book

Index 5

Chapter 5

ထိုည၏ တိတ်ဆိတ်မှုသည် တခြားသောညများထက် ပို၍ တိတ်ဆိတ်နေသလို ခံစားနေရသည်။ ကလေး၏ အဆောင်ရှေ့ရောက်သည် အထိ သူတို့စကားမပြောဖြစ်ခဲ့ကြ။ သူတို့နှစ်ဦး ကားထဲမှာ ခေါင်းငိုက်စိုက်ကာ တိတ်ဆိတ်စွာ နေမိကြသည်။ အချိန်ကြည့်လိုက်တော့ (၈)နာရီခွဲ။ အချိန်တန်ပြီဟု ယူဆကာ သူတို့နှစ်ဦးကြားက ဆိတ်ငြိမ်မှုကို သူကပဲ စတင်ဖြိုခွင်းလိုက်ရသည်။

“ကိုကို တောင်းပန်ပါတယ်ကွာ။ ကလေးကို ကိုကို မကာကွယ်ခဲ့နိုင်ဘူး”

“ရပါတယ် ကိုကို။ ဘေဘီ နားလည်ပါတယ်။ ကိုကိုနဲ့ စတွဲထဲက ကိုကို့အမေကို ကိုကိုမလွန်ဆန်နိုင်မှန်း ဘေဘီ သိပါတယ်”

ကလေး၏ စကားများသည် အေးစက်စိမ်းကားလျက်ရှိသည်။ ကလေး၏ မျက်နှာကလည်း ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်လျက်သာရှိသည်။

“ဒါပေမယ့် ဘေဘီ၊ ကိုကိုလေ ဘေဘီသာ လိုက်ရဲရင် ဘေဘီ့ကို ခေါ်ပြီး အဝေးကို ထွက်ပြေးရဲတယ်။ ဘေဘီနဲ့သာဆိုရင် ကိုကို ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတယ်။ မေမေ့ကိုလဲ ကိုကို လွန်ဆန်ရဲတယ်”

“တော်ပါတော့ ကိုကို။ ကိုကို့အမေရဲ့ ဝင်မပြောနဲ့ဆိုတဲ့ စကားလေးတစ်ခွန်းကိုတောင် ကိုကို မလွန်ဆန်ဝံ့တာ ဘေဘီ မျက်မြင်ပဲ။ ဒါပေမယ့် ဘေဘီ အဲ့ဒါကို စိတ်မဆိုးဘူး။ ဘေဘီ စိတ်နာတာက ကိုကို့ အမေရဲ့ အထင်အမြင်သေးတဲ့ အကြည့်တွေ၊ အထင်သေးတဲ့ စကားတွေပဲ။ ကိုကို့ကို ကိုကိုပိုင်ဆိုင်တဲ့ စည်းစိမ်တွေကြောင့် ချစ်ခဲ့တာလို့ တိုက်ရိုက်မပြောရုံတမည်ပဲ။ ဘေဘီ့ကို သွယ်ဝိုက်ပြီး စော်ကားလွန်းတဲ့ ကိုကို့အမေရဲ့ စကားတွေကို ကိုကိုဘာလို့ မကာကွယ်ခဲ့တာလဲ။ ငွေမရှိတော့တဲ့ ကိုကို့ကို ဆက်ချစ်နိုင်ပါ့မလား ဆိုတဲ့စကားက ဘေဘီ့အရှိုက်ကို ရိုက်ထည့်လိုက်တာပဲ သိရဲ့လား။ သိပ်နာတယ် ကိုကို”

ကလေး၏ နှုတ်ခမ်းများ တုန်ရီကာလာသည်။ မျက်ဝန်းများလည်း မျက်ရည်စများ ဝေ့သီနေသည်။ စကားသံများသည်လည်း ဒေါသငွေ့များဖြင့် မာတင်းလျက်ရှိသည်။

“ဒါနဲ့ ဘေဘီ မေးပါဦးမယ်။ အန်တီ့သားက ဆင်းရဲဒုက္ခ‌တွေကို အချစ်တစ်ခုထဲနဲ့ ရှေ့ဆက်ရဲပါ့မလားလို့ ကိုကို့အမေ ပြောတဲ့ အချိန်မှာ ကိုကိုဘာလို့ ဝင်မဖြေခဲ့တာလဲ။ ပြောစမ်းပါဦး ကိုကို”

“အဲ့…အဲ့တုန်းက မေမေက ဘာမှ ဝင်မပြောဖို့ မှာထားလို့လေ…ကလေးရယ်”

“ မဟုတ်ဘူး ကိုကိုရဲ့။ ကိုကို ကိုယ့်ကိုယ်ကိုယ် ညာနေတယ်။ တကယ်တမ်း အဲ့ဒါကြောင့်မဟုတ်ဘူး။ ကိုကိုကိုယ်တိုင် မယုံကြည်ရဲတာ။ အချစ်တစ်ခုထဲနဲ့ အရာရာကို ကျော်ဖြတ်ရဲပါ့မလားဆိုတာ ကိုကို တွေဝေနေခဲ့တာ။ ကိုကို့ အမေ ကိုကို့ကို စွန့်ပစ်လိုက်မှာ ကိုကို ကြောက်နေခဲ့တယ်မလား”

ကလေး၏ ပြင်းထန်သည့် စွပ်စွဲချက်တွေကို သူကြောက်လန့်တကြား ပျာယာခတ်စွာ ငြင်းပယ်လိုက်သည်။

“မဟုတ်ဘူး ဘေဘီ။ မဟုတ်ဘူး….”

“မဟုတ်ဘူးဆို ဘာလို့မဟုတ်တာလဲ ပြော။ ဘေဘီ့ကို ယုံကြည်နိုင်လောက်တဲ့ အကြောင်းပြချက်ပေးစမ်းပါ”

ကလေးပြောသည့် အကြောင်းပြချက်ကို သူ မပေးတတ်။ ခေါင်းတွေ ပူထူအောင် စဉ်းစားပေမယ့် ဘာမှ ထွက်မလာ။

“မဖြေတတ်တော့ဘူးမလား ကိုကို။ တကယ်တော့ ကိုကိုက ဘေဘီ့ကို ချစ်တာ မဟုတ်ဘူး။ ကိုကို့စည်းစိမ်၊ ဥစ္စာတွေကိုပဲ ချစ်တာ။ သူဌေးသားဆိုတဲ့ ဂုဏ်ကို ပိုချစ်တာ။ အမေ့ကို မလွန်ဆန်ရဲတာ မဟုတ်ဘူး။ အမေ့ရဲ့ စည်းစိမ်တွေကို မလွန်ဆန်ရဲတာ။ ဟုတ်လား ကိုကို”

ကလေး၏ ထိုးနှက်ချက်တွေကြား သူ အရှိုက်ထိကာ ငြိမ်ကျသွားသည်။ သူတကယ်ပဲ ကလေးပြောသလို ဖြစ်နေခဲ့ပြီထင်သည်။ သူတို့နှစ်ဦးကြား ခဏအကြာ တိတ်ဆိတ်သွားပြန်သည်။

“အခု ကိုကိုနဲ့ ဘေဘီ နီးနီးကပ်ကပ် ထိုင်နေပေမဲ့ နှလုံးသားချင်း ဝေးသွားပြီ ကိုကို။ သိပ်ကို ဝေးသွားပြီ။ ဘယ်တော့မှ မနီးကပ်နိုင်တော့တဲ့ အကွာအဝေးတစ်ခုအထိ ဝေးသွားပြီဆိုတာ ကိုကို သိရဲ့လား”

မဟုတ်ဘူး။ ကလေး ပြောသလို မဖြစ်ရဘူး။ မဝေးကွာရဘူး။ သူတို့ နှစ်ယောက်ကြားမှာ ဘယ်လိုနည်းနဲ့မှ မဝေးကွာစေရဘူး။ ကလေးနဲ့ သူ မဝေးနိုင်ဘူး။ လုံးဝပဲ။ 

သူ ဆုံးဖြတ်ချက်ချကာ ကားတံခါးများကို lockချလိုက်သည်။ ကားစက်နှိုးပြီး အရှိန်ပြင်းစွာ မောင်းနှင်လိုက်သည်။ ကလေးက ကြောက်လန့်တကြား သူ့ကို ကြည့်လာသည်။

“ကိုကို၊ ဒါ ဘာလုပ်တာလဲ၊ ရပ်ပေး အခု”

“ရပ်မပေးဘူးကွာ။ ကိုကို ကလေးနဲ့ မဝေးချင်ဘူး။ ကလေးထင်သလို ကိုကိုသတ္တိမမဲ့ကြောင်း ကလေးကို သက်သေပြမယ်။ ကိုကိုတို့ ထွက်ပြေးကြမယ် ကလေး”

“အခုချိန်မှတော့ နောက်ကျသွားပြီ ကိုကို။ ကိုကို့ကို မယုံကြည်တော့ဘူး။ ကိုကို့အိမ်မှာကတည်းက ကိုကို ဆုံးဖြတ်ချက်ချသင့်တယ်။ အခု ကိုကိုသတ္တိရှိနေတာမဟုတ်ဘူး။ မိုက်ရူးရဲ‌ဆန်နေတာ။ အခုရပ်ပေး ကားကို”

ကလေးက ကားကိုရပ်ခိုင်းပေမယ့် သူကတော့ အရှိန်ကို ထပ်တင်လိုက်သည်။ 

“ကိုကို၊ ကားကို ရပ်လို့ပြောနေတယ်နော်။ ကိုကို့အမေကို ဘေဘီ ကတိပေးခဲ့ပြီလေ။ ဘေဘီ့ကို ထပ်ပြီး အထင်အမြင် အသေးခံရအောင် မလုပ်ပါနဲ့တော့လား ကိုကိုရယ်”

ကလေးက ပြောရင်းနဲ့ အသံဖျားလေး တိမ်ဝင်သွားသည်။ ကလေး ငိုနေပြီ။ ဒါပေမယ့် သူ ကားကို လုံးဝရပ်မပေး။ ကားရပ်ပေးလိုက်သည်နှင့် ကလေးက သူနှင့်အဝေးဆုံးကို ထွက်ပြေးသွားတော့မယ်ဆိုတာ သူသိနေသည်။

“ကိုကို၊ ကားရပ်ပေးလို့ အခု”

“ရပ်မပေးဘူးကွာ၊ ကိုကို မင်းနဲ့ မခွဲနိုင်ဘူး ကလေးရယ်”

“ဟား…ဟား…ဟား…ဟား…”

ကလေးက ‌သရော်သည့်ဟန်နှင့် စိတ်ထဲကမပါဘဲ ရယ်သည်။

“ဘေဘီနဲ့ မခွဲနိုင်တာ ဟုတ်လို့လား။ သေချာစဉ်းစားပါဦး ကိုကိုရဲ့”

“ကလေး၊ မင်း တော်တော့နော်။ ကိုကို့ကို စော်ကားတာတွေ သိပ်များနေပြီ”

“ကိုကို့အမေ ဘေဘီ့ကို စော်ကား‌တာလောက် မများသေးပါဘူး”

သူ မတုံ့ပြန်တော့ဘဲ ဆိတ်ဆိတ်သာ ငြိမ်နေလိုက်တော့သည်။ သူ မောင်းရင်းမောင်းရင်း မီးပွိုင့်တစ်ခုသို့ ရောက်လာသည်။ မီးဝါနေပြီ။ သူ ကားအရှိန် မသတ်ချင်သည့်အတွက် အရှိန်ထပ်တင်ကာ မောင်းလိုက်စဉ်မှာပဲ မီးနီသွားခဲ့သည်။ ထိုစဉ် တစ်ဖက်လမ်းကြောက ကားတစ်စင်းကလဲ အရှိန်ပြင်းစွာ ထွက်လာခဲ့သည်။ သူ ဘရိတ်အုပ်ပေမယ့် အချိန်မမီတော့။ တစ်ဖက်မှ အရှိန်ပြင်းစွာ ထွက်လာသည့် ကားက သူတို့ကို ဖြတ်တိုက်ချတော့သည်။ သေနိုင်လောက်သည့် နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် သူ အရာရာကို မေ့လျော့သွားတော့သည်။ သူ ဘာဖြစ်သွားသလဲ သူ မသိတော့။ နားထဲမှာတော့ ကလေး၏ ကြောက်လန့်တကြားနှင့် ‘ကိုကို’ လို့ အော်ဟစ်သံကို ကြားလိုက်ရသလို‌ ရှိသည်။ ထို့နောက် သူ လောကကြီးနှင့် အဆက်ပြတ်သွားတော့သည်။


#ခက်ဆစ်

#သူဖန်ဆင်းတဲ့ကျွန်တော့်ရဲ့နေ့တွေညတွေ


rate now: