book

Index 7

Chapter 7

ပြင်ဦးလွင် အဆင်းလမ်း (၂၁)မိုင်ရှိ ဈေးဆိုင်တန်းတို့တွင် ဈေးရောင်းသူများ၊ ပဲကြော်ကြော်နေသူများ၊ ဈေးဝယ်သူ ဧည့်သည်များနှင့် စည်ကားလျက်ရှိနေသည်။ ထိုဆိုင်ခန်းလေးများသည် သာမန်အားဖြင့် တဲသာသာ အဆောက်အအုံလေးများသာ ဖြစ်ကြသည်။ တချို့ဆိုင်ခန်းများမှာတော့ နှစ်ထပ်အိမ်လေးများဖြစ်ကြပြီး အောက်ထပ်ကို ဆိုင်ခန်းလေးအသွင် ဖွင့်လှစ်ရောင်းချနေကြသည်။ 

ထိုဆိုင်ခန်းများစွာ၏ အလယ်မှာမှ သစ်လွင်တောက်ပနေသော နှစ်ထပ်တိုက်ကြီးနှင့် တွဲ၍ သီးသန့်ဆောက်လုပ်ထားသော ဆိုင်ကြီး တစ်ဆိုင်လဲ ရှိနေသည်။ ထိုဆိုင်ထဲတွင် ပြင်ဦးလွင်၏ ရာသီပေါ် သီးနှံများအပြင် ပြင်ဦးလွင်သို့အလည်လာရောက်‌သည့် ဧည့်သည်များ အိမ်ပြန်လက်ဆောင်အနေနှင့် တခုတ်တယ ဝယ်ယူလေ့ရှိသော ပစ္စည်းများစွာ စုံစုံလင်လင် ခင်းကျင်းလျက် ရောင်းချနေသည်။ ထိုဆိုင်ခန်းထဲတွင်‌ ဈေးဝယ်သူ ဧည့်သည်များနှင့် စည်ကားလျက်ရှိသည်။ 

“ရပါတယ်။ ဖောက်သည်တွေပဲ လျှော့ပေးလိုက်ပါ့မယ် အန်တီရယ်။ ရော့… ဒီ မက်မန်းဝိုင်လေးက သားက လက်ဆောင်ပေးတာနော်”

ချိုသာကြည်လင်သော အသံလေးနှင့် ဈေးဝယ်များကို ဖော်ရွေပျူငှာစွာ ဆက်ဆံနေသည့် ကောင်လေးတစ်ဦးသည် ဆိုင်ခန်းလေးထဲတွင် ဧည့်ကျ၍ အလုပ်ရှုပ်နေခဲ့သည်။ 

“ကျေးဇူးပါပဲကွယ်။ ဒါနဲ့ သား အမေရော မတွေ့ပါလား”

“မေမေ သစ်သီးပွဲရုံသွားနေတယ် အန်တီ။ ဆိုင်မှာ လိုင်ချီးသီးကုန်နေလို့ သွားယူနေတယ် အန်တီရေ”

“အေးကွယ်၊ သားလေးရှိလို့သာပေါ့။ မင်းအမေလဲ အားကိုးရတာ။ သားတို့ကို ဒီလို ပြေပြေလည်လည် မြင်ရတာ အန်တီ သိပ်ဝမ်းသာတာပဲ၊ ကဲ … စကားကောင်းနေလို့ မဖြစ်ဘူး ပြန်ပြီ သားရေ”

“ဟုတ်ကဲ့ပါ အန်တီ၊ နောက်လဲ လာအားပေးပါဦးနော်”

အန်တီကြီးက ပြုံးပြ နှုတ်ဆက်ကာ ကားပေါ်တက်သွားသည်။ ညနေခင်း တဖြည်းဖြည်း နေဝင်လာသည်နှင့်အမျှ လေထုထဲတွင် အအေးဓာတ်လေး သန်းလာသည်။ ပြင်ဦးလွင်က သည်လိုပဲ။ နေ့လည်ပိုင်းတွေမှာ အရင်ကလောက် မအေးတော့ပေမယ့် ညနေခင်းတွေမှာတော့ အေးစိမ့်စိမ့်နှင့် နေလို့ကောင်းသည်။ မန္တလေးကတော့…။

မန္တလေးလို့ သူတွေးမိသည်နှင့် သူ့ရင်တွေ ဆူဝေသွားရသည်။ မန္တလေးနှင့် သူ ဘာဆိုင်လို့လဲ။ နယ်ကျွံနေသည့် သူ့အတွေးတွေကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။

ဈေးဝယ်များကတော့ ညနေစောင်း၍ မှောင်လာသည်နှင့်အမျှ ဈေးဝယ်သူ ပါးလာခဲ့သည်။ နာရီကြည့်တော့ ခုနှစ်နာရီတောင် ထိုးခါနီးပြီ။ မေမေကတော့ ဒီအချိန်ဆို ဘုရားဝတ်ပြုဖို့ ပြင်ဆင်နေလောက်ပြီ။ သူလည်း ဆိုင်ခန်းပိတ်ဖို့ ပြင်ဆင်ရတော့သည်။ ထိုစဉ် ရုတ်တရက် သူ့ ဆိုင်ခန်းရှေ့သို့ လူတစ်ဦး လာရပ်သည်။ ထိုလူသည် သူ့ကို အကြည့်တစ်မျိုးနှင့် မမှိတ်မသုန် စိုက်၍ ကြည့်နေခဲ့သည်။ သူ့မျက်ဝန်းများမှာ မျက်ရည်ခိုးများနှင့် ရွှန်းလဲ့စိုစွတ်နေသည်ဟု သူထင်မိသည်။ ထိုလူ၏ မျက်ဝန်းများနှင့် ဆုံလိုက်မိသောအခါ သူ့နှလုံးသားလေး ဆက်ခနဲ ခုန်လှုပ်သွားရသည်ကိုတော့ သူ ဝန်ခံရပါမည်။ 

“ဘာအလိုရှိလို့ပါလဲ အကို”

ခပ်စိမ်းစိမ်းကြည့်၍ မေးသော သူ့ကို ထိုလူက နားမလည်နိုင်သလို အံ့ဩစွာ စိုက်ကြည့်နေသည်။

“ဘေဘီ၊ ကိုကိုလေ၊ မင်းဆက်သွင်လေ”

သူ ရုတ်တရက် ကြောင်အမ်းသွားသည်။ ထိုလူက သူ့ကိုယ်သူ ကိုကိုတဲ့။ သူ့ကိုလဲ ဘေဘီတဲ့လေ။ 

“ဆောရီး အကို၊ ကျွန်တော် အကို့ကို မသိဘူး။” 

“လင်းသူရိန် မဟုတ်လား၊ ဘေဘီ ကိုကို့ကို မညာပါနဲ့ကွာ”

“လင်းသူရိန် ဆိုတာတော့ ဟုတ်တယ်။ ဒါပေမယ့် အကို့ကို ကျွန်တော်မသိဘူး။ ကိုကိုဆိုတာလဲ မရှိသလို၊ ကျွန်တော်ကလဲ ဘေဘီမဟုတ်ဘူး”

“……….”

သူ လေသံမာမာနှင့် ခပ်ဆက်ဆက် ပြန်ဖြေလိုက်ရသည်။ ထိုလူကတော့ မျက်ရည်တွေတွေ ကျနေလေပြီ။ 

“အကို ဈေးဝယ်ဖို့လာတာမဟုတ်ရင် ပြန်ပါတော့။ ကျွန်တော့်ဆိုင် ပိတ်ချိန်ရောက်ပြီ”

သူ ထိုလူ့ကို အကြောင်းပြချက်ပေးပြီး နှင်ပေမယ့် ထိုလူက မပြန်ပါ။ သူ့ကို မျက်ရည်တွေ စိုရွဲနေသည့် မျက်ဝန်းများနှင့် ကြည့်နေရင်း ရုတ်တရက် သူ့ကို ပြေးဖက်လိုက်သောကြောင့် သူ လန့်ဖြန့်သွားသည်။

“ဒါဘာလုပ်တာလဲဗျ ခင်‌ဗျား။ အမေရေ…အမေ”

သူ့အမေကို အော်ခေါ်လိုက်သည်။ အမေက သူ့အသံကြားတော့ အပြေးရောက်လာခဲ့သည်။ သူ့အမေ ဆိုင်ခန်းထဲသို့ရောက်လာမှ ထိုလူက သူ့ကို လွှတ်ပေးတော့သည်။ မေမေက ထိုလူကို မြင်တော့ ထိတ်လန့်မသွားဘဲ အေးဆေးတည်ငြိမ်စွာသာ ရှိနေသည်။

“သား၊ လင်းသူရိန် အိမ်ထဲသွားတော့။ အမေ သူနဲ့ စကားပြောလိုက်မယ်”

အမေ့စကားဆုံးသည်နှင့် သူ အိမ်ထဲသို့ ပြေးဝင်ခဲ့လိုက်သည်။ အမေကတော့ ထိုလူနှင့် ဆိုင်ခန်းထဲမှာ ကျန်ရစ်ခဲ့သည်။

“အန်တီ၊ သားကို သိတယ်မလား။ သူက လင်းသူရိန်ဟုတ်တယ်မလား။ သားရဲ့ ကလေး ဟုတ်တယ်မလား အန်တီ”

“စိတ်အေးအေးထားပြီး အန်တီပြောတာတွေ နားထောင်ပါ သား မင်းဆက်သွင်။ ဟုတ်ပါတယ်။ သူက အန်တီ့သား လင်းသူရိန်ပါ။ မင်းရဲ့ ချစ်သူဆိုတာလဲ မှန်ပါတယ်။ ဒါပေမယ့် တစ်ချိန်က ချစ်သူပါ သား။ အခုလက်ရှိ သားရဲ့ ချစ်သူက လင်းခက်ရောင် မဟုတ်လား”

“ဟင်…၊ အန်တီ ဒါတွေ ဘယ်လိုသိတာလဲ”

“အန်တီ ဘယ်လိုသိလဲ အရေးမကြီးပါဘူး သားရယ်။ အန်တီပြောတာတွေသာ သား သေချာနားထောင်ပေးပါ”

“……..”

“အန်တီ့သား လင်းသူရိန်က သားတို့ ကားအက်ဆီးဒင့် ဖြစ်တဲ့နေ့မှာ ဦးနှောက်ကို ထိခိုက်သွားပြီး အတိတ်မေ့သွားတယ်ကွယ်။ သူ ဘာဆို ဘာကိုမှ မသိမရတော့ဘူး။ အန်တီ့ကို သူ့အမေဆိုတာတောင် သူမမှတ်မိဘူး။ မကြာသေးတဲ့ အချိန်ကမှ အန်တီ့ကို သူ့အမေအဖြစ် လက်ခံနိုင်ခဲ့တာပါ”

“ဗျာ…”

“သားကို အန်တီ တစ်ခု တောင်းဆိုပါရစေ။ အန်တီ့သားကို မနှောင့်ယှက်ပါနဲ့တော့။ သားလဲ သားဘဝနဲ့သား ဖြစ်နေပြီပဲ။ အန်တီ့သားကို ဒုက္ခတွေ မပေးပါနဲ့တော့။ အန်တီ တောင်းပန်ပါတယ် သားရယ်”

“…….”

အမေ့ရဲ့ စကားအဆုံးမှာ ထိုလူ လှည့်ထွက်သွားခဲ့သည်။ ခေါင်းကို ငိုက်စိုက်ကာ တစ်လောကလုံးကို ဆုံးရှုံးလိုက်ရသလို လေးကန်သော ခြေလှမ်းများနှင့် ထွက်သွားသော ထိုလူ့ကို ခိုးကြည့်နေရင်းက သူ့ရင်ထဲက ဝမ်းနည်းမှုများ လှိုက်၍လှိုက်၍ တက်လာသည်။ ထိုလူ ကားပေါ်တတ်ပြီး စက်မနှိုးသေးဘဲ ဆိုင်ခန်းဘက်ကို လှည့်ကြည့်၍ နေသေးသည်။ ခဏအကြာမှ ကားစက်နှိုးရင်း ထွက်သွားကာ သူ့မြင်ကွင်းများထဲမှ အပြီးတိုင် နှုတ်ဆက်၍ သွားသည်။

သည်တော့မှ ကြမ်းပြင်ပေါ်ကို သူ အရုပ်ကြိုးပျက် ထိုင်ချလိုက်သည်။ သူ အံကြိတ်၍ တင်းခံကာထားခဲ့သော မျက်ရည်များလည်း အတားအဆီးကင်းမဲ့စွာ သူ့မျက်ဝန်းများမှ လျှံကျလာခဲ့သည်။

“ကိုကို”

သူ သိပ်ခေါ်ချင်ခဲ့တဲ့၊ သူ သိပ်ကို တမ်းတလွမ်းဆွတ်နေခဲ့ရတဲ့ အခေါ်အဝေါ်လေးတစ်ခုကို တီးတိုးရေရွတ်မိလိုက်ချိန်မှာပဲ သူ့ရင်တွေ စုတ်ပြတ်သတ် ကွဲကြေသွားရသည်။

“ဘေဘီ တောင်းပန်ပါတယ် ကိုကိုရယ်၊ ဘေဘီ့ကို ခွင့်မလွှတ်ပါနဲ့…”


#ခက်ဆစ်

#သူဖန်ဆင်းတဲ့ကျွန်တော့်ရဲ့နေ့တွေညတွေ


rate now: