လပြည့်နေ့။
ကျွန်မအလုပ်ပိတ်တယ်။ ဒီနေ့လေးမှာ
ကိုခန့်ထည်ရဲ့တောင်းဆိုမှုကို ကျွန်မလက်ခံလိုက်တယ်။ အိမ်ကိုနွယ်နဲ့သွားစရာရှိတာ အကြောင်းပြထားလို့ မမကြီးဆီ သွားကြမှာကို မလိုက်ခဲ့ဘူး။ကျွန်မအတွက်က အလုပ်ပိတ်ရက်က တစ်လမှာ နှစ်ရက်ရှိတာပါ။ ကြားရက်ထဲ အရေးကြီးကိစ္စရှိရင် နားလည်မှုနဲ့ယူရတယ်။ ရေမိုးချိုး အလှပြင်ပြီးတာနဲ့ ကျွန်မ ပန်းရောင်၀မ်းဆက်ေလးကို ရွေး၀တ်လိုက်တယ်။ မှန်ရှေ့မှာ စိတ်တိုင်းကျ တပတ်လည်အောင်အောင် ကြည့်ပြီးမှ အလှပြင်တာကို လက်စသပ်လိုက်တယ်။ လမ်းထိပ်ကို ဆိုင်ကယ်မောင်းထွက်လာတာနဲ့ ကိုခန့်ထည်နဲ့ အတူ သူ့ေဘးနား သူ့သူငယ်ချင်းတစ်ယောက်ပါတွေ့လိုက်ရတယ်။ သူတို့မြင်တော့ ဆိုင်ကယ်ကို ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်က ဆင်းလိုက်ရတယ်။ ကိုခန့်ထည်က ကျွန်မကို ခဏတာမျှငေးပြီး " လှလိုက်တာ လဲ့ကေရယ် " တဲ့။ စိတ်၀င်စားနေသူတစ်ေယာက်က အဲဒီလိုပြောတော့ ကျွန်မလည်း နည်းနည်းတော့ ရှက်မိတာပေါ့။
" လဲ့ကေ လဲ့ကေဆိုင်ကယ်ကို ကိုယ့်သူငယ်ချင်းဆီမှာ ထားခဲ့မယ်နော် "
သူ့စကားအဆုံး သူ့သူငယ်ချင်းက ကျွန်မဆိုင်ကယ်ကို မောင်းယူသွားတယ်။ သူ့သူငယ်ချင်း ထွက်သွားတာနဲ့ ကျွန်မက သူ့ဆိုင်ကယ်နောက်ကို လိုက်ခဲ့ရတယ်။
" လဲ့ကေ မောင်တို့ဘယ်သွားရင်ကောင်းမလဲ "
သူကပြန်မေးတော့ ကျွန်မ ခေါင်းခါပြလိုက်တယ်။
" ဒီနေ့တနေကုန် မောင့်ကိုအချိန်ပေးမှာလား "
ကျွန်မလက်လေးကို သူ့ခါးဆီဆွဲယူပြီး
သူကတိုးတိုးမေးတယ်။ သူ့အမေးက ကျွန်မရင်ကိုခုန်စေတယ်။
" မောင်တို့ ဦးပိန်သွားမယ်လေ ဦးပိန်ရဲ့ လူရှင်းတဲ့တနေရာမှာ အေးဆေးစကားထိုင်ပြောမယ် နော် "
" ဟုတ်"
ဦးပိန်ကို မောင်းလာခဲ့တယ်။ ဦးပိန်ရောက်တော့ ဆိုင်ကယ်ကို ဘီးစတင်းမှာ အပ်လိုက်တယ်။ ဦးပိန် စ၀င်၀င်ခြင်းမှာပဲ ဈေးသည်တွေအော်ရောင်းသံက ဆူညံနေကြတယ်။ သူက ကျွန်မလက်ကို လှမ်းဆွဲပြီး ဉီးပိန် တံတားပေါ်
တက်လာကြတယ်။ အမှန်ဆိုရင် ခုလို ချစ်သူနဲ့လက်တွဲပြီး ကျွန်မ မရောက်ဖူးခဲ့ဘူး။ တံတားပေါ်မှာ လူတွေ ဥဒဟိုသွားလာနေကြတာကိုငေးပြီး ကျွန်မစိတ်တွေပါ မြူးလာတယ်။ ကလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးလာလို့ ကျွန်မရဲ့ မွန်းကြပ်အားငယ်စိတ်တွေ ခဏတော့ ပျောက်သွားတယ်။
" တံတားအဆုံးထိလျှောက်မလား " လို့ သူမေးတော့ ကျွန်မခေါင်းခါပြလိုက်တယ်။ တံတားအလယ်လောက်ရောက်တော့ ရေခန်းနေတဲ့ နေရာမှာ ဆိုင်လေးတွေကို တွေ့ရတယ်။ အဲဒီမှာ" သွားထိုင်ကြမလား" လို့ ထပ်မေးတော့ ကျွန်မခေါင်းခါပြလိုက်ပြန်တယ်။
" အမှတ်တရ ဓါတ်ပုံရိုက်မလား ပုံလေးတွေ အရမ်းလှတယ် ညီလေး "
ဓါတ်ပုံဆရာက သူ့ကို ပြောတော့ သူက ကျွန်မကို လှမ်းကြည့်တယ်။ ရှက်နေတဲ့ကျွန်မက ခေါင်းလေး ထပ်ခါပြလိုက်တယ်။
ဦးပိန်တံတားပေါ်တက်ပြီး တစ်နာရီ၀န်းကျင်လောက်ကြာတော့
ကျွန်မတို့ပြန်ထွက်လာကြတယ်။
" အေးဆေးစကားပြောလို့ရတဲ့နေရာ သွားကြရေအာင်ေနာ် " ဆိုလို့ သူခေါ်ရာ ကျွန်မလိုက်လာခဲ့တယ်။ သူ့ဆိုင်ကယ်နောက်က လိုက်သာ လာရတယ်။ ကျွန်မစိတ်တွေ လှုပ်ရှားနေမိတာအမှန်။ ဦးပိန်ကနေ သူက ရတနာပုံ တက္ကသိုလ်ဘက်ကို မောင်းနေတာ မြင်လိုက်တော့ မရောက်တာ ကြာခဲ့တဲ့ ဒီအငွေ့အသက်တွေက ကျွန်မစိတ်ကို လွမ်းသလိုလို ခံစားလာရစေတယ်။
တစ်နေရာရောက်တော့ သူကဆိုင်ကယ်ကို ထိုးရပ်လိုက်တယ်။
" ဟင် "
သူခေါ်တဲ့နေရာကိုကြည့်ပြီး ကျွန်မတကိုယ်လုံး တုန်ရင်လာတယ်။
ဒီနေရာ ကျွန်မရောက်ဖူးခဲ့တယ်။
" လဲကေ ဘာဖြစ်လို့လဲဟင် "
" ဟင့်အင်း တခြားနေရာပဲ သွားရအောင် "
" ဒီနေရာလေးက အေးဆေးတယ် လဲ့ကေရဲ့ "
" ဟင့်အင်း "
ကျွန်မဇွတ်ခေါင်းခါတော့ သူသက်ပြင်းရှိုက်တယ်။ အဲဒီကနေ
မြို့ထဲဘက်ဆိုင်ဆီ ခေါ်လာပေးတယ်။ အဲဒီဆိုင်က အပြင်ခန်းအပြင် သီးသန့်ခန်းတွေပါရှိတယ်။
ဆိုင်မှာ သီးသန့် အလုံခန်းလေးေတွချည်းမို့ ချစ်သူအတွဲတွေ ၊ အရေးကြီးတိုင်ပင်စရာသူတွေ လာတဲ့နေရာလေးတစ်ခုလို့ သူကရှင်းပြတယ်။ ဒီတစ်ခါတော့ ကျွန်မမငြင်းတော့ပါဘူး။
ငြင်းနေရင်လည်း ဒီနေ့ လျှောက်သွားရင်းအချိန်ကုန်ရမှာလေ။
သူကအခန်းလေးတစ်ခန်းယူလိုက်တယ်။ အခန်းလေးက အလုံပိတ်အခန်းဖြစ်သလို အပြင်ပြောတာမကြားရသလို အထဲကပြောတာလည်း အပြင်ကမကြားရဘူး။
တန်းလျားရှည် ဆိုဖာဆက်တီတစ်စုံလည်း ချထားပေးတယ်။ သူက စားသောက်စရာအစုံ မှာလိုက်တာနဲ့ စားပွဲထိုးလေးတွေက အကုန်လာချပေးတယ်။
သူက နှစ်ယောက်ထိုင်ဆက်တီစားပွဲရှည်မှာ ကျွန်မကို
ထိုင်စေတယ်။
" ဒီမှာလာထိုင်နော် လဲ့ကေ ဗိုက်ဆာပြီလား အရင်စားမလား "
" ဟင့်အင်း မဆာပါဘူး "
ကျွန်မဖြေတော့ သူက ကျွန်မလက်လေးကို ဆွဲယူလိုက်တယ်။
" မောင့်ကို ချစ်တယ်မဟုတ်လားဟင် "
မျှော်လင့်ချက်အပြည့်နဲ့ မေးနေတဲ့ သူ့မျက်၀န်းတွေကို ကျွန်မရင်ခုန်လွန်းစွာနဲ့ ပြန်စိုက်ကြည့်မိနေတယ်။
သူက ကျွန်မမျက်နှာလေးကို သူ့လက်နဲ့ ဆွဲယူမော့စေတယ်။
" အရမ်းချစ်တယ် ချစ်ရယ် "
သူ့ညည်းသံ တိုးဖွဖွလေးက ကျွန်မစိတ်ကို လှုပ်ရှားစေတယ်။ သူ့မျက်နှာလေးက ကျွန်မမျက်နှာနား နီးကပ်လာတယ်။ နွေးခနဲအသိက ကျွန်မနုတ်ခမ်းလေးဆီမှာ အဆုံးသတ်တယ်။ သူ့အနမ်းကြမ်းကြမ်းတွေကြား ကျွန်မယစ်မူးနေမိတယ်။ ဖြတ်ခနဲကျွန်မအသိ၀င်လာတော့ သူ့အနမ်းတွေထဲက ရုန်းမိတယ်။ သူကထပ်ပြီး ကျွန်မကို သူ့ရင်ခွင်ထဲ အတင်းထွေးဖက်ထားတယ်။
" မောင်လေ ချစ်နဲ့ဝေးရင် ရူးရလိမ့်မယ်
မောင်တို့လက်ထပ်ကြရအောင် "
သူ့စကားကြားတော့ သူ့ရင်ခွင်ထဲက ကျွန်မရုန်း ထပ်လိုက်မိတယ်။ စိတ်ကိုတည်ငြိမ်အောင် ထိမ်းရင်း
" ကျွန်မအကြောင်း ကိုခန့်ထည် ဘယ်လောက်သိလို့လဲ "
လို့ တိုးတိုးလေးေမးမိတော့ သူသက်ပြင်းရှိုက်တယ်။
" ကျွန်မအကြောင်းတွေ သိဖို့လိုတယ်မထင်ဘူးလား "
ကျွန်မထပ်မေးတော့ သူသက်ပြင်းထပ်ရှိုက်ပြီး ခေါင်းခါပြရင်း ဖြေတယ်။
" အမှန်ဆို မောင်ဘာမှ မသိချင်ဘူး "
" မသိချင်လို့တော့ မရဘူးလေ သိထားမှ ကိုခန့်ထည် ဘာလုပ်သင့်တယ်ဆိုတာ ရှေ့ဆက် ဆုံးဖြတ်နိုင်မှာပေါ့ "
" မသိချင်ဘူး"
" မသိချင်ဘူးဆိုကထဲက သိရမှာကို ကြောက်နေတာလား ဒါမှမဟုတ် ရင်မဆိုင်နိုင်တာလား "
ကျွန်မစကား ကြားတော့ ကျွန်မကို ငေးငေးလေးကြည့်ပြီး သူခေါင်းခါပြရင်း စိတ်ရှုပ်သလိုညည်းတယ်။
" မောင်မသိချင်တာ မောင့်အရင် ချစ်ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ မောင်နဲ့မဆိုင်ဘူးကွာ မောင်နဲ့ချစ်သူဖြစ်ပြီး မောင့်ကိုသစ္စာရှိရှိ ချစ်ရင် မောင့်ဘ၀ပြည့်စုံနေပြီလေ "
" ဟား အဲဒါတွေက စိတ်ကူးယဉ်သက်သက်ပါ ကိုခန့်ထည်ရယ် ကျွန်မကတော့ ကျွန်မအကြောင်းကို သိစေချင်တယ်....... "
" သိပြီးရင် ကျွန်မဘ၀ကို ရှင်လက်ခံနိုင် လက်မခံနိုင် သေချာစဉ်းစားဆုံးဖြတ်ပါ
လက်ခံနိုင်မှ ကျွန်မဆီက အဖြေကို တောင်းစေချင်တယ်"
ကျွန်မကို သူငေးငေးလေး ကြည့်နေတယ်။ ဘယ်တော့မှမတွေးခဲ့တဲ့ကျွန်မဘ၀ရဲ့ နာကျင်စရာ နေ့ရက်ဆီကို ကျွန်မ ပြန်ရောက်ရှိသွားတော့တယ်။
***********
" ဟဲ့သက်သက် ဟိုကောင်လေးက ဘယ်သူလဲ ငါတခါမှ မမြင်ဖူးပါဘူး"
ကျွန်မတို့အခန်းထဲမှာ လူသစ်ကောင်လေးတစ်ယောက်ကို တွေ့လို့ သက်သက်ကို ကျွန်မမေးလိုက်တယ်။
" နင်နေမကောင်းတဲ့နေ့ကမှ ငါတို့ကျောင်းပြောင်းလာတဲ့ကောင်လေး မင်းထက်ကိုတဲ့ ငါတို့အခန်းထဲကျတယ် "
"ဪ "
သက်သက်ပြောပြတာနားထောင်ပြီး အဲဒီကောင်လေးကို ခဏ ငေးကြည့်မိသွားတယ်။ ပုံစံကတော့ ရည်ရည်မွန်မွန်လေးပါ။
ကျွန်မမှာ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ရှိတယ်။ သက်သက်ချိုနဲ့နွယ်နှင်းဆီ။ ငယ်ငယ်မူလတန်းထဲက တွဲလာကြသူတွေ။ ခုအထက်တန်းရောက်တဲ့အထိ တစ်တန်းထဲ မခွဲဘဲနေလာကြတာ။ သွားအတူ ၊လာအတူ ၊စားအတူ။ သက်သက်ချိုအိမ်က ကျွန်မနဲ့နွယ်နှင်းဆီအိမ်ထက် နည်းနည်း ချို့တဲ့တယ်ပြောရမလားမသိဘူး။
ကျွန်မတို့သုံးသလို ၊စားသလို မစားနိုင်တာတော့သေချာတယ်။ မုန့်ဖိုးဆိုလည်း
ကျွန်မတို့လိုမရဘူး။ မရပေမယ့် ကျွန်မတို့က အတူတူမျှသုံးကြလို့ သက်သက်ချို မျက်နှာမငယ်ရပါဘူး။ ကျွန်မတို့အဖွဲ့နဲ့ မင်းထက်ကိုဆိုတဲ့ကောင်လေးဟာ တပတ်လောက်ကြာေတာ့ ခင်သွားကြတယ်။ ကျွန်မတို့သူငယ်ချင်းအဖွဲ့မှာ ခြောက်ယောက်ဖြစ်လာတယ်။ မင်းထက်ကို မရောက်ခင်က နိုင်လင်းနဲ့ ကျော်စွာဆိုတဲ့ ယောက်ျားလေးသူငယ်ချင်းနှစ်ယောက်ရှိသေးတယ်။
မင်းထက်ကိုက ဆယ်တန်းစာမေးပွဲ ဖြေခါနီးမှာ ကျွန်မကို
ချစ်ရေးဆိုတယ်။ ပြီးတော့ တွေ့တဲ့အခါတိုင်း တတွတ်တွတ် အဖြေတောင်းေတာ့တာပဲ။
" မိလဲ့ "
" ဘာလဲ "
" ငါတောင်းတဲ့အဖြေ နင်ခုထိမပေးသေးဘူး"
" ငါကဘာပေးရမှာလဲ "
မင်းထက်ကိုရဲ့ မျက်နှာကိုကြည့်ပြီး ကျွန်မရယ်ချင်လာတယ်။
" နင်က နင့်လာကြိုက်နေတဲ့ ကျောင်းလမ်းထိပ်ဈေးဆိုင်က ဟိုမျက်မှန်နဲ့လူကိုသဘောကျနေတာမဟုတ်လား "
" ဟယ် အဲလူကြီးက ငါ့ထက်အများကြီးတာကို ငါကဘာလုပ်ရမှာလဲ "
ကျွန်မအဖြေကြားတော့ မင်းထက်ကို မျက်နှာလေး ပြန်ပြုံးလာတယ်။
" ဒါဆို နင် ငါ့ကိုချစ်တာပေါ့နော်"
မင်းထက်ကိုကိုကြည့်ပြီး သနားလာတာမို့ ကျွန်မ ရယ်ရင်း ဖြေလိုက်တယ်။
" အေး "
ကျွန်မနဲ့မင်းထက်ကို ချစ်သူဖြစ်ကြတာက အဲဒီလို အူကြောင်ကြောင်ရယ်။ အချစ်ဆိုတာကို နှစ်ယောက်သား နားလည်လို့ရယ်တော့မဟုတ်ဘူး။ အနေနီးစပ်မှုကြောင့်လို့ထင်တာပဲ။ ချစ်သူဖြစ်ခဲ့လည်း ကျွန်မတို့စိတ်တွေက သူငယ်ချင်းလိုပဲ အဖွဲ့လိုက် အတူသွား၊ အတူလာ နေခဲ့ကြတာပါ။ ကျွန်မသွားချင်တဲ့နေရာပဲဖြစ်ဖြစ်၊မင်းထက်သွားချင်တဲ့နေရာပဲဖြစ်ဖြစ် ကျွန်မတို့သူငယ်ချင်းေတွ အဖွဲ့ လိုက်သွားဖြစ်ကြတယ်။ ကျွန်မတို့တတွေ ဆယ်တန်းအောင်ကြပြီး ရတာနာပုံတက္ကသိုလ်တက်ကြတော့လည်း အတူတူ မခွဲကြဘူး။ သွားလေရာ ခြောက်ယောက်တတွဲတွဲ။
တစ်နေ့...။
" မိလဲ့ "
" ဘာလဲ"
" ထူးသံကတော်တော်ညင်သာတယ် ကိုယ့်ချစ်သူကို ထူးတဲ့အသံက "
မင်းထက်ကိုက မကျေမနပ်ဆိုတော့ ကျွန်မရယ်မိတယ်။
" ငါ့ကို မောင်လို့ခေါ်စမ်းပါကွာ
ငါကြားချင်လို့ "
" မခေါ်ချင်ပါဘူး မင်းထက်ရယ် နင့်ကို
အခုလိုခေါ်တာ နုတ်ကျိုးနေပြီဟ "
ကျွန်မအဖြေကြားတော့ မင်းထက်ကို မျက်နှာကြီးစူပုတ်နေတယ်။ ကျွန်မတို့ထိုင်လို့ဘယ်ေလာက်မှမကြာသေးဘူး။ သူငယ်ချင်းတွေအကုန်ရောက်လာကြတယ်။
" ဒီနှစ်ယောက်နော် ခွဲခြားခွဲခြားနဲ့ လှစ်ခနဲဆို ပျောက်ပျောက်သွားတာ "
နွယ်နှင်းဆီပြောတော့ မင်းထက်ကိုက
မကျေမနပ်ဆိုတယ်။
" ပျောက်လည်း ဘယ်မှမသွားပါဘူး
နင်တို့သူငယ်ချင်းနဲ့ချစ်သူ ဖြစ်ရတာ ကြာလေစိတ်ပျက်လေ သိလား ချစ်သူကို မောင်လို့ခေါ်ခိုင်းတာတောင်မရဘူး မင်းထက်တဲ့ "
မင်းထက်စကားနားထောင်ပြီး ကျွန်မတို့သူငယ်ချင်းတသိုက် တဟားဟားနဲ့ရယ်ကြတယ်။ သက်သက်ချိုကစတယ်။
" အစထဲက နင်ကငါ့မှမကြိုက်တာ ငါ့ကြိုက်ရင် ကိုကိုလို့နွဲ့နွဲ့လေးခေါ်လိုက်မှာ "
သက်သက်စကားနားထောင်ပြီး အားလုံးထပ်ရယ်လိုက်ကြပြန်တယ်။
" အဲဒါ မင်းအမှားကွ မင်းထက်ရ
ချစ်သူထားရင် သူငယ်ချင်းကိုပြန်မကြိုက်နဲ့လေ တခြားကောင်မလေးကြိုက်ရတယ် "
ကျော်စွာ့စကား ကြားတော့ ကျွန်မပြုံးပြီး မင်းထက်ကို ကြည့်မိတယ်။ ခုထိ မျက်နှာကြီးက စူပုတ်နေတာကိုက ကလေးကျနေတာပဲ။ ကန်တင်းရ်မှာ စားသောက်ပြီးတာနဲ့ အတန်းတက်ဖို့ပြင်ဆင်တော့ မင်းထက်ကဆိုတယ်။
" ငါဒီနေ့ အတန်းမတက်တော့ဘူး ပြန်တော့မယ် "
" နင်က ဘာကိစ္စပြန်မှာလဲ မင်းထက်ရာ "
ကျွန်မတို့ကိုကြည့်ပြီး သူငယ်ချင်းတွေကနားလည်ပြီး ထားခဲ့ကြတယ်။
" မိလဲ့ ငါ့အချစ်ကို နင်တန်ဖိုးမထားဘူး "
" ဘာကိုလဲ နင့်ကိုမောင်မခေါ်တဲ့ကိစွက အဲဒီလောက် အပြစ်ကြီးတယ်လား "
ကျွန်မနားမလည်သလိုမေးတော့ သူခေါင်းခါတယ်။
" ငါ့ကိုနင်မချစ်သလို ခံစားနေရတာ ချစ်သူဖြစ်လာတဲ့ သက်တမ်းတလျှောက်မှာ နင့်ဆီက ချစ်သူအခွင့်ရေး
ငါဘာရခဲ့လဲ ချစ်သူသာဆိုတယ် သူငယ်ချင်းအဆင့်ပါပဲဟာ အဲဒါကိုငါနာကျင်တာ "
" ဟာ ပြဿနာမဟုတ်တာကို ပြဿနာရှာတယ်ဟာ တကယ်ပဲ"
" ပြဿနာရှာတာမဟုတ်ဘူး ငါ့ကို နင်တကယ်မချစ်တာမိလဲ့ "
" မဟုတ်သေးပါဘူးမင်းထက်ရယ် ချစ်သူဆိုတာ သူငယ်ချင်းပဲလေဟာ
တစ်ခုတော့ရှိတယ် ပညာစုံချိန်လက်ထပ်ရင် နင့်ကိုလက်ထပ်မယ် အဲဒါ ငါ့စိတ်ကူးထဲက အိပ်မက်လေဟာ "
" အေး ငါ့ေနရာလည်း၀င်ကြည့်ပါဦး
နင်နဲ့ငါချစ်သူဖြစ်ပြီး လျှောက်လည်ကြတယ် နေရာအနှံ့သွားတယ် ငါတို့ချည်းပဲလား သူငယ်ချင်းတွေအကုန်ပါတယ်ဟာ ဘယ်မှာလဲချစ်သူပုံစံ ငါတို့အဆင့်က ချစ်သူမှမဟုတ်တာ သူငယ်ချင်းအဆင့်ပဲ သူငယ်ချင်းအဆင့်ထက် ငါ့ကို အခွင့်ရေး ပိုပေးခဲ့ဘူးလား "
ကျွန်မသက်ပြင်းရှိုက်လိုက်မိတယ်။ ကျွန်မအယူဆနဲ့ မင်းထက်အယူဆက ကွာခြားနေကြတယ်။ သူအခုလို ဖြစ်နေတော့ ကျွန်မစိတ်မကောင်းဖြစ်မိပြန်ရော။
" အခု နင်ဘယ်သွားချင်လဲ သွားလေ
ငါလိုက်ခဲ့မယ် "
" နင်တကယ်ပြောတာလား "
" အေးလေ နေ့လည် ငါအတန်းမတက်တော့ဘူး ဟုတ်ပြီလား "
အခုမှ သူ့မျက်နှာလေး ပြုံးသွားတယ်။
ကျွန်မဆိုင်ကယ်ကို ကျွန်မတို့ထိုင်နေကျ ဆိုင်မှာ ထားနေကျမို့ သူ့ဆိုင်ကယ်နောက်က လိုက်လာခဲ့တယ်။
" ငါအရမ်းပျော်တာပဲ မိလဲ့ရယ် "
ဒီတစ်ခါတော့ သူ့ကျောပြင်လေးမှာ ကျွန်မမျက်နှာလေး အပ်ထားလိုက်တယ်။ သူမောင်းရာနောက်ကို လိုက်ခဲ့တဲ့ ကျွန်မက သူဆိုင်ကယ်ရပ်လိုက်တဲ့နေရာရောက်တော့ အံ့ဩသွားတယ်။
" မင်းထက် ဒါက "
" ချစ်သူရိပ်မြုံတဲ့ ချစ်သူအတွဲလေးတွေ လွတ်လွတ်လပ်လပ် စကားပြောလို့ရအောင် စီစဉ်ထားတာလေ "
" နင်က ဘယ်လိုသိတာလဲ "
" မိလဲ့ရယ် လာ "
ကျွန်မအမေးကို မဖြေဘဲ ကျွန်မလက်ကိုဆွဲပြီး ခေါ်သွားတယ်။ ပြီးတော့ အကာ၊အမိုး ထန်းလက်တွေနဲ့ လုံလုံခြုံခြုံလုပ်ထားတဲ့ အခန်းလေးတစ်ခု။ ကျွန်မတို့ ထိုင်လိုက်တာနဲ့ မင်းထက်က ကြိုးလေးကိုဆွဲလိုက်တယ်။
စားပွဲထိုးလေးရောက်လာပြီး မှာသမျှ အကုန်မှတ်သွားတယ်။ တအောင့်ကြာတော့ စားစရာတွေ လာချပေးတယ်။
ကျွန်မမျက်နှာလေးက ရှက်တာရော ၊ စိတ်ရှုပ်တာရောကြောင့် မှုန်သုန်နေပြီ။
သူက ကျွန်မကိုကြည့်ပြီးရယ်တယ်။
" မျက်နှာကြီးကလဲကွာ မိလဲ့ "
" ဟုတ်တယ်လေ ငါထင်တာက လျှောက်လည်ကြမယ်မှတ်နေတာ "
" ချစ်သူဖြစ်တာ နှစ်နှစ်ကျော်ပြီနော် မိလဲ့ ငါ့ကို နှစ်ယောက်ထဲတွေ့ဖို့ အခုမှ နင်ခွင့်ပြုတာ ငါလိုချစ်သူမို့ တခြားကောင်ဆို ထားခဲ့တာကြာပြီ "
" ဘာရယ် ဘယ်လို မင်းထက် နင်တို့ယောက်ျားတွေက မိန်းကလေးတစ်ယောက်ကို အခွင့်ရေးပေးမှ ချစ်နိုင်တာလား အဲဒီလိုလား "
ကျွန်မအမေးကို သူက ခေါင်းခါပြီးေဖြတယ်။
" မဟုတ်ဘူး မိလဲ့ အဲဒီလိုတော့မဟုတ်ဘူး ဒါပေမယ့် ငါလည်း ချစ်သူနဲ့ ချစ်သူသဘာ၀ခံစားချင်တာ အဲဒါအမှားလား အခုလိုပြောတော့ အဲဒါက နင့်အတွက် နင့်အမြင်မှာ ငါကအထင်သေးစရာ သတ္တဝါတစ်ကောင်ဖြစ်ေနမှာပဲ အဲဒီလိုဖြစ်နေလား "
" ငါသိတဲ့ချစ်သူဘ၀က ရိုးရှင်းတယ်ဟ
ငါတို့အခုလို သူငယ်ချင်းလို ပျော်ပျော်နေမယ် ကျောင်းပြီးအောင် ဆက်တက်မယ် ဘွဲ့ရရင် ဘ၀တစ်ခုကို အတူတူလက်တွဲပြီး အတူတူရင်ဆိုင်ဖို့ လက်ထပ်ကြမယ် အဲဒီလိုလေး "
မင်းထက်က ပြုံးတယ်။ သူပြုံးရင် သိပ်ကြည့်ကောင်းတာမို့ ကျွန်မခဏတော့ ငေးနေမိတယ်။ ပြီးတော့ ပြုံးနေတဲ့နုတ်ခမ်းလေးက စကားလုံးတွေထွက်ကျလာတယ်။
" အချစ်ရဲ့ချိုမြိန်ခြင်းတွေ နင်မခံစားဘူးသေးလို့ပါ မိလဲ့ "
ကျွန်မ သူ့စကားကို အခြေတင်မငြင်းချင်တော့ပါဘူး။ စားပွဲပေါ်မှာ လာချထားတဲ့အစားစာတွေထဲက အအေးကိုပဲ ပိုက်နဲ့စုပ်သောက်လိုက်တယ်။
" မိလဲ့ "
ခေါ်သံကြားတော့ သူ့ကို ဘာလဲဆိုတဲ့အဓိပ္ပါယ်နဲ့အသံတိတ် မော့ကြည့်လိုက်တယ်။ ဟင်။ မင်းထက်မျက်၀န်းတွေက
စူးရှရီဝေနေသလိုလို။ ဒီအကြည့်က ကျွန်မရင်ကို လှပ်ခနဲ ဖြစ်စေတာတော့ အမှန်ပဲ။
" ငါ့ကို မောင်လို့ခေါ်ပါလား "
" မခေါ်ချင်ဘူး "
ကျွန်မငြင်းတော့ သူကကျွန်မအနား ပူးကပ်လာထိုင်တယ်။
" မိလဲ့ ခေါ်ကွာ "
" ဟာ မခေါ်ပါဘူးဆို ဘာဖြစ်နေတာလဲ "
ကျွန်မစိတ်မရှည်သလို ဖြေတော့ သူ့ရင်ခွင်ထဲ ကျွန်မကို ဆွဲပွေ့တယ်။ သူ့ရင်ခွင်ထဲကနေ သူ့ကိုမော့ကြည့်နေမိတဲ့
ကျွန်မ။ ကျွန်မရဲ့ရင်ဘတ်ထဲမှာ ရင်ခုန်သံတွေဆူညံနေသလိုပဲ။
" အရမ်းချစ်တယ် မိလဲ့ရယ် "
သူ့အသံက ကျွန်မကြားဖူးသမျှထဲမှာ ဒီတစ်ခါ အနူးညံ့အသိမ်ေမွ့ဆုံးပဲ။ အမှန်ဆို ကျွန်မဘ၀မှာ ကောင်လေးတစ်ယောက်ရဲ့ ရင်ခွင်ထဲ ဒါပထမဆုံးရောက်ဖူးခြင်းပါ။ သူ့ရင်ဘတ်ထဲက
ရင်ခုန်သံကို ကျွန်မမျက်နှာအပ်ထားမိလို့ တချက်တချက်ကြားနေရတယ်။
" ချစ်တယ် အရမ်းချစ်တယ် "
ကျွန်မမျက်နှာလေးပေါ် အနမ်းပွင့်လေးတွေ ခြွေချချိန်မှာ ကျွန်မအသက်ရှူဖို့တောင်မေ့လျော့နေမိတယ်။ အငမ်းမရ
နမ်းရှိုက်နေတဲ့ သူ့အနမ်းကြမ်းကြမ်းတွေက ကျွန်မစိတ်တွေကို ယောက်ယက်ခတ်စေတယ်။ အဲဒီနေ့က
သူ့အချစ်တွေထဲ ကျွန်မမူးယစ်ခဲ့ရတယ်။ အဲဒီနောက်ပိုင်း မင်းထက်နဲ့ကျွန်မက လစ်တာနဲ့ သူငယ်ချင်းတွေကြားမရှိတော့ဘူး။ လှစ်ခနဲဆို ချစ်သူရိပ်မြုံဆီ ကျွန်မတို့ရောက်နေကြပြီ။
မင်းထက်ကို ကျွန်မချစ်တယ်။ သူပြုံးနေရင် ကျွန်မကျေနပ်တယ်။ နောက်ပိုင်းတော့ သူ့အနမ်းတွေကို ကျွန်မကိုယ်တိုင် နှစ်ခြိုက်နေမိပြီ။
ရင်ခုန်ရတာ ၊ လှိုက်မောရတာကို ကျွန်မ
နေသားကျလာပြီ။ အဲဒီနေ့က ကျွန်မတို့အတန်းလစ်ပြီး ချစ်သူရိပ်မြုံဆီ ရောက်လာကြတယ်။ လာနေကြမို့ ပိုင်ရှင်တွေတောင် မျက်မှန်းတန်းနေမိပြီ။ ကျွန်မတို့ရောက်ပြီး နာရီ၀က်လောက်ကစပြီး မိုးတွေ သည်းကြီးမည်းကြီး ရွာတော့တာပဲ။ မိုးတွေချိန်း ၊ လျှပ်တွေလက်တော့ သူ့ရင်ခွင်မှာ ကြောက်ကြောက်နဲ့ ငြိမ်နေမိတယ်။
မိုးအရမ်းသည်းချိန်မို့ ပြန်ဖို့လည်း မလွယ်ကူဘူး။ အဲဒီအချိန်က သူ့ရင်ခွင်ဟာ ကျွန်မအတွက် ခိုနားစရာ ရင်ခွင်တစ်ခုလို့မြင်မိတယ်။ ကျွန်မကို ပွေ့ဖက်ထားတဲ့ သူ့လက်တွေဟာ ပိုမိုတင်းကြပ်လာတယ်။ ကျွန်မမျက်နှာအနှံ့ အငမ်းမရ ကြွေကျနေတဲ့ အနမ်းပွင့်တွေဟာ ပြွတ်သိပ်လာတယ်။ သူ့အနမ်းတွေဟာ ဒီရေလိုပဲ အရှိန်ပြင်းလာတယ်။
" ဂျိန်း ဒလိန်း "
လျှပ် တစ်ချက်လက်ပြီး ချိန်းလိုက်တဲ့မိုးချိန်းသံက လန့်ပြီး သူ့ကိုတင်းတင်းကြပ်ကြပ် ပြန်ဖက်မိေစလိုက်တယ်။
" အို ..မင်းထက် မင်း "
အလန့်တကြား ကျွန်မညည်းညူသံဟာ
မိုးသံကြား ပျောက်ရှသွားတယ်။
တဝုန်းဝုန်းရွာသွန်းနေတဲ့ မိုးအရှိန်ဟာ
ကျွန်မတို့အချစ်ကို မတားဆီးနိုင်တော့ဘူး။ အပြင်မှာ မိုးတွေတဝုန်းဝုန်းရွာသွန်းနေသလို ကျွန်မတို့ရဲ့ရိပ်မြုံလေးအတွင်းမှာလည်း အချစ်မိုးတွေ အဆတ်မပြတ်ရွာသွန်းနေခဲ့တယ်။
***********
" မိလဲ့ ချစ်တယ် "
" မသိဘူး "
သူ့အကြည့်ကို ရှောင်ဖယ်ရင်း ဖြေမိတယ်။ ကျွန်မရှက်နေတာသိတော့ သူရယ်တယ်။ မနေ့ကအဖြစ်က တွေးမိတိုင်း ရင်တွေဝုန်းဒိုင်း ဆူညံနေတုန်းပါ။
ကျွန်မကိုယ်တိုင် အချစ်ပင်လယ်ထဲ လက်ပစ်ကူးမိခဲ့ပြီ။ ချစ်မိကြပြီဆိုတော့
တစ်ယောက်မျက်နှာ တစ်ယောက်မမြင်ရမှာကိုပဲ ကြောက်နေသလိုလို။
" အခုမှ ငါတို့တကယ့်ချစ်သူ ဖြစ်တာ သိလား "
" မင်းထက် ငါ့ကို နင်ထားသွားမှာလား "
ရင်ထဲ စိတ်ပူသလိုမို့ မေးလိုက်မိတယ်။
" ဟာ ဘာလို့ထားရမှာလဲ မိလဲ့ရာ နင့်ကို အရင်ကထက်တောင် ပိုပိုချစ်မိတယ် "
အခုမှတော့ သူ့စကားကိုပဲယုံရုံပေါ့။
" မိလဲ့ ဒီနေ့အတန်းလစ်ရအောင် "
" ဟာ မလစ်တော့ဘူး "
" မိလဲ့ "
သူအဲဒီလိုခေါ်ပြီး မျက်၀န်းညိုကြီးတွေနဲ့စိုက်ကြည့်ရင် ကျွန်မစိတ်တွေ ပျော့ညံ့လာသလိုပဲ။ သူ့မျက်နှာညှိုးသွားရင် နေမထိထိုင်မထိဝေဒနာက အတော်ခံစားရခက်တယ်။ အဲဒီနောက်တော့ ကျွန်မဟာ သူခေါ်ရာနောက်ကို
တကောက်ကောက် လိုက်မိတော့တာပဲ။
သိက္ခာတွေ ၊မာနတွေဆိုတာ ဘယ်ကိုရောက်သွားမှန်းမသိတော့တာလေ။ ကျောင်းကို အကြောင်းပြပြီး ကျောင်းရောက်ရင် ကျွန်မဟာ သူနဲ့ပဲ အချိန်ကုန်တတ်လာတယ်။ သူနဲ့ဆုံတော့ " စစ်ကိုင်းသွားလည်ကြမယ် "တဲ့။
စစ်ကိုင်းကို မရောက်ဖြစ်တဲ့ကျွန်မက ပျော်သွားတာပေါ့။ ကျွန်မထင်သလို စစ်ကိုင်းအနှံ့လည်တာမဟုတ်ဘဲ စစ်ကိုင်းက တည်းခိုခန်းတစ်ခုမှာ အဲဒီနေ့က အချိန်ကုန်ခဲ့တယ်။
" ကိုယ့်သူငယ်ချင်းတွေက ဒီကိုခဏခဏ လာဖူးကြတယ်လေ သူတို့ညွှန်းလို့ မိလဲ့ရဲ့ "
ကျွန်မရဲ့ အပျိုစင်ဘ၀ဟာ မင်းထက်ကိုရဲ့ရင်ခွင်ထဲ အကြိမ်ကြိမ်ကြွေခဲ့ရတယ်။
ချစ်တဲ့စိတ်နဲ့ ကျွန်မဟာ မင်းထက်ကိုအလိုကျ ဖြစ်ခဲ့ရတယ်။ အဲဒီအချိန်ကတော့ ဒါဟာ ကျွန်မဘ၀ရဲ့ နာကျင်စေမယ့်နိမိတ်လို့ လုံးလုံးမှ မရိပ်မိခဲ့တာပါ။
*********
ကျွန်မရင်တွေ ကတုန်ကရင်ကြီးနဲ့ စိတ်ထဲလည်း အရမ်းကြောက်နေတယ်။ ဒါကြောင့် မင်းထက်ကိုနဲ့တွေ့ဖို့ ချိန်းလိုက်တယ်။
ကျွန်မရှိရာကို လျှောက်လာတဲ့ မင်းထက်ကိုကို မြင်လိုက်ရတယ်။ သူ့ပုံစံက
နဂိုအတိုင်းပဲ။ ကျွန်မကိုတွေ့တော့ မင်းထက်က ပြုံးပြတယ်။
" မိလဲ့ "
မင်းထက်ခေါ်တော့ ကျွန်မခေါင်းညိတ်ပြီးထူးလိုက်တယ်။
" ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား မျက်နှာမကောင်းဘူး "
" မင်းထက် "
" အင်း ပြောလေ မိလဲ့ "
" ငါတို့လက်ထပ်ကြရအောင် "
" ဟင် ဘာကိုလဲ မိလဲ့ရ ငါတို့ဘွဲ့ရမှ လက်ထပ်ကြမယ်လေကွာ အစကထဲက တိုင်ပင်ထားတာကို "
မင်းထက်က စိတ်ရှုပ်သလိုဆိုတယ်။
ကျွန်မမျက်၀န်းမှာ မျက်ရည်ကြည်တွေ ဝေ့ဝဲလာတယ်။
" အဲဒီအထိ စောင့်လို့မရတော့ဘူး မင်းထက် ငါ့ဆီမှာ ငါ့ဆီမှာ ကိုယ်၀န် ရှိနေပြီ "
ကျွန်မစကားအဆုံး ပြူးကျယ်သွားတဲ့ မျက်၀န်းအစုံနဲ့ မင်းထက်ငိုင်နေတယ်။
" နင် နင် ငါတိုက်တဲ့ဆေးေတွမသောက်ဘူးလား မိလဲ့ "
အထစ်ထစ်အငေါ့ငေါ့နဲ့မေးနေတဲ့ မင်းထက်ကိုကြည့်ပြီး ကျွန်မစိတ်ထဲ ကျင်ခနဲခံစားလိုက်ရတယ်။
" အေး ငါသောက်တယ် သောက်တဲ့ကြားကရလာတာ အခု ငါတို့ လက်ထပ်မှ ဖြစ်မယ် မင်းထက် "
ကျွန်မစကားကို မင်းထက်မတုန့်ပြန်ဘဲ ငိုင်နေတယ်။
" မင်းထက် "
ကျွန်မခေါ်တော့ သူမော့ကြည့်လာတယ်။
" မိလဲ့ ငါတို့လက်ထပ်လို့ မဖြစ်သေးဘူး
အိမ်က ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး နင် နင် ဖျက်ချလိုက်ပါလားဟာ "
" ဘာ "
ကျွန်မအသံက လိုအပ်တာထက်ပိုကျယ်သွားတယ်။ မင်းထက်က တဖက်ကို မျက်နှာလွှဲထားတယ်။အဲဒီအချိန်မှာ
ကောင်းကင်တခွင်က အုံ့မှိုင်းလာတယ် ။ မန္တလေးမိုးက ဝုန်းဆို တဖွဲဖွဲ ရွာသွန်းလာတယ်။ ကိုယ်ပေါ်ကျလာတဲ့ မိုးရေစက်တွေက ကျွန်မကိုယ်ပေါ် တပေါက်ပေါက်နဲ့လာစင်ေနကြတယ်။
" နင် နင် ငါ့ကို ပြတ်ပြတ်သားသား ပြော နင် ငါ့ကိုလက်ထပ်မလား မထပ်ဘူးလား "
ကျွန်မစကားအဆုံး မင်းထက် ကျွန်မကို လှည့်ကြည့်လာတယ်။ သူ့နုတ်ကခုန်ဆင်းလာတဲ့စကားတွေဟာ ကျွန်မ ဘယ်လိုမှ မထင်ထားတဲ့စကားလုံးတွေ
ဖြစ်နေခဲ့တယ်။
" ငါ့ကို နင်မုန်းလိုက်ပါမိလဲ့ ငါက သတ္တိမရှိတဲ့အကောင် လူယုတ်မာ အဲဒီလို နင်သတ်မှတ်လိုက်ပါ မိလဲ့ အခုချိန်မှာ ငါ ဘယ်မိန်းမကိုမှ လက်မထပ်နိုင်ဘူး "
ပြောပြောဆိုဆို ကျွန်မအနားက ထွက်သွားတဲ့ သူ့ကျောပြင်ကို ငေးပြီး ကျွန်မကျန်နေခဲ့တယ်။ နာကျင်လိုက်တာ။ အချစ်ကိုကိုးကွယ်ပြီး ချစ်သူအလိုကျ ဖြည့်ဆည်းပေးမိတဲ့ရလဒ်က အဲဒီလိုလား။ ယုံယုံကြည်ကြည်ချစ်ခဲ့ရသူက အချစ်ကိုအကြောင်းပြပြီး ကာမကို အငမ်းမရယူခဲ့သူေပါ့။ ကျွန်မကို ချစ်လို့ဆိုပြီး သူကျူးလွန်ခဲ့တာတွေက အချစ်ကြောင့်မဟုတ်ဘူးတဲ့လား။ ကျွန်မရင်တွေ ကွဲမတတ်ခံစားလိုက်ရတယ်။ မိုးသည်းသည်းထဲမှာ ကျွန်မဆောက်တည်ရာမဲ့စွာ အသံကုန်အော်ဟစ်ပစ်လိုက်တယ်။
" အား "
***********
" အဲဒီလိုနဲ့ ကျွန်မဟာ အဖေမရှိတဲ့သမီးလေးကို မွေးခဲ့ရတယ် ကျောင်းလည်း တ၀က်တပြတ်နားခဲ့ရတယ် မိဘညီကိုမောင်နှမအလယ်မှာ မျက်နှာငယ်ခဲ့ရတယ် ပတ်၀န်းကျင်မှာ လင်ကောင်မပေါ်ဘဲ ကလေးမွေးတဲ့ မိန်းမဆိုပြီး အထင်သေးခံ ရပ်တည်ခဲ့ရတယ် အခုလို တည်ငြိမ်တဲ့ဘ၀ဖြစ်ဖို့ မနည်းရပ်တည်ခဲ့ရတာပါ အခုဆို သမီးလေးတောင် လာမယ့်နှစ်ဆို ငါးနှစ်ပြည့်တော့မယ် ...."
" ကျွန်မကို သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုခန့်ထည်ရဲ့အချစ်တွေကို ပြင်ဆင်ခွင့်ရှိပါတယ် "
ကျွန်မစကားအဆုံး အဝေးကိုငေးနေတဲ့ သူ့မျက်၀န်းတွေကို ကျွန်မနားလည်နေမိပါတယ်။ ကျွန်မလို မိန်းကလေးကို ဘယ်လောက်ချစ်ချစ် လူ့ပတ်၀န်းကျင်အသိုင်းဝိုင်းမှာ ဘယ်သူက အတည်လက်ထပ်ရဲပါ့မလဲလေ။
" စိတ်မကောင်းလို့ပါ လဲ့ကေရယ်
အခုလို အကြောင်းစုံသိရတော့ လဲ့ကေကို ပိုသနားတယ် ဒါနဲ့ အဲဒီမင်းထက်ကိုက ဘယ်ရောက်သွားလဲ "
ကျွန်မခေါင်းခါပြလိုက်တယ်။ သူရည်းစားအရမ်းရှုပ်နေတယ်ဆိုတဲ့ သတင်းတစ်ခုထက် ကျွန်မဘာမှ မသိတော့တာပါ။
" လဲ့ကေ မောင့်ကို ချစ်လား "
သူ့အသံတိုးတိုးလေးက ကျွန်မရင်ကို
နာကျင်စေတယ်။ ချစ်နေရင်တောင် မဖြေချင်ပါဘူး။ အချစ်က ကျွန်မကို ခုထိနာကျင်စေတုန်းလေ။
" လဲ့ကေကို ချစ်တဲ့မောင့်အချစ်က ဘယ်တော့မှပြောင်းလဲမှာမဟုတ်ပါဘူး
လဲ့ကေကို မောင်တန်ဖိုးထားတယ် မြတ်နိုးတယ် လဲ့ကေကို မိသားဖသားပီပီ မောင်တောင်းရမ်းလက်ထပ်ယူမှာပါ တစ်ခုပဲ မောင့်ကိုအချိန်တစ်ခုတော့ပေးပါ မောင့်မိဘတွေ လက်ခံလာနိုင်အောင် မောင်ကြိုးစားချင်လို့ပါ .....
လဲ့ကေကို မောင်တန်ဖိုးရှိရှိ တောင်းရမ်းယူမယ် နော် တစ်ခုပဲ မောင့်ကိုရှေ့ဆက်နိုင်ဖို့ လဲ့ကေရဲ့အချစ်နဲ့ ခွန်အားဆက်ပေးပါ "
တောင်းပန်တိုးလျိုးနေတဲ့ သူ့မျက်၀န်းတွေကို ကျွန်မငေးနေမိရင်း ကျွန်မကိုယ်တိုင် သတိမထားမိတဲ့စကားတစ်ချို့က ခုန်ထွက်ကျသွားတယ်။
" မောင့်ကို ကျွန်မ ချစ်မိခဲ့ပြီထင်တယ်
ဒါပေမယ့် ချစ်ရမှာကို ကြောက်တယ် "
" မောင့်ချစ်ရယ် "
သူက ကျွန်မကို သူ့ရင်ခွင်ထဲဆွဲယူရင်း
ပွေ့ဖက်ထားတယ်။ ပင်ပန်းနေတဲ့ကျွန်မစိတ်တွေကို ခဏလောက် သူ့ရင်ခွင်ထဲ အနားယူချင်မိတာပါပဲ။
အဲဒီနေ့က သူ့ကို ကျွန်မအဖြေပေးမိလိုက်တယ်ထင်တယ်။
သူနဲ့ကျွန်မဟာ တရား၀င် ချစ်သူဘ၀ကို ရောက်ရှိခဲ့ရတယ်။
**************