❤️ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍❤️
°~°~°~°~°~°~°
တိမ်လွှာဖြူစံအိမ်တွင် ကြွေနှိုင်းခသတင်းကြောင့် တစ်အိမ်သားလုံး မစားနိုင်မသောက်နိုင်ဖြစ်နေကြသည်။ကြွေနှိုင်းခ၏ မိခင် ဒေါ်မိုးကြွေလွှာသည် သူမ၏သမီးကို စိုးရိမ်စိတ်ဖြင့် တစ်နေ့လုံး ငိုကြွေးကာ အိပ်ခန်းထဲမှာပဲ နေနေ၏။
ခြွေနှိုင်းခသည်လဲ ကျောင်းမသွား သူမ၏ မိဘအနားမှာ စိတ်ချမ်းသာအောင် ပြုစုနေသည်။
ခြွေနှိုင်းခ၏ ဖခင်ဦးတင်အောင်မြင့် သည် ခြံထဲရှိ ထိုင်ခုံမှာ ထိုင်ကာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသည်။
ညနေစောင်းနေဝင်သော် တိမ်လွှာဖြူစံအိမ်ထဲသို့ ကားတစ်စီးဝင်လာသည်။ ခြံထဲသို့ကားဝင်လာသော် ဦးတင်အောင်မြင်သည် ပုဆိုးကို ပြင်ဝတ်ကာ လှုပ်လှုပ်ရှားရှားဖြင့် ကားထဲကလူကို ကြိုဆို၏...။
``နေကောင်းရဲ့လား အန်ကယ်..``
``ဘယ်ကောင်းပါ့မလဲ မောင်ရင်ရယ် ၊ သမီးလေးအကြောင်း ဘာကြားသေးလဲကွာ..``
ကားပေါ်မှ ဆင်းလာသူမှာ နောင်တခမ်းဖြစ်၏။ သူသည် တပ်ထားသော နေကာမျက်မှန်ကိုချွတ်၍ ဦးတင်အောင်မြင့်ကို လက်ဆွဲနူတ်ဆက်သည်။ မျက်နှာတော့ သိပ်မကောင်းချေ.. ။
``ကြွေ့သတင်းကတော့ သိပ်မကောင်းဘူးအန်ကယ် ၊ ဓားပြအဖွဲ့တွေက ကြွေ့ကို ခေါ်သွားတယ်လို့ သိရတယ် ..
အဲ့နောက်ပိုင်း ဘာသတင်းမှ မကြားရသေးဘူး...``
ခမ်းစကားကြောင့် ဦးတင်အောင်မြင့်မှာ မျက်နှာညိုးကျသွားသည်။
``စိတ်မပူပါနဲ့ ကျွန်တော်ကြွေ့ကိုသွားရှာမှာပါ..မတွေ့တွေ့အောင်ကိုရှာမှာ..``
``ကျေးဇူးပါကွာ...
မောင်ရင့်ကျေးဇူးကို အန်ကယ်တို့ မမေ့ပါဘူး..``
``ဒါပေမဲ့...``
``ဒါပေမဲ့ ဘာဖြစ်လဲ မောင်ရင်``
``ကျွန်တော် တောင်းဆိုစရာ ရှိပါတယ်...``
``ပြောကွာ..ပြောသာပြော. အန်ကယ်တို့ ဖြည့်ဆည်းပေးမယ်..``
``အင်း...
တကယ်လို့ ကြွေ့ကိုကယ်တင်နိုင်ခဲ့သည်ရှိသော်...ကျွန်တော်နဲ့ ကြွေတို့ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို အန်ကယ်တို့ဘက်က ဖျက်သိမ်းပေးစေချင်ပါတယ်...``
``ဘာ...``
ဦးတင်အောင်မြင်သည် ခမ်းစကားကြောင့် အနည်းငယ် မှုးဝေသွားသည်။ အသိစိတ်များကို ပြန်ကပ်ရင်း ပြိုလဲသွားသည့် မာန ၊ သမီးလေးရဲ့သိက္ခာတရားတို့ကို အံကြိတ်သိမ်းဆည်းကာ သမီးလေးအသက်ရှင်နိုင်ဖို့ကိုသာ ဦးစားပေးရွေးချယ်ရင်း ခေါင်းငြိမ့်လိုက်ရသည်။
နောင်တခမ်း ဘာကြောင့် စေ့စပ်ပွဲ ဖျက်ခိုင်းရသည်ကို ဦးတင်အောင်မြင့် သိပါသည်။ ကြွေနှိုင်းခကို ဓားပြများကအလိုမတူ ဆွဲခေါ်ခြင်းခံရပြီး ကံကောင်းလို့ အသက်မသေဘဲ ပြန်လွတ်လာခဲ့သည်ရှိသော် အပျိုဟူသော ဂုဏ်ပုဒ်က ရှိတော့မည်မဟုတ်ပေ...။
ဦးတင်အောင်မြင့်သည် ကြွေနှိုင်းခအတွက် ရင်နာမိသလို ဝမ်းလဲသာ၏။ အနည်းဆုံးတော့ မချစ်သင့်တဲ့လူနဲ့ မပေါင်းဖက်လိုက်ရသည်မှာကား ဘုရားပေးတဲ့ ဆုလဒ်တစ်ပါးဟု ဦးတင်အောင်မြင့် မှတ်ယူရပါတော့သည်။
ခမ်းသည် အိပ်ခန်းထဲရှိ လှဲနေသော ဒေါ်မိုးကြွေလွှာအနားသို့သွားကာ သတင်းမေးသည်။ ဒေါ်မိုးကြွေလွှာသည် ခမ်းကို မြင်သည်နှင့် ထထိုင်ကာ ကြွေနှိုင်းခအကြောင်းတန်းမေးသည်။ သူမဘေးနားရှိ ယေကျာ်းနှင့် သမီးငယ်ကိုကြည့်ပြန်တော့လဲ မျက်နှာ မကောင်းသောကြောင့် ပြန်၍ ငိုင်ဆင်းသွားရပြန်သည်။
``စိတ်မပူပါနဲ့အန်တီ ကျွန်တော် ကြွေ့ကို တွေ့အောင်ရှာမှာပါ ၊ ဒီနေ့ပဲ ချင်းပြည်နယ်ဘက်သို့ တက်မလို့ အန်တီတို့ကို လာနူတ်ဆက်တာပါ..``
``ဟင်...ဟုတ်လား...
ဒါ..ဒါဆို အန်တီတို့လဲ လိုက်မယ်..
အန်တီတို့လဲလိုက်မယ်သိလား...
ယေကျာ်းရေ..သမီးလေးနောက်ကို လိုက်သွားရအောင်ကွယ်...``
``မင်းမှ နေမကောင်းသေးဘဲကွာ..
သက်သာသွားမှ သွားကြတာပေါ့.. မောင်ရင်ရှိနေတာပဲ...``
``အို... သွားမယ်ဆို သွားမယ်ရှင်..
ကျွန်မရဲ့ဆေးက သမီးလေးပဲ..
သမီးလေးကိုတွေ့ရင် ကျွန်မအသက်ရှင်ပြီ..``
နောင်တခမ်းသည် ခြွေနှိုင်းခ၏ မိဘများကိုကြည့်ရင်း ပြုံးနေ၏..။
`` အန်ကယ်ရယ်... ကြွေ့ဆီကို အန်တီရော အန်ကယ်ပါ လိုက်ခဲ့လို့ ဖြစ်တာပဲ.. လိုက်ခဲ့ပါ...
ဘာမှမဖြစ်ပါဘူး..``
နောင်တခမ်းစကားကြောင့် ဒေါ်မိုးကြွေလွှာပျော်ပေမဲ့ ဦးတင်အောင်မြင့်ကတော့ မပျော်နိုင်ပေ...
ခိုးဝှက်စွာ သက်ပြင်းကိုချရင်း နောင်လာမည့် အခြေအနေတွေမှန်သမျှကို မီးစင် ကြည့်ကရန်သာ ဆုံးဖြတ်လိုက်တော့သည်။
📝 📖
နေရောင်ကျနေသော ပြတင်းပေါက်နားမှာ ကြွေသည် အဖြူရောင်လက်ရှည် ဂါဝန်လေးဝတ်ကာ နေပူဆာလှုံနေ၏..။ ရှည်လျားပြီး နက်မှောင်နေသော ဆံနွယ်များသည် လေတစ်ချက်ခတ်လိုက်တိုင်း စည်းနှောင်ခြင်းမရှိသည့်အတွက် လေထဲတွင် လွတ်လပ်စွာ ပျံဝဲနေကြသည်။
သူမသည် မြန်မာဆန်ဆန် ဝတ်ထားလဲလှသလို ၊ ဘိုဆန်ဆန်ဂါဝန်ဝတ်ထားပြန်လျှင်လဲ အရုပ်မလေးအတိုင်း ယဉ်လွန်း လှလွန်းနေသည်။စိုက်ခင်းထဲမှ ပြန်လာသော ထနှောင်းသည် ပထမဆုံးကြွေ့အခန်းထဲသို့ အရင်ဝင်ကာ သူမကို အနောက်မှ သိုင်းဖက်ထားလိုက်၏။
``ဆံပင်ကို လျှော်ထားတာလားမမ..``
``အင်း ဟုတ်တယ် ဘာလို့..``
``မွှေးနေလို့လေ..
ကျွန်တော် သိပ်ကြိုက်တယ်``
``ထနှောင်းပေးတဲ့ ကလျာဏီပန်း ခေါင်းလျှော်ရေနဲ့ လျှော်ထားတာ..
မမလဲ အဲ့အနံလေးကို တကယ်ကြိုက်တယ်...``
ထနှောင်းသည် သူမကို သိုင်းဖက်ရင်း ဆံနွယ်လေးတွေကြား မျက်နှာအနှံတိုးဝှေ့နေ၏..။
လေနတ်သားမှဖြင့် ကြင်သူမောင်နှံကို ဝန်တိုသည်ဟုထင်သည်၊ တိုက်ခတ်နေသည့် လေညင်းများဟာ လေပြင်းသဏ္ဍာန်သို့ပြောင်းပြီး အဆုံးစွန်ထိ တိုက်ခတ်ရင်း ၊ ထနှောင်း၏ အနမ်းသည်လည်း ဆံနွယ်မှတဆင့် ကြွေ၏လည်တိုင်ပေါ်သို့ ရောက်ကာ ဆင့်ကဲဆင့်ကဲဖြင့် အသက်ရှုပင် မေ့ချင်လာခဲ့သည်။
``ကျွန်တော်လဲ ကြိုက်တယ်..
မမကို...``
``အဟွန်း..လူဆိုးလေး..ဖယ်ပါ... ဘာလုပ်နေတာလဲ..
မုတ်ဆိတ်မွေးလဲမရိတ် ..
ယားတယ်ကွာ..``
အလုပ်များနေ၍ မရိတ်ဖြစ်သော မုတ်ဆိတ်မွှေးတို့သည် အနည်းငယ်ရှည်နေသည်။ ထိုသည်ကို သူမနားသယ်စပ်တစ်ဝိုက် တိုးဝှေ့ နမ်းရှိုက်နေခြင်းကြောင့် ကြွေနှိုင်းခ ခမျာ ယားလွန်း၍ တွန့်လိမ်ရုန်းဖယ်နေရသည်။
ထနှောင်းသည် သူမနားရွက်ကလေးကို သွားဖြင့် မနာအောင် ကိုက်လိုက်ပြီး ရယ်သံလွှင့်လွှင့် ချစ်စကားများ ဆိုပါတော့သည်။
``ဖယ်ကွာ...``
``မဖယ်ချင်ပါဘူး...
စိုက်ခင်းတွေထဲက ပန်းတွေထက် မမကိုယ်သင်းရနံက ပိုမွှေးတယ်... စိုက်ခင်းထဲက စတော်ဘယ်ရီထက် မမနူတ်ခမ်းက ပိုချိုတယ်...
ကမ္ဘာပေါ်က မိန်းမလှတွေထက် ကြွေနှိုင်းခဆိုတဲ့ ကျွန်တော့ချစ်သူက ပိုလှတယ်...``
``သွားပါ အပိုတွေ..
ဘယ်သူက မင့်ချစ်သူမို့လို့လဲ...``
``ဒီမှာလေ...
ထနှောင်းခကျစ်နေအောင် ဖက်ထားတဲ့အမျိုးသမီးလေးက
ကျွန်တော့ချစ်သူပေါ့...``
``ဟွန့်.. မင့်ကိုချစ်တယ်လို့လဲ မပြောမိပါဘူး...``
ကြွေ့စကားကြောင့် ထနှောင်းသည် သူမကို မျက်နှာချင်းဆိုင် လှည့်ကြည့်ခိုင်းလိုက်ရသည့် အဖြစ်ကို ရောက်ခဲ့သည် ။
``မမ..
မမကျွန်တော့်ကို ကစားနေတာလားဗျာ..
ကျွန်တော့်ကို အပျော်ကြံနေတာလား...
ကျွန်တော် သိပ်ချစ်တယ်ဆိုတာ မမ မသိသေးတာလားဟင်...``
``မဟုတ်ပါဘူး...
ကဲ..ဒါတွေ ထားလိုက်ပါ..
လာအောက်ထပ်ဆင်းရအောင်...``
အချစ်ကို ပေါ့ပျက်ပျက်နိုင်လွန်းသည့် ကြွေနှိုင်းခကိုကြည့်ရင်း ထနှောင်း ရင်လေးနေမိသည်။သူမကို အရူးအမှုး ချစ်နေမိသည်မို့ သူပြောသည့် စကားတစ်ခွန်းချင်းစီတိုင်း အလေးအနက် ထားခဲ့သည်။
ထားရာနေ ၊ စေရာသွား နယ်ရုပ်လေးထဖြစ်လဲ ထနှောင်း ကျေနပ်နေမိသည် ။
ထိုသည်ကား သူမကို ချစ်နေသည့်အတွက်ကြောင့်သာ.. ၊
ဒါကို ကြွေနှိုင်းခ မသိလေသလား ဆို၍လဲမဟုတ် သူမအတွက် ထနှောင်းကို ချစ်ရမည်ဆိုသည်မှာ လေးလံသော အရာတစ်ခုကို ထမ်းပိုးထားရသလို ဖြစ်နေသည့်အတွက်ကြောင့်သာပင်....။
📝 📖
EDEN ကုမ္မဏီရှိ ရေမွှေးပညာရှင်များသည် တစ်စုံတစ်ခုကြောင့် အကျပ်ရိုတ်နေကြသည် ။ ထိုသည်မှာကား W ကုမ္မဏီက နာမည်ကြီးနေသော EDENကုမ္မဏီကို ဝန်ထမ်းများနှင့်အတူ လေ့လာရေး လာဆင်းမည်ဆိုသည့်အတွက်ကြောင့်ပင် ၊
Wကုမ္မဏီအဖွဲ့သားများနှင့်အတူ မီဒီယာများလဲပါဝင်မည့်အတွက်ကြောင့် ယခုကုမ္မဏီမှာ ဖြစ်ပျက်နေသော ချို့ယွင်းချက်ကို Wကုမ္မဏီနှင့်အတူ တစ်ကမ္ဘာလုံးကလဲ သိရှိသွား၍ ကုမ္မဏီဖျတ်သိမ်းနိုင်ဖွယ်ရှိသည်။
ထိုသည်ကို နောက်မှသိသည့် သွေးမျက်ရှင်သည် မျက်လုံးပြူး မျက်ဆံပြူးဖြင့် ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိအောင် အကျပ်ရိုတ်နေပေသည်။
``တောက်စ်...
သူ ငါ့ကိုပြောတုန်းက ဒီလို ပုံစံမဟုတ်ပါဘူး...
ဖုန်းဆက်ကြည့်ဦးမှ``
သွေးမျက်ရှင်သည် သူ၏ပိုက်ဆံအိတ်ထဲမှ ဖုန်းကိုယူကာ တစ်စုံတစ်ယောက်ဆီဆက်ပါတော့သည်။
``Hello``
``ယုတ်မာလှချေလား ဟမ်...
ကျွန်မက ရှင့်ကို ဥက္ကဌရာထူးရအောင်ပဲ လုပ်ခိုင်းတာလေ
ကုမ္မဏီကို ဖျက်သိမ်းခံရအောင်လုပ်ခိုင်းတာမဟုတ်ဘူး!!``
`` ကိုယ်က မင်းအတွက်လုပ်ပးနေတာပါ... ဒီလိုမှ..အဟက်..
Hardဆိုတဲ့အကောင်ကို ဖြုတ်ချလို့ ရမှာပေါ့``
`` ကုမ္မဏီကို ထိခိုက်ခဲ့ရင် ဘယ်လိုလုပ်မလဲ..``
`` စိတ်ချပါ သွေးမျက်ရှင်ရာ..
မင်း လုပ်တုန်းကလုပ်ပြီး အခုမှ ဘာလာကြောက်ပြနေတာလဲ... ဝက်ဖြစ်မှတော့ မစင်ကြောက်မနေနဲ့တော့..
တိုက်မှတိုက် အဆုံးစွန်အထိတိုက်..
မဟုတ်ရင် လက်ထဲ ရောက်ခါနီးမှာ ပြန်ပေးနေရလိမ့်မယ်...``
ဟိုဘက်က ဖုန်းဖြေနေသော လူ၏စကားကြောင့် သွေးမျက်ရှင် ပြုံးမိ၏။ ဂုတ်နားဝဲနေသော ဆံပင်ကို သပ်ချကာ ဆိုဖာခုံပေါ်တွင် ပစ်ထိုင်လိုက်ရင်း...
မထီမဲ့မြင်အပြုံးဖြင့်...
`` ဒါဆိုလဲ လုပ်လိုက်ကြတာပေါ့..`` ဟုဆိုကာ ဖုန်းကိုချလိုက်သည်။
`` အဟွန်း....
ထနှောင်းခ.... ထနှောင်းခ...
နင့်ရဲ့ဘဝတော့ ရေစုန်မျှောဖို့သာပြင်ထားပေတော့..
ငါ့ကိုအရှက်ခွဲခဲ့တာတွေအတွက် တစ်နေ့..နင်ငါ့ရဲ့ခြေထောက်ကို ကိုင်ပြီး ဒူးထောက်တောင်းပန်လာစေရမယ်...``
သွေးမျက်ရှင်ကတော့ ထနှောင်း၏ ရုံးခန်းထဲတွင် ဥက္ကဌသာ ထိုင်ခွင့်ရှိသော စားပွဲခုံ၌ ခြေချိတ်ထိုင်ရင်း လေထဲတိုက်အိမ် ဆောက်နေပါတော့သည်။
°~°~°~°~°💞
မဟူရာစံအိမ်ရှိ ထနှောင်း၏ နားနေခန်းထဲတွင် မိုးဇွန်သည် ကုမ္မဏီ၏ ဖြစ်ကြောင်းကုန်စင်များကို
ထနှောင်းခအား ပြောပြနေ၏...။
ထနှောင်းသည် ဖော်မြူလာ စာရင်းများကို ကြည့်ရင်း ချို့ယွင်းချက်တွေကို လိုက်ရှာနေသည်။ ကြွေနှင့်အတူရှိနေလျှင်သာ ကလေးဆိုးလေးတစ်ယောက်လို ပုံစံ ဖြစ်နေပေမဲ့ အလုပ်လုပ်နေလျှင်မှု ရဲဝံ့ တည်ကြည်ပြတ်သား၏။
ပန်းများ၏ အရည်အသွေးကိုလဲ စစ်ဆေးကြည့်ရာ မည့်သည့်အမှားမျှ မပါ..တခြားစက်ပစ္စည်းများကို စစ်ဆေးသော်လဲ ချွတ်ယွင်းချက်မရှိသဖြင့် ထနှောင်း ခေါင်းခြောက်နေလေပြီ...။ ထို့နောက် အကြံတစ်ခု ရသွားပြီး..မိုးဇွန်ကို ခိုင်းလိုက်သည်။
``ဘာအမှားအယွင်းမှလဲ မရှိဘူး..သေချာသိရအောင် formula liquidကို စစ်ဆေးမှပဲရလိမ့်မယ်..၊
ငါလဲ အခုရက်ပိုင်း စင်ကာပူကိုမသွားနိုင်သေးဘူး ၊ မင်းလဲ မသွားနဲ့ဦး..``
`` ဒါဆို formula liquidကို ဘယ်လိုယူရမလဲ သခင်ကြီး..``
`` ဘရဏီရှိတယ်လေ...သူ့ကို တိတ်တဆိတ် ယူခိုင်းလိုက်ပါ... နောက်ပြီး security roomထဲက CCTVကို downပြီး USBထဲ ထည့်လာခိုင်းလိုက်..``
``ဟုတ်ကဲ့..ကျွန်တော်အခုသွားလိုက်ပါ့မယ်..``
`` အင်း..``
ထနှောင်းသည် ထိုဖြစ်ရပ်၏ အဓိက တရားခံအကြောင်းကို စဉ်းစားရင်း ခေါင်းရှုပ်နေခဲ့သည်။
ဘယ်လောက်ပဲ စဉ်းစား စဉ်းစား သွေးမျက်ရှင်သာ ခေါင်းထဲ ရောက်လာခဲ့သည်။
`` သွေးမျက်ရှင်က ငါနဲ့ ရန်သူလိုဆက်ဆံပေမဲ့ မအေတူ ဖအေကွဲ မောင်နှမပဲဟာ...အဲ့လောက်ထိ ရက်စက်မယ် မထင်ပါဘူး..``
ထိုနေ့တစ်ရက်လုံး ထနှောင်းသည် အလုပ်ကိစ္စနှင့်သာ နပန်းလုံးနေခဲ့သည်။
📝°~°~°~°~°°~°~📖
``သွားကြရအောင် မမရယ်..``
`` ရာသီဥတုက အုပ်ဆိုင်းနေတယ်မလား..
ဘာကြောင့် ဒီလိုအချိန်မှ သွားချင်ရတာလဲ ထနှောင်းရယ်..``
`` မမနဲ့တူတဲ့နေရာကို ပြချင်လို့ပေါ့..
လာပါကွာ..မမကလဲ ကလေးဆိုးလေးကျနေတာပဲ...လိုက်ခဲ့... စကားနားမထောင်ရင် ချီသွားမှာနော်...``
`` အို.. ချီတော့ မချီပါနဲ့...
လိုက်မယ် လိုက်မယ်..``
ထနှောင်းခသည် သူစိုက်ပျိုးထားသောဥယျာဉ်ထဲသို့ အလည်သွားရန် ကြွေ့ကို ခေါ်နေသည်။
သို့ပေမဲ့ ဒီနေ့ကျမှ ရာသီဥတုကလဲ အုပ်မှိုင်းပြီး ခန္ဓာကိုယ်မှလဲ မအီမသာဖြစ်နေသောကြောင့်
ထနှောင်းခေါ်သည့်နေရာကို
မလိုက်ချင်ပေ..။
ကလေးဆိုးတစ်ယောက်လို ချွဲနွဲ့ကာ မရရအောင် ခေါ်နေသည့် ထနှောင်းကြောင့် ကြွေ မလိုက်ချင်ပေမဲ့ လိုက်သွားရပါတော့သည်။
စံအိမ်ကြီး၏ အနောက်ဘက် လမ်းကြားလေးကနေ တဆင့် သွားပြီး သစ်တောကြိုးဝိုင်းကို ဖြတ်သော် ခြံစည်းရိုးခတ်ထားသည့် ပန်းခြံနှင့်တူသော ပန်းစိုက်ခင်းကြီးကို ကြွေနှိုင်းခ မြင်တွေ့လိုက်ရပါပြီ...။
ထနှောင်းသည် ကြွေ့လက်ကိုဆွဲကာ မျက်နှာပေါ်မှ အပြုံး များဟာ တစ်ပဲသားမျှ မလျော့ပဲ..
ချစ်သူကြွေ၏ မျက်နှာကိုကြည့်ရင်း ခြံစည်းရိုးတံခါးကို ဖွင့်လိုက်သည်။
လေပြေလေးများနှင့်အတူ daisyပန်း၏ ရနံ့များဟာ ကြွေ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ဖြတ်ပြေးသွားပြီး နှောက်နေသည့် စိတ်တွေဟာ တဖြေးဖြေးလျော့ပါးခဲ့ရသည်။
အဝေးမှကြည့်လျှင် အဖြူရောင် အဝါရောင် ပိုးပုဝါများ ခင်းကျင်းထားသလို မျက်စိပသာဒကျနေ၏။
အလိုလို ပြုံးမိရက်သားဖြစ်နေသည့် ကြွေ့နူတ်ခမ်းများသည် မယုံကြည်နိုင်လောက်အောင်ပင် ပန်းခင်းကြီးက ကြွေ့ကို ဆွဲဆောင်နေ၏။
`` ကျွန်တော်က daisyပန်းကို သိပ်ချစ်တာ ၊ တအားလဲမြတ်နိုးတယ် ၊ ဒါကြောင့် မမနဲ့တွေ့ခဲ့တာဖြစ်မယ်..``
`` ဟင် ဘာဆိုင်လို့...``
အရပ်ရှည်လွန်းသည့်ထနှောင်းကို မော့ကြည့်ရင်း မေးရသည်။ သူမလက်ကို ကိုင်ထားသည်မှာကလဲ ထွက်ပြေးမှာစိုးရိမ်နေသည့် ကလေးတစ်ယောက်လို လက်ဖဝါးမှာ ချွေးထွက်နေသည်အထိ ဆုပ်ကိုင် ထား၏။
`` ဘာလို့ဆို မမက daisyနဲ့တူလို့ပဲ..
Daisyပန်းရဲ့ အဓိပ္ပါယ်က ဘာလဲ သိလားမမ..``
`` ဟင့်အင်း..``
ကလေးတစ်ယောက်လို ခေါင်းခါကာ သိလိုစိတ်ဖြင့် မျက်လုံးကလေး ဝိုင်းကာ ထနှောင်းကို ကြည့်နေသော သူမကိုကြည့်ရင်း ပြုံးမိသည်။
လေတိုက်တိုင်း ဆံနွယ်လေးတွေက ကြွေ့ပါးပြင်ကို ထပ်ကာ ထပ်ကာ နမ်းရှိုက်နေသလို လူးလွှင့်နေသည့် ဆံနွယ်များကို ထနှောင်းလက်မှာ ပတ်လာသော ခေါင်းစည်းကြိုးဖြင့် မစည်းတက် စည်းတက် စည်းနှောင်လိုက်၏။
``Daisyပန်းရဲ့ အဓိပ္ပါယ်က အပြစ် ကင်းစင်ခြင်း ၊ သန့်ရှင်းစင်ကြယ်ခြင်း တဲ့..
Daisyပန်းခင်းကြီးကို ကြည့်လိုက်ရင် ကျွန်တော့် စိတ်ထဲ ကြည်နူး အေးချမ်းသွားရသလို ..
မမမျက်နှာကို ကြည့်လိုက်ရင်လဲ ကျွန်တော့်ရဲ့ သောကတွေ ပျောက်သွားသလို ခံစားရတယ်...
ဒီပန်းခင်းကြီးက မမအတွက်ပါ..``
ထနှောင်းသည် ကျယ်ပြောလှသည့် ပန်းခင်းကြီးအလယ်သို့ ကြွေ့ကိုခေါ်လာကာ အနားရှိပွင့်လန်းခါစ daisyတစ်ပွင့်ကို ချိုးပြီး ကြွေ့ဆံနွယ်တွေကြား ညပ်ကာ ပန်းပန်စေလိုက်သည်။
`` ကျွန်တော် ထင်တဲ့အတိုင်းပဲ မမက daisyနဲ့ သိပ်လိုက်တယ်``
ကြွေ့ခေါင်းပေါ်ပန်းပန်ရင်း သူမနားရွက်ဖျားလေးကို ပွတ်သက်ကာ ချစ်သူ၏ မျက်နှာလေးကို ကြည့်မဝစွာဖြင့် တစိမ့်စိမ့်ကြည့်နေသည်။
( အဲ့လောက်ထိ ကြွေ့ကို ချစ်ရသလား ထနှောင်းရယ်..
ကြွေ့မှာ ချစ်သူရှိတာသိရက်နဲ့လဲ ဇွတ်ချစ်နေတုန်းလားဟင်..
ခံစားချက် အတိုင်းသာ ဇွတ်မိုက်လိုက်ရင်တော့ မလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်လာတော့မှာပဲ ထနှောင်းရယ်..
မင်းနဲ့မမက မဆုံနိုင်တဲ့ မျဉ်းပြိုင် နှစ်ကြောင်းလိုပါပဲ..
ဒီဇာတ်လမ်းကို ဒီမှာသာ အဆုံးသတ်လိုက်ပါတော့..
မဖြစ်နိုင်တဲ့ ဇာတ်လမ်းတစ်ခုကို ကိုယ့်တဘို့ထဲအတွက်နဲ့ မရေးချင်တော့ဘူး..)
ကြွေသည် ထနှောင်း၏ မျက်နှာကိုငေးကြည့်ရင်း မျက်ဝန်းအိမ်မှာ ဝဲတက်လာသော မျက်ရည်များကို ထနှောင်းမြင်လိုက်သည်။ မျက်နှာတစ်ချက်ချက် ပျက်သွားပေမဲ့ ပြန်လည် ပြုံးပျော်ကာ ကြွေ့လက်ကိုဆွဲရင်း တစ်နေရာသို့ ခေါ်လာခဲ့သည်။
`` လာ..
ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကိုပြမယ်....``
ထနှောင်းခေါ်ဆောင်ရာနောက်သို့ စိတ်မပါစွာဖြင့် လိုက်လာရင်း လမ်းအနည်းငယ်လျှောက်ပြီးသော် ထနှောင်း၏ ခြေလှမ်းများသည် ရပ်တန့်သွား၏
`` ကြည့်..
ဒါ ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပဲ...``
ထနှောင်း လက်ညိုးညွန်ပြသည့် နေရာကို ကြည့်လိုက်သော် အသက်ရှုပင် မှားသွားခဲ့သည်။
ဧဒင်ဥယျာဉ်ကြီးဆီ ရောက်နေသလား ၊ တာဝတိံသာနတ်ပြည်ရဲ့ ဥယျာဉ်တော်များလား မသိတော့ချေ..၊ နေရာတစ်ခုလုံး ပန်းတွေနဲ့ချည်းသာပြည့်နှက်နေသည်။ ပန်းတွေသည် အမျိုးအစားစုံလင်၏။
လျှောက်လမ်း၏ အစတွင် လီလီပန်းခင်းကြီးကို စိုက်ပျိုးထားပြီး ၊ လီလီပန်း၏ ဘေးတွင် ကျူးလစ်ပန်းများ ၊ကျုးလစ်ဘေးတွင် နေကြာပန်းများက နေမင်းကြီးကို ကြည့်ရင်း အစွမ်းကုန် ပွင့်လန်းနေသည် ။ ထိုပန်းခင်းကြီး၏ အရှေ့ဘက်ခြမ်းတွင် လူလုပ် ရေတံခွန်အသေးစားလေးထဲက ရေများဟာ တသွင်သွင်စီးဆင်းနေ၏..။
``လှလိုက်တာ....ပန်းတွေကလဲ အများကြီးပဲ..
ဒါကို ထနှောင်း စိုက်ထားတာလားဟင်...``
``ဟုတ်တယ်မမ..
တကယ်တော့ ကျွန်တော်က B.Ag ( စိုက်ပျိုးရေးပညာဘွဲ့ ) နဲ့ ကျောင်းပြီးထားသူပါ..``
`` ဟင်..``
မျက်စိတစ်ဆုံး ပန်းခင်းကြီးကိုကြည့်ရင်း အနောက်မှ ထနှောင်း၏ စကားသံကြောင့် ကြွေ အံ့ဩခဲ့ရသည်။သူမသည် ထနှောင်းဘက်သို့ လှည့်ကြည့်ကာ ပြုံးနေ၏။
`` ထနှောင်းက ပညာတက် တစ်ဦးဆိုတာကို မမအစကတည်းက သိပြီးသားပါ..``
ရင့်ကျက်ပြီး ကျက်သရေ ရှိလှသည့် ကြွေနှိုင်းခရဲ့ လက်ကလေးကို ကိုင်ရင်း ပန်းခင်း၏ အနောက်ဘက် အဆောက်အဦးတစ်ခုဆီသို့ ကြွေ့ကို ခေါ်လာသည်။ ထိုအဆောက်အဦးကြီးမှာ ရှေးခေတ် ဗြိတိသျှအိမ်အဆောက်အဦးကြီးလို ထုထည်ကြီးမားပြီး ရေနံဝအောင်သုတ်ထားသည့် အိမ်မဲကြီးတစ်လုံးဖြစ်သည်။
`` ဒီနေရာကို မမ နဲ့ ကျွန်တော်ကလွဲရင် ဘယ်သူမှ မရောက်ဖူးဘူး ၊ ဒါက အဖေ့ရဲ့ နှလုံးသားပဲ..၊
အမေ့ကိုသတိရတိုင်း အဖေက ဒီကိုလာနေကြ..၊
အမှတ်တရတွေကို ဒီထဲမှာသာထားခဲ့ပြီး အဖေ့ကိုယ်တွင်းမှာကတော့ အမုန်းတရားတွေ ပြည့်လျှံနေခဲ့တာ..``
အိမ်တံခါးဖွင့်လိုက်သည့်နှင့် ဧည့်ခန်းထဲတွင် ပန်းချီကားအကြီးကြီးတစ်ချပ်ကို တွေ့လိုက်သည်။ ထိုပန်းချီကားထဲက မိန်းမလှလေးသည် အသားအရေမှာ ဝင်းဝါစိုပြေနေပြီး မျက်လုံးက အသက်မဲ့နေ၏...။
သို့ပေမဲ့ မြန်မာအမျိုးသမီးပီပီ မြန်မာ့ မာန့်ကိုချီကာ ကျွန်းကုလားထိုင်ပေါ်တွင် ထိုင်နေသည့်ပုံစံက ရဲဝံ့ပြတ်သားသည့် မိန်းမကောင်းတစ်ယောက်နှင့်တူသည်။တစ်အိမ်လုံး သန့်ရှင်းပြီး ဖုန်တစ်စက်မှမရှိ ၊ အမြဲတစေ လာရောက်ရှင်းထားဟန်တူသည်။ အခန်းအတွင်း ဝင်လိုက်သည်နှင့် ရှေးဟောင်းပုံရိပ်၏ အနံအသက်များရသည်။ ကျွန်းတွေနှင့် ပြုလုပ်ထားပြီး ရေနံဝအောင် သုတ်ထားသော ကုလားထိုင်တွေ ၊ စာကြည့်စားပွဲနှင့် အိမ်အလုံးတိုင်ကအစ ကျွန်းသားစစ်စစ်ဖြင့် ပြုလုပ်ထားသည်။
`` ကျွန်တော့် အဖေကအမေ့ကြောင့်သေခဲ့ရတာ..
အချစ်မှာ ရူးသွပ်ပြီး ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ မေတ္တာအိမ်ကလေးလို့ ထင်ခဲ့ပေမဲ့ ဂုဏ်ငွေ ပကာသနကို မက်မောခဲ့တဲ့အမေဟာ ကျွန်တော် ၁၀နှစ်သားအရွယ်မှာ အဖေဆီကနေထွက်ပြေးပြီး နောက်ယေကျာ်းယူခဲ့တာ..၊
အဲ့နေ့ကစ အဖေမှာ မျှော်လင့်ချက်တွေ ပျက်သုန်းခဲ့ရတယ် ၊ အရက်က သူ့အဖော်မွန်ကောင်းတစ်ယောက်ဖြစ်လာတယ်..၊ နောက်ဆုံး ဒီစံအိမ်မှာပဲ သေဆုံးခဲ့ရတယ်..``
စကားတစ်လုံးချင်းစီတိုင်းတွင် ဒေါသအနည်းငယ်ပါပြီးတချို့စကားလုံးထဲတွင်ရှိုက်သံ ပါနေခဲ့သည်။ သူ၏အဖေ ရေးသားခဲ့သော ဒဏ္ဍာရီစာအုပ်ထဲတွင် သူ့အမေရဲ့ ဓာတ်ပုံများသာ...။
စာအုပ်ပေါ်သို့ ထနှောင်း၏ မျက်ရည်တစ်စက် ကျသွားခဲ့သည်။
အားမငယ်စေရန် ထနှောင်း၏ လက်မောင်းကိုဖက်ကာ ကျောပြင်ကို ပုတ်ပေးနေမိသည့် ကြွေ့ကို ထနှောင်း စောင်းငဲ့ကြည့်ရင်း...သူမကိုချီကာ စားပွဲခုံပေါ်သို့ အသာလေးတင်လိုက်သည်။
``မမ..မမကရော..
ကျွန်တော့်ကို အမေ့လိုမျိုး မထားခဲ့ဖူးမလားဟင်..``
စားပွဲခုံပေါ်ရောက်သွားသော ကြွေ့ကို ထနှောင်းသည် မျက်နှာချင်းဆိုင် ခါးကနေသိုင်းဖက်ပြီး ကြွေ့မျက်နှာ သွယ်သွယ်လေးကို ငေးကြည့်နေ၏။
ကြွေသည်လည်း ထနှောင်း၏ ပခုံးတစ်ဖက်ဆီပေါ်သို့ လက်တင်ပြီး ထနှောင်း၏ မျက်နှာကို ငုံ့ကာ ပြန်ကြည့်လျက် ပြုံးသည်။
`` မမဖြေလေ...
ကျွန်တော့်ကို မေမေ့လိုမထားခဲ့ဘူးမလားလို့..
မမထားခဲ့ရင် ကျွန်တော် နှလုံးသားကွဲပြီး သေလိမ့်မယ်..``
ကြွေသည် ထနှောင်း၏ ဆံပင်ကို ဖွကာ မို့မောက် ကျယ်ပြောသည့် နှဖူးပြင်ကို အနမ်းတစ်ပွင့် ခြွေချလိုက်သည်။
`` မမတို့ ဒီမှာနေတာ ကြာသွားပြီ..
ပြန်ရအောင်လေ..နောက်ပြီး မမ အခုတလော နေမကောင်းချင်ဘူး..``
စားပွဲခုံပေါ်မှ ဆင်းချင်နေသော ကြွေ့ကို ထနှောင်းက အလွတ်မပေးပါ..။
သူ၏ ခန္ဓာကိုယ်နှင့် ကာထားပြီးဆင်း၍ မရအောင် လုပ်ထားလိုက်သည်။
`` ဖယ်ပါထနှောင်းလေးရယ်...
မမပြန်ချင်ပြီ.. ``
`` ပြန်ရမှာပါ... ဒါပေမဲ့ မမကျွန်တော် မေးတာ မဖြေရသေးဘူး..``
နှစ်ဦးသားအကြည့်တို့ တွေ့ဆုံခိုက် ကြွေနှိုင်းခ၏ နှလုံးသားသည် မခံမရပ်နိုင်အောင် ထိုးအောင့်လာသည်။ ခန္ဓာကိုယ်၏ ဝေဒနာခံစားမှုသည် မျက်နှာပေါ်တွင် ပေါ်လွင်နေ၏..။
`` မမ..မမဘာဖြစ်လို့လဲ...
ဘာဖြစ်နေတာလဲ..``
ကြွေသည် သူမ၏ နှလုံးရှိသည့် ဘယ်ဘက် ရင်အုံကို ဖိကာ တဖြေးဖြေး ထနှောင်းပခုံးပေါ်သို့ ခွေကျသွားသည်။
`` ဟာ!...မမ...မမ...အာ...``
ထနှောင်းသည် ပျော့ခွေနေသည့် ကြွေ့ကိုချီကာ စံအိမ်အတွင်းမှ ကသိုက်ကရိုတ် ပြေးထွက်လာခဲ့သည်။ ပန်းခင်းတွေကိုဖြတ်ကာ ၊ လက်ထဲမှာ ကြွေ့ကိုကြည့်တေ့ာ နာမ်မရှိတော့သည် ရုပ်တစ်ခုလို ...၊
ထနှောင်းစည်းပေးထားသော ခေါင်းစည်းကြိုးမှာလဲ ပြေးလွှားကာ ခုန်နေသည့်အတွက် ပန်းခင်းထဲမှာသာ ပြုတ်ကျကျန်ခဲ့သည်။ လွတ်လပ်သွားသည့်ဆံနွယ်တို့သည် လေအလျဉ်နဲ့အတူ ပေါ့ပါးစွာ လူးလွန့်နေ၏..။
`` ဟိန်းရာဇာကို အခုသွားခေါ်!...``
`` ဟုတ်..``
မဟူရာစံအိမ်အရှေ့သို့ ရောက်သည်နှင့် တံမြတ်စည်းလှည်းနေသော မိုးဇွန်ကို အက်ကွဲသံ စူးရှရှဖြင့် အမိန့်ပေးလိုက်သည်။
တံမြတ်စည်းကိုပစ်ချပြီး ရွာထဲကိုပြေးဝင်သွားသော မိုးဇွန်သည် ခဏအကြာ ဒေါက်တာဟိန်းဇေယျာနှင့်အတူ စံအိမ်ပေါ်သို့ ပြေးတက်လာကာ ဂန္ဓာမာအခန်းထဲရှိ ကုတင်ပေါ်သို့ ဖြေးညင်းစွာ တင်လိုက်သည်။
`` မမ...မမရေ... မမဘာဖြစ်သွားတာလဲဗျာ...
ကြီးလှ!...ကြီးလှ!...``
`` ကြီးလှရှိပါတယ် သခင်ကြီး..``
`` ဘယ်မလဲ မိုးဇွန်...
ဘယ်မလဲ ဆရာဝန်..
သေကုန်ကြပြီလားဟမ်.!``
``လာပါပြီသခင်ကြီး..``
အခန်းအတွင်းသို့ မိုးဇွန်နှင့်အတူ ဒေါက်တာ ဟိန်းဇေယျာရောက်လာခဲ့သည်။ ရောက်လျှင် ရောက်ချင်း ကြွေ၏ သွေးကြောကိုစမ်းကြည့်သည် ။ မျက်နှာ ပျက်သွားသည့် ဟိန်းကို ထနှောင်းတွေ့လိုက်ရာ...
`` ဘာဖြစ်တာလဲ မမဘာဖြစ်တာလဲ ဟိန်း..``
ဟိန်းသည် ဘာမျှ မပြောဘဲ ကြွေ၏ခြေထောက်ကိုမကာ သလုံသားကို ကိုင်ကြည့်သော် တင်းရင်းမနေဘဲ ပျော့တွဲနေ၏...။ထို့ကြောင့် အိတ်ထဲမှ ပါလာသော ဆေးထိုးအပ်နှင့် ဆေးပုလင်းကိုထုတ်ကာ ဆေးထိုးအပ်ထဲသို့ ပုလင်းထဲရှိ ဆေးရည်များကို ထည့်လျက် ကြွေ၏ လက်ကောက်ဝတ် သွေးကြောရှိသည့်နေရာကို စမ်းလျက် ဆေးထိုးလိုက်သည်။
ပြီးမှ ဆေးပုလင်းချိတ်ကာ ကြွေ့ကို အားဆေး သွင်းထားရ၏..။
`` ဟိန်း..မမဘာဖြစ်တာလဲ အရင်ပြောကွာ...``
ဒေါက်တာဟိန်းသည် လက်အိတ်ကိုချွတ်ကာ သူ၏လက်ကို အရက်ပြန်နှင့် ဆေးပြီး တပ်ထားသည့် Maskကို ချွတ်လိုက်သည်။
ထနှောင်းကို လှမ်းကြည့်သော် ရာသီဥတုက အေးစက်နေပေမဲ့ ချွေးတွေ တဒီးဒီးကျနေသည်။
`` မင်း ဆရာမလေးကို သိပ်ချစ်တာပဲလား..``
`` ဟာ..ငါမေးတာ အဲ့ဒါမဟုတ်ဘုးကွ..! မမဘာဖြစ်တာလဲမေးတာ..``
`` အေးပါကွာ ငါဖြေပါ့မယ်..
ဒါပေမဲ့ ငါမေးတာ မင်းအရင်ဖြေ..
မင်းအဲ့ကောင်မလေးကို တကယ်ချစ်တာရော ဟုတ်ရဲ့လား...``
`` ဟ...!
မင်းစကားကြီးက ငါ့ရဲ့အချစ်ကို သကာ်မကင်းဖြစ်နေသလိုပဲ...
ငါမမကိုချစ်တဲ့အချစ်က ရာဇဝင်ထဲက အချစ်ကြီးခဲ့တဲ့လူတွေထက် ပိုကြီးတယ်...
ငါ့ရဲ့အချစ်က ရိုးမြေကျပဲ..
ဘယ်တော့မှ သွေဖယ်မသွားနိုင်တဲ့ အချစ်မျိုးပဲ...
မြတ်စွာ ဘုရားထံမှာ မမကိုချစ်တဲ့အချစ်တွေကို သစ္စာဆိုပြီးဆုတောင်းရင်တောင်မှ လုံးဝမှန်လွန်းလို့ ဆုတောင်းတောင်ပြည့်နိုင်တယ်ကွ..``
အားရပါးရ သူ့အချစ်တွေကို ထုတ်ဖော်နေသည့် ထနှောင်းကြောင့် ဟိန်းသည် ထိုင်ခုံမှာ ထိုင်ရင်းနဲ့သာ သက်ပြင်းချရင်း သည်းခံစွာ နားထောင်နေရသည်။
`` အင်း...ဒီလောက်ဆိုရပါပြီ...
ငါမင်းကိုမေးတာက တစ်ခွန်းထဲ
မင်း ဖြေလိုက်တာက ဝတ္တုတစ်ပုဒ်လောက်ရှိတယ်..
ဒီမှာ သူငယ်ချင်း အချစ်ဆိုတာ လက်ခုပ်နှစ်ဖက်လိုပဲကွ..
နှစ်ဖက်စလုံးတီးမှ အသံထွက်တာ..
တစ်ယောက်တည်း တီးနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး...
ဒီလိုပဲ...မင်းကသာ ဆရာမလေးကို ချစ်နေပေမဲ့ မင်းဆရာမလေးက မင်းကို တကယ်ချစ်တာ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်...
ငါပြောနိုင်တာကတော့ သူဒီမှာ နေရတာ မပျော်ဘူး..၊
စိတ်ညိုးနွမ်းနေတယ်..၊
ကမ္ဘာပေါ်က 90%သောလူတွေဟာ စိတ်ပျော်ရွင်မှုကြောင့် အလုပ်လုပ်နေရတာချည်း...
အခုသူ့ရဲ့နှလုံးခုန်နူန်းကို စမ်းသပ်ကြည့်တော့ သူ့မှာ နှလုံးရောဂါရှိနေတယ်..
မွေးရာပါ ဟုတ်လားမဟုတ်လား မသိပေမဲ့.. အခုတလော စိတ်မလန်းဆန်းမှုကြောင့် ခန္ဓာကိုယ် စတင် ပျက်စီးလာတာပဲ...``
ဟိန်းစကားအဆုံးမှာ ထနှောင်းသည် ကုတင်ပေါ်ရှိ သတိမေ့နေသော ကြွေ့ကိုကြည့်လျက် စိတ်မကောင်းကြီးစွာ မျက်ရည်များ ကျဆင်းနေသည်။
`` မမက ကျွန်တော်နဲ့ နေရတာ မပျော်ဘူးလားဟင်...
မမမျက်လုံးထဲမှာ ကျွန်တော်က မကောင်းဆိုးဝါး သာသာလောက်ပဲ ရှိတာလား...
ကျွန်တော့်အချစ်က မမအတွက် ဒုက္ခဖြစ်စေတယ်ဆို..
ကျွန်တော်..ကျွန်တော်..``
စကားများကို ဆက်မပြောနိုင်တော့ပေ..။
ကြွေကို ဖက်ထားရင်းနဲ့သာ သူမရင်ခွင်ထဲမှာ ကလေးတစ်ယောက်လို ငို၍သာ နေနေ၏..။
`` ဟိန်း...ငါဘာလုပ်ရမလဲ... ငါ ရှေ့ဆက် ဘယ်လိုတွေခရီးသွားရမလဲ...ပြောပါဦးကွာ...``
ဟိန်းသည် ပစ္စည်းများကို သိမ်းပြီး ထနှောင်းစကားကြောင့်
ခေတ္တတွေဝေသွားရသည်။
`` အချစ်ဆိုတာ မှုးယစ်ဆေး
တစ်မျိုးပဲကွ...
မြန်မြန်ဖြတ်နိုင်လေ ကောင်းလေပဲ...``
ဟုပြောပြီး အိပ်ခန်းထဲမှ ထွက်သွားလေတော့သည် ။ ကြီးလှနှင့် မိုးဇွန်တို့သည် ထနှောင်းကို မကြည့်ရက်တော့၍ တံခါးပိတ်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ ထနှောင်းသည် ထိုနေ့တစ်ရက်လုံး ကြွေ့ဘေးနားမှာသာ အိပ်စက်ရင်း ခွဲခွာခြင်းဟူသည့် ဝဋ်ကြွေးကို ခံနိုင်ရည်ရှိအောင် အားမွေးနေရပါတော့သည်။
အပိုင်း ( ၁၄ ) မျှော်...🛫
ဒါဒါလေးတို့ကရော ချစ်သူရှိရက်နဲ့ တခြားတစ်ယောက်ကို ရင်ထဲထပ်ထည့်ဖို့ ဖြစ်နိုင်ပါ့မလား ၊
ကြွေ့နေရာကနေ စဉ်းစားကြည့်ရင် တော့ တော်တော် ခေါင်းခြောက်စရာပဲ...
မေကတော့ ချစ်သူရှိရက်နဲ့ တခြားတစ်ယောက်ကို ထပ်ချစ်ဖို့
ဒီတစ်သက်လုံးဝဖြစ်နိုင်မှာမဟုတ်ဘူး...
(ချစ်သူလဲ မရှိပါဘူး)😁
{မေ့ဝတ္တုလေးကို အားပေးကြတဲ့
စာဖတ်သူတစ်ဦးချင်းဆီကို ကျေးဇူးတင်ပါတယ်ရှင့်🙏}