နောင်က စူးစိုက်ကြည့်ေနမိလို့လားမသိ။ ခင်လင်းက တစ်ဖက်ကို မျက်နှာလွှဲသွား၏။
" မခင်လင်း "
နောင်ခေါ်တော့ ခင်လင်းက လှည့်ကြည့်လာပြီး ထူးသည်။
" ပြောပါ ကိုနောင် "
" ကျွန်တော် ဘယ်သူဆိုတာ မခင်လင်းသိနေတယ်မဟုတ်လား "
နောင့်စကားအဆုံး ခင်လင်းခေါင်းညိတ်ပြ၏။
" မခင်လင်း သူငယ်ချင်းကို ဖွင့်ပြောပြီးပြီလားဟင် "
" ဟင့်အင်း ခင်လင်းနဲ့နွေး မဆုံကြသေးဘူးလေ "
ခင်လင်းက ခေါင်းခါရင်း ဖြေသည်။
" အဲဒါဆိုရင် ကျေးဇူးပြုပြီး ကျွန်တော် သူရိန်ဆိုတာ ရှင်မကို မခင်လင်းမပြောပြပါနဲ့နော် "
ခင်လင်းက အံ့ဩသွားသည့်ပုံစံနှင့် နောင့်ကို ကြည့်ပြီးမေးသည်။
" ရှင် ဘာဖြစ်လို့လဲ ကိုနောင် နွေးက သူ့ရဲ့သူရိန်ကို ရူးမတတ်လိုက်ရှာနေခဲ့တာပါ နွေးအပေါ်ကို ရှင့်ဘက်က ရက်စက်လွန်းရာမကျဘူးလား "
ခင်လင်းစကားကြားလိုက်သည့်တခဏ
နောင့်ရင်ထဲ နင့်သွားသလို ခံစားလိုက်ရ၏။
" အဲဒီလိုသတ်မှတ်ရင်လည်း ရတာပေါ့ဗျာ ဒါပေမယ့် ကျွန်တော့်ဘက်က ကြည့်ရင်လည်း ကျွန်တော်မမှားဘူးဗျ ရှင်မရဲ့စိတ်ကို ကျွန်တော်အသိဆုံးပါ
သူကငယ်ကထဲက သိပ်အစွဲလန်းကြီးသလို သူမကြိုက်တဲ့အရာတစ်ခုခု လုပ်ရင်လည်း တော်တန်ရုံခွင့်မလွှတ်တတ်ဘူးဗျ သူ့စိတ်ကို ကျွန့်တော်ကြောင့်ဒဏ်ရာ ထပ်မရစေချင်လို့ ပါ "
" ဟုတ်ပါပြီ ကိုနောင်မပြောစေချင်ရင် ခင်လင်းမပြောပါဘူးလေ နွေးက သူရိန်ဆိုတဲ့ရှင့်အေပါ် အခုထိ သိပ်သံယောဇဉ်ကြီးသလို သိပ်သစ္စာရှိတာပဲ
ခုချိန်ထိ ဘယ်ယောက်ျားကိုမှ မြူတစ်မှုန်တောင် စိတ်နဲ့ မပစ်မှားခဲ့ဘူး "
ခင်လင်းစကားနားထောင်ပြီး နောင်သက်ပြင်းရှိုက်မိသည်။
" သူ့အကြောင်း မခင်လင်းသိသလောက် ကျွန်တော့်ကို ပြောပြပါလား "
" ဟုတ်ကဲ့ပါ ကိုနောင် ကျွန်မသိသလောက် ပြောပြပါ့မယ် "
ခင်လင်းပြောပြသည့် ရှင်မအကြောင်း နားထောင်ရင်း နောင့်ရင်ထဲ နာကျင်နေရ၏။ ရှင်မရယ်။ သနားလိုက်တာ။
နင့်အနားမှာ ငါမရှိတဲ့အချိန်ကာလမှာ
နင့်အရမ်းနာကျင်ခဲ့ရတာပါလား။ အခုချိန်မှာ နင့်စိတ်ထပ်နာကျင်အောင် ငါမလုပ်ပါရစေနဲ့ ရှင်မရယ်။ နောင့်ရင်ထဲက စကားများကိုတော့ အနားမှာရှိသည့် ခင်လင်းလည်း ကြားနိုင်မည်မဟုတ်ပါ။
ခင်လင်းက ဆက်ပြောပြ၏။
" နွေးနေရာမှာ ခင်လင်းတို့ဆို အဲဒီလိုလုပ်နိုင်မယ်မထင်ဘူး နွေးက မာနလည်း သိပ်ကြီးတာ ကိုနောင်ရဲ့ ခင်လင်းမှတ်မိနေသေးတယ် ခင်လင်းတို့ ကပ်ရှာအဖွဲ့မှာ စာရိတ္တ မကောင်းသူနှစ်ယောက်ပါတယ် ကွန်ပြူတာတွေ မသုံးကြခင် လက်ရေးဘေလ်ဆိုတော့ ကပ်ရှာတွေ ပညာပြရင် ရတယ်လေ ကပ်ရှာနှစ်ယောက်က ပေါင်းပြီး တစ်ယောက်က ပိုက်ဆံကို ကြိုဖွက်တယ် တစ်ယောက်က ကာစတန်မာကို ဘေလ်ရှင်းတော့ တစ်ရွက်နဲ့ ရှင်းတယ် သူဌေးကို အပ်တော့ နောက်ထပ်ဆွဲတဲ့ ဘောင်ချာနဲ့ အပ်တယ် ကာစတန်မာဆီက ဈေးပိုမြင့်ပြီး တောင်းတာပေါ့ သူဌေးကို အပ်တဲ့စာရွက်ကျတော့ ဆိုင်က ဈေးနှုန်းဘောင်ချာနဲ့လေ ......"
" အဲဒီကိစ္စ နွေးသိပါလေရော သိတော့ ပြသနာတက်ကြတယ် နွေးကမလုပ်ဖို့တားတယ် ဟိုနှစ်ယောက်က လစာမမက်ဘူး လစာက မက်လောက်အောင် ရတာမဟုတ်တော့ သူတို့ကပြောတယ်
လစာမက်လို့ လာလုပ်တာမဟုတ်ဘူး
ကပ်ရှာလုပ်တာ ဒီအခွင့်ရေး ရချင်လို့ လုပ်တာဖြစ်ရော ကပ်ရှာမှာလည်း ကပ်ရှာစည်းကမ်းရှိတယ်ဘာညာပေါ့
နွေးကို ချေပကြတယ် ....."
" နွေးကလည်း လက်မခံဘူး ဒီပိုက်ဆံက ငါတို့ပိုက်ဆံမဟုတ်ဘူး ငါတို့ရစရာမလိုဘူး ငါတို့လုပ်အားခ မှန်မှန်ရဖို့ပဲ လိုတယ် အဲဒီမှာ နွေးနဲ့ ပြသနာတက်ပြီး အကြီးကျယ် ငြင်းကြပါလေရော "
ခင်လင်းက စကားကို ခဏနားလိုက်ပြီးမှ ဆက်ပြောသည်။
" နွေးကလည်း ရှေ့ဆက်လုပ်ရင် မန်နေဂျာနဲ့ သူဌေးကို ဖွင့်ပြောမယ် ရပ်တန်းကရပ်ပါဆိုပြီးတားတာ နွေးကိုညှိမရတော့ သူဌေးကို နွေးမကောင်းကြောင်း သူတို့က တိုင်ကြတယ်
နွေးစိတ်ကလည်း သူမှန်ရင် လုံး၀သည်းမခံဘူး သူဌေးရှေ့ သူတို့ကို ခေါ်ပြီး ဒဲ့ရှင်းတယ် ပြီးတာနဲ့ အလုပ်ပါ တခါထဲထွက်စာတင်တယ်
တကယ်စာရိတ္တ မှန်ကန်သူဆိုတော့ နွေးကို အထွက်မခံကြဘူးလေ နွေးက အဲဒီလို ကောင်မလေးမျိုး ကိုနောင်ရဲ့ "
ခင်လင်းပြောသည့် ရှင်မအကြောင်း ကြားရတော့ နောင်သက်ပြင်းချမိသည်။
" နွေးက အရမ်းလည်း ကပ်စေးနည်းတယ် သေရစာတောင် ၀ယ်မစားဘူး သူများကျွေးလည်း မစားဘူး အဆောင်ထမင်းဟင်းနဲ့ ရအောင်စားတယ် အ၀တ်အစား၀ယ်မချုပ်ဘူး မိန်းကလေးအလှပြင် ဘာမှမ၀ယ်ဘူး သနပ်ခါးတစ်တုံးနဲ့ပြီးတာ ဆိုင်မှာ ဝိတ်တာတွေဆိုရင် သနပ်ခါးမလူးရဘူး
နွေးကတော့ သနပ်ခါးပဲလူးခဲ့တာ... "
ပြောပြရင်း ခင်လင်းရယ်သည်။
" အဆောင်က ကောင်မလေး ၊ ကောင်လေးတွေကို
လကုန်ပေးနဲ့ အ၀တ်စားလေးတွေ ရောင်းတယ် သူ့လစာကို လစာထုတ်တာနဲ့ လက်ထဲမထားဘူး ဘဏ်က သူ့အကောင့်ထဲ ငွေသေ အပ်ပစ်တယ်
ငွေရှင်အပ်ရင် သုံးမိမှာစိုးလို့တဲ့ သူဖြစ်ချင်တာက သူပြန်ချင်တဲ့အချိန် ပြန်ဖို့ သူ့အတွက် အိမ်လေးတစ်လုံးရအောင် ကြိုးစားရမယ်တဲ့
နွေးက အရမ်းချိုးခြံပြီး အနေသိုသိပ်တယ် မရှိမာနကလည်း သိပ်ကြီးတာပဲ ဘယ်ကောင်လေးမှလည်း စိတ်မ၀င်စားဘူး ......"
" တစ်ခုချီးကျူးစရာကောင်းတာ ရှိသေးတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရားတရားယုံကြည်သက်၀င်တာပဲ သီလရှင်ကျောင်းက သူ့ဆရာလေးေပးတဲ့ ပဌာန်းစာအုပ်ကို ကြည့်ပြီး အခုထိ ညဆို ဘုရားရှိခိုပြီးတာနဲ့
ပဌာန်းရွတ်တော့တာ သူ့ကိုယ်ပိုင် အိမ်လေး ၀ယ်တဲ့နေ့ကဆို ခင်လင်းသိပ်အံ့ဩရတာ အဲဒီနေ့က ခင်လင်းနဲ့အတူ ဘဏ်မှာ ပိုက်ဆံသွားထုတ်မှ သူ့မှာအဲဒီလောက်ပိုက်ဆံရှိမှန်း ခင်လင်းသိခဲ့ရတယ်... "
ခင်လင်းက နောင့်ကို နားထောင် ၊ မထောင် တစ်ချက်လှမ်းကြည့်ပြီး စကားဆက်ဆိုသည်။
" သူအလုပ်ထွက်သွားပြီး သုံးလေးလကြာမှ ခင်လင်းကေတီဗွီ ရောက်ခဲ့တာ
သိတော့ နွေးလေ စိတ်ဆိုးလိုက်တာမှ
အရမ်းစိတ်တိုပြီး ခင်လင်းကို ပြောဆိုလုပ်ခဲ့တာ ...."
" အခုဆို ခင်လင်းဆက်ရမယ့်ကြွေးတွေလည်း ကျေပြီ ဒီလကုန်တာနဲ့ ခင်လင်းအလုပ်ထွက်တော့မယ် တခြားအလုပ်တစ်ခုခု ရှာမယ် ခင်လင်းလည်း တည်ငြိမ်တဲ့ အလုပ်တစ်ခု ရှာပြီး
အေးအေးချမ်းချမ်းနေချင်တယ် ခင်လင်းချစ်ရသူ တွေ့လာခဲ့ရင် ဒီအလုပ်ရဲ့အရိပ်တွေ အလွှမ်းခံရမှာကြောက်တယ် နွေးလောက်စိတ်ဓာတ်မပြင်းထန်ပေမယ့် နွေးမကြိုက်တဲ့ဒီအလုပ်ကို ခင်လင်းမလုပ်ချင်တော့ဘူး "
ခင်လင်းက သူ့ရင်ထဲရှိသည့် သူ့ဆန္ဒလေး ဖွင့်ဟပြောတော့ နောင်ခေါင်းညိတ်ပြရင်း ဖြေလိုက်သည်။
" ကောင်းပါတယ်မခင်လင်းရယ်
ကျွန်တော့်ကို တစ်ခုေတာ့ ကူညီပါနော် ကိုထူးနဲ့ ရှင်မကို ကျွန်တော်သူရိန်ပါဆိုတာ ဖွင့်မပြောေစချင်ဘူး ကျွန်တော့်ကို ဂတိပေးပါလား မခင်လင်း "
နောင်က ဂတိတောင်းတော့ ခင်လင်း ခေါင်းညိတ်ပြသည်။
" အင်းလေ ခင်လင်းဂတိပေးပါတယ်
စိတ်ချပါ။ ကိုနောင်က ဖွင့်မပြောစေချင်ဘူးဆိုရင်လည်း ခင်လင်းဖွင့်မပြောပါဘူး "
" ကျေးဇူးတင်ပါတယ်ခင်လင်းရယ်
ခင်လင်းလို့ပဲ ကျွန်တော်ခေါ်မယ်နော်
ခင်လင်းနဲ့ကျွန်တော် အခုကစ သူငယ်ချင်းတွေ ဖြစ်ကြပြီပေါ့နော် "
" ဟုတ်ကဲ့ ခေါ်ပါ ရပါတယ်ကိုနောင် "
နောင့်စကားဆုံး ခင်လင်းက ပြုံးပြသည်။
" ကျွန်တော့်
ကို ရှင်မဖုန်းနံပါတ်လေး ပေးထားပါလား "
" ဟုတ် ရပါတယ် "
ခင်လင်းပေးသည့်
ဖုန်းနံပါတ်ကို မှတ်လိုက်ရင်း ကိုထူးကို နောင် ဖုန်းလှမ်းဆက်လိုက်၏။ နောင်ဖုန်းဆက်ပြီး နာရီ၀က်လောက်ကြာတော့ ကိုထူးကားရောက်လာသည်။
ကိုထူးကားပေါ် တက်လိုက်ပြီး ခင်လင်းကို နတ်သမီးကေတီဗွီဆီ ပြန်ပို့ပြီးသည်နှင့် နောင်တို့တည်းခိုရာဆီ ပြန်
ခဲ့ကြ၏။ လမ်းတွင် ကိုထူးက နောင့်အား စကားတောက်သည်။
" ခင်လင်းနဲ့အခြေနေ ဘယ့်နဲ့လဲနောင် "
" ဒီလိုပါပဲကွာ "
နောင့်အဖြေကို သဘောမကျသည့်ဟန်နှင့် ကိုထူးက မျက်မှောင်ကြုံ့ကြည့်၏။
" မနက်ဖြန် အလင်းဖြူအိမ် သွားလည်ချင်တယ် ကိုထူး "
" အင်း လိုက်ပို့ပေးမယ်လေ "
" မနက်ဖြန် အလင်းဖြူအိမ်လည်ပြီးရင် ငါတို့ရန်ကုန်
ပြန်တော့မယ်နော် ကိုထူး "
" အင်းပါ ရက်ကြာနေပြီဆိုတော့ ငါမတားတော့ပါဘူး ပြန်စေချင်လို့မဟုတ်ဘူးနော် မင်းအလုပ်ကြောင့် "
" ငါသိပါတယ်ကွာ မင်းကလဲ "
ထိုညက နောင်တို့ညည့်နက်သည်အထိ ဂစ်တာတီး သီချင်းဆိုရင်း စကားထိုင်ပြောဖြစ်ကြသည်။ အိပ်ရာထဲ ၀င်တော့လည်း နောင်အိပ်မရ။ အလင်းဖြူဆိုသည့် ရှင်မ၏အကောင့်လေးအား တိတ်တိတ်ငေးနေမိတော့သည်။
*********
နောက်တစ်နေ့ မိုးလင်းသည်နှင့် နောင်အိပ်ရာက လူးလဲထလိုက်မိ၏။ ဘေးနားကြည့်တော့ ကျော်ခက အိပ်နေဆဲ။ ကိုထူးအခန်းရှိရာ နောင်ထွက်လာလိုက်သည်။
ကိုထူးအခန်းနားေရာက်ေတာ့ နောင် တံခါးခေါက်လိုက်ပြီး နှိုးလိုက်၏။
" ဒေါက် ဒေါက် ကိုထူး မနိုးသေးဘူးလား ထတော့လေကွာ မင်း နေရောကောင်းရဲ့လား "
နောင့်စကားအဆုံး ကိုထူးက အသံပြန်ပေးသည်။
" နောင်လား ၀င်လာခဲ့လေကွာ တံခါးစေ့ထားတာ "
ကိုထူးအသံကြားမှ နောင် အခန်းထဲ ၀င်လိုက်၏။
" ဟာ မင်းအခန်းက အရမ်းအေးလွန်းလိုက်တာကွာ အဲကွန်းကို အဲဒီလောက်ဖွင့်ရလားကွ အအေးပတ်တော့မှာပဲ"
နောင်က အဲကွန်းကို အအေးလျှော့ရင်း ပြောလိုက်သည်။
" ပူရင် မအိပ်နိုင်ဘူးကွ အဲဒါကြောင့် မင်းကဒီနေ့အစောကြီးနိုးနေပါလား "
" အင်း ငါအိပ်မရလို့ ဒီနေ့ အလင်းဖြူအိမ်သွားကြမယ်လေ မင်းလိုက်ပို့မယ်ပြောထားပြီး ခုထိအိပ်ရာမထဘူး "
နောင့်စကားအဆုံး ကိုထူးက တအံ့တဩကြည့်ပြီး အားရပါးရ ထရယ်၏။
"ဟား ဟား နောင်ရာ မင်းက ငါ့ထက် ၀ိရိယပိုကောင်းနေသေးတယ် တကထဲ
ငါဒီမနက် နေရတာ ဖျားချင်ချင်ရယ်မင်းနောက်တစ်ခေါက်လာမှ လိုက်ပို့တော့မယ် မင်းလည်းအနားယူတော့ "
" ဟင် အနားမယူချင်ပါဘူးကွာ မင်းကလဲ အလင်းဖြူကို လာလည်မယ်ပြောထားတာကို အဲဒါဆို ထ ကိုထူး ဆေးခန်းသွားကြမယ် ဆေးထိုးပြီး မင်းသက်သာမှ သွားကြမယ် "
ကိုထူးကို နောင်အတင်းဆွဲထူရင်း ဇွတ်ဆိုလိုက်သည်။
ကိုထူးက အိပ်ရာထဲမှ လူးလှိမ့်ထရင်း
" နောင်နော် အလင်းဖြူက ငါ့ကောင်မလေးနော် မင်းအလင်းဖြူများကြိုက်နေလားမသိဘူး "
" ဟေ့ေကာင် မင်းကွာပေါက်ကရ "
ကိုထူး၏ ရွှတ်နောက်နောက်စကား နားထောင်ပြီး နောင် မလုံသလို ခံစားလိုက်ရသဖြင့် ကိုထူးကို ပြန်အော်လိုက်မိသည်။ ကိုထူးအခန်းက ရေချိုးခန်းနှင့်တွဲရက်အခန်းဖြစ်၍ အိပ်ရာကထပြီး ကိုထူး ရေချိုးခန်းထဲ၀င်သွားမှ နောင်အပြင်ပြန်ထွက်လာ၏။ အခန်းထဲ၀င် ကျော်ခပါနှိုးပြီးမှ နောင် ရေမိုးချိုးလိုက်သည်။ ရေမိုးချိုးပြီးတော့ သည်နေ့၀တ်ရန် နောင် အ၀တ်စားရွေး
နေမိ၏။ ဟိုဟာလည်းသဘောမကျ ၊ ဒီဟာလည်း သဘောမကျ။ တစ်ထည်ပြီးတစ်ထည် ပုံထားမိသည့်နောင့်ကို ကျော်ခက ရွဲ့ပြော၏။
" နောင် မင်းရုပ်ရှင်ရိုက်သွားမလို့လား "
နောင် ရှက်ရယ် ရယ်မိလိုက်သည်။ ပြီးမှ
" မဟုတ်ပါဘူးကွ "
ဟုဖြေရင်း ရွေးထားသည့် အင်္ကျီကို ၀တ်လိုက်၏။
နောင်ပြင်ဆင်ပြီးတော့ ကိုထူးလည်း ပြီးလေပြီ။ ဘာလုပ်လုပ် ဖင်လေးသည့် ကျော်ခသာ နောက်ကျနေ၏။ ရေချိုးခန်းထဲကထွက်လာသည့် ကျော်ခတစ်ေယာက် တကိုယ်လုံးကို သဘက်နှင့် သုတ်တုန်းရှိသေးသဖြင့် နောင် လိုင်းခဏဖွင့်လိုက်၏။
လိုင်းဖွင့်လိုက်သည်နှင့် အလင်းဖြူအကောင့်လေးကို နောင်ငေးမိသွားသည်။
အလင်းဖြူ wall ထဲ ၀င်ကြည့်လိုက်၏။ ဘာမှ ထွေထွေထူးထူး တင်မထား။ မနေ့က နောင်တင်ထားသည့် ကဗျာလေးကို ၀င်ကြည့်တော့ like နှင့် com က ပလူပျံနေသည်။
အားလုံးကို နောင်အသည်းလိုက်ပေးလိုက်ရာက အလင်းဖြူမန့်လေးကို တွေ့လိုက်ရ၏။
" ကဗျာလေးက ဖတ်ပြီးမွန်းကြပ်လိုက်တာ " တဲ့။
ရင်သည် တလှပ်လှပ်တုန်သွားသည်။ ရင်ဘတ်ထဲက စကားများ အလိုလို ပွင့်အံချင်သလို ဖြစ်ရသည်။
ချစ်တယ်ရှင်မရယ်။ နှလုံးသားက နင်နဲ့ဝေးအောင်ထွက်သွားလေ နင့်အနားလာချင်လေပဲ သိလား။ ထို com လေးကို
ကြည့်ရင်း နောင့်မှာ ဖတ်မ၀ ၊ ကြည်နူးမ၀။
" ကျော်ခ မပြီးသေးဘူးလားကွ "
ကိုထူးက အော်ရင်း အခန်းထဲ၀င်လာသဖြင့် နောင် ဖေ့ဘုတ်ကို ပိတ်လိုက်သည်။
အင်္ကျီ၀တ်ရာက " ပြီးပါပြီကွ " လို့ အော်နေသည့် ကျော်ခစကားအဆုံး နောင်ပါ ကိုထူးနှင့်အတူ အခန်းပြင်ထွက်လိုက်လာသည်။
" နောင် မင်းအရမ်းကြည့်ကောင်းတာပဲ ငါ့မှာအလင်းဖြူသာမရှိရင် မင်းကိုပဲ ပြန်ကြိုက်ပါတယ်ကွာ "
ကိုထူး လှမ်းစတော့
" ခွေးကောင် "
ဆိုပြီး ကိုထူးလက်မောင်းကို နောင် လှမ်းထိုးလိုက်၏။ ပြီးမှ သူငယ်ချင်းနှစ်ယောက် တဟားဟားရယ်မိကြသည်။
ကျော်ခထွက်လာမှ ကိုထူးက အိမ်တံခါးကို သော့ခတ်ပြီး မနက်စာစားရန်နောင်တို့ စားနေကြဆိုင်ဖြစ်သည့် ယူနီစန် လက်ဖက်ရည်ဆိုင်သို့ ထွက်လာလိုက်ကြသည်။ ဆိုင်ရှေ့ သင့်တင့်သည်နေရာရှာရင်း ကိုထူးက ကားကိုရပ်လိုက်သည်။
နောင်တို့ သုံးယောက် ဆိုင်အတွင်း ၀င်လိုက်သည်နှင့် စားပွဲထိုးလေးက မျက်မှန်းတန်းမိသည့်ပုံ ေနာင်တို့အနား သွက်သွက် လှမ်းလာ၏။
" အစ်ကိုတို့ ဘာစားမလဲ ဘာသောက်မလဲ အရင်နေ့က စားသောက်တာပဲချပေးရမလား အသစ်ပဲမှာမလား ကြိုက်တာပြောပါခင်ဗျား "
ထိုကောင်လေးကို ေနာင်သဘောကျမိသည်။ လူကသာ ၀၏။ သွက်လက်ဖျတ်လတ်နေသည်မှာ ပိန်သည့်ကလေးအရှုံးပေးရသည်။
ကိုထူးက ထမင်းဆီဆမ်း ပဲပြုတ်နှင့်သုံးပွဲ နွားနို့သုံးခွက် ၊ ကြက်ပေါင်ကြော် ၊ ၀က်သားကြော် ၊ငါးကြော်နှင့် ကြက်ဥဟတ်ဘရိတ်တစ်လုံးစီ ချခိုင်းလိုက်သည်။
" ရူဘီတစ်ပွဲ ချပေးညီလေး "
လှည့်ထွက်သွားသည့် ကောင်လေးကို ကျော်ခက လှမ်းအော်မှာလိုက်တော့ ဆေးလိပ်မသောက်သည့် နောင့်ကို ကိုထူးကစ၏။
" နောင် မင်းဘာလို့ဆေးလိပ်မသောက်တာလဲ "
" ငါမှမကြိုက်တာ "
" ဆေးလိပ်မကြိုက်တဲ့သူက တုံးလို့မကြိုက်တာ "
ကျော်ခက ဘု၀င်ပြောသည်။ နောင်ရယ်သာနေမိ၏။ နောင်မှတ်မိနေသေးသည်။ နောင်တို့ငယ်ငယ်အရွယ် ၊ ရှင်မတို့အိမ် လာလည်သည့် ဘဘအသိတစ်ယောက်က ဆေးလိပ်မီးကို လှိမ့်ဖွာနေ၏။ ရှင်မဘဘက ဆေးလိပ်နံ့မခံနိုင်သလို ၊ ထိုလူကြီးကို မကြည့်သလို ကြည့်ပြီး နှာခေါင်းလေးကို လက်နှင့်အုပ်ထားသည့် ရှင်မကိုတွေ့တော့ နောင်ကနားမလည်စွာ မေးလိုက်သည်။
" ရှင်မ ဘာဖြစ်လို့ နင်က နှာခေါင်းကို လက်နဲ့အုပ်ထားရတာလဲ သူ့ဘာသာသောက်တာကို "
" ငါကဆေးလိပ်နံ့ဆို သိပ်ခေါင်းကိုက်တာ အနံ့မခံနိုင်ဘူး သူရိန် နင်ကြီးလာရင် ဘယ်တော့မှ ဆေးလိပ်မသောက်ရဘူးနော် သောက်ရင် နင့်ကို ငါအရမ်းမုန်းမှာပဲ နင့်အနားလည်း မလာဘူး "
ထိုအချိန်တုန်းက ပြောခဲ့သည့် ရှင်မစကားအား နောင့်နားထဲ အခုထိ စွဲနေခဲ့၏။ သည်အရွယ်ထိ နောင်ဆေးလိပ်မသောက်ခဲ့ပါ။ လွမ်းတယ်ရှင်မရယ်။ မနက်ဖြန်ဆို နင့်အနားက ငါရွက်လွှင့်ရဦးမယ်။ အဝေးကနေ နင့်ကိုငေးပြီး ငါလွမ်းနေရဦးမယ်။ နောင့်ရင်ဘတ်ထဲ ဘယ်သူမှမကြားနိုင်သည့် စကားများစွာကို တီးတိုးေရရွတ်နေမိ၏။ မကြာခင် စားပွဲထိုးလေးက စားစရာများ အကုန်လာချပေးသဖြင့် နောင်တို့ ခပ်သွက်သွက် စားလိုက်ကြသည်။ စားသောက်ပြီးသည်နှင့် ကိုထူးကေပြာသည်။
" နောင် ငါတို့ ခင်လင်းကိုပါ ၀င်ခေါ်ကြရအောင် '
နောင်ခေါင်းညိတ်ပြလိုက်၏။ ခင်လင်းပါတော့ ဘာပဲဖြစ်ဖြစ် ပိုကောင်းသည်။ ပိုက်ဆံရှင်းပြီးသည်နှင့် နောင်တို့ ကိုထူးကားဖြူလေးထဲ ၀င်ထိုင်လိုက်ကြ၏။ ကိုထူးဘေးနားအရှေ့ခန်းမှာ ကျော်ခ၀င်ထိုင်လိုက်သည်နှင့် ကိုထူးက ကားကိုမောင်းထွက်လိုက်သည်။ နတ်သမီးဆိုင်ရှေ့ရောက်တော့ ခင်လင်းကို ဖုန်းဆက်ပြီး တခါထဲ၀င်ခေါ်လာကြသည်။
" ကိုနောင် ဘာစားပြီးပြီလဲ "
ကားထဲ၀င်ထိုင်ရင်း ခင်လင်းက နုတ်ဆက်မေး မေးသည်။
" ယူနီစန်မှာ ၀င်စားလာကြတယ် ခင်လင်းကော စားပြီးပြီလား "
" ဟုတ် ခင်လင်းကော်ဖီသောက်လာတယ် "
နောင်တို့ကားလေးထဲ စကားသံတိတ်သွားကြ၏။ ကိုထူးက နာရီ၀က်ဝန်းကျင် မောင်းပြီးသည်နှင့် ခြံတစ်ခြံရှေ့ ကားကို ထိုးရပ်လိုက်သည်။ ကားပေါကဆင်းရင်း " ရောက်ပြီဟေ့ " ဟုအော်၏။ နောင်တို့အားလုံး ကားပေါ်က ဆင်းပြီးသည်နှင့် ခင်လင်းက ခြံတံခါးရှိလူခေါ်ဘဲလ်ကိုနှိပ်သည်။
တအောင့်အကြာ ည၀တ်အင်္ကျီပွပွ ၀တ်ထားသည့် ကောင်မလေးတစ်ယောက်ထွက်လာ၏။ နောင်သေချာကြည့်မိေတာ့ အခါ အလင်းဖြူ သို့မဟုတ် သူ၏ရှင်မ။
ရှင်မက တံခါးလာဖွင့်ပေးရင်း အံ့ဩသလိုမျက်၀န်းနှင့် အားလုံးကို ကြည့်သည်။
" နွေး အံ့ဩနေတာလား "
ကိုထူးက။ ရှင်မကို လှမ်းမေးလိုက်၏။
" ဟုတ်တယ် ဒီလိုမနက်ဖက် ရောက်လာမယ်မထင်လို့ပါ လာ လာ အိမ်ထဲ၀င်ကြပါရှင့် "
ရှင်မက နောင်တို့ကို အပြုံးနှင့်ကြိုရင်း
အိမ်ထဲကို ဖိတ်ခေါ်သည်။ နောင်တို့အုပ်စု ရှင်မခေါ်ရာဆီ လိုက်လာကြရင်း
နောင့်မျက်၀န်းက အိမ်ခြံပတ်၀န်းကျင် တဝိုက် လေ့လာကြည့်နေမိ၏။
အိမ်ထဲ၀င်၀င်ခြင်း နောင်မြင်ရသည်က
" အိမ် " ဆိုသည့် ကဗျာတစ်ပုဒ်။
ကဗျာရေးသည့်နောင် ထိုကဗျာလေးအား ဖတ်ပြီး ရင်ထဲတစ်ခုခု ခံစားလိုက်ရသည်။
နောက်တစ်ခုကတော့ နောင့်ရင်ဘတ်၊ အသည်းထဲထိ စွဲစေသည့် ခုနှစ်တန်းနှစ်က ရှင်မနှင့် ရိုက်ထားသည့် ငယ်ဓါတ်ပုံ။ နောက်တစ်ပုံက ရှင်မဘဘနှင့်ဖွားဖွားပုံတို့အား မှန်ဘောင်ထည့်ပြီး
ဧည့်ခန်းမှာ ချိတ်ဆွဲထား၏။ နောင့်မှာ ထိုပုံများဆီက အကြည့်ခွာမရသလို ၊ ကျော်ခနှင့်ခင်လင်းက နောင့်ကို အကဲခတ်သလိုကြည့်နေကြသဖြင့် နောင်မသိမသာ ပြုံးပြလိုက်သည်။ ရှင်ခမခေါ်သဖြင့် ခင်လင်းကပါ အိမ်ထဲ၀င်သွားရင်း တအောင့်အကြာ ကော်ဖီပန်းကန်များနှင့် ကိတ်မုန့်ခြောက်ပန်းကန်များ လာချပေးသည်။
ကျော်ခက အလိုက်မသိ ဆေးလိပ်ဖွာရန် ပြင်ပြီး ရူဘီကို မီးထညှိနေ၏။
နောင်စိတ်ပူသွားပြီး ကျော်ခကို တားလိုက်သည်။
" ကျော်ခ ဆေးလိပ်မသောက်နဲ့ ဆရာမအလင်းဖြူက မကြိုက်ဘူး "
မီးတို့မည့်ဆဲဆဲ ကျော်ခလက်က တွန့်သွား၏။
ခင်လင်းသုတ်ေပးထားသော လက်ဖက်သုပ်ပန်းကန်ကို အိမ်ရှေ့ လာချပေးသည့် ရှင်မက အံ့ဩသလို နောင့်ကို ကြည့်လာပြီး ကျော်ခကို အားနာစွာဆို၏။
" နွေးက ဆေးလိပ်နံ့ မခံနိုင်ဘူးရယ် ဆေးလိပ်နံ့ရရင် ခေါင်းမထူနိုင်အောင်ကိုက်တာ "
ရှင်မစကားကြားမှ ကျော်ခက အားနာသလိုအမူရာနှင့် " ဆောရီး " ဟုဖြေသည်။ ရှင်မက ပြုံးပြီး ခေါင်းညိတ်ပြ၏။။ ထိုအချိန် ခင်လင်းက ဧည့်ခန်းရှိစားပွဲပေါ် လက်ဖက်သုပ်ပန်းကန်ကို လာချထားခဲ့ပြီး မီးဖိုထဲ ပြန်၀င်သွားသည့် ရှင်မကို လှမ်းခေါ်သည်။
" နွေးရေ လက်ဖက်သုပ်လာစားလေ "
" ဆရာမအလင်းဖြူက လက်ဖက်သုပ်ဆို ဒီလိုအသီးရွက်စုံထည့်သုပ်တာမကြိုက်ဘူး အဖိုးကြီးအဖွားကြီးသုပ်မှကြိုက်တာ "
နောင့်စကားအဆုံး ကိုထူးက နောင့်ကို လှမ်းကြည့်သလို ၊ မီးဖိုထဲက
နေ ရေနွေးဓာတ်ဘူး ယူလာပေးသည့် အလင်းဖြူက စူးစမ်းသလို ကြည့်လာ၏။ နောင်နှင့် ရှင်မ တစ်ယောက်နှင့်တစ်ယောက် စေ့စေ့ကြည့်မိသွားကြသည်။
တိတ်ဆိတ်ငြိမ်သက်သွားသည့် အခြေနေကို ခင်လင်းက ၀င်ထိန်းလိုက်၏။
" နွေး ငါဒီလကုန် အလုပ်ထွက်တော့မယ် ငါ့ကြွေးတွေ ကျေကုန်ပြီ ငါလေ အပြင်လုပ်ပဲ လုပ်ချင်တော့တယ် "
" အဲဒါဆို ငါ့ဆီလာလုပ်လေ ငါ့ဆီမှာနေ
ငါလည်း သူများငှါးရမယ့်အတူတူ နင်ရှိတော့ ငါလည်းအဖော်ရတာပေါ့ ငါ့ထက်လစာကောင်းကောင်းပေးနိုင်တဲ့အလုပ်ရမှ နင်ပြောင်းပေါ့ "
ရှင်မစကားကြားတော့ ခင်လင်းပျော်သွားပုံရသည်။
" တကယ်နော်နွေး "
" တကယ်ပါဆို "
နောင်တို့အားလုံး ခင်လင်းနှင့်ရှင်မပြောေနကြသည်ကို ကြည်နူးစွာ ငေးနေမိ၏ ။
နောင်က စကားစလိုက်သည်။
" ဆရာမ ဒီဓာတ်ပုံလေးက ကြာတာတောင် မပျက်သေးဘူးနော် "
ရှင်မက နောင့်ကိုတစ်ချက်လှမ်းကြည့်ရင်း ဖြေ၏။
" ဟုတ်တယ် ကိုနောင်ရဲ့ နွေး ပန်းချီဆရာဆီ ထပ်အပ်ထားတယ် ဓာတ်ပုံလေးပျက်ခဲ့ရင်တောင် ပန်းချီအဖြစ် ကျန်ရှိနေအောင်ပေါ့ "
နောင်နှင့်ရှင်မ ပြောနေသည့်အချိန် ကိုထူးက ၀င်ပြောသည်။
" ဒီနေ့ နွေးတို့အိမ်မှာ ကိုယ်တို့ ထမင်းလက်ဆုံစားကြမယ် စကားတွေပြောကြမယ် သီချင်းဆိုကြမယ် မကောင်းဘူးလားနွေး ဒီနေ့တစ်ရက် အချိန်ပေးနိုင်တယ် မဟုတ်လား "
" ရပါတယ် ကိုထူးသစ်လရောင် နွေးအချိန်ပေးရမှာပေါ့ "
ရှင်မက ပြုံးရင်း ဖြေ၏။
" အာ့ဆို ငါတို့ ချက်ပြုတ်ရမှာပေါ့ "
ခင်လင်းကပါ ဝင်ပြောတော့ ကိုထူးက ခေါင်းခါပြသည်။
" မချက်တော့ဘူးခင်လင်း အပြင်ကပဲ
ပါဆယ်၀ယ်ကြမယ်လေ ကိုယ်စားချင်တဲ့ ကိုယ့်အကြိုက်ကို စားရင်းလုပ်လိုက် "
" အဲဒါဆို ကျွန်တော်လုပ်ပေးမယ် စာရွက်နဲ့ဘော့လ်ပင် ပေး ခင်လင်း "
" ခဏနော် ကိုနောင် "
ကိုထူးအပြောကို နောင်လည်း သဘောကျသည်။ နောင်က ခင်လင်းဆီ စာအုပ်နှင့် ဘော့ပင်လ်လှမ်းတောင်းတော့ ခင်လင်းက ရှင်မအခန်းထဲ၀င်သွားပြီး စာအုပ်တစ်အုပ်နှင့် ဘော့ပင်ယူထွက်လာ၏။
နောင်က အားလုံးအကြိုက် စီချရေးထားသည့်စာရင်းကို ကိုထူးအားလှမ်းေပးေတာ့ ကိုထူးက ဖတ်ပြ၏။
" ကိုထူး၊ နှင့်နောင်က ၀က်သား
ကျော်ခက ကြက်နှပ်
နွေးက ပုဇွန်ထုပ်
ခင်လင်းက ကြက်ပေါင်ကြော်
ကျန်တာကြိုက်ရာ၀ယ်တဲ့ "
ကိုထူးက နောင့်ကိုလှမ်းစတော့ နောင်ရယ်လိုက်မိသည်။
" ခင်လင်းကြက်ပေါင်ကြိုက်တာ မင်းကဘယ်လိုသိလဲ နောင် "
" ခင်လင်းပြောတာလေ ကိုထူးရဲ့ "
" အေးပါအေ ညည်းကလည်း ညည်းလူထိရင် ကဲကဲကို ဆတ်နေတာပဲ"
ကိုထူးစကားအဆုံး အားလုံးရယ်လိုက်ကြသည်။
" ဒါနဲ့ နွေးပုဇွန်ထုပ်ကြိုက်တာ ကိုနောင်က ဘယ်လိုသိလဲ "
ရုတ်တရက်ထမေးသည့် ရှင်မမေးခွန်းကြားတော့ နောင် ဘာပြန်ဖြေရမှန်းမသိပါ။ နောင်ကြောင်နေမိစဉ် ခင်လင်းက ၀င်ပြောသည်။
" ငါပြောပြထားတာ နွေးရဲ့ "
" ဪ "
ခင်လင်းပြောလို့ သိသည့်ပုံစံ ၊ခင်လင်းဖြေမှ မထူးဆန်းသလို ပုံစံနှင့် ရှင်မကကပြန်ဖြေသည်။ နောင်မသိမသာ သက်ပြင်းချမိသည်။
" ဒီနေ့ စားသောက်ပြီးရင် နောင်ကသီချင်းဆိုပြ "
" ဟာ ကိုထူးကလဲ ဂစ်တာမပါဘူးလေကွာ "
နောင်ငြင်းတော့ ကိုထူးကရယ်၏။
" ဂစ်တာက တအောင့်နေ ကိုလတ်လာပို့လိမ့်မယ် ငါယူခိုင်းလိုက်ပြီ ညနေ နေအေးရင် ငါတို့အားလုံး ကျုံးဘေးသွားကြမယ် အဆင်ပြေလားနွေး "
ကိုထူးက သူ့အစီစဉ်ကို ရှင်မကို လှမ်းပြောတော့ ရှင်မက ခေါင်းလေးညိတ်ပြသည်။ ဘာမှမလိမ်းထားဘဲ ပြောင်ရှင်းနေသည့် ရှင်မ၏မျက်နှာပြောင်ပြောင်လေးကို နောင်ငေးနေမိ၏။
ဘယ်အချိန်ကြည့်ကြည့် ချစ်စရာကောင်းနေသည့် ရှင်မမျက်နှာလေးအား ငေးမ၀ပါ။
မနက်ဖြန်ဆိုလျှင် သည်မျက်နှာပိုင်ရှင်အား နောင်ထားခဲ့ရတော့မည်။ အတွေးနှင့်ပင် နောင့်ရင်က နာကျင်နေ၏။
တစ်နာရီ ၀န်းကျင်လောက် ကြာတော့ကိုလတ်ရောက်လာသည်။
နောင်တို့အားလုံးစားဖို့ ၀ယ်ခြမ်းလာသည့်အပြင် ဂစ်တာပါ ပါလာ၏။
ခင်လင်းနှင့် ရှင်မက အစားသောက်များ မီးဖိုထဲ ယူသွားကြပြီး ကျော်ခက
တီဗွီချန်နယ်လိုင်းကို ကလိနေသည်။
ကိုထူးက ကိုလက်ယူလာသည့် ဂစ်တာအား နောင့်လက်ထဲသို့ လှမ်းထည့်ပေးလေ၏။
ဂစ်တာလှမ်းယူရင်း နောင်က ဂစ်တာကြိုးတွေကို ဆော့ခတ်ကစားလိုက်သည်။ ပြီးလျှင် ကြိုးအလျော့အတင်းအား စိတ်က်ြိုက်မရမချင်း ညှိနေသည်။
ကိုထူးက နောင့်ဘေးနားလာထိုင်ရင်း
ဆိုသည်။
" နောင် သီချင်းတစ်ပုဒ်တီးကွာ "
" တအောင့်နေမှ လူဆုံမှ တီးကြမယ်လေကွာ "
နောင်နှင့်ကိုထူး စကားပြောနေစဉ်
ခင်လင်းနှင့် ရှင်မက စားသောက်စရာများ အား ပြင်ဆင်နေကြသည်။
တဖြည်းဖြည်း နေမွန်းတည့်လာသဖြင့် နောင်တို့အဖွဲ့ နေ့လယ်စာ စားလိုက်ကြ၏။
ရှင်မအိမ်လေး၌ နောင်တို့အားလုံး ပျော်ရွှင်နေကြရသည်။ ထမင်းစားသောက်ပြီးသည်နှင့် ရှင်မက အေအးဖျော်တိုက်သည်။
အားလုံးပြီးမှ ကိုထူးက နောင့်အား သီချင်းဆိုခိုင်းတော့သည်။
နောင် ဂစ်တာကြိုးလေးများအား ဆော့ခတ်ကစားလိုက်သည်။
ရှင်မက မနက်က၀တ်သည့် အင်္ကျီအစား ဂါ၀န်အနီရဲရဲလေးအား ပြန်လဲ၀တ်ထားသဖြင့် သူ၏အသားဖြူဖြူလေးနှင့် အလွန်လိုက်ဖက်သည်။ နောင်သည် တစ်ချက်တစ်ချက် ရှင်မမျက်နှာလေးအား ခိုးခိုးကြည့်မိသည်။
" နောင်ဆိုတော့ကွာ "
ကိုထူးအတင်းဆိုခိုင်းမှ နောင်သီချင်းတစ်ပုဒ်ဆိုရန် လက်ကွက်များကို စတင်တီးခတ်လိုက်သည်။ အားလုံးပါ နောင့်ဂီတထဲ နောင်နှင့်အတူ လိုက်ပါစီးမျောနေကြသည်။ နောင်ဆိုသည့်သီချင်းက
အသဲကွဲနေသည်သီချင်း။အသည်းကွဲနေသည်
(အတူလက်တွဲလို့လျှောက်ခဲ့တဲ့လမ်းလေး
တွေ....အတူတူတွဲလို့ရိုက်ခဲ့တဲ့ဓာတ်ပုံ
တွေ
အတူတူပြုံးပြနူတ်ဆက်တဲ့လက်ကလေး
တွေ...အရင်လိုမဖြစ်နိုင်တော့ဘူးကွယ်
အရင်ကပြောခဲ့ဖူးတဲ့ သူစကားလေး
တွေ အရင်ကပေးခဲ့ဖူးတဲ့သူ့အနမ်းလေး
တွေ
အရင်ကချစ်ခဲ့ဖူးတဲ့သူ့ရဲ့ချစ်သူ အရင်
လို မဖြစ်နိုင်တော့ဘူးလား............
အသိုင်းအဝိုင်းများရဲ့ ကြားမှာ မနာလို
သူတွေက သွေးထိုး
အရင်လို့ ချစ်ခဲ့တဲ့အချစ်တွေ အရင်လို့
မဖြစ်နိုင်တော့ဘူးကွယ်...
(သိပ်ချစ်ခဲ့လို မုန်းဖို့မလွယ်ဘူး...ငါ့မှာ
လွမ်းလွန်းလို့....မေ့လို့မရဘူး...
အချိန်တိုင်း... သတိကရနေပါတယ်...
ဒါတွေ သူက မသိနိုင်ပါဘူး.....)2 cho:)2 cho......
နောက်တစ်ယောက်နဲ့ အစားထိုးဖို့ မ
လွယ်ဘူး(နောက်ထပ် နောက်တစ်
ယောက်လုံးဝ မဖြစ်နိုင်ဘူး)
အခြားတစ်ယောက်နဲ့ ပြောင်းပြီး မချစ်
ဘူး(နောက်ထပ် နောက်တစ်ယောက်
လုံးဝ မပြောင်းဘူး)
ငါ့ အချစ်ကမင်းလေးတစ်ယောက်ကိုပဲ
(တစ်ယောက်တည်းပဲ) ချစ်ခဲ့တာပါ...
(သိပ်ချစ်ခဲ့လို့ မုန်းဖို့မလွယ်ဘူး...
ငါ့မှာလွမ်းလွန်းလို့... မေ့လို့မရဘူး...
အချိန်တိုင်း သတိကရနေပါတယ်..
ဒါတွေ သူကမသိနိုင်ပါဘူး...)2cho:
နောင်လည်း သီချင်းထဲ နစ်မျောနေ၏။
အားလုံးလည်း ငြိမ်သက်တိတ်ဆိတ်နေကြသည်။ သီချင်းဆုံးခါနီး အမှတ်မထင် နောင့်မျက်၀န်းက ရှင်မဆီ အကြည့်ရောက်သွား၏။
နောင့်ကို စူးစူးရှရှ ငေးကြည့်နေသည့်
ရှင်မမျက်၀န်းများသည် တဖျတ်ဖျတ်
လက်နေကြသည်။ စကားများစွာ ပြောနေသလို နောင်ခံစားလိုက်ရ၏။
ေနာင့်သီချင်းဆုံးသွားတော့ ကိုထူးက
နောက်တစ်ပုဒ် ထပ်တီးခိုင်းသည်။
နောင်ခေါင်းခါပြလိုက်၏။ နောင့်အသည်းကွဲေနသည်ကို မည်သူမှ မသိကြဟန်။
နေ့လည် နေပူသဖြင့် ရှင်မအိမ်မှာ ခဏနားကြသော်လည်း ညနေ နေကျသည်နှင့် နောင်တို့ကို ကိုထူးက မဟာမြတ်မုနိဘုရားကို ထပ်ပို့ပေးသည်။ ဘာပဲပြောပြော နောင်ပျော်မိသည်။ ချစ်သည့်ရှင်မနှင့် နောင် ဘုရားအတူဖူးခွင့်
ရပေမည်။ ဘုရားရောက်တော့ မဟာမြတ်မုနိဘုရားကြီးကို ဆုတောင်းကန်တော့ပြီးသည်နှင့် ရှင်မလက်ထဲက ပန်းလေးအား နောင် လှမ်းယူလိုက်သည့်အချိန် ဖြတ်ခနဲ ရှင်မက နောင့်ကို
သူ့မျက်၀န်းနက်နက်လေးနှင့် မော့ကြည့်သည်။ သည်အကြည့်ထဲ
နောင့်စိတ်များ ပျော်၀င်ကျချင်သည့်စိတ်အား မနည်းထိန်းချုပ်ရသည်။
မဟာမြတ်မုနိဘုရားကြီးကအထွက်
နေပင် တော်တော်ကျနေပြီ။ မန္တလေးကျုံးကို ဘာကြောင့်မှန်းမသိ။ နောင်ချစ်သည်။ ကျုံးဘေးလာရသည်ကို နောင်ပျော်သည်။ နောင့်မျက်နှာသည်
ချစ်ရသည့်ရှင်မနှင့် အတူသွားလာရသဖြင့် ပျော်နေမိလေသည်။ ကိုထူးက အဆင်ပြေသည့်နေရာ ကားရပ်လိုက်သည်နှင့် ကားပေါ်က နောင်ဆင်းလိုက်သလို ရှင်မတို့ပါ ဆင်းလာကြ၏။
နောင်တို့သုံးယောက်က ရှေ့ကလျှောက်သလို ၊ ခင်လင်းနှင့်ရှင်မကပါ နောက်က လိုက်လာသည်။
ကျုံးလူသွားလမ်းလေးပေါ် နောင်လှမ်းတက်လိုက်ချိန် နောင့်ကို လှမ်းခေါ်လိုက်သည့်ရှင်မအသံကို နောင်တအံ့တဩ ကြားလိုက်ရသည်။
" သူရိန် "
နောင့်ရင်သည် ဆတ်ခနဲတုန်သွားပြီး
ရှင်မကို အလန့်တကြား လှည့်ကြည့်မိလိုက်လေတော့သည်။
**********