလာကြိုသည့် လူကြီးမိဘများ၊ ကျောင်း၏ အနီးတဝိုက်ရှိ ဈေးသည်များနှင့် ပျားပန်းခတ် လှုပ်ရှားစည်ကားလျက် ရှိနေသည်။
မူလတန်းကလေးများကို ကျောင်းဆင်းပေးအပြီး ဆယ်မိနစ်အကြာမှာတော့ မိုးတိမ်ပြာတို့ အလယ်တန်းကျောင်းသားများ ကျောင်းဆင်းရသည်။ မိုးတိမ်ပြာသည် အတန်းဆင်းပြီးပြီးချင်းမှာပဲ ညီမလေး မိုးတိမ်လွှာ၏ မူလတန်း ကျောင်းဆောင်ဆီသို့ အပြေးလေး သွားလိုက်သည်။ ညီမလေး မိုးတိမ်လွှာကတော့ အစ်ကိုဖြစ်သူ မိုးတိမ်ပြာကို သူ့အတန်းမှာပင် ဖင်တကြွကြွနှင့် စောင့်နေရှာတော့မည်။
“ဟော…ရောက်လာပါပြီ သမီးရဲ့ အစ်ကို”
တိမ်လွှာလေးက သူ့အစ်ကိုကို မြင်လိုက်ချိန်မှာ ပျော်သွားသော်လည်း နှုတ်ခမ်းလေးကို စူထားကာ စိတ်ကောက်ချင်ယောင် ဆောင်နေလိုက်သည်။ ဒါမှသာ ကိုကိုက သူ့ကို စိတ်ဆိုးပြေအောင် မုန့်ဝယ်ကျွေးမည်လေ။ တိမ်လွှာလေးက သူ့အကြံကို သူ သဘောကျစွာ ခိခနဲ ရယ်မိလိုက်သေး၏။ ပြီးမှ ပြန်သတိရကာ နှုတ်ခမ်းလေး ပြန်ထော်ထားလိုက်သည်။
“ဆရာမ၊ စောင့်နေပေးတာ ကျေးဇူးတင်ပါတယ်။ သား ဒီနေ့ အတန်းတံခါးပိတ်ရတဲ့ တာဝန်ကျလို့ စောင့်ပိတ်နေရတာနဲ့ နောက်ကျသွားတယ် ဆရာမ”
တိမ်လွှာလေး၏ အတန်းပိုင်ဆရာမသည် တိမ်ပြာ မရောက်မချင်း အမြဲတမ်း စောင့်ပြီးမှ အိမ်ပြန်တတ်သည်။ ဉာဏ်ကောင်း၍ စာတော်သော သူတို့ မောင်နှမ နှစ်ယောက်သည် တစ်ကျောင်းလုံးမှာရှိသည့် ဆရာ၊ ဆရာမများ၏ အချစ်တော်လေးများ ဖြစ်ကြသည်။
“ရပါတယ် သားရယ်။ ဆရာမက ဘာမှမဖြစ်ဘူး။ ဟိုမှာ တိမ်လွှာလေးကိုသာ ချော့ပေတော့”
တိမ်ပြာက ဆရာမကို နှုတ်ဆက်ပြီး တိမ်လွှာလေး လွယ်အိတ်နှင့် ထမင်းချိုင့်ကို ယူလိုက်သည်။
“လာ…ဘဲမလေး၊ နည်းနည်းလေးနောက်ကျတာကို နှုတ်ခမ်းက တစ်တောင်လောက် ထော်နေပြီ”
ဘဲမလေးလို့ သူ့ကို ငေါ့တော့တော့ ခေါ်လိုက်လို့ ရယ်ချင်မိသွားပေမယ့် နှုတ်ခမ်းထော်ထားတာ ပျက်မှာစိုး၍ မရယ်မိအောင် နှုတ်ခမ်းကို တင်းတင်း ထော်လိုက်သည်။ တိမ်ပြာလက်ဆွဲရာနောက် တကောက်ကောက် လိုက်ပေမယ့်လည်း မလိုက်ချင်လိုက်ချင် ပေစောင်းစောင်းနှင့် တိမ်လွှာလေးကိုကြည့်ရင်း အူယားစွာ ရယ်ချင်မိသည်။ ထော်ထားသည့် နှုတ်ခမ်းလေးများကို လက်နဲ့ ဆွဲညှစ်လိုက်ချင်ပါရဲ့။
တိမ်ပြာ သိပါသည်။ တိမ်လွှာလေး၏ ထော်နေသည့် နှုတ်ခမ်းကို ပြေလျှော့သွားအောင် လုပ်နိုင်တာ အခုချိန်မှာ တစ်ခုပဲ ရှိသည်။ ကျောင်းဝန်းထဲမှ ထွက်လိုက်လိုက်ချင်း ဘယ်ဘက်ထောင့်က ဟမ်ဘာဂါရောင်းသည့် ဆိုင်ဘက်သို့ တိမ်လွှာလေးကို လက်ဆွဲရင်း ဆွဲခေါ်သွားလိုက်သည်။ ဆိုင်ရှေ့ရောက်တော့ တိမ်လွှာလေး၏ နှုတ်ခမ်းလေးက တစ်ဝက်လောက်သာ ထော်တော့သည်။
“ဦးလေး…၊ သားညီမ ဘဲမလေးအတွက် ဟမ်ဘာဂါ တစ်လုံး ပေးပါ။ ကြီးကြီးလေး လုပ်ပေးနော် ဦးလေး။ ဒါမှ ဘဲမလေး နောက်ထပ် နှုတ်ခမ်း မထော်နိုင်အောင်”
ဟမ်ဘာဂါ မှာနေသည့် ကိုကို့အသံကို ကြားလိုက်တော့ တိမ်လွှာ ကျေနပ်စွာ ခိခနဲ ရယ်လိုက်မိသည်။
အယ်…မေ့လို့။
သူ စိတ်ဆိုးပြေလို့ မဖြစ်သေးဘူး။
Milk Shake (မစ်ခ်ရှိုတ်)လည်း သောက်ချင်သေးသည်။ နှုတ်ခမ်းထော်ထားဦးမှ ဖြစ်မည်။ သို့သော် သူ့ နှုတ်ခမ်းက ညောင်းလှပြီ။
“ဟောဗျာ…။ ဟမ်ဘာဂါ မှာပေးထားတယ်လေ။ စိတ်ကောက်ကမပြေသေးဘူးလား ဘဲမလေးရဲ့”
တိမ်လွှာက နှုတ်ခမ်းထော်ထားသည့် ပုံ ပျက်မှာစိုး၍ထင်သည်။ ပြန်မဖြေ။ တကယ်တော့ သူ့ညီမကို စချင်၍သာ မသိချင်ယောင်ဆောင်နေခြင်း ဖြစ်သည်။ နောက်တစ်မျိုး လိုနေသေးမှန်း သူကလွဲ၍ ဘယ်သူမှ မသိနိုင်ပါ။
“ဦးလေး”
“စတော်ဘယ်ရီ မစ်ခ်ရှိုတ် ရောမလား”
ဈေးသည်ဦးလေးကြီးတောင် သူတို့ အကြောင်းသိနေလေပြီ။ အင်းလေ…။ ဘဲမလေး ဒီလိုစိတ်ကောက်တာလဲ တစ်ခါ၊ နှစ်ခါမှ မဟုတ်တော့တာ။ တိမ်လွှာလေးကို ငုံ့ကြည့်တော့ ဘဲနှုတ်ခမ်းလေး မရှိတော့ပါ။
“ဟောဗျာ…၊ ဒီနားက ဘဲမလေး ဘယ်ရောက်သွားပါလိမ့်”
သူ့အပြောကို တိမ်လွှာလေးက ခိခိ ခိခိနှင့် ရယ်နေတော့သည်။ တတ်လဲတတ်နိုင်သည့် ကောင်မလေး။
အပြန်တစ်လမ်းလုံး စကားတောင် မပြောနိုင်ဘဲ မုန့်ကိုသာ ငုံ့စားနေသည့် တိမ်လွှာလေးကို ချစ်မြတ်နိုးစွာ ကြည့်နေမိသည်။
“ကိုကို့ကို ကျွေးပါဦး လွှာလေးရဲ့”
“ဟုတ်သားပဲ၊ မေ့သွားလို့၊ ကန်တော့ ကိုကို”
တိမ်လွှာလေး စိတ်ကို စမ်းသပ်လို၍ မုန့်တောင်းစားကြည့်လိုက်သည်။ သည်လိုဆိုတော့လည်း တိမ်လွှာလေးက သူ့ကို ကျွေးရှာသည်။ သူနှစ်သက်တတ်သည့် အစားအစာများကို တိမ်လွှာလေးက ဘယ်သူ့ကိုမှ ကျွေးတတ်သည်မဟုတ်။ ဖေဖေနှင့် မေမေကိုတောင် မကျွေး။ အစ်ကို ဖြစ်သူကိုတော့ မငြိုမငြင် ကျွေးရှာသည်။
“ကိုကိုက စတာပါဗျာ။ လွှာလေးပဲ ဝအောင်စားပါ။ တော်ကြာ နောက်မှ မဝလို့ဆိုပြီး ဘဲမလေးပြန်ဖြစ်သွားရင် ပြန်ဝယ်ကျွေးလို့ မရတော့ဘူးဗျ။ ဆိုင်ပိတ်သွားပြီ။”
“ခိခိ”
မစ်ခ်ရှိုတ်ကို ပိုက်နှင့်စုပ်သောက်နေရင်း တိမ်လွှာလေးက ရယ်ဖြစ်အောင် ရယ်လိုက်သေးသည်။
သူ့ထက် အသက် (၅)နှစ် ငယ်သည့် ညီမလေးကို ညှာတာသနားစွာ အချစ်ပိုရပါသည်။ တိမ်လွှာလေးကို အနွံတာခံပြီး ချစ်ပေးသည့်သူဆိုလို့လည်း တိမ်ပြာတစ်ဦးတည်းသာ ရှိသည် မဟုတ်လား။
ဖေဖေနှင့် မေမေကတော့ သူတို့ အလုပ်တွေနှင့် သူတို့ ရှုပ်ကာ သားသမီးတွေကို အချိန်မပေးနိုင်။ သူတို့မှာ ပိုက်ဆံရှာဖို့သာ လုံးပန်းနေရင်း သားသမီးတွေ ရှိတယ်လို့ မထင်လောက်အောင် မေ့လျော့နေပုံရပါသည်။
မနက်ဆိုလည်း ဖေဖေနှင့် မေမေက သူတို့ ကျောင်းမသွားခင် အိမ်မှာမရှိတော့။ အလျှိုလျှိုနှင့် ထွက်သွားကြသည်။ ကျောင်းလိုက်ပို့ဖို့ မပြောနှင့် မနက်စာကိုတောင် မိသားစု စုံစုံညီညီ မစားနိုင်တာ ကြာခဲ့ပြီ ဖြစ်လေသည်။
ညဆိုလျှင်လည်း သူတို့မောင်နှမ အိပ်ပျော်သွားချိန်အထိ ဖေဖေနှင့် မေမေက ပြန်မလာသေး။ ဘာတွေ အဲ့လောက်ထိ အလုပ်ရှုပ်နေမှန်းတော့ တိမ်ပြာလည်း မသိ။ သူသိသည်မှာ သူတို့မောင်နှမနှစ်ယောက်စလုံး မိဘတွေ၏ ဂရုတစိုက် အချိန်ပေးချစ်ခြင်းကို မခံရခြင်းသာ ဖြစ်သည်။ မိဘတွေဆီက သူတို့ ပေါပေါများများ ရတာဆိုလို့ စည်းစိမ်ဥစ္စာတွေသာ ရှိသည်။
မုန့်ဖိုးတွေ၊ ကျောင်းဝတ်စုံ အသစ်တွေ၊ လွယ်အိတ်အကောင်းစားတွေ ထည်လဲ သုံးနိုင်သည့် သူတို့ကို အတန်းထဲက သူငယ်ချင်းများက အားကျသည်ဟု ဆိုသည်။ ထိုအချိန်မျိုးတွင်တော့ သူ ဟက်ဟက်ပက်ပက် ရယ်မောမိသည်။
တိမ်ပြာကတော့ မနက်ကျောင်းတတ်လျှင် ကျောင်းပေါက်ထိ ဂရုတစိုက် လိုက်ပို့ပေးခံရသည့် သူငယ်ချင်းများကို အားကျသည်။ နေ့လည်စာ စားချိန်တိုင်း ထမင်းကို ကျောင်းဝင်းရှေ့မှာ ခေါက်ဖျာလေးခင်းပြီး ကိုယ်တိုင်ကိုယ်ကျ လာကျွေးခံရသည့် တိမ်လွှာလေး၏ သူငယ်ချင်းများကို အားကျရသည်။ ညနေကျောင်းဆင်းတိုင်း ထီးလေးမိုးပေးပြီး ကျောင်းလာကြိုရင်း ဘာစာတွေသင်ခဲ့လဲဟု မိဘများ၏ စိတ်ဝင်တစားရှိခြင်းခံရသည့် သူငယ်ချင်းများကို မနာလိုရသည်။
တိမ်ပြာ လိုချင်တာ အကောင်းစားကျောင်းဝတ်စုံတွေ၊ ဈေးကြီးပေးရတဲ့ လွယ်အိတ်တွေ၊ ဖောသီပေါများတဲ့ မုန့်ဖိုးတွေ မဟုတ်ဘဲ မိဘတို့၏ နွေးထွေးယုယသည့် ချစ်ခြင်းမေတ္တာများသာ ဖြစ်သည်ကို ဖေဖေ၊ မေမေတို့ကို သူသိစေချင်လှသည်။
တိမ်လွှာလေးကတော့ မိဘမေတ္တာကို မခံစားရပေမယ့် အစ်ကိုတစ်ယောက်၏ ချစ်ခြင်းမေတ္တာများနှင့်တော့ နွေးထွေးလုံခြုံရသည်။ တိမ်လွှာလေး၏ လိုအပ်သော ကွက်လပ်များကို သူ့အချစ်များဖြင့် အတတ်နိုင်ဆုံး အစားထိုးဖြည့်စွက် ပေးနိုင်သည်။
သူလိုချင်ခဲ့သည့် မေတ္တာများကို တိမ်လွှာလေး ပိုင်ဆိုင်စေရမည်။ သူတပ်မက်ခဲ့တဲ့ ချစ်ခြင်းများကို တိမ်လွှာလေး ခံစားစေရမည်။ သူ့လို မေတ္တာငတ်၊ အချစ်ငတ်သူတစ်ယောက်တော့ တိမ်လွှာလေးကို မဖြစ်စေချင်ပါ။ မဖြစ်ရပါ။
သူတို့မောင်နှမ ကျောင်းကနေ အိမ်ပြန်ရောက်သည့်အချိန်တွင် သူတို့ မထင်မှတ်ထားသည့် အခြေအနေတရပ် ဖြစ်ပျက်နေခဲ့သည်။ ဖေဖေနှင့် မေမေ အိမ်ပြန်ရောက်နေခဲ့ခြင်းဖြစ်သည်။
ဧည့်ခန်း၏ အဝင်တံခါးပေါက်မှာပဲ တိမ်ပြာနှင့် တိမ်လွှာ ကြောင်အမ်းပြီး ရပ်နေခဲ့ကြသည်။ ဧည့်ခန်းအတွင်းမှာ ပန်းအိုးကွဲစတွေ၊ ဖန်ကွဲစတွေနှင့် တစစီပြန့်ကျဲပြည့်နှက်လျက် ရှိသည်။
တိမ်ပြာတို့ ပြန်ရောက်နေသည်ကိုပင် ဖေဖေနှင့် မေမေ သတိထားမိဟန် မတူ။ ဒေါသများ လျှံတောက်နေသည့် မျက်လုံးများနှင့် တစ်ယောက်ကို တစ်ယောက် ဝါးစားတော့မတတ် စိုက်ကြည့်နေကြသည်။
“ငါရှာထားတဲ့ ပိုက်ဆံတွေကို မင်း ဘယ်ချိန်ထိ ဖြုံးနေမှာလဲ”
“ယောက်ျားရှာတဲ့ပိုက်ဆံ၊ မိန်းမက သုံးတာပဲ၊ ဘာဆန်းလို့လဲ”
“အေး၊ သုံးတာဆိုရင် မပြောဘူးကွ၊ မင်းက ဖြုန်းတာ၊ ငါ့စည်းစိမ် အကုန် မွဲပြာကျသွားအောင် ဖြုန်းနေတာ။ မင်းကို ဖွင့်ပေးထားတဲ့ စတိုးဆိုင်ကိုတောင် ဖဲပေါင်ရိုက်လိုက်တာ ငါ သိပြီးပြီ။ မင်း ဘာပြောဦးမလဲ”
မေမေသည် လောင်းကစားမှန်သမျှ ဝါသနာကြီးစွာ လိုက်စားတတ်သူဖြစ်မှန်း တိမ်ပြာ သိပါသည်။ ဒါပေမယ့် မေမေ သည်လောက် မိုက်မိုက်ကန်းကန်း ပြုဖို့တော့ မသင့်။
ဗဟန်းမြို့နယ်ထဲက အချက်အချာကျလှသည့် နေရာကောင်းကောင်းတွင် မေမေ ဦးစီးလုပ်ကိုင်ရန် စတိုးဆိုင်ကြီးကြီး တစ်ဆိုင်ကို ဖေဖေ ဖွင့်ပေးထားခဲ့သည်လေ။ သည်ဆိုင်ကိုတောင် မေမေက ဖဲပေါင်ရိုက်သည်ဆိုတာကိုတော့ တိမ်ပြာပင် စိတ်ဆိုးမိသည်။
“ရှင့်ကို ပိုက်ဆံတောင်းတာပဲ။ ရှင်မှ မပေးတာ”
“အေး…၊ အဲ့လို ငါ့ဆီက လက်ဖြန့်တောင်းမနေရအောင် မင်းကို စီးပွါးခွဲပေးထားတာကွ။ မင်းလို မိန်းမမျိုးက ကိုယ့်ထမင်းအိုးကိုတောင် လောင်းကစားနဲ့ လဲထိုးမယ့် မိန်းမမျိုး”
“ဘာဖြစ်လဲ။ ကျွန်မ လောင်းကစားလုပ်လာတာ ကျွန်မ မိဘလက်ထက်ကတည်းက။ ရှင် မယူခင် မစဉ်းစားခဲ့ဘူးလား။ အခုမှ ဘာမှ လာပြောမနေနဲ့”
“ငါ့မှာတော့ မင်းကို ချစ်လွန်းလို့။ ချစ်တဲ့စိတ် တစ်ခုထဲနဲ့ ဘာမှ မစဉ်းစားဘဲ လက်ထပ်ခဲ့တာ မင်း နားလည်လား။ အခုတော့ ငါ မှားသွားမှန်း ငါ သိလိုက်ပြီ”
“ကဲ…မှားသွားတော့ ဘာလုပ်ချင်လဲ ပြော၊ ပြော…”
မေမေ့အသံများသည် ကျယ်လောင်ပေမယ့် တုန်လှုပ်နေခဲ့သည်။ တိမ်လွှာလေးကတော့ ကလေးပီပီ ထိတ်လန့်သွားသည် ထင်ပါ၏။ အော်ဟစ်ကာ ငိုကြွေးတော့သည်။ သည်တော့မှ အိမ်တံခါးဝမှာ သူတို့ရပ်နေသည်ကို ဖေဖေနှင့် မေမေ သတိပြုမိကြသည်။
ဖေဖေက သက်ပြင်းရှည်တစ်ချက် ချလိုက်ကာ လေသံကို လျှော့ချလိုက်သည်။ သိုရာတွင် ဖေဖေ့အသံသည် မာကျောလျက်သာ ရှိနေပါသေးသည်။
“မင်းနဲ့ ဆက်မပေါင်းနိုင်တော့ဘူး။ ကွာရှင်းကြရအောင်”
“ရတယ်လေ။ ဒါပေမယ့် ကျွန်မကို ရှင်ပိုင်ဆိုင်သမျှ တဝက် တိတိ ပေးရမယ်။ အဲ့ဒါရမှ ကျွန်မ ကွာရှင်းပေးနိုင်မယ်”
ဖေဖေ့၏ တောင်းဆိုချက်ကို မေမေက တွေဝေချင့်ချိန်ခြင်း တစ်ချက်မရှိ လိုက်လျောသဘောတူလိုက်သည်ကို သူ့မှာ အံ့ဩ၍ မဆုံး။ တကယ်ဆို မေမေ ငြင်းပယ်လိုက်သင့်သည်။
“ထင်ပါတယ်၊ မင်း ဒီလိုပဲ တောင်းမယ်ဆိုတာ။ အလကား။ ငွေမက်တဲ့ မိန်းမ”
ဖေဖေနှင့် မေမေ ကွာရှင်းတော့မယ်တဲ့လား။
ဖေဖေနှင့်မေမေ အကြီးအကျယ် စကားများလေ့ များထ ရှိပေမယ့် သည်လို ကွာရှင်းရလောက်သည့်အထိ အခြေအနေ မဆိုးရွားခဲ့။ တိမ်ပြာ ဘာမှ ဝင်မပြောနိုင်ခဲ့သော်လည်း ရင်ထဲမှာတော့ ကမ္ဘာပျက်လျက်ရှိပြီ။
“ကလေးတွေကို ငါပဲ ခေါ်သွားမယ်။ မင်းနဲ့ထားခဲ့ရင် ငါ့သားသမီးတွေ ပျက်စီးကုန်လိမ့်မယ်”
“အို…၊ ဘယ်ဖြစ်မလဲရှင့်။ ဘယ်မိဘက သားသမီးကို ဖျက်ဆီးမှာတဲ့လဲ။ ကျွန်မကို နှစ်ယောက်စလုံး မပေးနိုင်ရင်တောင် တစ်ယောက်တော့ ထားခဲ့”
မပြောကြပါနဲ့။ မပြောကြပါနဲ့တော့…။
တိမ်ပြာ့ရင်တွေ အစိတ်စိတ် ကွဲကြေရပြီ။ သားသမီးတွေရဲ့ နှလုံးသားတွေကို စည်းစိမ်ပစ္စည်းတွေကို ခွဲဝေသလို ခွဲလို့ ရမတဲ့လား။ တိမ်ပြာ့ နှလုံးသားသည် သွေးတစက်စက် ကျကာ ကွဲအက်ပျက်ဆီးသွားရပြီ။
“ဒါဆို ငါ့သားကို ခေါ်သွားမယ်”
“ရတယ်။ ကျွန်မက သမီး လွှာလေးကို ခေါ်ထားမယ်”
ဟင့်အင်း…။ မဖြစ်ရဘူး။
လွှာလေးနှင့် သူ့ကို ခွဲလို့မရဘူး။ သူမရှိတော့ရင် လွှာလေးကို ဘယ်သူက စောင့်ရှောက်ပေးမှာလဲ။ လွှာလေးကို ဘယ်သူက မုန့်ဝယ်ကျွေးမှာလဲ။ လွှာလေးကို ဘယ်သူက အချစ်တွေနဲ့ လုံခြုံစေမှာလဲ။ လွှာလေးကို ဘယ်သူက ကျောင်းကြိုပေးမှာလဲ။ ဖြစ်နိုင်လျှင် လွှာလေးကို လက်ဆွဲကာ ဖေဖေတို့နှင့် အဝေးဆုံးတစ်နေရာကိုသာ ထွက်ပြေးချင်မိတော့သည်။
“ကောင်းပြီ။ စီစဉ်စရာရှိတာ စီစဉ်ပြီးရင် မင်းဆီကို ကွာရှင်းစာချုပ် ပို့လိုက်မယ်”
“မျှော်နေပါ့မယ်ရှင်”
မေမေက ခပ်ရွဲ့ရွဲ့ပြောကာ ဟားတိုက်ရယ်မောနေသည်။ သို့သော် မေမေ့ရယ်သံများသည် အသက်မပါ ကွဲအက်အက်ရယ်ပါ။ မေမေတို့ မာနချင်း ပြိုင်သည့်ပွဲတွင် မောင်နှမနှစ်ယောက်၏ သံယောဇဉ်များ ပြတ်ရှသွားရသည်။ မိဘများ အတ္တချင်း စီးချင်းထိုးသည့်ပွဲတွင် မောင်နှမနှစ်ယောက်၏ နှလုံးသားများ မြေစာပင်ဖြစ်ခဲ့ရသည်။
“လာ သား၊ သွားမယ်”
ဖေဖေက သူ့ကို ဆွဲခေါ်လိုက်တော့ တိမ်လွှာလေးကို ဆုပ်ကိုင်ထားသည့် လက်များ ဆွဲဖြုတ်ခံလိုက်ရသလို ကွဲကွာသွားသည်။
“ကိုကို၊ ကိုကို၊ လွှာလေးကို မထားခဲ့ပါနဲ့၊ လွှာလေးကို ခေါ်ဦးလေ ကိုကို့”
လွှာလေးက အော်ဟစ်ငိုကြွေးရင်း အနောက်က ပြေးလိုက်ပေမယ့် မေမေက ဖမ်းဆွဲသွားကာ အိမ်ထဲသို့ ခေါ်သွားခဲ့သည်။
ထိုနေ့က သည်းခြေပျက်မတတ် အော်ဟစ်ငိုကြွေးနေရင်း ကျန်ရစ်ခဲ့သည့် လွှာလေး၏ အသံများသည် သူ့နှလုံးသားကို အပ်တစ်ချောင်းနှင့် ဆွနေသလို တဆစ်ဆစ် ထိခိုက်နာကျင်စေပါသည်။
တိမ်ပြာ ဖေဖေတို့ကို မုန်းသည်။ သိပ်နာကျည်းမိသည်။ သို့သော် သူ ဘာမှ မလုပ်နိုင်ခဲ့ပါ။
ဖေဖေတို့ ကြိုးဆွဲရာသာ အလိုက်သင့် ကခဲ့ရသည်။ ဖေဖေတို့ ရွေးချယ်ခဲ့ကြသည့် လမ်းတွင် သိပ်ချစ်ကြသည့် သူတို့ မောင်နှမနှစ်ယောက် အဝေးဆုံးသို့ လွင့်စင်ကွဲကွာခဲ့ရသည်။
ထိုအဖြစ်အပျက်သည် တိမ်ပြာ့အတွက်တော့ အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ရသည်။ လွှာလေးအတွက်တော့ ကမ္ဘာပျက်သည်ထက်ပင် ဆိုးမည် ထင်ပါသည်။
ထိုနေ့က ကောင်းကင်ကြီးသည်လည်း မိုးတိမ်ပြာများရော၊ တိမ်လွှာလေးများပါ ကင်းစင်လျက် အကျည်းတန်ခြောက်သွေ့စွာ အသက်မဲ့နေခဲ့ပါသည်။
#ခက်ဆစ်
#ကောင်းကင်သစ်၏#မိုးတိမ်ပြာ