၅၂၈ မေတ္တာနှင့် ၁၅၀၀ အချစ်တို့ အားပြိုင်သည်ဆိုပါစို့။
ဘယ်သူနိုင်မည် ထင်ပါသလဲ။ မည်သည့်အချစ်ပဲ နိုင်ပါစေ ကြားထဲက ရွေးချယ်ဆုံးဖြတ်ရသည့်သူက အရူးတပိုင်း ခံစားရပါသည်။
တစ်ဖက်ကလည်း ပြန်လည်အစားထိုး၍ မရသော အမေ၊ တစ်ဖက်မှာလည်း သူ့တစ်သက်နဲ့တစ်ကိုယ် မချစ်ဘူးသည့် အချစ်မျိုးနှင့် သူ့သွေးသားတွေ ခမ်းခြောက်မတတ် ချစ်ရသည့် ကိုကို။
မိဘနှင့် ချစ်သူကို ချိန်ခွင်တစ်ခုပေါ် တင်ချိန်ပြီး ယှဉ်ထိုးရွေးချယ်ရသည့် အဖြစ်မျိုး မကြုံပါရစေနဲ့လို့ လင်းသူရိန် ဆုတောင်းခဲ့ဖူးပေမယ့် သူ့ဆုတောင်းတွေ လျစ်လျူရှုခံခဲ့ရသည်။
“အန်တီ့သားကို လက်လွှတ်ပေးရင် မင်းကို ဘယ်လောက်ပေးရမလဲ”
ထိုစကား တစ်ခွန်းနှင့် ကိုကို၏ အမေသည် သူ့ကို ဒုတိယအကြိမ် စော်ကားနှိမ့်ချခဲ့သည်။ သူ၏ မာနများနှင့် ဖြူစင်သော အချစ်များကို မြေကြီးပေါ်က ရွက်ကြွေသစ်ရွက်လို နင်းချေဖျက်ဆီးခဲ့သည်။ ထိုအချိန်တုန်းက ကိုကိုနှင့်သူ ကားအက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကုတင်ပေါ်မှာ ဆေးသွင်းလက်စသာ ရှိနေသေးသည်။ ယာဉ်တိုက်မှုကြောင့်ရသော ဒဏ်ရာများနှင့် နာကျင်နေသူကို စကားလုံးများနှင့် ထပ်မံထိုးနှက်သူ ကိုကို့အမေကို နာကျည်းခံပြင်းစွာ ကြည့်နေရုံကလွဲ၍ ဘာမှ မတုန့်ပြန်ခဲ့ပါ။
“မင်း အန်တီ့ကို ရက်စက်တယ်လို့ မြင်လဲ ရတယ်။ အန်တီ အမြင်ခံနိုင်တယ်။ မင်းလဲ တစ်ချိန် မိဘနေရာရောက်ခဲ့ရင် အန်တီ့ကို နားလည်လာလိမ့်မယ်လို့ အန်တီ မျှော်လင့်တယ်။ နားမလည်လည်း ကိစ္စတော့ မရှိပါဘူး”
“ကိုကို…၊ အဆင်ပြေရဲ့လား အန်တီ”
သူနှင့်ကိုကို ဆေးရုံရောက်ကတည်းက လူချင်းကွဲသွားသည်။ ကိုကိုကတော့ အရေးပေါ်လူနာခန်းသို့ ပို့ဆောင်ခံရပြီး သူကတော့ ရိုးရိုးလူနာခန်းမှာသာ ကျန်ရစ်ခဲ့သည်။ ကိုကို့ဆီ အပြေးလိုက်သွားချင်ပေမယ့် သူနာပြုဆရာမများက သူ့ကို တားဆီးခဲ့သည်လေ။
“အခုလောလောဆည်တော့ သတိမေ့နေတယ်။ မင်းကတော့ ဘာမှမဖြစ်ပေမယ့် အန်တီ့သားကတော့ သိပ်ထိခိုက်သွားတယ်။ ကံကောင်းလို့သာ အသက်မသေရတာ။ ဖြစ်သမျှ အားလုံးဟာ မင်းကြောင့်ပဲ လင်းသူရိန်၊ မင်းကြောင့်….၊ မင်း သိရဲ့လား”
ကိုကို့အမေသည် သူ့သားစိတ်နှင့် သတိလက်လွတ်စွာ သူ့ကို စိတ်လှုပ်ရှားစွာ အော်ဟစ်တော့သည်။ ပြီးတော့မှ ဆေးရုံရောက်နေသည်ကို သတိရ၍ထင်သည်။ ပြန်လည် ငြိမ်သက်သွားပြန်သည်။
“မင်း အန်တီပြောတာ လက်ခံပါ လင်းသူရိန်။ မဟုတ်ဘူး။ မင်း သေချာပေါက် လက်ခံရလိမ့်မယ်”
“ဘာလို့လဲ အန်တီ၊ အန်တီက ဘာလို့ အဲ့လောက်တောင် သေချာနေရတာလဲ။ ကျွန်တော်က ဆင်းရဲလို့ ငွေသိပ်မက်တယ် ထင်နေလို့လား”
ပြောရင်းနှင့် သိမ်ငယ်ဝမ်းနည်းလာသည့် စိတ်ကြောင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။
“အရင်က မမက်ရင်တောင် မင်းအခု မက်ရတော့မယ် လင်းသူရိန်။ အရင်က မင်း ငွေမလိုရင်တောင် အခုတော့ မင်း လိုအပ်လာတော့မယ်။ မင်းအမေမှာ ရင်သားကင်ဆာရောဂါဖြစ်နေပြီဆိုတာ မင်းသိရဲ့လား”
“ဗျာ…”
မဖြစ်နိုင်တာ။ သူတောင် မသိသည့် မေမေ့ရောဂါအကြောင်းကို အန်တီက ဘယ်လိုသိတာပါလိမ့်။
“ဖြူနွယ့်ဆီကတဆင့် အန်တီ သိထားတာ။ မင်းအမေက မင်းစိုးရိမ်မှာ စိုးလို့။ မင်းစိတ်ညစ်မှာ စိုးလို့ မပြောဘဲ သူတစ်ယောက်ထဲ ကြိတ်ခံစားနေရရှာတာ”
သူ့ရင်တွေ ပူသည်ထက် အဆပေါင်းများစွာ ပို၍ ပူလာသည်။ သူတို့နှစ်ဦးမှာ နီးကပ်စွာ ရှိနေပေမယ့် အန်တီပြောသည့် စကားများသည် သူ့နားထဲမှာ ကြားတစ်ချက်၊ မကြားတစ်ချက်ဖြစ်နေလေသည်။
“အဲ့ဒီတော့ မင်းအမေကို ဆေးကုဖို့ရယ်အတွက် မင်းမှာ ငွေလိုတယ်။ ဒီတော့ မင်းရဲ့ မဖြစ်စလောက် မာနလေးနဲ့ တင်းမခံနေပါနဲ့ လင်းသူရိန်။ အန်တီပြောတာ မင်းလက်ခံသင့်တယ်”
ကိုကို့အမေသည် သူ့ကို ထပ်ကာ ထပ်ကာ စော်ကားလေသည်။
မဖြစ်စလောက် မာနတဲ့လား။ ဖြစ်နိုင်လျှင် သူ့ရင်ကို ခွဲကာ ပြလိုက်ချင်ပါသည်။
ဟုတ်ပါသည်။
ကိုကို့အမေပြောတာ အကျိုးအကြောင်း ဆီလျော်သည်။ ဒီအချိန်မှာ သူမာနကြီးပြနေတော့ရော ဘာရမှာမို့လဲ။ မေမေ့ကို သူ အဆုံးအရှုံး မခံနိုင်ပါ။ ဒါဆို ကိုကို့ကိုရော…။
ကိုကို့ကို သတိရမိသွားချိန်တွင် သူ့နှလုံးသားသည် မီးစတစ်စနှင့် အတို့ခံလိုက်ရသလို ပူလောင်စပ်ဖျင်းသွားရသည်။
သူသာ သည်ကမ္ဘာမြေပေါ်ကနေ အခုချက်ချင်း အငွေ့ပျံ ပျောက်ဆုံးသွားချင်မိတော့သည်။
နောက်ဆုံးတော့လည်း မေမေ့ကိုသာ သူ ရွေးချယ်လိုက်ရသည်။
မေမေ့ကို အချိန်မီ ဆေးမကုသနိုင်လျှင် ထာဝရဆုံးရှုံးသွားနိုင်သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ ကွဲကွာရမှာ သူသိသော်လည်း အခုချိန်မှာတော့ မေမေနှင့် သေကွဲ မခွဲလိုပါ။
ကိုကိုကရော….။
ကိုကိုကတော့ သူ့နှလုံးသားထဲမှာ ထာဝရ ရှင်သန်နေပါလိမ့်မည်။ သူ ကိုကို့ကို ပိုင်ဆိုင်ခွင့် မရရင်တောင်၊ ကိုကို့ကို လက်လွှတ်လိုက်ရရင်တောင်၊ သူ ကိုကို့ကို ဆက်ချစ်နေဦးမှာ သေချာသည့်အတွက် ကိုကိုသည် သူ့နှလုံးသားထဲတွင်တော့ ထာဝရ ရှင်သန်နေပါဦးမည်။
“ကျွန်တော့်ကို သိန်းတစ်ထောင် ပေးပါ အန်တီ “
ပိုက်ဆံစကားကို သူ ပြောရချိန်မှာ သူ့မျက်နှာကို ဓားနှင့်ပင် လှီးဖဲ့ပစ်ချင်မိသည်။ သူ လဲသေသွားဖို့ကောင်းပါရဲ့။
ကိုကို့အမေကတော့ တွန့်ဆုပ်ခြင်း၊ တွေဝေခြင်းမရှိ။ သူ တောင်းသည့်ပိုက်ဆံကို လိုက်လျောပေးဖို့ရန်အတွက် အဆင်သင့်ဖြစ်နေခဲ့သည်မှာ အံ့အားသင့်စရာပင် ကောင်းသည်။
ထိုအချိန်ကစပြီး ကိုကိုနှင့် သူ့အကြားတွင် မထိုးဖောက်နိုင်သော၊ မပျက်ဆီးနိုင်သော တံတိုင်းတစ်ခု ကာခြားသွားခဲ့သည်။
သူတို့ ဆိုင်အထိ ကိုကို အရူးတပိုင်း လိုက်လာခဲ့မည့်နေ့ကို သူ မျှော်လင့်ထားခဲ့ပါသည်။ သူ့အိပ်မက်ထဲမှာ ကိုကို သူ့ဆီ အကြိမ်ပေါင်းများစွာ ရောက်လာခဲ့သည်။ အကယ်၍ အပြင်မှာသာ ကိုကိုရောက်လာခဲ့ရင် သူ ဘယ်လို ရင်ဆိုင်မလဲ။ ထိုနေ့သည် တကယ်ပဲ သူ့ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။
သူ အသွေးအသားတွေထဲထိ စိမ့်ဝင်စွဲမြဲစွာ ချစ်ရသူ။
အိပ်မက်ထဲမှာတောင် ရူးမတတ် လွမ်းဆွတ်တမ်းတနေခဲ့ရသူ။
အခွင့်ရှိခဲ့ရင် စက္ကန့်ပိုင်းလေးမျှပဲဖြစ်ဖြစ် သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်မိသူ။
နောက်ဆုံးတစ်ခေါက်လောက်ဖြစ်ဖြစ် ကိုကိုရယ်လို့ မြတ်မြတ်နိုးနိုး ခေါ်ချင်မိသူ။
နှုတ်ဆက်တဲ့အနေနဲ့ပဲဖြစ်ဖြစ် ယုယစွာနှင့် အနမ်းလေးတစ်ပွင့်လောက် ပေးချင်မိသူ။
ထိုမျှလောက် မြတ်နိုးတွယ်တာရသည့် ကိုကို့ကို “ခင်ဗျားကို ကျွန်တော် မသိပါဘူး” လို့ မဖြစ်မနေ ပြောခဲ့ရသော ညတွင် သူ့နှလုံးသားသည်လည်း သေဆုံးသွားခဲ့ရသည်။
ထိုညမှာတော့ ကိုကိုမသိနိုင်ပေမယ့် သူကတော့ ကမ္ဘာပျက်မတတ် ကြေကွဲခဲ့ရသည်။
ဟင့်အင်း…။
ထိုညမှ မဟုတ်ပါဘူး။ ကိုကိုနှင့် ဝေးခဲ့ရသည့် နေ့မှစ၍ သူ့ ကမ္ဘာသည် အလင်းမဲ့သွားခဲ့ရသည်။ ကိုကို မရှိသည့် ကမ္ဘာမှာ သူ အကြိမ်ကြိမ် လဲကျ သေဆုံးရသည်။
ကိုကို့ချစ်သူအဖြစ် ရှင်သန်ခဲ့စဉ်က ကိုကိုဖန်ဆင်းတဲ့ နေ့တွေ၊ ညတွေမှာ ပျော်ရွှင်စွာ ရှင်သန်ခဲ့သော သူသည် ကိုကို မဲ့သော ကမ္ဘာတွင်တော့ အဓိပ္ပာယ်မဲ့စွာ အသက်မဲ့သွားခဲ့ရသည်။
ဒါတွေ ကိုကို သိနိုင်ဖို့လည်း သူ မမျှော်လင့်တော့ပါ။ သူနှင့် ကိုကိုသည် ကမ္ဘာမြေကြီး တစ်ခုတည်းတွင် ရှင်သန်နေခဲ့ကြသော်လည်း သူတို့အတွက်တော့ ထာဝရ ကမ္ဘာခြားသွားခဲ့ပြီ ဖြစ်လေသည်။
#ခက်ဆစ်
#သူဖန်ဆင်းတဲ့ကျွန်တော့်ရဲ့နေ့တွေညတွေ
×××××××××× (ပြီးပါပြီ) ×××××××××××××
ဒီ ဝတ္ထုလေးကို စောင့်မျှော် အားပေးဖတ်ရှုခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကား ပြောပါရစေ။
အခုမှ ကြိုးစားဆဲ ကလောင်အသစ်လေး ဖြစ်တာမို့ လိုအပ်ချက်များကိုလည်း သည်းခံဖတ်ရှုပေးကြပါဦးနော်။
အကြံပြု ဝေဖန်မှုများကိုလည်း နွေးထွေးတန်ဖိုးထားစွာ ကြိုဆိုပါတယ် ခင်ဗျာ....။
နောက်ထပ် ရေးမယ့် ဝတ္ထုလေးတွေကိုလည်း အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးအထူးပဲ တင်ရှိပါတယ် ခင်ဗျာ....။
#ခက်ဆစ်