book

Index 7

အခန်း ၇

" ကိုခန့်ထည် "

ကျွန်မနုတ်က တီးတိုးရေရွတ်မိသွားတယ်။ မမြင်တာကြာလို့လားမသိဘူး။

ဝါ၀င်းသောအသားရည်က သူ့ကိုပိုချောလာစေသလိုပဲ။ မျက်ခုံးထိရှည်ကျနေတဲ့ ဆံပင်လေးကိုခါတင်လိုက်ရင်ကို ကြည့်လို့ကောင်းနေရတာမို့  ကျွန်မ သတိလက်လွတ် ငေးနေမိတယ်။

ကျွန်မကို  ပြန်ကြည့်လာတဲ့ သူ့အကြည့်စူးစူးလေးက ကျွန်မရင်ကို တဒိတ်ဒိတ်နဲ့ ခုန်လာစေတယ်။ 

" လဲ့ကေ ဒီညနေ ကျွန်တော့်ကို စကားပြောခွင့်ပေးပါ ဆိုင်သိမ်းချိန်စောင့်နေမယ် "

ကျွန်မအဖြေကို မစောင့်ဘဲ သူပြောချင်ရာပြောပြီး ထွက်သွားတဲ့ သူ့ကိုကြည့်ပြီး  ကျွန်မ ငိုင်ကျန်ခဲ့တယ်။

နွယ်က " ဟိတ် " ဆိုပြီး လှမ်းပုတ်မှ အသိ၀င်လာရတယ်။

" မိန်းမ မကြိုက်လို့ဘဲ ကြိုက်များကြိုက်ရင် တခါထဲများ လိုက်သွားမလားမသိဘူး "

နွယ်က ကျွန်မကိုစတော့ ကျွန်မရှက်ရယ် ရယ်မိတယ်။ ကျွန်မစိတ်ကပျော်နေတာကို ကျွန်မသတိထားလိုက်မိပြန်တယ်။

" လဲ့ကေ တော်တော်ချောတယ်ဟ 

နင်ပြန်ကြိုက်လိုက်ဟာ "

" နွယ်ရယ် ချောတာနဲ့ ကြိုက်စရာလား

ယောက်ျားတွေက မယုံရပါဘူးလို့ ဘယ်နှစ်ခါပြောရမလဲ "

" သူလိုလူကရော နင့်ကိုတကယ်မချစ်ဘဲနဲ့ နင့်အနားအချိန်ကုန်လာခံမှာမဟုတ်ဘူး အဲဒါလေးလည်း တွေးထားဦး ငါလည်းပြန်မယ် လဲ့ကေ ညနေ မေမေ့ကိုဆေးခန်းလိုက်ပို့ပေးရဦးမယ် "

" အင်းပါ အန်တီက ဘာဖြစ်လို့လဲ နွယ်"

" ဒူးနာတာလေ အသက်ကြီးတော့ လူက၀၀ ဆိုတော့ ဒူးကမနိုင်ဘူးထင်ပါတယ်   တစ်ပတ်တစ်ခါ ပြရတယ် "

" အင်းပါ ဂရုစိုက်ပြန်နော် နွယ် 

ဆိုင်ကယ်လည်း သတိထားမောင်းဦး "

နုတ်ဆက်သွားတဲ့ နွယ့်ကို ဆိုင်၀ထိ လိုက်ပို့ပေးရတယ်။ ညနေကျရင် စောင့်နေမဲ့ ကိုခန့်ထည်အကြောင်းတွေးမိတော့ ရင်ဘတ်ထဲ နွေးခနဲဖြစ်သွားတယ်။  နွယ်ပြန်သွားတော့ ၀ယ်သူအနည်းငယ်ပဲကျတယ်။ မနက်ကဖောက်သည်ကြီးကြီးကျသွားတော့  ညနေ၀ယ်သူမကျပေမယ့် တော်သေးတယ်။ ဆိုင်သိမ်းချိန်ရောက်တော့ ဆိုင်ရှေ့မှာ သူကရောက်နေပြီ။

" လဲ့ကေ  ဖြစ်နိုင်ရင် ဆိုင်ကယ်တစ်စီးထဲ သွားရအောင်လေ "

" ရှင် "

သူ့အပြောက ကျွန်မကိုအံ့ဩစေတယ်။

" ဆိုင်ကယ်နှစ်စီးသွားရတာ ခရီးဖင့်လို့ပါ လဲ့ကေဆိုင်ကယ်ကို ကိုယ့်သူငယ်ချင်းဆိုင် ခဏထားခဲ့မယ်လေ "

ကျွန်မ ရုတ်တရက် ဘယ်လိုစဉ်းစားရမှန်းမသိဖြစ်နေတဲ့အချိန်   သူက ကျွန်မလက်ထဲကသော့ကိုလာယူတယ်။ ဘယ်အချိန်ထဲက စီစဉ်ထားမှန်းမသိဘူး။  ကောင်လေးတစ်ယောက် ရောက်လာကာ သူ့လက်ထဲကသော့ကိုယူပြီး ကျွန်မဆိုင်ကယ်ကိုမောင်းထွက်သွားတော့တယ်။ အံ့ဩနေတဲ့ကျွန်မကို

" လဲ့ကေ သွားရအောင် " တဲ့။

ပြောပြောဆိုဆို ဆိုင်ကယ်က စက်နိူးနေပြီ။ သူ့ဆိုင်ကယ်ပေါ် ကျွန်မထိုင်လိုက်တာနဲ့ ဆိုင်ကယ်က အရှိန်နဲ့ မောင်းထွက်သွားတယ်။  အရှိန်အရမ်းမြန်လို့ ကျွန်မကြောက်နေပြီ။ သူက

" ကြောက်ရင် မောင့်ကိုဖက်ထား " တဲ့။

ကျွန်မသိလိုက်ပြီ။ လူလည် ။သေတောင်မဖက်ဘူး။ 

" ရှင် ဆိုင်ကယ်ကိုဖြည်းဖြည်းမောင်းလို့မရဘူးလား "

ကျွန်မစိတ်တိုတော့ သူရယ်ရင်း

" ဆိုင်ကယ်ကို အရှိန်လျှော့ရင် စကားပြောချိန်မရမှာစိုးလို့လေ " လို့ ဖြေတယ်။ 

" ရှင် ဘယ်မောင်းနေတာလဲ " 

လို့မေးတော့

 " ကြုံးဘေး " တဲ့။

" ရှင် အခုလောက်အကြာကြီး ဘယ်သွားနေတာလဲ "

ကျွန်မသိချင်တာကို မမျိုသိပ်နိုင်ဘဲ ကျွန်မမေးလိုက်တော့ သူက တိုးတိုးဖြေတယ်။

" လဲ့ကေပဲ မောင့်မျက်နှာကို မမြင်ချင်ဘူးဆို လဲ့ကေစိတ်ချမ်းသာအောင် မလာတာပါ နောက်တစ်ခုက အလုပ်ကိစ္စနဲ့ တခြားမြို့မှာ နေနေရတာ ပြန်ရောက်လာတာနဲ့  လဲ့ကေဆီ တန်းလာတာ မင်းကို တစ်ရက်မှ မေ့မရဘူး "

သူ့စကားကြားတော့  ကျွန်မစိတ်ထဲ မကျေနပ်သလို ဖြစ်နေတဲ့စိတ်တွေ နည်းနည်းလျော့သွားတယ်။ သူက ဆက်ပြောတယ်။

" မောင်မရှိပေမယ့် ခင်ဗျားလေးကို ပစ်ထားတယ်မှတ်နေလား အမြဲတမ်း ခင်ဗျားလေးအကြောင်း မောင့်ဆီသတင်းရောက်တယ် "

သူပြောတာနားထောင်ပြီး ကျွန်မစိတ်တွေဇဝေဇဝါဖြစ်သွားတယ်။ ဘယ်သူ့ဆီစုံစမ်းလောက်လဲလို့ ကျွန်မဘာသာ တိတ်တိတ်လေး တွေးနေမိတယ်။ ဒီလိုနဲ့ ကျူံးနားရောက်လာတော့  ပတ်၀န်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။  လေတဖြူးဖြူးတိုက်ခတ်နေလို့  မွန်းကြပ်သလို ကျွန်မရဲ့စိတ်တွေက 

ကျုံးရောက်မှပဲ အသက်ရှူ ချောင်တော့တယ်။ မန္တလေးကျုံးကြီးက ညနေနေ၀င်ရီတရော ဆည်းဆာအလှနဲ့ သိပ်လိုက်ဖက်တာပဲ။ အမှန်ဆိုရင် မန္တလေးမှာသာနေတယ်။ ကျုံးဘေးကို မိသားစုနဲ့သာ ရောက်ဖူးကြတာပါ။ ကျုံးဘေးက လူပြတ်သလို လုယက်သမားရှိတယ်ဆိုတဲ့သတင်းကြီးတော့ ကျွန်မတို့မိန်းကလေးတွေချည်း မသွားရဲကြပါဘူး။

ဆိုင်ကယ်ပေါ်က ဆင်းတော့ သူ့ဆိုင်ကယ်ကို သော့ခတ်ပြီး သူက ကျွန်မလက်ကို ဖမ်းဆုပ်လိုက်တယ်။

" ကိုခန့်ထည် "

ကျွန်မလက်ကိုရုန်းတော့ 

" မရုန်းနဲ့ လဲ့ကေ အဲဒီလိုတွေလုပ်ရင် 

လဲ့ကေကို မောင်ပြန်မပို့ဘူးနော် 

တခါထဲ ခိုးပြေးမှာ "

လို့ဆိုတယ်။ သူ့ကိုကြည့်ပြီး ကျွန်မလန့်လာတယ်။  သူ့ရုပ်က တစ်ကယ်လုပ်မယ့်ရုပ်မို့ ကျွန်မ မသိချင်ယောင်ဆောင်လိုက်ရတယ်။ သူက ကျုံးဘေးမှာ တန်းစီစိုက်ထားတဲ့   အရိပ်ကောင်းပိုကောင်းမယ့်  သစ်ပင်တစ်ပင်အောက် ခေါ်သွားတယ်။ ကျွန်မလည်း သစ်ပင် ပင်စည်ဘေးမှာ ရပ်ပြီး မန္တလေး ကျုံးနန်းတွင်းဘက်ကို လှမ်းငေးနေမိတာ‌ေပါ့။ ညနေဆို လေက တအားတိုက်တော့ ကျောလယ်မကရှည်တဲ့ ကျွန်မဆံပင်တွေက  တဖျပ်ဖျပ်လွင့်ခါ‌ေနကြတယ်။  ကျုံးရေကလည်း ကြည့်ပါဦး။

လေတိုက်လို့လားမသိဘူး။ ရေ‌ေပါ်မျက်နှာပြင်မှာ  လှိုင်းတွန့်သေးသေးလေးတွေ ပြေးနေတာက ချစ်စရာကောင်းနေတယ်။ 

" လဲ့ကေ တခါထဲဖြေ မောင့်ကိုချစ်လား "

" ဟင် "

ကျုံးရေကို ငေးနေရာက  သူ့စကားကိုကြားတော့ ကျွန်မ အံ့ဩစွာနဲ့ သူ့ကိုမော့ကြည့်လိုက်တယ်။ 

" ဖြေကွာ ချစ်လား "

ကျွန်မကို ထပ်မေးရင်း စူးစိုက်ကြည့်နေတဲ့ သူ့မျက်၀န်းတွေက  စိုလက်တောက်ပနေကြတယ်။ သူ့အကြည့်ကို ရှောင်ဖယ်လိုက်ရင်း 

" ဟင့်အင်း ကျွန်မပြန်ချင်တယ် ကိုခန့်ထည်  ပြန်ပို့ပေးပါ "

လို့ဖြေလိုက်တယ်။ ရုတ်တရက်ပဲ 

ကျွန်မလက်နှစ်ဖက်စလုံးကို သူ့ရင်ခွင်ထဲဆွဲယူတယ်။ အလန့်တကြား သူ့ကိုမော့ကြည့်မိတော့

" မင်းကို မောင်သိပ်ချစ်တယ် လဲ့ကေရယ် မောင့်ကို မထားခဲ့ပါနဲ့နော်  "

လို့ တတွတ်တွတ်ပြောတယ်။ ကျွန်မစိတ်ထဲ  အံ့ဩသလိုဖြစ်ပြီး  သူ့ကို ‌ပြန်ငေးကြည့်နေမိတယ်။

သူ့ရဲ့မျက်၀န်းတွေက စူးရှပြီးရီ‌ေ၀နေတယ်။  ကျွန်မတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် သတိလက်လွတ်ငေးနေမိတယ်။ တဖြည်းဖြည်းနဲ့  သူ့အသက်ရှူသံက ကျွန်မမျက်နှာနားပွတ်ကပ်လာတယ်။ ကျွန်မအသက်ရှူသံတွေ 

ရပ်တန့်မတတ် မွန်းကြပ်လာတယ်။ ညနေနေ၀င်စမို့ ပတ်၀န်းကျင်တဝိုက် မှာ အမှောင်စစ  ခို၀င်လာတာကို သတိမထားမိကြဘူး။ ကျွန်မနုတ်ခမ်းထက်မှာ နွေးခနဲဖြစ်သွားသလို  ကျွန်မကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်တဲ့ သူ့ရင်ခွင်ဟာ ကျွန်မကိုအသက်ရှူကြပ်စေတယ်။ ကျွန်မမျက်နှာအနှံ့ သူ့အနမ်းကြမ်းတွေ ပေးနေရာက ပါးပြင်ပေါ်စီးကျလာတဲ့ ကျွန်မမျက်ရည်တွေကို ထိတွေ့လိုက်လို့ထင်ရဲ့။ သူလန့်ပြီးကျွန်မကို လွှတ်ပေးတယ်။

" ဆောရီး အချစ်ရယ် မေ‌ာင့်စိတ်တွေ လွတ်သွားတယ် မောင်တောင်းပန်ပါတယ်နော်  မောင်တောင်းပန်ပါတယ် "

တတွတ်တွတ်နဲ့ သူတောင်းပန်တယ်။ ပါးပြင်ကမျက်ရည်တွေကို ပွတ်သုတ်လိုက်ပြီး 

"  ရှင် ကျွန်မကို အထင်သေးတယ် ကျွန်မပြန်ချင်နေပြီ ကိုခန့်ထည် "

လို့ဆိုလိုက်တယ်။

ကျွန်မစကားဆုံးတော့ သူ ကျွန်မခန္ဓာကိုယ်ကို အတင်း ပွေ့ဖက်တယ်။

" မဟုတ်ပါဘူးလဲ့ကေ မင်းကို မောင်တကယ်မြတ်နိုးတာပါ  မင်းအထင်မလွဲပါနဲ့  လဲ့ကေရယ် မောင် မင်းကိုမချစ်ဘဲနေမရဘူးကွာ  မင်းနဲ့ဝေးအောင်နေကြည့်တယ် မရဘူး မောင့်ကိုချစ်တယ်မဟုတ်လားဟင် ဖြေပါကွာ  မင်းနဲ့ဝေးရရင် မောင်ရူးလိမ့်မယ်အချစ်ရဲ့ "

တင်းတင်းကြပ်ကြပ် ဖက်ထားပြီးတတွတ်တွတ်ဆိုနေတဲ့ သူ့ရင်ခွင်မှာ ကျွန်မငြိမ်နေမိတယ်။  တဝုန်းဝုန်းခုန်နေတဲ့ သူ့ရင်ခုန်သံကို ကျွန်မအတိုင်းသားကြားနေရတော့  နှလုံးသားနဲ့ဆန့်ကျင်ဖက် ဇွတ်ရပ်တည်နေရတဲ့ ကျွန်မစိတ်တွေလည်း ပင်ပန်းလှပါပြီ။ ဒါပေမယ့် ကျွန်မပြိုလဲလို့မရဘူး။ ကျွန်မသမီးအတွက် ၊ ကျွန်မသိက္ခာအတွက်  ကျွန်မကြိုးစားငြင်းဆန်နေရအုံးမှာပါ။ 

တအောင့်ကြာတော့ ကျွန်မကို သူပြန်ပို့တယ်။ လမ်းတစ်လျှောက် အလာတုန်းကလို ဆိုင်ကယ်ကို အကြမ်းမမောင်းတော့ဘူး။ပုံမှန်ဖြည်းဖြည်းလေးမောင်းလာသလို ကျွန်မလက်တစ်ဖက်ကို ဆွဲယူပြီး သူ့ခါးကို ဖက်သလိုလုပ်စေပြီး

ကျွန်မလက်ကို သူ့လက်နဲ့ဆုပ်ကိုင်ထားတယ်။ သူ့အကြင်နာ‌ေတွကို ငြင်းဆန်ရတာ သိပ်ပင်ပန်းတာပဲ။ အခုချိန်မှာ သင့်တာ ၊ မသင့်တာ ကျွန်မမစဉ်းစားချင်တော့ဘူး။  သူ့‌ေကျာပြင်လေးမှာ 

ကျွန်မခေါင်းလေးမှီထားမိတယ်။ သူ့သူငယ်ချင်းဆိုင်ရောက်တော့ကို 

တော်တော်မှောင်နေပြီ။ ကျွန်မဆိုင်ကယ်ပေါ်တက်တော့   သူက ကျွန်မလက်ကလေးကို ဆွဲယူပြီး သူ့နုတ်ခမ်းလေးနဲ့ထိကပ်ပြီးနမ်းတယ်။ ကျွန်မဘာကြောင့် သူပြုသမျှကို  ရုန်းဖို့မေ့နေလဲမသိဘူး။ ပြီးတော့ ထုံးစံအတိုင်း ခပ်လှမ်းလှမ်းကနေ သူလိုက်ပို့ပြီး  ကျွန်မအိမ်ရှေ့ရောက်တော့ သူလှည့်ပြန်သွားတယ်။ ဆိုင်ကယ်ကို အိမ်ရှေ့ဆင်၀င်အောက်ထိုးပြီး ကျွန်မအိမ်ထဲ၀င်တော့  ဒေါသမျက်၀န်းနဲ့ မေမေကိုတွေ့ရတယ်။

" ညည်းနောက်ကျလှချည်လား လဲ့ကေ "

ကျွန်မသိလိုက်တယ်။ မေမေစိတ်ပူပြီး စိတ်တိုနေပြီဆိုတာကိုပါ။ 

" ဟိုလေ မေမေ နွယ်နဲ့အကြော်ဆိုင် ခဏထိုင်နေလို့ပါ " 

ကျွန်မအဖြေကြားမှ မေမေစိတ်ပြေသွားပုံရတယ်။ နွယ့်နာမည်ကြားမှ မေမေ့မျက်နှာက ပြန်ကြည်လင်လာတယ်။ 

" အင်း နောက်ကို မိုးချုပ်ထိမနေနဲ့ 

ညည်းလည်း သမီးမိန်းကလေးမွေးထားတာ တချိန်ကျရင် မအေတွေရဲ့ ခံစားချက်ကို ညည်းတို့သိလာလိမ့်မယ် "

" ဟုတ်မေမေ "

ကျွန်မ ဇတ်ကလေးပုပြီး အခန်းထဲ၀င်လာလိုက်တယ်။  အင်္ကျီလဲမို့လုပ်ပြီးမှ မလဲသေးဘဲ ကုတင်စွန်းမှာ ထိုင်ချလိုက်ရတယ်။ ကျွန်မနုတ်ခမ်းလေးကို လက်နဲ့ယောင်ရမ်းစမ်းမိလိုက်တယ်။ ပြန်‌ေတွးမိတိုင်း အခုထိ ရင်တွေခုန်နေဆဲပါလား။ ဟူး။ သက်ပြင်းတစ်ချက် မှုတ်ပြီး ရေချိုးခန်းထဲ၀င်လာခဲ့တယ်။  ရေချိုးပြီးတာနဲ့  ထုံးစံအတိုင်း သနပ်ခါးရည်ကျဲလေး ပွတ်လိုက်ပြီး  မှန်ထဲက ကျွန်မမျက်နှာကို ကြည့်ရင်း သူ့အနမ်းကြမ်းတွေကို သတိရမိသွားတယ်။ ချစ်တယ်မဖြေဘဲ ကျွန်မတို့က ချစ်သူဘ၀ရောက်နေသလို ခံစားနေရပြန်တယ်။ အတွေးထဲက ဇွတ်မောင်းထုတ်လိုက်ပြီး အရမ်းအေးလာသလိုမို့ အင်္ကျီ နည်းနည်းထူတာလေး ၀တ်လိုက်တယ်။  အိမ်ရှေ့ထွက်လာပြီး ဗိုက်ဆာလာတာမို့ ထမင်းစားခန်းထဲ၀င်လိုက်တော့  

အုပ်ဆောင်းထဲမှာ မေမေပြင်ပေးထားတဲ့ ထမင်းပွဲကို အဆင်သင့်‌ေတွ့လိုက်ရတယ်။ ကျွန်မအကြိုက်  ခရမ်းသီးနှပ်နဲ့

၀က်သားကို မေမေနှပ်ပေးထားတယ်။

ထမင်းစားပြီး အိမ်ရှေ့ထွက်လာတော့

မေမေနဲ့ ဖေဖေက သူ့မြေးနဲ့  ဆော့နေကြ‌ေလရဲ့။ 

" သမီးရေ "

ကျွန်မခေါ်နေတာတောင်  သမီးလေးက ကျွန်မဆီမလာဘဲ သူ့ဘိုးအေနားဇွတ်ကပ်‌ေန‌ေတာ့  ကျွန်မရယ်လိုက်တယ်။ ဖေဖေက သူ့မြေးကို ကြည့်ကာ  သဘောကျပြီး တဟားဟားနဲ့ ရယ်နေရော။  ကျွန်မလည်း မမကြီးအခြေနေသိချင်တာနဲ့ မေမေ့ကို လှမ်းမေးလိုက်တယ်။

" မေမေ မမကြီးနေကောင်းလား "

" ကောင်းပါ့ ညည်းတူကလေ ညည်းသမီးနဲ့တစ်ပုံထဲ သိလား "

မေမေ့ကိုကြည့်ပြီး ကျွန်မပြုံးလိုက်တ

ယ်။ သူ့မြေးတွေအကြောင်း‌ေပြာနေရရင် ပြုံးရွှင်နေတဲ့ မေမေ့ကိုကြည့်ပြီး

ကြည်နူးရပြန်‌ေရာ။ သမီးလေးမလိုက်တာနဲ့ ဘုရားကန်တော့ဖို့ အိမ်အပေါ်ထပ်ကို တက်လာခဲ့တယ်။ အငယ်မသုန်သုန် ဖုန်း‌ေပြာနေတာကို နားထောင်ပြီး သက်ပြင်းရှိုက်လိုက်ပြန်တယ်။  မတော်တရော်နဲ့တွေ့မှာ ကျွန်မစိုးရိမ်မိတယ်။ နွယ်ပြောသလို လောလောဆယ် မသိချင်ယောင်တာ အကောင်းဆုံးပါပဲလေ။

ဘုရားသောက်တော်ရေလဲ၊ ဆီးမီးနဲ့ အမွှေးနံ့သာကပ်ပြီး ငါးပါးသီလခံယူပြီး  ပဌာန်းပါရွတ် ၊  အမျှဝေလိုက်တယ်။

ကျွန်မကတော့ ဘုရား၊တရားကိုယုံကြ 

ည်သက်၀င်သလို  ဘာသာရေးဘက်လည်း ကိုင်းရှိုင်းတယ်။ ဘုရားရှိခိုးပြီးလို့ ပြန်ဆင်းလာတော့ သမီးလေးက အိပ်ပျော်နေပြီ။ တခါထဲ သမီးလေးကို ချီပွေ့ရင်း  အိပ်ရာထဲ ခေါ်လာခဲ့တယ်။ သမီးလေးအိပ်ဖို့ ပြင်ဆင်လုပ်‌ေပး နေရာချပြီးမှ ဒိုင်ယာရီစာအုပ်လေးကိုဖွင့်လိုက်တယ်။

ကျွန်မရင်ထဲ မြိုသိပ်ထားရတဲ့စကားလုံးတွေက စာအုပ်လေးထဲပွင့်အံကျလာတယ်။

"ဝိုင်တစ်ခွက်ရဲ့အရသာလို

ခပ်ရှရှနဲ့ပြင်းတဲ့ဒီဂရီက

ငါ့တစ်ကိုယ်လုံးဖုံးအုပ်မတတ်

ငါ့စိတ် ၊ငါ့အသိ ၊ငါ့နှလုံးသား ၊

အားလုံး မင်းပဲထိန်းချုပ်လိုက်လေသလား

မသိခြင်းများစွာထဲ ငါဟာ

မင်းရင်ခွင်ထဲ 

အရည်ပျော်ပျောက်ရှတော့မယ်ထင် "

ရေးချင်တာရေးပြီးတာနဲ့

ဒိုင်ယာရီစာအုပ်လေးကို သိမ်းလိုက်ပြီး  အိပ်ယာထဲ၀င်လိုက်တယ်။ သမီးပါးနုနုလေးကို တစ်ချက်နမ်းရှိုက်လိုက်တော့ တွန့်လိန်သွားတဲ့ သမီးပုံလေးကိုကြည့်ပြီး ရယ်မိလိုက်တယ်။  ချစ်လိုက်တာသမီးရယ်။   ကျွန်မစိတ်ထဲ မချင့်မရဲ ညည်းညူမိလိုက်တယ်။ ပြီးမှ သမီးဘေးနားအသာလှဲပြီး သူ့အကြောင်းကိုစဉ်းစားနေမိတယ်။ သူ့ကို ကျွန်မ ချစ်နေမိပြီလား။ သူဇွတ်တရွတ်လုပ်သမျှ 

ကျွန်မဘာကြောင့်ငြင်းဆန်ဖို့မေ့နေရတာလဲ။ ညည့်နက်တဲ့အထိ ကျွန်မ အိပ်မပျော်ခဲ့ဘူး။ ကျွန်မအတွေးအိမ်ထဲ ရှင်ဘာလို့ရောက်နေရတာလဲ ကိုခန့်ထည်ရယ်။

            ***********

," မမ သူက‌ေရွှရောင်လင်း "

ဖြိုးဖြိုးက သူနဲ့ပါလာတဲ့ကောင်မလေးကို ခေါ်လာကြောင်း အသိပေးသလိုပြောတယ်။ ကောင်မလေးကို ကြည့်လိုက်မိတယ်။ ချစ်စရာလေး။

နှာတံချွန်ချွန် ၊ နုတ်ခမ်းဖူးဖူးလေးက သူ့မျက်နှာမှာ အလှဆုံးပဲ။ ကျွန်မကိုကြည့်နေတဲ့ မျက်၀န်းတွေက အားကိုးတောင်းပန်တိုးလျိုးနေသယောင်ယောင်။ ကြုံခဲ့ဖူးပါတယ်။ အလုပ်မရှိခင်တုန်းက ကျွန်မလည်း မျက်နှာငယ်ငယ် အလုပ်ရှာခဲ့ရတာလေ။  အလုပ်စည်းကမ်းအရတော့ ပြောစရာရှိတာ ပြောရမှာပဲ။

" သုံးလအစမ်းခန့်ကြည့်မယ်နော် 

သုံးလခန့်ပြီးရင်တော့ ကြိုက်ရင်ဆက်ခန့်မယ်  အလုပ်ကြိုးစားပေါ့နော် သူ့ရဲ့စာရိတ္တနဲ့ ပက်သက်တာတော့ ဖြိုးဖြိုးက အာမခံရမယ်နော် "

"  ဟုတ်ကဲ့ပါမမ "

အလုပ်ရသွားလို့ သူတို့ပျော်သွားတော့ 

ကျွန်မပြုံးမိတယ်။

သူတို့အဆင်ပြေရင် ကျေနပ်ပါတယ်လေ။ သူတို့ဘ၀လေး ဘယ်လောက်ခက်ခဲမလဲဆိုတာ ကျွန်မတွေးမိတယ်။

ဖြိုးဖြိုးက တစ်ခုချင်းသင်ပေး‌ေနတာကြည့်ရင်း ကြည်နူးနေမိတယ်။ ရွှေရောင်လင်းကိုစိတ်၀င်စားမိသလို ရွှေရောင်လင်းနေရာမှာ ကျွန်မသမီးလေးဖြစ်နေခဲ့ရင်ဆိုတဲ့အသိက ကျွန်မစိတ်ကို တော်တော်ခြောက်လှန့်မိတာပဲ။ သမီးလေးဘ၀ အစစ တင့်တယ်လှပဖို့က ကျွန်မအပေါ် အဓိကပဲဆိုတာ ကျွန်မကို အသိပေးခံလိုက်ရသလိုပါပဲ။  ဆိုင်မှာ၀ယ်သူကျတော့ ကျွန်မနဲ့ ဖြိုးဖြိုးရောင်းချတာကိုကြည့်ပြီး ရွှေရောင်လင်းက  သင်ယူတယ်။  အစနေ့မှာပဲ ကျွန်မသဘောကျမိသလို  မနေတတ်တဲ့ကောင်မလေးဆိုတာလည်း သတိထားမိတယ်။ ညနေဆိုင်သိမ်းတော့ ဆိုင်ရှေ့မှာ ကိုခန့်ထည်ကို အဆင်သင့်တွေ့ရတယ်။ သူ့ကိုမြင်တော့ ကျွန်မမျက်နှာပူသလို ဖြစ်နေတာနဲ့  မျက်နှာလေးလွှဲထားမိတယ်။ 

သူက ကျွန်မကို တိုးတိုးလေးခေါ်တယ်။

" လဲ့ကေ "

" ရှင် "

ပြန်ထူးလိုက်တဲ့ ကျွန်မအသံက တိုးလွန်းလို့ သူတောင်ကြားရဲ့လားမသိ။ 

" လဲ့ကေနဲ့ အေးဆေး စကားပြောခွင့်ရချင်တယ် "

" ကိုခန့်ထည် သိတဲ့အတိုင်းပဲ ကျွန်မအတွက်အားချိန်က တကယ်နည်းတာ"

" လဲ့ကေ ဆိုင်ပိတ်ရက်မှာ တွေ့ခွင့်ပေးပါလား "

" အင်း ကျွန်မကြိုးစားကြည့်ပါ့မယ် "

" ကျေးဇူးပါ လဲ့ကေရာ  အဲဒါဆို ပြန်တော့လေ "

သူ့မျက်နှာလေး ပြုံးသွားတာမြင်‌ေတာ့ ကျွန်မငေးမိသွားတယ်။ ပြုံးလိုက်ရင် သူဟာ သိပ်ကြည့်ကောင်းတာပါလား။

ဆိုင်ကယ်မောင်းရင်း ပြန်လာတော့ သူကထုံးစံအတိုင်း ခပ်လှမ်းလှမ်းက

လိုက်လာတယ်။ ကျွန်မအိမ်ရှေ့ရောက်ရင် သူလှည့်ပြန်ပြီလေ။ ကျွန်မအိမ်ရှေ့အရောက်  လမ်းမမှာ မေမေ့ကို သမီးလေးလက်ဆွဲပြီး  ပြန်လာတာတွေ့လိုက်ရတယ်။

အိမ်ထဲ ဆိုင်ကယ်ထိုးရပ်ပြီးတာနဲ့ ခြံပြင်ပြန်ထွက်လာရင်း မေမေ့ကို မေးလိုက်တယ်။

" မေမေ ဘယ်ကပြန်လာကြတာလဲဟင် "

" ညည်းသမီးလေ မုန့်စားချင်တယ်ပူဆာလို့ လမ်းထိပ်ဆိုင်ကို သွားကြတာ"

ကျွန်မတို့လမ်းမရဲ့ လမ်းထိပ်မှာ မုန့်ဆိုင်ရှိတယ်။ မုန့်နဲ့ပက်သက်တာဆိုရင် မရတာမရှိဘူး။ 

သမီးကို ကျွန်မကပွေ့ချီလိုက်ပြီး သမီးပါးနှစ်ဖက်ကို အားရပါးရ နမ်းလိုက်တယ်။ ကျွန်မမျက်နှာကို ပြန်နမ်းရင်း

သမီးက အတင်းဖက်တွယ်ထားတယ်။

" သမီးရေ ညည်းအလုပ်ပိတ်တဲ့နေ့ကြရင် ညည်းမမကြီးအိမ်သွားကြမယ် "

ကျွန်မ ရုတ်တရက် ဘာပြောရမှန်းမသိဘူး။ ကျွန်မတို့အတွက် အလုပ်ပိတ်ရက်က ရှားတယ်။ တစ်လမှ နှစ်ရက်ရတယ်။ လပြည့် ၊ လကွယ်နှစ်ရက်နဲ့ ဆိုင်ရှင်တွေရဲ့ ထူးခြားတဲ့အထိမ်းမှတ်တစ်ခုခုရှိရင်သာ ပိတ်တာလေ။ ဒီတစ်ရက်ကိုတော့ ကိုခန့်ထည်အတွက် ကျွန်မစဉ်းစားထားတာမို့

" အလုပ်ပိတ်ရက်ကို သမီး မြေကွက်သွားကြည့်မို့ လုပ်ထားတယ်မေမေ

နွယ်က လာခေါ်မယ်တဲ့ "  

လို့ ညာလိုက်ရတယ်။

" သမီးက ရောင်းမလို့လား "

မေမေ့အမေးကို ခေါင်းခါရင်း ဖြေလိုက်တယ်။ စိတ်ကတော့ မေမေ့ကိုညာလိုက်ရတာမို့ မလုံမလဲ ဖြစ်နေမိသေးတယ်။

" မရောင်း‌ေသးပါဘူးမေမေ နွယ်က နောက်ထပ်ဈေးတက်ဖို့ရှိသေးတယ်လို့ ပြောတယ်မေမေ"

" ညည်းအဖေလည်း ပြောတယ် အဲဒီမြေကွက်တွေ ဈေးထပ်တက်မှာတဲ့ "

" ဟုတ်မေမေ  အဲဒီလိုဖြစ်ရင် ပျော်စရာကြီးပေါ့ "

ကျွန်မတို့သားအမိတွေ စကားတပြောပြောနဲ့ အိမ်ထဲ၀င်လာကြတယ်။

ကျွန်မလည်း သမီးလေးကိုမေမေနဲ့ထားပြီး အခန်းထဲ၀င် အ၀တ်စားလဲ ၊ ရေမိုးချိုးပြီးတာနဲ့ ထမင်းစားခန်းထဲ၀င်လာလိုက်တယ်။ 

" မေမေ ထမင်းစားပြီးပြီလား "

" မစားရသေးဘူးသမီးရေ သုန်သုန်တစ်ယောက်စားသေးတာ မေမေက ညည်းအဖေလာမှစားတော့မယ် "

ကျွန်မက အလုပ်ကပြန်လာတာနဲ့  ရေမိုးချိုးပြီးရင် ထမင်းတန်းစားတတ်တာ။ အဲဒီအချိန်ကျရင် ဗိုက်ကလည်း ဆာလာရော။ ကျွန်မထမင်းစားပြီးတာတောင် ဖေဖေပြန်မရောက်လာဘူး။

ဒီနေ့တော့ စာဖတ်ချင်လာတာနဲ့   စာအုပ်စင်က စာအုပ်တစ်အုပ်လှမ်းယူလိုက်တယ်။ လက်ထဲပါလာတာက တက္ကသိုလ်ဘုန်းနိုင်ရဲ့ " သာ၍ဝေးရာဆီကိုပါ"  စာအုပ်တစ်အုပ်။  တစ်ရွက်ပြီးတစ်ရွက်ဖတ်နေရာက သုံးချိုးတချိုးလောက်ကြာတော့ ဖေဖေပြန်လာပြီ။ ဖေဖေပြန်လာတော့ မေမေက ဖေဖေ့ကိုဆီးကြိုတယ်။

" နောက်ကျလိုက်တာ အဖေကြီးရယ် 

ပြန်မရောက်မချင်းစိတ်ပူနေရတာ"

ဖေဖေက မေမေ့ကို ခေါင်းညိတ်ပြရင်းဖြေတယ်။

" ကိစ္စရှိလို့ပေါ့ကွာ  သမီးကြီးဆီတောင် ရောက်သေးတယ် "

" ဟုတ်လား နေကောင်းလား သမီးကြီး "

" ကောင်းပါတယ်  "

" အဖေကြီးကိုထမင်းစားစောင့်နေတာ ထမင်းပြင်လိုက်မယ် "

" ဟာ နောက်ကိုမစောင့်နဲ့လေကွာ  မင်းကအသက်ကြီးနေပြီ အဆာခံလို့မရဘူးလေ အိမ်ပြန်နောက်ကျရင် အကြောင်းကိစ္စရှိလို့ဆိုတာ သိလေကွာ အဆာလွန်တာမကောင်းဘူးကွ "

မေမေနဲ့ဖေဖေပြောတာကြည့်ပြီး ကျွန်မပြုံးမိတယ်။ တစ်ယောက်နဲ့တစ်ယောက် ကြင်နာပြီး ခုချိန်ထိ ခွန်းကြီးခွန်းငယ် စကားများတာ ကျွန်မတို့မမြင်ဖူးဘူး။ မေမေကလည်း ဖေဖေမကြိုက်တာ မလုပ်သလို ဖေဖေကလည်း မေမေမကြိုက်တာ ရှောင်တယ်။

တကယ့်ကို  နားလည်မှုရှိတဲ့ အိမ်ထောင်ရေးကို တည်ထောင်နိုင်ကြတဲ့မေမေနဲ့ဖေဖေက ကျွန်မတို့သားသမီးတွေအတွက် စံပြပါ။ ဖေဖေက အပြင်ကတစ်ခုခုစားလာပုံရပေမယ့် မေမေထမင်းစားစောင့်နေတယ်ဆိုတာသိတာနဲ့ မေမေ့အလိုကျ ထမင်းထပ်စားနေပြီ။ မေမေနဲ့ဖေဖေ ထမင်းစားနေကြတာကို  ခဏ‌ေငးကြည့်နေပြီး ကိုခန့်ထည်ကိုမြင်ယောင်လာတယ်။ စာအုပ်ကို စာအုပ်စင်မှာ ပြန်ထားလိုက်ပြီး ကာတွန်းကားကြည့်ရင်း အိပ်ပျော်စပြုနေတဲ့ သမီးလေးကို ပွေ့ချီလိုက်တယ်။ သမီးလေးတောင် ကြီးလာလိုက်တာ။ အရင်ကစွေ့ခနဲချီနိုင်တဲ့ သမီးလေးကို အခု ကျွန်မမနည်းချီနေရပြီ။

အခန်းထဲမှာ သမီးအိပ်ဖို့ နေရာချပေးရင်း သမီးလေးကို ငေးကြည့်နေတယ်။

အိပ်ပျော်နေတဲ့ သမီးပါးလေးကို နမ်းလိုက်တယ်။ ပြီးမှ ဘုရားရှိခိုးဖို့ အိမ်ပေါ်တက်လာခဲ့တယ်။ ညီမလေးသုန်သုန်အခန်းက တတွတ်တွတ်နဲ့ ဖုန်းပြောနေတာကို ကျွန်မကြားနေရတယ်။

သုန်သုန်ရည်းစားထားနေတာ သိရတိုင်း ကျွန်မသိပ်စိတ်ပူတာပဲ။ ဒါပေမယ့် မသိချင်ယောင်ဆောင်နေလိုက်ရတာပဲမဟုတ်လား။ ဘုရားစင်ရှေ့မှာ ဆီမီး ၊အမွှေးနံ့သာနဲ့ သောက်တော်ရေကို ကပ်လှူပြီး ငါးပါးသီလခံတယ်။ ပဌာန်းရွတ်တယ်။ ခုနှစ်ရက်သားသမီးမေတ္တာပို့တယ်။ ဂုဏ်တော်ကိုးပါးကို ပုတီးသုံးပတ်စိပ်တယ်။ ပြီးမှ ပြန်ဆင်းလာခဲ့တယ်။  အိပ်ရာထဲရောက်တော့ 

နေ့စဉ်ရေး ဒိုင်ယာရီစာအုပ်လေးကိုယူပြီး ရေးလိုက်တယ်။  စာအုပ်လေးကို ထားနေကျနေရာမှာ သိမ်းလိုက်ပြီးအိပ်ရာ၀င်လိုက်တယ်။ မျက်၀န်းထဲ နေရာယူနေတဲ့ ကိုခန့်ထည်ကို  ဇွတ်မောင်းထုတ်ပြီး ဇွတ်အိပ်ဖို့ကြိုးစားလိုက်ရတယ်။ ဒီလိုနေ့ရက်တွေက ကျွန်မအတွက် ပုံမှန်နေ့ရက်လိုဖြစ်နေခဲ့တာပါ။ 

************


rate now: