သူ၏ ခန္ဓာကိုယ်သည် သူနှင့် ရင်းနှီးမှုမရှိသော အေးစက်စက်မွေ့ရာတစ်ခုပေါ်တွင် လှဲလျောင်းနေရသည်ဟု မင်းဆက်သွင် ခံစားရသည်။ အခန်းတစ်ခန်းထဲတွင် သူရှိနေပြီး ထိုအခန်း၏ အနံ့အသက်များမှာလည်း သူနှင့် စိမ်းကားနေသည်။ ဆေးရုံများမှာ ရတတ်သော အနံ့မျိုးဖြစ်သည်။ အခန်းတွင်း တစ်နေရာမှ နာရီသံ တဂျက်ဂျက်ကို သူ သဲကွဲပြတ်သားစွာ ကြားနေရသည်။
သူ့တစ်ကိုယ်လုံး နာကျင်နေသည်။ လက်တွေ၊ ခြေထောက်တွေ၊ ခါးတွေ… တစ်ကိုယ်လုံးနီးပါး မနာသည့် နေရာမရှိသလောက်ပါပဲ။ ခြေထောက်များကို လှုပ်ကြည့်သည်။ နာကျင်နေသည်က လွဲ၍ သူ့ခြေထောက်များ လွယ်ကူစွာ လှုပ်လျှားနိုင်သည်။ လက်တွေရော။ လက်တွေကိုလည်း သူလှုပ်ကြည့်သည်။ သူ လှုပ်လျားနိုင်သည်။
ဒါပေမယ့်… သူ့ မျက်လုံးများ ဖွင့်မရ။ သူကြိုးစားပြီး မျက်လွှာများကို ဖွင့်ကြည့်သော်လည်း မပွင့်။ ကော်နှင့် အသေကပ်ထားသလို သူ့မျက်လွှာများမှာ တင်းကြပ်စွာ ပူးကပ်နေခဲ့သည်။
ကားနှစ်စီး အရှိန်ပြင်းစွာ ဆောင့်တိုကိမိသည့် မြင်ကွင်း သူ့ ခေါင်းထဲ ရုတ်တရက် ပေါ်လာသည်။ သူ ကားတိုက်မှုဖြစ်ခဲ့သည်။ ကလေးရော ထိုကားတိုက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည်။ သူ နှလုံးခုန်နှုန်းတွေ မြန်လာပြီး ထိတ်လန့်လာသည်။ ကလေး…ကလေး ဘာဖြစ်သွားလဲ… ကလေးရော…။
“ဘေဘီ…ဘေဘီ၊ ဘယ်သူရှိလဲ။ အခန်းထဲမှာ ဘယ်သူရှိလဲ။ ဘေဘီ…"
သူ ကယောင်ခြောက်ခြား အော်ဟစ်နေစဉ် အခန်းထဲသို့ လူတချို့ပြေးဝင်လာသည့် ခြေသံများကို ကြားရသည်။ ထိုခြေသံများထဲမှာ သူ ရင်းနှီးသည့် ခြေသံလည်း ပါဝင်သည်။ မေမေ့ခြေသံ။
“မေမေ…။ မေမေ ရှိတယ်မလား”
“အင်း သား။ မေမေရှိတယ် သားလေး”
“မေမေ… ဘေဘီရော…ဘေဘီရောဟင်”
“သား ခဏ ငြိမ်ငြိမ်နေဦး..။ ဒီမှာ ဆရာဝန်ကြီး ရှိတယ်။ သားကို စမ်းသပ်လိမ့်မယ်”
ဆရာဝန်ကြီးသည် သူ့ရင်ဘတ်ကို နားကြပ်နှင့်ထောက်ကာ စမ်းသပ်သည်။ ပြီးတော့ မေးခွန်းတချို့မေးသည်။
“လူနာအခြေအနေက အကုန်ကောင်းပါတယ်။ ကားတိုက်မှုအရှိန်ကြောင့် အသားတွေ၊ ကြွက်သားတွေတော့ အနည်းငယ် နာနေပါလိမ့်မယ်။ ပေးထားတဲ့ ဆေးတွေတော့ ပုံမှန်တိုက်ပေးပါ”
ထို့နောက် ခြေသံ တချို့ အခန်းထဲမှ ထွက်သွားသည်။ မေမေ့ခြေသံကတော့ သူ့အနား ကပ်လာခဲ့သည်။
“သား၊ နေရထိုင်ရ အဆင်ပြေရဲ့လား”
“မေမေ၊ ဘေဘီရော။ ဘေဘီရောဟင်။ သားကို ပြောပြပေးပါ။ ပြောပြပါမေမေရယ်”
“လင်းသူရိန် ဆုံးပြီ သား။ သားတို့ ကားတိုက်တဲ့ ညမှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်”
ဆုံးပြီ။ ဆုံးပြီတဲ့လား။ သူ့ကို သိပ်အားကိုးရှာသည့် ကလေး၊ သူ့ကို သိပ်ခင်တွယ်လွန်းသည့် ကလေး၊ သူ့ကို သိပ်ချစ်ရှာသည့် ကလေး သည်လောကကြီးထဲကနေ ပျောက်ကွယ်သွားပြီတဲ့လား။ သူ့ ခေါင်းတွေ ထူပူလာသည်။ ဘာမှ တွေးလို့မရတော့။ ကလေးကိုပဲ သူ မြင်ယောင်နေသည်။ သူသိပ်ချစ်ရတဲ့ ကလေး… သူ့ရင်ခွင်ထဲကနေ အပြီးတိုင် ထွက်သွားပြီတဲ့လား။
“သား စိတ်ကို ထိန်းနော်။ မရှိတဲ့လူက မရှိတော့ဘူးဆိုမှတော့ ဘယ်တတ်နိုင်ပါ့မလဲ သားရယ်။ မေမေတို့လဲ ဘာမှ လုပ်မပေးနိုင်ဘူးလေ”
“သားကြောင့်ပါ မေမေ။ သားကြောင့် ကလေးသေရတာ။ သူ တားခဲ့တယ်။ ကားရပ်ဖို့၊ သူ့ကို ပြန်ပို့ဖို့ သူတားခဲ့တယ်။ မေမေရဲ့ အထင်သေးမှုတွေကို ထပ်မခံပါရစေနဲ့ဆိုပြီး သူ အသနားခံခဲ့တာတောင် သား…သား…”
သူ စကားတွေ တိုး၍ သိမ်ဝင်သွားသည်။ မျက်လွှာတွေ ပူးကပ်နေသည့်ကြားက မျက်ရည်တွေကျလာခဲ့သည်။
“သား မငိုနဲ့ သား။ သား အရမ်းငိုလို့မရဘူး။ သား မျက်လုံးတွေ ထိခိုက်ထားတယ် သားရဲ့။ သားမျက်လုံးတွေကို မှန်ကွဲစတွေ စင်လို့ သားမျက်ကြည်လွှာတွေပေါက်သွားတယ် သား။ ဒါပေမယ့် မပူပါနဲ့။ မျက်ကြည်လွှာအလှူရှင် တွေ့ပြီဆိုတာနဲ့ သားကို ခွဲစိတ်ပေးမှာနော် သား”
မျက်လုံးတွေ ထိခိုက်ထားတယ်တဲ့လား။ ထိစမ်းပါစေ။ ကလေးမရှိတော့သည့် သူ့ဘဝကြီးမှာ မျက်လုံးတွေ မြင်နေရတော့ရော ဘာများ ထူးသွားမှာတဲ့လည်း။ သူ့ ဘဝ သေပြီ။ ကလေး သူ့ကမ္ဘာကြီးထဲက ထွက်သွားပြီးကတည်းက သူ့ဘဝ သေပြီ။ ဘဝသေတဲ့ လူတစ်ယောက်က မျက်လုံးတွေ ကန်းတာလောက်ကို ဂရုစိုက်နေရမယ်တဲ့လား။
.
.
.
သည်လိုနှင့် သူ့ဘဝထဲက ကလေး ရုတ်တရက်ကြီး ထွက်သွားခဲ့တာ သုံးလနီးပါး ကြာခဲ့ပြီဖြစ်သည်။ ထို (၃)လသော အချိန်အတောအတွင်းမှာ သူ ကြိုစားနေထိုင်ခဲ့ရသည်။ ကလေးကြောင့် စိတ်ထိခိုက် ခံစားနေရသည့် သူ့ကို မေမေက နွေးထွေးစွာ ကြင်နာယုယခဲ့သည်။ မေမေ့ မေတ္တာတွေနဲ့ သူ ခွန်အားယူကာ ရှေ့ဆက်ခဲ့ရသည်။
“မေမေ့မှာ သားတစ်ယောက်ထဲပဲ ရှိတာနော်။ သားဘဝထဲမှာလဲ မေမေ ရှိပါသေးတယ် သားရယ်”
မေမေက သူ မှိုင်မှိုင်တွေတွေ ဖြစ်တိုင်း၊ ကလေးကို သတိရလို့ ဝမ်းနည်းစွာ ငိုမိချိန်တိုင်းမှာ မေမေ ထိုစကားကို အမြဲပြောခဲ့သည်။ ဟုတ်တော့လည်း ဟုတ်ပါသည်။ မေမေ သူ့ကို ဘယ်လောက် ချစ်တယ်ဆိုတာ သူအသိဆုံး။ မေမေက သူ့အတွက် ရှင်သန်ခဲ့သလို အခုတော့ သူလဲ မေမေ့အတွက် အားတင်းရှင်သန်ပေးရသည်။ သူ့ဘဝကြီးကို အရှုံးပေးမည် ကြံမိချိန်တိုင်း မေမေ့မျက်နှာကို ပြန်မြင်ယောင်ရင်း ထိုအတွေးဆိုးထဲမှ ရုန်းထွက်ခဲ့ရသည်။
သူ ဆေးရုံကဆင်းပြီး နှစ်လခန့် အကြာမှာ ဆေးရုံပြန်တက်ရသည်။ မျက်ကြည်လွှာ အစားထိုးကုသဖို့ ဖြစ်သည်။ ထိုနေ့က မေမေ သိပ်ကို ပျော်ရွှင်နေခဲ့သည်ကို သူ မမြင်ပေမယ့် သိသည်။ မေမေ့အသံများသည် ခါတိုင်းနှင့်မတူ တမူထူးခြားစွာ ပေါ့ပါးလန်းရွှင်နေခဲ့သည်။ မျက်ကြည်လွှာ အစားထိုး ခွဲစိတ်မှုအပြီး၊ ပတ်တီးဖြည်ချိန်မှာလည်း မေမေက သူ့လက်ကိုင် တင်းတင်းဆုပ်ကိုင်ထားကာ မကြောက်နဲ့၊ မေမေရှိတယ်နော် ဟု တတွတ်တွတ်ပြောရင်း အားပေးရှာသည်။
သူ့မျက်လုံးတွေ အမြင်ပြန်ရချိန်မှာလည်း သူ့ထက် မေမေက ပို၍ပျော်နေသည်ဟု ထင်ရသည်။ သိပ်အိန္ဒြေကြီးလွန်းသည့် မေမေ သည်လောက်ပျော်တာ သူ့တစ်သက် မမြင်ဖူးခဲ့။ သူ ဆေးရုံတက်နေရစဉ် ကာလများနှင့် ဆေးရုံဆင်းကာစ ကာလများမှာ မေမေ့ မေတ္တာကို သူ အပြည့်အဝ ခံစားခဲ့ရသည်။ ထိုအေးမြသော မေတ္တာများနှင့် သူ့နေ့ရက်များသည် ပြန်လည် အသက်ဝင်လာခဲ့သည်။
ထိုအချိန်ကာလများတွင် သူ့ဘဝထဲသို့ တိုးဝင်ဖို့ ကြိုးစားလာသူရှိသည်။ အန်တီ ဖြူနွယ်၏ သား လင်းခက်ရောင် သာဖြစ်ပါသည်။ မေမေတို့က တွန်းပို့၍လား၊ သူကိုယ်တိုင်ကပဲ စိတ်ပါ၍လားတော့ သူ မဝေခွဲတတ်ပေမယ့် သူ့ဘဝထဲ လင်းခက်ရောင် ဝင်ရောက်လာတာကတော့ သေချာပါသည်။
နေ့လည်စာ ထမင်းစားချိန်တချို့မှာ မေမေက အလုပ်ကိစ္စရှိတယ်ဆိုပြီး အပြင်ထွက်သွားလျှင် လင်းခက်ရောင်က သူ့ကို ထမင်းခွံကျွေးဖို့ တာဝန်ယူခဲ့သည်။ တချို့သော ညများတွင်လည်း လင်းခက်ရောင်က မေမေ့ကို အနားယူစေကာ သူ့ကိုစောင့်ရင်း အိပ်ပေးခဲ့သည်။ ထို့အပြင် သူ၏ တစ်ကိုယ်ရည် သန့်ရှင်းရေး ကိစ္စများကိုလည်း လင်းခက်ရောင်ကပဲ စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးရှာသည်။ သူ့မျက်လုံးခွဲစိတ်မှု အောင်မြင်တော့လည်း မေမေနှင့် ထပ်တူ ဝမ်းသာ ပျော်ရွှင်ပေးခဲ့သူမှာ လင်းခက်ရောင်ပင်ဖြစ်သည်။
“သား၊ သားလဲ ကျန်းမာရေးကောင်းလာပြီဆိုတော့ လင်းခက်ရောင်နဲ့ သားကို တရားဝင် နေရာချထားပေးချင်တယ်။ မေမေတို့ နှစ်ဖက်မိဘ အသိုင်းအဝိုင်း သီးသန့် ဖိတ်ပြီး Wedding Dinner လေး ကျွေးမလားလို့”
တစ်နေ့မှာ မေမေက ဆိုလာခြင်းဖြစ်သည်။ အမှန်တိုင်း ဝန်ခံရလျှင် လင်းခက်ရောင်၏ သူ့အပေါ် စိတ်ရှည်လက်ရှည် ပြုစုယုယမှုများအပေါ် သူ သာယာခဲ့မိသော်လည်း ကလေးကို တစ်နေ့မှ သူမေ့မရခဲ့ပါ။ ကလေး၏ နေရာမှာ ဘယ်သူ့ကိုမှ သူ အစားထိုး၍ ရမည် မဟုတ်။ သို့သော် မေမေ့ ဆန္ဒများကို သူ လွန်ဆန်၍ မရ။ မရအောင်လည်း မေမေက သူ့ကို စကားလုံးများနှင့် တုပ်နှောင်ခဲ့သည်လေ။
“မေမေ သားကို အတင်းမပြောလိုပေမယ့် ဒါက မေမေရဲ့ နောက်ဆုံးဆန္ဒပါ သား။ မေမေ အသက်လည်း ကြီးပြီ။ ဘယ်နေ့ ဘယ်အချိန်မဆို သား ဘေးနားကနေ မေမေ ပျောက်သွားနိုင်တယ်လေ။ မေမေ သားကို စိတ်ချချင်တယ်။ မေမေ့စကားကို နားထောင်ခဲ့လို့ သား ဘယ်တုန်းကများ ဒုက္ခရောက်ခဲ့ဖူးသလဲ။ မေမေ စီစဉ်တာ သား အတွက်ပါပဲ သားရယ်…
မေမေလေ သားကို စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဘူး။ တစ်ခါလေးမှ မလုပ်ဖူးပါဘူး။ မေမေလုပ်မိခဲ့ရင်တောင် အဲ့ဒါ သားကို ချစ်လွန်းလို့ပါ။ မေမေ သားကို ဇွတ်အတင်း မိန်းမပေးစားလို့ ရတာပဲ။ မဟုတ်လား။ ဒါပေမယ့် မေမေမလုပ်ဘူး။ ယောက်ျားချင်းပဲ စိတ်ဝင်စားတဲ့ မေမေ့သားကို တစ်သက်လုံး စိတ်မဆင်းရဲစေချင်လို့ပါ။ မေမေ သားကို နားလည်ပေးခဲ့သလို သားလဲ မေမေ့ကို နားလည်ပေးပါနော် သား”
မေမေ့စကားများသည် သူ့ကို ချည်ပြီး တုပ်ပြီး ခေါင်းညိတ်လက်ခံရုံသာ ဖြစ်စေခဲ့သည်။ ဤသိူ့နှင့် မေမေ့သဘောထားအတိုင်း လင်းခက်ရောင်နှင့် သူ လက်တွဲဖို့ ဆုံးဖြတ်ခဲ့သည်။
နေ့ကောင်းရက်သာရွေး၍ မေမေ့သူငယ်ချင်း ရှေ့နေတစ်ဦးကို ဖိတ်ကာ သူနှင့် လင်းခက်ရောင် မင်္ဂလာလတ်မှတ် ရေးထိုးခဲ့သည်။ ထို့နောက်တွက် လင်းခက်ရောင်တို့ ဆွေမျိုးများရှိရာ နောင်ချိုသို့ မေမေ၊ အန်တီဖြူနွယ်နှင့် သူတို့အတူ ခရီးထွက်ခဲ့ကြသည်။
နောင်ချိုရောက်ခိုက် လည်စရာရှိတာ လည်ပတ်ကာ နှစ်ပတ်ခန့် နေခဲ့ကြပြီး ပြင်ဦးလွင်ကိုဖြတ်ကာ ပြန်ဆင်းလာခဲ့တာ အခုဆို မိုင်တိုင်အမှတ် (၃၂)တောင် ရောက်နေပြီ။ သူက ကားမှန်ပြတင်းဘေး ထိုင်ရင်း ရှုခင်းများကို ကြည့်နေသည်။ သည် ပြင်ဦးလွင်မြို့လေးသည် သူသိပ်ချစ်ရသည့် ကလေး မွေးဖွားရာ ဇာတိမြို့လေးဖြစ်သည်။
“အစ်မ၊ (၂၁)မိုင်ကျရင် ရပ်ပေးရဦးမလား”
ဒရိုင်ဘာ ဦးဝင်း၏ အမေးမှာ မေမေ မျက်နှာ ပျက်သွားတာ သူ သတိထားလိုက်မိသည်။
“ကိုဝင်းမောင်၊ ကျွန်မ ဝယ်စရာရှိရင် ပြောမှာပေါ့”
မေမေက ခပ်မာမာ ပြတ်ပြတ်ဆိုသည်။ ဦးဝင်း အပေါ် မေမေ သည်လို လေသံမာမာပြောတာ သူ တစ်ခါမှ မကြုံဖူး၍ သူ အံ့ဩသွားရသည်။
“သားတို့ ပင်ပန်းနေရောပေါ့။ ခဏလောက် အိပ်လိုက်ခဲ့လေ။ မန္တလေးရောက်မှ မေမေ နှိုးမယ်”
“သား မအိပ်ချင်ဘူး မေမေ၊ ညီရော”
လင်းခက်ရောင် ကို ညီ ဟုသာ သူ သုံးနှုန်းသည်။ လင်းခက်ရောင်ကတော့ သူ့ကို ကို ဟု တစ်လုံးတည်းသာ ခေါ်သည်။
“ညီလဲ မအိပ်ချင်ဘူး ကို”
ဤသို့နှင့် သူကလည်း ကားမှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့သာ တစိုက်မက်မက် ငေးမောလာခဲ့သည်။ မိုင်တိုင် တစ်ခုပြီး တစ်ခု ကျော်ဖြတ်လာပြီးတိုင်း မေမေက သူ့မျက်နှာကို တကြည့်ကြည့် ဖြစ်လာသည်။ မေမေ ဘာလို့ သူ့ကို သတိထားပြီး စောင့်ကြည့်နေလဲ သူနားမလည်။ သူ မေမေ့ကို ပြန်ကြည့်တဲ့ အခါမှာတော့ မေမေက တစ်ဖက်သို့လှည့်သွားကာ မသိချင်ယောင်ဆောင်နေသည်။ သူ့စိတ်ထဲမှာတော့ မတင်မကျဖြစ်နေရသည်။ မေမေဘာဖြစ်နေမှန်းတော့ သူ မသိ။
ပြင်ဦးလွင် အဆင်းလမ်း (၂၁)မိုင်၊ ဈေးသည် ဈေးဝယ်တွေနှင့် စည်ကားနေသော ဈေးတန်းနားသို့ သူတို့ ကား ရောက်လာခဲ့သည်။
“ကိုဝင်းမောင်၊ ကားမောင်းတာလဲ နှေးလိုက်တာ။ မြန်မြန်မောင်းပါ”
မေမေက ဦးဝင်းကို အရှိန်တင် မောင်းခိုင်းပေမယ့် အဆင်းလမ်းဖြစ်သည့်အပြင် အိမ်ပြန်လက်ဆောင်ဝယ်နေကြသည့် လူများနှင့် စည်ကားနေတော့ မြန်မြန်မောင်း၍ မရ။ (၂၁)မိုင်နား အရောက်မှာ မေမေ၏ အမူအရာများ သိသိသာသာ ပျက်ယွင်းနေခဲ့သည်။ မေမေသာမက၊ အန်တီ ဖြူနွယ်လည်း မျက်နှာညိုနေသည်။ မေမေတို့ ဘာလို့ သည်လိုဖြစ်နေရတာလဲ သူ နားမလည်ပါ။
ထိုစဉ် ရာသီပေါ်သီးနှံများနှင့် အိမ်ပြန်လက်ဆောင်များရောင်းသော ဆိုင်တစ်ဆိုင်အရှေ့မှ သူတို့ကား အဖြတ်၊ သူ ရုတ်တရက် ထိတ်လန့်သွားရသည်။ ဆိုင်အတွင်းမှာ ထိုင်နေသည့် ကောင်လေးတစ်ယောက်ကြောင့် သူ့နှလုံးသား ဆက်ခနဲ ခုန်လှုပ်သွားသည်။ ထိုကောင်လေး ကို သူသိသည်။ စက္ကန့်ပိုင်းသာသာ သူ ဖြတ်ခနဲ မြင်လိုက်ရပေမယ့် ထိုကောင်လေး၏ ပုံသဏ္ဌာန်ကို သူ ရင်းရင်းနှီးနှီး သိသည်။ နှစ်ခါပြန်ကြည့်စရာ မလိုလောက်အောင် ထိုကောင်လေးကို သူ အလွတ်ရသည်။
သေချာပါသည်။ ထိုကောင်လေးသည် သူ သိပ်ချစ်ရသူ လင်းသူရိန်သာ ဖြစ်သည်။ နှစ်ယောက်မရှိသော သူ့ရင်ဘတ်ထဲက ကလေး ဖြစ်ပါသည်။
#ခက်ဆစ်
#သူဖန်ဆင်းတဲ့ကျွန်တော့်ရဲ့နေ့တွေညတွေ