လင်းသူရိန်နှင့် စတင်တွေ့ဆုံခဲ့သည့် အချိန်ကစပြီး နောက်ထပ် နေ့ရက်တွေတိုင်းမှာ မင်းဆက်သွင်က သူ့ဘေးနားမှာ ထိုကောင်လေးရှိနေဖို့အတွက် စိတ်ထဲကနေ မျှော်လင့်ဆုတောင်းနေမိသည်။ သူ့ရဲ့ ဆုတောင်းတွေ ပြည့်လာဖို့အတွက် အကြောင်းဖန်လာသည့် ကံကြမ္မာကို ကျေးဇူးတင်ရသည်။ ထိုနေ့က လင်းသူရိန် အတန်းဆင်းပြီးနောက် ဆိုင်ကယ်အပ်ထားခဲ့သည့် ဝပ်ရှော့ကို သူ ပြန်ပို့ပေးခဲ့သည်။ သို့သော် လင်းသူရိန်ရဲ့ ဆိုင်ကယ်က ပြင်မပြီးသေး။ စက်ပြင်ဆရာက အင်ဂျင်ခွဲရမည်၊ အနည်းဆုံး နှစ်ရက်၊ သုံးရက် ကြာနိုင်သည် ဟု ပြောသည့်အချိန်မှာ ကောင်လေးက စိတ်ပျက်သွားပုံနှင့် မျက်နှာလေး ညှိုးသွားသည်။ သူကတော့ သူ့အကြံနှင့်သူ ကြိတ်၍ ပျော်နေမိ၏။
“သွားပါပြီ အကိုရာ။ ဆိုင်ကယ်ပြင်တာ နှစ်ရက်၊ သုံးရက်တောင်ကြာမှာတဲ့။ ညီက ခုတလော ကျောင်းပျက်လို့ မဖြစ်ဘူး။ ဒီတပါတ်ရဲ့ တချို့အချိန်တွေက အရေးကြီးတယ်”
“အကို တစ်ယောက်လုံး ရှိတာပဲ ညီ”
ကောင်လေးမျက်နှာ လင်းခနဲ တစ်ချက်ပြုံးသွားပေမယ့် ချက်ချင်းဆိုသလို မျက်နှာက တည်သွားပြန်သည်။ ပြီးတော့ သူ့ကို အားနာဟန်နှင့် မဝံ့မရဲကြည့်သည်။
“ဟာဗျာ၊ အားနာစရာကြီး။ ညီ့အတွက်နဲ့ အကို့အချိန်တွေ ကုန်မှာပေါ့”
“အကို့မှာ အပေါဆုံးက အချိန်ပဲ ညီ။ ညီသာ လက်ခံမယ်ဆိုရင် အကို့အချိန်တွေကို ညီစိတ်တိုင်းကျ သုံးဖို့ ပေးချင်ပါတယ်”
သည်လိုနှင့် ထိုကောင်လေးနှင့်သူ အတူတူရှိနေဖို့ အကြောင်းရှိလာပြန်သည်။
မိန်းထဲက အမျိုးသားဘော်ဒါဆောင် တစ်ခုမှာနေသည့် ထိုကောင်လေးကို နောက်တစ်နေ့ မနက်ခင်းမှာ ဖုန်းဆက်ပြီး နှိုးလိုက်သည်။ သည်တာဝန်သည် ကောင်လေးက မပေးရဘဲ သူ့ဘာသာသူ ကျေနပ်စွာ ထမ်းဆောင်လိုက်သည့် အလုပ်တစ်ခုသာဖြစ်သည်။ ကောင်လေးက ရေချိုးပြင်ဆင်ပြီးချိန်တွင် သူ့ကားက ကောင်လေး၏ အဆောင်ရှေ့ ရောက်နှင့်နေပြီးသား ဖြစ်လေ၏။ အေးချမ်းမြေမှာ မနက်စာ ရှမ်းခေါက်ဆွဲ ဝင်စားကြပြီး ကောင်လေးကို အတန်းရှေ့ထိအရောက် လိုက်ပို့သည်။ သူကတော့ ကားထဲမှာ စာဖတ်ရင်း၊ ဖုန်းသုံးရင်း၊ ကျောင်းမှာ ကျကျန်နေခဲ့သည့် နှစ်ကျသူငယ်ချင်းတွေနှင့် ကန်တင်းထိုင်ရင်း အချိန်တွေ ကုန်ဆုံးစေသည်။ ကောင်လေး ထမင်းစားချိန်ဆင်းတော့ သူနှင့်အတူ ကျောင်းကန်တင်းက မြမြမိုင်မှာ ဘူဖေးထမင်းစားကြသည်။ ထိုနေ့မှာ ကောင်လေးက နေ့လည်ပိုင်း အတန်းချိန်များကို ဆက်မတက်တော့။
“အရေးကြီးတဲ့ အချိန် မရှိတော့လို့ အကိုရဲ့”
“ဟုတ်ပါ့မလား၊ ညီ အတန်းလစ်ချင်လို့မလား”
သူသည်လိုမေးတော့ ကောင်လေးက ဇက်လေးပုကာ လျှာလေး တစ်လစ် ပြူထွက်လာပြီး ရယ်တော့သည်။ ထိုကောင်လေးသည် ထိုကဲ့သို့ ချစ်စဖွယ်ကောင်းလွန်းသော အပြုအမူများကို ပြုလုပ်တတ်သော ကလေးတစ်ယောက်လည်း ဖြစ်ပါသည်။ ကောင်လေး သည်လိုပြုမူတိုင်း သူသာ ရင်ခုန်ကြွေဆင်းရသည်။
“အကို၊ ညီ တစ်ခုတောင်းဆိုလို့ရမလားဟင်”
“သိပ်ရတာပေါ့၊ ညီ”
“အခုတင်နေတဲ့ ရုပ်ရှင် ညီ ကြည့်ချင်လို့ အကို၊ လိုက်ပြလို့ရမလားဟင်”
သူ အဖြေပြန်ပေးနေစရာ မလိုပါ။ သူ့အဖြစ်သည် မဆွတ်ခင်က ညွတ်ဆိုသလို ကောင်လေး မတောင်းဆိုခင်ကတည်းက ခေါင်းညိတ်လိုက်လျောဖို့ အဆင်သင့်ဖြစ်နေခဲ့ပါသည်။ ထိုနေ့က ရုပ်ရှင်ကြည့်ပြီး အပြန် လမ်းမှာ တွေ့သည့် ကော်ဖီဆိုင်လေးမှာ ဝင်ထိုင်ဖြစ်ကြသေးသည်။ ကြည့်ခဲ့သည့် ရုပ်ရှင်ကားအကြောင်း ဆွေးနွေးငြင်းခုံကြရင်း ရယ်မောကာနေသည့် ကောင်လေး၏ ကလေးတစ်ယောက်လို အပြစ်ကင်းစင်သော မျက်နှာလေးကို သူ တမေ့တမော ငေးမောရသည်။
“ညီကလေ အဲ့မင်းသမီးနေရာမှာဆိုရင် အိမ်က သဘောတူတဲ့လူနဲ့ ယူလိုက်မှာ၊ သိလား။ ဟိုက သူ့ကို ဒီလောက်ချစ်နေတာကိုနော်။ ညီကတော့ သူချစ် ကိုပဲ ရွေးမှာ။ သူချစ်က အေးချမ်းတယ်တဲ့ ညီကြားဖူးတယ်”
“ညီက အချစ်အကြောင်းတွေ ပြောနေရအောင် ချစ်သူတွေ့နေပြီလား”
အကွက်ထဲရောက်သခိုက် ကောင်လေးကို အငိုက်ဖမ်းကာ သူ မေးခွန်းထုတ်လိုက်သည်။ အငိုက်မိသွားပုံနှင့် ကောင်လေး မျက်နှာ ရဲခနဲဖြစ်သွားကာ ခေါင်းလေးငုံ့ဆင်းသွားသည်။
“ညီက အခုမှ ပထမနှစ်ဆိုတော့ ကလေးအရွယ်ပဲ ရှိသေးတာတဲ့။ ရည်းစားမရှာရသေးဘူးတဲ့။ မေမေက မှာထားတယ်”
“အံမယ်၊ သားလိမ္မာလေးပါပေ့ါ။ အကိုကတော့ မယုံပါဘူးကွာ”
သူ့ ညစ်ကျယ်ကျယ်အပြောကို ကောင်လေးက မျက်စောင်းလေးနဲ့ တုန့်ပြန်သည်။
“မယုံလဲနေပေါ့နော်။ ယုံအောင်လဲ လိမ်မပြောတတ်တော့ အခက်သား။ ညီ့သာမေးတာ။ အကိုကရော”
ဪ...သည်တစ်ခါတော့ ကောင်လေးက သူ့အကွက်နဲ့ သူ့ကို ပြန်ချုပ်သွားသည်။ ပြီးတော့လည်း သူ့ကို ညစ်ကျယ်ကျယ် ပြုံးရင်း ကြည့်နေသည်။
“ဒီအရွယ်တောင်ရောက်ပြီပဲ။ အရင်ကတော့ ရှိခဲ့ဖူးတာပေါ့။ လက်ရှိကတော့ အကိုက single ပေါ့ကွာ။ ဒါပေမယ့် သိပ်တော့ အာမမခံနိုင်ဘူနော်။ မကြာခင် ရည်းစားရနိုင်လို့”
ကောင်လေးက လည်ပါသည်။ သူ့စကားရဲ့ ဆိုလိုရင်းကို ချက်ချင်း သတိပြုမိသဖြင့် ရှက်ကိုးရှက်ကိုးဖြစ်ကာ မျက်နှာလွှဲလိုက်သည်။ ပြီးတော့မှ ကော်ဖီတစ်ငုံ ငုံ့သောက်ရင်း “ကောင်းလိုက်တာနော်” ဟု ပြောကာ စကားလွှဲသည်။
သည်လိုနှင့် ကောင်လေးနှင့်အတူ ရှိနေခွင့်ရသည့် အချိန်နှစ်ရက်က သူ့အတွက် လျှင်မြန်စွာ ကုန်ဆုံးသွားသည်။ သူ သည်ညနေ ကောင်လေးကို ကျောင်းအပြန် ကြိုပြီးလျှင် အဆောင်ထိ ပြန်ပို့ခွင့်မရှိတော့။ ဆိုင်ကယ်ပြင်ထားပြီးကြောင်း ဆိုင်ကယ်ဝပ်ရှော့မှ ဖုန်းဆက် အကြောင်းကြားထားသည်။ ဆိုင်ကယ်ဝပ်ရှော့ အရှေ့မှာ ကောင်လေးနှင့် လမ်းခွဲရမည်ဖြစ်သည်။
ကောင်လေးနှင့် တွေ့ဖို့ အကြောင်းမရှိတော့သည်ကို သူ စဉ်းစားမိချိန်တိုင်းမှာ သူ့ရင်တွေ နာကျဉ်ဝမ်းနည်းသွားရသည်။ ကောင်လေးနှင့်အတူ ဖြတ်သန်းကုန်ဆုံးခွင့်ရခဲ့သည့် နာရီများကို အခုကတည်းက သူ လွမ်းဆွတ်တမ်းတနေမိပြီ။ သည်ကောင်လေးနှင့် ဖြတ်သန်းခွင့်ရဦးမည့် နာရီများစွာကိုလည်း သူ ရင်တွင်းတစ်နေရာမှ မျှော်လင့်နေတတ်ပြီ။ သည်ကောင်လေးကို ရက်ပိုင်းအတွင်း သံယောဇဉ် ငြိတွယ်မိသည့် သူ့ကိုယ်သူလည်း အံ့ဩနေမိသည်။ သူ ဝမ်းနည်းနာကျဉ်စွာ ကောင်လေးအကြောင်း တွေးတောနေချိန်တွင် ထိုကောင်လေး အတန်းဆင်းလာခဲ့သည်။ သူ မရောက်ချင်သော နှုတ်ဆက်ချိန်ကို ရင်ဆိုင်ရပေတော့မည်။
“အကို၊ မျက်နှာလဲ မကောင်းပါလား”
ကောင်လေးက ကားပေါ် တက်ပြီးပြီးချင်းမှာ သူ့မျက်နှာကို အကဲခတ်သလို ကြည့်ရင်း မေးလိုက်သည်။ ကောင်လေးရဲ့ အမေးကို မသိကျိုးကျွံပြုကာ ကားမောင်းထွက်လိုက်သည်။ ကောင်လေးက အလိုက်သိစွာ လမ်းမှာ စကားတစ်ခွန်းမှ မဆိုဘဲ တိတ်ဆိတ်နေပေမယ့်လည်း သူ့ကို ခိုးခိုးကြည့်ကာ အကဲခတ်နေသည်ကို ကားမှန်ထဲကတစ်ဆင့် သူ မြင်ဖြစ်အောင် မြင်လိုက်ပါ၏။ သည်လိုနဲ့ သူတို့ကားလေး မန္တလေးတောင်ခြေအရောက်မှာတော့ သူ ကားကို ထိုးရပ်လိုက်သည်။ ကောင်လေးက သိူ့ကို နားမလည်နိုင်သည့်ဟန်နှင့် မျက်လုံးအဝိုင်းသားလေး စိုက်ကြည့်နေသည်။
“ညီ၊ ကိုယ် ပြောစရာရှိတယ်။ သေသေချာချာ နားထောင်ပေးနော်”
ကောင်လေးက အသာအယာ ခေါင်းလေး ညိတ်ပြသည်။ ထိုအချိန်မှ စ၍ သူ့ရင်တွင်း ဝပ်အောင်းနေသော စကားများသည် အပြင်ဘက်သို့ တရစပ် ပွင့်ထွက်လာတော့သည်။
“ကိုယ်လေ ညီ့ကို မြင်မြင်ချင်း စိတ်ဝင်စားမိတယ်။ ညီနဲ့ အတူရှိနေရရင် ကိုယ် ပျော်နေတယ်။ ညီ့ကို အဆောင်ပြန်ပို့ပြီးပြီးချင်းမှာပဲ ညီ့ကို ကိုယ် လွမ်းနေမိတယ်။ မနက်စာ အတူစားရတာကိုလဲ ကိုယ် သိပ်သဘောကျတယ်။ ညီ့ကို ကျောင်းပို့ကျောင်းကြို လုပ်ပေးရတာကို ကိုယ် ကျေနပ်မိတယ်။ ညီ ယုံနိုင်ပါ့မလား မသိပေမယ့် ကိုယ် ပြောပြချင်တယ်။ ကိုယ့်ရင်ထဲက အရိုးသားဆုံး စကားပါ ညီ”
သူ့ရဲ့ စကားအခင်းအကျင်းကို ကောင်လေးက ပါးနပ်စွာနှင့် ရိပ်စားမိသည် ထင်ပါရဲ့။ သူ စကားကို ဆက်မပြောဘဲ ရပ်ထားချိန်မှာ ကောင်လေး ခေါင်းငုံ့၍ နေသည်။
“ကိုယ့်ကို ကြည့်ပါ ညီ။ ညီ့ မျက်လုံးတွေကို သေသေချာချာကြည့်ရင်း ကိုယ် ပြောချင်တယ်”
သည်လိုဆိုပြန်တော့ ကောင်လေး ခေါင်းမော့လာပြီး သူ၏ မျက်လုံးတွေကို မဝံ့မရဲ ကြည့်ရှာသည်။ သူ၏မျက်ဝန်းများကဲ့သို့ ကောင်လေး မျက်ဝန်းများသည်လည်း မျက်ရည်ကြည်များနှင့် ဝေ့ဝဲစိုစွတ်လျက်ရှိသည်။
“ကိုယ် မင်းကို ချစ်နေမိပြီ ညီ”
ကောင်လေး ခေါင်းပြန်ငုံ့သွားသည်။ ခဏအကြာမှာ သူ့ကို ပြန်မော့ကြည့်လာသည်။ ကောင်လေး၏ မျက်ဝန်းများ စိုစွတ်တောက်ပနေကာ မျက်နှာလေးမှာ သိသိသာသာ ရဲနေလေသည်။
“အကို ဒီလို ဖွင့်ပြောလာမှတော့ ညီလဲ ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ် အကို။ ညီလဲ အကို့ကို စိတ်ဝင်စားမိပါတယ်။ ဒါကြောင့်ပဲ အကို တောင်းဆိုသမျှ ညီ လက်ခံခဲ့တာပါ။ ဒါပေမယ့် အကို၊ ညီ့မှာ စိတ်ကူးလေးတစ်ခုရှိတယ်။ တစ်နေ့နေ့တစ်ချိန်ချိန် ယောက်ျားလေးတစ်ယောက်ရဲ့ ချစ်ခွင့်ပန်ခြင်းကို ကြုံရတဲ့အချိန်မှာ သာမန်စုံတွဲတွေလို အချိန်ယူပြီး စဉ်းစားချင်တာပါ။ အကို့ အချစ်ကို ညီ ချက်ချင်း လက်မခံပါရစေနဲ့။ ညီ စဉ်းစားပါရစေ”
သူ နားလည်ပါသည်။ သူ့အချစ်ကို ကောင်လေး မယုံရဲတာလည်း ဖြစ်မည်။ တုံ့ပြန်လာမည့် ကောင်လေးရဲ့ အချစ်ကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားစေလိုသည်လည်း ဖြစ်မည်။ သာမန်စုံတွဲတွေလို အချိန်ယူ စဉ်းစားသည်မှာလည်း သဘာဝကျပါသည်။ ကောင်လေးရဲ့ ဆန္ဒအတိုင်း သူ သဘောတူ လိုက်နာခဲ့ပါသည်။ သို့ပေမယ့် ကောင်လေးကို ကျောင်းကြို၊ကျောင်းပို့ဖို့ တာဝန်ကို သူ ဆက်ယူဖို့ တောင်းဆိုတော့လည်း ကောင်လေးက အသာတကြည် လက်ခံပေးခဲ့သည်။
သူ မထင်မှတ်ထားသည့်နေ့၊ မမျှော်လင့်ထားသည့် အချိန်တွင် ကောင်လေး တုံ့ပြန်လာသည့် အချစ်ကို သူ အံ့ဩဝမ်းသာစွာ သူ လက်ခံရရှိခဲ့ပါသည်။ ထိုနေ့ မနက်က (၆)နာရီခန့်ကတည်းက သူ နိုးထလာရသည်။ ကောင်လေးက ဖုန်းဆက်၍ နိုးစေခြင်း ဖြစ်ပါ၏။ ထိုနေ့သည် ဘွဲ့နှင်းသဘင်တက်ကာ သူ ဘွဲ့ယူရသည့်နေ့ ဖြစ်ပြီး တိုက်ဆိုင်စွာနှင့် ချစ်သူများနေ့လည်း ဖြစ်ပါသည်။ ထို့အပြင် ကောင်လေးကို သူ ချစ်ခွင့်ပန်ခဲ့တာ တစ်လတိတိပြည့်သော နေ့တစ်နေ့ဖြစ်ပါသည်။ ဘွဲ့နှင်းသဘင်ခန်းမသို့သွားရန် သူ အဆင်သင့်ဖြစ်နေချိန်တွင် ကောင်လေးဆီက ဖုန်းဝင်လာသည်။
“ဟဲလို၊ အကို။ ညီ အကိုတို့ခြံရှေ့ ရောက်နေတယ်”
ကောင်လေးက သူပြောချင်တာ ပြောပြီး ဖုန်းချသွားသည်။ သူ အံ့ဩတကြီးနှင့် ခြံအပြင်ဘက်ကို အပြေးတပိုင်း ထွက်သွားမိသည်။ ခြံရှေ့မှာ ကောင်လေးက ဘွဲ့ဦးထုပ်ဆောင်းထားသည့် ခွေးရုပ်လေးများနှင့် လှပစွာ စည်းထုပ်ထားသည့် အရုပ်ပန်းစည်းလေးကို ကိုင်ဆောင်ရင်း သူ့ကို စောင့်ဆိုင်းနေသည်။
“Congratulations ပါနော် အကို။ ညီ အကို့ကို ချစ်တယ်”
သူ မျှော်လင့်စောင့်စားနေခဲ့ရသည့် စကားတစ်ခွန်းကို မထင်မှတ်ထားသည့် အချိန်တွင် ကြားလိုက်ရတော့ သူ့နှလုံးသားတစ်ခုလုံး ပျားရည်တွေ လောင်းချခံလိုက်ရသလို ချိုမြိန်ကြည်နူးသွားရသည်။ သည်လိုနှင့် သူသည် February 14 ချစ်သူများနေ့တွင် သိပ်ချစ်ရသည့် ချစ်စရာကောင်းသည့် ချစ်သူတစ်ယောက် ပိုင်ဆိုင်ခဲ့ပါသည်။ ရရှိပိုင်ဆိုင်ပြီးနောက် လက်လွှတ်ဆုံးရှုံးရတတ်သည့် လောကကြီး၏ သဘာဝကိုတော့ သူ ပေါ့ဆစွာ မေ့လျော့နေခဲ့မိပါ၏။
#ခက်ဆစ်
#သူဖန်ဆင်းတဲ့ကျွန်တော့်ရဲ့နေ့တွေညတွေ