book

Index 3

အခန်း ( ၃ )

သည်နေ့လည်း အလုပ်သိမ်းပြီးပြန်လာသော ကိုထွန်းဦးလက်ထဲတွင် ခေါက်ဆွဲကြော်ထုပ်တွေပါလာသည်။ သည်နေ့  ဗောက်ဆူးရလေ၏။ မနက်ကအလုပ်မသွားခင် သမီးငယ်လေး နေမကောင်းတာသိသည်။  သူ့သားသမီးတွေကြိုက်သောခေါက်ဆွဲကြော်တွေဝယ်လာခဲ့သည်။

အိမ်ထဲဆီးဝင်ရင်း

" နော်ဖော့ရေ  သားတို့သမီးတို့ရေ "

တကြော်ကြော်အော်ခေါ်လိုက်သည်။  သူ့ခေါ်သံကြောင့်

သားကြီးထွက်လာ၏။  သူ့လက်ထဲကအထုပ်တွေယူရင်း သားကြီးမျက်နှာမကောင်း။

သူ့ရင်ထဲထိတ်ကနဲဖြစ်သွားသည်။

စိုးရိမ်စိတ်ကတိုးဝင်လာသည်။ 

" သားကြီး အမေကော "

"ဆေးခန်းသွားတယ်ဖေဖေ  ညီမလေးနေမကောင်းလို့ "

"ေဩျာ"

အလိုက်သင့်ဆိုလိုက်သည့်ရင်က အမောမပြေ။ လမ်းဝကိုကြည့်ရင်း မိန်းမပြန်အလာမျှော်နေမိသည်။

"တီ တီ တီ"

ဖုန်းသံကဝင်လာသဖြင့် ကောက်ကိုင်လိုက်တော့ ဇနီးသည်ဆီကပါ။ 

" ဟဲလို. အစ်ကို နော်ဖော့ပါ  ဆေးရုံလိုက်လာခဲ့တော့အစ်ကို

သမီးလေးကိုဆေးရုံတင်ရပြီ"

" ဘာဖြစ်တာလဲနော်ဖော့ "

" နော်ဖော့လည်းသိပ်နားမလည်ဘူး အစ်ကိုလာမှဆရာဝန်မေးကြည့်ပါ "

သူ့ရင်ထဲပူလောင်လှပြီ။  သားကြီးကို ထားခဲ့ပြီး ဆေးရုံတန်းထွက်လာသည်။  ဆေးရုံရောက်တော့ ဇနီးသည်က အငိုမျက်ဝန်းနှင့်ဆီးကြိုသည်။  သမီးလေးက ဖြူဖျော့သောမျက်ဝန်းလေးများနှင့် သူ့ကိုမော့ကြည့်နေ၏။ ဆရာဝန်ကြီး ရုံးခန်းထဲဝင်ရင်း မေးမိသည်။

"စိတ်မကောင်းစရာပါ  ကလေးက ကျောက်ကပ်တွေပျက်ဆီးနေတာ  အစားထိုးကုသဖို့ 

တူညီတဲ့ကျောက်ကပ်နဲ့ ခွဲစိတ်မယ်ဆိုရင် မျှော်လင့် ချက်ရှိပါတယ်" 

သူ့ရင်ထဲ ငလျင်အကြီးစား ပေါက်ကွဲလေပြီ။ ကျောက်ကပ် အစားထိုးရမည်။  သည်စကားက နားထဲပဲ့တင်ထပ်နေသည်။ သူတို့အခြေနေနှင့် ခွဲစိတ်ကုသဖို့ ဘယ်လိုရုန်းရမလဲ။ ခေါင်းသည် ချာချာ

လည်နေပြီ။ ဇနီးသည်၏လက်ကို ဆုပ်ကိုင်ရင်း စိတ်မပူဖို့

အပြုံးတစ်ပွင့်နှင့်အားပေးဖြစ်သည်။ ငွေ   ၊  ငွေ ဘယ်ကရှာရမည်လဲ။ 

သမီးလေး၏ ဝေဒနာခံစားနေရသောမျက်ဝန်း။

" အစ်ကို  နော်ဖော့သမီးလေးကယ်ပါနော်  သမီးလေး တခုခုဖြစ်ရင်  နော်ဖော့ရူးလိမ့်မယ်  "

ဇနီးသည်၏ အားကိုးတကြီးကြည့်နေသော မျက်ဝန်း ။

သူ့နှလုံးသားတစ်ခုလုံး မီးလောင်တိုက်အသွင်းခံနေရသလို ခံစားနေရလေပြီ။ မိသားစုအတွက် သည်အချိန်မှာ သူဘာလုပ်ရမည်လဲ။ ဇနီးသည်ကို အားပေးရင်း သူ့ခြေလှမ်းက သူ့သူဌေးဆီသို့ပါ။  အလုပ်လုပ်နေရသော်လည်း စိတ်ကမပါ။ အကူညီတောင်းရအောင်လည်း ဒီလောက်ငွေအမြောက်မြား ပြောမထွက်။  

ပွဲရုံကုန်ဖိုးတွေ သူ့ရှေငွေလာချေတာမြင်ရတော့  စိတ်တွေလှူပ်ရှားနေကြသည်။ ပြူးကျယ်သောမျက်ဝန်းက

ငွေတွေပဲမြင်ယောင်လာသည်။

" ထွန်းဦးရေ အိမ်ကိုခဏပြန်ပေးပါလား ဒီနေ့ မယ်လှမလာနိုင်ဘူးလေ  ထမင်းချိုင့်ယူရင်း ဒီပိုက်ဆံတွေ

သမီးလက်ထဲထည့်ပေးခဲ့ "

ဒေါ်ယု ပေးသောငွေကို လှမ်းယူမိသည့်ရင်တွေက ကတုန်ကရင်။ အရင်ဒီ့ထက်မက ပို့ခိုင်းလိုက်သည့်ငွေတွေတုန်းက သူ့အတွက် စက္ကူသာသာ  တန်ကြေးမရှိသလိုပင်။

ပုံမှန်လုပ်ကိုင်ပေးသော အိမ်ဖြစ်သဖြင့်  သူ့အတွက် ဘယ်နားဘာရှိသည်ကိုရင်းနှီးနေသည်။ တလမ်းလုံးစဉ်းစား နေမိသည်။ ဘာလုပ်ရမည်နည်း။  ဆုံးဖြတ်ချက်တစ်ခုချပြီးသည်နှင့် သူဝင်ရမည့် တံခါးတွေကို ချက်ဖြုတ်ထားပြီး စေ့ထားလိုက်သည်။ 

လုပ်သင့် မသင့် ခုချိန်သူမစဉ်းစားနိုင်ပါ။ သူသိသည်က  သူ့သမီးလေးအသက်ပင်။ သူ့မိသားစုအတွက် သူသည် 

မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းရမည်။  သူ့ဘဝကိုချနင်းပစ်ရမည်။ သူသည် မိသားစုအတွက် 

စွန့်စားရဲရမည်။ သမီးလေးအတွက် ၊ မိသားစုအတွက် 

ဖြစ်ချင်ရာဖြစ်ပါစေ။ သူ့အတွက် အချိန်ကောင်းရောက်ဖို့

ညကိုမြန်မြန်လိုလားလေသည်။

                   ****************


rate now: