" ထွန်းဦးရေ အဲဒီအိတ်တွေ ဒီဘက်ရွှေ့ပေးဦး "
ပွဲရုံပိုင်ရှင် ဒေါ်နန်းယုကို "ဟုတ်"လိုက်ရင်း သူ
သွက်သွက်လုပ်နေ၏။ အလုပ်ကြိုးစားသော သူက ဒေါ်နန်းယုတို့အိမ်တွင် လူယုံတစ်ယောက်
ဖြစ်လာခဲ့သည်။ အစစအရာရာ မျက်နှာလွှဲရသလို အိမ်၏တောက်တိုမယ်ရလည်း ကူညီလုပ်ပေးသဖြင့်
သူ့ကို ဒေါ်နန်းယုတို့မိသားစုက ယုံကြည်စိတ်ချသည်။
" ထွန်းဦးရေ နင်ပြန်ရင် အိမ်ကိုဝင်သွားဦး မယ်လှ ဟင်းတွေထည့်ပေးလိမ့်မယ် နင်တို့မိသားစုစားဖို့"
" ဒေါ်ယု အဲလိုဆို ကျွန်တော်ပြန်တော့မယ်"
"အင်း အင်း "
အလုပ်သိမ်းသည်နှင့် ဒေါ်လှထည့်ပေးသောဟင်းများ ယူပြီး အိမ်ကိုသွက်သွက်ပြန်လာသည်။ အိမ်ဝမှ ဇနီးသည် ကရင်မလေးနော်ဖော့က ဆီးကြိုနေသည်။
အိမ်ထဲဝင်သည်နှင့် အပြေးအော်၍ထွက်လာကြသောသားသမီးတွေ၏ အသံလေးက သူ့ရင်ကို အမောပြေစေသည်။
" အစ်ကို ချွေးတိတ်အောင် အနားယူလိုက်နော် ပြီးရင်ရေချိုးတော့ နော်ဖော့ထမင်းပွဲပြင်ထားမယ်"
"အင်းပါ မိန်းမရယ် "
ဘာပဲပြောပြော မချမ်းသာသော်လည်း သူ့ဘဝလေးကို သူကျေနပ်သည်။ ပျော်ရွှင်ငြိမ်းချမ်းသောဘဝတော့ ပိုင်ဆိုင်ခွင့်ရသည်။
"အစ်ကိုရေ..ရေချိုးတော့ ရေချိုးခါနီး ရေတစ်ခွက်သောက်လိုက်ဦး "
မီးဖိုထဲမှာ ထမင်းစားဖို့ပြင်ဆင်ရင်း လှမ်းအော်နေသော
ဇနီးသည်၏စကားက ရင်ထဲသို့ ရေခဲမြစ်ကလေးသဖွယ်
စီးဆင်းသွားသည်။ ကြည်နူးစွာပြုံးရင်း ရေတစ်ခွက်အပြည့်သောက်ပြီး ရေခပ်သွက်သွက်ချိုးလိုက်သည်။ သူရေချိုးပြီးချိန်တွင်
ဇနီးသည်က ထမင်းဝိုင်းပြင်ပြီးနေသည်။
သားနှစ်ယောက် ၊ သမီးလေးတစ်ယောက် သူ့တွင်ရှိသည်။
အငယ်ဆုံးကသမီးလေး နော်ထူးထူး။ အငယ်ဆုံးဖြစ်သလို ကျန်းမာရေးချူချာသဖြင့် အချစ်တွေပိုရသည်။ ခဏခဏနေမကောင်းသဖြင့် သမီးငယ်လေး တစ်ခုခုဖြစ်လျှင် နော်ဖော့တစ်ယောက် ခြေမကိုင်မိ ၊ လက်မကိုင်မိ။
ခုနှစ်တန်းကျောင်းသား သားကြီးက ထွန်းသူရ။
သားလတ်က ထွန်းနေဗလ။ ငါးတန်းပင်ရောက်ပြီ။
သမီးငယ်လေးက သူငယ်တန်း ငါးနှစ်သမီး။
သူ့ပန်းကန်ထဲ ဦးဆယ်ထည့်ရင်းပြီးသည်နှင့် ကလေးတွေပန်းကန်ထဲ ဟင်းတွေဆယ်ထည့်ပေးနေသော ဇနီးသည် ကိုမြတ်နိုးစွာ
ငေးကြည့်ရင်း ထမင်းကို ဗိုက်ဆာဆာနှင့် စားလိုက်သည်။
သူတို့မိသားစု ထမင်းဝိုင်းလေး ၊ သက်ဝင်လှုပ်ရှားနေသည်မှာ တစ်ကယ့်ကို ကြည်နူးပျော်ရွှင်ဖွယ်ကောင်းလှပါသည်။
**********