"ဖျပ် ဖျပ် "
သူ့ခြေသံကို မကြားရအောင် ခပ်ဖွဖွနင်းသော်လည်း
ညလူခြေတိတ်ချိန်တွင် ထွက်လာသည့်အသံက ပို၍
ကျယ်လောင်သလိုပင်။ ရင်ထဲတထိတ်ထိတ်ခုန်နေသံက
အပြင်သို့ပင် ပျံ့လွင့်နေသယောင် ၊ စိတ်မှာထင်မိသည်။
တချက် ၊ တချက်ရူသွင်းလိုက်သော လေတွေက ရင်ဘတ်ထဲ တစ်ခုခုခံထားသလိုရူလို့မဝပါ။ တစ်ခါမှ
မတွေ့ကြုံဘူးသော အတွေ့ကြုံကြောင့် ရင်ဘတ်တစ်ခုလုံး ဖားဖိုတစ်ခုနှယ် နိမ့်လိုက်၊ မြင့်လိုက်။
စိုးထိတ်စိတ်က အယောင်ယောင်အမှားမှားမဖြစ်အောင် မနည်းဂရုစိုက်နေရသည်။
" ကျွီ "
ညနေက တမင်စေ့ထားခဲ့သော ပြတင်းတံခါးကို တွန်းလိုက်သည့်အချိန်တွင် ထွက်လာသောအသံက
သူ့အတွက်အကျယ်လောင်ဆုံးဟု ထင်မိရသည်။
တဒိန်းဒိန်းခုန်နေသော နှလုံးခုန်သံက သူ့ကိုပြန်ခြောက်လှန့်နေသည်။ သူ့ရင်ဘတ်ပေါ် လက်နှစ်ဖက်ကိုဖိထားရင်း စိတ်တည်ငြိမ်စေရန် အသာစု
စည်းလိုက်၏။ တည်ငြိမ်ပြီထင်မှ ပြတင်းတံခါးကတဆင့် အိမ်ထဲဝင်လိုက်သည်။ ရင်းနှီးပြီးသားအိမ် ဖြစ်သဖြင့်
သူ့အတွက် အိမ်ထဲရောက်သည်နှင့် အခက်ခဲမရှိပါ။
အိမ်ထဲခြေချသည်နှင့် ညဘက်ထွန်းသော ညမီးလုံး
မှိန်မှိန်လေးက သူ့ကို အထောက်ကူပြုစေသည်။ လူရိပ်လူခြေ ကြည့်လိုက်သည်။ တိတ်ဆိတ်မှု့က ကြီးစိုးနေသဖြင့် သူ့ခြေလှမ်းကို အပေါ်ထပ်တက်ရန်
တရွေ့ရွေ့လှေကားနားချဉ်းကပ်လာ၏။ လှေကားနား ရောက်သည်နှင့် အသက်ကိုတဝရူလိုက်သည်။ မျက်ဝန်းကို စုံမှိတ်ရင်း ညနေက တွေ့ထားသော ပိုက်ဆံများ မြင်ယောင်လာရင်း မျက်ဝန်းမှာ မျက်ရည်ကြည်တွေ
ရစ်ဝိုင်းလာ၏။ ငိုလို့မဖြစ်ပါ။ သူ့ကိစ္စမပြီးပြတ်သေး။
" ဖျပ် ဖျပ် "
လှေကားပေါ်စအတက် ထွက်ရှိလာသော သူ့ခြေသံ တစ်ဖျပ်ဖျပ်က သူ့စိတ်ကို ခြောက်လှန့်သွားသည်။
တစ်ယောက်ယောက်များကြားသွားမလား။ မေးကြောကြီးတွေထောင်လာအောင် အံကြိတ်လိုက်သည်။ သူ့စိတ်ကိုသူရဲဆေးထပ်တင်လိုက်ပြီ။
ဆက်၍တက်လိုက်သည်။ လှေကားဆုံးမှ အသက်ရူဝသလို ခံစားလိုက်ရသည်။ သူ့ခြေသံကို အသက်အောင့်ရင်း ခပ်ဖွဖွဆက်လျှောက်သည်။
အခန်းတစ်ခုရှေ့ ရောက်သောအခါ ၊ အထဲမှ အိပ်မောကျနေသည့် ဟောက်သံကြားလိုက်ရသဖြင့် သူကျေနပ်သွားရပြီ။ ဖြစ်ချင်ရာဖြစ်ဆိုသောစိတ်နှလုံးကို
ဒုံးဒုံးချရင်း မထူးဇာတ်ခင်းရမည်။ ထိုအသိကို ဇွတ်သွတ်သွင်းရင်း အခန်းထဲဝင်ရန် တံခါးကိုတွန်းလိုက်သည်။ အဆင်သင့်ပင် ပွင့်နေသဖြင့်
စိုးရိမ်စိတ်နည်းနည်းလျော့သွားရင်း ရဲစိတ်ဝင်လာသလိုခံစားလိုက်ရသည်။ အခန်းထဲရောက်
သောအခါ အခန်းထဲဝေ့ကြည့်လိုက်သည်။
အဝတ်စားထည့်သော ဗီရို ကြီးကိုတွေ့လိုက်ရသဖြင့်
တဖြည်းဖြည်းချဉ်းကပ်သွား၏။ အနားရောက်သည်နှင့်
ဗီရိုအံဆွဲတွေကို အသာဆွဲလိုက်သည်။
" ဟင်"
မြင်လိုက်ရသည်ကို ကြည့်ရင်း ခေတ္တခဏ ၊ ဆွံ့အသွားသည်။ သူ့ဘဝတစ်သက် မမြင်ဖူးသော ငွေပမာဏ။ ဖျတ်ကနဲအသိစိတ်ဝင်လာသဖြင့် ပြန်လှည့်ရန် ခြေလှမ်းပြင်မိသည်။ မဖြစ်သေး ၊ မဖြစ်သေးပါ။ ဖြစ်ချင်ရာ ဖြစ်တော့ ဆိုသောစိတ်က
ဖမ်းစားလာသောအခါ တွေ့နေရသော ငွေများကို သူအသင့်ယူလာသော အိတ်ထဲ ထိုးထည့်လိုက်၏။
ထည့်ပြီးသည်နှင့် အံဆွဲကိုပိတ်ရန် ငွေထုတ်ကိုအမ
ဘာနှင့်တိုက်မိမှန်းမသိ။ တစ်ခုခုပြုတ်ကျသွားလေသည်။
" ဝုန်း "
ကျယ်လောင်မြည်ဟီးသောအသံကြောင့် သူ့ခေါင်းနပန်းကြီးသွားသည်။ တစ်ကိုယ်လုံးလည်းတဆတ်ဆတ်တုန်ရင်လာ၏။ သွားပြီဆိုသောအသိက ခြေမကိုင်မိ၊ လက်မကိုင်မိ။
ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိစွာ စိတ်တွေယောက်ယက်ခတ်သွားသည်။
" ဘာသံလဲ ဘာကျသံလဲ ဟေ့ မိန်းမ ထစမ်း ထကြည့်စမ်း ကွာ"
အိပ်ယာထဲမှ အော်ပြောနေသော အိမ်ရှင်အဖိုးကြီး၏အသံကြောင့် သူကြံရာမရဖြစ်သွားသည်။ အခန်းထဲပုန်းစရာနေရာရှာမိသည်။ ဘယ်မှာမှမတွေ့ ။
ဘယ်လိုလုပ်ရမလဲ။ အိမ်ရှင်အဖွားကြီးထလာပြီ။
သူ့ကိုတွေ့လို့မဖြစ်ပါ။ ကြံရာမရသည့်အဆုံး အိမ်ရှင်လင်မယားအိပ်သော ကုတင်အောက်ငုံ့ပြီးတွားဝင်လိုက်သည်။
သူ့ရင်တစ်ခုလုံး အနိမ့်အမြင့်မညီသော သံစဉ်စုံနှင့် တထိတ်ထိတ်။
အိပ်ရာထဲမှ အိမ်ရှင်အဖွားကြီးက ထလာပြီး ဟိုဟိုဒီဒီ
လိုက်ကြည့်နေသည်။ သူကတော့ ကုတင်အောက်တွင်
အသက်အောင့်ထားရသည်။ သူ့ရင်တစ်ခုလုံး အသက်ပင်ပြင်းပြင်းမရှူရဲ။ ငြိမ်နေရသော်လည်း သူ့မျက်ဝန်းကမျက်ရည်များ ပါးပြင်ပေါ် တရစပ်စီးဆင်းကျနေသည်။ မျက်ဝန်းကိုစုံမှိတ်ထားသော်လည်း စိတ်တွေက အတိတ်ဆီသို့တစ်ရိပ်ရိပ်......။
************