" ဟေ့ကောင်တွေ ဟေ့ကောင်တွေ ထကြကွ မနက်စာ သွားစားကြမယ် "
နောင်နှင့် ကျော်ခကို ကိုထူးက လှုပ်ရမ်းနှိုးလိုက်၏။ ကိုထူးအသံကြားမှ နောင်နှင့် ကျော်ခ အိပ်ရာမှ လူးလဲထကြသည်။ မနေ့က များသွားသဖြင့် နောင့်ခေါင်းထဲ ကိုက်ခဲနေ၏။
" ငါခေါင်းအရမ်းကိုက်တယ်ကွာ "
လက်ေချာင်းများနှင့် ခေါင်းကို နှိပ်သလိုအမူရာလုပ်ပြ၍ ကိုထူးကိုလှမ်းပြောပြီး နောင်ကုတင်ပေါ်က ဆင်းလိုက်သည်။
" သောက်စ မရှိလို့ပါကွာ ပြီးတော့ မင်းတို့များသွားတာကိုး "
ကိုထူးက နောင့်စကားကို ပြန်လှန်ပြောရင်း ရေချိုးခန်းထိ လိုက်ပို့ပေး၏။ နောင်က ရေချိုးခန်းဘေးရှိ တွိုင်းလက်ထဲ ၀င်ကျန်ခဲ့စဉ် ကိုထူးက အပြင်ပြန်ထွက်လာသည်။
" ကိုထူး မင်းကအစောကြီးနိုးတာလား "
ကိုထူးအား အိပ်ရာမှထလာသည့် ကျော်ခက မေးလိုက်သည်။
" ဟုတ်တယ် မင်းလည်း ရေမြန်မြန်ချိုးကြ ဆိုင်ထိုင်ရင်း စကားပြောကြမယ်ကွာ "
နာရီ၀က်လောက်ကြာမှ နောင်တို့ပြင်ဆင်ပြီးသည်။ အပြင်သွားခါနီး ပိုက်ဆံအိတ်ယူမှ နောင့်ပိုက်ဆံအိတ်က ရှာမတွေ့။ ဟာ။ မျက်လုံးပြူး ၊ မျက်ဆန်ပြူးနှင် အလန့်တကြား နောင်ရှာသည်။ မတွေ့။ ဘယ်နားမှမတွေ့ပါ။
နောင်လန့်သွား၏။ ပိုက်ဆံအိတ်ထဲ နောင့်မှတ်ပုံတင် ၊ အလုပ်သမားကဒ်အပြင် ရှင်မနှင့်သူငယ်ငယ်ကရိုက်ထားသည့်ပုံ။
နောင့်အတွက် ရှင်မေပးခဲ့သည့် ရှင်မ၏ နောက်ဆုံးစာခေါက်လေး။
နောင်ဘယ်သွားသွား နောင့်ပိုက်ဆံအိတ်ထဲ အမြဲထည့်ထားတတ်သည်။
နောင့်စိတ်ထဲ ထူပူလာ၏။
" ကိုထူး ကျော်ခ လုပ်ကြဦးဟ ငါ့ပိုက်ဆံအိတ် ကျပျောက်ခဲ့ပြီ ပိုက်ဆံမနှမျောဘူးကွာ မှတ်ပုံတင်နဲ့အလုပ်သမားကဒ်ေတွ ပါသွားတယ်ကွ "
နောင် ကုတင်ပေါ်တွင် စိတ်ပျက်၊လက်ပျက် လက်မှိုင်ချ ထိုင်မိလိုက်သည်။ နှမျောလွန်းသဖြင့် မျက်၀န်း၌ပင် မျက်ရည်ကြည်အချို့ ရစ်ဝဲလာ၏။
" အထားမှားလားကွာ သေချာရှာပါဦး "
ကျော်ခက စိတ်ပူပြီး ပြောသည်။ နောင်က ခေါင်းခါပြရင်း ဆိုလိုက်၏။
" မမှားပါဘူးကွာ ဟာ ငါ ညက ကေတီဗွီမှာများ ကျန်ခဲ့လားမသိ ကိုထူး ငါ့ကို ကူညီပါဦးကွာ "
နောင့်စကားကြားတော့ ကိုထူးက ခေါင်းညိတ်ပြသည်။
" အေးပါကွာ ငါပြန်ရှာပေးပါ့မယ် နော် "
" မင်းကလဲ ကိုယ့်ပိုက်ဆံအိတ်တောင် ကိုယ်မထိန်းသိမ်းနိုင်ဘူး ဘာတွေမွှန်နေလဲမသိဘူး "
ကျော်ခက နောင့်ကို အပြစ်တင်၏။ ကျော်ခကို
နောင်ပြန်ပြီး စိတ်မဆိုးနိုင်တော့။
" ကဲ လာ လက်ဖက်ရည်ဆိုင်သွားကြမယ် တစ်ခုခု စားရင်း "
ကိုထူးခေါ်ရာနောက် နောင်နှင့်ကျော်ခ လိုက်လာကြသည်။ ကိုထူးက သူ့ကားဖြူလေးအား သူကိုယ်တိုင်မောင်း၍
မန်းမြို့တော် လက်ဖက်ရည်ဆိုင်ထဲ ခေါ်လာ၏။
ဆိုင်ထဲကို ၀င်ထိုင်လိုက်ကြရင်း ကိုထူးက စကားစသည်။
" မင်းတို့ ဆယ်ရက်လောက်နေပါလား နောင် "
" အဲဒီလောက်နေမရဘူး ကိုထူး ခွင့်ရက်ကြာရင် အလုပ်ပြုတ်လိမ့်မယ်ကွ
နေပါဦး မင်းက အရေးကြီးလို့ဆိုတာ ဘာလဲ အခုထိ ငါတို့ကို ဘာမှမပြောသေးဘူး "
" အရေးကြီးတာ ငါ့အတွက်မဟုတ်ပါဘူး မင်းအတွက်ပါ မန်းလေးမှာ ငါနဲ့ခင်တဲ့ စာရေးဆရာတွေရှိတယ်ကွ သူတို့ စာအုပ်မိတ်ဆက်ပွဲရှိတယ် ငါ့ကို ဖိတ်ထားတယ် မင်းတို့ကိုပါ ခေါ်သွားချင်လို့ နောက်တစ်ခုက ဧရာ၀တီစာပေပွဲတော်လည်း စတော့မယ်လေ ဒီရက်ထဲ မင်းတို့ကို လိုက်ပို့ချင်လို့ပေါ့ကွ မင်းဖြစ်ချင်တဲ့ ကဗျာဆရာဘ၀ကို
အွန်လိုင်းမှာတင် ကျေနပ်မနေနဲ့ တကယ့်ပြင်ပက လူတွေနဲ့ ထိတွေ့ဆက်ဆံ စေချင်လို့ပါ နောက်တစ်ခုကတော့ ငါအသည်းကွဲေနတယ်ကွာ အခုရက် ငါအရမ်းခံစားနေရတယ် အဲဒီအချိန် စိတ်ပြေလက်ပျောက်လျှောက်သွားချင်တယ် ငါသွား
တဲ့နေရာ မင်းတို့ပါ အဖော်ပါစေချင်လို့ "
ကိုထူး စကားအဆုံး နောင်သက်ပြင်းရှိုက်မိသည်။ ကျော်ခက မဲ့ပြီးပြော၏။
" ကိုထူးရာ မင်းပြောတော့လည်း ဟုတ်နေတာပဲ အလုပ်ပြုတ်ရင်တော့ မင်း ငါတို့ကိုရှာကျွေး "
ကျော်ခ စကားအဆုံး ကိုထူးက အားရပါးရရယ်၏။
" ဟား ဟား မင်းကို ငါ့ဆိုင်တွေမှာ အလုပ်ပေးပါ့မယ်ကွာ စကျူရယ်ရီ "
ကိုထူးစကားအဆုံး ကျော်ခက မျက်စောင်းထိုးပြီး ပွစိပွစိ ရွတ်သည်။
သူတို့နှစ်ယောက်ကြည့်ပြီး နောင်စိတ်ညစ်နေတာပင် ပျောက်သွား၏။
နောင်နှမျောနေမိသည်။ နောင့်ပိုက်ဆံအိတ် ပြန်မတွေ့လျှင် နောင်ဘာလုပ်ရမည်လဲ။
ထူးသစ်က နောင်တို့ကြိုက်မည့်အရာမှန်သမျှ စားပွဲထိုးအား အကုန်ချခိုင်းသည်။ မျက်နှာမရွှင်သည့် နောင့်ကိုကြည့်ရင်း ထူးသစ်က ဆိုလိုက်၏။
" တခြားပျောက်မှာပဲ ငါကစိုးရိမ်တာ
ကေတီဗွီဆို ပြန်တွေ့မှာကွ မင်းကလဲ အဲဒီလောက်စိတ်ညစ်မနေစမ်းပါနဲ့ကွာ "
နောင်ဘာမှပြန်မဖြေဘဲ စားပွဲထိုးလာချသည့် ပေါ့ဆိမ့်ပဲ ထိုင်သောက်နေလိုက်၏။
ထိုအချိန် ဖုန်းသံမြည်လာသည်။ လှမ်း ကြည့်လိုက်တော့ ကိုထူးဆီလာသည့်ဖုန်း။ ကိုထူးက ဖုန်းကိုင်ရင်း ပြောနေ၏။
" ဟဲလို အေး ခင်လင်း ပြော အေး
အေးပါ ကျေးဇူးပဲ အဲဒါဆို သိမ်းထားလိုက်နော် ငါတို့စားသောက်ပြီးတာနဲ့ ဆိုင်ပဲလာခဲ့လိုက်မယ် အေး ကျေးဇူးတင်ပါတယ် အေး ဒါပဲနော်"
ကိုထူးက ဖုန်းချရင်း နောင့်ကို မျက်စလှမ်းပစ်ပြသည်။ ကျော်ခက အငမ်းမရမေး၏။
" နောင့်ပိုက်ဆံအိတ် ပြန်တွေ့တာလား ကိုထူး "
" ဟုတ်တယ် ခင်လင်းသိမ်းထားပေးတယ် ငါတို့စားေသာက်ပြီးတာနဲ့သွားယူကြမယ် ကဲ စားစရာရှိတာစားကြကွာ "
အခုမှ နောင်ပြုံးနိုင်တော့သည်။ နောင်စိတ်သက်သာရာရသွား၏။
မန်းမြို့တော်ပေါက်စီတစ်လုံးကို ယူစားရင်း လက်ကျန်လက်ဖက်ရည်ကို အပြတ်ရှင်းလိုက်သည်။ စားပွဲထိုးလေးကို ပိုက်ဆံခေါ်ရှင်းပြီးသည်နှင့် ကိုထူးခေါ်ရာ နောင်တို့လိုက်လာကြ၏။
ကိုထူးက သူ့ဆိုင်ရှိရာသို့ ကားကိုဦးတည်မောင်းလိုက်သည်။ ဆယ်မိနစ်လောက်ကြာတော့ နတ်သမီးကေတီဗွီရှေ့ရောက်လာ၏။ ကိုထူး ဖုန်းလှမ်းဆက်တော့ ကေတီဗွီထဲက ကောင်မလေးတစ်ယောက် ထွက်လာသည်။ ညက နောင်တို့တွေ့ရသည့်ပုံစံမျိုး မဟုတ်တော့ပါ။ ရိုးရိုးယဉ်ယဉ်လေးပင် ၀တ်စားထား၏။
ကိုထူးက လက်ပြရင်း စောင့်နေသည်။
ကောင်မလေးရောက်လာတော့ ကိုထူးနှင့်စကားပြောရင်း ကိုထူးက နောင့်ကို တံခါးလာဖွင့်ပေး၏။
" နောင် ဆင်းလာခဲ့ဦးကွ ခင်လင်းနဲ့မိတ်ဆက်ပေးမယ် ကျေးဇူးတင်စကား ဆင်းပြောဦး "
နောင်နှင့်ကျော်ခ ကားပေါ်မှ ဆင်းရင်း ကိုထူးေနာက်မှလိုက်ပြီး ခင်လင်းရပ်နေရာဆီ လှမ်းသွားလိုက်သည်။
" ခင်လင်း သူက ငါ့သူငယ်ချင်း ကဗျာဆရာလေးနောင်တဲ့ သူကတော့ ကျော်ခ နောင်နဲ့အဆောင်တူနေကြတယ် နင်လည်းမှတ်ထားနာ် "
" နောင် သူကတော့ ခင်လင်း ငါ့ကောင်မလေးရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ မင်းပိုက်ဆံအိတ်ကို သူတွေ့လို့မင်းပြန်ရတာ တခြားသူဆိုရင် ငါလည်း အာမ မခံနိုင်ဘူး "
ခင်လင်းကို စူးစမ်းပြီး နောင် စေ့စေ့စပ်စပ် ကြည့်မိသည်။ ညတုန်းက နောင်တွေ့
ခဲ့သည့် ကောင်မလေးပုံစံနှင့် အခုကောင်မလေးပုံစံက မတူဘဲ ကွဲပြားနေ၏။ အပြင်မှာတွေ့လျှင် ကေတီဗွီက ကောင်မလေးမှန်း ခွဲနိုင်မည်မဟုတ်။ နောင်သတိလက်လွတ်ငေးမိသည်ကြောင့်ထင့်။ ကောင်မလေးမျက်နှာက ရှက်ရွံ့သည့်ပုံစံနှင့် မျက်လွှာချသွားသည်။ နောင်အားနာပြီး တခြားကိုအကြည့်ပြန်လွှဲလိုက်၏။ နောင့်စိတ်ထဲ တစ်ခု ထူးဆန်းေနမိသည်။ မာနခဲအလင်းဖြူ၏ အချစ်ဆုံးသူငယ်ချင်းဆိုပါလား။ သူငယ်ချင်းချင်း အတူတူ
စိတ်ဓာတ်ကျ ဘာလို့ကွာခြားကြရတာပါလိမ့်။
" ကျေးဇူးတင်ပါတယ် မခင်လင်း ကျွန်တော့်ကိုလည်း ကိုထူးကိုခင်သလို ခင်နိုင်ပါတယ်နော် "
နောင်က ဖော်ဖော်ရွေရွေ နုတ်ဆက်တော့ ခင်လင်းဆိုသည့် ကောင်မလေး
က နောင့်ကို ရွှန်းလဲ့လဲ့ မျက်ဝန်းအစုံနှင့် ပြန်ကြည့်ပြီး ခေါင်းညိတ်ပြသည်။
ကိုထူးက သူ့လက်ထဲယူထားသည့် ပိုက်ဆံအိတ်ကို နောင့်လက်ထဲ လှမ်းထည့်ပြီး ခင်လင်းကို နုတ်ဆက်ကာ ကားပေါ်ပြန်တက်လာကြ၏။
ကိုထူးက နောင့်ကိုလှမ်းစပြီး မေးသည်။
" ခင်လင်းလှလား နောင် "
နောင် ဟက်ခနဲရယ်လိုက်သည်။ ပြီးမှ
" အေး လှတယ် ဒါပေမယ့် ငါ့ရှင်မကိုတော့ ဘယ်မိန်းကလေးမှမမှီဘူး "
ဟုဖြေလိုက်သည်။ ကိုထူးက အားကျမခံ
" အလင်းဖြူနဲ့ ဘယ်သူလှလဲ " ဟု
ထပ်မေးသည်။
နောင်မဖြေတော့ပါ။ ဆိတ်ဆိတ်နေခြင်းဖြင့် ပြုံးသာနေမိတော့၏။ အလင်းဖြူ၏ ကောင်းကင်ကိုမော့ကြည့်နေသည့် တခြမ်းစောင်းပုံလေးကို မြင်ယောင်လာသည်။ ပုံထဲမှာတော့ အလင်းဖြူက တော်တော်ချောမယ့်ပုံပါပင်။
အပြင်မှာတော့ နောင်မမြင်ဖူးသဖြင့်မသိ။ တစ်နေရာရောက်တော့ ကိုထူးက ကားကို ရပ်လိုက်သည်။
" လာ ဆင်းကြ ဒါ တို့မန္တလေးရဲ့ အထင်ကရ ဦးပိန်တံတားပဲ "
နောင်နှင့်ကျော်ခ ကားပေါ်က ဆင်းလိုက်ကြသည်နှင့် ကိုထူးက " သွားကြမယ် " ဟုခေါ်သည်။ နောင် ဦးပိန်တဝိုက်ကို သေချာအကဲခတ်လိုက်၏။ ဦးပိန်တံတားကြီးအား ဓါတ်ပုံထဲနှင့် ရုပ်ရှင်အချို့တွင် နောင်မြင်ဖူးသည်။
ယခုလို အပြင်မှာ မြင်ရသည့်အခါ နောင့်စိတ်ထဲ ကြည်နူးနေ၏။
ကိုထူးက နောင်တို့အား တံတားပေါ် ခေါ်လာ၏။ တံတားပေါ်
လူအများ ပြည့်သိပ်မတတ် လျှောက်နေကြသည်။ ကျော်ခက သူ့ဖုန်းနှင့် ဆယ်လ်ဖီဆွဲနေသည်။ ကျော်ခနှင့် နောင့်ကို
ကိုထူးက ပုံသဏ္ဍာန်အမျိုးမျိုး ရိုက်ပေး၏။ နောင်တို့သုံးယောက်တွဲအား
ဘေးနားဖြတ်သွားသည့် အစ်ကိုတစ်ယောက်ကို အကူညီတောင်းပြီး ရိုက်ခိုင်းရသေးသည်။
တံတားတစ်၀က်ေလာက်အထိ နောင်တို့လျှောက်ဖြစ်၏။
ဦးပိန်တံတားကနေ ဘေးပတ်၀န်းကျင်အား နောင်ငေးမောနေမိသေးသည်။
တအောင့်ကြာမှ ကိုထူးက နာရီကို တစ်ချက်ကြည့်ရင်း " လာ သွားကြမယ် " ဟုခေါ်သည်။ နောင်နှင့်ကျော်ခက ကိုထူးခေါ်ရာနောက် ပြန်လိုက်လာကြ၏။
ကိုထူးက တံတားပေါ်ကဆင်းလာပြီး တံတားအောက်ဘက်က ဆိုင်အချို့ဆီ ခေါ်လာသည်။ တစ်နေရာရောက်တော့ အကြော်ဆိုင် တစ်ဆိုင်အား တွေ့လိုက်ရ၏။
ထိုဆိုင်တွင် ခုံပုလေးများ စီချထားသည်ကိုလည်း တွေ့ရသည်။
နောင် ဆိုင်အတွင်း လှမ်းကြည့်တော့
နောင်မသိသည့် ကဗျာဆရာတစ်ယောက်၏ စာအုပ်မိတ်ဆက်ပွဲအား တွေ့လိုက်ရသည်။
ကိုထူးကိုတွေ့တော့ လူတစ်ယောက်က လက်ပြရင်း ထွက်လာ၏။
" ဟေး ထူးသစ် မင်းလာတယ်ပေါ့လေ ငါက မလာေတာ့ဘူးမှတ်နေတာ "
" အစ်ကိုကလဲဗျာ လာမှာပေါ့ လာမယ်ဂတိပေးထားတာကို "
" လာကွာ အထဲ၀င်ကြ ဧည့်သည်အနည်းငယ်စောင့်ပြီးရင် ပွဲစတော့မှာ "
ထိုလူခေါ်ရာနောက် နောင်တို့သုံးယောက် လိုက်လာကြ၏။
ထိုလူနေရာချပေးသည့်ခုံတွင်ပင် နောင်တို့ထိုင်လိုက်ကြသည်။ နောင်တို့ ရှေ့ကို
ကော်ဖီခွက် လေးများလာချပြီး အကြော်တစ်ပန်းကန်ပါ လာချပေး၏။ ကိုထူးက ထိုလူနှင့် နောင်တို့ကို မိတ်ဆက်ပေးသည်။
" အစ်ကို သူက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ကဗျာဆရာနောင်တဲ့ ဒီဘက် တစ်ယောက်က ကျော်ခ သူတို့နှစ်ယောက်စလုံး ရန်ကုန်မှာနေတယ် မန်းကိုအလည်ဘာကြတာအစ်ကိုေရ သူလည်း ကဗျာရေးတာ ဝါသနာပါတယ်
အစ်ကို သူ့ကို အစစ လက်တွဲခေါ်ပေးဖို့ အပ်ပါရစေ အစ်ကို "
ကိုထူးစကားအဆုံး ထိုလူက နောင့်ကို ပြုံးကြည့်ရင်း ခေါင်းညိတ်ပြသည်။
" နောင် သူကတော့ ငါတို့မန်းလေးက စာရေးဆရာတော်တော်များများ မသိသူ သိပ်မရှိဘူး ကဗျာဆရာ ခက်ဝေဆိုတာ သူပဲ သူ့ကဗျာတွေက ပရိသတ် သိပ်ကြိုက်တာ "
" တွေ့ရတာ ၀မ်းသာပါတယ် ဆရာခက်ဝေ "
" ကျွန်တော်ကလည်း အတူတူပါဗျာ ထူးသစ်သူငယ်ချင်းဆိုတော့ ကျွန်တော့်သူငယ်ချင်းပဲပေါ့ "
နောင်တို့နှင့် ခဏတာစကားပြောနေသည့်အချိန် တခြားဆရာ ၊ ဆရာမများ ရောက်လာကြသည့်အတွက် ဆရာခက်ဝေ ထသွားပြီး နုတ်ဆက်၏။
နာရီ၀က်သာသာကြာတော့မှ ဆရာခက်ဝေ၏ ကဗျာစာအုပ်မိတ်ဆက်ပွဲ စတင်တော့သည်။ နောင်မသိသည့် ဆရာ ၊ ဆရာမများစွားအား နောင်စတင်မြင်ရ၏။ နာမည်ကြီး ဆရာ၊ ဆရာမကြီးအချို့က မုဒိတာစကားပြောပြီးသည်နှင့် ဆရာခက်ဝေက အားလုံးကို ကျေးဇူးတင်စကားပြောဆိုပြီး ယခုထုတ်ဝေသည့် ကဗျာစာအုပ်ထဲမှ ကဗျာအချို့အား ရွတ်ပြသည်။
နောင့်ရင်ထဲ နားထောင်ကောင်းလွန်းသဖြင့် နားထောင်ပင်မ၀ပါ။ ဆရာခက်ဝေ၏ မိတ်ဆွေ ဆရာ ၊ ဆရာမများက အလှည့်ကျ ကဗျာရွတ်ပြီးသည်နှင့် နောက်ဆုံး ကဗျာစာအုပ်မိတ်ဆက်ပွဲက
အောင်အောင်မြင်မြင်ပြီးဆုံးသွားကြသည်။ ဆရာခက်ဝေက သူ့လက်မှတ်ထိုးနှင့် ကဗျာစာအုပ် လက်ဆောင်ပေးခဲ့သလို ၊ ကိုထူးက ဆရာခက်ဝေ၏ စာအုပ်အား ဆယ်အုပ်အားပေးခဲ့လေသည်။
ကဗျာစာအုပ်မိတ်ဆက်ပွဲပြီးတော့ ညနေပင် စောင်းလာလေ၏။ အားလုံးကို နုတ်ဆက်ပြီး ကိုထူးက ကားကို ဘုရားကြီးအရှေ့မုခ်ဘက် မောင်းလာသည်။
" မင်းတို့ကို ငါတို့ မန်းလေးရဲ့ နာမည်ကြီးတန်ခိုးကြီးတဲ့ ဘုရားလိုက်ပို့ပေးမယ် ရောက်ပြီ ဆင်းကြပါ "
ကိုထူးဆင်းခိုင်းသည်နှင့် နောင်နှင့်ကျော်ခ ဆင်းလိုက်ကြသည်။ နောင်က သူ့ကားကို ဘုန်းကြီးကျောင်းတစ်ကျောင်းရှေ့နား လမ်းဘေးမှာ ကပ်ရပ်ထားခဲ့ပြီး နောင်တို့အား ခေါ်လာ၏။
ကိုထူးက အေရှ့မုခ်ေပါက်၀ကပင် ဘုရားထဲကို၀င်ရန် ခေါ်သည်။
နောင်တို့သုံးယောက်ကို ပန်းသည်အဒေါ်ကြီးက ပန်းအတင်းခေါ်ရောင်းေတာ့ ကိုထူးက ပန်းစည်းများ၀ယ်ပြီး
မဟာမြတ်မုနိဘုရားကြီးဆီ လျှောက်လာသည်။ ဘုရားနားရောက်သည်နှင့် တန်ခိုးကြီးသည့် မဟာမြတ်မုနိဘုရားကြီးအား ရှိခိုးကန်တော့လိုက်ကြသည်။
ဘုရားပန်းများကပ်ပြီး ရွှေသင်္ကန်းပါ နောင်တို့ ထပ်ကပ်လိုက်၏။
ပြီးမှ အပြင်ပြန်ထွက်လာပြီး ကိုထူးကားထားရာ ပြန်လာကြသည်။
မဟာမြတ်မုနိဆီကနေ ကိုထူးက ကားကို တရွေ့ရွေ့ မောင်နေရာက ထိုးရပ်လိုက်၏။
' ကိုထူး ဘာဖြစ်လို့လဲ "
နောင့်အမေးကို ကိုထူးက တစ်နေ
ရာကို ငေးနေရာက တိုးတိုးဖြေသည်။
" အလင်းဖြူဆီ သွားချင်လို့ကွ ငါအရမ်းသတိရတယ်ကွာ "
နောင့်ရင်ထဲ စိတ်မကောင်းဖြစ်သွားရသည်။ ကိုထူးအချစ်ကို နောင် မလေးစားဘဲမနေနိုင်ပါ။
" ကိုထူး ငါဗိုက်ဆာတယ်ကွာ "
ကျော်ခအသံကြားမှ ကိုထူးအသိ၀င်လာပုံရသည်။ ကားကို ဆက်မောင်းရင်း
ဆိုင်တစ်ဆိုင်ရှေ့ ထိုးရပ်လိုက်သည်။
" ဆင်းကြ ဒီမှာ ဗိုက်ဖြည့်ကြမယ် "
ကိုထူးနောက်ကို နောင်နှင့်ကျော်ခပါ လိုက်လာကြ၏။
ဆိုင်ထဲ၀င်လိုက်သည်နှင့် လူတစ်ယောက်က လာနုတ်ဆက်သည်။
" ကိုထူး မင်းဧည့်သည်တွေလား "
နောင်တို့ကိုကြည့်ရင်း ထိုလူက စပ်စုသည်။ ကိုထူးက ခေါင်းညိတ်ပြရင်း ဝိတ်တာတွေကို ခေါ်ပြီး ဘာတွေမှာမှန်းမသိ ၊ တတွတ်တွတ်နှင့် မှာနေသည်။ ပြီးမှ
နောင်တို့ကို သီးသန့်အလုံခန်းထဲ ခေါ်သွား၏။ နောင်တို့၀င်လိုက်သည်နှင့်
ဝိတ်တာမလေးများက အနားလာပြီး
မေးသည်။
" ကိုထူး မှာပြီးပြီလား "
" အေး မှာထားတယ် ဆိုင်ကို ဒီနေ့ဘယ်သူလာလဲ "
" အန်တီလာတယ်ကိုထူး "
" အေးအေး "
တအောင့်ကြာသည်နှင့် ကိုထူးအရင်မှာသည့် ဝိတ်တာလေးက ဘီယာများ လာချပေးသည်။ ဘလက်လေဘယ် နှင့် ရေခဲ ပွဲပါလာချသည်။
ကျော်ခက ဘလက်လေဘယ်ကို ဖွင့်ပြီး ဖန်ခွက်ထဲထည့်ပြီး ရေခဲနှင့်စပ်သည်။ လာချသည့် ရေခဲစိမ်မြန်မာဘီယာကို လည်း မော့လေ၏။
နောက်တော့ ဟင်းလျာများ တဖြည်းဖြည်းလာချပေးသည်။
" ပုဇွန်အစိမ်းသုတ်ကို အမြန်ချပေးနော် "
ကိုထူးက ဝိတ်တာအချို့ကို ထပ်မှာသည်။ နောင်က ကိုထူးမှာသည်ကို ကြည့်ပြီး အားနာလာရ၏။
" ကိုထူး မင်းဟာကကွာ အရမ်းမမှာပါနဲ့ ငါတို့အားနာလာပြီ "
" ငါ့ဆီလာတဲ့အချိန် ငါ့တာ၀န်ပါကွာ ဘာမှအားမနာနဲ့ ဒါ ငါ့ဆိုင်ပါကွ "
ကိုထူးစကားကြားတော့ နောင်အံ့ဩသွားရသည်။ ကိုထူးချမ်းသာမှန်း သိသော်လည်း သည်လောက် ချမ်းသာမယ်မှန်းတော့ မတွေးမိပါ။
နောင်တို့ သောက်လို့ ပြီးခါနီးကျ
မှာထားသည့် ထမင်းနှင့် ဟင်းအစုံရောက်လာ၏။ ကျော်ခကတော့ ဘယ်လောက်ဆာနေမှန်းမသိပါ။ စကားပင်မပြောဘဲ အားရပါးရ စားနေသည်။
ကျော်ခကို ကြည့်၍ ကိုထူးနှင့်နောင် မတိုင်ပင်ထားဘဲ သဘောတကျ ရယ်လိုက်ကြ၏။ ထမင်းစားသောက်ပြီးသည်နှင့် ကိုထူးက နောင်တို့ကို
မန်းလေးကျုံးနား လိုက်ပို့သည်။ ကျုံးကို နောင်ရောက်ဖူးချင်သည်မှာအမှန်ပင်။
နောင်တို့ ကျုံးဘေးနားရောက်သွားတော့ လူများ တော်တော်စည်နေ၏။ ကိုထူးက ကားကို သင့်တင့်သည့်နေရာ၌ ရပ်ထားလိုက်သည်။ ကျုံးဘေးတစ်လျှောက် ဥဒဟို သွားလာေနကြသည့် လူများကို ငေးရင်း နောင့်စိတ်ထဲ ပျော်ရွင်လာမိ၏။
" ကိုထူး မန်းလေးသူတွေ တော်တော်လှတယ်ကွ "
ကျော်ခက သွားလာနေသည့် ကောင်မလေးများငေးရင်းဆိုသည်။
နောင်တိုသုံးယောက် လွတ်နေသည့် ခုံတန်းတစ်ခုေတွ့ေတာ့ အလုအယက်အပြေးလွှားထိုင်လိုက်ကြ၏။
လမ်းတစ်လျှောက် အတွဲများထိုင်နေကြသဖြင့် ခုံများက မလွတ်ပါ။ မိသားစုထိုင်ေနသည်က သုံးခုံလောက်သာ တွေ့ရ၏။
ခုံပေါ်ထိုင်ရင်း တစ်ဖက်မှာ မြင်နေရသည့် ကျုံးမြို့ရိုးကြီးကို ငေးရသည်မှာ
တကယ်လှသည်။ ကျုံးေရပြင်ပေါ်က
လှိုင်းကြက်ခွပ်လေးများ ပြေးနေကြသည်ကို ငေးရင်းနောင့်ရင်ထဲ ကဗျာတွေ အရမ်းစပ်ချင်နေတော့သည်။
" နောင် ငါတို့မန်းအလှ လှလား "
" လှတယ် ငါလာနေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ပန်းဝါဝါတွေ ပွင့်နေတာ တကယ်ကြည်နူးမိတယ် ဒီအလှကို ပုံထဲမှာ မြင်ဖူးကထဲက ငါ အရမ်းမြင်ချင်တာ ဒီနေရာလေး သိပ်လာချင်ေနတာကွ "
နောင်က ကျေကျေနပ်နပ် ဆိုလိုက်သည်။
" မန်းမှာ ဒိထက် လှတဲ့နေရာတွေ ရှိသေးတယ် မင်းကိုအနှံ့ပို့ပေးမယ် "
ကိုထူးစကားကြားတော့ နောင်ခေါင်းညိတ်ပြလိုက်၏။
" နောင် မင်းကိုငါမေးစရာရှိတယ် "
" မေးလေ ကိုထူး "
နောင်နှင့်ကိုထူး ပြောသမျှကို ၀င်မပြောဘဲ သွားလာေနသည့် ကောင်မလေးများငေးလိုက် ၊ ပန်းဝါဝါနှင့် မီးရောင်ကြား ဆယ်လ်ဖီအမျိူးမျိုးဆွဲနေသည့် ကျော်ခကတော့ သူ့အလုပ်နှင့်သူရှုပ်နေသည်။
" အချစ်က သိပ်နာကျင်ရတာပဲကွာ "
ကိုထူးအသံက အရမ်းဆွေးမြေ့နေသည့်အသံ။
" အေး ငါမေးမလို့ ကိုထူး မင်းနဲ့အလင်းဖြူ ဖြစ်သမျှ အေသးစိတ် ငါ့ကို ေပြာပြပါဦး "
နောင့်မေးသံအဆုံး ကိုထူးက အကျိုးအကြောင်း ရှင်းပြသည်။
ကိုထူးစကားအဆုံး နောင်ပင် စိတ်ထဲမွန်းကြပ်ကျန်ခဲ့ရ၏။ မာနကြီးလွန်းသည့် အလင်းဖြူ၏စိတ်ကိုလည်း စိတ်ထဲက တန်ဖိုးထားနေမိပြန်သည်။
" ခင်လင်းနဲ့ အလင်းဖြူက စရိုက်မတူကြဘဲ ဘာလို့အချစ်ဆုံးသူငယ်ချင်းဖြစ်နေရတာလဲ ကိုထူး ငါအရမ်းအံ့ဩလို့ပါ "
နောင်သိချင်နေသည့်အကြောင်းကို မမြိုသိပ်နိုင်ဘဲ နောင် မေးလိုက်မိ၏။
" သုတို့နှစ်ယောက်က မခွဲဘဲတွဲလာကျတာ ဆယ်နှစ်ကျော်လေ ခင်လင်းက သူ့အိမ်အဆင်မပြေလို့ ကေတီဗွီထဲ ၀င်ခဲ့ပေမယ့် မိန်းမပေါ့လေးမဟုတ်ပါဘူး
ကွာ ခင်လင်းစိတ်ကို ငါတို့သိတယ် နောင်ရ "
" အင်းပါ မနေ့ညထဲက ငါရိပ်မိသလောက် ရိပ်မိပါတယ် ခင်လင်းအကြောင်းသိရတော့ စိတ်တောင်မကောင်းမိပါဘူးကွာ မနေ့ညက ခင်လင်းဖုန်းနံပါတ်တောင် ငါတောင်းခဲ့မိသေးတယ် "
နောင့်စကားအဆုံး ကိုထူးက နောင့်ကိုစူးစမ်းသလိုကြည့်ရင်း မေးလာ၏။
" မင်း ခင်လင်းကို စိတ်၀င်စားနေတာလားနောင် "
" ဟာ မဟုတ်ပါဘူးကွာ မင်းကလဲ သူ့အကြောင်းသိရလို့ သနားတာပဲ ရှိပါတယ်ကွ ငါ့မှာ ငါချစ်ရသူက ရှိပြီးသား
ငါတို့နှစ်ယောက်ရဲ့သံယောဇဉ်က ဘယ်သူဖျက်လို့မှ မပြတ်နိုင်တဲ့ သံယောဇဉ်ကြိုးပါကွ ငါယုံတယ် တစ်နေ့ ရှင်မနဲ့ငါ ပြန်ဆုံကြရမယ်ဆိုတာ ငါယုံတယ် ကိုထူး "
နောင့်စကားအဆုံး ကိုထူးက ကျုံးရေပြင်ကို ငေးနေလေ၏။ ပြီးမှ လေးတွဲ့တွဲ့ဖြေသည်။
" ဟုတ်တာပေါ့ အချစ်ဆိုတာ ယုံကြည်ချက်နဲ့ မျှော်လင့်ေနတတ်ဖို့ လိုတယ်
ငါလည်း အလင်းဖြူအချစ်ကို မရရအောင် ကြိုးစားမယ် သူ့အနားမှာ အရိပ်လိုပြန်နေရမယ် သူဘယ်လောက်မောင်းထုတ်ထုတ် သူ့အနားက ဘယ်မှမသွားဘဲ ငါနေနိုင်ရမှာပေါ့ ကျေးဇူးပဲနောင် အလင်းဖြူအနားက ထွက်သွားဖို့လုပ်နေတဲ့ ငါ့စိတ်ကို မင်းစကားက သတိပေးလိုက်တာပဲ အလင်းဖြူအတွက် ငါ့စိတ်ကို ငါပြန်ပြင်ဆင်ရမယ် "
ကိုထူးစကားက နောင့်စိတ်ကို စနောင့်စနင်းဖြစ်စေရသည်က အမှန်။
ထိုညက ကျုံးဘေးမှာ အကြာထိုင်ပြီး
စကားပြောဖြစ်ကြ၏။ လေတဖြူးဖြူး တိုက်ခတ်နေသည့် ကျုံးလေက ကြာတော့ နောင့်ကို ချမ်းစိမ့်စိမ့်ပင် ဖြစ်လာစေသည်။ ညကိုးနာရီထိုးတော့ ကျုံးဘေးမှ ကိုထူးအိမ်သို့ ပြန်လာကြ၏။
အိမ်ရောက်သည်နှင့် ကုတင်ပေါ် ခဏ ပစ်လှဲပြီး ခဏနားပြီးမှ ရေမိုးချိုးကြသည်။ ရေချိုးပြီးတော့ စိတ်က လန်းသွားသလို ရှိ၏။
နောင့်ရင်ထဲ ကဗျာတစ်ပုဒ် ချရေးချင်သည်နှင့် ချရေးမိလိုက်သည်။
ရေးပြီးသည်နှင့် နောင် ကဗျာလေး ကို ပိုစ့်တင်လိုက်၏။ like နှင့် com တွေ ပလူပျံနေသော်လည်း နောင်ပြန်မကြည့်အားပါ။
ဆယ့်နှစ်ရာသီ မီးစိမ်းနေသည့် အလင်းဖြူအကောင့်လေးကို နောင် အဓိပ္ပါယ်မဲ့ ေငးကြည့်ေနမိ၏။
အလင်းဖြူ ပိုစ့်တစ်ခု တင်သည်ကို နောင်တွေ့လိုက်ရသည်။
ထိုပိုစ့်ကို ဖတ်၍ အလင်းဖြူတင်ထားသည့် ပုံလေးကို ကြည့်လိုက်စဉ်တခဏ နောင့်တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရင်လာပြီး
နောင့်လက်ထဲရှိ ဖုန်းက အလိုလိုလွတ်ကျသွားရလေသည်။
" ဟင် "
**************