မင်းဆက်သွင်နှင့် လင်းသူရိန်တို့ ချစ်သူနှစ်ဦး၏ (၂)နှစ်တာ ချစ်ခရီးလမ်းသည် အများသောအားဖြင့် သာယာဖွယ်ရာ နေ့ရက်များဖြင့်သာ ပြည့်နှက်၍နေခဲ့လေ၏။ ချစ်သူတို့၏ သဘောသဘာဝအလျောက် စိတ်သဘောထား ကွဲလွဲမှုလေးများ ရံဖန်ရံခါ ကြုံတွေ့ရတတ်သော်လည်း နာရီအနည်းငယ်အတွင်း ပြန်လည်သင့်မြတ်သွားရပြန်သည်။ သူတို့တွေ စိတ်ဆိုးကြပြီဆိုရင်တော့ ဘယ်သူမှားမှား လင်းသူရိန်က ဦးကာ စိတ်ကောက်တတ်ပြီး မင်းဆက်သွင်ကတော့ စိတ်ရှည်စွာ ချော့မော့ဖြောင့်ဖျရသူ ဖြစ်ရပါ၏။
မင်းဆက်သွင်က လင်းသူရိန်ကို အမြဲတစေ ခွင့်လွတ်သည်းခံ၍ အလျှော့ပေးတတ်ပါသည်။ လင်းသူရိန်ကတော့ သူ့ထက် (၄)နှစ်ကျော် ငယ်သည့် ကလေးစိတ်ကလေးနှင့်သူလေး ဖြစ်လေတော့ အကြီးဖြစ်သူ မင်းဆက်သွင်ကပဲ အလျှော့ပေး၍ သည်းခံပေးရသည်။ လင်းသူရိန်က ကလေးပီပီ သူ့အပေါ် ဆိုးချင်သည်။ နွဲ့ချင်သည်။ ဂရုစိုက်ခံချင်သည်။ အသေးစိတ်လေးမှစ၍ အလေးအနက်ထားကာ ချစ်စေချင်သည်။ ထိုကလေးဆိုလေး ဆိုးသမျှကိုလည်း သည်းခံခွင့်လွတ်ကာ သူ့မှာ အချစ်ပိုခဲ့ရပါ၏။ သူ့ကို ခေါ်ပြန်တော့လည်း ကိုကို တဲ့။
“ကိုကို၊ ဘေဘီ မေးစရာရှိတယ်”
သူ့ကိုယ်သူကျတော့လည်း ဘေဘီတဲ့။ ဟုတ်တော့လည်း ဟုတ်သည်။ မင်းဆက်သွင်အတွက်တော့ လင်းသူရိန်က သိပ်ချစ်ဖို့ကောင်းလွန်းသည့် ကလေးငယ်တစ်ဦး ဖြစ်ပါသည်။ အပြစ်ကင်းစင်လွန်းသည့် ကလေး၊ လောကကြီးရဲ့ သဘောသဘာဝများကို ကောင်းကောင်းနားမလည်သေးသည့် ကလေးတစ်ယောက် ဖြစ်ပါသည်။ ထိုကဲ့သို့ကလေးကို မှဲ့တစ်ပေါက် မစွန်း အန္တရာယ်မဖြစ်စေရန်၊ လူများ၏ မာယာလှည့်ကွက်များကြားမှာ မနစ်မွန်းသွားစေရန်အတွက် သူ့မှာ အရိပ်တကြည့်ကြည့် စောင့်ရှောက်ရင်း ချစ်ရပါ၏။
“အင်း၊ မေးလေ ဘေဘီ”
“သေသေချာချာ ဖြေနော်”
“ဟုတ်ပါပြီဗျာ၊ မေးတော်မူပါ”
“ဘေဘီ့ကို ချစ်လားဟင်”
“အော်… ဘာများပါလိမ့်လို့။ ချစ်တာပေါ့ ကလေးရဲ့။ သိပ်ကို ချစ်တာပေါ့”
သူ၏ အဖြေကို မကျေနပ်သည့်ဟန်နှင့် မျက်မှောင်ကြုံ့ကာ ခေါင်းရမ်းပြသည်။
“ဖြေတာကြီးက ပေါ့ပျက်ပျက်နဲ့”
“ဟောဗျာ၊ ကိုကိုက ဘယ်လို ဖြေရမှာလဲ ဒါဆို”
သည်လိုမေးပြန်တော့လည်း ‘မသိဘူးကွာ’ လို့ ဘုဆတ်ဆတ် ပြန်ဖြေကာ တစ်ဖက်သို့ မျက်နှာလှည့်နေပြန်သည်။ တတ်လဲ တတ်နိုင်လွန်းသည့် ကလေး။ သူ သဘောကျစွာ တစ်ယောက်တည်း ကြိတ်ပြုံးနေစဉ် ထိုကလေးက သူ့ဘက်သို့ ဆက်ခနဲ လှည့်လာပြန်သည်။ သူ အချိန်မီ မျက်နှာပိုးသတ်လိုက်ရသည်။ သူကံကောင်းသွားပါ၏။ အကယ်၍ သူကြိတ်ပြုံးနေသည်ကို ထိုကလေး မြင်သွားခဲ့ရင် တစ်နေ့လုံး ရစ်လို့ ဆုံးတော့မည်မဟုတ်။
“ဘာလို့ ချစ်တာလဲ”
သည်မေးခွန်းကို သေသေချာချာဖြေမှ ရတော့မည်ဆိုတာ သူ ပါးနပ်စွာ နားလည်လိုက်ပြီ။ ထိုကလေးကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်သည့် အဖြေမျိုး မဟုတ်ခဲ့ရင် သူ သည်နေ့တစ်နေ့လုံး ထိုကလေးကို စိတ်ရှည်စွာ ချော့မော့ရနိုင်သည်။ သူ့ကလေးလေး စိတ်ကျေနပ်ကာ ပျော်ရွှင်သွားစေမည့် စကားလုံးမျိုး သူ ရွေးချယ်ရတော့သည်။
“ကိုကို့မှာ အကြောင်းပြချက်မရှိဘူး ဘေဘီ။ ဘေဘီဖြစ်နေလို့ကို ချစ်တာ။ အကြောင်းပြချက်တွေနဲ့ အချစ်က တန်ဖိုးမဲ့ပါတယ် ကလေးရယ်။ ကိုကိုကလေ လင်းသူရိန်ဆိုတဲ့ ဘေဘီ့ရဲ့ ဖြစ်တည်မှုကို ချစ်တာ။ မြတ်နိုးရတာပါ”
လေးလေးနက်နက်ဖြေသည့် သူ့အဖြေကို ကလေးက သေသေချာချာ နားထောင်၍ နေသည်။ ကလေး၏ နှုတ်ခမ်းလေးများက မပြုံးဘဲ တင်းတင်းစေ့ထားပေမယ့် မျက်ဝန်းလေးများကတော့ အရိပ်တစ်မျိုးနှင့် ပြုံးနေလေရဲ့။
“လူတိုင်းက ကိုယ် မြတ်နိုးတဲ့ အရာတိုင်းကို ဘယ်တော့မဆို တယုတယ ထိန်းသိမ်းထားတတ်တယ်။ ယုယုယယနဲ့ တန်ဖိုးလဲ ထားတတ်တယ်။ ပန်းလေးတစ်ပွင့်ကို မြတ်နိုးတဲ့သူက ဒီပန်းလေး မပွင့်ခင် အဖူးအငုံဘဝလေးထဲက အရိပ်တကြည့်ကြည့်နဲ့ ရေလောင်းပေါင်းသင်ရင်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ရတာ။ ပန်းလေးပွင့်လာပြန်တော့လဲ ဒီပန်းလေး ပိုးမစားသွားအောင်၊ လန်းဆန်းနေအောင်၊ သူများတွေ ချိုးမသွားဆိတ်မသွားရလေအောင်၊ အပင်လေးပေါ်မှာပဲ လှလှပပပွင့်လန်းနေရအောင် နေ့နေ့ညည ဂရုစိုက်စောင့်ကြည့်ရပြန်ရော။ နောက်ဆုံး ဒီပန်းလေး ညှိုးနွမ်းကြွေကျသွားရင်တောင် မြတ်နိုးသူကတော့ ဒီပန်းလေးကို ကောက်ယူပြီး မွှေးရှိုက်နေရင်း သိမ်းဆည်းထားမှာပါပဲ။ ဒီပန်းလေးက သူ့နှလုံးသားထဲမှာတော့ အမြဲတမ်း လှပလန်းဆန်းနေမှာပါပဲ။”
“………………”
“ဘေဘီက ကိုကို့ရဲ့ ပန်းလေးတစ်ပွင့်ပါပဲ ကလေးရယ်။ ကိုကို့အတွက် အမြဲတမ်း လှပလန်းဆန်းနေမယ့် ကိုကို သိပ်မြတ်နိုးရတဲ့ ပန်းလေးတစ်ပွင့်ပေါ့”
သူ့ရဲ့စကားအဆုံးမှာတော့ ကလေးက သူ့ကို ဖက်သိုင်းလိုက်သည်။ သူ့ရင်ခွင်ထဲသို့ ခေါင်းလေး တိုးဝှေ့ကာ ဝင်လာသည့် ကလေးကို သူ ထွေးပွေ့ထားလိုက်ရင်း နွေးထွေးစွာ ကြိုဆိုလိုက်သည်။ ကလေး၏ ဖြောင့်စင်းစင်း ဆံနွယ်ပျော့ပျော့လေးများကို သူ မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
ထိုစကားများသည် သူ့ရင်တွင်းမှ ထွက်ကျလာသော စကားများ ဖြစ်ပါသည်။ ချစ်ရသူ ကလေးတစ်ယောက် စိတ်ချမ်းသာပါစေတော့ရယ်လို့ ရည်ရွယ်ကာ အပိုထည့်ဖြေလိုက်ခြင်းမျိုးလည်း မဟုတ်တန်ရာပါ။ သူသည် ကလေးကို ထိုမျှလောက် ချစ်သည်။ ချစ်ရသည်ထက် ပို၍ မြတ်နိုးရပါ၏။
ချစ်သူတွေ ဖြစ်လာပြီးနောက်ပိုင်းမှ တစစနှင့် သိလာရသည့် ကလေး၏ ငယ်ဘဝ အကြောင်းအရာများသည် သူ့စိတ်နှလုံးကို ထိခိုက်ဝမ်းနည်းစေခဲ့သည်။ ထိုအကြောင်းအရာများကြောင့်လည်း ကလေးအပေါ်တွင် သူ ကရုဏှာသက်ကာ အသနားပိုကာ ချစ်ရလေသည်။
ကလေး၏ ဇာတိမှာ ပြင်ဦးလွင်ဖြစ်သည်။ တစ်နှစ်သားအရွယ်ကတည်းက ဖ,တဆိုးဖြစ်ခဲ့ရရှာသော ကလေးသည် ဖခင်မေတ္တာကို အမေဖြစ်သူမသိအောင် အမြဲတမ်းတနေသူဖြစ်၏။ မိခင်လက်ကို ကျစ်ကျစ်မြဲအောင် ဆုပ်ကိုင်ရင်း လောကဓံ၏ ထိုးနှက်ချက်များကို ရင်ကော့ခံခဲ့ရရှာသည်။ ပညာမတတ်ရှာသည့် မိခင်ဖြစ်သူသည် ရာသီပေါ်သီးနှံများကို ရောင်းချရင်းမှရသည့် ပိုက်ဆံအင်အားလေးနှင့် စီးပွားရေး အဆင်ပြေမှုများကြားက ကလေးတစ်ယောက် စာကြိုးစားခဲ့ရသည်။ ကျောင်းပိတ်ရက်များမှာ စာမကျက်နိုင်ခဲ့ဘဲ မိခင်ကို ဈေးကူရောင်းရင်းနှင့်သာ တစ်နှစ်တစ်တန်း ပုံမှန်အောင်လာခဲ့သည်။
ဆယ်တန်းကျောင်းသားအရွယ်ရောက်ပြန်တော့လည်း သူများတွေလို ကိုယ်ပိုင်ကျောင်း၊ ကိုယ်ပိုင်ဂိုက်တွေနှင့် အထူးစာကျက်ဝိုင်းတွေမှာ စာမကျက်နိုင်ခဲ့။ ကိုယ့်ကျောင်းစာ ကိုယ်လေ့လာကျက်မှတ်ရင်းနှင့်သာပဲ ဂုဏ်ထူး (၃)ဘာသာနှင့် ထူးချွန်စွာ အောင်မြင်နိုင်ခဲ့၏။ ထို့နောက် နည်းပညာတက္ကသိုလ်သို့ တက်ရောက်ခွင့် ရခဲ့သည်။ အမြင့်ဆုံးဖြစ်သည့် Civil (မြို့ပြအင်ဂျင်နီယာ) မေဂျာကို တက်ရောက်ဖို့ အမှတ်မီခဲ့ပေမယ့် ကလေးက သူ ဝါသနာပါသည့် Architecture (ဗိသုကာ)မေဂျာကိုသာ ယူခဲ့သည်။
ကလေး (၁၀)တန်း အောင်ပြီးနောက် သူတို့ သားအမိမှာ ကံဇာတာ တက်လာခဲ့သည်။ သူတက်မည့် တက္ကသိုလ်၏ ပညာသင်စရိတ်အားလုံးကို ထောက်ပံ့ပေးမည့် အလှူရှင် ပေါ်ပေါက်လာခဲ့သည်။ ထိုကျေးဇူးရှင်မှာ သူတို့ရပ်ကွက်အတွင်းမှာပင် နေထိုင်ကြသူများဖြစ်ပြီး ပြင်ဦးလွင်မြို့၏ လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်များပင်ဖြစ်သည်။
ကလေးက သတိတရရှိတိုင်း သူ့ငယ်ဘဝနှင့်ပတ်သတ်၍ ရင်ဖွင့်ရင်း အားငယ်ဝမ်းနည်းစွာ ငိုကြွေးတတ်လေသည်။ ထိုအချိန်တိုင်းမှာ မင်းဆက်သွင်က ကလေးကို သူ့ရင်ခွင်ထဲသို့ ဆွဲသိမ်းထွေးပိုက်ထားရင်း နှစ်သိမ့်အားပေးရသည်။ သူ မြတ်နိုးရသော ကလေးသည် အပေါ်ယံ မာကျောယောင်ဆောင်ထားပေမယ့် အတွင်းပိုင်းကတော့ ထိုကဲ့သို့ ပျော့ပြောင်းနုနယ်သူလေး ဖြစ်သည်။ အပြင်ပိုင်း အမြင်အရ လှပသလို ဟန်ဆောင်ထားပေမယ့် အတွင်းဒဏ်ရာပေါင်းများစွာနှင့် အနာတရပန်းလေးတစ်ပွင့် ဖြစ်ပါ၏။ အိမ်ထောင်ကွဲမိသားစုမှ ကြီးပြင်းလာရသည့်အပြင် စီးပွားရေးကပါ နုံချာခဲ့ရှာတော့ စိတ်ဒဏ်ရာပေါင်းများစွာနှင့် ညှိုးငယ်ခဲ့ရသူလေးဖြစ်သည်။ ထိုကဲ့သို့ သနားစရာကောင်းလှသည့် ကလေးကို သူ ထပ်ပြီး မနာကျင်စေလို။ ထပ်၍ မျက်ရည်မကျစေလိုပါ။ သူ မြတ်နိုးရသူ ထိုကလေးငယ်ကို သူ့အချစ်များနှင့် နွေးထွေးစေမည်။ ရရှိခဲ့သည့် အနာတရပေါင်းများစွာကိုလည်း သု့အချစ်များနှင့် ကုသပျောက်ကင်းစေမည်။ သူ့အချစ်တွေနှင့် ရယ်မောပျော်ရွှင်ကာ ပြည့်စုံစေရမည်။ စိတ်ချပါနော် ကလေးရယ်။
မင်းဆက်သွင်ရဲ့ ငယ်ဘဝကတော့ ဝမ်းနည်းစရာရယ်လို့ တစမရှိခဲ့။ အရာရာ ပြည့်စုံခဲ့သည်။ ပြည့်စုံသည်ထက် ပို၍ ပြည့်စုံခဲ့သည်။ သူ့မှာ သူ့ကို သိပ်ချစ်သည့် ဖေဖေနှင့် မေမေရှိသည်။ သူ့ကို မွေးပြီး ကလေးထပ်မရနိုင်တော့သည့် မေမေ့ကျန်းမာရေးကြောင့် တစ်ဦးတည်းသော သားလေးသူ့ကို အချစ်ပိုသည်ထက် ပိုခဲ့ရသည်။ ဖေဖေနှင့် မေမေတို့မှာ မျိုးစဉ်ဘောင်ဆက် ချမ်းသာကြွယ်ဝလာသူများဖြစ်၍ သူတို့မိသားစုဘဝလေးသည် အစစအရာရာ ပျော်ရွှင်ပြီး စိတ်ချမ်းသာခဲ့ရသည်။
သူ၏ ဘဝမှာ ပထမဆုံး စိတ်ထိခိုက်ကြေကွဲခဲ့ရသည့် ဖြစ်စဉ်ကို ခံစားတွေ့ကြုံခဲ့ရသည်မှာ တက္ကသိုလ် တတိယနှစ်က ဖြစ်သည်။ သူ့ဖေဖေ ဦးနှောက်သွေးကြောပေါက်ကာ ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။ သူ့မှာ ကမ္ဘာပျက်မတတ် ငိုကြွေးပူဆွေးခဲ့ရသည်။ အခုတော့ ဖေဖေမရှိတော့သည်မှာလည်း ငါးနှစ်နီးပါးကြာခဲ့ပြီဖြစ်၍ ဖေဖေမရှိသည့် ဘဝမှာ သူနေသားကျခဲ့ပြီ။ ဘွဲ့ယူသည့်နေ့မှာတော့ သူ ဖေဖေ့ကို တမ်းတလွမ်းဆွတ်ကာ နာကျင်ခဲ့ရသေးသည်။ သို့သော် ထိုနာကျင်မှုများသည် သူ့ခြံရှေ့တွင် အရုပ်ပန်းစည်းလေးတစ်စည်းနှင့် ပေါ်လာခဲ့သော ကောင်လေးတစ်ယောက်ကြောင့် ပျောက်ကွယ်သွားခဲ့ပါ၏။
သူ ဘဝကြီးကို ပြည့်စုံပျော်ရွှင်စွာ ဖြတ်သန်းနေရချိန် တစ်ဖက်မှာ ကလေးတစ်ယောက် စိတ်အားငယ်ညှိုးနွယ်စွာ ရုန်းကန်နေရရှာသည်။ ကလေး ပင်ပန်းဆင်းရဲခဲ့ချိန်တွေမှာ ကလေးအနား လက်တွဲဖော်တစ်ယောက်အနေနှင့် သူ အားပေးဖေးမခွင့်မရှိသေးသည်ကို မဆီမဆိုင် အပြစ်တင်မိသည်။ ထိုစဉ်က သူနှင့် ကလေး ဆုံတွေ့ခွင့်ရခဲ့ပါက သူရင်နှင့်အမျှ ချစ်ရသူ ကလေးတစ်ယောက် ထိုကဲ့သို့ အားလျော့သိမ်ငယ်စွာ ရှင်သန်ခဲ့ရမည် မဟုတ်။
ပြီးဆုံးခဲ့သော အတိတ်ကာလများကို သူ အပြစ်တင်နေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့။ ကလေးကို ထိန်းသိမ်းစောင့်ရှောက်ခွင့်ရသည့် လက်ရှိအချိန်တွေမှာ သူ ကလေးအတွက် အကောင်းဆုံး ချစ်ပေးရသည်။ သူ တတ်နိုင်သည်ထက် ပို၍၊ ပို၍ ကလေးကို ချစ်သူတစ်ယောက်အနေနှင့်သာမဟုတ်ဘဲ အစ်ကိုတစ်ယောက်ကဲ့သို့ သူ့ရင်ခွင်အတွင်း အားကိုးခိုဝင်စေသည်။ ကလေးငတ်မွတ်တောင့်တခဲ့သည့် နွေးထွေးဖြူစင်သည့် မေတ္တာများကိုလည်း သူ့အချစ်တွေနှင့် ပေးစွမ်းကျေနပ်စေသည်။
ကလေးကလည်း ထိုနည်းလည်းကောင်းပါပင်။ သူ့အပေါ် ချစ်သူတစ်ယောက်အပြင် မိသားစုဝင် တစ်ဦးကဲ့သို့ အားကိုးတကြီး အစစအရာရာ ရင်ဖွင့်တိုင်ပင်သည်။ သူ့စကားအတိုင်း တသွေမသိမ်းလိုက်နာခဲ့သည်။ သူ့ဆုံးမပဲ့ပြင်မှုများကိုလည်း ကလေးက ကျေကျေနပ်နပ်ခံယူခဲ့ပါ၏။ သည်လိုနှင့် သူတို့၏ အချစ်ခရီးလမ်းသည် အခုအထစ်မရှိ ပြေပြစ်ဖြောင့်ဖြူးစွာ သာယာလှပခဲ့ပါသည်။ တစ်နေ့မှာတော့ သူတို့၏ သာယာကြည်နူးမှုကို ထိုးနှက်ဖြိုခွဲမည့် အကြောင်းအရာတစ်ခုက ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
ထိုအကြောင်းအရာသည် သူနှင့် ကလေးအကြောင်းကို သူ့မေမေ မတော်တဆ သိရှိသွားခဲ့ရာမှ အစပျိုးခဲ့ခြင်းဖြစ်လေ၏။ သူတို့ ချစ်သူနှစ်ဦး၏ လပတ်လည် အထိမ်းအမှတ်နေ့တစ်နေ့တွင် ဖြစ်သည်။ ထိုနေ့ညက ကလေးကြိုက်တတ်သည့် KFC မှာ ညစာဝင်စားပြီး ကျုံးတစ်ပတ် ဆိုင်ကယ်ပတ်စီးခဲ့ကြသည်။ ကလေးက ဆိုင်ကယ်အနောက်မှနေ၍ ဆိုင်ကယ်မောင်းနေသည့် သူ့ကို တင်းကျပ်စွာ သိုင်းဖက်ထားခဲ့သည်။ သူ့ရဲ့ ကျောပြင်မှာ ပါးပြင်လေးကို အပ်ရင်း ကြည်နူးသာယာစွာ ဆိုင်ကယ်စီးခဲ့ကြသည်။ ထိုကြည်နူးသာယာမှုသည် ချစ်သူနှစ်ဦးကို ဖြိုခွဲချလိုက်သည့် ဓားတစ်စင်းအဖြစ် သူတို့မသိလိုက်ဘဲ ပြောင်းလဲသွားခဲ့ကြောင်းကို သူ အိမ်ပြန်အရောက်မှာ နောက်ကျစွာ သိလိုက်ရသည်။ ထိုညတွင် မေမေက သူ အိမ်ပြန်အလာကို ဧည့်ခန်းမှာ စာဖတ်ရင်း ထိုင်စောင့်နေခဲ့သည်။ မေမေ့မျက်နှာသည် ခါတိုင်းလိုပင် ကြည်လင်ရှင်းသန့်၍ နေသည်။
“မေမေ မအိပ်သေးဘူးလား”
“မအိပ်သေးဘူး သား၊ မေမေ သားကို စောင့်နေတာ”
မေမေ့ အသံသည်လည်း ခါတိုင်းလိုပင် တည်ငြိမ်အေးချမ်း၍ နေသည်။
“အရေးတကြီး ပြောစရာရှိလို့လား မေမေ”
“အရေးကြီးတယ်ဆိုရမှာပေါ့ သား၊ မေမေ့သားနဲ့ ပတ်သတ်နေတာကိုး။ မေမေ သားကို ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ သားသိပါတယ်နော်”
မေမေက ဖတ်လက်စ စာအုပ်ကို ချရင်း လေးနက်စွာ ပြောသည်။ ခါတိုင်းထက်တော့ မေမေ ပို၍ လေးနက်နေခဲ့သည်ကိုတော့ သူ သတိထားမိလိုက်သည်။
“ဟုတ်ကဲ့ မေမေ၊ သား သိပါတယ်”
“ဒါဆို သားကို မေမေ မေးမယ်၊ မေမေ့ကို သား ခြွင်းချက်မရှိ အမှန်အတိုင်းဖြေလိမ့်မယ်လို့ မေမေ ယုံတယ်”
မေမေ့ကို နားမလည်နိုင်စွာ စိုက်ကြည့်နေရင်းက သူရင်တွေ ထိတ်လာသည်။
“သားက Gay လား”
မေမေ့အသံမှာ ဒေါသသံ နည်းနည်းလေးမှ မပါသော်လည်း မိုးခြိမ်းသံတစ်ခုလို သူ့နားထဲ ကျယ်လောင်စွာ ထိုးစိုက်ဝင်ရောက်လာသည်။ သူရင်တွေ ထိတ်ရာမှ တုန်လာသည်။ နှလုံးခုန်သံတွေ ဆူညံ့လာသည်အထိ မြန်ဆန်လာသည်။ ခြေဖျားလက်ဖျားများလည်း အေးစက်နေပါလိမ့်မည်။ သူ့မျက်ဝန်းများမှာ မျက်ရည်များနှင့် ဝေ့ဝဲလာသည်။ မေမေသည် သူ့မျက်နှာကို အားထုတ်စရာမလိုဘဲ ဖတ်နိုင်သူဖြစ်သည်။
“သား မဖြေလဲ မေမေ သိလိုက်ပါပြီ။ မေမေ သားကို ကျုံးဘေးမှာ တွေ့လိုက်တယ်။ သားကို ကောင်လေးတစ်ယောက် ဆိုင်ကယ်အနောက်ကနေ ဖတ်ထားတာကိုလဲ မေမေ သဲသဲကွဲကွဲမြင်လိုက်တယ်။ သားနဲ့ အဲ့ကောင်လေးအကြောင်းကို မေမေ့သူငယ်ချင်းတစ်ယောက် လာလာပြောနေတာကြာပြီ။ သူကလဲ သားတို့ကို လမ်းမှာ ခနခနတွေ့မိတယ်တဲ့။ ဒီနေ့တော့ မေမေကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့လိုက်ရပြီ”
“…….”
“စိတ်မပူပါနဲ့ သား။ မေမေ နားလည်နိုင်ပါတယ်။ ဒါပေမယ့် လက်ခံပေးဖို့အတွက်တော့ မေမေ အချိန်ယူကြိုးစားရဦးမယ် သား”
မေမေက စကားလုံးများကို လေပြေလေးတစ်ခုလို အေးဆေးစွာပြောရင်း လှည့်ထွက်သွားခဲ့သည်။ သူ့ကို မေမေ နားလည်ပေးနိုင်သည် ဆိုသည့်အတွက်တော့ သူ ဝမ်းသာရသည်။ သို့သော် လေပြေတိုက်ခတ်ပြီးလျှင် မုန်တိုင်းလာတတ်သည့် နိယာမတစ်ခုကိုတော့ သူ ပေါ့ဆစွာနှင့် မေ့လျော့နေခဲ့ပြန်ပါ၏။
#ခက်ဆစ်
#သူဖန်ဆင်းတဲ့ကျွန်တော့်ရဲ့နေ့တွေညတွေ