ပတ်ဝန်းကျင်တစ်ခွင်လုံး အမှောင်တိ ဖုံးလွှမ်းနေ၏။ အလင်းမရှိ။ သူ့ရဲ့ ဘေးဘယ်ညာလှည့်ကြည့်သော်လည်း အလင်းတမျှင်မျှ မတွေ့ရ။ ရုတ်တရက် ကလေးကို သတိရသွားသည်။ ကလေး ဘယ်မှာပါလိမ့်။
"ကလေးရေ… မင်းဘယ်မှာလဲ"
သူအော်ဟစ်လိုက်သည်။ လှိုဏ်ဂူတစ်ခုအတွင်းမှာ ရောက်နေသလို အသံများက ပဲ့တင်ထပ်သွားသည်။
"ဘေဘီ ဒီမှာ ကိုကို"
ကလေး၏ အသံများ ပဲ့တင်ထပ်ရင်း သူ့နားတွင်းသို့ တိုးဝင်လာသည်။ အမှောင်ထုကြီးအတွင်းတစ်နေရာက အသံကြားရာဆီ သူ ပြေးသွားလိုက်သည်။
“ဒီမှာလေ ကိုကို”
ကလေး၏ ပဲ့တင်သံလေးသည် သူနှင့် နီးကပ်လာသည်ဟု ခံစားရသည်။ သူ အမှောင်ထုထဲသို့ သည်းကြီးမည်းကြီး ပြေးပြန်သည်။
“ဘေဘီ ဒီမှာ။ ကယ်ပါဦး ကိုကို”
ဟင်…အသံသည် သူနှင့် ဝေးကွာသွားပြန်သည်။ သည်တစ်ခါ ကလေး၏ အသံသည် သူနှင့်အလှမ်းဝေးရာ ဆန့်ကျင်ဘက် အရပ်မှ လာသည်ထင်သည်။ သူ အသံလာရာဆီ လှည့်ပြေးပြန်သည်။ သူ ပြေးရင်း ပြေးရင်း မောပန်း၍သာလာသည်။ ကလေးကို မမြင်။ ဘာကိုမှလည်း သူမမြင်။
“အားးးး”
ကျယ်လောင်ပြင်းထန်စွာ အော်ဟစ်လိုက်သော ကလေး၏ အသံရှည်ကို သူ ကြားလိုက်ရပြီးနောက် သူ ကြောက်လန့်တကြား နိုးလာခဲ့သည်။ သူ အိပ်မက်မက်နေခဲ့ခြင်းဖြစ်သည်။ ဘာအဓိပ္ပါယ်ပါလိမ့်။ အိပ်မက်ထဲတွင် သူ့ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေသည်။ ကလေး၏ အသံကို ကြားရသော်လည်း ရုပ်ကိုတော့ မမြင်ရ။ အသံကြားရာ သူပြေးပေမယ့် လိုက်လေ ဝေးလေဖြစ်နေသည်။ နောက်ဆုံး သူတစ်ခါမှ မကြားဖူးသည့် ကလေး၏ ကြောက်လန့်တကြားနှင့် စူးစူးနစ်နစ် အော်သံကြီးကို အိပ်မက်ထဲတွင် ကြားလိုက်ရသည်။ ထိုအိပ်မက်ဆိုးကို သူ အဓိပ္ပါယ်မကောက်နိုင်။
“အော်… ကိုကိုကလဲ၊ အိပ်မက်က အိပ်မက်ပေါ့။ ဘာအဓိပ္ပါယ်ရှိရဦးမှာလဲ”
သူ့အိပ်မက်အကြောင်းကို ကလေးနှင့်တွေ့စဉ် ပြောပြတော့ ကလေးက စိုးရိမ်စိတ်မရှိ ပေါ့ပါးစွာသာ ပြောလေသည်။
“အိပ်မက်ဆိုတာ မသိစိတ်ရဲ့ စွဲလမ်းမှုတစ်ခုကို အိပ်နေတဲ့အချိန်မှာ ဦးနှောက်က ပြန်ပြီး ပုံဖော်တာတဲ့ ကိုကိုရဲ့။ ကိုကို ဘာကိုစိတ်စွဲလဲမှ မသိတာ”
ကလေးပြောတာ ဖြစ်တော့လည်း ဖြစ်နိုင်သည်။ ထိုနေ့ညက သရဲကားကြည့်ရင်း သူ အိပ်ပျော်သွားခဲ့သည်။
“အင်း… ဘေဘီပြောတာဟုတ်မှာပါ”
“ဒါနဲ့ ကိုကို…၊ ပြောစရာရှိသေးတယ်ဆို။ ပြောလေ”
“မေမေက ကိုကိုတို့ အကြောင်းကို သိသွားပြီ ဘေဘီ”
ပေါ့ပါးစွာ ပြုံးနေသည့် နှုတ်ခမ်းလေး ညှိုးကျသွားသည်။ ကလေး ထိတ်လန့်သွားသည် ထင်ပါရဲ့။
“ကိုကို့ မေမေက ဘာပြောလဲဟင်၊ ဘာတဲ့လဲ”
“နားလည်ပါတယ်တဲ့။ လက်ခံဖို့တော့ အချိန်ယူရဦးမယ်တဲ့”
ကလေးက တွေတွေလေး စဉ်းစားနေသည်။ ကလေး ပြောခဲ့ဖူးသည်။ သူနှင့် ခွဲခွာရမှာ ကြောက်သည်တဲ့။ သူနှင့် အဓိက ဝေးရမည့် အကြောင်းအရာကလည်း သူ့မေမေပဲ ဖြစ်လိမ့်မည်ဟူ၍ ကလေးက မှတ်ချက်ချဖူးခဲ့လေသည်။
“ကလေး ကြောက်နေတာလား။ မကြောက်ပါနဲ့ကလေးရ။ မေမေက ကလေးပြောသလို ကိုကိုနဲ့ကလေးကို မခွဲပါဘူး။ ကိုကိုတို့ကို လက်ခံပေးမယ့် သဘောမှာရှိတယ်။ မေမေ လက်ခံနိုင်အောင်လို့တော့ ကိုကိုတို့က ကြိုးစားရမှာပေါ့။ အချိန်လဲ ပေးသင့်သလောက် ပေးရမှာပေါ့ ကလေးရယ်”
သူတို့ကို လက်ခံပေးဖို့ အချိန်တွေ ဘယ်လောက်ကြာမလဲဆိုတာ သူ မခန့်မှန်းတတ်။ ဘယ်လောက်ပဲ ကြာပါစေ သူစောင့်နိုင်ပါသည်။ ကလေးနှင့်သာ လက်တွဲခွင့်ရမည်ဆိုပါက လတွေမကလို့၊ နှစ်တွေပင် ကြာစေဦးတော့ သူ စိတ်ရှည်စွာ စောင့်နိုင်ပါသည်။ သို့သော် မေမေအချိန်ယူခဲ့ခြင်းသည် သူထင်ထားသလို သူတို့ကို လက်ခံပေးရန်အတွက် မဟုတ်ခဲ့သည်ကို တစ်လတိတိကြာပြီးမှ သူ နောက်ကျစွာ သိခဲ့ရပါသည်။
ထိုနေ့မှာ မေမေက ကလေးကို တွေ့ပြီး စကားပြောချင်သည်ဟု ဆိုကာ အိမ်ကို ခေါ်လာခဲ့ခိုင်းသည်။ သူသည် မေမေ သူတို့ကို လက်ခံသွားပြီဟု အထင်မှားကာ ပျော်ရွှင်စွာနှင့် ကလေးကို သူ၏အိမ်သို့ ခေါ်လာခဲ့သည်။ ကလေးကတော့ ရင်တထိတ်ထိတ်နှင့် သူလက်ဆွဲခေါ်ရာနောက် အရုပ်လေးတစ်ရုပ်လို လိုက်ပါလာလေသည်။ သူတို့ အိမ်ရောက်တော့ မေမေက ဧည့်ခန်းထဲမှာ အဆင်သင့် ထိုင်စောင့်နေလေသည်။
“မေမေ… လင်းသူရိန်ကို ခေါ်လာခဲ့ပြီ”
မေမေ့ရှေ့တွင် လင်းသူရိန်ကို ကလေးဟု ခေါ်ဖို့ရာ မရဲသောကြောင့် နာမည်အပြည့်အစုံကိုသာ သုံးပြီးပြောလိုက်ရသည်။
“အေးအေး ထိုင်… သား”
မေမေကတော့ သူ့ပင်ကိုယ်ဗီဇအတိုင်း အေးဆေးတည်ငြိမ်လျက်သာရှိသည်။ ကလေးကတော့ စိုးရိမ်ထိတ်လန့်နေသည့်ကြားက ဟန်ဆောင်ကာ အားတင်းပြုံးနေရမှန်း သူ သိပါသည်။
“မင်္ဂလာပါ အန်တီ”
“မင်္ဂလာပါ သား”
ကလေး၏ နှုတ်ခွန်းဆက်မှုကို မေမေက ချိုမြစွာ လှိုက်လှိုက်လှဲလှဲ တုံ့ပြန်ပါသည်။
“အန်တီ သားကို ဒီနေ့ အိမ်ကို ခေါ်လိုက်ရတာက သားတို့ကို ပြောစရာ ရှိလို့ပဲ။ အထူးသဖြင့် လင်းသူရိန်… သားကိုပေါ့”
“ဟုတ်ကဲ့ အန်တီ၊ သား နားထောင်နေပါတယ်”
“လင်းသူရိန်ကို ပြောစရာရှိတာ မပြောခင် သား မင်းဆက်ကို မေမေ အရင်မှာရဦးမယ်။ မေမေ လင်းသူရိန်ကို စကားပြောနေချိန်မှာ သား ဝင်မပြောဖို့ မေမေ မေတ္တာရပ်ခံပါတယ်နော် သား”
မေမေက သူစကားပြောနေချိန်မှာ စကားဖြတ်ပြီး ဝင်ပြောတာမျိုးကို မကြိုက်။ ထိုသည်မှာ မေမေ၏ အကျင့်သာ ဖြစ်လို့ သူ ထွေထွေထူးထူ စိုးရိမ်သွားခဲ့ခြင်း မရှိပါ။
“အန်တီ သားကို မေးမယ်နော် လင်းသူရိန်”
“ဟုတ်ကဲ့ အန်တီ၊ မေးပါ”
“အချစ်ဆိုတာ ဘာလဲ၊ သား ဘယ်လိုနားလည်ထားလဲ၊ သား ခံယူထားတဲ့ အချစ်ဆိုတာကို အန်တီ့ကို ပြောပြပေးနိုင်မလား”
“အချစ်ဆိုတာ စကားလုံးတွေနဲ့ဖော်ပြဖို့အတွက် သိပ်ကို နက်ရှိုင်းလွန်းပါတယ် အန်တီ။ ကိုယ်ချစ်ရတဲ့သူကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်တာမျိုး၊ ကိုယ့်ချစ်သူ ပျော်ရွှင်နေတာကိုပဲ တစိမ့်စိမ့်ကြည့်နေချင်တာမျိုး၊ ကိုယ့်ချစ်သူ စိတ်ချမ်းသာစေဖို့အတွက် ဘယ်လိုအရာမျိုးကိုမဆို လုပ်ပေးချင်တာမျိုး၊ ကိုယ့်ကြောင့် ကိုယ့်ချစ်သူ စိတ်ဒုက္ခ မျှင်မျှင်လေးတောင် မခံစားစေချင်တာမျိုးပါ။ အဲ့ဒါ သား ခံယူထားတဲ့ အချစ်ပါပဲ”
“ဟုတ်ပြီ သား။ သားအဖြေကို အန်တီ သိပ်ကြိုက်တယ်။ ဒါနဲ့ အန်တီ သားကို မိတ်ဆက်ပေးရမယ့် လူနှစ်ယောက်ရှိတယ်။ အန်တီ သွားခေါ်လိုက်ဦးမယ်။”
မေမေက ပြောရင်းဆိုရင်း သူ့အခန်းထဲသို့ ဝင်သွားသည်။ ပြန်ထွက်လာချိန်မှာတော့ ဧည့်သည်နှစ်ဦးပါလာခဲ့သည်။ တစ်ဦးက မေမေ့အရွယ် အမျိုးသမီးဖြစ်ပြီး တစ်ဦးမှာ လင်းသူရိန်နှင့် ရွယ်တူလောက်ရှိမည့် ကောင်လေးတစ်ဦးဖြစ်သည်။ မေမေ့ဧည့်သည် အမျိုးသမီးကိုတော့ သူ ရင်းနှီးသည်။
“ဟာ... အန်တီ ဖြူနွယ်”
ကလေး၏ အသံထွက်လာခြင်းဖြစ်သည်။ သူ အံ့ဩသွားသည်။ အန်တီ ဖြူနွယ်ကို ကလေးက ဘယ်လိုသိပါလိမ့်။
“အစစအရာရာ အဆင်ပြေရဲ့လား သား လင်းသူရိန်”
အန်တီဖြူနွယ်က ကလေးကို နှုတ်ဆက်သည်။
“ဟုတ်ကဲ့ အန်တီ၊ အန်တီ့ကျေးဇူးကြောင့် လိုတာထက် ပိုပြီး အဆင်ပြေနေတာပါ၊ ကျေးဇူးတင်ပါတယ် အန်တီ”
သူ သဘောပေါက်လိုက်ပြီ။ အန်တီဖြူနွယ်သည် ပြင်ဦးလွင်တွင် အခြေချ နေထိုင်သူဖြစ်သည်။ ကလေး၏ ပညာသင်ထောက်ပံ့ကြေးကို လတိုင်းပုံမှန် ထောက်ပံ့နေသူမှာ တိုက်ဆိုင်စွာနှင့် မေမေ၏ ငယ်သူငယ်ချင်းဖြစ်သူ အန်တီဖြူနွယ် ဖြစ်နေခဲ့သည်။
“မိတ်ဆက်ပေးစရာတောင် မလိုတော့ဘူးနော် သား လင်းသူရိန်။ ဖြူ့ကို သားကောင်းကောင်း သိတယ်နော်။ ဖြူ့ဘေးမှာ ထိုင်နေတဲ့ သားလေးက ဖြူ့ရဲ့သား လင်းခက်ရောင် တဲ့။ လင်းခက်ရောင်က ရန်ကုန်မှာ အနေများတယ်လေ။ ရန်ကုန်က အဖိုးတွေ၊အဖွားတွေ အားကိုးဖော်ရအောင် သွားနေပေးတာ။ သိပ်လိမ္မာတဲ့ ကလေး”
“အော်...၊ ဟုတ်ကဲ့ အန်တီ”
“အန်တီ သားကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်။ သားကို အန်တီ့သားနဲ့ သဘောမတူနိုင်ဘူး။ အန်တီ့သားကို ဖြူ့သားလေး လင်းခက်ရောင်နဲ့ပဲ သဘောတူနိုင်မယ်။ လင်းခက်ရောင်ကလဲ သားတို့လို Gayပဲ။ ယောက်ျားချင်း ချစ်ကြိုက်ကြလို့ အန်တီကြည်ဖြူပေးရမယ်ဆိုရင်တောင် စီးပွါးရေးအဆင်ပြေတဲ့ သူအချင်းချင်းပဲ အန်တီခွင့်ပြုပေးနိုင်မယ်”
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကို သု အံ့ဩမင်သက်ရင်း ကြောင်အမ်းနေမိသည်။ ကလေးကတော့ ခေါင်းလေးငုံ့ကာသာ နေသည်။
“မေမေ၊ သား....”
“မေမေ သားကို ဘာမှာထားလဲ သား၊ မေမေ့စကား မဆုံးသေးဘူးလေ”
မေမေ့စကားများကို သူ ငြင်းဆန်ဖို့ ကြိုးစားခဲ့ပေမယ့် ပြတ်သားတင်းမာတဲ့ မေမေ့ရဲ့ စကားလုံးများအောက်မှာ သူ ငြိမ်ကျသွားရပြန်သည်။ မေမေက သူ့စကားကို ဆက်သည်။
“တကယ်လို့ အန်တီ့သားက သားနဲ့ပဲ ဆက်သွားမယ်ဆိုရင် မိဘတစ်ယောက်ရဲ့ စကားကို နားမထောင်တဲ့ သားတစ်ယောက်ကို အန်တီ မလိုချင်ဘူး။ ဒီတော့ အန်တီ သူ့ကို အမွေပြတ်စွန့်လွှတ်မယ်။ ငယ်ငယ်လေးကတည်းက ရွှေပေါ်မြတင် မွေးလာတဲ့ အန်တီ့သားက ဆင်းရဲဒုက္ခတွေကို အချစ်တစ်ခုထဲနဲ့ တင်းခံနိုင်မယ် သားထင်လား၊ သားကရော ငွေတွေ၊ ဂုဏ်တွေ မရှိတော့တဲ့ အန်တီ့သားကိုရော ဆက်ချစ်နိုင်ပါ့မလား”
“...........”
“အန်တီ နောက်ဆုံးအနေနဲ့ ပြောချင်တာက သားခံယူထားတဲ့ အချစ်ဆိုတာမျိုးကို အပြောနဲ့မဟုတ်ဘဲ လက်တွေ့သက်သေပြပေးဖို့ အန်တီ ပြောချင်တယ်။ အန်တီ့ဘက်က စကားကုန်ပြီ သား”
ကလေးက ခေါင်းကိုသာ ဆက်၍ ငုံ့နေခဲ့သည်။ အံကြိတ်ထားသည်ထင်ပါရဲ့။ ကလေးရဲ့ ပါးနုနုလေးတွေဘေးမှာ မေးရိုးတွေ တင်းထွက်၍နေသည်။
“အန်တီဖြူနွယ် ပြောပါရစေ လင်းသူရိန်။ အန်တီ့အနေနဲ့လဲ အန်တီ့သားလေးကို ယောက်ျားချင်း သဘောတူပေးရမယ်ဆိုရင် ဒီလောကကြီးထဲမှာ အန်တီလက်ခံပေးနိုင်တဲ့လူက မင်းဆက်သွင် တစ်ယောက်ပဲရှိတယ် သား။ သားသာ နောက်ဆုတ်ပေးရင် အန်တီတို့ သိပ်ကျေးဇူးတင်မိမှာပဲ”
အန်တီဖြူနွယ့်စကားဆုံးတော့ ကလေး ခေါင်းမော့လာခဲ့သည်။ အံကြိတ်ထားသည်ကိုလဲ ဖြေလျှော့လိုက်ပြီ။ ကလေးမျက်နှာသည် သူ ထင်ထားသည်နှင့် ဆန့်ကျင်စွာ အေးဆေးတည်ငြိမ်လျက်ရှိသည်။
“ဟုတ်ကဲ့ အန်တီ။ အန်တီတို့ ပြောသလို သား နောက်ဆုတ်ပေးပါ့မယ်။ တစ်ဖက်ကလည်း အန်တီဖြူနွယ်ဆိုတာ သားတို့မိသားစုရဲ့ ကျေးဇူးရှင်ပါ။ အန်တီဖြူနွယ်ရဲ့ ကျေးဇူးတွေကို ဒီလိုနည်းနဲ့ ပြန်ဆက်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်ခုတော့ တောင်းဆိုပါရစေ။ ကိုမင်းဆက်သွင်နဲ့ နောက်ဆုံးစကားပြောဖို့ ဒီနေ့ တစ်ရက်တော့ ခွင့်ပေးပါ အန်တီ။ စိတ်ချပါ။ အန်တီ့သား မှဲ့တစ်ပေါက် မစွန်းစေရပါဘူး။ ဒီနေ့ည (၁၀)နာရီအရောက် အန်တီ့သားကို ပြန်လွှတ်ပေးပါ့မယ်”
“ကောင်းပြီ သား။ သားကို ယုံကြည်ပြီး ခွင့်ပြုပေးလိုက်မယ်။ သား ကတိတည်ပါစေ”
ကလေး တောင်းဆိုတာကို မေမေက ခွင့်ပြုပေးခဲ့သည်။ သူ့ရင်ထဲတော့ ဗလောင်ဆူလှပြီ။ ကလေးနှင့် ခွဲရဖို့ တွေးလိုက်တော့ ကမ္ဘာပျက်မတတ် နာကျဉ်ကြေကွဲသွားရသည်။ ဟင့်အင်း။ သူ ကလေးကို လက်မလွှတ်နိုင်။ သူ ကလေးလက်ကိုဆွဲပြီး အားလုံးနှင့်ဝေးရာကို ပြေးမည်။ မေမေနှင့် ဝေးရာ။ အန်တီ ဖြူနွယ်နှင့် ဝေးရာ။ လင်းခက်ရောင်နှင့် ဝေးရာ...။
#ခက်ဆစ်
#သူဖန်ဆင်းတဲ့ကျွန်တော့်ရဲ့နေ့တွေညတွေ