book

Index 9

အခန်း ၉

အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်ဆုံးလာတယ်။ 

 ကျွန်မနဲ့သူ ချစ်သူဖြစ်တာတောင် တစ်နှစ်ကျော်လာပြီ။ အလုပ်မအားတဲ့ကျွန်မက  သူ့အပေါ်ကို အချိန်သိပ်မပေးနိုင်သလို ၊ သူကလည်း ကျွန်မအပေါ် တစ်ခါမှ မငြိုငြင်ရှာဘူး။

သူ့အပေါ် ကျွန်မလေးစားမိတာက  ချစ်သူသက်တမ်းတစ်လျှောက်မှာ လိုအပ်တာထက် ပိုအခွင့်ရေး မယူခဲ့တာကိုပါ။  သူတစ်ခါပြောဖူးတယ်။ 

" လဲ့ကေက အကြွေပန်းလေးမို့ မောင်တန်ဖိုးမထားဘူးလို့ အထင်ခံရမှာစိုးတယ်  လဲ့ကေကို လက်မထပ်မချင်း  မောင်  ဘယ်တော့မှအခွင့်ရေးမယူဘူး 

နမ်းတာလေးတော့ ခွင့်ပြုနော် " တဲ့။

သူအဲဒီလို‌ေပြာ‌ေတာ့ ကျွန်မမျက်၀န်းမှာ မျက်ရည်တောင်ဝဲခဲ့ရတယ်။ သူ့အချစ်ကို တန်ဖိုးထားလေးစားလာရတယ်။ ကျွန်မအပေါ် 

အစစဂရုစိုက်တတ်သလို အစစနားလည်ပေးတဲ့ သူ့အချစ်တွေက ကျွန်မကို ရှေ့ဆက်နိုင်ဖို့ ခွန်အားပေးခဲ့တယ်။  နွယ်ကတော့ အရင်လိုမလာနိုင်ပေမယ့် ကျွန်မဆီဖုန်းခဏခဏဆက်တယ်။   

 ညနေဆို ကျွန်မကို ပုံမှန်လာကြိုတတ်တဲ့ ချစ်သူကို  အချိန်ကျလာရင် ကျွန်မမျှော်‌ေနတတ်ပြီ။ 

" မောင် ဒီနေ့ နောက်ကျလိုက်တာ "

ကျွန်မက နုတ်ခမ်းစူပြီးပြောတော့ သူပြုံးတယ်။ 

" ချစ် ဒီညနေ အကြော်ဆိုင် ခဏထိုင်ရအောင်ကွာ "

" ဟုတ် ထိုင်လေ မောင်  "

ကျွန်မက ခေါင်းလေးညိတ်ပြီး ဖြေလိုက်တယ်။  အကြော်ဆိုင်ရှေ့ရောက်တော့ သင့်တင့်တဲ့နေရာမှာ ဆိုင်ကယ်ကို ထိုးရပ်လိုက်ပြီး ကျွန်မတို့အကြော်ဆိုင်လေးမှာ ထိုင်လိုက်တယ်။ 

သူက ကျွန်မရှေ့မှာ ထိုင်ပြီး ဘူးသီးကြော်တစ်ပွဲ ၊ကြက်သွန်ကြော်တစ်ပွဲ မှာလိုက်တယ်။

အကြော်မရောက်ခင် ကျွန်မက ရေနွေးနှစ်ခွက် ဓါတ်ဗူးထဲက ငှဲ့လိုက်တယ်။

" Happy birthday ပါချစ် "

မောင့်ရဲ့ နုတ်ဆက်သံကြားမှ အလန့်တကြားလေး မော့ကြည့်မိ‌ေတာ့ မောင်က ကျွန်မကို ပြုံးကြည့်နေတယ်။

" ကျွန်မမွေးနေ့မှန်း မောင်မှတ်မိနေတာလား ကျွန်မတစ်ခါမှမပြောဖူးဘူးနော် "

တအံ့တဩလေး ကျွန်မဆိုတော့ မောင်

အားရပါးရရယ်နေတယ်။ ပြီးမှ 

" ချစ်ရယ် ကိုယ်ချစ်တဲ့မိန်းမတစ်ယောက်ရဲ့မွေးနေ့ကို  ချစ်ပြောမှ မောင်က သိစရာလား  အဲဒါတွေထားပါ ချစ်အတွက် မောင့်ရဲ့‌ေမွး‌ေန့လက်ဆောင် .....

ရော့  ..ချစ်ဖွင့်ကြည့်လိုက်ပါ "

လို့ ပြောပြီး  ကျွန်မကိုအိတ်တစ်အိတ်လှမ်းပေးတာမို့  ယူလိုက်ရတယ်။ အိတ်ကိုဖွင့်ကြည့်လိုက်တော့ ကျွန်မနားမလည်သလို  သူ့ကိုထပ်ပြီး မော့ကြည့်လိုက်တယ်။

" ကြိုက်လား "

သူအဲဒီလိုမေးတော့ ဘာဖြေရမှန်းမသိဘဲ  သူ့လက်ဆောင်ကိုသာ  တအံ့တဩ‌ေငးကြည့်‌ေနမိ‌ေတာ့တယ်။

" ချစ်မှာ ဖုန်းရှိဖို့လိုတယ်လေ  ဒါကြောင့် မောင်၀ယ်လာပေးတာ "

" ဟာ မလိုချင်ပါဘူး ဒီလောက်ဈေးကြီးတာကို ဟင့်အင်း မောင့်ကိုချစ်တာ အဲလိုတွေ လိုချင်လို့မှမဟုတ်တာကို  ကျွန်မမှာ ဖုန်းမလိုပါဘူးမောင်ရဲ့ "

ကျွန်မဇွတ်ငြင်းလိုက်မိတယ်။ ကျွန်မတောင် ကျွန်မပိုက်ဆံနဲ့ နှမျောလို့မ၀ယ်ရက်ဘူးလေ။ 

" ချစ်ဆီမှာ ဖုန်းက ရှိမှရမယ် 

ချစ်အိမ်က ကြိုးဖုန်းက မောင်ဆက်လို့မှအဆင်မပြေတာ ဆိုင်ကဖုန်းကလည်း အမြဲမဆက်ချင်ဘူးလေ မောင်က အဝေးကို အလုပ်လုပ်သွားရမှာ  မောင်အားမယ့်အချိန် ချစ်အားမယ့်အချိန် 

ခေါ်ရင် အဆင်ပြေဖို့လိုတယ်လေ "

ကျွန်မဘာပြောရမှန်းမသိဘူး။ ကျွန်မအပေါ် သိပ်ချစ်ပြတာတွေ့တော့ ကျွန်မ၀မ်းနည်းလာမိတယ်။ 

" ကျွန်မ အားနာတယ်မောင် "

ကျွန်မစကားဆုံးတော့ သူကမျက်မှောင်ကြီးကုတ်ပြီးကြည့်တယ်။ ပြီးမှ တစ်လုံးခြင်းဖြေတယ်။

" မောင့်ဘ၀မှာ ချစ်ကလွဲရင် ဘယ်အရာမှ တန်ဖိုးမရှိပါဘူးချစ်ရယ် "

ကျွန်မရင်ထဲ လှိုက်ခနဲ‌ေန‌ေအာင်ခံစားလိုက်ရတယ်။ ၀မ်းသာတာလား၊ ၀မ်းနည်းမိတာလား ဆိုတဲ့မသေမချာ ခံစားချက်ကြီးထဲက ရင်ဘတ်ထဲ လာဆို့နေသလိုပဲ။

" ကျွန်မကို ပိုပိုချစ်လာအောင် ရှင်လုပ်နေတာလား မောင် "

ကျွန်မတိုးတိုးလေးမေးတော့ သူရယ်တယ်။ ကျွန်မကို စိုက်ကြည့်ပြီး

" မောင်အရမ်းအသဲယားလာပြီနော် လူတောထဲနမ်းမိတော့မယ် " လို့စတယ်။ ကျွန်မက  သူ့ကိုမျက်စောင်းတစ်ချက် ထိုးလိုက်‌ေတာ့ သူကသဘောတကျ တဟားဟားရယ်တယ်။

သူ့အချစ်တွေက ကျွန်မရင်ကို အေးမြစေတာတော့ ကျွန်မသတိထားမိလိုက်ပါတယ်။ ထုံးစံအတိုင်း ကျွန်မအိမ်ရှေ့အထိ သူလိုက်ပို့တယ်။ အိမ်ရှေ့ရောက်ရင် သူလှည့်ပြန်နေကျလေ။

ဆိုင်ကယ်ကို အိမ်ရှေ့ဆင်၀င်အောက်ရပ်လိုက်တယ်။

" မေမေ "

ကျွန်မကို သမီးလေးက ဆီးကြိုတယ်။ 

သမီးလက်လေးဆွဲပြီး အိမ်ထဲ၀င်လိုက်တယ်။ 

" သမီးလတ် ခဏလာဦး "

မေမေက ဧည့်ခန်းကို လှမ်းခေါ်တာမို့ ကျွန်မအခန်းထဲတန်းသွားမို့ လုပ်နေရာက ဧည့်ခန်းဆီ လှမ်းလာခဲ့တယ်။

" ဟုတ်မေမေ ဘာလို့လဲဟင် "

ဒီနေ့ မေမေ့မျက်နှာ ထူးခြားနေတာမို့ ကျွန်မမေးလိုက်တယ်။ 

" ညည်းညနေက အကြော်ဆိုင်မှာ အတူထိုင်နေတာ ဘယ်ကကောင်လေးလဲ "

မေမေ့အမေးကိုကြားပြီး ကျွန်မရုတ်တရက် လန့်သွားပြီး အလန့်တကြား  ရှင်လို့ ထူးလိုက်မိတယ်။

" ရှင် ...."

" ဟိုလေ မေမေ "

ကျွန်မ ရုတ်တရက် ဘာကစဖြေရမှန်းမသိဘူး။   မထင်ထားတော့  ရုတ်တရက်ကြီး ပေးဖို့အဖြေက အဆင်သင့်ရှိမနေဘူး။  ကျွန်မအဖြေခက်နေတာကို မေမေက စကားထောက်ပေးတယ်။

" ညည်း ချစ်သူလား အလတ်မ "

ကျွန်မဘာဖြေရမလဲ။ ဟုတ်တယ်ဖြေလိုက်ရမလား။ မဟုတ်ဘူးဖြေလိုက်ရမလား။  ကျွန်မဇဝေဇဝါဖြစ်ပြီး မေမေ့ကို ချက်ချင်း အဖြေမပေးနိုင်ဘူး။

" အလတ်မ "

မေမေ့‌ေခါ်သံက ပိုစူးလာတယ်။

" သူက သမီးကို ပရိုပိုစ့် လုပ်ထားတယ်မေမေ "

ကျွန်မလန့်ပြီး  အလန့်တကြား‌ေဖြလိုက်တော့မှ  မေမေက သက်ပြင်းချတယ်။ 

" သမီးကို ဒုတိယတစ်ခါ ထပ်မမှားစေချင်ဘူး တခါမှားတာက မသိလို့မှားတာမို့ ခွင့်လွှတ်နိုင်ပေမယ့်  ဒုတိယဆိုတာ မရှိအောင် သတိထားစေချင်တယ်"

" ဟုတ်ကဲ့ပါမေမေ သမီးကြောင့် မေမေတို့သိက္ခာ ထပ်မကျစေရပါဘူး "

" သိက္ခာကျတာ မကျတာက အဓိကမဟုတ်တော့ပါဘူး  မေမေ့သားသမီးတွေ ဒုက္ခထပ်မရောက်ရင် မေမေကျေနပ်တယ် မေမေတို့မသေခင် မေမေ့သားသမီးအကုန်လုံးကို  စိတ်ချခဲ့ချင်တယ်  သမီးမိန်းကလေးမွေးထားတဲ့မိခင်တိုင်း

အလတ်မကြုံတုန်းက ပုံစံမျိုးဆို  ထပ်ပြီးရင်ကျိုးရလိမ့်မယ်

  ညည်းတို့ဘ၀တွေ တင့်တောင့်တင့်တယ် မဖြစ်မချင်း  မိဘဆိုတာ

စိတ်ပူနေရတာပဲ အဓိကက ညည်းကို အားလုံးထက် ပိုစိတ်ပူနေရတယ် 

ညည်းမွေးထားတာကလည်း သမီးမိန်းကလေး။  ညည်းသမီးလေးရဲ့ အစစအရာရာ အားလုံးဟာ ညည်းအပေါ်မူတည်နေတယ် သမီးလတ် "

မေမေ့စကားတွေက ကျွန်မရင်ဘတ်ထဲ စူး၀င်သွားတယ်။ တစ်ခါမှားဖူးသူဟာ ခဏခဏအယုံကြည်မဲ့စေခဲ့တာလား မေမေရယ်လို့ စိတ်ထဲက မေးမိလိုက်တယ်။  ကျွန်မအခန်းထဲ၀င်လာပြီးတာနဲ့ 

ရေချိုးဖို့ ပြင်လိုက်တယ်။  သမီးလေးက သူ့အဖွားနား ကျန်ခဲ့ပြီလေ။ ရေချိုးခန်းထဲ၀င်ပြီး  ရေပန်းပွါးအောက်က ရေစက်တွေကြားထဲ  အကြာကြီးထိုင်နေမိတယ်။ 

ခဏတာတော့ စိတ်က အေးချမ်းသွားသလိုပဲ။  

" မေမေ  မြန်မြန်ချိုးတဲ့ ဖွားဖွားက 

ထမင်းစားမယ်တဲ့ "

ရေချိုးခန်းအပြင်ကနေ တဒုန်းဒုန်းထုရင်း လာအော်တဲ့သမီးအသံလေးကြားမှ  ရေချိုးတာကို အမြန်လတ်စသတ်လိုက်တယ်။  ရေချိုးပြီး ထုံးစံအတိုင်း

သနပ်ခါးရေကျဲလေး ပွတ်လိုက်တယ်။

ပြီးမှထွက်လာလိုက်တော့ မေမေက ထမင်းပွဲ‌ေတာင်ပြင်ပြီးနေပြီ။ သမီးလေးက သူစားမယ့်နေရာလေးမှာ နေရာယူနေပြီ။

" မြေးလေးပုံပုံ ညည်း‌တီလေးသုန်သုန်ကို သွားခေါ် "

" ဟုတ်ကဲ့ "

‌အပေါ်ထပ်လှေကားတွေ‌ေပါ် ပြေးတက်သွားတဲ့ သမီးလေးကို ငေးပြီး ကျွန်မပြုံးမိတယ်။  ဒီနေ့ မိသားစု စုံတဲ့အတွက် ထမင်းအတူတူစားဖြစ်ကြတယ်။ အပေါ်ကဆင်းလာတဲ့ တူ၀ရီးကို လှမ်းကြည့်ပြီး မေမေက ဖေဖေ့ပန်းကန်ထဲ ဦးဆယ်ပြီး ဟင်းခတ်ထည့်ပေးတယ်။ 

အခုလို ကြည်ကြည်နူးနူးမစားဖြစ်တာ ကျွန်မတို့အိမ်မှာ ကြာခဲ့ပြီပဲလေ။ ဖေဖေက သမီးလေးတစ်သက်ပဲ။ ကျွန်မကိုစကားမပြောသလို ၊ ထမင်းအတူမစားခဲ့တာ။

ဒီနေ့က ပထမဆုံး ဖေဖေနဲ့ ထမင်းအတူတူပြန်စားရတဲ့နေ့ပါ။ ဘာပဲပြောပြော ကျွန်မရင်ထဲ ကြည်နူးမိတယ်။

ကျွန်မဆုံးရှုံးခဲ့ရတဲ့ ဖေဖေ့မေတ္တာကို ပြန်ရချင်မိတာတော့ အမှန်ပါပဲ။ 

မေမေက ကျွန်မအတွက် ခိုနားရာရင်ခွင်တစ်ခုဖြစ်ရသလို ၊ဖေဖေက ကျွန်မတို့သားသမီးတွေ အစစရပ်တည်နိုင်ဖို့ ခွန်အားတစ်ခုဆိုတာကို ဖေဖေ့မေတ္တာကိုမရတော့မှ ကျွန်မနားလည်ခဲ့ရတာပါ။ 

ကျွန်မတို့မိသားစုထမင်း၀ိုင်းလေးဟာ မမကြီးမရှိတာကလွဲရင် ပြန်စိုပြေလာပါတယ်။ ထမင်းစားသောက်ပြီးတော့ 

ဖေဖေနဲ့မေမေက အိမ်ရှေ့ဧည့်ခန်းမှာ သူ့မြေးအကြိုက် ကာတွန်းကား ပြပေးနေတယ်။ ကျွန်မက အိမ်‌ပေါ်ထပ်တက်ပြီး  ထုံးစံအတိုင်း ဘုရားကန်တော့ ၊ ပဌာန်းရွတ်တယ်။ ခုနှစ်ရက်သားသမီးကို မေတ္တာပို့တယ်။ ကျွန်မစိတ်တွေ တည်ငြိမ်အေးချမ်းပြီး အခုလိုအဆင်ပြေပြေရပ်တည်နိုင်လာတာ ဘုရား၊တရားယုံကြည်သက်၀င်မှုကြောင့်ဆိုတာ ကျွန်မယုံကြည်တယ်လေ။ 

ဘုရားကန်တော့ပြီးတာနဲ့ အခန်းထဲ၀င်ပြီး အိပ်ရာပေါ် လှဲလိုက်တယ်။  လှဲပြီးမှ  ချစ်သူပေးထားတဲ့ ဖုန်းလက်ဆောင်လေးကို  သတိရပြီး ထယူလိုက်တယ်။

ချစ်စရာ ဖုန်းလေးကို မြတ်မြတ်နိုးနိုးနဲ့ ရင်ဘတ်ပေါ် တင်ထားလိုက်တယ်။ သူ့ရဲ့အလေးထား တန်ဖိုးထားမှုတွေကို ကျွန်မဘယ်လိုမှ မျက်နှာမလွှဲရက်ခဲ့တာပါ။  ကျွန်မရေးနေကျ ဒိုင်ယာရီစာအုပ်လေးကို ထယူပြီး အမှတ်တရနေ့စွဲလေးအဖြစ် မှတ်ထားလိုက်တယ်။

စာအုပ်လေးကို ပြန်သိမ်းလိုက်ပြီး ဖုန်းလေးကို လိုက်ကလိနေမိတယ်။ ကျွန်မကျွမ်းကျွမ်းကျင်ကျင် မလုပ်တတ်သေးဘူးလေ။  အဲဒီညက ဖုန်းလေးကို ရင်ခွင်ထဲပွေ့ရင်း ကျွန်မအိပ်ပျော်သွားခဲ့တယ်။

**********

မနက်အိပ်ရာကနိုးတာနဲ့ အလုပ်သွားဖို့ပြင်ဆင်ရတယ်။ ညကအစောအိပ်‌ေပျာ်သွားလို့ ကျွန်မဘေးနားမှာ သမီးကို မေမေလာသိပ်တာတောင် ကျွန်မမသိလိုက်ဘူး။ အိပ်နေတဲ့သမီးလေးရဲ့ပါးဖောင်းဖောင်းလေးကို တစ်ချက်နမ်းလိုက်တယ်။  ရေချိုးခန်းထဲ ၀င်မို့လုပ်နေတဲ့ ကျွန်မကို မေမေကလှမ်းမေးတယ်။

" အလတ်မ ညက ညည်းရင်ခွင်ထဲမှာ 

မေမေတွေ့တာ သမီးငယ်လို ဖုန်းမဟုတ်လား"

မေမေ့ကို ကျွန်မခေါင်းညိတ်ပြလိုက်တယ်။

" သမီး၀ယ်ထားတာလား ဒီလောက်ဈေးကြီးကြီးကို "

" ဟို မ၀ယ်ပါဘူးမေမေ သမီးကို သူငယ်ချင်းတစ်ယောက်  မွေးနေ့ လက်ဆောင်ပေးထားတာပါ "

ကျွန်မအဖြေကြားတော့ မေမေ့မျက်ခုံးနှစ်ဖက်က အံ့ဩသလို ပင့်တက်သွားတယ်။

" ဒီလောက်တန်ဖိုးကြီးတာကို လက်ဆောင်ပေးတယ်ဆိုတော့ ညည်းတို့က ဘယ်အတိုင်းတာအထိ ရောက်နေလဲ အလတ်မ"

" မေမေရယ် ဟို သူက ...."

" အင်း ဘာဖြစ်လဲ "

"သမီးကို လက်ထပ်ခွင့်တောင်းထားပါတယ်မေမေ "

ကျွန်မအဖြေကြားတော့ မေမေ့မျက်နှာမှာ စိုးရိမ်စိတ်တွေကို မြင်လိုက်ရတယ်။

ဒီနေ့မှ စောစောစီးစီး အိပ်ရာထပြီး အပေါ်ထပ် လှေကားက‌ေန ဆင်းလာတဲ့ သုန်သုန်က ကျွန်မနဲ့မေမေပြောတာကို ကြားသွားပုံရတယ်။

" မမလေးနော် သုန်သုန်တို့ တစ်ခါအရှက်ကွဲပြီးပြီ နောက်တခါ အရှက်ကွဲမခံနိုင်ဘူး"

သုန်သုန့်စကားက ကျွန်မရင်ဘတ်ထဲကို အရှိန်အဟုန်ပြင်းစွာနဲ့ စီး၀င်သွားတယ်။

" ငါ့ကိုဆရာမလုပ်ပါနဲ့ သုန်သုန် ငါ့ကိုဆုံးမမယ့်မိဘတွေရှိတယ် ငါ နင့်ရဲ့အငယ်မဟုတ်ဘူး "

" အငယ်မဟုတ်လည်း လမ်းမှားရင်တော့ ပြောရမှာပဲ အကြီးဆိုတာနဲ့ အမှားလုပ်သမျှ ငြိမ်ခံနေရမှာလား "

" တောက် "

ကျွန်မဒေါသဖြစ်လွန်းလို့ တောက်တစ်ချက် ခပ်ပြင်းပြင်းခေါက်မိတယ်။ ကျွန်မတို့ညီအစ်မနှစ်ယောက်ရဲ့အခြေနေက မထင်မှတ်ဘဲ တင်းမာလာသလိုမို့  မေမေက ကြားကနေ၀င်ဟန့်တယ်။

" အငယ်မ လူကြီးတွေရှိတယ် ညည်း၀င်ပြောစရာမလိုဘူး "

" မပြောပါဘူး မေမေတို့က မေမေ့သမီးထိရင် အဲလိုခါတွန်နေကြတာ မေမေတို့ ပဲ ရအောင်ပြောလေ ဒီတစ်ခါဖြစ်လို့က‌ေတာ့ ရှက်လွန်းလို့ သမီးက သမီးကိုယ်သမီးသတ်သေပစ်မယ် "

" အငယ်မ "

မေ‌မေက  အငယ်မသုန်သုန်ကို စိတ်တိုပြီးအော်တယ်။ ကျွန်မရင်ဘတ်ထဲ အရမ်းခံစားရတယ်။ ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေကို ပွတ်သုတ်ရင်း

ရေချိုးခန်းထဲ၀င်လာလိုက်တယ်။ ရေချိုးပြီး အလုပ်သွားဖို့ ပြင်ဆင်နေလိုက်တယ်။ ကျွန်မပြင်ဆင်ပြီးတော့ မနက်စာ ဘာမှမစားဘဲ အလုပ်ကိုပဲ ထွက်လာလိုက်တယ်။ ရင်ထဲမှာနေမရထိုင်မရနဲ့ ခံစားရခက်လိုက်တာ။

ကျွန်မဆိုင်ရောက်တော့ ဆိုင်ဖွင့်ပြီး ခဏအကြာ ဖြိုးဖြိုးနဲ့ ရွှေရောင်လင်းတို့ညီအစ်မနှစ်ယောက်ရောက်လာကြတယ်။  ဘာမှမစားလာလို့ ကျွန်မဗိုက်ဆာမိတာအမှန်ပဲ။ အဲဒီအချိန်မှာ ဖုန်း၀င်လာလို့ကြည့်တော့ ချစ်သူ၀ယ်ပေးတဲ့ဖုန်းက အသံမြည်လာတယ်။

ဖုန်းလေးကိုကိုင်လိုက်တော့ 

" ချစ်  မောင်ခဏနေ လာခဲ့မယ်နော် 

အခုအလုပ်ကိစ္စတစ်ခုကြောင့် အပြင်ရောက်နေလို့ "  ....တဲ့။

သူ့ကို ဘာမှအထွေထူး ပြန်မပြောဖြစ်တော့ပါဘူး။ သူ့ကို စိတ်မကောင်းမဖြစ်စေ ချင်သလို စိတ်လည်းမပူစေချင်ဘူး‌ေလ။ တမနက်လုံး နေရတာ အဆင်မပြေဘူး။ စိတ်ထဲ မခံချိမခံသာ ခံစားနေရတယ်။

" မမ နေမကောင်းဘူးလား "

ကျွန်မမျက်နှာရဲ့အရိပ်အခြေကို ကြည့်ပြီး ဖြိုးဖြိုးကမေးတယ်။ ကျွန်မနဲ့ နှစ်ချီအတူတူ ရင်းရင်းနှီးနှီး နေလာရတာဆိုတော့ ဖြိုးဖြိုးက ကျွန်မမျက်နှာ အနေအထားကို အကဲခတ်တတ်နေပြီလေ။

" ကောင်းပါတယ် နည်းနည်းစိတ်ရှုပ်စရာရှိလို့ "

ကျွန်မအဖြေကြားတော့ ဖြိုးဖြိုးတို့က သူတို့လုပ်စရာရှိတာ ဆက်လုပ်နေကြတယ်။ တစ်နာရီလောက်ကြာတော့  ကျွန်မဆီ မောင်ရောက်လာတယ်။

" ချစ် "

  " မောင် "

သူကကျွန်မမျက်နှာကို ကြည့်ပြီး" နေမကောင်းဘူးလား" လို့မေးတယ်။ ကျွန်မခေါင်းခါပြရင်း "ကောင်းပါတယ် "လို့ဖြေလိုက်တယ်။

" ချစ်မညာနဲ့နော် တခုခုဖြစ်ထားလား "

" မဖြစ်ပါဘူးဆို"

ဇွတ်ငြင်းနေပေမယ့် ‌ကျွန်မအသံက  ငိုသံပါသွားတယ်ထင်ရဲ့။

မောင်က ဇွတ်မေးတယ်။ မောင်ကဇွတ်မေးလေ ငိုချင်နေတဲ့စိတ်ကို ကျွန်မထိန်းမရလေပဲ။ ပါးပြင်ပေါ် မျက်ရည်တွေက တရစပ် စီးလာတယ်။

" ချစ် တခုခုဖြစ်လာတယ်မဟုတ်လား

ဘာဖြစ်လို့လဲဟင် မောင့်ကိုမှ မပြောရင် ချစ် ဘယ်သူ့ကိုပြောမှာလဲကွာ "

ကျွန်မစိတ်ထဲ ခံစားရသမျှ မောင့်ကိုရင်ဖွင့်ပြောပြမိလိုက်တယ်။ ကျွန်မစကားအဆုံး မောင်ကသက်ပြင်းရှိုက်တယ်။

" စိတ်ညစ်သွားလားဟင် "

" စိတ်ညစ်တာမဟုတ်ပါဘူး ချစ်အတွက် စိတ်မကောင်းဖြစ်တာပါ "

"   ကျွန်မမှန်တယ်မပြောပါဘူးမောင်ရယ် အမှားတစ်ခု ကျူးလွန်မိတာက တစ်သက်လုံး ကျွန်မကို အခုလို ဖြစ်စေမှာလားဟင် ကျွန်မမှာ ပြင်ဆင်ခွင့် မရှိတော့ဘူးလား အခုဆို ကျွန်မကိုယ်ကျွန်မ တည်ငြိမ်အောင်ကြိုးစားပြီး ဘ၀ကိုရိုးရိုးသားသား ရပ်တည်ခဲ့တယ်

တခါမှားတာနဲ့ တသက်လုံးမှားနေသလို 

အငယ်တွေစော်ကားတာကို ကျွန်မက 

ငုံ့ခံနေရမှာလား ကျွန်မ မခံစားနိုင်တာ အဲဒါကိုး မောင်ရဲ့ "

" ချစ် အစစ သည်းညည်းခံပြီးနေပါကွာ

သူလည်း တနေ့ ချစ်အပေါ် နားလည်လာမှာပါ  မောင်အလုပ်ကြိုးစားမယ်   နော် မောင့်ဘက်ကအဆင်သင့်ဖြစ်တာနဲ့  ချစ်ကို လာတောင်းရမ်းမယ် ချစ်တို့သားအမိကို မောင်တခါထဲ လာခေါ်မယ်နော် "

ကျွန်မကို ဖြောင်းဖျနေတဲ့ သူ့ကို ကျွန်မမော့ကြည့်လိုက်တော့  သူ့ရဲ့အကြင်နာမျက်၀န်းတွေဟာ ကျွန်မနဲ့ထပ်တူ နာကျင်နေတာ ကျွန်မရိပ်မိလိုက်တယ်။

ကျွန်မကြိုးစားပြီး မောင့်ကို ပြုံးပြလိုက်တယ်။  

" ဘာမှမစားလာဘူး ဟုတ်တယ်မဟုတ်လား "

မောင့်အမေးကို ကျွန်မခေါင်းညိတ်ပြလိုက်တော့ သုတ်ခနဲဆို  အပြင်ကိုပြန်ထွက်သွားတဲ့မောင်က ခဏအကြာ ပြန်ရောက်လာတယ်။ လက်ထဲမှာ အထုပ်တွေတပွေ့တပိုက်နဲ့။ ဆိုင်ထဲကို၀င်တာနဲ့ ဖြိုးဖြိုးတို့ညီအစ်မကို လက်ဖက်ရည်ထုတ်နဲ့ မုန့်တစ်ချို့ လှမ်းပေးတယ်။ ကျွန်မအတွက်တော့

ကျွန်မအကြိုက် ပုံမှန်စိမ့် လက်ဖက်ရည်နဲ့ ကြက်ဉပလာတာ ၀ယ်လာတယ်။  ပြီးတော့ လက်ထဲမှာ အထုပ်တစ်ထုပ်မို့ လှမ်းမေးလိုက်တယ်။

" အဲဒါဘာလဲ မောင်ရဲ့ "

" ချစ်နေ့လည်စာအတွက်လေ  သီးစုံဒန်ပေါက်ကို  ကြက်သားနဲ့ပါဆယ်ထုတ်လာတယ် ချစ်ထမင်းချိုင့်မပါဘူးမဟုတ်လား"

ကျွန်မရင်ထဲ ဘယ်လိုခံစားလိုက်ရမှန်းမသိဘူး။ မောင့်ကို ကျွန်မ ပိုပိုချစ်လာမိရပြီ။  ကျွန်မအပေါ်ကို သိပ်နားလည်တဲ့ လူတစ်ယောက်ကို အမှန်ဆိုရင် ကျွန်မရဲ့အဖြူစင်ဆုံးဘ၀ကိုပဲ ပေးချင်တာပါ။ ကျွန်မအကြောင်းကို တွေးမိတိုင်း မောင့်အပေါ် ကျွန်မဟာ မတရားသလို ခံစားလိုက်ရတယ်။ မောင်က တော့ ကျွန်မဘာတွေးနေလဲဆိုတာ ရိပ်မိတဲ့ပုံမရှိဘူး။ ကျွန်မအတွက် စိတ်ပူနေတဲ့ မောင်က ကျွန်မအတွက်တော့ အရမ်းကိုအားကိုးယုံကြည်စရာ ရင်ခွင်တစ်ခု ပါပဲ။ တစ်နာရီလောက်ကြာတော့ မောင်ကနုတ်ဆက်ပြန်သွားတယ်။ ဆိုင်မှာ လူကျနေတာမို့ မောင့်ကိုမတားတော့ပါဘူး။ ကျွန်မလည်း အလုပ်ထဲပဲ စိတ်နှစ်ထားလိုက်တယ်။  နေ့လည်စာ မောင်၀ယ်လာပေးတာစားရင်း မောင့်ကို 

သတိရနေမိတယ်။ မချစ်မိအောင်ကြိုးစားရင်းနဲ့ မောင့်ကို ကျွန်မ တဖြည်းဖြည်း ချစ်လာခဲ့ရတာ။ အချစ်ဆိုတာ တခါတလေ ချောင်ချိုချောင်ကြားက တိတ်တိတ်ချောင်းတိုက်ခိုက်တတ်တဲ့ လက်နက်နဲ့တူတယ်။ ဘယ်အချိန်မှာ ဘယ်ကိုလာထိမယ်ဆိုတာ ဘယ်လိုမှမသိနိုင်ဘူးလေ။ မောင့်အချစ်ကို ဥ‌ေပက္ခာပြုရင်း ကျွန်မက မောင့်အနားကို ရောက်မှန်းမသိ ရောက်ရောက်သွားရတာမဟုတ်လား။ ကျွန်မစိတ်ထဲ မွန်းကြပ်လာတိုင်း နွယ့်ကိုသတိရတတ်တယ်။ ကျွန်မဘေးနားမှာ ဆိုးအတူကောင်းဘက် သူငယ်ချင်းအဖြစ် နွယ်ပဲရှိတော့တာလေ။

ဒီနေ့စနေနေ့ဆိုတော့ နွယ်ရုံးပိတ်လောက်တယ်။ နွယ့်အိမ်ဖုန်းကို ကျွန်မဆက်လိုက်တယ်။ 

" ဟယ်လို "

ကျွန်မဖုန်းကို နွယ်လာကိုင်တယ်။

" နွယ် နင်ဒီနေ့ ငါ့ဆီလာနိုင်မလားဟင် "

" ဒီနေ့မအားဘူး လဲ့ကေရဲ့ မနက်ဖန် ငါလာခဲ့မယ်လေ ငါအခု မေမေ့ကို အပြင်လိုက်ပို့ရဦးမှာ  နင်ဘာဖြစ်နေပြန်လဲ လဲ့ကေ "

နွယ့်အမေးကို ကျွန်မ ပြန်မ‌ေဖြဖြစ်တော့ဘူး။

" ဘာမှမဖြစ်ပါဘူး နင့်ကိုသတိရလို့ သွားစရာရှိသွားလေ နွယ် ငါဖုန်းချလိုက်တော့မယ် "

" အေး မနက်ဖန် ငါလာခဲ့မယ် နင့်အကြိုက် လက်ဖက်သုတ်လာမယ် 

အိုကေ သူငယ်ချင်း "

ပြော‌ေပြာဆိုဆို  နွယ်ဖုန်းချသွားတယ်။ ကျွန်မ လည်း လုပ်စရာရှိတဲ့စာရင်းဇယားတွေ လုပ်နေလိုက်တယ်။ မမဟေမာန်ကို စာရင်းနဲ့ငွေ အပ်ရတော့မှာမို့ အလုပ်ထဲကို  စိတ်နှစ်ထားလိုက်တယ်။

ပစ္စည်းအ၀င်အထွက် စာရင်းတွေကလည်း  အများကြီးမို့ ကျွန်မစိတ်တွေ အလုပ်ထဲဘဲ တနေကုန်ရောက်နေတော့တယ်။ 

ညနေဆိုင်သိမ်းခါနီးကျ ကျွန်မအနား ဖြိုးဖြိုးနဲ့ရွှေရောင်လင်း ရောက်လာတယ်။

" မမ "

ခေါ်သံကြောင့်ကျွန်မ မော့ကြည့်တော့

ရွှေရောင်လင်းက ကျွန်မကို တခုခုပြောချင်နေပုံရတယ်။

" ဟိုလေ မမ မနက်ဖန် မေမေ့ကို ဆေးခန်းလိုက်ပို့ရမှာမို့ ရွှေ ခွင့်ယူချင်တယ်မမ "

" ဪ ယူရမှာပေါ့ ယူလေ နှစ်ယောက်လုံးတော့မရဘူးနော် "

" ဟုတ်ကဲ့ပါမမ  မဖြိုးက ခွင့်မယူပါဘူးမမ

ဟိုလေ ရွှေ့လစာကို ဒီတစ်လ ကြိုထုတ်ပေးလို့ ရမလားဟင် "

မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ ရွှေရောင်လင်းကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်ရတယ်။ 

" လစာတော့ မမကြိုမထုတ်ပေးချင်ဘူး ရွှေ ဒါပေမယ့် ရွှေရချင်တဲ့ပိုက်ဆံကို 

မမခဏစိုက်ပေးထားမယ်နော် မမဆီကပဲယူ  လကုန်ရွှေ့လစာရတော့ မမကိုပြန်ပေး ဟုတ်ပြီလား "

" ဟုတ်မမ ကျေးဇူးတင်ပါတယ် "

ပြုံးရွှင်သွားတဲ့ ရွှေ့မျက်နှာလေးကို ကြည့်ပြီး  ကျွန်မလည်း ပီတိဖြစ်မိပါတယ်။ လူမဆန်တဲ့လူတစ်ချို့ကြောင့်

ဘ၀ပေါင်းများစွာ ခက်ခဲကြမ်းတမ်းစွာ

ရင်ဆိုင်ကြရတာကို  ကျွန်မကိုယ်တိုင် သိခွင့်ရခဲ့ရတာပဲလေ။ ရွှေ့လက်ထဲကို 

ကျွန်မအိတ်ထဲ အမြဲဆောင်ထားတဲ့ ပိုက်ဆံကို ထုတ်ပေးလိုက်တယ်။ အလုပ်ဆင်းချိန်မို့ ဖြိုးဖြိုးတို့ညီအစ်မတွေ   စက်ဘီးတစ်စီးနဲ့ ပြန်သွားကြပြီ။

ကျွန်မလည်း ဆိုင်ပိတ်ပြီး  ဆိုင်ကယ်ကို မောင်းထွက်လိုက်တယ်။ ဒီနေ့ မောင့်အရိပ်ကို မမြင်ရတော့ ကျွန်မရင်ထဲ ဟာဆင်းသွားတယ်။ ဖုန်းဆက်မလို့ လုပ်ပြီးမှ မဆက်တော့ပါဘူးဆိုပြီး စိတ်ကို ဖြေလိုက်ရပြန်တယ်။ မတွေ့ရမှ ပိုတွေ့ချင်လာတဲ့ စိတ်ကို  ကျွန်မကိုယ်တိုင်တောင် နားမလည်ချင်တော့ဘူး။    သက်ပြင်းရှိုက်ပြီး အိမ်ကိုပြန်လာတဲ့လမ်းတလျှောက် မောင့်အရိပ်ကလေးကို ရှာမိတယ်။ မောင်သာ ကျွန်မဘ၀မှာ မရှိခဲ့ရင် ။ 

အို.....။ ဒီအတွေးက ကျွန်မရင်ကို အရမ်းထိတ်လန့်စေပါလား။

************


rate now: