"ဘာမှမတွေ့ပါဘူး ဘာပြုတ်ကျမှန်းမသိဘူး "
အိမ်ရှင် သူ့သူဌေးမဒေါ်နန်းယုအသံကြောင့် သူ့အတွေးအိမ်ကနေ လန့်နိုးလာရသည်။
ရင်တစ်ခုလုံးနွမ်းလျနေရသည်။ တသက်လုံး သူတန်ဖိုးထားခဲ့သော သူ့ကိုယ့်ကျင့်တရားအား ခုတော့ သူကိုယ်တိုင်အရောင်ဆိုးနေရပြီ။ တသက်တာချွတ်၍ မဖြူတော့သော အမည်းစွန်းထင်းမှု့ကို သူလက်ခံလိုက်ပြီလား။ သူခုနေ သေပစ်လိုက်ချင်ပါသည်။ သူ့သမီးလေးနေရာအား သူကိုယ်တိုင် အစားဝင်ခွင့်ရမည်ဆို ဘယ်လောက်ကောင်းမည်လဲ။ သူ့သိက္ခာကို သူ့အသက်ထက် သူတန်ဖိုးထားပါသည်။ သူ့ကိုယ်ကျင့်တရားအတွက် ရိုးသားမှု့ဂုဏ်ကို သူတစ်သက်လုံးဆောင်ထားခဲ့ခြင်းပါ။ ငွေကြေးဆင်းရဲသော်လည်း သူချမ်းသာခဲ့သည်က သူ့ကိုယ်ကျင့်သိက္ခာ ။
"ထွန်းဦးရေ. ဒီလကစ လခထပ်တိုးပေးမယ်နော်"
ဟိုရက်ကစ ပြောလာသော သူ့အလုပ်ရှင်ဒေါ်ယုအသံကို
နားမှာကြားယောင်လာသည်။ သူ့မိသားစုအပေါ် ကျေးဇူးတရားကြီးမားလှသော ကျေးဇူးရှင်များကို သူပစ်မှားဖို့ ကြိုးစားနေခြင်းပါလား။ သံသရာအဆက်ဆက် မပြစ်မှားသင့်သော ခင်ပွန်းကြီးဆယ်ပါးကို ပစ်မှားမိရုံမက ကံငါးပါးထဲမှ အဒိန္နဒါနာဆိုသော သူတစ်ပါးပစ္စည်းအား မသိအောင်ခိုးယူသော ပစ်မှု့ကြီးအား သူကျူးလွန်နေမိပြီလေ။ သမီးအသက်ကို ကယ်နိုင်ခဲ့သည့်တိုင် အညွန့်တလူလူတက်နေသော သူ့သားသမီးတွေ၏နောင်ရေး အစစမှာ သူခိုးသားသမီး ဘဝရောက်ရသလို ၊ သားရေပေါ်အိပ် ၊ သားရေနားစားသော နာမည်ဆိုးကို အဆင့်အောက်ဆုံးမှာကျသော ခွေးဘဝနှင့်အညီ သူပိုင်ဆိုင်ရတော့မည်။ နောင်တ အသိတရားတွေ လှိမ့်ဝင်လာသဖြင့် သူ့အမှားတွေသူမြင်လာရသည်။
" ရှူး ရှူး ခူး ခေါ. ခူး ခေါ "
ကုတင်ပေါ်မှ တစ်ရှူးရှူး ၊ တစ်ခေါခေါ ဟောက်သံတွေကြားတော့
သူအသာယာ ကုတင်အောက်က ထွက်လိုက်သည်။ သူ့ရင်ခွင်ထဲပွေ့ပိုက်ထားမိသော ငွေထုတ်အား ရွံရှာစက်ဆုပ်ဖွယ်အဖြစ် မြင်လာသည်။ သူ့ဘဝအား
အခါခါသေစေမည့် သည်ငွေစက္ကူအထပ်တွေအား သူမက်မောသောစိတ်တွေ ပျောက်ဆုံးသွားရပြီ။
အသာအယာ ဗီရို နားကပ်ကာ ၊ ထားနေကျနေရာတွင် ငွေစက္ကူတွေ အသာပြန်ထားလိုက်သည်။ သူ့ဆုံးဖြတ်ချက်ကို သူမပြင်တော့ပါ။ ခဏတာလေး မကောင်းမှု့ကျူးလွန်ဖို့ကြိုးစားချိန်တွင် သူဆယ်ဘဝစာလောက်ငရဲခံနေရသည်။ စိတ်ထဲကသာ
သူ့သမီးအားခွင့်လွှတ်ဖို့ တောင်းပန်နေမိသည်။ အပြန်လမ်းတွင် သူ့ခြေလှမ်းတွေ ပေါ့ပါးလန်းဆန်းသွား၏။ အမှောင်တွင် အလင်းရောင်တစ်စကို မြင်တွေ့လိုက်ရပါသည်။ သူ့အတွက် သည်ညသည် တစ်သက်တာအတွက် ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပါ။ အိမ်ကိုသွက်သွက်လျှောက်နေသော သူ့ခြေလှမ်းတွေနှင့်အပြိုင် ၊ သူ့ပါးပြင်ပေါ်သို့ မျက်ရည်များ
စီးဆင်းကျရင်း သူ့ရင်ကွဲသံကို သူပြန်ကြားနေရပြီ။
" သမီးကို ဖေဖေသိပ်ချစ်တယ် ဒါပေမယ့် ဖေဖေ့ကိုခွင့်လွှတ်ပါ"
သူ့ရင်တစ်ခုလုံးမွမွကြေရင်း တောင်းပန်နေမိလေသည်။