``ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍``
💓💓💓💓💓
လှည့်မကြည့်ဘဲ ထွက်သွားသည့် ကြွေကို့ ထနှောင်းသည် သမင်လည်ပြန် သူ့ကိုပြန်ပြီး လှည့်၍ ကြည့်လေမလားဆိုပြီး စောင့်မျှော်နေပေမဲ့..
စိတ်ကူးနဲ့လက်တွေ့က
ထပ်တူမကျပေ...။
သူနှင့် အဝေးဆုံးရောက်သွားပေမဲ့ ကြွေ့အရိပ် သေးသေးလေး ကျန်နေသည်အထိ ကြည့်နေချိန် ထနှောင်း၏ မျက်နှာ ရှေ့တည့်တည့်တွင် နောင်တခမ်းသည် ပိတ်ရပ်လိုက်၏...။
မချိုမချဉ်အပြုံးနှင့် ထနှောင်းခကိုကြည့်ရင်း ခမ်းသည် ရယ်နေပါတော့သည်။
``ဟားဟားဟား
မင်းကို ဘယ်သူများလဲလို့ အရင်ကတော့ တွေးမိဖူးပါတယ်...
မယုံနိုင်ခဲ့ဘူး...
Hardဆိုတဲ့ ဥက္ကဌဘဝနဲ့ ထနှောင်းခဆိုတဲ့ ဓားပြဘဝနှစ်ခုကြား
နေသားရော ကျနေရဲ့လား..၊
ဒါနဲ့ မင်းကုမ္မဏီကို ငါတို့လာမယ့်ရက်ကနီးနေပြီနော်...
အကြံပေးတာ ကမ်းလှမ်းချက်ကို ပယ်ဖျက်လိုက်လဲ ရတယ်..
တော်ကြာမှ ဖင်မနိုင် ပဲကြီးဟင်း စားရသလိုဖြစ်နေဦးမယ်....``
ထနှောင်းသည် မည်သည့်စကားမှမပြောဘဲ ခမ်းကို မျက်ကွယ်ပြုကာ လှည့်ထွက်လာခဲ့သည်။ သူ၏ရင်ထဲမှာ သောကအလွမ်းတွေ တောက်လောင်နေ၍ မည်သည့်စကားမှ နားထဲဖောက်မဝင်နိုင်ပေ.. ။
ခမ်းသည် ထိုပုံစံကို မကျေနပ်နိုင်..။ နောက်ထပ် စကားနာထိုးရန် ကြံရွယ်လိုက်သည်။
``ဟေ့ကောင် မင်းသည်းခြေခိုက်အောင် တစ်ခုတော့ မှတ်ထားလိုက်...
ဒီဘဝ ၊ ဒီခန္ဓာကိုယ်နဲ့ မင်းဘယ်တော့မှ..ကြွေနှိုင်းခကို မရစေရဘူး... ငါကျိန်ဆိုတယ်
ဟေ့ကောင်..!!``
အာခေါင်ခြစ်သံဖြင့် မီးလျှံတရဲရဲတောက်နေသလို အော်ငေါက်ကာ ပြောနေသော ခမ်းကို ထနှောင်း စူးရှသော မျက်ဝန်းတို့ဖြင့် လှည့်ကြည့်လိုက်သည်။
တခြားအရာများကို သည်းခံနိုင်သည်။ မည်သည့် ထိုးနှက်ချက်မဆို ခံနိုင်ရည်ရှိပေမဲ့ ကြွေနှိုင်းခနှင့် ပတ်သတ်လာလျှင် သွေးဆိုးနေသည့် တောရိုင်းတစ်ကောင်လို အသွင်ပြောင်းပြီး ခမ်းဆီသို့ ပြေးဝင်ကာ ထိုးသတ်ပါတော့သည်။
ခမ်းကလဲမခံ ထနှောင်းမျက်နှာကိုသာ သွေးများထွက်သည်အထိထိုးသည်။ ထိုသည်ကို မိုးဇွန်နှင့် ဘရဏီတို့က ပူးကပ်လုံးထွေးသတ်ပုတ်နေကြသော ထနှောင်းနှင့် ခမ်းတို့ကို မနည်းဆွဲထုတ်ကာ ရန်မဖြစ်စေရန် သူတို့၏ ခန္ဓာကိုယ်နှင့် ကာထားလိုက်သည်။
`` ဟျောင့် နောင်တခမ်း..
မင်းမှတ်ထားလိုက် အချစ်ဆိုတာ ဖြူစင်တယ်ကွ !...လွယ်လွယ်ကူကူ
လုပ်ကြံဖန်တီးယူလို့မရသလို ၊ လွယ်လွယ်ကူကူ ဖျောက်ပျက် ဖျက်စီးလို့မရဘူး !
အသွေးအသားထဲက ထွက်ပေါ်လာတဲ့ အချစ်စစ်တွေက မင်းလိုကောင်မျိုးနဲ့ လုံးဝမတန်ဘူးကွ မင်းမှတ်ထား``
`` ဟားဟား...!
ကဗျာဆရာသာလုပ်စားစမ်းပါကွာ...
ဒီမှာ အချစ်ဆိုတာ ဦးရာလူနဲ့ပဲထိုက်တန်တယ်..
ကြွေနဲ့ငါက မင်းထက်အရင်တွေ့ခဲ့တာ..ကြွေ့ရင်ထဲမှာလဲ မင်းဆိုတဲ့အကောင်က သူ့ခြေထောက်မှာ ကပ်နေတဲ့ဖုန်မှုန့်လောက်တောင် အရေးမပါဘူးကွ..နားလည်လား..``
``ဟာ..ဒီသောက်ကောင်...နေဦး..
မင်းသောက်ပေါက်ကို ငါလာပိတ်မယ်..``
မိုးဇွန်သည် နောင်တခမ်းကို သည်းခံနိုင်သလောက် သည်းခံပေမဲ့ သူ၏သခင်ကို စော်ကားတာများလာ၍ သူကိုယ်တိုင် ခမ်းကို ထိုးရန် ရွယ်နေရာ ဘရဏီက မိုးဇွန်ရော ထနှောင်းကိုပါ ထိန်းကာဆွဲထားရသည်။
``ဟျောင့်ငမိုး..
မင်းအသာနေစမ်း!..
မင်းသခင်ကိုခေါ်ပြီးပြန်တော့..
ဟိုလူ! ခင်များလဲ ခင်များလာရာလမ်းကနေပြန်ကြွလိုက်တော့..``
`` အဟက်သွားမှာပါ...
သတိပေးခဲ့မယ်...
ငါ့ချစ်သူ ကြွေ့အနားကို မင်းရဲ့အရိပ်တောင် ကပ်မလာခဲ့နဲ့...
အဟွန်း..
၂၆ရက်နေ့မှ ပြန်တွေ့ကြတာပေါ့...Mr Hard..``
`` အာ..ဒီ...``
``ထားလိုက်ပါ ခ ရာ သူတို့တွေက မင်းထိုးတာကို ခံချင်နေကြတာ..
လာ..ကိုယ့်အသားအနာခံမစမ်းနဲ့ ဒီအသားပုတ်နဲ့ မင်းလက်နဲ့က မတန်ဘူး.. ပြန်ကြမယ်..``
နောင်တခမ်းလှည့်ထွက်သွားသည်နှင့် ဘရဏီသည် ထနှောင်းနှင့် မိုးဇွန်ကို ချော့မော့ကာ မဟူရာစံအိမ်သို့ရောက်လာခဲ့ကြသည်။
အိမ်ပြန်လမ်းဟာ သွေးတွေဆူပွက်ပြီး နှလုံးသားတစ်နေရာက ဆစ်ခနဲ ဆစ်ခနဲနှင့် ခံရခက်နေသည်။ ဝေဒနာနှင့်အတူ အလွမ်းတိမ်တိုက်များကလဲ ထနှောင်းကို ကိုယ်စားပြုကာ ညို့မှိုင်းနေ၏။
°~°~°💓°~°~°
ကုက္ကိုလ်ကိုင်းရွာမှာတော့ ဆရာမလေးကြွေနှိုင်းခ ပြန်ရောက်လာ၍ ရွာသားများသည် သီချင်းသီဆို ကခုန် မြူးထူးနေကြသည်။ ကျောင်းသားကျောင်းသူများကလဲ ကြွေ့ကိုပြေးဖက်ကာ လွမ်းဆွတ်နေကြောင်း မျက်ရည်များနှင့် သက်သေပြကြသည်။
``ကြွေ့ကို စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်...
ကြွေပင်ပန်းနေပြီမို့ နားလိုက်ပါဦးမယ်..``
`` ဟုတ်ကဲ့ပါဆရာမလေး..
ကဲ..ကဲ...ကိုယ့်အိမ်ကိုယ်ပြန်ကြတော့ ဆရာမလေး နားဦးမယ်..``
သူကြီးအမိန့်ပေးလိုက်မှ ရွာသားများသည် ကိုယ့်အိမ်သို့ကိုယ်ပြန်သွားကြသည်။ သူကြီးကိုနူတ်ဆက်ကာ ကြွေတို့သည်လဲ သူမတို့ အိမ်ပေါ် တက်လာခဲ့ကြသည်။
အိမ်ပေါ်ရောက်လျှင်ရောက်ချင်း ဒေါ်မိုးကြွေလွှာသည် ကြွေ့အခန်းထဲသို့ဝင်ကာ ပစ္စည်းတွေ ထုပ်ပိုးနေတော့သည်။ ခြွေကတော့ သူမ၏အမကိုကြည့်ကာ မျက်နှာမကောင်းပေ...။
`` မေမေ..``
``ညည်းဘာမှအပိုတွေလာပြောမနေနဲ့တော့..အိမ်ပြန်လိုက်ခဲ့ရမယ်..``
`` ဒါပေမဲ့မေမေရယ် ကလေးတွေကို မေမေတွေ့လိုက်တာပဲ
မဟုတ်လား..``
ကြွေနှိုင်းခပြောတော့ ဒေါ်မိုးကြွေလွှာသည် ပစ္စည်းတွေသိမ်းနေရာမှ ရပ်တန့်ကာ ရှိုက်သံတငင်ငင်နှင့် ငိုပါတော့သည်။ ကြွေနှင့်ခြွေသည်သူမအမေဆီသို့သွားကာ ပွေ့ဖက်ထားလျက် သုံးယောက်သား ငိုကြွေးနေပါတော့သည်။
`` မမ မရှိတော့ မေမေ့မှာ အစားလဲသိပ်မစားတော့ဘူး ၊ အအိပ်လဲမမှန်တော့ဘူး...
မမကို စိုးရိမ်နေရတာက မေမေ့အတွက် အလုပ်တစ်ခုလိုတောင် ဖြစ်နေပြီ..``
ခြွေနှိုင်းခသည် သူမအစ်မလက်ကိုကိုင်ကာ အိမ်ပြန်လိုက်ခဲ့စေရန် တစ်ဖက်တစ်လမ်းက ပြောကူ၏...။ ဦးတင်အောင်မြင့်သည်လည်း မကြည့်ရက်တော့၍ ခြံအပြင်သို့ ထွက်သွားသည်။
အခန်းဝမှ ကြွေ့ခန္ဓာကိုယ်တစ်ခုလုံးကို ဇီးကွက်မျက်လုံးဖြင့် နေရာအနှံ ကြည့်နေ၍ သကာ်မကင်းဖြစ်နေသူမှာ နောင်တခမ်းပင် ဖြစ်သည်။
`` ကိုကို...``
ကြွေ့အသံကြားမှ သတိဝင်ကာ ခန္ဓာကိုယ်ကို ဘေးစောင်းပြီး တံခါးဝမှာ မှီလျက် ကြွေ့အမေးကို မဖြေခဲ့ပေ...။
ကြွေသည် သူမအမေ အနားမှထကာ ခမ်းလက်ကိုဆွဲပြီး အိမ်နောက်ဘေးသို့ ရောက်လာခဲ့သည်။
`` ကိုကို..ကိုကို့သဘောကရော.
ကိုကို.. ကိုကို!...
သဲကိုကြည့်ပါဦးလို့``
နောင်တခမ်းသည် သူမကိုလုံးဝမကြည့်ခဲ့..၊ ဆန့်ကျင်ဘက်အရပ်ကိုသာ ကြည့်နေ၏..။
ကြွေ အားမရတော့၍ ခမ်းလက်မောင်းကိုလှုပ်ခါမေးတော့ သူမကို ပြန်ကြည့်သည်။
`` မင်းကဘာအကြောင်းပြချက်ရှိလို့ ဒီမှာနေခဲ့မှာလဲ...
မရိုးမသားတော့လာမလုပ်နဲ့
ကြွေနှိုင်းခ ကလေးတွေ ကလေးတွေဆိုပြီး တခြားဆီစိတ်ရောက်မနေနဲ့..
ဒါငါသတိပေးနေတာပဲ... ``
ကြွေလန့်သွားခဲ့သည် ။ ခမ်းကိုကိုင်ထားသော သူမလက်တွေကို အမှတ်မထင် လွတ်ချမိပြီး ခြေလှမ်းတွေက သူ့အလိုလို နောက်ဆုတ်မိရက်သား ဖြစ်သွားခဲ့သည်။
`` ဘာတွေပြောနေတာလဲကိုကို...
ကိုကိုက ကြွေ့ရဲ့ဖြူစင်မှုကို ပျက်ရယ်ပြုနေတာလား...
ကိုကို့အပေါ် သဲချစ်တဲ့အချစ်တွေကို မသကာ်တာလား...
ဘာတွေလဲကိုကို..ဘာတွေလဲ!..``
``ဘာလဲဆိုတာ ငါ့ထက်
မင်းပိုသိမှာပါ..``
`` ရှင်းရှင်းလင်းလင်းပြောပါကိုကို..
ကိုကို ဘာဖြစ်ချင်နေတာလဲ..``
`` ဘာဖြစ်ချင်နေတာလဲဟုတ်လား!...
မင်းကပြောပြမှ သိမှာလားဟမ်!.. ရန်ကုန်ပြန်လိုက်ဖို့ကို ဘာတွေက ဆွဲထားလို့ အဲ့လောက်ထိကပ်တွယ်နေရတာလဲ..
အဲ့ကောင်ကမင်းကို ဘာတွေများပေးလို့ သာယာပြီး နေချင်နေရတာလဲဟမ်...``
`` ကိုကို...!``
`` ဖြောင်း...!``
ရင့်သီးသော စကားများကို မခံစားနိုင်တော့၍ ကြွေ့လက်ဖဝါးက ခမ်းပါးပြင်ပေါ်သို့ အလိုလို ရောက်သွားခဲ့သည်။
`` ကိုကို လွန်သွားပြီ...
သဲအချစ်ကိုမယုံကြည်ချင်နေ သဲရဲ့ သိက္ခာတရားကိုတော့ လာမစော်ကားနဲ့...
သဲသွေးနဲ့ကိုယ် သားနဲ့ကိုယ်မို့ နာကျင်တက်တယ်..``
မျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာကာ..အစော်ကားခံလိုက်ရသည့် မိန်းမသားတစ်ယောက်အတွက်တော့ အချစ်ကိုစွန့်လွတ်လျှင် စွန့်လွတ်လိုက်ရပါစေ...
မာနနှင့်သိက္ခာတရားကိုတော့ လုံးဝ အထိခံမည်မဟုတ်ပေ..။
``ဟယ်..သမီးလေး..သမီးလေး ဘာဖြစ်ကြတာလဲကွယ်..``
ဒေါ်မိုးကြွေလွှာနှင့်အတူ ခြွေနှိုင်းခတို့သည် ကြွေ့အော်သံကြား၍ အခန်းထဲမှ ထွက်လာရာ နောင်တခမ်းက ကြွေ့ကို စိမ်းကားသည့်အကြည့်တို့ဖြင့်ကြည့်ကာ ထွက်သွားသည်ကို သူမတို့မြင်လိုက်ရသည်။
`` အဟင့်...ဟင့်...မေမေရယ်.. သမီးမှာ ဘာအပြစ်ရှိလို့လဲ.. သူကသမီးအချစ်ကို ပျက်ရယ်ပြုရုံသာမကဘူး..
သမီးသိက္ခာတရားတွေကိုလဲ စော်ကားတယ်..သိပ်မုန်းတာပဲမေမေရယ်..သူ့ကိုသမီးသိပ်မုန်းတာပဲ...အဟင့်ဟင့်...``
ဒေါ်မိုးကြွေလွှာပခုံးပေါ်မှီကာ ရှိုက်တငင်ငင်ငိုနေသည့် ကြွေ့ကိုနှစ်သိမ့်ပေးရင်း ဦးတင်အောင်မြင့်သည်လည်း ကြွေ့ကိုကြည့်ကာ ရင်ထဲ မချိအောင် ခံစားနေရပါသည် ။
နောင်တခမ်းကတော့ စိတ်တိုစွာဖြင့် ထိုရွာကနေ အဝေးဆုံးသို့ ထွက်သွားပါတော့သည်။
°~°~°~°~°~°
မဟူရာစံအိမ်ရှိ ထနှောင်း၏ နားနေခန်းထဲတွင် ကုမ္မဏီကိစ္စကြောင့် သူငယ်ချင်း၄ဦး အကျပ်ရိုတ်နေပါတော့သည်။ ဘရဏီယူလာသော ဖော်မြူလာကို ထနှောင်း၏ ဓာတ်ခွဲခန်းထဲတွင် ထနှောင်းနှင့် ဟိန်းက အဖြေရှာရန် စမ်းသပ်နေကြသည်။
ဓာတ်ခွဲခန်း၏ အပြင်ဘက်တွင် USBထဲ ထည့်လာသော CCTVမှတ်တမ်းကို မိုးဇွန်နှင့် ဘရဏီက ဓာတ်ခွဲခန်းထဲသို့ မည်သူဝင်ထွက်ခဲ့သည်ကို ရှာဖွေနေကြသည်။ သို့ပေမဲ့ တစ်လစာမှတ်တမ်းကိုရှာမတွေ့ဘဲ လွန်ခဲ့သည့် ၃နှစ်ကျော် မှတ်တမ်းတွေပဲ ထွက်လာခဲ့တော့ မိုးဇွန်မှာ ဒေါသဖြစ်ရပြီ...။
`` မင်းကလေသိလား အရပ်နဲ့လိုက်အောင် သိပ်ရှည်လွန်းတယ်..``
`` ဟာ!.. ငါဘာလုပ်လို့လဲဟ..``
`` မင်းဘာလုပ်လို့လဲဟုတ်လား
ငါလုပ်လိုက်ရ...``
ကွန်ပြူတာရှေ့တွင် နှစ်ယောက်သားထိုင်နေလျက် လက်တွေရွယ်လာကာ ရန်ဖြစ်ရန် တာဆူနေကြသည်....။
`` သခင်ကြီးက မင်းကိုဘာပြောလိုက်လဲ..တစ်လစာလို့ပဲပြောလိုက်တာမဟုတ်လား..အခုဘာမဟုတ်တဲ့ သောက်ရစ်ရှည်မှု့ကြောင့် လိုက်ရှာနေရပြီ.``
`` ဟာ ဟျောင့်..မင်းရူးနေလား...ငါက အကုန်ယူလာခဲ့တယ်ဆိုတာ အသေစိတ် လေ့လာအားကောင်းတဲ့ ပညာရှင်မို့လို့ပဲ..တစ်ခါတစ်ခါယူဖို့ဆိုတာ အမေ့ကြောင်အိမ်ထဲက ပုဇွန်ခြောက်ကို ခိုးယူရသလို လွယ်နေတာမဟုတ်ဘူးဟ..ဒါကြောင့်ယူလာတာ..``
`` အေ့လေ..အခုအဲ့လိုယူလာတော့ ဒီမှာ အလုပ်ရှုပ်နေရပြီမလား..``
`` ပျင်းရင် ပျင်းတယ်ပြောပါကွာ..
ဖယ်..မင်းပျင်းရင် ငါလုပ်မယ်..``
ဘရဏီ့စကားကြောင့် မိုးဇွန်မှာ အောင့်သက်သက်ဖြစ်သွား၍ ထရပ်လိုက်ကာ ဘရဏီနောက်စေ့ကို ရိုတ်ချလိုက်သည်။
`` ကိုယ့်စိတ်နဲ့ မနှိုင်းနဲ့ဟျောင့်..မင်းက ကွန်ဒိုမှာ အသာလေးနှပ်နေတဲ့အချိန် ငါက သခင်ကြီးနဲ့ တိုက်ပွဲဝင်နေတာကွ..``
`` အဲ့တာကို လူလိုပြောလေ..ငါကမင်းထက်ကြီးတယ်ငလူးရဲ့..``
နှစ်ယောက်သား စရင်းနောက်ရင်းနှင့် တကယ်ရန်ဖြစ်လာခဲ့ကြသည်။ ဘရဏီကလဲ မိုးဇွန်ဗိုက်ကို ထိုးကာ ကျောပြင်ကို ဗြောတင်လိုက်သည်။ မိုးဇွန်ကလဲ ဘရဏီက မိန်းကလေးတွေ ဘာတွေမသိတော့ မျက်နှာချည်း လက်သီးဖြင့် လှိမ့် ထိုးနေတော့သည်။
အပေါ်မှ ချရင်းအားမရတော့၍ ကြမ်းပြင်အောက်ရောက်ကာ လုံးထွေး သတ်ပုတ်နေကြသည်..။ ထိုသည်ကို ဓာတ်ခွဲခန်းထဲမှ ဟိန်း ကြား၍ ထနှောင်းကိုခေါ်ကာ ရန်ပွဲကို တားရသည်။ ဟိန်းဘယ်လောက်တားတား မရ..ပို၍ဆိုးလာရန်သာရှိသည်။
`` ဟေ့ကောင်တွေ!.....ကလေးလိုလို ခွေးလိုလို လုပ်နေတာတော်ကြတော့..``
ထနှောင်းအော်တော့မှ နှစ်ယောက်သား မျက်စောင်းတခဲခဲဖြင့် ပူးကပ်ထိုးသတ်နေရာမှ ဟိန်းဘေးနားမှာ တစ်ယောက်တစ်ဖက်ဆီ ကပ်ရပ်နေကြသည်။
`` မင်းတို့တွေ ဘယ်တော့ရင့်ကျက်ကြမှာလဲဟမ်..!
မယားယူရင် ကလေးအယောက်၂၀လောက်က အသာလေးထွက်ပြီးနေပြီ..ဒါကို အခုထိ ကလေးလိုရန်ဖြစ်နေကြတုန်း..``
`` ငါကစေတနာနဲ့ ယူလာခဲ့တဲ့ဟာကို.
မင်းညီ သောက်ပိုတွေလုပ်နေတာလဲပြောဦးလေ...``
`` ဟ!... ငါသောက်ပိုတွေလုပ်နေတာမဟုတ်ဘူးဟ!.. ဘာမဟုတ်တဲ့အရာတွေကြောင့် အချိန်တွေပုပ်ကုန်လို့ပြောနေတာ...``
`` အချိန်ပုပ်ကုန်ရင် လဲသေလေ..``
``မင်း.....!``
ထနှောင်းပြောနေသည့်ကြားမှ နှစ်ယောက်သားထပ်ကာ ရန်ဖြစ်နေသည့်အတွက်ကြောင့် ထနှောင်းသည် သူ၏ အချစ်တော် ခွေးများကို ဝီစီမှုတ်ကာ လှမ်းခေါ်လိုက်ရပါတော့သည်။
ရွှီး..
ဝုတ်..ဝုတ်..ဝုတ်..
``အား!.... ခ..ခ...
ထျန်းနဲ့လော့ကို ငါကြောက်တာ မင်းသိတယ်နော်ဟျောင့်...``
`` ကိုကြီး..
ကျွန်...ကျွန်တော်လဲ ကြောက်တယ်..``
ထနှောင်း၏ လေချွန်သံလဲကြားသည်နှင့် ထျန်းနဲ့လော့သည် ရုတ်ချည်းရောက်လာ၍ ဘရဏီတို့ကို ဟောင်ပါတော့သည်။ ဘရဏီနှင့် မိုးဇွန်သည် အစွယ်တဖွေးဖွေး ၊ သားရည်တမြမြကျနေသည့် ခွေးရန်မှ လွတ်အောင် သူတို့ထိုင်သည့် ထိုင်ခုံပေါ်သို့ပြေးတက်ကာ ထနှောင်းကို တောင်းပန်ရသည်။
``ကိုကြီး....
ကျွန်တော်တို့ ရန်မဖြစ်တော့ပါဘူး...
တောင်...တောင်းပန်ပါတယ်...``
`` ဟုတ်တယ်..ဟုတ်တယ်..ငါလဲ မိုးဇွန်နဲ့ ဘယ်တော့မှ ရန်မဖြစ်တော့ဘူး..အဲ့ကောင်တွေကို ဒီနားက ထွက်သွားခိုင်းလိုက်ပါကွာ..
ဟိန်း..ပြောပေးဦးလေကွာ..``
ဘရဏီသည် ဟိန်းကို စစ်ကူတောင်းတော့လဲမရ ပခုံးတွန့်ပြကာ ထနှောင်းအနားမှာ သွားရပ်လိုက်သောကြောင့် မိုးဇွန်တို့အတွက် ကူကယ်ရာမဲ့နေလေပြီ..။
`` အေး..ဒါဆို မင်းတို့ အေးအေးဆေးဆေး အလုပ်လုပ်ကြ..၊မဟုတ်ရင် ထျန်းနဲ့လော့ကြောင့် အသားတစ်ခြားအရိုးတခြားစီဖြစ်သွားလိမ့်မယ်..``
`` အေး..အေးပါကွာ...ငါသိပါပြီ.``
``ထျန်းနဲ့လော့..``
`` ဝုတ်...``
``သူတို့အနောက်မှာ သေချာစောင့်ကြည့်ထား...
ရန်ထပ်ဖြစ်ခဲ့ရင်..ကိုက်သာချလိုက်တော့..``
`` ဝုတ်...ဝုတ်..``
ထနှောင်းစကားကို ထျန်းနဲ့လော့က နားလည်ဟန်ဖြင့် တစ်ချက်ဟောင်ပြကာ ဘရဏီတို့ ထိုင်သည့်ထိုင်ခုံအနောက်မှာ အမြှီးတနှံနှံဖြင့် ထိုင်နေကြသည်။ ထိုမှ မိုးဇွန်နှင့် ဘရဏီတို့သည် အသံတိတ်ဆိတ်သွားရာ တည်တည်ငြိမ်ငြိမ်ဖြင့် မှတ်တမ်းများ ရှာဖွေနေကြ၏...။
ထနှောင်းသည် သူတို့နှစ်ယောက် ငြိမ်သွားမှ ဓာတ်ခွဲခန်းထဲသို့ပြန်လာကာ ရေမွှေး၏ ပါဝင်ပစ္စည်းများကိုစမ်းသပ်ရာတွင် တစ်စုံတစ်ခုကို ထူးဆန်းစွာတွေ့လိုက်ရ၏..။
`` ဟျောင့် ဟိန်း...
လာကြည့်ပါဦး...ငါအမြင်များမှားသလား...ရနံကလဲ အဲ့ဒီ့ရနံ့ပဲ..``
`` ဘာကိုလဲ ထနှောင်း .``
`` ဒီမှာကွ..ကလျာဏီပန်းနဲ့လုပ်ထားတဲ့ ရေမွှေးထဲမှာ
`` Bulbo ပန်း``အနံ့ရတယ်ကွ..``
`` ဘာ!... Bulbo..!
Bulboဆိုတာ
နယူးပြည်နီယာကျွန်းမှာပေါက်တဲ့ Bulbophyllum Phalaenopsisလား..``
`` အေးဟုတ်တယ်..``
``တောက်စ်!....
မိုက်ရိုင်းတာကွာ..ဒါသပ်သပ်စော်ကားတာကွ...
ဒီလောက်အပင်ပန်းခံ အကုန်အကျများတဲ့အရာကိုမှ ဒင်းတို့က ပြီးစလွယ် လုပ်ရက်တယ်...
တောက်စ်!...ဘယ်ကောင်လုပ်တာလဲ သိရလို့ကတော့ကွာ..အရေခွံတွေချည်း ဆွဲခွာပစ်မှာ.``
ဟိန်းစစ်ဆေးကြည့်တော့လဲ ဟုတ်နေပါသည်။ ရေမွှေးထဲတွင် ကလျာဏီ၏ ပန်းရနံ့အပြင် Bulboပန်းလဲ ပါနေသောကြောင့် သည်းခံလာရသမျှတွေ အကုန်ပွင့်ထွက်ကုန်သည်။
Bulbophyllum Phalaenopsisပန်းဆိုသည်မှာ
နယူးပြည်နီယာကျွန်းမှာ အများဆုံးပွင့်ကြပြီး သူ၏ရနံ့မှာ လူသေကောင် အသားပုတ်အနံ ထွက်သည်။
သစ်ခွမျိုးစိတ်ဖြစ်ပြီး ကမ္ဘာပေါ်မှ အကြီးဆုံးသစ်ခွမျိုးစိတ်လို့ခေါ်လဲရပါသည်။ တစ်နှစ်ပတ်လုံး ရာသီမရွေး ပွင့်ကြပြီး သူ၏အရောင်အဆင်းမှာဆိုလျှင် ပြွတ်သိတ်နေသည့်အမွေးတွေမျှင်တွေနှင့် အနီရောင် ပန်းရောင် အဆင်းတွေရှိသည်။ ပွင့်ဖက်ဟာ မာကျော၍ အရှည်လေးပေရှိပါသည် ။
ထိုပန်း၏ ရနံ့တစ်စက်ပင် ထိစေဦးတော့ ချွတ်မရအောင်
မကျွတ်တော့ဘဲ တစ်လတိတိ အနံ့အသက်တွေ စွဲထင်ကျန်ခဲ့တာမို့ ထနှောင်း၏ ဖော်မြူလာ ပျက်စီးသွားရခြင်းဖြစ်သည်။
အကြောင်းရှိမှ အကျိူးဖြစ်ထွန်းတာ သိကြသောသူတွေမို့ ဖော်မြူလာမှာ အမှားတွေ့သွားလျှင် မည်သူက လုပ်လိုက်သည် ဆိုတာကို ဆက်လက် ဖော်ထုတ်ရပေတော့မည်။
ထနှောင်းသည် စိတ်ပျက် လက်ပျက်နှင့် အခန်းအပြင်သို့ထွက်ကာ ကြွေရပ်ကြည့်ခဲ့သော ဝရံတာဆီသို့သွားရင်း အတိတ်က အမှတ်တရများကို တူးဆွပြီး စိတ်ညစ်စရာများကို ဖြေဖျောက်နေပေတော့သည်။
{ ``မမရေ...
မပြီးသေးဘူးလားဗျာ...
ကျွန်တော်ပျင်းလှပြီ...
အခန်းထဲမှာပဲနေနေတယ်...အပြင်လေးဘာလေး ထွက်ကြည့်ပါဦးဗျိူ့...``
``ဟုတ်ပါ့ဆရာမလေးရယ်..
အပြင်လေးဘာလေးထွက်ပါလား..
နေ့လည်ထမင်းစားပြီးထဲက အခန်းထဲဝင်ပြီး စာလေ့လာနေတာ ဟော..ခုညနေတောင် စောင်းရောပေါ့...ခမ်းနော်လဲပျင်းလှပြီ..``
ထနှောင်းနှင့် ခမ်းနော်တို့ အော်ခေါ်မှ အခန်းထဲကနေ ပန်းဆီရောင် ရိုးရာအကျီဝမ်းဆက်ဖြင့် ကျက်သရေရှိရှိ ထွက်လာသည်။ ဆံနွယ်ကို ထုံးတင်ထားသည်မှာကလဲ သူမလည်တိုင်၏အလှကို ကြွားနေသယောင်...။
``လာပါပြီရှင်..လာပါပြီ..
မနက်ဖြန် ကြွေကကျောင်းမှာ
စာသင်ရတော့မယ်လေ...
ဒါကြောင့်ကလေးတွေကို ဗဟုသုတတွေပေးချင်လို့ ကိုယ်တိုင်ပိုပြီးလေ့လာနေရတယ်ရှင့်..
ရှင်တို့တွေကလဲနော်..
ပျင်းရင် ရွာထဲသွားကြပါလား...``
``မသွားချင်ပါဘူး ကျွန်တော်က မမနဲ့ပဲနေချင်တာ..``
ထနှောင်းသည် ကြွေအခန်းထဲမှ ထွက်လာသည်နှင့် ကြွေ့ခန္ဓာကိုယ်လေးကို အနောက်မှ
ပြေးဖက်ကာ အလွမ်းဖြေနေပါတော့သည်..။ အကျီခေါက်နေသည့် ခမ်းနော်ကလဲ ဒါမျိုးတွေဆို မမြင်နိုင်၍ ထနှောင်းနှင့် ကြွေတို့ကို လှမ်းနောက်လိုက်သည်။
``အဲ့ဒါတွေလေ...အဲ့ဒါတွေပေါ့..
ခမ်းနော်စိတ်မချတာအဲ့ဒါတွေဆရာမလေးရေ..!
ထနှောင်းက အမြဲတမ်းဆရာမလေးကို ကပ်ချွဲနေတော့ ခမ်းနော်က စိတ်ချလက်ချနဲ့ ဘယ်လိုလုပ်ရွာထဲသွားလို့ရမလဲရှင့်...``
``ကျွန်တော်က မမကိုချစ်လို့
ဒီလိုနေတာလေဗျာ...
ခင်များကဘာတွေစိတ်မချနေတာလဲ...
ခင်များဘာသာခင်များကြိုက်မယ့်သူမရှိလို့ ရွာထဲမသွားတာကို
ထည့်မပြောဘူး....``
``ဟဲ့ ထနှောင်းစုတ်..
ငါလုပ်ထဲ့လိုက်ရ.....``
``ဟာ..ခင်များနော် ကျွန်တော့်ကအမှန်တိုင်းပြောတာ အဲ့လိုလာမလုပ်နဲ့..
လက်တွေ ဘာတွေပါမလာနဲ့ ကျွန်တော်က အရှိရှိတိုင်းပြောတာ....``
``နင်..နင်..``
``ကဲပါရှင်..စိတ်လျော့ကြပါ...
ခမ်းနော်လဲစိတ်လျော့
ထနှောင်းလေးလဲမစနဲ့တော့...
ရှင်တို့တွေက ပျင်းနေကြတယ်ဟုတ်...``
(အင်း)²
``ဒါဆို
အခန်းထဲက ကြွေ့ရဲ့စားပွဲခုံအသေးနဲ့
အဲ့ပေါ်က စာအုပ်တွေပါ ယူလာခဲ့ ကြွေအပျင်းပြေအောင် လုပ်ပေးမယ်...``
``ဟုတ်ကဲ့...``
ခမ်းနော်သည် အခန်းထဲသို့ခြေလှမ်းကျဲဖြင့် ကြွေယူခိုင်းသည့်ပစ္စည်းတွေကိုသွားယူသည်..။
ထနှောင်းကတော့ ကြွေ့ဆီကမခွာ ကြွေနှင့်အတူထိုင်နေပြီး သူမလက်ကိုကိုင်ထားကာ သူ၏လက်နှင့် ပွတ်ကြည့် ကိုင်ကြည့်နေသည်.....။
``ကဲ...လွတ်ပါဦးမောင်မင်းကြီးသားရယ်...
မောင်မင်းကြီးသားက ကျွန်မလက်ကိုအမြဲကိုင်ထားတော့ ဒီညာလက်တစ်ဖက်က လက်ယောင်လိုက်လာတော့မယ်..``
ဟားဟားဟား....
``မမကသိပ်ရယ်ရတာပဲ...
ဘယ်လိုလုပ် လက်ကိုင်တာနဲ့ လက်ယောင်လိုက်မလဲဗျ..``
``မင်းအမြဲကိုင်ထားရင်တော့
လိုက်မှာပေါ့....``
ဟားဟား...
``ဒါဆို မိန်းမတွေဗိုက်ကြီးတာ သူတို့ယေကျာ်းတွေ ခဏခဏကိုင်ကြလို့ လက်ယောင်လိုက်ကြတာလားမမ``
``အော်....ဒီကလေး...
ဘာတွေလျှောက်ပြောနေတာလဲ....
သွားသွား...မမနဲ့ဝေးဝေးနေ...
ပူလို့ပါဟယ်..ဝေးဝေးနေစမ်းပါ....``
ကြွေသည် ထနှောင်းခန္ဓာကိုယ်ကို တွန်း၍ ဝေးဝေးမှာ နေခိုင်းသောအခါ ထနှောင်းက အတွန်းမခံ ပို၍ ကပ်လာကာ ကြွေ့ပခုံးကိုဖက်ထားလိုက်သည်။
``မမပူရင် ကျွန်တော်ယပ်ခပ်ပေးမယ်လေ...
ကျွန်တော့်ကိုမနှင်ပါနဲ့..
မမအနားကနေ အဝေးကိုမသွားချင်ဘူး...
ကျွန်တော်မမနဲ့ပဲနေချင်တယ်..``
``အော်..ဗုဒ္ဓေါ...
မမက မနှင်ရပါဘူး..
နဲနဲခပ်လှမ်းလှမ်းမှာနေခိုင်းတာ.. မင်းခန္ဓာကိုယ်ကို ဘေးနဲနဲဆုတ်လိုက်ရင်ရပြီ...``
``အဲ့ဒါကမမနဲ့ဝေးပြီလေဗျာ
မမကလဲ....``
``ဟော့တော်..တစ်ပေလောက်ပဲကွာတာလေ...``
``ကျွန်တော်က မမနဲ့ တစ်လက်မတောင်မကွာချင်ဘူး....``
ထနှောင်းသည် ကြွေ့မျက်ဝန်းကို ဆွေးမြေ့စွာကြည့်ရင်း နှလုံးသားထဲ အပူလှိုင်းတစ်ခုဖြတ်သန်းသွားသလို ရုတ်တရက် ကြက်သီးမွေးတွေထကုန်ပါတော့သည်...
``ဆရာမလေး...ဒီမှာစားပွဲခုံနဲ့စာအုပ်တွေပါ...``
ခမ်းနော်လာတော့မှ အကြည့်ချင်းဆုံနေကြသည့် ကြွေတို့သည် ဆန့်ကျင်ဘက်သို့ မျက်နှာလွဲလိုက်၏။ ထနှောင်းက ကြွေ့အနားမှ မခွာသဖြင့် ကြွေကဘဲ ထနှောင်းအနားကနေ အနည်းငယ်ရွေ့ထိုင်လိုက်သည်...။
("ဒီခမ်းနော်ဆိုတဲ့အရူးမ ဒါကြောင့်အခုထိအပျိုကြီးဖြစ်နေတာ..
မမနဲ့ခရီးရောက်ဖို့ နဲနဲပဲလိုတော့တာကိုကွာ..")
တောက်စ်...
``ဟာ..ထနှောင်း..ဘာလို့တောက်ခေါက်တာလဲ..``
``ခင်များအပူမပါဘူး....``
``ကဲ..လာ ဒီမှာ ခမ်းနော်နဲ့ ထနှောင်းလေးတို့အတွက် စာအုပ်တစ်အုပ်စီပေးမယ်.. ဒီစာအုပ်ထဲမှာ ကြွေက သင်ပေးမယ့်စာတွေပဲ ချရေးရမှနော်....``
ကြွေသည် စားပွဲခုံပေါ်သို့ စာအုပ်နှစ်အုပ်တင်ကာ ခမ်းနော်နှင့် ထနှောင်းကို ပေးလိုက်သည်။
``ဟင်...ဒါ..ဒါဆို ဆရာမလေးက ခမ်းနော်ကို စာသင်ပေးမလို့ပေါ့နော်...``
``ဒါပေါ့ခမ်းနော်ရဲ့ ခမ်းနော်လဲ အပျင်းလဲပြေ စာလဲရတယ်..
ဟုတ်တယ်မလား...``
``ဟုတ်တယ်..ဟုတ်တယ်... ကျေးဇူးတင်ပါတယ်ဆရာမလေးရယ်..
ခမ်းနော်စာသင်ချင်နေတာကြာပြီ ကိုရီးယားကားထဲကစာတန်းထိုးတွေဆို သိပ်မဖတ်တက်လို့
သူများတွေဖတ်တာပဲ လိုက်နားထောင်နေရတာ..
အခုဆရာမကျေးဇူးကြောင့် ခမ်းနော်စာတက်တော့မယ်...
ဟိ..ပျော်လိုက်တာ...``
``ရပါတယ်ခမ်းနော်ရယ်...
မလိုပါဘူး...ထနှောင်းလေးကရော မပျော်ဘူးလား...``
ထနှောင်းသည် ကြွေ့အမေးကိုပြုံးကာကြည့်ပြီး ကြွေ့အနားသို့တိုးကပ်လိုက်ကာ သူမပခုံးကိုဖက်လိုက်သည်။
``ကျွန်တော်က မမဘာပဲလုပ်ပေး လုပ်ပေး ပျော်တယ်....``
ကြွေ့မျက်နှာနှင့်အနီးဆုံးကို တိုးကပ်ကာ ကြွေအသက်ရှုထုတ်လိုက်သော လေသည် ထနှောင်းမေ့စေ့ကို လာရိုတ်ခတ်နေသည်။ ကြွေကလဲ သိသည်နှင့် မျက်နှာလွဲကာ စာကိုသာ အာရုံစိုက်လိုက်၏။
``ကဲ ...
အရင်ဆုံးစာအုပ်ကို လှန်လိုက် စာအုပ်ကိုလှန်လိုက်တာနဲ့ ပထမဆုံးစာရွက်မှာ ဘယ်တော့မှစာမရေးရဘူး အဲ့တစ်ရွက်ကို အမြဲချန်ခဲ့ရတယ်...``
``ဘာလို့လဲဆရာမ``
``ဟ! ခင်များ ဒါလေးတောင်မသိဘူးလား... ရှေ့ဆုံးစာမျက်နှာမှာ ခေါင်းစဉ်တွေ ကိုယ်ဒီနေ့သင်ခဲ့တဲ့သင်ခန်းစာနဲ့မာတိကာတွေရေးရမှာလေဗျာ...``
``အော် .အဲ့လိုလား...``
ဒီလိုဆိုတော့လဲ မမရဲ့ထနှောင်းလေးက ဘယ်ဆိုးလို့လဲ တော်လိုက်တာ....``
နူးညံ့လှသော ကြွေ့စကားလုံးများကြောင့် ထနှောင်းခ၏ ရင်ခုန်သံ ပိုမြန်လာစေခဲ့သည်။ သူမကိုကြည့်ပြန်တော့လဲ တည်တည်ငြိမ်ငြိမ်ပင်....။
``မမရဲ့ထနှောင်းလေး...
ဟုတ်လားမမ``
``အေးလေ..ဘာဖြစ်လို့လဲ..ထနှောင်းလေး..``
``မဖြစ်ပါဘူး နားထောင်ကောင်းလို့ပါ..
မမရဲ့ ထနှောင်းလေးက
မမပြောတဲ့ စကားတွေကိုနားထောင်ကောင်းပြီး ချစ်မိနေလို့....``
``အဟွန်း...မင်းကတော့လုပ်ပြီ..
ကဲထားတော့ ဒီနေ့ ဗျည်းအက္ခရာစသင်မယ်နော်...``
``ဟုတ်ကဲ့ပါ ....``
``ခ ..!``
``သခင်ကြီး...
ဒီမှာ လာကြည့်ဦး...``
မိုးဇွန်နှင့် ဘရဏီ တို့၏ အသံကြောင့် လူးလာခေါက်ပြန်သွားနေသည့် အတိတ်ကနေ ရုန်းထွက်နိုင်ခဲ့သည်။ cctvမှတ်တမ်းမှာ ဘာတွေ့လဲတော့မသိ မိုးဇွန်တို့မှာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ထိုင်ရာမှလဲ မထရဲ ထျန်းနဲ့လော့က တဂီးဂီးနှင့် အနောက်မှ ခြိမ်းခြောက်နေသည်။
`` ဟျောင့်ခ..ထျန်းနဲ့လော့ကို အနားယူခိုင်းလိုက်ပါတော့ကွာ..
သူတို့ ပင်ပန်းလှပြီ..``
ထနှောင်းသည် ဘရဏီ့စကားကို ဂရုမစိုက် မိုးဇွန်ပြသည့် cctvမှတ်တမ်းကို ကြည့်နေသည်။
ဘရဏီသည် စိတ်တိုတိုဖြင့် ထနှောင်း ကျောပြင်ကို ခပ်နာနာထိုးလိုက်ပြီး ထျန်းနဲ့လော့ကိုကြည့်ကာ ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။
ထိုမှတ်တမ်းထဲတွင် ဓာတ်ခွဲခန်းသို့ ဝင်သွားသော သွေးမျက်ရှင်ကို တွေ့လိုက်ရသည်။ ထို့နောက် အရှေ့သို့ ရစ်ကာရစ်ကာ ပြန်ကြည့်သော် ဖော်မြူလာထဲသို့ တစ်စုံတစ်ခုထည့်နေတာ တွေ့လိုက်ရ၍ ထနှောင်းနှင့် ဘရဏီပေါက်ကွဲပါတော့သည်။
`` တောက်စ်!....အဲ့ကောင်မလေးက ငါ့အပေါ်မကောင်းဘူးဆိုတာကိုတော့သိပါတယ်..
ဒါပေမဲ့ ဒီလိုလုပ်ရပ် လုပ်ပြီးယုတ်မာလိမ့်မယ်လို့တော့ ငါမထင်မိခဲ့တာ ငါ့အမှားပဲ...``
`` မျက်နှာက ချစ်စရာလေးပေမဲ့ အတွင်းစိတ်က သိပ်ယုတ်မာတာ.. တောက်စ်!.. အဲ့ကောင်မကို ငါအခုသွားရှင်းမယ်...``
ဂီး.....ဂီး...
ဘရဏီအပြင်ထွက်မယ် ကြံလိုက်တိုင်း ထျန်းက အမြဲ မာန်ဖီနေတော့ ဏီက ပိုဒေါသထွက်ရသည်။
`` ဒီအချိန်မှာ တဇွတ်ထိုးလုပ်လို့မရဘူး...သူမက တစ်ယောက်ထဲ ဒီလိုကိစ္စကို လုပ်ဖို့ သတ္တိရှိမှာမဟုတ်ဘူး..
ကြံရာပါတစ်ယောက်ရှိသေးတယ်..
ထနှောင်း မင်းစဉ်းစားကြည့် မင်းညီမက ဦးဆောင်လုပ်နိုင် ခိုင်းနိုင်တဲ့ အရည်အချင်းရှိလားဆိုတာ..``
ဟိန်းက စာကြည့်ခုံကို မှီကာ နာရီလက်တံလည်နေသည်ကို ကြည့်ရင်း အကျိူအကြောင်း ဆီလျော်မှုရှိအောင် ရှင်းပြသည်။ ဟိန်းပြောသည်ကို အားလုံးက ထောက်ခံကြသည်။ cctvမှတ်တမ်းတွေရှိသမျှ အကုန်လိုက်ရှာသည်။ ကုမ္မဏီထဲသို့ တစ်စုံ တစ်ယောက်ကများ ဝင်လာသလားဟူ၍..။
ထိုအခါ ဘရဏီသည် ထိုင်ခုံပေါ်တွင် ခြေချိတ်ထိုင်ကာ မိုးဇွန်ကို စောင်းကြည့်လျက် ဆရာကြီးပုံစံဖြင့်....
`` တွေ့လား ငါက အဲ့ဒါတွေ ကြိုသိလို့ ယူလာတာ..
ငါယူလာတဲ့အရာမှန်သမျှ ဘယ်အရာမှ အလေအလွင့်မရှိစေရဘူး...``
````အေးပါကွာ..
မင်းကအတော်ဆုံးပဲ ဟုတ်ပြီလား.. ````³
ထနှောင်းတို့ သုံးယောက်လုံးတစ်ပြိုင်နက်ထဲ ပြောတော့မှ ဘရဏီသည် မရှိသည် မုတ်ဆိတ်မွေးကို သပ်ကာ မျက်ခုံးတွန့်ပြလျက် ပြုံး၍ မာန်တက်နေတော့သည်...။
°°°~~~~📖~~~~°°°
ကုက္ကိုလ်ကိုင်းရွာတွင် ရွာသူကြီးနှင့်အတူ ရွာသူရွာသားများသည် ကြွေ့အိမ်ရှေ့တွင် စုဝေးလျက် ငိုကြွေးနေကြသည်။
အကြောင်းကား...
ယနေ့ ကြွေနှိုင်းခနှင့်အတူ သူမ၏မိဘများသည် ရန်ကုန်ကို ပြန်တော့မည်ဟု သတင်းရ၍ဖြစ်သည်။ အစားဝင်ဆရာမများကလဲ နောက်၃ရက်နေလျှင် ရောက်လာတော့မည်ဟုလဲ သိရသည်။ အစားဝင်ဆရာမများ လာမှ သွားမည်ဟု သူမအမေကို ပြောပေမဲ့ လက်မခံခဲ့ပေ...။ မလွန်ဆန်နိုင်၍သာ လိုက်ပါသွားရပေမဲ့ စိတ်ကတော့ ထနှောင်းဆီရောက်နေသည်။
ဘယ်သွားသွား ထနှောင်းကို အကြောင်းကြားပါ့မယ်လို့ ပြောထားသည့်အတွက် အသိမပေးဘဲ ထွက်သွားခဲ့လျှင် ထနှောင်းစိတ်ထိခိုက်မည် စိုးသောကြောင့် စာတစ်စောင်ရေးထားခဲ့ကာ ခမ်းနော်ကိုပေးခဲ့လိုက်သည်။ ပစ္စည်းနှင့်အဝတ်အိတ်များကို ထုတ်ပြီး အိမ်ရှေ့ထွက်ရပ်လိုက်သည်နှင့် ကလေးများ ကြွေ့ကိုဖက်ကာ ငိုကြွေးကြပါတော့သည်။
`` ဆရာမ.. မသွားပါနဲ့...
သားသားတို့ မီးမီးတို့ကို
ထားမသွားပါနဲ့နော်...
ဟီး...သားသားတို့ စာမသင်ရတော့ဘူးလားဟင်...``
ကလေးတွေကိုကြည့်ရင်း ကြွေ့ခမျာ သနားနေသည် ။ ကလေးတွေကိုဖက်ထားပြီး နမ်းရှိုက်ရင်း ချော့နေရသည်။ ရွာသူရွာသားများကလဲ မျက်ရည်စက်လက်နှင့် ငိုနေကြသည်။ ခမ်းနော်ကတော့ ခြွေနှိုင်းခလေးကို ဖက်ထားကာ သူမပခုံးပေါ်မှီရင်း ငိုနေရှာသည်။
`` ခဏတာ ခင်မင်ခဲ့ပေမဲ့ တစ်သက်သာ အမှတ်ရနေမှာပါ ခမ်းနော်..``
`` အဟင့်..ခမ်းနော်လေ စိတ်ရှိတိုင်းဆို မမကြွေကို ထွက်မသွားစေချင်ဘူး..``
`` စိတ်မကောင်းမဖြစ်ပါနဲ့..
ခမ်းနော်ဆီကို ခြွေရော မမရောလာလည်မှာပါ..``
``ဟင့်...လာလည်နော်..
ခမ်းနော်ကို မေ့မသွားပါနဲ့နော်...``
`` စိတ်ချပါ..``
ဒေါ်မိုးကြွေလွှာနှင့် ဦးတင်အောင်မြင့်သည်လည်း ကြွေနှင့် ရွာသူရွာသားများကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေကြသည်။
ခြံပြင်မှာ ထွက်ရပ်နေသည် နောင်တခမ်းကတော့ အဲ့သည်လိုမဟုတ်..
ကလေးတွေ၏ ငိုကြွေးသံတွေကို နားညည်းဟန်ဖြင့် ခေါင်းကုပ်ကာ ကြွေ့အထုတ်တွေကို ကိုင်ပြီး ရွာထိပ်မှာ ရပ်ထားသည့် ကားဆီသို့ ထွက်သွားပါတော့သည်။
`` ဆရာမ သားတို့သမီးတို့ဆီ လာလည်မယ်နော်...ကလေးတို့က ကတိတစ်ခုပေး...``
`` ဟီး...ပေးပါတယ် ဆရာမ..ပေူပါတယ်``
`` ဆရာမလိုမျိုး တစ်ခြားဆရာမလာပြီဆို စာကိုကောာင်းကောင်းသင် ၊ စာကြိုးစားပြီး ပညာတက်ကြီးဖြစ်အောင်လုပ်ပါ့မယ်ဆိုတဲ့ကတိကို ဆရာမကို ပေးနိုင်မလား...``
```` ပေးနိုင်ပါတယ်!!! ````
`` လိမ္မာလိုက်ကြတာကွယ်...
ဆရာမလေး သွားတော့မယ်နော်...``
မတ်တပ်ထရပ်ကာ ထွက်သွားတော့မည့် ကြွေ့ကို ခြေထောက်ဖက်ဆွဲထားပြီး မသွားရန် ထပ်မံတားထားပြန်သည်။ကလေးများ၏ မိဘများသည် ကိုယ့်ကလေးကိုယ် ဆွဲကာ ချီထားမှသာ ကြွေသွား၍ရတော့သည်။ မသွားခင် ကြွေသည် ရွာသူရွာသားတွေဘက်လှည့်ပြီးခါးကိုင်း ဦးညွတ်ကာ...
`` ကြွေ့ကို ဒီနေ့ဒီအချိန်အထိ ကူညီဖေးမစောင့်ရှောက်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်..``
`` မလိုပါဘူး...ဟီး..မလိုပါဘူးကွယ်...
ဆရာမလေးရဲ့ကျေးဇူးတွေက ဦးကြီးတို့ ဒေါ်ကြီးတို့ အပေါ်မှာသာ ရှိကြတာပါ..သွားကြပါတော့..
လမ်းခရီးဖြောင့်ဖြူးပါစေကွယ်...``
ရွာသားတွေနှင့် နူတ်ဆက်ပြီး ခမ်းနော်ကိုကြည့်ကာ နှစ်ယောက်သား အားရပါးရ ဖက်ထားလိုက်ပါတော့သည်။
``သတိရနေမယ်နော် မမကြွေ..``
`` ကြွေလဲ အမြဲသတိရနေမှာပါ.. ထနှောင်းလာရင် ပေးဖြစ်အောင် ပေးလိုက်နော်..``
`` စိတ်ချပါ မမ..``
ကုက္ကိုလ်ကိုင်းရွာလေးဟာဆိုရင်ဖြင့် စာအံသံတွေကြားရမှာမဟုတ်တော့ပြီ...။
မြေနီလမ်းဖြစ်သော ရွာလမ်းမကြီးဟာလဲ ကျောင်းသားကျောင်းသူတွေရဲ့ခြေရာတွေ ထင်ကျန်မနေတော့ပြီ..၊
ကျောင်းတော် ကြီးသည်လဲ သစ်ရွက်ခြောက်များနှင့် အဖော်မဲ့နေတော့မည်..၊
ကြွေနှိုင်းခနေခဲ့သော အိမ်ကလေးသည် ယခင်လို အမှောင်ပြန်ကျသွားပြန်ပြီ...။
အနောက်ကို လှည့်ကြည့်ရင်း ဒေါ်မိုးကြွေလွှာလက်ကို တွဲကာ ကုက္ကိုလ်ကိုင်းရွာမှ ကြွေနှိုင်းခသည် အပြီးတိုင် နူတ်ဆက်ထွက်ခွာသွားပါတော့သည်။
°~°~°~°~°~°~°
``သခင်ကြီး!....
သခင်ကြီး... ကုက္ကိုလ်ကိုင်းရွာကို အခုချက်ချင်း သွားရပါလိမ့်မယ်! သခင်ကြီး!!......``
မဟူရာစံအိမ်အရှေ့မှ ကင်းထောက်တစ်ယောက်သည် ဒူးထောက်ကာ ထနှောင်းကို အကျယ်ကြီးအော်ခေါ်နေပါတော့သည်။ အော်သံကြောင့် ထနှောင်းတို့ သူငယ်ချင်း ၄ဦး ထွက်လာခဲ့ရာတွင် ဒူးထောက်နေသော ကင်းထောက်ကို ဟိန်းကာ ထခိုင်းစေလိုက်သည်။
`` ဘာဖြစ်တာလဲ..``
`` ကုက္ကိုလ်ကိုင်းရွာကို အခုချက်ချင်းသွားရပါမယ် သခင်ကြီး...
သခင်မ မြို့ကို ဒီနေ့ပြန်သွားပါပြီ...``
`` ဘာ!!....``
ထနှောင်းသည် ဘာကိုမှမမြင်တော့ပေ..
သူ၏ မီးခိုးရောင်မြင်းကိုစီးကာ သုတ်ခြေတင် မောင်းထွက်သွားပါတော့သည်..။
ထနှောင်းအနောက်မှ ဟိန်း ၊ ဘရဏီနှင့် မိုးဇွန်တို့သည် သူတို့ကိုယ်ပိုင်မြင်းကိုစီးကာ မောင်းနှင်ထွက်ခွာသွားသည်။ မဟာမြိုင်ရွာသားရွာသူများသည် ထနှောင်းတို့ ထွက်သွားသည်နှင့် ကင်းထောက်အနားသို့ စုပြုံရောက်လာခဲ့ပြီး ပါးစပ်ပေါင်းတစ်ရာမှ မေးခွန်းပေါင်း သောင်းခြောက်ထောင် မေးကြပါတော့သည်။
`` သခင်မပြန်သွားပြီဟုတ်လား..``
`` ဟုတ်ရဲ့လားကွာ..မင်းဟာက သတင်းအမှားဆို ဘယ်နှယ့်လုပ်မလဲ..``
`` သခင်မပြန်သွားပြီဆို ငါတို့ သခင်ကြီးသနားပါတယ်ဟယ်..ဘယ်လိုလုပ်မလဲ..
အဟင့်..``
`` ငါသခင်ကြီး ခံစားနေရတာကိုမကြည့်ရက်ဘူး..သခင်ကြီးအဖေဆုံးသွားတုန်းကတောင်မှ သခင်ကြီးမှာ အုတ်ဂူနားကနေမခွာ မစားမသောက်ဘဲ ငိုနေခဲ့တာလေ..``
`` ကျွန်တော်မျက်လုံးနဲ့ ကိုယ်တိုင် တွေ့မြင်ခဲ့ရတာပါဗျာ..ဒါကြောင့် အမြန်လာပြီးသခင်ကြီးကို လာပြောရတာပေါ့..``
မဟာမြိုင်ရွာသားများကလဲ ကြွေနှိုင်းခ ပြန်သွားသောကြောင့် စိတ်မကောင်းကြီးစွာဖြစ်နေကြသည်။ အဓိက က သူတို့၏သခင်ကြီး စိတ်မချမ်းသာမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။
ထနှောင်းသည် အမြန်နူန်းဖြင့် ကုက္ကိုလ်ကိုင်း ရွာဆီသို့ ရောက်လာခဲ့သည်။
``မမ!...
မမဘယ်မှာလဲ...မမ...!!!`
ကြွေ့အိမ်သို့ရောက်လာ၍ တံခါးတွေအကုန်ဖွင့်ပြီးရှာလေသော်...
သူမ မရှိတော့ပြီ...။
`` ကြွေနှိုင်းခ!!!!.....
ခင်များလိမ်တယ်....
ခင်များ ကျုပ်ကိုလိမ်တယ်....
ခင်များကို သေလောက်အောင်ချစ်တဲ့သူကိုမှ ပစ်ထားခဲ့ရက်သလားဗျာ...``
ထနှောင်းသည် ကြွေနေခဲ့သော အိပ်ခန်းထဲမှာ ဒူးထောက်ကာအော်ဟစ်ငိုကြွေးနေတော့သည်။
မိုးဇွန် ၊ ဟိန်း ၊ ဘရဏီကတော့ အိမ်အပြင်ဘက်မှာသာ ထနှောင်းကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေကြသည်။ ထိုအချိန် မိုးဇွန်ဆီသို့ ခမ်းနော် အပြေးကလေးရောက်လာပြီ ကြွေပေးခဲ့သော စာအိတ်ကလေးကိုပေးလိုက်၏။
`` မိုးဇွန် နင်တို့လိုက်သွားရင် မှီသေးတယ်...
သူတို့မြို့ပေါ် ရောက်သေးမှာ မဟုတ်ဘူး..ရော့..ဒီမှာစာ..
မမပေးခဲ့တာ ထနှောင်းအတွက်..``
ခမ်းနော်ဆီက စာရသည်နှင့် မိုးဇွန်မျက်လုံးသည် ဝင်းလက်သွားပြီး ထနှောင်းကို အော်ခေါ်ပါတော့သည်။
`` သခင်ကြီး ထွက်လာခဲ့..သခင်မဆီ လိုက်သွားရင် မှီသေးတယ်တဲ့...``
ထနှောင်းသည် မိုးဇွန်အသံလဲကြားရော အိပ်ခန်းထဲမှ မျက်ရည် နှာရည်တို့ ရွဲစိုစွာဖြင့် မြင်းပေါ်တက်ကာ ဒလကြမ်း မောင်းထွက်သွားပါတော့သည်။
`` ငမိုး...ဖွန်ကြောင်မနေနဲ့..လာခဲ့...``
မိုးဇွန်သည် ခမ်းနော်နှင့် အကြည်စိုက်လို့ ကောင်းနေတုန်း.. ဘရဏီ့အော်သံကြောင့် မြင်းပေါ်တက်ကာ ထနှောင်းအနောက်သို့ လိုက်ပါသွားခဲ့သည်။
( မမ ကျွန်တော့်ကို ဘယ်သွားသွားအသိပေးမယ်ဆို..
ကျွန်တော်နဲ့မမက လူချင်းဝေးနေပေမဲ့ စိတ်ချင်းနီးနေတာဆို..
မဟုတ်ဘူး..မမ
မဟုတ်ဘူး..
မမနဲ့ ကျွန်တော်က လူချင်းရော စိတ်ချင်းပါဝေးနေတာ..
အရှင်မြတ်စွာဘုရား တပည့်တော် ကြွေနှိုင်းခကို နှလုံးသွေးနဲ့ ရင်းပြီး ချစ်ခဲ့တာ မှန်ခဲ့လျှင် သူတို့မသွားခင် လမ်းခုလတ်မှာ နူတ်ဆက်စကား ပြောခွင့်ရပါစေ...)
မြင်းဇက်ကြိုးကို လှုပ်ခါးပြီး ဒီ့ထက်မြန်စေရန် တွန်းအားပေးကာ ရွာလမ်းအတိုင်းမောင်းထွက်သွားသောအခါတွင် လမ်းမပေါ်၌ မနီးမဝေး နေရာတစ်ခုမှာ နက်ပြာရောင်ကားတစ်စီးကို ဖုန်အလိမ်းလိမ်းတွေကြား မှုန်ဝါးစွာ တွေ့မြင်လိုက်ရပါသည်...။
ကတိသစ္စာတည်သော် အခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏ ဆိုရိုးစကားအတိုင်း ထနှောင်းသစ္စာ မှန်ကန်သောကြောင့် ကြွေနှိုင်းခတို့၏ကားကို တွေ့လိုက်ရပါသည်။
`` ကြွေနှိုင်းခ....!
ကြွေနှိုင်းခ...!
ကားကို ရပ်လိုက်စမ်း....
ကြွေနှိုင်းခ!....``
`` ဟင်...``
ကြွေနှိုင်းခသည် ကားပေါ်မှ မြင်းခွာသံတွေနှင့်အတူ သူမနာမည်ကိုကြား၍ နောက်လှည့်ကြည့်လိုက်ရာ...
`` ဟာ ထနှောင်း!....``
အပိုင်း ( ၁၆ ) မျှော်...
ထနှောင်းကို ကြွေထွက်တွေ့လေမလား...
ထနှောင်းကရော
ကြွေထွက်သွားတာကို
ခွင့်ပြုလေမလား...
မေ့ဝတ္တုလေးကို အားပေးကြတဲ့ စာဖတ်သူ တစ်ဦးချင်းဆီကို ကျေးဇူးတင်ပါတယ်ရှင့်🙏