book

Index 25

အပိုင်း ( ၂၅ ) { ဇာတ်သိမ်းပိုင်း }

💞ကျွန်တော့်နှလုံးသား

              မမထံဝပ်ဆင်း၍💞


°~°~°~°~°~°~°~°


မဟူရာစံအိမ်တွင် ကြွေနှိုင်းခတို့ ညီအစ်မ နှစ်ဦး နောက်ဆံမတင်းနေလာခဲ့သည်မှာ နှစ်ပတ်မျှကြာမြင့်ခဲ့ပြီဖြစ်သည် ။ မိဘများအိမ်ကိုပြန်သင့်ပြီဖြစ်၍ အားလုံးသော လူများကို နူတ်ဆက်ကာ ယနေ့ထွက်ခွာမည် ဖြစ်ကြောင်း နူတ်ဆက်ကြသည်။ 


ဏီသည် ခြွေလက်ဖဝါးလေးကို တင်းကျပ်စွာဆုပ်ကိုင်ပြီး ခြွေတို့ညီအစ်မနှစ်ယောက် ခြွေ့ဆရာမခေါ်လို့ လေ့လာရေးခရီးလိုက်သွားသည်ဟု ခြွေ့မိဘတွေကို စာရေးထားကြောင်း ရှင်းပြပြီး အိမ်ပြန် စိတ်မခုဘဲ စိတ်ချလက်ချ ပြန်လို့ရကြောင်း ‌ဏီ ပြုံး၍ပြောသည်။


`` ဘာ..! သဲဆရာမခေါ်လို့ဟုတ်လား...

ကိုကလဲ ဘာတွေ လျှောက်လုပ်လိုက်ပြန်တာလဲ... 

သဲတစ်ခါမှ သဲမိဘတွေကို လိမ်ဖူးတာမဟုတ်ဘူး..``


မျက်မှောင်ကျုတ်ကာ စိတ်တိုတိုဖြင့် ဏီ့လက်မောင်းကို ထုပြီး ပြောနေသောကြောင့်။ဏီသည် စိတ်ပြေစေရန် အနမ်းတစ်ပွင့်ခြွေပြီး ချော့မှ အနည်းငယ် ငြိမ်ကျသွားသည်။

ခြွေသည် သူမအစ်မကိုကြည့်ကာ


`` ဘယ်လိုလုပ်မလဲဟင်မမ..``


`` ဘယ်တက်နိုင်ပါ့မလဲ ညီမလေးရယ် အိမ်ရောက်မှ မီးစင်ကြည့်ကကြတာပေါ့...

အဓိကက မေမေတို့ ဒီ့ထက်ပိုပြီး စိတ်မပူစေချင်တော့ဘူး 

နောက်ပြီး ဏီ့ကိုလဲ စိတ်မဆိုးပါနဲ့ သူလဲ မေမေတို့စိတ်မပူစေဖို့

တက်နိုင်သမျှ ကူညီပေးတာပါပဲ..  ``


ခြွေသည် ကြွေစကားကို နာခံကာ ခေါင်းငြိမ်ပြပြီး သူမဘေးက ဏီ့ကို နားလည်မှုအပြည့်ဖြင့် ပြုံးပြသည်။


စိတ်သဘောထားနူးညံ့ကာ အရာရာကို သည်းခံနားလည်ခွင့်လွတ်တက်သည့် ကြွေ့ကိုကြည့်ရင်း ထနှောင်းရင်ထဲမှာ ပျော်ရွင်နေမိသည်။ ကြွေ့လက်ဖဝါးကို ဆုပ်ကိုင်လိုက်ပြီး ပခုံးကိုဖက်ကာ ကြင်သူနှစ်ဦး ပြုံးရယ်နေကြသည်။ 


နေ့လည်ခင်းရောက်သော်  မဟူရာစံအိမ်နှင့်အတူ မဟာမြိုင်ရွာကိုပါ နူတ်ဆက်ကာ ကြွေနှင့်ခြွေ ညီအစ်မနှစ်ဦး  ရန်ကုန်သို့ပြန်လာခဲ့ကြသည်။ တိမ်လွှာဖြူစံအိမ်တွင်  ကြွေနှင့် ခြွေတို့ ရောက်လာတော့မှ သာယာစိုပြေလာခဲ့သည်။ ၅၂၈ဖြင့်လွမ်းခြုံထားသော ဖြူစင်သည့်မေတ္တာတို့သည် အေးချမ်းသော အပြုံးများကို ပွင့်လန်းစေခဲ့သည်။ 


ယခင်လို အိမ်တွင်းမှု 

အလုပ်ယန္တာရားကြီးက ပြန်လည် လည်ပတ်လာခဲ့သည်။ ခြွေနှိုင်းခသည်လည်း ကျောင်းပျက်ရက်များအတွက် စာများကိုအတိုးချလုပ်ရင်း အလုပ်ရှုပ်နေသည်။ 


ကြွေနှိုင်းခသည်လည်း  အိမ်မှုကိစ္စများအပြင် သူမ၏ရပ်တန့်ခဲ့သော အထည်လုပ်ငန်းများကို စတင် လည်ပတ်စေခဲ့ပြီ...။


``သမီးရေ... မဂ်လာသတင်းရှိတယ်ကွဲ့..``


မီးပူတိုက်နေသော ကြွေနှိုင်းခဆီသို့ အပေါ်ထပ်မှ သူမအမေသည် ရေးကြီးသုတ်ပြာဖြင့် ပျော်ပျော်ရွင်ရွင် ဆင်းပြေးလာခဲ့သည်။


`` ဖြေးဖြေးလာပါမေမေရယ်..

သမီးရှိပါတယ်...``


အမောတကောဖြင့် သူမသမီးအနားမှာထိုင်ရင်း လက်ထဲမှာ ကိုင်လာသော ဖုန်းထဲရှိ ဓာတ်ပုံကို ကြွေနှိုင်းခကို ပြလိုက်သည်။


`` ဘာမို့လို့လဲ မေမေရယ်...``


`` သမီးကြီးအတွက် မေမေ စိတ်ချသွားပါပြီကွယ်...``


`` ဟော့တော်...ဗြုန်းစားကြီးပါလားမေမေရယ်..ဘာများဖြစ်လာလို့လဲ..

ပြောပါဦး...``


မီးပူကြိုးကိုဖြုတ်ကာ သူမအမေဘက်သို့လှည့်ကာထိုင်ပြီး ပြုံးရွင်စွာဖြင့် မေးသည်။


`` မန္တလေးအမရပူရက ပိုးထည်ချည်ထည်တွေ ရက်လုပ်တဲ့ နန်းတော်ဝင် ရက်ကန်းပိုင်ရှင်အမကြီးက မေမေ့ကို ဖုန်းဆက်တယ်...``


`` ဟုတ်လား..သတင်းကောင်းမို့လို့လားဟင်..ကြွေ့မေမေက သိပ်ပျော်နေတာပဲ....မေမေပျော်ရင် သမီးလဲပျော်တယ်..``


ကြွေသည် သူမအမေလက်ကိုဖက်ကာ ချွဲနွဲ့နေ၏.။ မိခင်များပြုံးပျော်ရွင်နေလျှင် သားသမီးတို့လဲ ထပ်တူပျော်ရွင်ကြည်နူးရသည်။


`` ဟုတ်တယ်သမီးရဲ့ ‌မေမေသိပ်ပျော်တာပဲ..အဟင့်ဟင့်..``


ပျော်လွန်း၍ မျက်ရည်ပါကျပြီး ခေါင်းငုံကာ ငိုနေသော သူမအမေကိုကြည့်ရင်း  ကြွေစိတ်ပူလာခဲ့သည်။


`` ဘယ်လိုသတင်းမို့လို့လဲမေမေရယ်...ဒီလောက်တောင် စိတ်လှုပ်ရှားစရာကောင်းလို့လား..``


`` နန်းတော်ဝင်ရက်ကန်းပိုင်ရှင်ကြီး ဒေါ်လှနုက သူ့ရဲ့သားနဲ့ သမီးကို လက်ဆက်ပေးချင်လို့တဲ့..

မေမေ့မှာ ဝမ်းသာလိုက်တာဆိုမှ ဒါကြောင့် မေမေ မငြင်းတော့ဘဲ ချက်ချင်းခေါင်းငြိမ့်လိုက်တယ်...``


`` အို...မေမေ...``


ကြွေတုန်လှုပ်သွားခဲ့သည်။ သူမကိုမတိုင်ပင်ဘဲ တဇွတ်ထိုး စီမံလိုက်သည့် ကိစ္စကြောင့် ကြွေ ရင်ပူလာခဲ့သည်။ သူမအမေသည် ကြွေ့လက်ကိုကိုင်ရင်း ငိုနေရာမှ မျက်ရည်များနှင့် မော့ကြည့်လာသည်။


`` ဘာလို့လဲ သမီးရယ်... 

အမလှနုတို့က ‌ဆွေကြီးမျိုးကြီးထဲကပဲ...သူ့မှ တစ်ဦးတည်းသော သားလေးတစ်ယောက်ပဲရှိတာ သမီးသာ အဲ့ကလေးနဲ့ လက်ဆက်လိုက်ရင် နာမည် ဂုဏ်သတင်း ကျော်ကြားလာမယ့်အပြင် လိုလေသေးမရှိ ပြီးပြည့်စုံအောင် ထားနိုင်မယ့် ဥစ္စာပစ္စည်းတွေပါ ပြည့်စုံလာမှာ သမီးရဲ့..``


`` ဟုတ်တယ်သမီး သမီးမေမေပြောတာမှန်တယ်...ဒါမှ ဖေဖေတို့လဲ သမီးနောင်ရေးကို စိတ်ချမှာ...``


ကြွေ့အဖေသည် စာကြည့်ခန်းထဲမှ ထွက်လာရင်း ဆိုဖာပေါ်မှာထိုင်ကာ သူ၏မိန်းမစကားကို ထောက်ခံနေသည်။


``မေမေတို့ကလဲ ဒီလိုကိစ္စတွေဆိုတာ တဇွတ်ထိုး ပြုမှုရမယ့်အရာတွေမှ မဟုတ်ဘဲ... သမီးရဲ့ ဆန္ဒ ခံစားချက်တွေကို မေးမှရမှာပေါ့..

အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုး....``


`` အို...တော်တော်... မေမေတို့က တရားလာနာတာမဟုတ်ဘူး အခု မေမေတို့လုပ်တယ်ဆိုတာကလဲ သမီးအတွက်ချည်း...``


`` ဆန္ဒနဲ့ ဘဝ ထပ်တူမကျဘဲ အိမ်ထောင်တစ်ခုကို ထူထောင်လို့ သမီးပျော်ရွင်မယ် ထင်နေလားမေမေ... အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ.. ``


`` လောကမှာ အချစ်ကြောင့် အရာရာသာယာလှပမလာနိုင်ဘူးသမီး..``


ကြွေ၏ အမေသည် သူမအနားက ထထွက်သွားကာ အိမ်ပေါ်ထပ်သို့ တက်သွားလေသည်။


`` ဖေဖေ...``


`` ဖေဖေတို့ သမီးဆန္ဒကို တစ်ခါမှ မဖြည့်ဆည်းခဲ့တာ မရှိဘူးနော်..

အခု သမီးဖေဖေတို့ကို ကျေးဇူးဆပ်ချင်ရင် သမီးအမေပြောတဲ့ အဲ့သူငယ်နဲ့ လက်ဆက်ရမယ်...``


သူမအဖေကလဲ  ဆန့်ကျင်သည့် စကားများကိုပြောကာ စာဖတ်ခန်းထဲသို့ ဝင်သွားပြီးတံခါး ပိတ်ချလိုက်လေသည်။ကြွေသည်  မီးပူတိုက်ချင်သည့် စိတ်မရှိတော့ပေ....။ အဝတ်များကို သေသေချာချာခေါက်ကာ ခြင်းတောင်းတစ်လုံးထဲ ထည့်ပြီး သူမအခန်းထဲ ထည့်ထားလိုက်သည်။ ထို့နောက် အကျီလဲကာ ဈေးသွားရန် ပြင်ဆင်တော့သည်။


`` မေမေရေ...

သမီးဈေးသွားဦးမယ် အိမ်မှာ လိုနေပြီ...``


`` ဘာလိုနေလို့လဲ...``


သူမအမေသည် အပေါ်ထပ်မှ လှမ်းအော်မေး၏။


`` ကိုယ်ချင်းစာတရား``


`` ဟယ်... ဒီကလေးမတော့....``


ကြွေသည် နူတ်ခမ်ဆူဆူပုတ်ပုတ်ဖြင့် အိမ်ထဲမှ ထွက်လာပြီး လမ်းထိပ်ရောက်သော် တစ်စုံတစ်ယောက်စီ ဖုန်းခေါ်ပါတော့သည်။


`` မောင်..အခုလာခဲ့...

ချစ်စိတ်ညစ်နေတယ်.. shoppingထွက်ရအောင်...

ချစ်တို့လမ်းထိပ်က cake shop ဆီလာခဲ့``


ဖုန်းဆက်ပြီးသည်နှင့် ကိတ်မုန့်ဆိုင်ထဲဝင်ကာ မုန့်တွေတန်းစီမှာပြီး တစ်ထိုင်ထဲ ထိုင်စားနေပါတော့သည်။ ဆိုင်ထဲက ဝန်ထမ်းလေးများဟာ လာနေကျဖောက်သည်ဖြစ်လို့ ကြွေ့အကြောင်းကို ရိပ်မိနေကြသည်။ 


`` လိုအပ်တာ ပြောပါ‌နော် မမ...``


`` အင်း.. 

ဒီနေ့ ဒီဆိုင်က မုန့်တွေ ကုန်အောင်စားမှာ``


ဆိုင်ရှင်‌ကောင်မလေးသည် ‌ချစ်စရာကောင်းသည့်ကြွေ့ပုံစံလေးကိုကြည့်ရင်း ခပ်ဟဟရယ်လိုက်သည်။


`` ဟုတ်ကဲ့ပါရှင်... 

ဒါဆို ဒီနေ့ မမအတွက်ပဲ ဆိုင်ဖွင့်တော့မယ်..

ကြိုက်တာသာစားနော်...ဟုတ်ပြီလား..``


``အင်း...``


ဆိုင်ရှင်ကောင်မလေးထွက်သွားသည်နှင့် ကြွေသည် ကော်ဖီသောက်လိုက် မုန့်တွေစားလိုက်နှင့် ပလုပ်ပလောင်းဖြစ်နေသည်။ အနည်းငယ်ကြာသော် လူတစ်ယောက်သည် ကြွေ့အနားမှာ လာထိုင်ရင်း ကြွေ့ကိုကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပါတော့သည်။


ကြွေ့ပုံစံမှာလဲ ရယ်စရာကောင်းနေသည်ကိုး ။ မျက်နှာပေါ်မှာ ပါးကွက်ကြားနှင့် သနပ်ခါးထူထူလိမ်းထားပြီး ဆေးမဆိုးထားသည့် နူတ်ခမ်းပေါ်မှ ကိတ်မုန့် creamများက ပတ်ပတ်လည် ကပ်နေသည်။


`` မောင်က ဘာလို့ရယ်တာလဲ..

ချစ်က စိတ်ဆိုးနေတာနော်...``


`` ဟားဟား..ဟုတ်ပါပြီဗျာ...

လာပါဦး ချစ်ရဲ့ နူတ်ခမ်းပေါ်မှာ creamတွေ ကပ်နေတယ်..

မောင် သုတ်ပေးပါရစေ

 အစားစားတာလေးရပ်ပါဦး 

မောင့်ရဲ့ချစ်သူလေးရယ်....``


ထနှောင်းသည် အဆက်မပြတ်စားနေသော သူ၏ ချစ်သူကိုကြည့်ရင်းပျော်နေကာ နူတ်ခမ်းမှ ပေနေသောcreamများကို သုတ်ပေးရန်ကြိုးစားနေသည်။ ကြွေသည်  ထနှောင်းအနားသို့တိုးကာ creamများကိုသုတ်‌လို့လွယ်အောင် သူမမျက်နှာကို ရှေ့တိုးပြီး နူတ်ခမ်းကို ထော်ထားလိုက်သည်။


ထနှောင်းသည် ကြွေ့ကိုကြည့်ရင်းအသဲယားလာသဖြင့် tissueဖြင့် မသုတ်တော့ဘဲ နူတ်ခမ်းဖြင့်သာ သူမ နူတ်ခမ်းပေါ်ကာ creamများကို စားသုံးလိုက်သည်။


`` ချိုနေတာပဲကွာ...``


ဆိုင်ထဲရှိ လူအများသည် ကြွေတို့စုံတွဲကိုကြည့်ရင်း ပြုံးစိပြုံးစိဖြင့် အတင်းပြောနေကြသည်။


`` အို....မောင်နော်..

အဲ့လိုမလုပ်နဲ့လေ..ရှက်စရာကြီး..``


`` မောင်အဲ့လိုမှမလုပ်ရင် မောင့်အစား ဒီtissueက ယူလိုက်မှာ...

ဒီနေ့ကစပြီး ချစ်နူတ်ခမ်းပေါ်မှာ ဘာကပ်ကပ် မောင်ပဲသုတ်ပေးတော့မယ်....``


`` ဘာနဲ့လဲ... ``


``မောင့်နူတ်ခမ်းနဲ့ပေါ့..``


`` အို...သွားပါ...လူကို အသားယူနေတယ်...ဟွန်း..``


``ချစ်တာကိုးဗျ...``


ကြွေသည် အစားစားတာကို ရပ်လိုက်ပြီး စားပွဲခုံပေါ်သို့ လက်တင်ပြီးမေးထောက်ကာ ထနှောင်းမျက်နှာလေးကို ‌တစေ့စေ့ ငေးကြည့်နေသည်။ ထနှောင်းကလဲ သူမကြည့်သလို စားပွဲခုံ‌ပေါ်သို့ လက်တင်မေးထောက်ကာ ပြန်၍ ကြည့်နေသည်။


`` မောင်က အဲ့လောက် ချောနေလို့လားဟင်...``


`` အင်း...``


`` ဘယ်လောက်ချောတာလဲ...``


`` ကမ္ဘာကြီးလောက်..``


ကြွေ့စကားကြောင့် ထနှောင်းသဘောကျကာ လက်ပိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။


`` မောင့်ကို အဲ့လောက်တောင်ချစ်တာပေါ့...``


`` အဲ့ဒီ့ထက်တောင်ပိုသေးတာပေါ့မောင်ရယ်....``


`` ကြည့်စမ်း ချစ်က မောင့်ကို ခုထဲက ချုပ်ကိုင်နေပြီ...

နောက် ယူပြီးရင် မောင်ဘယ်လောက်တောင် အနေရခက်နေမလဲ မသိဘူး....``


ဘာမျှမသိသေးဘဲ ပျော်ရွင်စွာ ရယ်မောနေသော ထနှောင်းကိုကြည့်ရင်း ကြွေ မျက်ရည်ကျလာခဲ့သည်။ထနှောင်းသည် ကြွေ့ကိုကြည့်ရင်း ထိတ်လန့်ကာ မျက်နှာ ချင်းဆိုင်ထိုင်နေရာမှ သူမအနားသို့‌ပြောင်းကာ ထိုင်လိုက်ပြီး  tissueဖြင့် မျက်ရည်များကို သုတ်ပေးနေသည်။


`` ချစ်...ဘာလို့ငိုနေတာလဲ ... 

ဘာတွေများ စိတ်ညစ်စရာရှိလို့လဲ..

မောင့်ကိုပြောပါဦး..``


ကြွေသည် ထနှောင်းရင်ခွင်ထဲသို့ မျက်နှာအပ်ကာ အသံတိတ် ငို‌ပါတော့သည်။


``မငိုနဲ့လေ ချစ်ရယ်..သနပ်ခါးလိမ်းထားတာတွေ ပျက်ကုန်တော့မှာပဲ...

မောင့်မျက်နှာကို သေချာကြည့်စမ်း..

မောင့်ကိုကြည့်ပါဦးချစ်ရယ်...``


ကြွေ့မေးစေ့ကိုကိုင်ကာ ထနှောင့်မျက်နှာကိုကြည့်စေသည်...။ 

ထနှောင်းမျက်ဝန်းထဲတွင် ကြွေ့ကို ကြင်နာသည့် အရိပ်အငွေ့များနှင့် လေးနက်သည့်အမှုအရာများက ကြွေ့ကို ထနှောင်းအနားက ခွဲထွက်မသွားအောင် ပြုစားနေသော မန္တာန်တစ်ခုလိုပင်...။


`` ချစ်မှာဘာအခက်အခဲရှိလဲ မောင့်ကိုပြောပြ...

မောင်တို့ရဲ့ချစ်သူသက်တမ်းဟာ၃လကြာမြင့်နေခဲ့ပြီပဲ..

ဘာလို့များ ကွယ်ဝှက်နေဦးမှာလဲ ... မောင်တို့ရဲ့ စိတ်တွေဟာ စွယ်တော်ရွက်လို နှစ်ကိုယ့်တစ်စိတ် ဖြစ်နေပြီ...

 ချစ်အခုလိုငိုနေတာ မောင့်ရင်ထဲမှာ ကမ္ဘာပျက်သလိုပါပဲ...

ပြောပါဦး ဘာများအခက်အခဲရှိလို့လဲ...``


‌ကြွေသည် ထနှောင်းကိုကြည့်ရင်း သူ၏လက်ကို ဖျစ်ညစ်ဆုပ်ကိုင်လိုက်သည်။


`` ချစ်က မောင့်ကို သိပ်ချစ်တယ်ဆိုတာ သိတယ်မလား..``


`` သိတာပေါ့ချစ်ရယ်....

မောင်သိတာပေါ့..``


`` ဒါဆို ချစ်နဲ့ မောင်တို့က ချစ်သူတွေပါဆိုတာ ချစ်မိဘတွေကို ပြောပြချင်တယ်....``


ထနှောင်းမျက်ခုံး မှာ အမြင့်ဆုံးထိ ပင့်တက်လာကာ..

မျက်ဝန်းမှာ ကျယ်ဝန်းသွားပြီး အံအားသင့်သွားခဲ့သည်။


`` ရုတ်တရက်ကြီး

 ဘာလို့များလဲ ချစ်ရယ်...``


`` ချစ်မိဘတွေက ချစ်ကို မန္တလေးက နန်းတော်ဝင် ရက်ကန်းပိုင်ရှင်ရဲ့သားနဲ့ လက်ဆက်ပေးတော့မလို့တဲ့....``


`` အော်...ဟုတ်လား..``


`` ဟင်..

မောင့်အာမေဠိတ်က ဒါပဲလား...``


ထနှောင်းသည် ကြွေပြောသည့်စကားကို အံဩသည့် ဟန်မှုရာ မပြသဖြင့် စိတ်တိုသွားခဲ့သည်။


`` မောင်က ချစ်ကို တကယ်မှချစ်ရဲ့လား...

အပျော်ကြံနေတာလား..``


ထနှောင်းကိုင်ထားသော သူမလက်ကို ဆက်ခနဲဖြုတ်ပြီး ထနှောင်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ လှည့်သွားခဲ့သောကြောင့် ထနှောင်းမှာ ပြန်ချော့ ရပေသည်။


`` ဟာ...ချစ်...ဘာဖြစ်သွားရတာလဲ...

မောင်က ချစ်ကို ဖြစ်နိုင်ရင် ငမိုးရိပ်မိချောင်းလို အာခံတွင်းထဲ ထည့်ပြီး ဘယ်သွားသွား ခေါ်သွားချင်နေတာ..

အဲ့လောက်တောင် ချစ်တာပါ ချစ်ရယ်...``


ထနှောင်း၏ချစ်ကားလှလှလေးတွေကြောင့် ကြွေ‌ပြုံးလာခဲ့သည်။ သို့ပေမဲ့ ပြုံးဟန်ကိုမပြ..

ထိုနေရာမှ  ထထွက်လာခဲ့သည်။


`` ဟာ...ချစ်...``


ထနှောင်းသည် ကြွေ့စားသောက်ခဲ့သည့် မုန့်ဖိုးကိုရှင်းပြီးကမန်းကတန်း ကြွေ့နောက်က လိုက်လာခဲ့သည်။


`` ချစ်...ကိုယ် ဘာမှားသွားလို့လဲ..

ပြောပါဦးချစ်ရယ်...``


ကြွေ့ လက်ကိုကိုင်ရန် ရွယ်လိုက်သည် ထနှောင်းကို ကြွေ့မျက်စောင်းဖြင့် ကြည့်လျက် ရှေ့မှ ခပ်သုတ်သုတ်ထွက်သွားသည်။ ကြွေသည် အရှက်အကြောက် ကြီးသည့်မိန်းကလေးဖြစ်သည်။ ထို့ကြောင့် လမ်းမပေါ်တွင် ကြွေ့လက်ကို အကိုင်မခံပါ...။

 ချစ်သူနှစ်ဦး လမ်းမပေါ်မှာ လေတဖြူးဖြူးဖြင့် ကြင်သူလက်ကို ကိုင်ရင်း လျှောက်ချင်ပါသော်လည်း ဒေါ်ကပ်စေးနည်းကြောင့် ထနှောင်းလိုအင်ဆန္ဒ မပြည့်ဝခဲ့ပေ...။


`` ချစ်...``


ကြွေသည် နောက်လှည့်ကာ နောက်ပြန်လမ်းလျှောက်ရင်း.


`` လာ..ချစ်တို့ Oceanကို shoppingထွက်ရအောင်..``


ထနှောင်း၏ ကားဖြင့် တာမွေ ocean သို့ ရောက်လာခဲ့သည်။

Oceanထဲတွင် ကြင်သူနှစ်ဦး ချစ်ကြည်နူးစွာဖြင့် ဈေးဝယ်ထွက်ကြပြီး သူမဝယ်ချင်သော အစားအစာ ကုန်ပစ္စည်းများကို ထနှောင်းက တစ်ခုမကျန်ဝယ်ပေးသည်။ ထိုမှသာ ကြွေ့မျက်နှာ လှလှလေးပေါ်မှာ အပြုံးပန်းဆင်မြန်းလာခဲ့သည်။


``မောင် .. ချစ်မှာ ဖိနပ်မရှိတော့ဘူး..လာဖိနပ်သွားဝယ်ရအောင်...``


ဖိနပ်ဆိုင်သို့ ထနှောင်းလက်ကိုဆွဲခေါ်လာကာ သူမကြိုက်နှစ်သက်သော ဖိနပ်များကို စိတ်ကြိုက်ရွေးနေ၏...။


`` ချစ်က ဖိနပ်ဆို 

Charlie & Keithမှကြိုက်တာ..

မောင်သိတယ်မလား..``


သူမကို ဝယ်ပေးစေရန် ချစ်စရာကောင်းအောင် ပြောနေသော ကြွေ့ကို ထနှောင်းသည် ပြုံးကာ လက်ပိုက်ကြည့်ပြီး ပီတိဖြစ်နေ၏..။ သူမဖိနပ်များ တစ်ရံပြီး တစ်ရံရွေးနေစဉ် ‌သူမဘေးနားသို့ ‌ဆယ်ကျော်သက်အရွယ် ယေကျာ်းလေးတစ်စုကလဲ ဖိနပ်လာဝယ်ကြသည်။ ‌


ဖြူဖွေးဥဖက်နေသည့် ကြွေ့‌ခြေထောက် ဝင်းဝင်းလေးကို ထိုယေကျာ်းလေးများ ကြည့်နေသော် ထနှောင်းက မျက်မှောင်ကုတ်စွာဖြင့် သူမရှေ့မှာ ကွယ်ရပ်လိုက်၏...။


ဖိနပ်ဆိုင်ထဲမှာ ဝယ်သူတွေများလာသည်ကြောင့် ထနှောင်းစိတ်ကျဉ်းကျပ်လာသလို ကြွေကလဲ ရွေးမပြီးနိုင်ချေ...။


စီးနေသော ဖိနပ်ကိုမကြိုက်သဖြင့် တခြားဖိနပ်တစ်ရံကို လှမ်းယူရန် ထနှောင်းအကူအညီကို ယူရတော့မည်။ သို့ပေမဲ့ ထနှောင်းကို ``မောင်`` ဟု နာမ်စားတပ်မခေါ်ချင်ပေ...။ လူအများကြားထဲ ခေါ်ရမည်မှာ သိပ်ရှက်လှသည်။

ထို့ကြောင့်..


`` ထနှောင်းလေး... ဟို...

မမကိုအဲ့နားက ဖိနပ်လေး ကမ်းပါဦးကွယ်....

ဒီဖိနပ်တွေကို သိပ်မကြိုက်လှဘူး...``


ကြွေ့စကားပြောကြောင့် ထနှောင်း စိတ်ကွက်သွားသည်။

 ဘေးနားရှိ ယေကျာ်းလေးများကလဲ ထနှောင်းကို ကြွေ၏ မောင်လေးဟု ထင်မှတ်သွားကာ ကြွေ့အနားကပ်ဖို့ အတင့်ရဲလာကြသည်။

ထိုအခါ ထနှောင်း ကြွေ့ကို မကျေနပ်သည့် မျက်ဝန်းဖြင့်ကြည့်ပြီး တွေ့ကြသေးတာပေါ့ဟု စိတ်ထဲမှပြောရင်း ကြွေယူခိုင်းသော ဖိနပ်စင်နားသို့သွားသည်။


`` မိန်းမရေ... မိန်းမယူခိုင်းတာ 

ဒီဖိနပ်လား ယေကျာ်းသေချာမကြားလိုက်လို့...``


ထနှောင်း၏ ဩဇာညောင်းပြီး ကျယ်လောင်သော အသံကြောင့် ဘေးနားက လူတွေသည် ထနှောင်းနှင့်ကြွေ့ကို ကြည့်ကာ အနားမှ ထွက်ခွာကြသည်။ 


ရှက်လွန်း၍ ကိုယ့်မျက်နှာ ဘယ်နားထားရမှန်းမသိအောင်ဖြစ်နေသည့် ကြွေ့ကို ကြည့်ရင်း ထနှောင်းသည် အောင်နိုင်သူအပြုံးဖြင့် ‌ဖိနပ်ကိုကြွေ့ဆီကမ်းပေး၏။


`` မိန်းမရေ....ဒီမှာ မိန်းမယူခိုင်းတဲ့ဖိနပ် ..

ဒီဖိနပ်လေးနဲ့ဆို မိန်းမ‌နဲ့သိပ်လိုက်မှာ...

ယေကျာ်းကတော့ သိပ်သဘောကျတာပဲ...``


အောင့်သက်သက်ဖြင့်သာ ထနှောင်းဆီက ဖိနပ်ကိုယူပြီးကောင်တာဆီသို့ ငွေချေရန်သွားသည်။ ကောင်တာမှ ဖိနပ်အရောင်းဝန်ထမ်းများသည် ကြွေဝယ်သောဖိနပ်ကို သေသေချာချာ ဘူးလှလှလေးဖြင့် ထုတ်ပိုးလျက် ကြွေ့ဆီကမ်းပေးစဉ်...


`` အမတို့လင်မယားနှစ်ယောက်က သိပ်လိုက်ဖက်တာပဲ..ချစ်စရာလေးတွေ...``


အရောင်းဝန်ထမ်းကောင်မလေးစကားကြောင့် ထနှောင်း ခေါင်းမော့ ရင်ကော့စွာဖြင့် ကြွေ့ခါးလေးကိုဖက်လိုက်ပြီး ပြုံးနေ၏..။


`` ကျေးဇူးပါညီမလေးရေ... 

ရောင်းကောင်းပါစေ...``


`` ကျေးဇူးပါရှင့်...``


ကြွေသည် သူမခါးကိုဖက်ထားသော ထနှောင်းလက်ကို အတင်းဖြုတ်က လူများရှင်းနေသည့်နေရာအရောက် တွင် ထနှောင်းလက်မောင်းကို မကျေနပ်ချက်များဖြင့် ထိုးနှက်ပါတော့သည်။


``ကဲကွာ..ကဲကွာ... 

ချစ်ကို ဘာကြောင့် လူကြားထဲ အရှက်ကွဲရတာလဲလို့..

ကဲကွာ..ကဲကွာ..``


`` ထုပါ..ရိုတ်ပါ..ရပါတယ်...

မောင်က ဘာမှ မဖြစ်ပါဘူး ..

မောင်စိုးရိမ်တာက ချစ်လက်နာသွားမှာကိုပဲ...``


`` မောင် သိပ်ကိုဆိုးတယ်...

နောက်ဆို ချစ်ကို အဲ့လို အရှက်မခွဲစမ်းနဲ့..``


ထနှောင်း၏ ဆန့်ကျင်ဘက်သို့လှည့်ကာ လက်ပိုက်ပြီး ညူဆူနေ၏..။ 


`` ဒါဆို ကျုပ်ကိုလဲ လူကြားထဲ အမိရဲ့ ချစ်သူအဖြစ် တရားဝင်ကြေညာလေ...

ဘာလို့ ဖယ်ကျဉ်ထားသလဲ... ကျုပ်ကလေ ‌အမိရဲ့မျက်ကွယ်ရာဆို အမိဟာ ကျုပ်ဘဝရဲ့ မီးအိမ်ရှင်ဆိုပြီး စိတ်လွတ်လက်လွတ် ပြောရဲခဲ့တယ်...အခု...အမိကတော့...``


ငိုသံပါပါနှင့် ထနှောင်း၏စကားကြောင့် ကြွေအားနာသွားကာ ထနှောင်းဘက်ကိုလှည့်ရင်း ထနှောင်းစိတ်ကျေနပ်အောင် ထနှောင်းပါးပြင်ကို အကြင်နာအနမ်းတစ်ပွင့် မမှီမကမ်းခြွေလိုက်တော့မှ စိတ်ပြေသွားလေသည်။


`` စိတ်မဆိုးနဲ့နော်..

ချစ်ကရှက်လို့ပါ... 

နောက်ဆို မောင်မကြိုက်တာ မလုပ်တော့ပါဘူး...နော်..နော်မောင်...

ချစ်ကိုကြည့်ပါဦး...``


မေးစေ့လေးကို ဆွဲလှည့်ကာ ကြွေဘက်လှည့်ကြည့်ခိုင်းစေတော့မှ ပြုံးဖြီးဖြီးနှင့် ကြွေ့ပါးမို့မို့လေးပေါ် လှစ်ခနဲ အနမ်းခြွေချလိုက်သည်။


`` အင်းပါ... ဒါဆိုလဲ ပြီးရောလေ..

ဒါပေမဲ့ စိတ်မပြေသေးဘူးနော်...``


`` မောင်စိတ်ပြေအောင် 

ချစ် ဘာလုပ်ရမလဲမောင်...``


`` မနက်ဖြန် မောင် တညင်ဘက်မှာမြေကွက်သွားကြည့်မလို့ အဲ့ဒီ့ကို ချစ်လိုက်ခဲ့ရမယ်.. အဲ့ဒါမှ မောင်စိတ်ပြေမှာ...``


`` ဟုတ်ပါပြီမောင်ရယ်..

ပစ္စုပ္ပန်မှာရော.. အနာဂတ်မှာပါ မောင်ဘယ်သွားသွား

ချစ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်နေမှာပါ... 

ဘာလို့ဆို ချစ်က မောင့်ရဲ့ ပါရမီဖြည့်ဖက်လေ...``


`` ချစ်လိုက်တာချစ်ရယ်...

ချစ်ဒီလောက်ထိ စကားတက်မယ်မှန်း မောင်တကယ်မသိခဲ့ဘူး...``


ကြင်သူနှစ်ဦး လက်တွဲမဖြုတ်ဘဲ ပျော်ရွင်စွာဖြင့် အိမ်သို့ပြန်လာခဲ့ကြသည်။


နောက်တစ်နေ့ရောက်သော် ထနှောင်းခေါ်သည့် နေရာကို သွားရန် မြန်မာဆန်ဆန် ရင်ဖုံးအကျီခရမ်းရောင်ကို ရွေးဝတ်သည်။ ဆံနွယ်ကို တစ်ဝက်သာစည်းပြီး တစ်ဝက်ကို ဖြန့်ချထားကာ ပါးပြင်မှာ သနပ်ခါး မထူမပါးလိမ်းလိုက်သည်။


`` မေမေရေ.. သမီး‌အပြင်ခဏသွားလိုက်ဦးမယ်နော်...``


ကြွေအသံကြောင့် မိဘနှစ်ပါးသည် အိမ်ပေါ်ထပ်မှဆင်းလာကာ ကြွေ့အနားသို့ရောက်လာခဲ့သည်။


``စောစော ပြန်လာခဲ့နော် သမီးလေး... ညနေ အမလှနုနဲ့ သူ့သားလာလိမ့်မယ်...``


 ကြွေသိလိုက်ပါပြီ..သူမနှင့် စေ့စပ်ကြောင်းလမ်းအတွက် ဆွေးနွေးမည့်ကိစ္စဖြစ်သည်ကို.. ။ သို့ပေမဲ့ ကြွေမငြင်းတော့ပါ...ခေါင်းသာသာငြိမ့်ပြပြီး နူတ်ဆက်ကာ ထွက်လာခဲ့သည်။ လမ်းထိပ်အရောက်တွင် ထနှောင်းသည် ရွေငါး အဝါရောင်ကားပေါ်၌ ကြွေ့ကို စောင့်ဆိုင်းနေသည်ကိုတွေ့ပြီး ထိုကားပေါ်သို့ တက်လိုက်သည်။

ကြွေ ကားပေါ်ရောက်သည်နှင့် ထနှောင်း ကားစက်နှိုးကာ မောင်းထွက်သွားပါတော့သည်။


`` ချစ်ဒီနေ့ သိပ်လှနေတယ်...``


ကြွေ ဘာမျှမပြောချင်ပါ...

ဒီခရီးကအပြန် စိတ်ညစ်စရာများနှင့် ကြုံတွေ့ရမည်ကို သိသောကြောင့်ဖြစ်သည်။ ကြွေသည် ထနှောင်းဘက်သို့ ဘေးတစ်စောင်းအနေအထားလှည့်၍...


`` မောင်သိလား...

ဒီနေ့ ချစ်ကို မန္တလေးက လာတင်တောင်းမလို့တဲ့...``


`` အင်း...``


`` ‌ဒါကို ဘာလို့ မောင်က မတုန်လှုပ်ရတာလဲ...``


အသံမာမာနှင့် ပြောသော ကြွေ့စကားသံကြောင့်  ထနှောင်းကြွေ့ကိုကြည့်ကာ ပြေပြေလေး ပြုံးလိုက်၏...။


`` ချစ်က မောင့်ကို ဘယ်လို ပုံစံဖြစ်စေချင်လို့လဲ....``


`` ကိုယ့်ချစ်သူနဲ့ ဝေးရမယ့် ကိစ္စတစ်ခုကို မောင်က တည်တည်ငြိမ်ငြိမ်နဲ့ပြောနေနိုင်တာ..

ချစ်တကယ် ချီးကျူးပါတယ်မောင်ရယ်...ဒါပေမဲ့လို့..``


`` မောင်သိပါတယ်ချစ်ရယ်..

ဒါမဂ်လာသတင်းပဲမဟုတ်လား...မောင့်ချစ်သူရဲ့ အလှတရားကြောင့် တခြားမြို့က ပုရိသတွေက ကြွေဆင်းရတယ်ဆိုတာ သက်သေပြလိုက်တာပဲ.....

ဒါကိုမောင်က ဂုဏ်ယူရဦးမှာလေ...``


`` အို မောင်ရယ်...

ဒါပေမဲ့ မောင်က ချစ်ကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားခဲ့တာ မဟုတ်ဘူးလားဟင်...

ဒါမှမဟုတ် ချစ်ကို ဟင်းရွက် ကန်းစွန်းရွက်လို တန်ဖိုးထားခဲ့တာလား..  ``


`` ချစ်အစွန်းရောက်နေပြီ...

မောင်က ချစ်ကိုစတွေ့ကတည်းက အနာဂတ်အထိ ခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားတာ..``


`` ဒါဆို ဘာလို့များ...``


``ကဲ..ဆင်းတော့ချစ်..ရောက်တေ့ာမရောက်သေးပေမဲ့..

ဒီ့ထက်ဆက်သွားလို့မရတော့ဘူး...``


`` ဟင်!..``


ထနှောင်းစကားကြောင့် ကြွေ ထိတ်လန့်သွားကာ ခြေဖျားလက်ဖျား အေးစက်သွားခဲ့သည်။

ကြွေ့အဖြစ်ကို ရိပ်မိသွားသည့် ထနှောင်းက ကြွေ့လက်ကို ဖျစ်ညစ်ဆုပ်ကိုင်ရင်း...ရယ်လျက်...


`` ဟော...မောင်ပြောပါတယ်..

ချစ်က အစွန်းရောက်နေပြီလို့...

ရှေ့ဆက်ရမယ့်ခရီးက မောင့်ကားနဲ့သွားလို့မရတော့ဘူး

 ဟော..ဟိုမှာတွေ့လား ဆိုင်ကယ် ကယ်ရီရှိတယ် အဲ့ဒါနဲ့သွားရမှာ..``


ထနှောင်းညွန်ပြသော နေရာမှာ ဆိုင်ကယ် ကယ်ရီသမားတွေ တွေ့မှဖြင့် စိတ်ထဲက အစိုင်အခဲ အနည်းငယ်ပြုတ်ကျသွားတော့သည်။ ကြွေ့လက်ကို ကိုင်ပြီး ထနှောင်းသည် ဆိုင်ကယ်ကယ်ရီနားသို့ လာခဲ့သည်။


`` ကျွန်တော်တို့ စကားဝါအိမ်ရာကို သွားချင်တယ်...``


`` ရတာပေါ့ဗျာ...``


ဆိုင်ကယ် ကယ်ရီသမားများသည်  ‌စီးသူများလာရောက်၍ ပျော်နေကြ၏..။

‌ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်သာ ထိုင်လို့ရသည့်အတွက် ဆိုင်ကယ်မောင်းသူ‌နောက်တွင် လိုက်ပါစီးနင်းသူ တစ်ယောက်သာ တက်ခွင့်ရှိသည်။ 


`` မောင် ချစ်ဆိုင်ကယ်စီးရမှာ သိပ်ကြောက်တာပဲ... 

တစ်ခါမှ မစီးဖူးဘူးရယ်...``


`` မကြောက်ပါနဲ့ ညီမ..အကိုတို့ထိန်းပြီးမောင်းမှာပါ..

ကြောက်တယ်ဆိုတဲ့ စီးနင်းသူတွေအတွက်လဲ ကျွန်တော်တို့  ဖြေးဖြေး သက်သာမောင်းပါ့မယ်..``


`` မောင်တို့ဒါစီးမှရမှ ချစ်ရဲ့..

သည်းခံပြီး လိုက်ခဲ့ပေးနော်....``


ကြွေသဘောပေါက်စွာဖြင့် ခေါင်းကိုငြိမ့်ကာ ဆိုင်ကယ်ပေါ်သို့ သေသေချာချာတက်ပြီး ဆိုင်ကယ်မောင်းသည့် အကိုကြီးရဲ့ခါးကို ပြုတ်ကျမှာ စိုးသည့်အတွက် ကျစ်နေအော်ဖက်ထားလိုက်သည်။ ကြွေအဆင်သင့်ဖြစ်ပြီဆိုသည်နှင့် ဆိုင်ကယ်များလဲ မောင်းထွက်သွားသည်။


ထနှောင်းစိတ်ထဲ ကလိကလိဖြစ်နေ၏။အကြောင်းမှာ ထနှောင်းရှေ့မှ ကြွေစီးလာသော ဆိုင်ကယ်ပေါ်တွင် ကြွေသည် ဆိုင်ကယ်မောင်းသူ၏ ကျောပြင်ကို မျက်နှာအတင်းကပ်နေပြီး ထိုလူ၏ခါးကိုလဲ ချစ်သူတစ်ယောက်လို ကျစ်နေအောင်ဖက်ထားသောကြောင့် ထနှောင်းစိတ်ထဲ ကျိတ်မနိုင်ခဲမရ တောက်စ် တစ်ခေါက်ခေါက် ဖြစ်နေသည်။


ထနှောင်း၏ တောက်စ်ခေါက်သံကိုကြွေမကြား ။ သူမအပူနှင့်သူမ ပြုတ်မကျစေရန်သာ မျက်လုံးမှိတ်ထားပြီး ဘုရားစာ ဆိုနေရသည်။


ထနှောင်းမနေနိုင်တော့ပေ.... 

လမ်းတစ်ဝက်လောက်အရောက် ဆိုင်ကယ်များကို ရပ်ခိုင်းလိုက်ရသည်။


`` ဒီမှာဗျာ.... 

အကိုတို့‌နှစ်ယောက်က တစ်စီးစီး...ကျွန်တော်တို့ လင်မယားနှစ်ယောက်က တစ်စီးစီးမယ်...

ဘယ်လိုလဲ အဆင်ပြေလား....``


မျက်မှောင်ကျုတ်ကာ ဒေါသသံဖြင့် ပြောနေသောကြောင့် ဆိုင်ကယ်မောင်းသူတို့က ကြောက်ကြောက်လန့်လန့်ဖြင့် ခေါင်းငြိမ့်လိုက်ရသည်။


`` မောင်က ဆိုင်ကယ်မောင်းတက်လို့လားဟင်...

မောင် ဆိုင်ကယ်စီးတာ ချစ်တော့ တစ်ခါမှမတွေ့ဖူးဘူး...

ဖြစ်ပါ့မလားမောင်ရယ်...``


ထနှောင်းသလည် ကြွေ့ကို ဘုကြည့်ကြည့်ပြီး ဘာမှမပြောဘဲ ဆိုင်ကယ်ပေါ် တက်လိုက်သည်။


`` ကဲ....မယ်မင်းကြီးမ တက်စမ်း..

ဖက်လိုက်စမ်းမောင့်ကို 

မောင့်ကျောပြင်ကို ကြိုက်သလောက် မျက်နှာအပ်ထားပေတော့...``


ရုတ်တရက် ဒေါသထွက်လာသော ထနှောင်းကို ကြွေနားမလည်ပါ...။


`` မောင်ဘာလို့ ဒေါကန်နေရတာလဲ``


`` ကဲ..တက်ပါဗျာ...``


ကြွေသည် ဆိုင်ကယ်ပေါ်သို့ ဘေးတစ်စောင်းထိုင်ကာ ထနှောင်းခါးကို ကျစ်နေအောင် ဖက်တွယ်ထားလိုက်သည်။


`` မျက်နှာပါ အပ်ဦးလေ..``


`` ဟော့တော်...မောင်နော်..

ချစ်ကိုဘလိုင်းကြီးလာအော်နေတယ်..``


ထနှောင်းသည် ကြွေအထိုင်ကျပြီဆိုတော့မှ စက်နှိုးကာ မောင်းထွက်သွားပါတော့သည်။


ထနှောင်းမောင်းသောဆိုင်ကယ်သည် ဒယိုင်းဒယိုင်ဖြင့် လမ်းကအဲ့လောက်မကြမ်းပေမဲ့ ကပျက်တိကပျက်ချော်ဖြစ်နေသည်ကို  မနည်းထိန်းကာ မောင်းနှင်သလို ဖြစ်နေသည်။ ဆိုင်ကယ်ကယ်ရီသမားနှင့် စီးတုန်းကမှ ကြွေအဲ့လောက်မကြောက်ခဲ့ပေ..။

ထနှောင်းမောင်းတော့မှ အသက်ပြန်ပါလာရင်တော်ပါပြီဟု စိတ်ဒုန်းဒုန်းချကာ ထနှောင်းကိုယ်ကို ကျစ်နေအောင်ဖက်ထားပြီး သူ့ကျောပြင်ကို မျက်နှာအပ်ထားကာ ဘုရားစာဆို တောစောင့်နတ် ၊ တောင်စောင့်နတ်များကို မေတ္တာ ပို့သနေရပေသည်။


လမ်းဆုံး‌ရောက်တော့မှ သက်ပြင်းချနိုင်ပေသည်။ ထနှောင်းကိုကြည့်သော် အိန္ဒြေမပျက် ဆောက်လက်စ တစ်ထပ်တိုက်အိမ်ကြီးကို ကြွေ့နှင့်အတူ သွားကြည့်သည်။ ဆောက်လုပ်ရေးသမားများနှင့်စကားပြောပြီး ထိုအိမ်နားသို့ ကြွေ့ကို ခေါ်လာသည်။


ထိုအိမ်၏မြေကွက်မှာ ခန့်မှန်းရလျှင် ၁၂၀ ဖြစ်လိမ့်မည်...။

ထနှောင်းသည် ကြွေ့လက်ဖဝါးလေးကို ကျစ်နေအောင်ဆုပ်ကိုင်ကာ အိမ်ကိုကြည့်ပြီး ပြုံးနေ၏..။


 `` ဒီအိမ်က ချစ်နဲ့မောင်တို့ရဲ့ မေတ္တာစံအိမ်လေးပေါ့..မောင်တို့ လက်ထပ်ပြီးရင် ဒီမှာနေကြမယ်လေ...``


ထနှောင်းပြောသည့်စကားကြောင့် ကြွေစိတ်ထဲ ဝမ်းသာလာကာ ထနှောင်းကိုဖက်ထားလိုက်သည်။


`` ဝမ်းသာလိုက်တာမောင်ရယ်..

ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးနော်..``


`` မောင် ဆိုင်ကယ်ဝယ်ထား‌တယ်...

 ချစ်စိတ်မပူပါနဲ့...ဒီနေရာက တောကျပေမဲ့ မြို့မှာလို ကားသံတွေမကြားရတော့ဘူး ၊ လူနံ့တွေမနံတော့သလို လေကောင်းလေသန့်နဲ့ စိတ်အေးအေးသက်သာ နေလို့ရတယ်လေ...နောက်ပြီးအေးချမ်းသာယာလို့

မောင်ရွေးလိုက်တာပါ...

ချစ်မကြိုက်ဘူးလားဟင်...``


`` မဟုတ်ပါဘူး..

ချစ်ကြိုက်ပါတယ်...အခုလို ချစ်အတွက် စဉ်းစားပေးလို့ကျေးဇူးပါမောင်..``


ကြင်သူနှစ်ဦး ပီတိလှိုင်လှိုင်နှင့်အပြန်ခရီးမှာလဲ ထနှောင်းမောင်းသော ဆိုင်ကယ်ကို စီးကလာကာ အသက်ကို ဖက်နှင့်ထုတ်ပြီး ပြန်လာခဲ့ရသည်။ 


ဒူးတုန်ရင်တုန်နှင့် ထနှောင်းကားပေါ်သို့ ဘေးကင်းကင်း ရောက်လာနိုင်ခဲ့ကြသည်။ 

ကားပေါ်ရောက်မှ နှစ်ဦးသား သက်ပြင်းရှည်ကို တစ်ချိန်ထဲ တစ်ပြိုင်နက် ခပ်ကျယ်ကျယ် ချနိုင်လေကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း...ရယ်နေကြပါတော့သည်။


`` လူဆိုလေး..ပြောစမ်း..

မောင်တကယ်ဆိုင်ကယ်မောင်းတက်ရဲ့လား..``


ထနှောင်းသည် ဟက်ဟက်ပက်ပက် ရယ်ချရင်းခေါင်းခါပြသည်။


`` တကယ်တော့ မောင်မစီးတက်ဘူး...မစီးတက်လဲ အခုစီးတက်သွားပြီပဲဟာ...

မဟုတ်ရင် ချစ်က အဲ့ဒီ့ဆိုင်ကယ်သမားကိုဖက်နေလိုက်တာ...မပြောလိုက်ချင်ဘူး...``


ထနှောင်းစကားကြောင့် ကြွေသည် ရယ်ရင်း ထနှောင်းလက်မောင်းကို အသားကုန် ထုရိုတ်ပါတော့သည်။


`` မမောင်းတက်ဘဲ...မောင်းရဲတယ်..ကဲကွာ..ကဲကွာ...

မတော်လို့.. ဒုက္ခရောက်နေမှာ မကြောက်ဘူးလားဟမ်!...

ခစ်ခစ်..မောင်နော်...တော်တော်ဆိုးတာပဲ...``


`` ဟားဟားဟား...တောင်းပန်ပါတယ်ဗျာ...နောက်ဆို ဆိုင်ကယ်စီးတက်အောင် သင်ထားပါတော့မယ်ဗျာ..``


ထိုနေရာမှအပြန် မုန့်ဝယ်စားရင်း ကြွေသည် တိမ်လွှာဖြူစံအိမ်လို စိတ်မပါစွာဖြင့် ပြန်လာခဲ့သည်။


အိမ်ရောက်သည်နှင့် ကြွေ့မိဘများသည် သစ်လွှင်နေသော အဝတ်အစားများကိုဝတ်ဆင်ကာ လူကြီးလူကောင်းများနှင့်အတူ စကားပြောနေကြသည်။


`` ဟော..သမီးလေး ပြန်လာပြီ... လာပါဦးကွယ်...

ဒီမှာ ‌အမလှနုတို့ရောက်နေတယ် ... လာပါဦး...``


ခေါင်းငိုက်စိုက်စွာဖြင့် ‌သူမအမေခေါ်သည့်နေရာသို့သွားကာ သူမမိဘနှစ်ပါးကြားတွင်ထိုင်လိုက်သည်။


`` အမလှနု ဒါကျွန်မသမီးလေးလေ...``


`` လှလိုက်တာ..ကျွန်မချွေးမလေးက...``


ကြွေသည် အမလှနုဆိုသည် အဒေါ်ကြီး၏အသံကို ရင်းနှီးသဖြင့် မော့ကြည့်လေသော် ....

 မျက်လုံးများအံအားသင့်စွာဖြင့် ဝိုင်းစက်ကာ ထို အဒေါ်ကြီးကို ကြည့်နေ၏...။


`` ကြီး....ကြီးလှ....``


အဒေါ်ကြီးသည် ကြွေ့ကို မျက်လုံးမှိတ်ပြလိုက်ပြီး ပုံမှန်အတိုင်းနေရန် မျက်စပစ်ပြလိုက်သည်။


`` အယ်...သမီးလေးက အမလှနုကို သိနေတယ်လား....``


`` ဟင်...အယ်...ဟို..မသိပါဘူး မေမေရယ်....တူသွားလို့ပါ...``


ထိုအဒေါ်ကြီးမှာ မဟူရာစံအိမ်တွင် ထနှောင်းခ၏ အိမ်တော်ထိန်း ကြီးကြီးဖြစ်နေလေသည်။


`` စိတ်မရှိပါနဲ့ကွယ်...သားလေးကအလုပ်ကိစ္စနဲ့သွားနေတာ..ကြာနေတယ်...``


`` လာပါပြီအမေရဲ့...သားရောက်နေပါပြီ...``


အသံလာရာသို့ ကြွေနှင့် ကြွေမိဘတို့ လှည့်ကြည့်သော် လည်ကတုံးအဖြူရောင် အကျီလက်ရှည်နှင့်  ပိုးထည်လုံချည်ကို သပ်ရပ်စွာဝတ်ဆင်ထားသော သားနားလှပနေသည့် ထနှောင်းခပင် ဖြစ်လေသည်..။


`` ဟင်...``


ကြွေ အံအားသင့်နေရာမှ ပို၍ အံအား သင့်ခဲ့ရလေပြီ...။ သူမနှင့် စေ့စပ်လမ်းကြောင်းလုပ်မည့်သူက သူမ၏ချစ်ရသူ ထနှောင်းဖြစ်နေသည်။


`` ကျွန်တော်နောက်ကျသွားလား..

တောင်းပန်ပါတယ်ဗျာ...ကုမ္မဏီမှာကျွန်တော်မရှိလို့ မဖြစ်ဘူးလေ...``


`` ရပါတယ်သားရဲ့...သားကအလုပ်ကိစ္စအတွက် နောက်ကျနေတာပဲဟာ....ကိစ္စမရှိပါဘူး...``


ကြွေ့မိခင်နှင့် ဖခင်တို့ကလဲ ထနှောင်းကို လိုလိုလားလားဖြင့် ကြိုဆိုကြပြီး သားမက်လောင်းကို သမီးထက် ပို၍ ဂရုစိုက်နေကြသည်။ ရှေ့နေနှင့် ရပ်မိရပ်ဖ ၊ မိဘများရှေ့မှောက်မှာ ထနှောင်းခနှင့် ကြွေနှိုင်းခတို့ စေ့စပ်ကြောင်းလမ်းမှုသည် အဆင်ပြေပြေနှင့် အထမြောက်သွားခဲ့လေသည်။


`` ကဲ...ဒါဆို အမသားနဲ့ ညီမတို့သမီးလေးတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှု အောင်မြင်သွားပြီပေါ့နော်...

အိမ်တစ်လုံး ၊ ကားတစ်စီးနဲ့လက်ဝတ်ရတနာအပြင် တင်တောင်းမှုက ဘာများလိုအပ်နေပါသေးသလဲ ညီမ...အားမနာနဲ့ပြောပါ..``


ပေးကမ်းရက်ရောလွန်းသည့် ဒေါ်လှနုတို့ကို ကြွေ့မိဘများက ကျေနပ်ကာ စိတ်တိုင်းကျနေသည် ။


`` ဘာမှ မလိုတော့ပါဘူး အမရယ်..

သမီးလေးရဲ့ ဘဝလှပနေရင် ညီမတို့ စိတ်ချရပါပြီ...

စိတ်ချမ်းလဲ သာသွားပြီ..``


လူကြီးမိဘများ စကားပြောနေရင်း ကြွေသည် မိဘများကို ခွင့်တောင်းကာ ‌ထနှောင်းကို ခြံထဲသို့ ခေါ်လာခဲ့သည်။


`` မောင်.. ဒါ ဘယ်လိုဖြစ်တာလဲ..

ချစ်နားမလည်တော့ဘူး...``


ထနှောင်းသည် ကြွေ့လက်ဖမိုးလေးကို အနမ်းဖွဖွခြွေရင်း ...


`` ဒီလိုလေချစ်ရဲ့..

မောင်က ချစ်မိဘတွေကို နဲနဲ လှည့်ကွက် ပြလိုက်တာပါ...

ဘယ်လိုလဲဆိုတော့...

အမရပူရက နန်းတော်ဝင်ရက်ကန်းရုံရှိတယ်မလား အဲ့ရက်ကန်းစက်ရုံက မောင်တို့စက်ရုံပဲ ဒါကို ကြီးလှနာမည်နဲ့ လွဲပြောင်းတယ် နောက်ပြီး မောင်က ကြီးလှရဲ့သားတစ်ယောက်လို ဖန်တီးလိုက်တယ်...

ဒါပဲ...ကျန်တာကအစစ်တွေ...

ဒီလိုမှမလုပ်ရင် ချစ်နဲ့နီးတော့မှာမဟုတ်ဘူး...

ဘာလဲ..ချစ်မကြိုက်လို့လား..``


`` ဟွန့်...သွားပါ...

ဒီကတော့ စိတ်ပူလိုက်ရတာ...

တကယ်တော့ မောင်က လူလည်ကျတာပဲ...``


`` ချစ်တာကိုး..

မမရဲ့အလှတရားတွေကြောင့် 

ကျွန်တော့်နှလုံးသားက မမခြေရင်းမှာ ဝပ်ဆင်းနေရပါပြီမမရယ်...

မမကို ကျွန်တော်သိပ်ချစ်တယ်.. ``


ထနှောင်းသည် ကြွေ့ခါးလေးကို ဆွေ့ခနဲဖက်ကာ သူ၏ ရင်ခွင်ထဲသို့သွင်းလိုက်ပြီး ကြွေ၏ ပန်းနုရောင် နူတ်ခမ်းပါးလေးကို ငုံကာ နမ်းရှိုက်လိုက်ပါတော့သည်။


`` ဟော့တော်...သားနဲ့သမီးက ရင်းနှီးတာ မြန်လိုက်တာ...``


`` သူတို့အဆင်ပြေတာမြင်ရတော့ ကျွန်မသိပ်ပျော်တာပဲ....``


`` ညည်းသမီးကလေ..အမျိုးမျိုး မနေ့ကတော့ လငါးမုန့်ဖမ်းသလိုမျက်နှာနဲ့ ဒီနေ့ကြတော့ အဆင်ကိုပြေလို့...``


``အို...မေမေတို့ကလဲ...ဘာမှန်းမသိ..``


`` ဟားဟားဟား.....``


ကြွေ့မိဘများသည် ထနှောင်းရင်ခွင်ထဲ ကြွေအရှက်သည်းနေသည်ကိုကြည့်ရင်း ပျော်ရွင်စွာနေပါတော့သည်။ 


ထိုနေ့မှစ၍ ထနှောင်းနှင့် ကြွေနှိုင်းခတို့ ဘဝလေးသည် နေသာနေသည့် ကောင်းကင်ပြာကြီးပေါ် သက်တန့်တစ်စင်း လှပစွာထင်ပေါ်နေသလို သာယာလှပစွာဖြင့် သက်ဆုံးတိုင် ပျော်ရွင်စွာ နေထိုင်သွားကြပါတော့သည်။


                 { ပြီးပါပြီ }


မေ့ဝတ္တုလေးကို အချိန်ပေးပြီး အားပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်🙏


rate now: