💖ကျွန်တော့်နှလုံးသား
မမထံဝပ်ဆင်း၍💖
•~•~•~•~•~•~•
``သခင်ကြီး...``
မျက်နှာမကောင်းစွာဖြင့် လက်သီးကို ကျစ်နေအောင်ဆုပ်ကာ မိုးဇွန်ထံရောက်လာသော ထနှောင်းကို ကြည့်ရင်း ရာသီဥတုမကောင်းမှန်း မိုးဇွန် သိလိုက်ရပါပြီ....။
`` မိုးဇွန်...မြင်းယူခဲ့...``
ထနှောင်းသည် မိုးဇွန်ကို အမိန့်ပေးပြီးသည်နှင့် ဆင်သချိုင်းထဲသို့ ဝင်သွားသည်။
``အငယ်လေးတွေရော ခေါ်ခဲ့ရမလား သခင်ကြီး..``(တပည့်ဟုခေါ်ခြင်းဖြစ်သည်)
``မလိုဘူး...
အိပ်နေတဲ့ကျားကို လာနှိုးချင်တဲ့ကောင်တွေအတွက် သင်ခန်းစာပေးဖို့ မင်းနဲ့ငါဆို လုံလောက်ပြီ..``
``ဟုတ်ကဲ့သခင်ကြီး...``
သူ၏သခင်အမိန့်ပေးလိုက်သည်နှင့် ခြေမြန်တော် ဆိုသည့်အတိုင်းမြန်ဆန်စွာဖြင့် ရွာ ထဲဝင်သွားသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်
မီးခိုးရောင်အဆင်းရှိသောမြင်းနှင့် နီညိုရောင်အဆင်းရှိသော မြင်းနှစ်ကောင်ကို ဆွဲကာ ထနှောင်းခရှိရာသို့ ခပ်သုတ်သုတ် ရောက်လာခဲ့သည်။
``သခင်ကြီး..ကျွန်တော်ရောက်ပါပြီ..``
ခက်ထန်ပြီး မျက်ဝန်းတွင် မီးဟုန်းဟုန်းတောက်လောင်နေသော ထနှောင်းသည် စကားတစ်ခွန်းမျှ မဟဘဲ သူ၏စီးတော်ယာဉ် မြင်းပေါ်ကိုသာ တက်ပြီးမောင်းထွက်သွားသည်။ မိုးဇွန်သည်လည်း ထနှောင်း အနောက်သို့ နီညိုရောင်မြင်းကိုစီးကာ လိုက်ပါသွားသည်။ လမ်းခရီးတစ်လျှောက် မည်သည့်စကားမျှမပြောခဲ့ကြချေ...။
(သခင်ဘယ်သွားတာပါလိမ့်.
မျက်နှာကြည့်ရတာတော့ အခြေအနေသိပ်မဟန်ဘူး...ဆိတ်ဆိတ်နေမှ တော်ကာကျမယ်...)
တစ်လမ်းလုံး ထနှောင်းကိုသာ အရိပ်တကြည့်ကြည့် ကြည့်လာသည်။ ထနှောင်းသည် သွားရာလမ်းတစ်လျှောက် သစ်ပင်များကို ၅ပင်ကျော် ၆ပင်မြောက်မှာ တစ်ကြိမ်
အပင်တစ်ပင်ချင်းစီကို ဓားတိုများစိုက်ကာ လမ်းမပျောက်စေရန် အမှတ်အသား ပြုလုပ်ခဲ့သည်။ ရှေ့ဆက်လျှောက်လာရင်း နယ်မြေရိုင်းတစ်ခုဆီသို့ တိုးဝင်ရန် ထနှောင်း ဟန်ပြင်လိုက်သည်။
``ဟာ...သခင်ကြီး..ဒါ...``
ထနှောင်းခတို့ သွားရာလမ်းသည်
Blood loyaltyဓားပြအဖွဲ့ ကျက်စားရာ နယ်မြေသို့ သွားရာလမ်းဖြစ်သည်။ ထနှောင်းခ၏ ကိုယ်တွင်းမှ သွေးများဟာ နဂါးဗွက်တောင်လို ပွက်ပွက်ဆူနေ၏ ။
အတွေးထဲမှ ကြွေ့ဒဏ်ရာကို မြင်ယောင်လာတိုင်း မြင်းကို ထပ်ဆင့်ကာ အမြန်နှုန်း မြင့်လိုက်ပြန်သည်။
ဆူညံသောမြင်းခွာသံနှင့်အတူ Blood loyalty၏ ရွာထဲသို့ ထနှောင်းခတို့ ဝင်လာခဲ့သည်။ ထို
ရွာ၏ ကင်းထောက်က မြင်သွားသည်နှင့် မောင်းထုကာ အချက်ပြလိုက်သည်။ အချက်ပြသံကြားသည်နှင့် ရွာထဲမှ ဘီလီခွန်းသည် မြခွန်းသာဆီသို့ မနှေးအမြန် သတင်းလာပေးသည်။
``ရန်သူတွေ ပိုင်နက်ကျူးလွန်လာပါတယ် သခင်မ... အမြန်ပုန်းဖို့ လိုပါတယ်...``
မြခွန်းသာသည် ဘီလီခွန်းကိုကြည့်ကာ ပြုံးလျက် ဆိုးလက်စ လက်သည်းနီအနက်ရောင်ကို ဆက်၍ ဆိုးနေသည်။
ထိုစဉ်အပြင်ဘက်မှ ဆူညံသံများကြားရ၏။
``မင်းတို့...မင်းတို့ရပ်လိုက်...
ဒါသခင်မအခန်းကွ...``
ဒိုင်း....
ထနှောင်းခသည် တစ်စုံတစ်ခုကိုလှည့်ပတ်ရှာနေရင်း
သူ၏ရှေ့တွင် ကာစီး ကာစီးလုပ်နေသည့် မြခွန်းသာ၏တပည့်ဖြစ်သူ၏ ခြေထောက်ကို သေနတ်ဖြင့်ပစ်ကာ မြခွန်းသာဆီသို့ သေနတ်ချိန်ကာ ဝင်လာသည်။
ဘီလီခွန်းသည် ထနှောင်းကိုတွေ့သည်နှင့် ဓားကိုဆွဲထုတ်ကာ ရှေ့မတိုးစေရန် ဟန့်တားလိုက်သည်။ ထနှောင်း၏ မျက်လုံးထဲတွင် ဘာကိုမှမမြင်တော့ အရာအားလုံး မှောင်မည်းတိတ်ဆိတ်နေပြီး မြခွန်းသာကိုသာ ကမှုးရှုးတိုး သတ်ချင်နေသည်။ ထို့ကြောင့် မြခွန်းသာဆီသို့ ချိန်ထားသော သေနတ်မောင်းကိုဆွဲ၍ ခလုတ်နှိပ်ရန် ရွယ်လိုက်ရာတွင် ....
``ထနှောင်းခ.. !!``
ထနှောင်းခပစ်လိုက်သောကျည်ဆံကို မြခွန်းသာ ထိမှန်မည်စိုးသောကြောင့် ဘီလီခွန်းသည် မြခွန်းသာ ရှေ့ရပ်လိုက်သည်။ ထနှောင်းခသည် မျက်မှောင်ကျုတ်ကာ ဘီလီခွန်းကိုကြည့်ပြီး သေနတ်မောင်းဝသည် မြခွန်းသာဆီသို့ ပြန်ရောက်သွားပြန်သည်။
``ရတယ်အကို...ဖယ်နေပါ.. အဝေးကနေတောင် လာလည်တဲ့သူကို မထီမဲ့မြင် မလုပ်ပါနဲ့...``
မြခွန်းသာသည် ဘီလီခွန်းကို ဖယ်ထုတ်လိုက်ပြီး သူမနှဖူးတည့်တည့်ချိန်ထားသော ထနှောင်းခ၏သေနတ်ကို ကိုင်လိုက်သည်သည်....။
`` မတွေ့ရတာကြာပြီနော်...
အဟွန်း...
မိန်းမသားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားတာ ယေကျာ်းကောင်းတွေရဲ့ လုပ်ရပ်မဟုတ်ဘူးနော်...ခ...``
``ငါကမင်းကို သေနတ်နဲ့ပစ်ရုံတင်မဟုတ်ဘူး ထျန်းနဲ့လော့ရဲ့အစာဖြစ်စေချင်တာ..``
(ထျန်းနဲ့လော့သည် ထနှောင်းခ၏ ခွေးများဖြစ်သည်)
``အဟွန်း...
အဲ့လောက်ထိ အကဲမပိုစမ်းပါနဲ့ ခရယ်..
လူပျိုလေးလဲ မဟုတ်တော့ပါဘူး...မတွေ့ရတာကြာတဲ့ ချစ်သူကို ခုလိုပဲ အငြိုးတွေထားတော့မလို့လား...``
မြခွန်းသာသည် ထနှောင်း၏ ဆံပင်နှင့် နားရွက်သားတွေကို ပွတ်သပ်ကာ တီးတိုးသောအသံဖြင့် သူမ၏ မာယာလှည့်ကွက်ထဲ ခေါ်သွင်းနေသည်။
`` ငါမင်းကို ဘယ်သောခါမှ မချစ်ခဲ့ဘူး မြခွန်းသာ...
ငါအခုလာခဲ့တယ်ဆိုတာကလဲ ...
ဟင်!!``
ထနှောင်းခ စကားပြောနေရင်း သူ၏နူတ်ခမ်းသည် လှစ်ခနဲအနွေးဓာတ်ပေးခံလိုက်ရသည် ။
ထိုသည်မှာကား...
မြခွန်းသာ အနမ်းခြွေ လိုက်သောကြောင့်ဖြစ်သည်။
အမှတ်မထင် အနမ်းတစ်ခုကို မသတီစရာလို ရွံရှာစက်ဆုပ်စွာဖြင့် မြခွန်းသာပါးပြင်ကို ပြင်းထန်စွာရိုတ်ပြီး တွန်းဖယ်လိုက်သည်..
သူမသည် နီရဲသွားသည့် ပါးပြင်ကို ကိုင်ရင်း မျက်လုံးမှိတ်ကာ ပြုံးရယ်နေ၏။ သူမအတွက် အရိုတ်ခံရသည်ကိုပင် ဆုလာဒ်တစ်ခုလို ပျော်ရွင်နေသည်။
``တောက်စ်... မိန်းမပျက်...
ငါ့နူတ်ခမ်းကို မမကလွဲရင် ဘယ်မိန်းမမှ မနမ်းရဘူး.. နားလည်ထား..``
ထနှောင်းစကားကြောင့် မှိတ်နေသော မြမျက်ဝန်းသည် ပွင့်လာခဲ့ပြီး မျက်ခုံးတွန့်ကာ ထနှောင်းလက်မောင်းကို လှုပ်ခါရင်း မေးခွန်ူများတရစပ် ထွက်လာပါတော့သည် ။
``ဘာ မမ!...
ဟုတ်လား....
ဘယ်ကမမလဲ...
ဘယ်ကောင်မလဲပြောစမ်း ခ..
ခချစ်နေတာ ဘယ်ကောင်မလဲ....ဘယ်ကကောင်မလဲလို့..
အာ..ဘယ်ကောင်မပဲဖြစ်ဖြစ် မြချစ်သူကို လာလုတဲ့ သူမှန်သမျှ ဆွေစဉ်မျိုးဆက် ပျက်သုန်းစေရမယ်...``
ထနှောင်းသည် မြခွန်းသာကို အဝေးသို့တွန်းလိုက်သည်။
`` မြခွန်းသာ! မင်း စကားတွေကို သတိထား ၊ တရားလက်လွတ်ဖြစ်လာခဲ့ရင် ငါ့ရဲ့သေနတ်က လူမရွေးဘူး..
အေး....
မင်းသိချင်တယ်ဆို ပြောမယ်..မင်းသေနတ်နဲ့ပစ်လိုက်လို့ မသေရုံတမယ် ခံစားနေရတဲ့ ကျောင်းဆရာမကြွေနှိုင်းခဆိုတာ ငါ့ချစ်သူပဲ....
မင်းကြောင့် မမဆံနွယ်တစ်မျှင်ပဲဖြစ်ဖြစ် ထိခိုက်ခဲ့ရင်တော့ အဲ့နေ့က မင်းဘဝရဲ့ နေဝင်ချိန်ပဲ...
ငါသတိပေးတယ်နော်...မြခွန်းသာ.. ``
ထနှောင်းစကားလုံးတွေသည် မြခွန်းသာအတွက်တော့ သေနတ်နဲ့ ပစ်လိုက်သလိုပင်..နူတ်ခမ်းက ရယ်သံထွက်နေပေမဲ့ ၊ မျက်ဝန်းကအကျည်းတန်စွာ မျက်ရည်များ ပြည့်လျှံနေသည် ။
ဟားဟားဟား...
``ခရယ်...ရယ်ရတယ်ကွာ...ရယ်ရတယ်..
မြပစ်လိုက်တာ သူ့သလုံးသားကိုပါ မသေနိုင်ပါဘူး... အဟွန့်..တော်တော်ချစ်တက်နေတယ် ဟုတ်လား..
မြလဲပြောထားမယ် ခ...
မြချစ်တဲ့ ခကို ဘယ်ကောင်မကိုမှမပေးနိုင်ဘူး...!
အဟွန်း...
ခသိပါတယ်..
မြက လိုချင်တာဆို မရရအောင် ယူတက်တဲ့လူဆိုတာ...
ခ ဘယ်သူနဲ့ ဘယ်လိုပဲကြိုက်ကြိုက် ဘယ်သူ့ကိုပဲ အိပ်ရာပေါ်ခေါ်တင်တင် ခရဲ့လက်ထပ်စာချုပ်ပေါ်မှာ မြရဲ့လက်မှတ်ပဲဖြစ်ရမယ်..အဲ့ဒါကို တစ်ချိန်ကျ ဒီနှလုံးသားလေးက လက်ခံလာလိမ့်မယ်...``
မြခွန်းသာသည် ထနှောင်းခါးကို သိုင်းဖက်ကာ စကားများပြောရင်း ထနှောင်းနှလုံးသားရှိရာသို့ သူမ လက်ညိုးဖြင့်ထိုးကာ နောင်လာမည့် အနာဂတ်အတွက် ပိုင်နိုင်စွာ ပြောနေသည်။ ထိုသည်ကို ထနှောင်းက မကြိုက်ပေ ၊ အနားကနေ ဘယ်လောက်ပဲ ခါထုတ်ပေမဲ့ ပွတ်ကာသီကာ အနားသို့လာရောက်ရောက်လာသည်။
``တောက်စ်....မင်းကအရူးမပဲ....
လင်တရူးမ... ငယ်ငယ်ကသံယောဇဉ်ကြောင့် ငါခွင့်လွတ်လိုက်မယ်.. ဒီ့ထက်ရောင့်တက်လာခဲ့ရင် မင်းတင်မကဘူး Blood loyalty အဖွဲ့တစ်ခုလုံး ဒီမြေပေါ် ခြေမချစေရဘူး...``
ထနှောင်းသည် မြခွန်းသာဆံပင်ကိုဆွဲကာ လည်မြိုကိုသေနတ်ဖြင့်ထောက်ပြီး နောက်ဆုံးသတိပေးကာ ထိုရွာထဲမှ ထွက်လာခဲ့သည်။ မြခွန်းသာကတော့ ပြုံးလျက်သာ နေပေမဲ့ စိတ်ထဲတွင် ကြွေနှိုင်းခကိုအခဲမကြေနိုင် ဖြစ်နေတော့သည်။
`` အဟွန်း.... ခ...
နင်ပြောခဲ့တဲ့ ငယ်ငယ်က ကတိကို ပြန်တည်နိုင်စေရမယ်...အဲ့လိုဖြစ်အောင် ငါလုပ်မယ်...
ကောင်းကင်ပြိုပြို ၊ မြေပဲမြိုမြို ၊ အို....ကမ္ဘာပဲ ပျက်ပါစေဦးတော့ အဲ့ကတိစကား တဖန်အသက်ဝင်လာစေရမယ်....
စောင့်ကြည့်လိုက် ထနှောင်းခ...``
📝 📝
ချင်းပြည်နယ်၏ ဆောင်းရာသီသည် ခိုက်ခိုက်တုန်အောင် အေးလှသည်။ နေ့လည် ၁နာရီ ရှိနေပေမဲ့ မြူများက ရွာထဲတွင် မကွဲသေးပေ.. ။ စကားပြောလိုက်တိုင်း ပါးစပ်မှ အခိုးအငွေ့များက တရှိန်းရှိန်းထွက်လျက်ရှိသည်။
အေးချမ်းသည့် ဆောင်းရာသီပေမဲ့ ပူလောင်နေသည့် အချစ်စိတ်ကြောင့်
ကြွေနှိုင်းခရှိသည့် ကုက္ကိုလ်ကိုင်း ရွာအနီးတစ်ဝိုက်မှာသာ ထနှောင်းခ ရုပ်ဖျက်ပြီးနေထိုင်နေသည့် တစ်ပတ်ခန့် ရှိပြီဖြစ်သည်။
ထနှောင်းခရှိနေ၍ အနီးနားရှိ ရွာတွေသည် ဓားပြရန်မှ ကင်းဝေးပြီး အေးချမ်းသာယာနေ၏ ။
မအေးချမ်းဖြစ်နေသူမှာ ထနှောင်းခရယ်သာ...။ မြခွန်းသာ၏ ဝန်တိုမှု ၊ မာန်မာနနှင့်
အာဃတတွေသည် ဒေါသအဖြစ်ပြောင်းကာ ကြွေနှိုင်းခအပေါ်သက်ရောက်၍ သောကဖြစ်မည်စိုးရိမ်သောကြောင့် စင်ကာပူကို ပြန်ရန် အခက်တွေ့နေလေသည် ။
အခြေအနေတည်ငြိမ်ပြီဟု ထင်ရပေမဲ့ မုန်တိုင်းမလာခင် လေငြိမ်နေသည် ဖြစ်မှာလဲ စိုးရိမ်ရသည်။
တဂွမ်ဂွမ် လာနေသော စင်ကာပူမှ ဖုန်းတွေကိုလဲ မငြီးမညူ ဖြေနေရသော မိုးဇွန်ကိုကြည့်ရင်း ထနှောင်း စိတ်ညစ်လာလေသည်။
`` ဒီ့ထက်ပိုနေလို့ မဖြစ်တော့ပါဘူး သခင်ကြီးရယ်...
ဖော်မြူလာတွေက ကြန့်ကြာနေပြီ ၊ ထုတ်လုပ်မယ့်ရက်ထက်လဲ လွန်နေပြီ ၊ ဒဗလျူသာ သခင်ကြီးထက်အသာစီးရသွားခဲ့ရင် ရှယ်ယာဈေးတွေ ထပ်ကျသွားပါလိမ့်မယ်...၊
မိုးဇွန် စိုးရိမ်နေသည်မှာလဲ မှန်သည်။ တည်ငြိမ်မယ်ပြုခါစ ကုမ္မဏီကို လွတ်ထားလိုက်လျှင် အခြေမခိုင်တဲ့ တိုက်အိမ်တစ်လုံးလို ပြို ကျနိုင်ဖွယ်ရှိသည်။
ထိုသည်ကို ထနှောင်းနားလည်သည်။ သို့ပေမဲ့ ကြွေ့ကို ချစ်၍ စိတ်မချ၍သာ တုံဆိုင်းနေခြင်းဖြစ်သည်။ စိတ်ဆုံးဖြတ်ပြီးသာ ထွက်သွားလျှင် ၃နှစ်လောက် မြန်မာနိုင်ငံကြီးဆီသို့ ရောက်ဖြစ်မှာ မဟုတ်တော့ပေ...။
``သခင်ကြီး..``
``အေးပါကွာ...ငါသိပါတယ်...
ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲနေတယ်..
ငါကကုမ္မဏီရဲ့ဥက္ကဌပါကွ... သိပါတယ်..``
`` ကြက်တူရွေးက အချစ်ပိုက်ကွန်မှာ ဖြုတ်မရအောင်ညှိနေမှတော့ မယ်ဘော်က မကဲချင်ဘဲ ကဲနေရတာပေါ့ သခင်ကြီးရယ်..
တစ်ရက်တစ်လေတော့ မယ်ဘော်လဲ ဘယ်သူ့ကိုမှ စိတ်ပူမနေရဘဲ စိတ်လွတ်လက်သာ နေချင်သေးတာပေါ့ဗျာ..``
ကုမ္မဏီ၏ ဥက္ကဌသာဆိုသည် ယခုနေသည့်ပုံစံမှာ သချိုင်းနားက တဲစုတ်ပေါ်တွင်ဖြစ်သည်။ ဝတ်ဆင်ထားသော ကုတ်အကျီအနီရောင်မှာ ညစ်ပေလာ၍ အနံအသက်တွေတောင်ထွက်လို့နေပြီ ၊ ကုတ်အကျီအောက်တွင် ဝတ်ထားသော စွတ်ကျယ်အဖြူရောင်မှာ ညစ်ထမ်းထမ်းဖြစ်နေပြီး အရောင်လွင့်လွင့် ပုဆိုးအစိမ်းရောင်မှာအဖာအထေးများစွာနှင့်ဖြစ်သည်။
စားရသည်မှာကလဲ ထမင်းကြမ်းကို ဆီနဲ့နယ်ပြီး ဘဲကင်မကျက်တကျက် ကို ဆားနှင့်တို့ကာ မြိန်ရည်ယှက်ရည် စားသောက်နေသည့်ထနှောင်းကို မိုးဇွန်ကြည့်ရင်း သက်ပြင်းတစ်ချက် ချမိသည်။
`` အော်....အချစ်ရဲ့တန်ခိုးတွေ သိပ်ကိုကြီးမားပါလား...``
ဟု အသံထွက်ကာ မြည်တွန်တောက်တီးနေမိသည်။ မိုးဇွန်သည်လဲ ထနှောင်းနှင့်မခြား အနွေးထည်ခါးရှည်ကြီးမှာ ရွံတွေ ဗွက်တွေ အနည်းငယ်ပေနေပြီး ဆံပင်စုတ်ဖွားနှင့် လက်ထဲကဖုန်းကိုမချ ညာလက်ကလဲ ဘဲကင်ကို အားရပါးရစားနေကာ ထနှောင်းကိုလဲ မကျေမနပ် မြည်တွန်တောက်တီးနေ၏။
`` ငြီးမနေစမ်းပါနဲ့ကွာ... မနက်ဖြန်ပြန်မယ် လေယာဉ်စီစဉ်ထား..ဘယ်အချိန်လဲလာမမေးနဲ့ ငါပြန်ချင်တဲ့အချိန်ပြန်မယ်...``
(အင်း...အရင်တစ်ခါလို ထွက်သမျှလေယာဉ်အချိန်တွေ အကုန်ဝယ်ထားရဦးမှာပါလား...သူမွဲတာအကြောင်းမဟုတ်ဘူး ငါက ကြားကနေ လေယာဉ်မယ်နဲ့ညားတော့မှာ..ဟူး.. )
ဆေးမမှီတော့သည့် ထနှောင်းကို မိုးဇွန်သည် အပိုတွေပြောမနေတော့ဘဲ အဖုအပိန့်တွေ အချိုင့်အခွက်တွေရှိသော သံပန်းကန်အစုတ်ထဲက ထမင်းကို ဆုပ်ကာ အဖြူရောင်ကောင်းကင်ကြီးကို ကြည့်ရင်း စားနေလိုက်ပါတော့သည်..။
📝 📝
``သတင်းထူး...
သတင်းထူး...!!
သတင်းထူး ပါပါတယ်သခင်မ..``
Blood loyaltyအဖွဲ့ထဲမှ ကင်းထောက်တစ်ယောက်သည် ပြုံးရွင်နေသော မျက်နှာဖြင့် မြခွန်းသာအဆောင်ရှေ့သို့ အော်ဟစ်ကာ ရောက်လာသည်။
`` ဝင်လာခိုင်းလိုက်...``
မြခွန်းသာဝင်ခိုင်းသည်ကြောင့် ကင်းထောက်သည် ခုန်ဆွခုန်ဆွဖြင့် မြခွန်းသာရှေ့ ရောက်လာခဲ့သည်။ မြခွန်းသာသည် သူမ၏လက်စွဲတော် လှံရှည်ကို ရွေနားကွပ်ထားသည့် ပုဝါဖြင့် သေသေချာချာ သုတ်နေ၏။
``သခင်မ...ကျွန်တော့်မှာ သတင်းထူးပါပါတယ်...``
``......``
``ဟို...ထနှောင်းခ ပြန်သွားပါပြီလို့ သတင်းရထားပါတယ် သခင်မ...``
ကင်းထောက်စကားကြောင့် မြခွန်းသာသည် နူတ်ခမ်းမှ တခြမ်းမဲ့ပြုံးကာ အလှဆင်နေသော လှံကို ထိုကင်းထောက် လည်ပင်းပေါ်သို့တင်လိုက်သည်။
``အမှန်မဟုတ်ခဲ့ရင်...!``
``ကျွန်တော့်အသက်နဲ့ လောင်းကြေးထပ်ပါတယ်..
ကျွန်တော်အသက်ကို သခင်မဆီမှာ အပ်ထားတာပါ..``
ကြောက်လန့်မှုမရှိ ရဲဝံ့စွာပြောနေသည့် ကင်းထောက်မျက်လုံးကို မြခွန်းသာ သဘောကျသွားပြီး မတ်တပ်ထရပ်လိုက်သည်။
``အဟား....ဟုတ်ပြီလေ...
သူမနာမည်က ဘာတဲ့...
ကြွေနှိုင်းခဆိုလား....အဟွန်း...
နင်က ငါချစ်တဲ့သူရဲ့ နှလုံးသားကို အလိုမတူဘဲ ယူထားတာဆိုတော့..ငါကလဲ နင့်နှလုံးသားကို အလိုမတူဘဲ ထုတ်ပေးရမှာပေါ့...
ဒါ ငါ့အမှားမဟုတ်ဘူး ထနှောင်းခ အချိန်အကြာကြီး သစ္စာရှိရှိစောင့်နေခဲ့တဲ့ ငါ့အချစ်ကို စော်ကားလို့ တန်ရာတန်ကြေးပြန်ယူတာ...
အဟွန်း...
ဟေ့.... ညနေအမဲလိုက်ထွက်မယ်... အဆင်သင့်ပြင်ထား လူအများကြီးမလိုဘူး...
ဘာလို့ဆို....
တစ်ကောင်ပဲ သတ်မှာမို့လို့ပဲ..အဟွန်း...``
📝 📝
``ခမ်းနော်ရေ...ခမ်းနော်...``
ထမင်းဟင်းချက်နေသည့် ခမ်းနော်သည် အိပ်ခန်းထဲမှ ကြွေ့အသံကြား၍ ပြေးလာသည်။
``ရှင်..ဆရာမလေး..ဘာများအလိုရှိလို့လဲဟင်...``
``ရေချိုးချင်တယ် ခမ်းနော်ရယ် ရေမချိုးရတာ နှစ်ရက်ကျော်ရောပေါ့...``
``ဒါပေမဲ့ ညနေစောင်းနေပြီလေဆရာမလေးရယ်...``
``ကဲပါကွယ်...လာပါဦး..ကြွေ အကျီချွတ်နေတာ လာကူပါဦး...``
ခြေထောက်မှာ ဒဏ်ရာက မကျက်သေး၍အဝတ်အစားချွတ်ပြီး ရင်လျားဖို့အတွက် မလွယ်ကူလှသောကြောင့် ခမ်းနော်ကို အကူအညီတောင်းရသည်...။
``ဆရာမလေးရယ်...သိပ်ခေါင်းမာတာပဲ... မတော်လို့ဖျားခဲ့ရင်....``
``ဒဏ်ရာက ခြေထောက်မှာသာပါ..
ရေတော့ချိုးလို့ရပါတယ်နော်..ဟွန့်....``
``မဟုတ်ဘူးလေ ဆရာမလေးရယ်
ရေချိုးလို့ အနာပြန်ရင်းလာရင် ဘယ်နှယ့်လုပ်မတုန်း...ရေက အနာကို ကွေ့ဝိုက်ပြီးသွားတာမှမဟုတ်ဘဲ...``
``ဟုတ်ပါပြီ..လာပါ...ကြွေ့ကိုထူပါဦး ရေချိုးခန်းသွားချင်လို့....
ခမ်းနော်သည် အဝတ်အစားများကို ချွတ်ပေးကာ ရေဝတ်ချိုးမည့်ထမီကို ရင်လျားစေပြီး ကြွေ့ကိုထရန် တွဲကူလိုက်သည်။
ရေချိုးခန်းသို့သွားရန် နံရံများကို အားယူကာထပေမဲ့ မရသောကြောင့် ခမ်းနော်ကို အကူအညီတောင်းရပေသည်။
``ဟင်း..မပြောတော့ပါဘူး..
လာပါ..လာပါ...ချိုးချင်သပါ့ဆိုလဲ သွားကြတာပေါ့...တကယ်ပါပဲ...အရင်လို ရေပတ်တိုက်ပြီး ပြီးရောဟာ...``
ခမ်းနော်သည် ဆူဆူပူပူဖြင့် ပြောသော်ငြားလဲ ကြွေ့အပေါ် စေတနာမပျက်ချေ.... အစအဆုံးအကုန်ပြုစုသည် ။ မငြိုငြင်ခဲ့ပေ...ကြွေနေမကောင်မှာ စိုးရိမ်လို့သာ ဆူပူရခြင်းသာ . . .
ရေချိုးခန်းရောက်သည်နှင့် ကြွေခြုံထားသောပုဝါကို ဖယ်လိုက်သည်။ထို့နောက် ခွေးခြေထောက်ထိုင်ခုံပေါ် ကြွေ့ကိုထိုင်စေပြီး ရေပုံးအသေးထဲမှ ရေကို ခပ်ကာချိုးစေ၏။
ဒိုင်း....💥
``ကြွေနှိုင်းခ!....ကြွေနှိုင်းခ ဘယ်မှာလဲ... ထွက်လာခဲ့စမ်း...``
ကြွေရေချိုးနေချိန် အိမ်ဝိုင်းထဲသို့ သေနတ်သံနှင့် ကြွေ့နာမည်ခေါ်ကာ လူတစ်စု ဝင်လာခဲ့ကြသည်။
``ဟင်...ဒုက္ခပါပဲ..ဟိုတလောက ဓားပြတွေများလားခမ်းနော်...``
``ဟုတ်..
ဟုတ်တယ်ဆရာမလေး...``
``ထွက်လာခဲ့စမ်းပါ...``
ဘီလီခွန်းသည် ခြံထဲတွင် အသံကောင်းဟစ်နေသည်။ သူ၏နောက်မှာ မြခွန်းသာသည် ပန်းသီးစားရင်း ဝန်းကျင်တစ်ခွင်ကို ပြုံးပြုံးကြီး လိုက်ကြည့်နေ၏။
``ဆရာမလေးဒီထဲမှာသာနေခဲ့...
သူတို့ကို ခမ်းနော်ကြည့်ရှင်းလိုက်မယ်...``
ရေချိုးခန်းမှ ထွက်သွားရန်ပြင်နေသော ခမ်းနော်လက်ကို ကြွေဆွဲထားလိုက်၏။
``မသွားနဲ့လေ...ဘယ်လိုသွားရှင်းမလို့လဲ...နတ်ဘုရားလဲမဟုတ်...
ပုဝါကမ်းပါဦး..ကြွေလိုက်ခဲ့မှ ရမှာပါ..``
ခမ်းနော်သည် ကြွေ့အတွက်
ထမီရေစိုလဲပေးပြီး တန်းပေါ်လှမ်းထားသည် ပုဝါကို ခြုံပေးလိုက်သည်။ ထို့နောက် ခမ်းနော်လက်ကိုတွဲကာ ဘီလီခွန်းရှေ့သို့ထွက်လာခဲ့ကြသည်...။ ဘီလီခွန်းသည် ကြွေ့ကိုမြင်သည်နှင့် မျက်လုံးမှ ရဲရဲတောက်ကာ အလိုရမ္မာက်ကြီးနေသည် ဘီလူး သဘက်သဖွယ် ကြွေ့ခန္ဓာကိုယ်အနှံ ကြည့်နေ၏။
``အော်... ရေချိုးနေကြတာလား.. ဘာလို့ပုဝါခြုံထားသေးလဲကွာ... မင်းအလှကို အားလုံးမြင်ရအောင် ချွတ်လိုက်ပါတော့လား....ဟားဟား..``
``အပုတ်နံ့ထွက်နေတဲ့ ရှင့်ပါးစပ်ကို မြောင်းပုတ်ရေနဲ့သွားဆေးလိုက်..
ဆရာမလေးကို အဲ့လိုလာမပြောနဲ့...သေချင်းဇိုးနဲ့သေသွားမယ်..!``
``တော်တော့ခမ်းနော်...
ခွေးဟောင်လို့ တောင်ပို့မပြိုနိုင်ပါဘူး...လာ ကြွေ့အနောက်မှာသာနေ..``
ကြွေသည် ခမ်းနော်လက်ကိုဆုပ်ကိုင်ကာ ဘီလီခွန်းကိုကျော်၍ မြခွန်းသာကို လှမ်းကြည့်လိုက်သည်။
``ရှင်တို့ဘာလိုချင်လို့လဲ..
မမြခွန်းသာ... ရှင်တို့လိုချင်တဲ့လူ ဒီမှာမရှိဘူး မယုံရင် အိမ်ထဲဝင်ရှာလို့ရပါတယ်..``
မြခွန်းသာသည် မြင်းပေါ်မှဆင်းကာ စားလက်စပန်းသီးကို သူမ၏အချစ်တော် မြင်းကိုကျွေးပြီး မြခွန်းသာဆီသို့ လျှောက်လှမ်းလာခဲ့သည်။လက်ထဲမှလဲ ဓားတိုတစ်ချောင်းကာ မွေ့ကာယမ်းကာ ကိုင်လာသည်။
``နေမှကောင်းရဲ့လားလို့ စိတ်ပူနေတာ..ခုတော့ ရေတွေဘာတွေချိုးလို့ပါလား...အဟွန်း...ဝမ်းသာပါတယ်...``
ကြွေ့မျက်နှာတစ်ဝိုက်ကို မြခွန်းသာသည် ဓားမြှောင်ဖြင့် ဖွဖွလေးပွတ်တိုက်သွား၏။ ကြွေသည် တုန်လှုပ်ခြောက်ခြားခြင်းအလျဉ်းမရှိ တည်ငြိမ်သည့်ဟန်နှင့် ဖြစ်လာမည့် အခြေအနေပေါ်မှုတည်ပြီး ဖြေရှင်းသည်။
``မမြခွန်းသာ နဲ့ ကျွန်မ ဘာအငြိုးအတေးမှ မရှိပါဘူး..
လိုချင်တာ မရှိရင် ပြန်ပါတော့...``
`` အို...ကြွေနှိုင်းခ ရယ်..
လိုချင်တာ ဘာလို့မရှိရမှာလဲ...ရှိတာပေါ့..အရမ်းကိုလိုချင်နေတာ...ကိုယ့်စိတ်ကို မနည်းတားယူနေရတယ်...``
``ဘာလိုချင်တာလဲ မမြခွန်းသာ တက်နိုင်တဲ့အရာမှန်သမျှ ကျွန်မ ပေးဖို့အဆင်သင့်ပါ...``
`` အဟက်...လိုချင်တာတောင်းရင် ပေးမှာလားရှင်က..``
``တက်နိုင်တဲ့အရာဆို ကျွန်မပေးဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး``
``တက်နိုင်ပါတယ် ကြွေနှိုင်းခရယ်...
ဘာလဲဆို.. နင့်အသွေးအသားတွေကြားမှာ တည်ရှိနေတဲ့ နင့်အသက်လေးတစ်ခုပါပဲ.…``
``ဟင်...ရှင်...ရှင်.. ဆရာမလေးကိုမထိနဲ့နော်.. ဆရာမလေးက ဘာအမှားမှ မလုပ်ထားဘဲ..ရှင်တို့တွေ အမှားတစ်ခုလုပ်မိသွားလိမ့်မယ်..``
ခမ်းနော်သည် မြခွန်းသာစကားကြောင့် အလန့်တကြားဖြင့် ကြွေ၏ရှေ့သို့ ကာရပ်ပြီး မြခွန်းသာလက်ထဲက ဓားမြှောင်ကိုလုသည်။ သို့ပေမဲ့ အင်အားခြင်းမမျှသောကြောင့် မြခွန်းသာတွန်းထုတ်လိုက်၍ ခမ်းနော်သည် အဝေးသို့လွင့်စင်ကာ လဲကျသွားသည်...။
``အဲ့ဒါပြောတာ ရွာထဲကမြက်ကို ရွာနွားတွေမစားဘူးလို့...
အခုမှသိတဲ့ ကောင်မကို နင်က ဘာတွေများရလို့ ကာကွယ်ပေးနေရတာလဲဟမ်!..``
``ခမ်းနော်...ခမ်းနော် အဆင်ပြေရဲ့လားဟင်....``
``ပြေပါတယ်ဆရာမလေး....``
``ကြွေ့အတွက် မပြောပေးပါနဲ့တော့ခမ်းနော် ကြွေ့ကိစ္စကြွေရှင်းပါ့မယ်..``
ကြွေသည် ခြေထောက်နာနေသည့်ကြားက တွဲစရာလူမရှိတော့၍ ယိုင်နဲ့နဲ့ဖြင့် ခမ်းနော်ကို စိတ်ပူရှာပါသေးသည်။ ခမ်းနော်သည် မျက်နှာထားတင်းမာ၍ လဲကျနေရာမှထလာကာ မြခွန်းသာကိုရည်စူး၍ပြောလိုက်သည်။
``မဟုတ်ဘူးဆရာမလေး သူကဘာအကြောင်းစုံမှ သိတာမဟုတ်ဘူး..
ထနှောင်းက ဆရာမလေးကိုချစ်သလို ဆရာမလေးကလဲ ထနှောင်းကို ပြန်ချစ်နေတယ်ထင်နေတာ.. ဒါကြောင့် ဝန်တိုမှုတစ်သောင်းနဲ့ လူကို ခွေးမဲနေတာ....``
ခမ်းနော်စကားကြောင့် မြခွန်းသာပို၍ ဒေါသထွက်သွားသည်။ ပစ်မှတ်ကကြွေဟု ထင်ရှားခဲ့ပေမဲ့ စကားတက်လွန်းသည့် ခမ်းနော်ကို ဒုတိယပစ်မှတ်ထားကာ ခမ်းနော်ဘက်သို့ လှည့်လာသည်။
``စကားတွေ သိပ်တက်နေပါပေါ့လား ခမ်းနော်..နင်ဟာလေ..
အရင်လိုပဲ လုံးဝမပြောင်းလဲသေးဘူး..
သူများကိစ္စဆို နည်းနည်းလေးဝင်ကျပ်လိုက်ရမှ ကျေနပ်တာလား..``
``ဒီမယ် ခမ်းနော်တို့က ကိုယ့်အပေါ်ကောင်းခဲ့သူအပေါ် သစ္စာရှိဖို့ဝန်မလေးသလို အသက်ပေးရဖို့လဲမတွန့်တိုဘူး...
နောက်ပြီး..နင့်ကိုလဲမကြောက်ဘူးမြခွန်းသာ...``
စကားများလွန်းသည့် ခမ်းနော်အနားသို့ သွားကာ ခမ်းနော်၏ ပခုံးရိုးကို မြခွန်းသာသည် ကိုင်ဆောင်ထားသာဓားမြှောင်ဖြင့် သွေးအေးစွာ ထိုးသွင်းလိုက်သည်....။ ပြီးမှ ဓားကို ပြန်ဆွဲနုတ်ကာ ဓား၌ကပ်ပါလာသော သွေးများကို ခမ်းနော်မျက်နှာပေါ်သို့ သုတ်လိုက်သည်။ လဲကျသွားသည့် ခမ်းနော်အနားသို့ ကြွေသည် ခြေထောက်လေး ထော့နဲ့ ထော့နဲ့ဖြင့်သွားကာ သူမပေါင်ပေါ်တင်လိုက်သည်။ သွေးထွက်နေသည့် ခမ်းနော်ပခုံးကိုလက်ဖြင့် အုပ်ပေးပြီး မြခွန်းသာကို ကြည့်လိုက်၏။
``ခမ်းနော်..! ခမ်းနော်...
အမလေး...သွေးတွေနဲ့ပါလားခမ်းနော်ရယ်..
မြခွန်းသာ..!!
ခမ်းနော်က လူရှင့် လူ..
ကြက်ကလေး ဌက်ကလေး မဟုတ်ဘူး..လူတွေရဲ့အသက်ကို ကလေးကစားစရာတွေလို ဆော့ မကစားချင်ပါနဲ့.. ကြွေတောင်းပန်ပါတယ်..``
``ချစ်နေလိုက်ကြတာ..
အဟွန်း...``
``မြခွန်းသာ ရှင် အထင်နဲ့အမြင်မှားနေပြီ...
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး မပုပ်ချင်စမ်းပါနဲ့..
ကြွေ့မှာချစ်သူရှိတယ်..သူကလဲကြွေ့ကိုချစ်တယ်..
ဒါပေမဲ့ ကြွေ့ချစ်သူက ထနှောင်းခမဟုတ်ဘူး...
ထနှောင်းခကို စိတ်လဲမဝင်စားတာမို့ မြခွန်းသာ ပူပန်မနေပါနဲ့..
ကိုယ်ချစ်တဲ့သူကို ရဲရဲဝံ့ဝံ့သာ ပြန်ချစ်လိုက်ပါ...``
ကြွေနှိုင်းခသည် နူတ်ခမ်းမှသာ ထနှောင်းကို မချစ်ကြောင်းပြောနေသော်လဲ တစ်ခွန်းပြောလိုက်တိုင်း နှလုံးသားက တစ်ဆစ်ဆစ်ဖြင့် နာနေသည်။ ထိုသည်က ဘာဖြစ်တာမှန်း အဖြေရှာ၍ မရချေ...။
``ငါသိတယ် ငါသိပါတယ်ဟဲ့ ဆရာမလေးရဲ့...
နင်က ခကိုမချစ်ပေမဲ့ ခက နင့်ကို ချစ်နေတာလေ.... ခရဲ့စရိုတ်အရဆို နင့်မှာချစ်သူပဲရှိရှိ လင်ပဲရှိရှိ ခက နင့်ကိုချစ်ဦးမှာပဲ...
ခနှလုံးသားက နင်ရှိနေသ၍ ငါ့ဆီကို ဘယ်တော့မှ မြှားဦးလှည့်မှာ မဟုတ်လို့ပဲ...
ဒါကြောင့် ဆရာမလေး ကြွေနှိုင်းခ ကျေးဇူးပြုပြီး...သေပေးပါ...
သေပေးပါနော်..``
``ဟင်….``
``နင့်ကို ငါပြောနေတာ
သေပေးလို့........!!!``
မြခွန်းသာသည် ပြောလဲပြော ကြွေ့ဗိုက်ထဲသို့ ဓားမြှောင် ထိုးသွင်းလိုက်သည်။ ကြွေပေါင်ပေါ်မှာ လှဲနေ၍ မလှုပ်နိုင်သည့် ခမ်းနော်သည် ပါးစပ်မှရော ဝမ်းဗိုက်မှာပါ သွေးများထွက်လာသည့် ကြွေ့ကိုကြည့်ရင်း ခမ်းနော် ဘာမျှ မကူညီနိုင်ပေ...။ငို၍သာ နေနေရသည်။
``ဆရ...ဆရာမလေး...အဟင့်...``
ကြွေသည် သူ့ဗိုက်ထဲထိုးသွင်းလိုက်သည့် ဓားမြှောင်ကိုကြည့်ကာ မျက်ရည်များ စီးကျလာခဲ့သည်...။ သို့ပေမဲ့ သူမသေမည်ထက် မြခွန်းသာ၏ အသက်အန္တရယ်ကိုသာ ပို၍ စိတ်ပူနေသည်။
``အ့...မြ..မြခွန်းသာ...
ရှင်အမှားတစ်ခု လုပ်လိုက်မိပြီ... အခုထွက်ပြေးရင် လွတ်ပါသေးတယ်....ပြေးပါ မြခွန်းသာ...ပြေးတော့...``
``အဟား...ဟား...ရယ်ရတယ်ဟေ့...သေခါနီးလူကများ ခြိမ်းခြောက်နေရတယ်လို့...မကြုံဖူးပေါင်...``
မြခွန်းသာသည် အာခေါင်ခြစ်သံဖြင့် ရယ်ကာ ကြွေ့ဗိုက်ထဲမှ ဓားကို ပြန်ဆွဲထုတ်လိုက်သည်...။
``အား.....!!``
ဒိုင်း..!!!
ဒိုင်း...!!!
ထိုစဉ်သေနတ်ပစ်သံများ ကြားလိုက်ရသည်။ သေနတ်ပစ်သံနှင့်အတူ မြခွန်းသာ၏ တပည့်များ တဖြုတ်ဖြုတ်နှင့် လဲကျသေကုန်ပြီ....။ သေနတ်ပစ်သံများရှိရာသို့ ကြွေလှည့်ကြည့်လိုက်သောအခါ သူမကို အသက်လောက်ချစ်သော ထနှောင်းခဖြစ်သည် ။ သူလာမည်ဆိုဟု ကြွေ့မသိစိတ်က သိနေသည်။ ထနှောင်းကိုမြင်သည်နှင့် ကြွေ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျကာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားပါတော့သည်။
လဲကျသွားသည့် ကြွေ့ကို အဝေးမှ ထနှောင်းခမြင်သည်နှင့် ဘာမျှစဉ်းစားမရတော့ အရာအာလုံးဟာ ပျက်စီးသွားသလို သူဟခန္ဓာကိုယ်ထဲက အရေးကြီးသည့် အရာတစ်ခု ပျောက်ပျက်သွားသလို အလိုလိုဝမ်းနည်းလာကာ မြခွန်းသာဆီသို့ ခြေသံပြင်းပြင်းဖြင့် လျှောက်လာခဲ့သည်။
``အာ....ဟ့!
တောက်စ်....မြခွန်းသာ!!!
နင့်ကိုပြောခဲ့တယ် နင်က ကိုယ့်အသက်ကို တန်ဖိုးမထားတက်ဘူးပဲ...``
ဒိုင်း.!
ထနှောင်းခသည် မြခွန်းဆီ၏ နှလုံးတည့်တည့်သို့ သေနတ်ဖြင့် ပစ်ခွင်းလိုက်သည်။ နှလုံးသားတည့်တည့်သို့ ပစ်လိုက်သော ကျည်ဆံကို မြခွန်းသာကြည့်ရင်း ထနှောင်းဘက်သို့ပြန်ကြည့်ကာ ခွေလျက်သား လဲကျသွားတော့သည်။
``ခ...နင်...
နင်ငါ့ကို သတ်ရက်တယ်..ငါ့ကိုမှ သတ်ရက်တယ်တဲ့လား...
နင့်ကို အသွေးအသားထဲထိ ချစ်တဲ့သူကိုမှ သတ်ရက်တယ်...
နင့်ကိုမုန်းတယ်...
ထနှောင်းခ...ငါ...ငါပြန်လာခဲ့မယ်...နင်နဲ့ နင့်ကောင်မကိုသတ်ဖို့ ငါ...ငါပြန်လာ...``
အငြိုးတေးထားကာ နှလုံးသွေးများ ဒလဟောထွက်ပြီး မြေပေါ်လဲကျသေဆုံးသွားသည့် မြခွန်းသာကိုမြင်သည်နှင့် blood loyaltyတစ်ဖွဲ့လုံးသည် မိုးဇွန်တို့ကို ဆက်မတိုက်တော့ဘဲ တောထဲသို့ ပြေးထွက်သွားပါတော့သည်။ မိုးဇွန်သည် ဓားပြတွေ ထွက်ပြေးသွားသည်နှင့် ထနှောင်းအနားသို့ရောက်လာသည်။
ထနှောင်းသည် ကြွေ့ပေါင်ပေါ်မှာ သတိမေ့နေသော ခမ်းနော်ကို အသာအယာဖယ်ပြီး သွေးများထွက်ကာ မြေပေါ်ပက်လက်လှန် မေ့မြောနေသည့် ကြွေ့ကိုချီကာ အဝေးသို့ ခေါ်ဆောင်သွားပါတော့သည်။
မိုးဇွန်သည် သွေးများထွက်ကာ သတိမေ့လဲနေသော ခမ်းနော်ကိုမြင်သော် သူ၏နှလုံးသားတစ်ခုလုံးနာကျင်သွား၏။ အလိုလျောက် ကျလာသော မျက်ရည်များသည် ခမ်းနော်၏ ခန္ဓာကိုယ်ပေါ်သို့ တစ်စက်ချင်း စီးကျနေသည်။ တုန်ယင်နေသောလက်ဖြင့် ခမ်းနော်ကိုပွေ့ချီကာ သူ၏ရင်ခွင်ထဲသို့ထည့်ပြီး ရှိုက်ကြီးတငင်ငင် ငိုကြွေးနေပါတော့သည်။
ခမ်းနော်!........
📝 📝
အပိုင်း (၁၁) မျှော်
ကဲ...ကြွေတော့ ထနှောင်းဆီကိုပါသွားပြီ...
ဘယ်ကို ခေါ်သွားမယ် ထင်လဲ 😎
ဒါနဲ့ မိုးဇွန်နဲ့ ခမ်းနော်နဲ့ကရောဘာတွေလဲဟင်...
နောက်လာမယ့် အပိုင်းဆက်တွေကို
စောင့်မျှော်အားပေးကြပါဦးနော်
မေဝတ္တုလေးကို အားပေးကြတဲ့
စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်💖