book

Index 1

Chapter 1

လောကကြီး တစ်ခုလုံး မည်းမည်းနက်ကာ မှောင်မိုက်နေသည်။ ဘယ်နေရာကိုကြည့်ကြည့် အလင်းလေး တစ်ပေါက်တောင် မမြင်ရ။ ပိန်းပိန်းပိတ် မှောင်မှည်း၍နေလေသည်။ အသံတွေတော့ ကြားနေရသည်။ ခွေးတစ်ကောင်ရဲ့ ဟောင်သံကြားရသည်။ မျက်နှာချင်းဆိုင် ခြံဘက်က လာသည့်အသံဖြစ်မည်။ လေတိုး၍ သစ်ရွက်လေးများ အချင်းချင်း ပွတ်တိုက်သံလေးများလည်း သဲ့သဲ့ကြားရသည်။ ခြံရှေ့က ဖြတ်မောင်းသွားသည့် ကားစက်သံများ၊ ဆိုင်ကယ်စက်သံများကိုလည်း မကြာခဏဆိုသလို ကြားနေရသည်။ သို့ပေမယ့် နားထဲကို တိုးဝင်လာသမျှ အသံများရဲ့ ဖြစ်တည်နေမှုများကို သူ မြင်ခွင့်မရှိတော့။


               သူ့မျက်ဝန်းများ အလုပ်မလုပ်တော့။ သူ့မျက်လုံးများ မမြင်ရတော့။ သူ့မျက်စိနှစ်လုံး အလင်းမဲ့သွားခဲ့သည်မှာ လွန်ခဲ့သည့် လက ဖြစ်သည်။ ထိုလသည် တစ်နှစ်ပတ်လုံးရဲ့ ဆယ့်နှစ်လအနက်က သူ အမျှော်လင့်ရဆုံး လ။ ထိုလသည် သိပ်ချစ်ကြသည့် ချစ်သူနှစ်ဦးရဲ့ ချစ်သူသက်တမ်း နှစ်နှစ်ပြည့်သည့် လ။ ထိုလသည် သိပ်ချစ်ကြသည့် ချစ်သူနှစ်ဦး တစ်ဘဝတည်း ပေါင်းစပ်ဖို့ လွတ်မြောက်ရာနယ်မြေကို ထွက်ပြေးခဲ့ကြသည့်လ။ ထိုလသည် ကောင်လေးနှစ်ဦးကို တွေ့ဆုံခွင့်ပေးခဲ့သည့် လဖြစ်သလို အပြီးတိုင် ဝေးကွာခြင်းကိုလည်း ဖန်ဆင်းပေးခဲ့သည့် လ။ ထိုလတွင် သူ့ မျက်ဝန်းများ၏မြင်ကွင်းများသည် အမှောင်တိ ဖုံးလွှမ်းပျောက်ကွယ်သွားခဲ့သလို သူ၏ နှလုံးသား၊ သူ၏ ရှင်သန်ရာ ဘဝသည်လည်း အဓိပ္ပါယ် ကွယ်ပျောက်သွားခဲ့ရသည့် လတစ်လလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရသည့် လ ဖြစ်သည်။


               လင်းသူရိန် ဆိုသည့် ကောင်လေးတစ်ဦး သူ့ဘဝထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်က ထိုလကို ပြန်လည်မြင်‌ယောင်မိသောအခါ သူ့ နှလုံးသား လျှင်မြန်စွာ ခုန်လှုပ်လာခဲ့သည်။ 

.

.

.

လွန်ခဲ့သော (၂)နှစ်၊ ဇန်နဝါရီလ


               မင်းဆက်သွင် သူငယ်ချင်းများနှင့် ချိန်းထားသည့် ကျုံးအရှေ့ဘက်ကို ရောက်နေသည်မှာ ဆယ်မိနစ်ခန့်ရှိပြီ။ အချိန်မတိကျတတ်သည့် သူငယ်ချင်းများအကြောင်းကို သိရှိထားသော်လည်း မင်းဆက်သွင်မှာ အချိန်တိကျတတ်သူမို့ ချိန်းထားသည့် အချိန် ရှစ်နာရီခွဲတိတိမှာ သည်နေရာကို ရောက်ရှိနေခဲ့ပြီ။ ကျုံးရေပြင်ဖက် မျက်နှာမူလိုက်‌သောအခါ ကျုံးရေကို ဖြတ်သန်းလာသည့် မနက်ခင်းလေနုအေးလေးတွေက သူ့မျက်နှာကို ဖြေးညှင်းစွာ တိုက်ခတ်တိုးဝှေ့သွားသည်။ ရေငွေ့လေးတွေ သယ်ယူလာသည့် လေနုအေးများကို အဆုတ်ထဲ ရောက်သည်အထိ သူ အားရပါးရ ရှိုက်သွင်းလိုက်သည်။ 


               လေသန့်သန့်‌လေးကို စိတ်ကျေနပ်တဲ့အထိ ရှုရှိုက်ပြီးနောက် သူငယ်ချင်းများကို မျှော်ရင်း လမ်းမဘက် ပြန်လှည့်ကြည့်လိုက်သည်။ များစွာသော ကားတွေ၊ ပုံစံအမျိုးမျိုးနှင့် ဆိုင်ကယ်တွေ ပျားပန်းခတ် လှုပ်ရှားကူးလူးနေကြသည်။ တချိန်က စက်ဘီးမြို့တော်ဟူ၍ နာမည်တွင်ခဲ့သည့် မန္တလေးမြို့သည် အခုအချိန်မှာတော့ ဆိုင်ကယ်မြို့တော်အဖြစ် တင်စားရလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။ စက်ဘီးများနေရာမှာ ဆိုင်ကယ်များကို အစားထိုးအသုံးပြုလာကြပြီ။ ဆိုင်ကယ်များသာမက မကြာသေးသည့် နှစ်များအတွင်းမှာ ကားများကိုလည်း ပေါများစွာ တွေ့မြင်လာရသည်။ တိုးတက်ပြောင်းလဲလာသည့် မန္တလေးမြို့ကြီးအကြောင်းကို တွေးတောနေမိချိန်မှာ သူ့မြင်ကွင်းထဲသို့ ကားလမ်းမ တစ်ဖက်ခြမ်းက ကောင်လေးတစ်ယောက် ဝင်လာခဲ့သည်။


               လည်ကတုံး အင်္ကျီအဖြူလေးကို ကျနစွာဝတ်ကာ ပုဆိုးနက်ပြာရောင် အကွက်စိပ်လေးကို ချပ်ကပ်စွာ ဝတ်ဆင်ထားသည်။ အညိုရောင် သားရေလွယ်အိတ် အပြားလေးကို လွယ်ထားသေးသည်ဆိုတော့ ကျောင်းသားလေးဖြစ်ရမည်။ ဆိုင်ကယ်လေးကို တွန်းနေရင်း အနောက်ကို လှည့်လှည့်ကြည့်နေသည်။ ဆိုင်ကယ်ပျက်ပြီး ဒုက္ခရောက်နေတာပဲ ဖြစ်မည်။ အကူအညီ တောင်းခံလိုသည့်သဘောလည်း ဖြစ်မည်။ ထိုကောင်လေးရဲ့ သွင်ပြင်မှာ အဝေးက မြင်ရတာတောင် ထင်ရှား‌နေသည်။ ဆိုင်ကယ်တွန်းနေရင်းက တန့်ခနဲ ရပ်လိုက်ပြီး ဆိုင်ကယ်ဒေါက်ကို ထောက်လိုက်သည်။ ပုဆိုးပြင်ဝတ်‌ပြီး ဆိုင်ကယ်ဦးထုပ်ကို ချွတ်ကာ ဆိုင်ကယ်မှန်မှာ ချိတ်လိုက်သည်။ ရှေ့ကြည့်နောက်ကြည့် လုပ်နေရင်းက ထိုကောင်လေးနဲ့ တည့်တည့်က ကျုံးဘေး ပလပ်ဖောင်းပေါ်မှာ ရပ်နေပြီး ကောင်လေးကို စိုက်ကြည့်နေသည့် သူ့ကို မြင်သွားပုံရသည်။ ထိုကောင်လေး လမ်းကူးလာပြီး သူ့ဆီ တည့်တည့်ကြီး လာနေသည်။ သူကလဲ ဘာကြောင့်မှန်းရယ်မသိဘဲ ကောင်လေးကိုသာ စိုက်ကြည့်နေမိသည်။ 


“အကို၊ ညီ တစ်ခုလောက် အကူအညီတောင်းလို့ရမလား”

           သူ့ရှေ့ရောက်ရောက်ချင်းမှာပဲ ကောင်လေးက တချက်ပြုံးပြရင်း ဆိုလာသည်။ နှစ်လိုဖွယ်ရာရှိတဲ့ ထိုကောင်လေးရဲ့ အပြုံးကို ထိုခဏလေးအတွင်းမှာပဲ နှစ်သက်သွားမိသည်။ 


“ဟုတ် ညီ၊ ပြောလေ၊ ဘာလိုလို့လဲ"

“ညီ ကျောင်းသွားရင်း ဆိုင်ကယ်ပျက်သွားလို့ အကို။ ပြင်ဖို့လဲ အချိန်မရဘူး။ ကျောင်းမှာ အရေးကြီးတဲ့ Tutorial ရှိတယ် အကို၊ လွတ်သွားလို့မရဘူး”


          ကောင်လေးက တကယ် စိတ်သောကရောက်နေပုံရသည်။ သူ့ကို အားကိုးတကြီး ရှင်းပြနေသည်။ 


“အဲ့ဒါ ညီ့ကို ကျောင်းလိုက်ပို့ပေးပါလားဟင်။ အကို့မှာ ဆိုင်ကယ်ပါရင်ပေါ့”


          သနားဖို့ကောင်းအောင် ပြောတတ်တဲ့အပြင် နှစ်လိုဖွယ်ကောင်းအောင်လည်း ပြောတတ်တဲ့ ကောင်လေးဟူ၍ သူ ကောက်ချက်ချလိုက်သည်။


“အကို့မှာ ဆိုင်ကယ်မပါဘူး ညီ”


          ကောင်လေးရဲ့ မျက်နှာလေး မဲ့ခနဲ ပျက်သွားသည်။ လှပလွန်းတဲ့ အပြုံးလေးတစ်ပွင့်ကို ညှိုးနွမ်းစေမိတဲ့ သူ့ကိုယ်သူ အပြစ်တင်မိသည်။


“ကားပဲ ပါတယ်”

“‌ဟင်၊ ဘယ်မှာလဲ”


          ကောင်လေးမျက်နှာ ဝင်းခနဲ တဖန်ပြန်လဲ့သွားသည်။ သူ ကျေနပ်သွားပြန်သည်။


“ဟိုမှာလေ၊ ညီ ဆိုင်ကယ်ရှေ့နားက ရပ်ထားတဲ့ ကားက အကို့ကားပဲ”

“ဒါဆို ညီ့ကို ကျောင်းလိုက်ပို့ပေးပါလားနော် အကို၊ တကယ် အရေးကြီးလို့ပါ။ ဟောဗျာ၊ ဆောရီး။ အကို့ကို အားရဲ့လားတောင် မမေးမိဘူး။ ကိုယ်ဖြစ်ချင်တာပဲ ပြောမိနေတယ်၊ အကိုမအားလဲ…”

“အကို လိုက်မပို့ဘူးလို့ ပြောမိလို့လား”


          ဖြူဖွေးညီညာနေ‌သည့် သွားလေးတွေ ပေါ်သည့်အထိ ထိုကောင်လေး ပြုံးသွားသည်။ ထိုအချိန်က စပြီး သူသည် ထိုကောင်လေးရဲ့ အပြုံးတွေကို ဖန်တီးချင်မိသည်။ ကောင်လေးရဲ့ အပြုံးလေးတွေ မပျောက်ကွယ် သွားစေဖို့လည်း ထိန်းသိမ်းသူ ဖြစ်ချင်မိသည်။ ထိုကောင်လေး ဒုက္ခရောက်နေချိန်တိုင်းမှာ တောင့်တလွမ်းဆွတ်သူ ဖြစ်ချင်မိပြီး အားကိုးခိုလှုံစရာ နေရာတစ်ခု ဖန်ဆင်းပေးခွင့်ရချင်မိသည်။ ထိုကောင်လေးသာ ခွင့်ပြုခဲ့ရင်ပေါ့။


          ကောင်လေးရဲ့ကျောင်းက နည်းပညာတက္ကသိုလ်ဖြစ်ကြောင်း ကားပေါ်ရောက်မှ သူသိလိုက်ရသည်။ 


“ညီ့ နာမည် လင်းသူရိန် ပါ အကို၊ နည်းပညာတက္ကသိုလ်ကပါ။ သိလားအကို။ ကျောင်းကို သွားတတ်ရဲ့လားဟင်”

“အင်း၊ ဒါဆို အကိုက ညီ့ရဲ့ စီနီယာဆိုပါတော့”

“ဟာ၊ ဒါဆို အကိုကလဲ ညီတို့ကျောင်းကပေါ့။ ဘယ်မေဂျာကလဲဟင်”

“EP က ညီ။ ညီကရော”

“ဗိသုကာ က အကို”


          စကားပြောစရာကုန်သွားသလို ကောင်လေးဆီက အသံတိတ်သွားသည်။ လမ်းဘက်ကို ခေါင်းလှည့်ကာ ငေးနေသည်။ ခဏကြာမှ သူ့ကို ပြန်လှည့်ကြည့်ကာ သူ့ နာမည်မေးသည်။


“ ကိုယ့်နာမည် မင်းဆက်သွင် ပါ”

“မင်း  ဆက်  သွင်”


          ကောင်လေးက သူ့နာမည်ကို တစ်လုံးချင်းရေရွတ်ကြည့်ပြီး တချက် ပြုံးလိုက်သည်။

“နာမည်က လန်းတယ်နော်။ ညီ ကြိုက်တယ်”

“နာမည်ပဲလား။ လူကိုရော”


          ကောင်လေးကို နောက်ချင်စိတ်ကြောင့်လား၊ စိတ်ရဲ့ မမြင်နိုင်တဲ့ တစ်နေရာက တွန်းအားကြောင့်လား သူ မသိ။ သည်လို မေးခွန်းကို အခုလေးတင် သိကျွမ်းရသည့် သူတစ်ဦး၏ သိက္ခာကို ငှဲ့ကွက်ကာ မမေးသင့်ကြောင်း တွေးမိလိုက်သောကြောင့် သူ နောင်တရမိသွားသည်။ ထို့နောက်မှာပဲ သူ တောင်းပန်စကားဆိုလိုက်ရသည်။ 


“ဆောရီးကွာ၊ အကိုက စလိုက်တာပါ”


          ကောင်လေးက ရှက်သွားလို့ပဲလားမသိ ခေါင်းငုံ့နေရာက သူ့ကို ပြန်ဖြေလာသည်။


“ရပါတယ် အကို၊ ညီ နားလည်ပါတယ်”


တက္ကသိုလ်ဝန်းထဲကို သူ မောင်းဝင်လိုက်သည်။ သူလည်း သည်ကျောင်းထွက်မို့ ကျောင်းလမ်းတွေကို ကျွမ်းကျင်စွာ သွားလာနိုင်သည်မှာ မဆန်း။


“ဘယ်အဆောင်လိုက်ပို့ရမလဲ ညီ”

“R-15”


          ‌ကောင်လေး ပြောသည့် R-15 မှာ ကျောင်းဆောင်သစ်ဖြစ်သည်။ သူတို့ ပထမနှစ်တုန်းကမှ ဆောက်လုပ်ခဲ့ပြီး စတုတ္ထနှစ် ကျောင်းတွေပြန်ဖွင့်တော့ ထိုအဆောင်သစ်မှာပဲ သင်ခဲ့ရသည်။


“ဒါနဲ့ အကိုက ဘယ်နှစ်က ကျောင်းပြီးတာလဲဟင်”

“မနှစ်ကမှ ညီ။ ဘွဲ့တောင် နှစ်လပိုင်းမှ ယူရမှာလေ”


          ကောင်လေးက ခေါင်းတချက် အသာညိတ်ပြကာ ပြုံးပြသည်။ ကောင်လေး ညွှန်ပြသည့် အခန်းရှေ့မှာ ကားရပ်လိုက်သည်။ ကောင်လေးက သူ့စာသင်ခန်းကို လှမ်းကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။


“တော်သေးတယ်။ ဆရာမ ‌မရောက်သေးဘူး။ အကို့ကြောင့်သာ အချိန်မီတာ။ ကျေးဇူးပါနော် အကို”


          သူ ကောင်လေးကို တချက်ပြုံးပြလိုက်ပြီး ကားခါးပတ်ကို ဖြုတ်ပေးလိုက်သည်။ ကောင်လေးက ရှက်ကိုးရှက်ကန်းနှင့် ကျေးဇူးတင်စကား ဆိုပြန်သည်။


“ဘယ်အချိန်ပြီးမလဲ ညီ၊ ပထမအချိန်က တစ်ချိန်လား၊ နှစ်ချိန်စာလား”

“နှစ်ချိန်စာ အကို၊ ဆယ်နာရီခွဲလောက်ပြီးမှာ”

“အကို စောင့်နေမယ်နော်။ ကျောင်းရောက်တုန်း ဌာနကို သွားနှုတ်ဆက်လိုက်ဦးမယ်။ ပြီးတော့ ကျနေခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ကန်တင်းထိုင်လိုက်ဦးမယ်။ ညီ့ ဖုန်းပေး”

“ဟာ ညီ့ကြောင့် အချိန်တွေ အကုန်မခံပါနဲ့နော်။ အားနာလို့ပါ”


          ကောင်လေးက ပျာပျာသလဲ ငြင်းသည်။ သို့သော် သူ သည်ကောင်လေးနှင့် ခဏလေးပဲဖြစ်ဖြစ် ‌စကားပြောချင်နေသေးသည်။ သည်ကောင်လေးအနားမှာ ထိုင်နေရင်း ကောင်လေးရဲ့ အပြုံးလေးတွေကို တမေ့တမော ငေးနေချင်သေးသည်။ 


“အပြန်ကျ ညီ့ကို ဘယ်သူလိုက်ပို့ပေးမှာလဲ။ ဆိုင်ကယ်ပြင်ထားတာလဲ ဝင်ယူရဦးမယ်လေ။ အကိုပဲ အပြန်လိုက်ပို့ပေးချင်တယ်။ ညီ ခွင့်ပြုရင်ပေါ့”


          သူ့ရဲ့ ကျိုးနွံသော တောင်းဆိုမှုကြောင့် ကောင်လေးက ခေါင်းညိတ်ကာ ပြုံးပြပြီး လွယ်အိတ်ထဲက ဖုန်းကို ယူပေးလိုက်သည်။ သူ့ဖုန်းနံပါတ်ကို ကောင်လေးဖုန်းထဲ ရိုက်ထည့်လိုက်ကာ Miss Call အဝင်ပြလိုက်သည်။


“ညီ အတန်းဆင်းရင် အကို့ဆီ ဖုန်းဆက်နော်”

“ဟုတ်ကဲ့”


          ကောင်လေးက ပြုံးပြကာ ခေါင်းညိတ်ပြီး ကားပေါ်က ဆင်းသွားသည်။ အတန်းထဲ မဝင်ခင် အပေါက်ဝလေးမှာ သူ့ကို တစ်ချက် ပြန်လှည့်ကြည့်သွားချိန်မှာ သူ့ရင်ထဲ နွေးခနဲ ဖြစ်သွားရသည်။ ကောင်လေး အတန်းထဲဝင်ကာ သူ့မြင်ကွင်းထဲက ပျောက်ဆုံးသွားသည်အထိ ကားပေါ်မှာထိုင်ရင်း ကြည့်နေမိသည်။ 


          သူ့ရဲ့ ကား‌ပေါ်မှာ ကောင်လေးရဲ့ကိုယ်သင်းနံ့လေးတွေ၊ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးလေးတွေ၊ သာယာနစ်မြောသွားစေနိုင်တဲ့ ကောင်လေးရဲ့ စကားသံလေးတွေ ကျန်ရစ်နေခဲ့သည့်အလား သူ့ရင်ထဲ လှိုက်ဖိုကာ ကြည်နူးနေမိသည်။ တကယ်တော့ တဒင်္ဂအချိန်လေးအတွင်းမှာ ထိုကောင်လေးသည် သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တစ်နေရာထိ ထိုးဖောက်ဝင်ရောက်ခဲ့သည်ကို သူ သတိပြူမိသောအခါ သူ့ရင်မှာ နာကျဉ်ကြေကွဲသွားရပါသည်။


#ခက်ဆစ်

#သူဖန်ဆင်းတဲ့ကျွန်‌ေတာ်ရဲ့‌ေန့‌ေတွည‌ေတွ


rate now:

1 Reviews
  • reader watt pu 21.10.2021, 05:36 5

    .

    reply