ပါးပြင်ပေါ် ကြွေကျလာသော မျက်ရည်များအား ပွတ်သုတ်လိုက်သည်။ ရင်တစ်ခုလုံး နင့်မောနေသယောင်။ မျက်
နှာတစ်ခုလုံးမို့အစ်လာသလိုပင်။
" ဖြူနု နင်ငိုထားတာလား "
အတူတူလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းမလေး ခမ်းအေးအား ခေါင်းခါပြလိုက်၏။ ယခုအချိန်တွင် မည်သူ့ကိုမှ ဝေဖန်အပြစ်မတင်ချင်တော့ပါ။
ဖြူနုနောင်တခဏခဏရခဲ့ရသည်ကို မည်သူမှမသိကြ။ သည်အလုပ်ကို ဖြူနု ဝါသနာမပါပါ။ သို့သော် အိမ်မှ အဒေါ် ၊ အစ်မများဆန္ဒများကို ဖြူနုလွန်ဆန်မရခဲ့ခြင်းသာ။
" ဒီမှာ ဆရာမ လူနာဆေးသွင်းထားတာမကျပြန်ဘူး လာကြည့်ပေးပါ "
လူနာစောင့်တစ်ယောက်လာခေါ်တော့ ဖြူနုနေမရပြန်။ အပြေးအလွှား လိုက်ကြည့် လုပ်ပေးရပြန်သည်။
" ဆရာမလေး ကျွန်မလူနာ လာကြည့်ပေးပါဦး အမောဖေါက်နေလို့ "
နားမည်မှမကျန်သေး။ အပြေးလိုက်ရပြန်သည်။ လူနာရှင်တွေ ၊ လူနာတွေ အိပ်ပျော်ကုန်မှ ခုံတန်းလျားလေးပေါ် လှဲချလိုက်၏။ အိပ်ချင်လွန်းသဖြင့် မျက်စိကမဖွင့်ချင်တော့။ အိမ်မှတစ်ထွာမကမြင့်သော မွေ့ယာရာ က ဘယ်ဆီနေမှန်းမသိ။ အပျိုလေးဆိုသော အသိကို
မထိမ်းသိမ်းနိုင်။ ရသည့်အချိန်အား ဖြစ်သလိုအိပ်စက်လိုက်ရသည်။
သည်လိုညမျိုးက ဖြူနုအတွက် မရေတွက်နိုင်တော့။
ဆရာဝန်ကြီး ဝေါင်းရ် မလှည့်ခင် လူနာတွေကို သတိပေးရင်း အလှည့်ကျ မှတ်ယူလေ့လာရသည်။ ဆရာဝန်ကြီးနောက်လိုက်ပြီး သူညွှန်ကြားရာ မှတ်ပြီး
မလွဲစေဖို့သတိထားရသေး၏။ လွဲပါက လူနာတွေရှေ့ အဆူခံရသည်။ အော်ငေါက်တတ်သေးသည်။ ခုတော့လည်း ဖြူနုအတွက် ရိုးလာပါပြီ။
တစခချိန် ဖြူနုမြင်ေယာင်ခဲ့သည်က ဆရာဝန်ချောချောလေး သွားရာနောက် တကောက်ကောက်လိုက်ရင်း လှပကျော့ရှင်းနေသော ပုံသဏ္ဍန်။
"ဆရာမ လူနာကိုသန့်ရှင်းပေးလိုက်ပါဦး "
ဖြူနုနှင့် ခမ်းအေး နှစ်ယောက်လုံး ခွဲစိတ်ခံထားရသည့်လူနာကို သန့်ရှင်းရေးလုပ်လိုက်ရသည်။ နံစော်နေသော မစင်နံ့ကြီးက ဆိုးရွားလေစွ။ နှာခေါင်းကိုစည်းထားသည့် mask မတ်စ် က မည်မျှလုံခြုံမှု့ ပေးနိုင်သနည်း။ အိမ်ကို ပြေးသတိရလိုက်သေးသည်။
ဖြူနုထမင်းစားခါနီး တံထွေး ထွီကနဲထွေးလျှင်ပင်မရ။ စားသည့်ထမင်းကို ရပ်တန့်ထားပြီး တပျို့ပျို့နှင့် ထိုးအန်တတ်သည့် ဖြူနုက ခုတော့လည်း ရွံရှာခြင်းကို မေ့ခဲ့လေပြီ။ ဖြူနု ကြိတ် crush နေသော ဆရာဝန်ချောချောလေးတစ်ယောက်ရှိသေးသည်။ သူက ရုပ်ရည်ခန့်ငြားသော်လည်း အနေတည်သည်။ စမတ်ကျသော အပြုံးတစ်ပွင့် အမြဲတမ်းနုတ်ခမ်းပေါ်နေရာယူသော်လည်း ဆူစရာရှိလျှင် ဘယ်မျက်နှာမှမထောက်တတ်။ အားလုံးရှေ့ ၊ လူနာရှေ့ ပက်ပက်စက်စက်အဆိုခံရသည်။ ထိုအခါတိုင်း ဖြူနု တိတ်တိတ်လေး ကြိတ်မျက်ရည်ကျရစမြဲ။ သူ့ရှေ့တော့ ဖြူနုကဟန်ဆောင်ကောင်းသည်။
ဖြူနုကသာ စိတ်ဝင်စား၍ သူကတော့ ဖြူနုကို ရှိသည်တောင်မထင်။
တချိန်တုန်းက အဖြစ်များကို ဖြူနုမှတ်မိနေသေး၏။ ဆယ်တန်းအောင်တော့ ဖြူနု ဂုဏ်ထူးလေးဘာသာပါခဲ့သည်။ ဖြူနုကို အိမ်ကဖြစ်စေချင်ကြသည်မှာ ဆရာဝန်။ အမှတ်ကမမှီတော့ ဆရာဝန်လိုင်းမရခဲ့ပါ။ ဖြူနုကတော့ တိတ်တိတ်ကြိတ်ဝမ်းသာမိသည်။ ဖြူနုလုပ်ချင်သည်က တခြားအလုပ်။ ကိုယ်ပိုင်ဆိုင်လေးဖွင့်ပြီး ဝါသနာပါသောစာတိုပေစများရေးချင်ခြင်းပင်။
" မိဖြူနု ညည်းဆေးမှတ်မမှီရင် သူနာပြုလျှောက်ရမယ် "
" ဟာ ဖြူနုမလုပ်ချင်ဘူးဒေါ်လေး
ဝါသနာမပါဘူး "
ဖြူနု ခါးခါးသီးသီးပြန်ပြောလိုက်သည်။
ဒေါသူပုန်ထကာ ဒေါ်လေးတစ်ယောက်ကဆုန်ပေါက်လေပြီ။
" ညည်းက ကျုပ်စကားကို ခုကထဲက အာခံနေပြီပေါ့ ဟုတ်လား ကျုပ်ကတော့ တူမလေးဆိုပေမယ့် သမီးလေးအရင်းလိုချစ်လိုက်ရတာ ညည်းသာကျုပ်ဘဝလို့ မှတ်ထင်ထားတာပါမိဖြူနုရဲ့ "
ဒေါ်လေးပြောသည့် စကားများ နားထောင်ပြီး ဖြူနုရင်ထဲနာကျင်သွားရသည်။
အားကိုးတကြီး မေမေ့ကိုလှမ်းကြည့်မိေတာ့ မေမေက ဖြူနုကိုပြုံးပြသည်။
" သမီးလေးကလဲ လူကြီးတွေကသင့်တယ်ထင်ရင် နားထောင်ရတယ်လေ "
မေမေ့စကားအဆုံး ဒေါ်လေးစကားကို ဖြူနုနားထောင်လိုက်ရတော့သည်။
" သူနာပြုဆိုတာ ကြွကြွရွရွလေး ဆရာဝန်နောက်တကောက်ကောက်လိုက်နေရုံလေး ကိုယ်ဆရာဝန်မဖြစ်ပေမယ့် ဆရာဝန်ကတော်တော့ဖြစ်ခွင့်ရတယ်
ဒီမှာသမီး ငါ့သမီးက ဖြူဖြူနုနု
ချောချောလေး ဆရာဝန်ကတော်ပဲ ဖြစ်ရမယ် "
" ဒေါ်လေးကလဲ သူများကြားရင် ရှက်စရာ "
ဒေါ်လေးပြောနေသည်များ နားထောင်ရင်း ဖြူနုပါးပြင်လေး ၌ ပန်းနုရောင်ပြေးသွားသည်။
" ဟဲ့ အဲဒါရှက်စရာမဟုတ်ဘူးအေ့ အပြင်မှာနေသူတစ်ယောက်က ဆရာဝန်ကတော်ဖြစ်ဖို့ တော်တော်ခဲယဉ်းတယ်လေ
သူနာပြုကျတော့ ဆရာဝန်သွားရာတကောက်ကောက်လိုက်နေရတာ နေ့စဉ်မြင်တွေ့ အနေကနီးပါဘိ ကိုယ်ကြိုက်တဲ့ဆရာဝန်ကို အပိုင်ချည်ရုံပဲ "
ဒေါ်လေးပြောခဲ့သည့်စကားများက ဖြူနုအတွက်တော့ နားရှက်စရာ။ သို့သော် ဒေါ်လေးစကားကို ဖြူနုလွန်ဆန်မရပါ။
ဖြူနုအားလုံးကို လက်မြှောက်အရှုံးပေးခဲ့ရသည်။ ယခုအားလုံးဖြစ်စေချင်သောဘဝကို ဖြူနုရခဲ့သော်လည်း ဖြူနုပျော်မရ။ မည်သူမှ ဖြူနုအစားဝင်ခံစားပေးလို့မရကြ။ ဆရာဝန်နားကပ်ခွင့်ရသည်မှန်သော်လည်း ဆရာဝန်တိုင်းဖြူနုနှလုံးသားက ချစ်မရပြန်။ အချစ်မပါဘဲ ဖြူနု ဘဝကိုမတည်ဆောက်ချင်ပါ။
" ဖြူနု ဟိုမှာ ဆရာလှမ်းကြည့်နေတယ်
နင့်ကို "
ခမ်းအေးဆိုတော့ ဆရာရှိရာ ဖြူနုလှမ်းကြည့်လိုက်သည်။ ဖြူနကိုငေးနေသည့်ဆရာ။ ရင်သည်ဒိန်းခနဲ ၊ ဒုတ်ခနဲ။ ဆရာ့အကြည့်နှင့်ဆုံရတိုင်း ဖြူနုရင်ခုန်ခဲ့ရသည်။ ဖြူနုရင်ထဲ တိတ်တိတ်ကလေးမျှော်လင့်နေမိရသည်။ ဆရာ့အပြုံးလေးများက နာကျင်နောင်တရနေသည့် ဖြူနုရင်ထဲကို ပါးပါးလေးသက်သာစေသည်။ မနက်ကဆူပွက်နေသော ဆရာ့ပုံစံမဟုတ်တော့သဖြင့် အနည်းငယ် စိတ်ထဲကြည်လင်လာ၏။
ဆရာကတော့ ဖြူနုကိုလူကြားမရှောင်ဆူလိုက်ရသည်ကို သတိမရတော့ဟန်။ ဖြူနုမှာသာ တွေးလေ နာကျင်လေ။
***********
" ဆရာမရေ ဒီလူနာကို သွေးဖေါက်မယ်နော် "
ဖြူနုထိတ်လန့်တကြားဆရာ့ကို မော့ကြည့်တော့ ဆရာကဘာမှမဖြစ်သလိုရယ်။
သည်လူနာ၏သွေးကို ဖြူနုမဖောက်ချင်။ ဖြူနု စိတ်ထဲကသာ အသည်းအသန်ငြင်းပစ်လိုက်၏။ အပြင်ကိုထွက်မလာဘဲ ဖြူနုငြင်းဆန်သံက ရင်ထဲမှာသာ ဟီးလေးထနေသည်။ သက်ပြင်းကိုမှုတ်ထုတ်ရင်း မျက်နှာလေးကညှိုးေနမိမည်ထင်၏။ သတိထားရင်းနှင့် အပ်ဖျားက လက်ထိပ်ကိုလာစူးသည်။ ရင်သည် အစိုးရိမ်ပိုလာကာ မျက်ရည်ကြည်များ ရစ်ဝိုင်းလာကြ၏။ အားကိုးတကြီးဆရာ့ကို
မော့ကြည့်တော့
" ဆရာမ ရပြီလား ရရင် ဓါတ်ခွဲခန်းပို့လိုက်တော့ "
ဟုဆိုသည်။
" ဟုတ်ဆရာ "
စိတ်ထဲမှာ စိုးရိမ်ကြောင့်ကြစိတ်အပြည့်နှင့် နေနေရသော်လည်း အပြင်ထွက်လာသည့်စကားကတော့ "ဟုတ်ဆရာ"ပင်။
' ဖြူနု ဆေးကြိုသောက်ထားနော် နင့်လက်အပ်စူးသွားတာ "
ခမ်းအေးကို ခေါင်းညိတ်ပြလိုက်သော်လည်း ဖြူနုပူနေသည့်စိတ်က လျော့ပါးမသွား။ တစ်နှစ်က ဆရာမတစ်ယောက် အိပ်စ်အိုင်ဗွီ HIV အမျိုးသားလူနာဆီကတစ်ဆင့်မထင်မှတ်ဘဲ ကူးစက်ရောဂါရသွားသည်မှာလည်း ခုလိုမျိုးပင်။ ဖြူနုတို့ဆရာမဘဝတွေသည်လည်း အန္တရာယ်နှင့်မသိမသာ ဆော့ကစားနေရသည်ကို မည်သူမှမသိကြပါ။
ဆေးရုံသည် လူနာများအား ရောဂါဝေဒနာ ပျောက်ကင်းစေရာ နေရာဖြစ်သလို ၊
ရောဂါပိုးစုဆုံသော နေရာတစ်ခုဆိုလည်းမမှားပါ။ လူစုံ ၊ နေရာစုံ သလို ရောဂါလည်းစုံသည်။
" ဆရာမ လက်အပ်စူးတာ ကာကွယ်ဆေး ကြိုသောက်ဦးနော် "
ဆရာက သတိလှမ်းပေးတော့ ဖြူနုတိတ်တိတ်လေး ပြုံးမိသွားသည်။ စိတ်ထဲလည်းကြည်နူးသွားရ၏။ ဒေါ်လေးကို မြင်စေချင်မိသည်။ ဖြူနုလုပ်နေရသော
အရာများတွေ့ခဲ့ပါက ဒေါ်လေးဘာပြောမည်လဲဟု ဖြူနုတွေးမိသည်။
ဖြူနုရင်ထဲ ဆရာကတဖြည်းဖြည်းနေရာယူလာခဲ့ပြီ။ ဒေါ်လေးဆိုခဲ့သလို ဆရာဝန်ကိုအပိုင်ဖမ်းချင်သောစိတ်ကြောင့်မဟုတ်တာ သေချာပါ၏။
" ဆရာမ ကျွန်တော့်ကိုကော်ဖီတစ်ခွက်လောက် ဖျော်ပေးပါလား အရမ်းအိပ်ချင်တယ် မွေးလူနာကို ခွဲစိတ်ဖို့က ရှိနေတော့ အိပ်ချင်လို့မဖြစ်သေးဘူး "
ဆရာပြောတော့ ဖြူနုပျော်သွားသည်။ ခပ်သွက်သွက် စူပါတစ်ခွက်ထဖျော်လိုက်၏။ အိပ်ချင်၍မဖြစ်။ တစ်စုံတစ်ခုအတွက် ဆရာ့ကို စိတ်ပူပေးရပြန်သည်။
ဖြူနုဖျော်ပေးသည့် ကော်ဖီသောက်ရင်း ဆရာက ဖုန်းဖွင့်ကြည့်နေသည်။
တစ်ချက်တစ်ချက် ပြုံးသွားသောဆရာ့အပြုံးကို ဖြူနု တိတ်တိတ်ကြိတ်ငေးမိနေရ၏။ နာရီဝက်လောက်ထိုင်ရသေးသည်။ ဆိုင်ကယ်အက်ဆီးဒင့်ကြောင့် အရေးပေါ်လူနာရောက်လာသဖြင့် အနားယူချိန်ပင်မနားရရှာဘဲ ဖြူနုတို့ဆရာမတွေနှင့် ဆရာက ရှေ့ပြေးပြေးရတော့သည်။ လူနာကို ထိခိုက်မှု့များစစ်ဆေးပြီး လိုအပ်သည့် ကုသမှု့များလုပ်ရပြန်၏။ လူနာက ဆယ့်နှစ်ချက်ချုပ်ရသဖြင့် ထုံဆေးနှင့်ဆို အနာကျက်နှေးမည်စိုးသဖြင့် အစိမ်းချုပ်ချုပ်ရသည်။
လူနာ၏အော်ဟစ်သံက ပွက်ပွက်ညံမက ဆူညံသွားသည်။
လူနာများအော်သံ ၊ ညည်းသံများပြည့်နေသောဆေးရုံသည် တခါတခါ ကျ ဖြူနုတို့ကိုပင် တရားပေါက်စေလေ၏။
ဒေါလေးထင်နေသော" ကျော့ကျော့လေး ဆရာဝန်နောက်လိုက်ရသည် " ဆိုသည့် စကားက အဘယ်မှာ မှန်သနည်း။
*************
" ဒီလူနာကို ချုပ်ရိုးဆေးထည့်ပေးတာ
ဘယ်သူလဲ "
ဆရာဝန်ကြီးနောက်ကို ဆရာနှင့်အတူ ဖြူနုတို့ပါလိုက်ရ၏။ ထိုလူနာက ဖြူနုတာဝန်ယူထားရသူ။ တီဘီအကြိတ် အူမှာတွေ့၍ အူခွဲပြီးစပ်ထားရသူဖြစ်သည်။ အော်ပရေးရှင်း နှစ်ခါဝင်ထားရ၍ ပထမတစ်ခါ လာတက်တုန်းက သက်သာပြီးဆင်းသွားမှ ဆယ့်ငါးရက်ကြာ
ဆေးရုံပြန်ရောက်လာပြီး ထပ်ခွဲရသူ။
ယခု ဒုတိယအခါကျ ချုပ်ရိုးကတော်တော်နှင့်မကျက်သဖြင့် အဆူခံရပြန်သည်။ ဆရာဝန်ကြီးပြောသည်ကို သေချာမှတ်သားထားရ၏။ တီဘီရောဂါသည် ဖြစ်သဖြင့် ဆေးပတ်လည်အောင် သောက်ဖို့ ခဏခဏ ပြောပေးေနရသည်။ ဗိုက်ခွဲထားသော လူနာဖြစ်သဖြင့် မတည့်သည့်အစာများမစားရန် သတိပေးရပြန်၏။ ထိုသို့ပြောနေရင်းမှ မတည့်သည့်အစာ ခိုးစားပုံရသည်။ ခွဲစိတ်ထားသော
ဗိုက် ပွင့်ထွက်သွားသဖြင့် အော်ပရေးရှင်း ပြန်ဝင်ရပြန်သည်။ အရင်တစ်ခါလိုပုံမှန်ကြိုးဖြင့် ချုပ်မရတော့ ဆေးသွင်းသည့် ပိုက်ကြိုးအမျိုးအစားနှင့် ချုပ်ရလေ၏။ နေ့စဉ်ဆေးထည့်သည့်အခါလည်း ဖြူနုသတိထားဂရုစိုက်ပြီး ထည့်ပေးရသည်။ ထိုလူနာ၏ချုပ်ရိုးက
အကျက်နှေးသဖြင့် ဖြူနုပင်ကြားကပူပန်နေရသေးသည်။
တခါတခါ အိမ်သတိရဖို့ပင် အချိန်မရ။
အိမ်ကဖုန်းလာသဖြင့် ကိုင်လိုက်တော့ ဒေါ်လေးနှင့်တွေ့ရသည်။
" ဖြူနု သမီး ညည်းအမေ တော်တော်နေမကောင်း ဖြစ်နေလို့ ပြန်လာခဲ့ပါလား "
" ဟုတ် ဒေါ်လေး ဖြူနုခွင့်ယူပြီးလာခဲ့မယ် "
မေမေက တော်ရုံနေမကောင်းဖြစ်ရုံနှင့်မမှာတတ်ပါ။ ဖြူနုစိတ်ပူရသည်။ ဖြူနု အထက်ကိုခွင့်တင်လိုက်၏။ ခွင့်မရေတာ့ စိတ်ဓာတ်ကျမိသည်။ မေမေ့ကိုတွေးပြီးစိတ်ပူနေရ၏။ ဖြူနု ကြိတ်ကြိတ်ပြီး ငိုမိသည်။ ခွင့်မရကြောင်းအိမ်ကို ပြောတော့ ဒေါ်လေးကစိတ်မြန်သူပီပီ ဒေါသူပုန်ထသည်။ အလုပ်ထွက်တော့ဟုဆို၏။ သို့သော် ထွက်လို့မဖြစ်ပါ။ ဒေါ်လေးကျေနပ်အောင်သာ ချွေးသိပ်လိုက်ရသည်။ ဖြူနုရင်ထဲမှာ ဆရာရှိနေပြီ။ ဆရာ မရှိသောအရပ်မှာ ဖြူနုနေနိုင်ပါ့မလား။ ဆရာ့အပြုံး ၊ ဆရာ့ဆူသံတွေက ဖြူနုနေ့တိုင်းကြားချင်နေသော ဂီတသံဖြစ်ခဲ့ရလေပြီ။
" ဖြူနု "
ခမ်းအေးကို မေးဆတ်ပြလိုက်၏။ လက်ကမအားသေးသဖြင့် ခမ်းအေးလှမ်းပေးသောအရာကို ယူမရသေး။
" အဘ မရှက်နဲ့နော် နောက်ဖေးသွားစရာရှိရင်သွားသာသွား ကျန်းမာရေးလောက်ဘာမှအရေးမကြီးဘူး "
ကုတင်ပေါ်မှ မသွားနိုင်သူ အဘတစ်ယောက်က ရှက်ပြီး ဝမ်းမသွားသဖြင့် ဖြူနုမှာ ဆိုရသေးသည်။ အကျင့်မရှိကြသလို လူအများနှင့်ဆိုတော့ ရှက်ပြီးအောင့်ထားသဖြင့်တဖွဖွ သတိပေးရပြန်၏။ သူနာပြုဆရာမဘဝအား အားကျသူများကို ဖြူနု ပြချင်ပါသည်။ ပိုက်ဆံရှိသော အသိုင်းဝိုင်းတစ်ချို့ရှိသေးသည်။ ဆေးရုံရောက်လာလျှင် သူနာပြုများကို သူတို့အတွက် ပိုက်ဆံပေးခိုင်းဖို့ခေါ်ထားသူတစ်ယောက်လို မြင်ကြသေးသည်။ စကားပြောလျှင်အထက်စီးဆန် အမိန့်ပေးချင်ကြသေးသည်။ ခမ်းအေးပေးသော အရာကို ဖြူနုလှမ်းယူလိုက်၏။ ပြီးမှ
" ဘာလဲဟ "
ဟုမေးလိုက်သည်။ ခမ်းအေးက
" ဖွင့်ကြည့် "ဟုဆိုပြီး ဖြူနုနားက ထွက်သွားသည်။ လက်ထဲက လှပသည့်စာအိတ်လေးကို ဖွင့်းကြည့်လိုက်၏။
" ဟင် "
ရင်သည် နင့်ကျင်သွား၏။ နှလုံးသားက နာကျင်သွားသည်။ ဖြူနုပါးပြင်ပေါ် မျက်ရည်များ။ စီးဆင်းကျလာသည်။ နှလုံးသားတစ်ခုလုံးလှပ်ဟာသွားသည့်နှယ်။ လိုက်ဖက်တင့်တယ်လှသော အတွဲလေးတစ်တွဲ၏ဂုဏ်ပကာသနက လှပနေကြသည်။
ဒေါ်လေးစီမံကိန်း ယခုထိမအောင်မြင်သလို ဖြူနုလုံးသားလေးလည်း ယခုထိအလိုမကျသေး။ မျှော်လင့်နေသောနှလုံးသားက လက်ပန်းကျလာ၏။ အရာရာသည် ဖြူနုအနား ရောက်မလာခဲ့သေးမဟုတ်လား။
***********
" ဟဲ့ နီနီ ဘယ်လဲ ဟိုဘက်က
အခုမှရောက်တဲ့ လူနာရဲ့ဖိုင် ဘယ်မှာလဲ လာပြစမ်း "
ဖြူနုအော်တော့ နီနီဆိုသည့် ဆရာမပေါက်စလေးက အပြေးလေးခေါင်းတညိတ်ညိတ်။
" ဟယ် သားသားလာ တီတီ့ဆီ
ဘာတွေစားလာကြလဲ ပြောစမ်း "
ဖြူဖွေးပြီး ချောမောသော ဆရာ့သားအငယ်ကောင်ပင် ဆယ်နှစ်ထဲရောက်လာခဲ့လေပြီ။ ဖြူနုကိုလွန်စွာခင်လေ၏။ ဆရာတို့လင်မယားလည်း ရုံအုပ်အနေနှင့် မကြာခင် ကလောမြို့သို့ ပြောင်းရွှေကြရတော့မည်။ ခမ်းအေးတစ်ယောက်လည်း အိမ်ထောင်ကျ၍ သားသမီးတွေတပုံတပင်။ ဖြူနုကလည်း အနီဝတ်ဆရာမလေးမှ အပြာဝတ်သို့ ပြောင်းခဲ့ရသည်မှာကြာပြီ။ ရတာမလိုရင်း ၊ လိုတာမရရင်း ဒေါ်လေး၏စီမံကိန်းက တဖြည်းဖြည်းဝေးလာခဲ့တော့သည်။
ဆုပြည့်ဝ