book

Index 17

အပိုင်း ( ၁၇ )

🍑ကျွန်တော့်နှလုံးသား

               မမထံဝပ်ဆင်း၍🍑

°~°~°~°~°~°~°~°


သူ့အသံကို ရင်းနှီးသည်။ 

သူ့အသံသည် ပင်ကိုအသံမှ ဩဇာညောင်းလှပြီး ရင့်ကျက်တည်ငြိမ်သည့် အသွင့်သို့ ကူးပြောင်းသော အသံအနေအထားဖြစ်သည်။ သို့ပေမဲ့လဲ ကြွေ မှတ်မိသည်။ 

တပ်ထားသောMaskကိုချွတ်ပြီး ကြွေ့ ကိုကြည့်လေတော့.. သူပါ..

 ကြွေထင်ထားသည့်အတိုင်း သူပါပဲ.... ။


ကြည်လင်အေးမြသော အကြည့်၊  ချိုသာသောအပြုံး ၊ လွမ်းငွေ့တရိပ်ရိပ်တက်နေသော မျက်ဝန်းတို့က ကြွေ တိုးတိတ်စွာ တမ်းတမိလေသော အရာ‌တွေပင်ဖြစ်သည်။


``ကျွန်တော် အဲ့လောက်တောင်ကြည့်ကောင်းနေသလား..``


သူစကားပြောမှ သတိဝင်လာသော ကိုယ့်ကိုယ်ကို ရှက်ရွံ့မိသည်။ အားတင်းကာပြုံးပြီး သူဆီသို့ နီးကပ်စွာရပ်လျက်... 

သူကတော့ ပြေပြစ်စွာ ပြုံးနေခဲ့သည်။


`` မတွေ့ရတာကြာပြီနော် 

ထနှောင်းလေး..``


ကြွေ့စကားကြောင့် ထနှောင်းအားနာစွာတစ်ချက် ရယ်ပြီး မတ်တပ်ရပ်နေသော ကြွေ့ကို မမြင်လို၍ သူ၏ဘေးတွင် ထိုင်ခိုင်းသည်။ သို့ပေမဲ့ ကြွေ သူနှင့် ခပ်လှမ်းလှမ်းမှာသာ ထိုင်လိုက်သည်။ သူက ကြွေ့ အနားသို့တိုးလာကာ ကုလားထက်ပင် ဆိုးနေတော့သည်။


`` မမကသာ မသိတာပါ..

ကျွန်တော်က မမဘေးမှာအမြဲရှိတယ်..``


ထိုင်နေရာမှ ခါးကိုင်းကာ သူ့မျက်နှာကို စောင်းငဲ့ကြည့်လိုက်တော့ သူကပြန်၍ ကြွေ့ကိုငဲ့ကြည့်လေရာ နှစ်ဦးသားမျက်ဝန်းမှ စူးရှရှ အကြည့်တို့သည် တစ်ဦးမှ တစ်ဦးသို့ မည်မျှ လွမ်းကြောင်း ထုတ်ပြောနေသလို..။

ထိုအချိန် ဘတ်စ်ကားက ရောက်လာခဲ့သည်။


`` မမသွားတော့မယ်..

အပြင်မှာအကြာကြီးမနေနဲ့နော် 

နေမကောင်းဖြစ်နေမယ်..``


အပြုံးဖြင့်နူတ်ဆက်ကာ ကားပေါ်တက်ရန် ခြေလှမ်းလှမ်းချိန်တွင် သူသည် ‌ေကြွ့လက်ကိုဆွဲပြီး  ဘတ်စ်ကားနှင့်အဝေးဆုံးသို့ပြေးထွက်လာခဲ့သည်။


ပြေးလွန်း၍များ နှလုံးခုန်မြန်နေသည်လား ၊ သူ့ကြောင့်များ ရင်ခုန်လွန်း နေသည်လားမသိ  ဘယ်ဘက်ရှိ နှလုံးသားသည် တဒုန်းဒုန်းဖြင့် ကျယ်လောင်စွာ လှိုက်ခုန်နေကြသည်။ သူသည် ‌ ပန်းဆိုးတန်းတံတားပေါ်သို့ခေါ်လာပြီး တံတားလက်ရန်းကို ကိုင်ကာ ရန်ကုန်မြို့ကြီး၏ ညအလှကို ရှုစားစေသည်။


ရန်ကုန်သူဖြစ်ပါလျက် ယခုလိုညရှုခင်း ရှု့စားရမယ်မသိခဲ့ချေ...၊ ခရမ်းရောင့်ရောင်ပေါ်တွင် နေမင်းဝင်ခါစ နီလိမ္မော်ရောင်သန်းနေသည့် ကောင်းကင်ကြီးအောက် တစ်ပွင့်စ နှစ်ပွင့်စကြယ်ကလေးတွေဟာ လမင်းနှင့်အပြိုင် ကမ္ဘာမြေပေါ်သို့ စတင်ထွက်လာပြီ..။


 ပန်းဆိုးတန်းကုန်းတံတားအောက်မှာ ကားများစီရီကာ အိမ်ပြန်ခရီးကို သူ့ထက်ငါ လုယက် ပြန်‌နေကြသည်..။ 


မျက်ဝန်းထောင့်ကနေ သူကို့ကြည့်တော့ မျက်တောင်မှ ခပ်နေရဲ့လားမသိ ၊ ကြွေ့ကိုကြည့်နေသည်မှာ မတွေ့ရသည့်ရက်တွေအတွက်  အတိုးချပေးနေသလို..။ 


သူ့အကြည့်တွေကို ပြန်၍မကြည့်‌နိုင်ခဲ့ပါ ရန်ကုန်မြို့၏ ညအလှကိုရှုစားရင်း မိုးဥတု၏လေညှင်း တိုက်ခတ်မှုအောက် ကြွေတစ်ယောက်ထဲ ချွေးစေးထွက်နေသည်။ သူ့ဘက်လဲ လှည့်မကြည့်ရဲ၍ တံတား လက်ရန်းပေါ်တင်ထားသည့် ကြွေ့လက်ကို မျက်လုံးကစားရင်းကြည့်မိတော့ သူကကြွေ့လက်ကို ဖျစ်ညစ်ဆုပ်ကိုင်ထားသည်။


 ကယောင်ကတမ်းဖြင့်  လက်ကိုရုန်းဖယ်ပြီး အနောက်သို့ အနည်းငယ် ဆုတ်လိုက်မိသည်။ သူကိုမရဲတရဲကြည့်မိတော့ ဖြူစင်ပြီး ညင်သာ‌စွာပြုံးပြသည်။


တိတ်ဆိတ်ငြိမ်သက်မှုကြီးကို ၁၅မိနစ်လောက်သူရော ကြွေပါ မဖြိုခွဲနိုင်ခဲ့ပါ..။ ကြွေ့ဘက်ကသာ စပြောမှဖြစ်တော့မည် မဟုတ်လျှင် သူ့အကြည့်အောက်မှာ တုန်ယင်နေသော ဒူးခေါင်းတို့ ညွတ့်ခွေယိုင်ကျသွားနိုင်ဖွယ်ရှိသည်။


`` နေကောင်းတယ်နော် ထနှောင်းလေး..``


သူ့မျက်နှာကိုကြည့်ပြီး နူတ်ခွန်းဆက်တော့ သူသည် တံတားလက်ရန်းကိုနောက်မှီကာ ကောင်းကင်ပေါ်က ဆန်းသစ်စလမင်းကြီးကို မော့ကြည့်သည်။


`` ကျွန်တော်နေမကောင်းဘူးမမ..

မမ မရှိကတည်းက ကျွန်တော့ဘဝဟာ လရောင်ထိမှ လန်းမယ့်ပန်းလို ညိုးနွမ်းနေခဲ့တာ..``


`` ဒါပေမဲ့ မင်း မမကို နေ့တိုင်းမြင်နေခဲ့ရတာပဲမလား..

မမသာ မသိခဲ့ရတာလေ ``


`` သိခဲ့ရင်ရော..

 မမကျွန်တော့်ကို လက်သင့်ခံပါ့မလား... 

ကျွန်တော်က မမစကားကို အလေးထားလို့ ဒီနေ့ထိ မမအဝေးမှာပဲနေခဲ့ရတာပါ..``


သူ့စကားကို ပြန်မဖြေမိပါ..၊ သူကြည့်နေသော ကောင်းကင်ပေါ်က လမင်းကိုသာ ကြည့်နေမိသည်။ 


`` မမ ဒီအတောတွင်း ကျွန်တော့်ကို သတိရမိတဲ့ ရက်အချို့ ရှိခဲ့ဖူးလား..``


သူ့မေးခွန်းကြောင့် ကြွေ ဆက်ခနဲလှည့်ကြည့်မိသည်။ သူကတော့ တည်တည်ငြိမ်ငြိမ် ရန်ကုန်မြို့ကြီးကို ကြည့်နေသည်။ 


(ကြွေဘယ်လိုပြောရမလဲ ၊ မင်းကို နေ့တိုင်းလွမ်းနေခဲ့တာပေါ့လို့ မိန်းမသိက္ခာအကျခံပြီးပြောရမလား..အဲ့လိုပြောရင်ကော ကြွေ့ရင်ထဲက ဆို့နင့်မှုကြီးက ပြေပျောက်သွားလေမလား..၊ အရင်လို မျိုသိပ်နိုင်စွမ်းကိုပဲ ဆက်လက် စောင့်စည်းလေရမလား...)


``မမမှာ အဖြေမရှိဘူးထင်တယ်.. ကိစ္စမရှိပါဘူး...ကျွန်တော်အသက်ရှင်နေချိန်မှာ မမအချစ်ကို ရအောင်ယူသွားမှာပါ... ၊ 

ကျွန်တော့်အချစ်က Tulipကို ကိုယ်စားပြုပါတယ်...``


တိုးလျသောအသံဖြင့် နူတ်ခမ်းပါးမှ ပြုံးရုံဟု ခေါ်နိုင်သည့် အပြုံးကိုသာ ပြုံးကာ ကြွေ့ရှေ့မှ ဖြတ်သွားသည်။


`` ပြန်ရအောင်လေ...

နောက်ကျရင် မေမေစိတ်ပူနေဦးမယ်..``


အရှေ့မှ သွားနေတုန်း နောက်လှည့်ကာ အိမ်ပြန်လိုက်ပို့မည့် အကိုကြီးတစ်ယောက်လို ပြောသည်။ ကြွေ့ခြင်းတောင်းကလဲ သူ့ဆီမှာကိုး..၊


`` မမအိမ်သိလို့လား..``


`` မမနဲ့ပတ်သတ်တာမှန်သမျှ ကျွန်တော်အကုန်သိပါတယ်..``


သူသည် ကြွေနှင့် ပခုံးချင်းယှဉ်မလျှောက်ပါ..၊ အရှေ့မှ‌သွားကာ ကြွေ့ခြေလှမ်းမှီစေရန် ခြေလှမ်းမကျဲတကျဲဖြင့် လမ်းလျှောက်သည်။ ကြွေသိပါသည် ဒါသူ ကြွေ့သိက္ခာတရားကို တန်ဖိုးထား၍သာ လမ်းအတူတူ မလျှောက်ခြင်းဖြစ်သည်။ပန်းဆိုးတန်းကနေ

တဆင့် လမ်း၃၀ထိ လမ်းလျှောက်ရင်း စကားစမြည်ပြောဖြစ်ကြသေးသည်။ 


သူပြောင်းလဲသွားသည်။ ရင့်ကျက်ပြီးတည်ငြိမ်လာသည်။ မိန်းကလေးတစ်ယောက်၏ သိက္ခာတရားကို တန်ဖိုးထားတက်သူတစ်ယောက်ဖြစ်လာသည်။


`` ခမ်းနော်ရော နေကောင်းရဲ့လား..``


`` ကောင်းပါတယ်မမ သူရှေ့လဆို လက်ထပ်တော့မှာ..``


 ထနှောင်းစကားကြောင့် ကြွေအံဩမိသွားသည်။ သူ့မျက်နှာကို ကြောင်အမ်းအမ်း ငေး‌ကြည့်မိတော့ သူက လှည့်ကာ ပြုံးပြသည်။


`` ဘယ်သူနဲ့လဲဟင်..``


`` မိုးဇွန်နဲ့ပေါ့...

မမ မှတ်မိတယ်မလား..``


မိုးဇွန်နှင့်ဆိုမှ ကြွေ သက်ပြင်းတိုးတိုးလေးချမိနိုင်သည် ။ ခမ်းနော်ဘဝလေး မိုးဇွန်နဲ့မှ လှပလိမ့်မည်။ သူ့ဘဝပြည့်စုံခဲ့ပြီ..။ ကြွေ ဝမ်းသာမှုနှင့် မျက်ရည်ကျမိသည်။ ထိန်းထားပေမဲ့ နူတ်ခမ်းဖျားမှ ရှိုက်သံအနည်းငယ်ထွက်ပေါ်လာသောကြောင့် ထနှောင်းမှာ ပြာပြာသလဲလဲ ဖြစ်ရပြီ...။


`` ဟာ မမ..ဘာဖြစ်တာလဲ...ဘာဖြစ်လို့လဲမမ..``


ကြွေ့ပခုံးကို ဖွဖွလေးပုတ်ကာမျက်ရည်များကို သူ့အိတ်ထောင့်ထဲက ပုဝါဖြူလေးဖြင့် သုတ်ပေးသည်။


`` မမ ခမ်းနော်အတွက် ဝမ်းသာလွန်းလို့ပါ... မိဘမရှိ သိမ်ငယ်နေရှာတဲ့သူမကို ဘယ်သူကမှ အားပေးဖော်မရခဲ့ဘူးလေ... အခုသူ့အတွက်စိတ်ချသွားပါပြီ..``


`` အော်..မမရယ်..``


ဆွဲငင်စွာပြောသည့်သူ့အသံကြောင့် မျက်ခုံးပင်ကာ မော့ကြည့်လေတော့ သူက ပြုံးနေ၏...။ 

ကြွေ့လက်ကိုဆွဲကာ ကားလမ်းမကူးပြီး ကားမှတ်တိုင်တွင် ကားစောင့်ရန် ရပ်နေလိုက်သည်။


`` မြန်တယ်နော်မမ..``


အဆုံးမရှိ အစမရှိပြောသော ထနှောင်းစကားကြောင့် သူ့ကို မော့ကြည့်ယူရသည်။


`` သူတို့က ချစ်ရင် ချစ်တယ်ပြောပြီး အချိန်တွေကို သူတို့အချစ်အတွက် အကျိုးရှိရှိအသုံးချသွားကြတယ်လေ..``


ကြွေ သာသာလေး ခေါင်းငြိမ့်ပြကာ ကားလာမည့်ဘက်ကို လှမ်းကြည့်သည်။


`` ကျွန်တော်တို့ကရော...``


သူ့အမေးကြောင့် ကြွေကျောပြင်မှာ ကြက်သီးအပြိုင်းလိုက် ထသွားခဲ့သည်။လှည့်မကြည့်မိအောင်ထိန်းကာ ဖိနပ်ထိပ်ဖျားလေးကိုသာ ငုပ်၍ကြည့်နေမိသည်။


`` မဟူရာစံအိမ်မှာ မမနဲ့အတူနေခဲ့တဲ့အချိန်တွေကို သိပ်လွမ်းမိတယ်.. ၊

ဖြစ်နိုင်ရင် အဲ့လိုအချိန်တွေ လိုချင်မိတယ်.. 

မမကရော.. ``


သူအဲ့လို မမေးမိပါစေနဲ့ ဟု ဆုတောင်းပေမဲ့ မပြည့်ခဲ့ချေ..။ ခေါင်းကိုဆက်၍ ငုပ်ကာသာ ဆိတ်ဆိတ်‌နေလိုက်၏။ ထို့နောက်‌ ဘတ်စ်ကားလာသည်နှင့် ကားပေါ်တက်ကာ သူက ကားဆရာကို နှစ်ယောက်လို့ပြောပြီး ပုံးထဲသို့ ပိုက်ဆံထည့်လိုက်သည်။ 


ဂိတ်စဖြစ်၍ ကားပေါ်တွင် လူသိပ်မရှိချေ...၊ ကားဝမ်းဗိုက်နားရှိ တစ်ယောက်ခုံတွင် ကြွေထိုင်လိုက်သည်။ ‌အကြောင်းမှာ ကြွေ့ဘေးနား သူ့ကို မထိုင်ခိုင်းစေချင်လို၍ ဖြစ်၏..။


ထိုင်ခုံတွေ အများကြီးရှိပါလျက် ကြွေ့ဘေးနားမှာသာရပ်ကာ မည်သည့်စကားမျှမဆို ၊ မှတ်တိုင်ရောက်တော့လဲ သူပါလိုက်၍ ဆင်းလာခဲ့သည်။ လမ်းထိပ်ရောက်သည်နှင့် ထနှောင်းဘက်သို့လှည့်ကာ သူ့ဆီက ကြွေ့ခြင်းတောင်းကို တောင်းလိုက်၏..။


`` အိမ်ရောက်တော့မယ်... ခြင်းတောင်းပေးတော့လေ..``


ကြွေလက်ထဲသို့ ခြင်းတောင်းထည့်ပေးလိုက်ပြီး ကြွေ့လက်ကိုရော ခြင်းတောင်းကိုပါ သူကိုင်ထားလိုက်သည်။


`` ထနှောင်း..!

ဒီနေရာက မမတို့ရက်ကွက်နော် မျက်စိတွေ နားတွေရှိတယ်..

လက်ကိုလွတ်ပါ..``


ထနှောင်းသည် ကြွေ့မျက်ဝန်းကို ဆွေးမြေ့စွာ စိုက်ကြည့်ရင်း နီးကပ်လာသည်။ လက်ကိုလဲ လွတ်မပေးသေးချေ..။


`` လူပျိုတစ်ယောက်က အပျိုတစ်ယောက်နဲ့စကားပြောတာလေ.. သူတို့က ဘာတွေ‌များအမြင်စောင်းစရာရှိလို့လဲမမရယ်..``


ကြွေသည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ကာ ထနှောင်းလက်ကို လွတ်ချသည်။

ထနှောင်းကလဲ လွတ်မပေးသေးချေ..။


`` မမကို တစ်ခုလောက် မေးချင်တယ်..‌မမဖြေရင် လွတ်ပေးပါ့မယ်..``


`` မေးပါ..ပြီးရင် မြန်မြန်လွတ်တော့...``


ထနှောင်းသည် သူ၏ရင်ဘက်သာသာ သာရှိသော ကြွေကို ခါးကိုင်းကာ သူမမျက်နှာနှင့် နီးကပ်စွာကြည့်လျက်...


`` ကျွန်တော် မမကို 

သိပ်ချစ်တာ သိရဲ့လား..``


`` ဟင်..``


(ကြွေဘယ်လိုပြောရမည်နည်း ၊ သိပါတယ်လို့ ပြောရမည်လား..

အို..ရှက်စရာကောင်းလိုက်တာ..)


မျက်နှာပေါ်ရှိ ပအို့နှစ်ဖက်က ပန်းရောင်သန်းလာသည့်အတွက် ထနှောင်းပြုံးမိသည်။


`` ဖြေလေမမ..``


``မဖြေချင်ဘူးဆိုရင်ရော..``


ထနှောင်းမျက်နှာကို မကြည့်ဘဲ သူ၏ဟူဒီအကျီမှာ ကပ်နေသော ဖုန်မှုန့်လေးတွေကိုသာ ကြည့်နေလိုက်သည်။


`` မဖြေရင်..မလွတ်ပေးရုံပဲပေါ့..``


`` သိပ်ခက်တာပဲ..``


`` မခက်ပါဘူး..

ကျွန်တော့်ကိုချစ်လားလို့ မေးနေတာမှမဟုတ်ဘဲ..``


`` အို...``


သူ့စကားသည် ကြွေ့ရင်ထဲတွင် လှိုက်ဖိုကာ ရင်ခုန်သံတွေ မြန်လာခဲ့သည်။


`` ကျွန်တော် မမကို ချစ်နေတာ 

သိလားလို့ ဖြေပါ‌မမရယ်..``


`` သိပါ...သိပါတယ်..``


`` ဒါဆို ကျွန်တော့်ကို စဉ်းစားပေးပါ..``


`` မင်း..``


ကြွေ အရည်လဲ့ကာ တောက်ပနေသော  သူ့မျက်လုံးကို ကြည့်မိလိုက်သည်။ မရင်ဆိုင်နိုင်သည့် သူ့မျက်ဝန်းကြောင့် မျက်လွှာပြန်ချကာ သက်ပြင်းချလိုက်သည်။


`` အငြင်းစကား မကြားချင်ဘူးမမ.. ကျွန်တော်စိတ်ရှိတိုင်းဆို မမကိုယ်ပေါ့ပေါ့လေးကို ချီပြီး အဝေးကို ခေါ်သွားလို့ရတယ်နော်...``


`` ဘာလဲ တို့ကို ခြိမ်းခြောက်နေတာလား..``


`` မဟုတ်ပါဘူး..ပြောပြတာပါ.. မမ သဘောမတူဘဲ ဘာမှမလုပ်ပါဘူး..

ဒါပေမဲ့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းချစ်လာခဲ့တဲ့ ကျွန်တော့်အချစ်ကို အသိအမှတ်ပြုပေးစေချင်ပါတယ်..``


`` လက်လွတ်ပါဦး..``


`` စဉ်းစားပေးမှာလား အရင်ပြောလေ..``


သူ့ကိုမကြည့်ဘဲ လမ်းမတဆုံးကို ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ အဲ့အခါမှ လက်လွတ်ပေးကာ ပန်းရောင်‌သန်းနေသည့် ကြွေ့ပါးပြင်ကို အနမ်းခြွေလိုက်၏...။


`` ဟေ့...မင်း..``


`` ချစ်လွန်းလို့ပါ မမရယ်...``


ကိုယ့်ကိုယ်ကို မသိလိုက်ပါပဲ 

သူ့ကို မျက်စောင်းထိုးကာ ချာခနဲလှည့်ထွက်လာခဲ့သည်။


``သန်ဖက်ခါဆို မမ မွေးနေ့ရောက်ပြီနော်...

အဲ့နေ့ တစ်ရက် မမရဲ့အချိန်ကို ကျွန်တော့အတွက်ပေးလို့ရလေမလား..   ``


သူနှင့် အနည်းငယ်လှမ်းမှ အနောက်ကနေ အော်ကာ မွေးနေ့ဖြစ်ကြောင်းသတိပေးသည်။ ကြွေ့မွေးနေ့ရောက်ပြီဆို အဲ့နေ့ကလဲ ထနှောင်းမွေးနေ့ပဲပေါ့... 

ကြွေ ဘာမှမပြောခဲ့ပါ အိမ်သို့ သုတ်ချေတင် ပြေးလာခဲ့သည်။


🍑•~•~•~•~• 🍑


``မေမေ ဖေဖေ ရေ...သမီးသွားတော့မယ်နော်.. ညီမလေးရေ.. သင်တန်း နောက်မကျစေနဲ့ဦးနော်..

``


`` ဟုတ်ကဲ့ပါ. ``


`` သမီးလေးရေ..ဂရုစိုက်သွားနော်..မွေးနေ့နား နီးပြီဆို ဂရုစိုက်ရတယ်ကွဲ့..``


မေမေပြောမှ သတိရသည်။ ညတုန်းက ထနှောင်းပြောခဲ့သည့်စကားကို အလေးထားရင်ကောင်းမလား ၊ မကောင်းမလားစဉ်းစားရင်း လမ်းထိပ်သို့ ရောက်လာခဲ့သည်။

လမ်းထိပ်ရောက်သည်နှင့် သရဲသဘက်တွေ့သလို တစ်ကိုယ်လုံးတောင့်တင်းကာ ၃စက္ကန့်လောက် အသက်ရှု ရပ်သွားခဲ့သည်။ လမ်းထိပ်ရှိ အုတ်ခုံပေါ်တွင် ထနှောင်းသည် ကာကီရောင် ကုတ်အကျီနှင့် နက်ပြာရောင် ဂျင်းဘောင်းဘီကိုဝတ်ဆင်ကာ သားသားနားနားနှင့် ကြွေလာမည့် ခရီးလမ်းမှာ ပြုံး၍ ကြို‌ဆိုနေသည်။


``Morning မမ..``


`` ဟူဒီအကျီကုန်သွားလို့လားဟင်..

ခစ်ခစ်..``


ထနှောင်းကိုကြည့်ရင်း ခပ်ဖွဖွ ရယ်မိသည်။ သူသည် ကြွေ့‌ခြင်းတောင်းလေးကို ဆွဲယူကာ ရှေ့မှ ခပ်သုတ်သုတ် လျှောက်သွား၏..။


``မင်း နေ့တိုင်းတော့ ဒီကိုမလာဘူးမလားဟင်..``


`` မမက မလာစေချင်လို့လား..``


`` သူများတွေ တစ်မျိုးထင်ကုန်မှာစိုးလို့ပါ..``


`` ဒါဆို ကြေညာစရာတောင် မလိုတော့ဘူးပေါ့မမရယ်...``


ကြွေ့မေးခွန်းကြောင့် လည်ပြန်ကာ သွားတက်လေးပေါ်အောင် ရယ်ရင်း အရွန်းဖောက်သလို အတည်ပြောသလို ပြောသည်။


`` ကျွန်တော်က မမကိုတန်ဖိုးထားလို့ ဒီဇိုင်းပြောင်းလာတာပါ..

မမနဲ့အတူတူသွားတဲ့ ယေကျာ်းတစ်ယောက်က မမအားကိုးစရာကောင်းတဲ့ အသွင်အပြင်ရှိမှ ဖြစ်မှာပေါ့..မဟုတ်လား..``


သူစကားသိပ်တက်လွန်းသည်။ သူ့အပြောအောက်တွင် ကြွေရယ်ခဲ့သည်မှာ အတော်များပြီ..။


`` ဒီအချိန်ဆို ကားတိုးရမှာ ..

ကျွန်တော့်မှာ ကားပါတယ် မမလိုက်ခဲ့ချင်လား..``


`` မမက ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်တယ်...ဒါကြောင့် ဘတ်စ်ကားသာ တိုးစီးပါ့မယ်..``


`` ကောင်းပါပြီ..``


စကားပြောရင်းနှင့် မှတ်တိုင်သို့ ဘယ်လိုဘယ်ပုံ ရောက်သွားသလဲ မသိပါ...။ မှတ်တိုင်ရောက်သည်နှင့် စီးမည့်ကားကလဲ အခန့်သင့် ရောက်လာသည်။ ကားသည် ချောင်ပေမဲ့ ထိုင်စရာ ထိုင်ခုံမရှိပေ..၊ မတ်တပ်ရပ်နေသော သူများမှာလဲ ၁၀ဦးအထက် ရှိပေလိမ့်မည်။ 


ထနှောင်းသည် ကြွေ့ဘေးမှာသာ ရပ်ပြီး သူနှင့် မျက်လုံးချင်းဆုံမိလျှင် မဆီမဆိုင် ပြုံးပြတက်၏..။ အမြင်ကတ်၍ နှာခေါင်းရှုံ့ပြပြီး မျက်စောင်းထိုးသောအခါ သူက အသံတိတ် ရယ်၏..။ 


မှတ်တိုင်တစ်ခုပြီးတစ်ခု ကျော်လာချိန်တွင် ကားပေါ်သို့ လူဦးရေကလဲ များလာသည်။ ထိုအခါ ထနှောင်းသည် ကြွေ့အနောက်ဘက်သို့ ပြောင်းကာ နေလိုက်၏..။


`` မမဆံနွယ်က ကျွန်တော်အရင်တုန်းက ပေးတဲ့ ကလျာဏီပန်း ခေါင်းလျှော်ရည်နဲ့ပဲ လျှော်တာမလား...``


နားရွက်နားသို့ တိုးကာ ဖွဖွလေးပြောသည့်အသံကြောင့် ကြွေ ခေါင်းငြိမ့်ပြလိုက်သည်။ ကြွေ့ ဆံနွယ်ကို နမ်းရှိုက်သလို ပြုပြီး သူ့ဆီက ခပ်ဖွဖွ ရယ်သံကြားလိုက်ရသည်။


သူဘာလို့ ရယ်တာပါလိမ့်...။ 


သူ ရှုထုတ်လိုက်သော ‌လေများသည် ကြွေ၏ ဆံနွယ်သို့ သက်ရောက်ကာ ဦးခေါင်းအရေခွံပြားထိ နွေးကနဲဖြစ်သွားသည်ကို ခံစားမိသည်။ အနည်းငယ်ရင်ဖိုကာ ရှက်လဲ ရှက်မိသည်။

 ဗိုလ်ချုပ်ဈေးရောက်ပြီဖြစ်၍ ကားပေါ်မှဆင်းကာ ကြွေ့ဆိုင်သို့ လျှောက်လာခဲ့သည်။


`` မနက်ဖြန်...မမ ကျွန်တော့်ကို အချိန်ပေးနိုင်မလားဟင်..``


ကြွေသည် သူ့ကို မခို့တရို့လှမ်းကြည့်ကာ သူ့ဆီက ခြင်းတောင်းကို ယူလျက် ခေါင်းငြိမ့်ပြပြီး ဆိုင်တံခါးဖွင့်ကာ ဝင်သွားခဲ့သည်။

ဆိုင်ကို နေရာထိုင်ခင်းချကာ ဖုန်ခါ သန့်ရှင်းရေးလုပ်နေချိန်အထိ သူဆိုင်ရှေ့မှာသာ မတ်တပ်ရပ်နေခဲ့သည်။


`` မမ..!``


သူ့ခေါ်သံကြောင့် လှည့်ကြည့်လိုက်ချိန်တွင် သူသည် လက်ကိုခေါင်းအကျော်ကို မြှောက်ကာ အသဲပုံ ပုံစံလုပ်ပြပြီး အဝေးကနေ အနမ်းခြွေပြသည်။


`` ညကျလာကြိုမယ်နော်..``

ဟုပြောကာ

 ထွက်သွားလေသည်...။


ကြွေ့ရင်ထဲမှာတော့ စာကလေးများ ကျလိကျလိနှင့် လာအော်နေသလို နားရွက်များကလဲ ထူပူပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။ ပတ်ဝန်းကျင်ကတော့ သူ့ဟာနဲ့သူ လည်ပတ်နေသည်။


ညနေ‌စောင်း ဆိုင်ပိတ်သည်နှင့် မသိလိုက်မသိဘာသာဖြင့် တစ်စုံတစ်ခုကို မျှော်လင့်နေမိသည်။ ဆိုင်တံခါးများကိုပိတ်ကာ ခြင်းတောင်းဆွဲလျက် အပြင်သို့ ထွက်လာချိန် တစ်စုံတစ်ယောက်က သူမခြင်းတောင်းကို ဖျက်ခနဲ ဆွဲယူလိုက်သည်။


ကြွေမကြည့်ဘဲနှင့် သိလိုက်ပါပြီ..၊  အရှေ့မှ လျှောက်သွားသော သူ၏ ကျယ်ပြန့်ကြီးမားလှသော ကျောပြင်ကိုကြည့်ကာ နူတ်ခမ်းမှ အလိုလို ပြုံးနေမိ၏..။


ကားမှတ်တိုင်ရောက်သည်နှင့် မှတ်တိုင်တွင် ထိုင်ကာ ကားလာမည်ကို စောင့်‌ဆိုင်းနေရသည်။


`` ရောင်းကောင်းလားမမ..``


`` မဆိုးလှပါဘူး..``


`` ဝယ်သူထဲမှာ ယေကျာ်း‌တွေပါနေရင် သူတို့ကို အရမ်းမပြုံးပြပါနဲ့..``


ခပ်မာမာဖြစ်နေသော အသံကြောင့် သူ့ကို မော့ကြည့်မိသည်။

 သူကကြွေ့ကို မရယ်မပြုံးဘဲ တည်ငြိမ်စွာဖြင့် ကြည့်နေသည်။


 သူဘာကြောင့် ယခုလို ပြောသည်ကို သိပါသည်။ နေ့လည်က ဝယ်သူတွေထဲမှာ ကိုယ်နှင့်ရင်းနှီးသည့် ယေကျာ်းလေးမိတ်ဆွေတစ်ယောက် လာဝယ်သောကြောင့် ရင်းရင်းနှီးနှီးဖြင့် ပြုံးကာ စကားဆိုနေသည်။ သို့ပေမဲ့ အဲ့ဒီ့အချိန် ထနှောင်းမရှိဘူးလေ..၊ ဒါမှမဟုတ် ကြွေသတိမထားမိသည်များလား..။


`` ရောင်းသူ ဝယ်သူကတော့ ဒီလောက်တော့ ရှိပါတယ်..``


`` ဒါပေမဲ့ ကျွန်တော် သဝန်တိုတယ်.. 

မမအပြုံးက ကျွန်တော့်တစ်ယောက်ထဲ အတွက်သာ ဖြစ်စေချင်တာ..``


ကလေးတစ်ယောက်လို ချွဲနွဲ့သည့်အသံ အနည်းငယ်ပါသောကြောင့် ကြွေ ခပ်အုပ်အုပ် ရယ်လိုက်မိသည်။ 


`` မရယ်ပါနဲ့မမ ကျွန်တော့်အချစ်က မမချစ်တဲ့တိမ်တွေလိုမဟုတ်ဘူး...``


`` ဒါဆို ဝယ်သူတွေ လာတဲ့အခါ မမက ဆူပုတ်နေရမှာလားဟင်..``


`` ဆူပုတ်သင့်ရင် ဆူပုတ်ရမှာပဲ..!``


``အို..မင်းစကားတွေက 

တို့အပေါ် အမိန့်မဆန်လာစေချင်ဘူး..``


`` မမဘက်က ယေကျာ်းလေးတွေ ချစ်လာအောင် မပြုံးပြရင် ကျွန်တော့်ဘက်ကလဲ ပြောစရာမလိုဘူး..

ကျွန်တော်က မမကို သိပ်ချစ်လွန်းလို့ ပြောနေရတာ မမသိရဲ့လား !...``


ကြွေသည် ထရပ်ကာ ထနှောင်းကို မကြည့်တော့ဘဲ ကားလာသည်နှင့် တက်သွားသည်။ ထနှောင်းသည်လဲ ကားပေါ်သို့အမြန်တက်ကာ ကြွေ့အနောက်မှာ ရပ်နေလိုက်သည်။ ကားပေါ်တွင် မည်သည့်စကားမျှ မပြောခဲ့ချေ... ။ 


ယေကျာ်းသားတွေ ကြွေ့အနားရောက်လာမှာစိုး၍သာ သူက လိုက်လံ ကာကွယ်ပေးသည်သာ ရှိသည်။ သူလဲ စကားမပြောခဲ့ပေ..။ 


မှတ်တိုင်ရောက်သည်နှင့် ကားပေါ်မှဆင်းကာ ထနှောင်းဆီကာ ခြင်းတောင်းကို ယူပြီး ရှေ့မှ ခပ်သုတ်သုတ် လျှောက်လာခဲ့သည်။


ကြွေ စိတ်ဆိုးနေသည့် ပုံစံကို ထနှောင်းသဘောကျသည်။ သို့ပေမဲ့ အချိန်ကြာမြင့်နေလျှင် စိတ်ကောက်သွားလိမ့်မည်။ ထို့ကြောင့် ကြွေ့အနားသို့ အပြေးလေးသွားကာ ကြွေ့လက်ဖျံကလေးကို ဖွဖွကလေး ဖျစ်ညစ်လိုက်၏.။


`` စိတ်ဆိုးနေသလား..``


ကြွေသည် သူ့ကို မကြည့်ဘဲ လက်ကို လွတ်ချကာ ရှေ့သို့ဆက်သွားသည်။ထနှောင်းကလဲ လိုက်ပြန်၍ ကြွေ့လက်ကို ကိုင်လိုက်ပြန်သည်။


`` ကျွန်တော် တောင်းပန်ပါတယ်...

နောက်ဆိုဆင်ခြင်ပါ့မယ်...`` 


ဟုဆိုကာ 


ကြွေ့လက်ဖျံလေးကို ဖွဖွလေးနမ်းလိုက်၏..။ ထနှောင်းအပြုအမှုကြောင့် စိတ်ဆိုးနေသည်မှာ ဘယ်ပျောက်သွားလဲမသိ ၊ ပတ်ဝန်းကျင်ကို ကပြာကယာကြည့်ကာ လက်ကို လွတ်ချလိုက်သည်။


`` မင်းကိုပြောထားတယ်လေ..``


`` မမစိတ်ဆိုးမှာ ကြောက်လွန်းလို့ပါ..စိတ်ဆိုးပြေတော့နော်.. 

ကိုယ်ချစ်တဲ့သူကို နည်းနည်းလေးသဝန်တိုမိတာ အမှားလို့ မမ မြင်ရင် ကျွန်တော် နောက်ဆင်ခြင်ပါ့မယ်.. ``


အားငယ်သည့်အသံဖြင့် ညိုးငယ်စွာပြောနေသည့် ထနှောင်းကို မျက်ခုံးအသာပင့်ကာ မော့ကြည့်ရာတွင် သူက ရယ်ကျဲကျဲနှင့် ပြောင်စပ်စပ်လုပ်ပြသည်။


ဘယ်လိုလူမှန်းမသိတော့ပါ..။ သူရယ်သံကြောင့် ကြွေကို ပြုံးမိစေသည်။


`` မနက်ဖြန် စောစောလာကြိုမယ်နော်..အပြင်သွားရအောင်..``


`` ညီမလေးကိုပါ ခေါ်လာချင်တယ်..``


`` ညီမလေးကို..?

ဘာဖြစ်လို့လဲမမ..မမက ဆယ်ကျော်သက်အရွယ်မှ မဟုတ်တာ..

သူ့ကိုခေါ်စရာမလိုပါဘူး..သူက လိုက်ချင်တယ်ဆိုလို့လား.. ``


``ဟင့်အင်း..မမက ခေါ်ခဲ့ချင်တာ..``


`` မမ...``


ခေါင်းငုံကာ စကားဆိုနေသည့် ကြွေ့မေးစေ့ကို ကိုင်ကာ ထနှောင်းကို မေ့ာကြည့်စေသည်..။


``ကျွန်တော့်ကို ကြောက်လို့လားဟင်..``


ကြွေ့မေးစေ့ကိုင်ထားသည့် သူ့လက်ကို ဖယ်လိုက်ပြီး ခေါင်းအသာ ငြိမ့်ပြလိုက်သည်။

ကြွေ့အပြုအမှုကြောင့် ထနှောင်း ခပ်အုပ်အုပ် ရယ်မိသည်။


``ကောင်းပါပြီ.. 

ဒါဆိုလဲ ခယ်မလေးနဲ့အတူ သွားကြတာပေါ့..``


`` အို..သွားပါ...

ဘယ်သူက သူ့ခယ်မ မို့လိုလဲ...``


ကြွေသည် မျက်စောင်းကလေးထိုးကာ ထိုနေရာမှ ထွက်လာခဲ့သည်။

‌ထနှောင်းကတော့ အနောက်မှာကျန်နေခဲ့ပြီး ပျော်ရွင်သော ရယ်သံနှင့်အတူ သီချင်းအော်ဆိုကာ ထွက်သွားလေတော့သည်...။


အပိုင်း ( ၁၈ ) မျှော်..💁


ကြွေ့ကို ဘယ်ခေါ်သွားမလဲဟင်..

ထနှောင်းဘက်ကရော ဘယ်သူ ပါလာမလဲ...။ 🙄


ဒါဒါလေူတွေရေ..အခုတလော အချိုတွေပဲ လာမယ်နော်...

နောက်နှစ်ပိုင်း သုံးပိုင်းတွေဆို အခါးတွေလာတော့မှာ...😔


မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်ရှင့်...🙆🙏


rate now: